- By CNI
- Category: နိုင်ငံရေး
- Hits: 358
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေ တိုးတက်မှုရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တပ်မတော်အနေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ကြောင်း ” ပြောသည်။
ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဖြေလျှော့မှုများ လုပ်ပေးလျှင် ပိုပြီးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
၎င်းက “အဲ့ဒါကတော့ အရမ်းကျယ်ပြန့်တယ် လူတွေရဲ့ ဖြစ်ချင်စိတ်တွေကတော့ အများကြီးပဲလေ။ တစ်ယောက် တစ်မျိုး တူကြမှာ မဟုတ်ဘူး။ သို့သော်လည်း လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ ဖြစ်သင့်တယ်ဆိုတဲ့ စကားလုံး သည် စကားကတော့ အများကြီး အရမ်းတာသွားတာပေါ့နော်။ အကြောင်းအရာ တစ်ခုခြင်းပေါ်မှာပဲ ပြန်သုံးသပ် ရမှာပေါ့။ ဖြစ်သင့်တယ်ဆိုတဲ့ဥစ္စာက အားလုံးခြုံပြီး ပြောလို့မရဘူး။ အကြောင်းအရာ တစ်ခုပေါ်မှာပဲ ဒီဟာကိုဖြစ် သင့်လား မဖြစ်သင့်လားဆိုတာ ပြန်ပြီးတော့ သုံးသပ်ရမှာပေါ့။ ပြည်သူလူထု အကျိုးဆိုတာ ဥပမာ နိုင်ငံရေး အရလား၊ စီးပွားရေးအရလား၊ လူမှုရေးအရလား ကဏ္ဍပေါင်းစုံရှိတာကို။ အဓိက,ကတော့ လူတိုင်းမှာ ဖြစ်ချင်စိတ် တွေက အများကြီး တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ အရင်လုပ်ဖို့ သူကအဲဒီလိုပဲ ဆော်သြတဲ့သဘောလို့ အန်ကယ်တော့ အဲ့ဒီလိုပဲ မြင်တယ်။ စီးပွားရေးအရ ဆိုရင်တော့ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုတာပေါ့နော်။ လိုတဲ့အခါကြတော့ ဒီလက်ရှိ ရှိနေတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ တချို့လည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်မှာပေါ့။ ဒါအခု လွှတ်တော်လည်း ပေါ်လာတော့မှာလေ။ အဓိကတော့ ဖြေလျှော့မှုတွေပေါ့။ စီးပွားရေးဆိုရင်တော့ ဖြေလျော့မှုတွေ လုပ်ပေး ရမယ်လို့ မြင်တယ်။ တက်နိုင်သလောက် လုပ်ပေးခဲ့တယ်။ ဒါရှေ့ဆက်ပြီးတော့လည်း ဒီထက်ပိုပြီးတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီးတော့ ဖြေလျှော့မှုတွေ ထက်လုပ်ပေးရင်တော့ ဒီထက်ပိုပြီးတော့ အခြေအနေကောင်းရင် တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး မတည်ငြိမ်မှုများကြားမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သော်လည်း စိန်ခေါ် မှုများစွာ ကြုံတွေ့ခဲ့ရပြီး အဓိကအားဖြင့် GDP တိုးတက်ရန် မျှော်မှန်းခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ငြိမ်း ချမ်းရေး ကြိုးပမ်းမှုများကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။
လက်ရှိ တိုင်းပြည်တွင် တကယ်ဖြစ်သင့်သည်က အောက်ခြေလူတန်းစား၊ တောင်သူလယ်သမားများအတွက် စီးပွားရေးကို အရင်ဖြေရှင်းရမည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
၎င်းက “ဖြစ်ချင်တာတိုင်းက ကောင်းချင်မှလည်း ကောင်းမှာပေါ့နော်။ ဒါပေမယ့်လည်း အခုလောလောဆယ် အခြေအနေနဲ့ မဖြစ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်ချင်တာကို အရင်မလုပ်ပဲ ဖြစ်သင့်တာ ဘာလဲပေါ့၊ တိုင်းပြည် အတွက် တကယ် လိုအပ်နေတဲ့ဟာက ဘာလဲ၊ အဲဒီလိုအပ်နေတဲ့ဟာကို ဖြစ်သင့်တဲ့ဟာကိုပဲ အရင်လုပ်ရမယ်လို့ ဆရာမတော့ အဲဒီလို ယူဆတယ်။ ပြည်သူလူထု အတွက်ကတော့ အဓိက စားဝတ်နေရေး ချောင်လည်ဖို့က အရေး ကြီးတယ်။ ဒါတွေကို အရင်လုပ်ရမယ့်ဟာတွေပေါ့နော်။ အောက်ခြေလူတန်းစား ဆရာမမြင်တာကတော့ လူထုရဲ့ တကယ် ဖြစ်သင့်တဲ့ဟာကတော့ အောက်ခြေ လူတန်းစားတွေအတွက် နောက်ပြီးတော့ တောင်သူလယ်သမားတွေ အတွက်ပေါ့။ ဒီနှစ်ဆို တောင်သူလယ်သမားတွေ ဆန်လည်း တော်တော်ရှုံးကြတယ်ပေါ့နော်၊ အဲ့ဒါတွေကိုတော့ အရင် ဖြေရှင်းရမယ်လို့ စီးပွားရေးက အရင်ဖြေရှင်းရမယ်လို့ ဆရာမတော့ မြင်တယ်။ အဲ့ဒါကို မဖြေရှင်းနိုင်ရင် တော့ သိပ်မလွယ်ဘူး။ ဘာလို့ဆိုတော့ အခုဝင်တဲ့ပိုက်ဆံ အဝင်နှုန်းနဲ့ အထွက်နှုန်းတွေက မမျှဘူးဖြစ်နေတော့ လေ။ ငြိမ်းချမ်းရေးလည်း လုပ်ရမှာပဲ ဒါပေမယ့် ငြိမ်းချမ်းရေးကတော့ အလှမ်းတော့ ကွာပါသေးတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့်၊ ဆရာမတော့ ကြိုးစားကြည့်ရမယ်လို့ ထင်တယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမျိုးသားအဆင့် အားလုံးပါဝင်သည့် အခင်း အ ကျင်း တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများ ဖော်ထုတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့် လူငယ်များ ငြိမ်းချမ်း ရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှု ရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကို လည်း ကျင်းပပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အဆိုပါ ဖိုရမ်များမှ ရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် များစွာ အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေးကို ဆောင်ရွက်ရာ၌ လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးခြင်း ဖြင့် နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁
မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် စီးပွားရေးနှင့်ပညာရေးကို မြှင့်တင်ရန်လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဆိုးရွားလာခဲ့ပြီး လူငယ်များကြား လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်အား ထက်သန်မှု ပြင်းထန်လျက်ရှိနေသည်။
ထို့နောက် လက်နက်ကိုင်ထားကြသည့် မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်(EAO)များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည် လူသစ်စုဆောင်၍ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်နေ ကြသည်။
ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ပညာရေးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေကြောင်း၊ ငြိမ်းချမ်းရေး လိုအပ်သလို စီးပွားရေးနှင့် ပညာရေး အခန်းကဏ္ဍကိုလည်း တစ်ပြိုင်နက်တည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ လက်ရှိတွင် ပညာရေး အင်မတန် ချို့တဲ့သည့်အတွက် အကြမ်းဖက်မှုများ များစွာဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

အခြေခံလူတန်းစားများကို တွေ့ရစဉ်
၎င်းက “ကျမတို့ NLD အစိုးရ လက်ထက်တုန်းက ပထမတုန်းကတော့ ငြိမ်းချမ်းရေး အရေးကြီးပါတယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးကို အရင်လုပ်တယ်။ တကယ်တမ်းတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးက တစ်ပြိုင်နက်ထဲ လုပ်ရမယ် ဆိုတာ သဘောပေါက်တဲ့ အခါကျတော့ ငြိမ်းချမ်းရေးရော၊ စီးပွားရေးရော တစ်ပြိုင်နက်ထဲ လုပ်ပါမယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာပေါ့နော်။ စီးပွားရေး အဆင်မပြေတဲ့အတွက် နောက်ဆက်တွဲ ပညာရေးမှာ အခက်အခဲ ဖြစ်လာတာတွေ ပညာမတတ်မှုတွေ ဖြစ်လာတယ်။ ဒါကြောင့် စီးပွားရေး အခက်ခဲတွေ ဖြစ်လာတယ်။ အားလုံးကတော့ လုံးလည်ချာလည် လိုက်နေကြတယ်။ အားလုံးက တကယ်တမ်းတော့ ဆက်စပ်မှု ရှိနေတယ်။ (Nation Building) တည်ဆောက်ရမယ့် ကာလဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလည်း လိုအပ်သလို စီးပွားရေးနဲ့ ပညာရေး အခန်းကဏ္ဍကိုလည်း တစ်ပြိုင်နက်တည်း မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဒါတွေက အဆက်အစပ် ရှိနေ တယ်။ ပညာရေးချို့တဲ့တာ ဖြစ်တဲ့အတွက်လည်း အကြမ်းဖက်မှုတွေက စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ မလုပ်နိုင်ဘူး ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ တိုးလာတယ်။ ဥပဒေ လက်လှမ်း မမှီတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒါတွေအားလုံးက တစ်ပြိုင်နက်တည်း လုပ်ရမှာပါလို့ ကျမကတော့ ပြောချင်တယ်။ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး၊ပညာရေးတို့က တစ်ပြိုင်နက်တည်း လုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ စသည့် ကဏ္ဍများတွင် နိမ့်ပါးခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍ မြင့်မားနေရန် လိုအပ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် ပဋိပက္ခများသည် မိမိတို့နိုင်ငံ၏ ပညာရေး အားနည်းချက် ကြောင့် ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လာမည့် ၅ နှစ်တာ ကာလအတွင်း လက်နက်ကိုင်လမ်းစဥ် အပြီးသတ် ချုပ်ငြိမ်းသွားရန်အတွက် အင်မတန် ခက်ခဲ ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းသွားသည်နှင့်လည်း ငြိမ်းချမ်းရေး ရမှာ မဟုတ်သေးဘူးဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြော သည်။

ပညာသင်ကြားနေတဲ့ ကျောင်းသား/သူများကို တွေ့ရစဉ်
၎င်းက “ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ်ဟာ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းသွားတာနဲ့ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်က အင်မတန်ကျယ်ပြန့်တယ်။ လက်နက်ကိုင်တွေ မရှိတော့တာနဲ့ ငြိမ်းချမ်းရေး ဖြစ်လာတယ်လို့လည်း ပြောလို့မရဘူး။ ဒါကြောင့်မို့လို့ လက်နက်ကိုင်လမ်းစဉ် ဒီနိုင်ငံမှာ လုံးဝဥုံသုံ ချုပ်ငြိမ်းသွားဖို့ ဆိုတာကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ဖြစ်ဖို့ အင်မတန် ခဲယဉ်းတယ်။ ခဏတာ အပစ်ခတ် ရပ်စဲမှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့လို့ ငါးနှစ်အတွင်းမှာ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းသွားဖို့ မျှော်လင့် တယ်ဆိုရင် အဲဒါ စိတ်ကူးယဉ်တာ တစ်ခုပဲဖြစ်မယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းရေးဟာ လာမယ့် ငါးနှစ်အတွင်းဖြစ်ဖို့ အင်မတန် ခဲယဉ်းတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေ ကိုလည်း ပစ်ထားလို့မရဘူး။ ကျန်တဲ့ လုပ်ငန်းတွေကိုပါ အတူတကွ လုပ်ရမှာဖြစ်တယ်လို့ အန်တီ ခုနက ပြောခဲ့ တာ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေပြီး ပြည်သူလူထု ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသလို လူနေအိမ်များနှင့် အဆောက်အအုံများ သိန်းချီ မီးလောင် ပျက်စီးလျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်နှင့် လွှတ်တော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အားသွန် ခွန်စိုက် ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံကို ခြုံငုံကြည့်ရှုတတ်ရန်လည်း လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 368
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရသည့် လွှတ်တော်အမတ်များ ပါဝင်သည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ဦးဆောင်၍ နေပြည်တော်မှာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပမည်ဖြစ်သည်။
မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပခြင်းသည် ကောင်းမွန်ကြောင်း၊ လွှတ်တော် အတွေ့အကြုံ မရှိသူများအတွက် အတွေးသစ် အမြင်သစ်များရရှိနိုင်သည်ဟု တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲ့ဒီဖိုရမ်ကတော့ ကျနော်တို့ ပါတီက ကိုယ်စားလှယ်တွေ တက်ဖြစ်ပါလိမ့်မယ်ဗျ။ သူတို့ အဖွဲ့အစည်းက တော့ ပါတီကိုယ်စားလှယ်ကို ဖိတ်တာပါ။ အမှန်တကယ်ကျတော့ ဒီဖိုရမ်လေး လုပ်တာကောင်း ပါတယ်ဗျ။ လွှတ်တော် မတက်ခင်မှာ ကျနော်တို့ ဒါဟိုတုန်းက လွှတ်တော် အတွေ့အကြုံရှိခဲ့တဲ့လူရှိမယ်၊ အတွေ့ အကြုံမရှိတဲ့လူလည်း ရှိလိမ့်မယ်။ အဲ့ဒါလေးတွေကို အခုလိုမျိုး ဖိုရမ်လေး ၂ ရက်၊ ၁၃၊ ၁၄ လုပ်ပေးတယ်ဆိုတဲ့အခါ ကြတော့ လွှတ်တော်ထဲမှာ တွေ့ကြုံရမယ့် ကိစ္စတွေ၊ ပြောဆိုဆွေးနွေး ကြမယ်ဆိုရင်တော့ လွှတ်တော်ထဲ အတွေ့ အကြုံမရှိတဲ့ လူတွေလည်း ပိုပြီးမှ ကောင်းသွားမယ်လို့တော့ မြင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ စာမျက် နှာအသစ် ဖွင့်ရတော့မှာလေ။ အခု ဒီရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကတော့ ဒါမျက်နှာစာသစ်မှာ ပထမဦးဆုံး မြည်းစမ်းကြရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အခါကြတော့ စနစ်ကျဖို့ တော့ အရေးကြီးတာပေါ့နော်။ လွှတ်တော်မစခင်လေးမှာ ဒီဖိုရမ်လေး ကျင်းပပေးခြင်းအားဖြင့် အတွေးသစ်၊ အမြင် သစ်တွေ ပိုပြီးမှ ရလာမယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပမည့် ကြော်ငြာကို တွေ့ရစဉ်
မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များကို သီးသန့် ဖိတ်ကြား ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ မပါကြောင်း၊ နိုင်ငံရေးပါတီ ခေါင်းဆောင် များလည်း မပါကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ ဆွေးနွေးခြင်းအားဖြင့် လွှတ်တော် အတွေ့အကြုံတွေကို အခု လွှတ်တော် မတက်ရသေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဒါပိုပိုပြီးမှ ဗဟုသုတတွေ၊ ကိုယ်လုပ်ဆောင်ချက်တွေကို ဒီကနေပြီးမှ ပိုပြီးမှ ရလာမယ်လို့ မြင်ပါတယ်။ ဒါလွှတ်တော် မစခင် ကျင်းပတဲ့အတွက် မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဆိုတာက လွှတ်တော် ကိုယ်စားလှယ်တွေကြီးပဲ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ အရေးကိစ္စပေါ့။ ဒါပေမယ့် အားနည်းချက် ကတော့ ဘာဖြစ်သွားလဲဆိုတော့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေပါ ဖိတ်ခဲ့မယ်ဆိုရင် အဲ့ဒီ လွှတ်တော်ထဲမှာ ပြောတဲ့လူပြော၊ နိုင်ငံရေးပါတီခေါင်းဆောင် လွှတ်တော်ပြင်ပ လှုပ်ရှားတဲ့လူ လှုပ်ရှား၊ ဒါဆို ဟန်ချက်ညီညီ လှုပ်ရှားသွားနိုင်ရင်တော့ ဒါမြန်မာ့မျက်နှာစာသစ်ကို၊ ပိုမိုကောင်းမွန်တဲ့ မျက်နှာစာသစ်ကို ပိုရောက်သွား နိုင်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
နေပြည်တော်မှာ ကျင်းပမည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှဖြစ်ကြောင်း၊ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ ပါ/မပါကိုတော့ သေချာမသိရသေးပေ။
အလားတူ နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ဖိတ်ကြားခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲ အနိုင်မရ၍ နိုင်ငံရေးပါတီ ခေါင်းဆောင်ဖြစ်သည့်တိုင် အဖိတ်ကြား မခံရသူများမှာ ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ စိုင်းဋ္ဌေး အောင်၊ ဦးကျော်စွာစိုး၊ စိုင်းအိုက်ပေါင်းတို့ ပါဝင်ကြသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
မြန်မာ့မျက်နှာစာသစ်ဖိုရမ်သည် တချို့ပါတီဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များက ရွေးကောက်ခံ မဟုတ်သော် လည်း ဖိတ်စရာမလိုဘူးလား သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များကိုသာ သီးသန့် ရွေးချယ် ဖိတ်ကြား၍ သင်ခန်းစာမည့် ပုံစံမျိုးက လွှတ်တော်ကိုယ်စားလှယ်များ၏ အထက်က အဖွဲ့အစည်းလားဟု မေးခွန်းထုတ်စရာဖြစ် လာကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးအားဖြင့် ဆွေးနွေးကြတယ် အခမ်းအနားတွေ ကျင်းပတယ်ဆိုတဲ့အခါမှာ ကျင်းပတဲ့၊ ဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ရှိမှာပေါ့။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်တယ်၊ အဲဒီထဲမှာတော့ တချို့ပါတီ ခေါင်းဆောင်တွေ ပါမှာပေါ့။ အဲဒီတော့ တချို့ပါတီဥက္ကဋ္ဌ တွေ၊ ပါတီခေါင်းဆောင်တွေက ရွေးကောက်ခံ မဟုတ်ဘူး။ အဲဒီတော့ ဖိတ်စရာမလိုဘူးလားပေါ့။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ဘာကြောင့် အဲဒီလိုမျိုး ဩဝါဒ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးဖို့လိုအပ်တာလဲပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာက တစ်ခုခု တော့ တွေ့ဆုံသွားပြီ၊ တွေ့ဆုံပြီးပြီလို့ သတ်မှတ်လို့ ရတာပေါ့။ လွှတ်တော်ကပဲ သူတို့ကိုဖိတ်ပြီး၊ လွှတ်တော်မှာပဲ ဆွေးနွေးရမယ့်ဟာကို ဘာကြောင့် အခုလို အခမ်းအနား၊ မျက်နှာစာသစ်ဆိုတာကို သင့်လျှော်ပါ၏လားဆိုတာ ပေးမယ့် ပုဂ္ဂိုလ်တွေဘက်က လိုအပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အထက်က အဖွဲ့အစည်းလားပေါ့ ဒါလေး တွေက မေးခွန်းပေါ်လာမှာပေါ့။ လွှတ်တော်ကလည်း ကျင်းပတော့မယ် အဲဒီလို ကျင်းပဖို့အတွက်၊ အဲဒီလိုဖိတ်ဖို့ အဲဒီလို အခမ်းအနားဟာ လိုအပ်သလားပေါ့။ ကျောင်းတက်သလို သင်ခန်းစာပေးတာလားပေါ့”ဟု ပြောသည်။
မြန်မာ့မျက်နှာစာသစ်ဖိုရမ်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ် ပြီး မကြာခင် တက်လာမည့် အစိုးရသစ် အုပ်ချုပ်မည့် ကာလနှင့် အနာဂတ်အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ် တစ်ခုဖြစ်ကြောင်း ဆိုကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 328
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁
တပ်မတော်ကို အရပ်သားအစိုးရအောက်မှာ တည်ရှိနိုင်ရေး ကြိုးပမ်းရာမှာ မြန်မာနိုင်ငံတွင် စံနှုန်းနှင့် လက်တွေ့ကို နားလည်ပြီးမှသာ တပ်မတော်ကို ချဉ်းကပ်သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ဒီမိုကရေစီ စံနှုန်းအရဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက် တွင် ရှိရသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအရ ထိုစံနှုန်းသည် အမြဲ တမ်း ဖြစ်မနေကြောင်း ၎င်းက ပြောသည်။
နိုင်ငံတစ်ခုစီ၏ သမိုင်းကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်နှင့် လက်တွေ့နိုင်ငံရေး အခြေအနေများကို ထည့်သွင်း စဉ်းစားရသည့် အခါမျိုး၌ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် လုံးဝ မရှိနေသည့် နိုင်ငံများလည်းရှိကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “ဒါကြောင့် စံနှုန်းအရပြောရင်တော့ ဟုတ်တယ်၊ မှန်တယ်။ စစ်တပ်သည် အရပ်သားအစိုးရရဲ့ အောက်မှာ ရှိရတယ်။ သို့သော်လည်းပဲ လက်တွေ့မှာ ဒီတိုင်းဖြစ်နေကြ သလားဆိုတော့ နိုင်ငံအသီးသီး မှာ အဲဒီအတိုင်း ဖြစ်မနေတာ များတယ်ပေါ့။ ဒီမိုကရေစီ အတွေ့အကြုံ ရင့်ကျက်တဲ့ နိုင်ငံကြီးတွေပေါ့ နှစ် ၂၀၀ ကျော် အတွေ့အကြုံ၊ နှစ် ၁၀၀ အဲဒီလို နှစ်ရာချီတဲ့ နိုင်ငံတွေမှာတော့ ဒါဖြစ်ကောင်းဖြစ်နိုင် တယ်။ ဒါပေမယ့် ဒီမိုကရေစီ နုနယ်တဲ့ နိုင်ငံတွေမှာတော့ အဲဒီကိစ္စဟာ ဖြစ်ဖို့ အချိန်အကြာကြီး စောင့်ရ တယ်ပေါ့။ ဘယ်အခါမှာ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှု အစိုးရအောက်ကို ရောက်လာသလဲဆိုတော့ နိုင်ငံထဲမှာ ရှိတဲ့ပြည်သူတွေရဲ့ ဒီမိုကရေစီစံနှုန်းပေါ်မှာ နားလည်နိုင်မှု မြင့်မားလာတဲ့ အခါမျိုးတွေပေါ့။ နိုင်ငံတွင်းမှာ ပညာတတ်နှုန်းများပြားလာ၊ မြင့်လာတဲ့အခါမျိုးတွေ၊ နိုင်ငံအတွင်းမှာ လူ့စွမ်းအား အရင်း အမြစ်တွေက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ထိပ်တန်းကို ရောက်လာတဲ့ အခါမျိုးတွေမှာ ဆိုရင်တော့ စစ်တပ်ဆိုတာက အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိသွားတတ်တဲ့ သဘာဝရှိတယ်။ အဲဒီလို အခြေအနေမျိုးတွေ မရှိသေးသမျှ ဥပမာ တိုင်းပြည်မှာ ပညာတတ်တွေ တအားနည်းနေမယ်၊ လူ့စွမ်းအား အရင်းအမြစ်က မရှိသလောက် ရှားနေမယ်။ အဲဒီတိုင်းပြည်က အိမ်နီးချင်း ဒီမိုကရေစီ၊ အိမ်နီးချင်း နိုင်ငံ ကြီးတွေက ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်မနေဘူးဆိုရင်ပေါ့။ အဲဒီလို အခါမျိုးဆိုရင်တော့ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိဖို့မလွယ်ဘူး” ဟု ပြောသည်။
ကမ္ဘာပေါ်တွင် စစ်တပ်က အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်မှာ အပြည့်အဝမရှိဘဲ သီးခြား အာဏာ တည်ရှိနေခြင်း သို့မဟုတ် အစိုးရကို လွှမ်းမိုးထားသည့် နိုင်ငံအချို့လည်းရှိသည်။
ပါကစ္စတန်နိုင်ငံသည် ရွေးကောက်ခံ အစိုးရရှိသော်လည်း နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများတွင် စစ်တပ်ကသာ အဓိကဆုံးဖြတ်ချက် ချသူဖြစ်ကာ အာဏာသိမ်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသည်။
အလားတူ ထိုင်းနိုင်ငံတွင်လည်း စစ်တပ်သည် အရေးပါသော အခန်းကဏ္ဍတွင် အမြဲရှိနေကာ အာဏာ သိမ်းမှု အကြိမ်ပေါင်းများစွာ ရှိခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် အီဂျစ်နိုင်ငံသည် စစ်တပ်က အစိုးရကို ထိန်းချုပ်ထားရုံသာမက နိုင်ငံ၏ စီးပွားရေးကဏ္ဍ အများစု ကို ပိုင်ဆိုင်ထားကာ လက်ရှိသမ္မတ အာဘဒယ် ဖာတာ အယ်လ်စီစီ (Abdel Fattah el-Sisi) ကိုယ်တိုင် ကလည်း စစ်တပ် အကြီးအကဲဟောင်းဖြစ်သည်။
အာဖရိကနိုင်ငံအချို့ဖြစ်သည့် မာလီ၊ ဂီနီနှင့် ဘာကီးနားဖားဆို အစရှိသော နိုင်ငံတို့သည် မကြာသေးမီ နှစ်များအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပြီး လက်ရှိတွင်လည်း စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေကာ အရပ်သားအစိုးရဆိုတာ မရှိတော့ဘဲ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်လျက်ရှိသည်။

မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်များကို တွေ့ရစဉ်
မြောက်ကိုရီးယားနိုင်ငံသည်မူ အနည်းငယ်ကွဲပြားပြီး စစ်တပ်သည် ပါတီနှင့် ခေါင်းဆောင်မှုအောက်တွင် ရှိသော်လည်း နိုင်ငံတော်အစိုးရ၏ အဓိက အသက်သွေးကြောဖြစ်ကာ နိုင်ငံ၏ အရင်းအမြစ် အားလုံးကို စစ်တပ်အတွက် ဦးစားပေးထားခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
နိုင်ငံတစ်ခုတွင် စစ်တပ်သည် အရပ်သား အစိုးရအောက်တွင် ရှိရမည်ဆိုသည်မှာ မှန်ကန်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက သမ္မတဖြစ်သည့် နိုင်ငံများလည်း ရှိကြောင်း၊ ထိုသို့ သမ္မတ ဖြစ်လာသည့်အခါတွင် နိုင်ငံကို စစ်တပ်လိုမျိုး မအုပ်ချုပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဂျော့ဖ်ဝါရှင်တန် (George Washington) တောင် သမ္မတဖြစ်လာတာပဲ။ ကျနော်တို့ ဆီမှာလည်း မဖြစ်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဂျော့ဖ်ဝါရှင်တန် သမ္မတ ဖြစ်လာတော့ သူက အမေရိကန်နိုင်ငံကို စစ်တပ်အုပ်ချုပ်သလို သူမအုပ်ချုပ်ဘူးပေါ့။ ဒါကိုလည်း အမှတ်ယူသင့်ပါတယ်။ ဒီဥစ္စာကတော့ ကျနော်တို့ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုထုံးတွေနဲ့ မကိုက်ညီတဲ့ အခါကြတော့ ဒါဟာ ရေရှည်သွားဖို့ မလွယ်ဘူးလို့ ပြောလို့ရမှာပေါ့။ ကျနော်တို့နိုင်ငံ ဒီလောက်တောင်မှ အသုံးမကျ ဖြစ်လာ တာဟာ အဓိက,ကတော့ စစ်တပ်က အထက်စီးကနေ နေခဲ့တော့ ၁၉၆၂ ခုကတည်းက အထက်စီးကနေ နေခဲ့တဲ့အခါကြတော့ ကျနော်တို့နိုင်ငံဟာ အင်မတန်ချမ်းသာတဲ့ ဘဝကနေ အင်မတန် ဆင်းရဲတဲ့ဘဝကို ရောက်ခဲ့တယ်ဆိုတာ ကျနော်တို့ မေ့ဖို့မသင့်ပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယခု မတ်လတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များကို စတင် ကျင်းပ၍ လွှတ်တော် ဥက္ကဋ္ဌများ ရွေးချယ်ခြင်းနှင့် သမ္မတရွေးချယ်ခြင်းတို့ကို လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 524
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်၌ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးကို တပြိုင်တည်း လုပ်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း-၃ ပိုင်းခွဲ၍ ကျင်းပပြီးစီးခဲ့ပြီးနောက် ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။
ယခုပေါ်ပေါက်လာမည့် အစိုးရအသစ် အနေဖြင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အားလုံးက တဆက်ထဲ လုပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထုသည် တိုင်းပြည်ကြီး၏ တကယ့် အရှင်သခင်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးဆိုတာ အားလုံးက ဆက်စပ် နေတာပဲလေ။ တစ်ခုပြီးတစ်ခု လုပ်မယ်ဆိုတာတော့ လက်တွေ့ မကျဘူးထင်တယ်။ အားလုံးက အတူတူလုပ်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကျနော်တို့ Focus(အာရုံစူးစိုက်မှု)က ဘယ်မှာထားမလဲဆိုတာ ပိုအရေးကြီးတယ် ပေါ့နော်။ တကယ်လို့ ဥပမာ လုံခြုံရေးကို ကျနော်တို့ Focus ထားတယ်ဆိုပါစို့၊ အဲ့ဒီလိုဆိုလို့ရှိရင် လုံခြုံရေးဆိုတာ ငြိမ်းချမ်းရေး မရှိဘဲနဲ့ စိတ်ချရပါ့မလား။ ငြိမ်းချမ်းရေးဆိုတာလည်း ဒီမိုကရေစီ မပါလို့ရှိရင်ရမလား၊ ဒီမိုကရေစီ ချည်းပဲ ဖက်ဒရယ် မပါဘူးဆိုရင်ရောရမလား၊ သူကအဲ့ဒီလိုမျိုး ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ အခု လောလောဆယ် တော့ ဘယ်ဥစ္စာကို ကျနော်တို့ ဦးစားပေးရမယ်ဆိုတာမျိုး မပြောနိုင်သေးဘူးပေါ့ဗျာ။ အဓိက,ကတော့ အခု သူတို့ က ငါတို့ဟာ ရွေးကောက်ပွဲကလာတယ်၊ ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုက ရွေးတာဖြစ်တယ်၊ ပြည်သူလူထု က ဒီတိုင်းပြည်ကြီးရဲ့ တကယ့် ပိုင်ရှင်ဖြစ်တယ်၊ တကယ့် အရှင်သခင် ဖြစ်တယ်၊ ငါတို့က အရှင်သခင် မဟုတ်ဘူး၊ ငါတို့လုပ်သမျှကို ငါတို့ ဒီအရှင်သခင်ရဲ့ သဘောတူညီချက်ကို ရယူရမယ် ဒီလိုမျိုး ခံယူချက်မျိုး ရှိဖို့လိုပါတယ်။ ဒီလိုမျိုး ခံယူချက်မျိုးရှိ တယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ ပထမပိုင်းမှာ အခက်အခဲတွေ တွေ့ကြုံနိုင်ပေမယ့် ရေရှည်မှာတော့ သူက အင်မတန် လုံခြုံတဲ့၊ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီလည်းကျတဲ့၊ ဖက်ဒရယ်လည်း ဖြစ်တဲ့နိုင်ငံကို ကျနော်တို့ ရမှာပေါ့ဗျာ။ ဒီလိုမျိုး အခြေခံ မဟုတ်ဘဲနဲ့ တိုင်းပြည်ကို ငါတို့သာ ပိုင်ဆိုင်တယ်၊ ငါတို့ သဘောအတိုင်း လုပ်မှာကို ပြည်သူတွေ အားလုံးက လက်ခံရမယ်၊ မလက်ခံလို့ မရဘူးဆိုတဲ့ ခံယူချက်မျိုးနဲ့ လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ ဒါကိုအခု အုပ်ချုပ်နေတဲ့ နိုင်ငံခေါင်းဆောင်တွေကလည်း သဘောပေါက်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်”ဟု ပြောသည်။

Peace Talk ကျင်းပစဉ်
လာမည့် အစိုးရသစ် အနေဖြင့် ၅ နှစ်တာ ကာလအတွင်း ပထမဆုံး ၂ နှစ်ခွဲတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေး ကို ဦးစားပေး တည်ဆောက်သင့်ပြီး ကျန် ၂ နှစ်ခွဲ၌ လူမှုစီးပွားရေးအား ဦးစားပေး တည်ဆောက်သင့်သည်ဟု ထောက်ပြသူများလည်း ရှိနေသည်။
သို့သော် တချို့သော စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကတော့ အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးနှင့်တပြိုင် တည်း စီးပွားရေးနှင့် ပညာရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း ထောက်ပြသူများလည်း ရှိနေပြန်သည်။
အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးစားမည်ဆိုလျှင် ဖက်ဒရယ်ကိစ္စများကို အဓိက ဆွေးနွေးရမှာ ဖြစ် ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးသဘောတူညီချက်များ ရယူကြစဉ်
၎င်းက “အဲ့ဒါ ဒီမိုကရေစီနဲ့၊ ဖက်ဒရယ်နဲ့၊ ငြိမ်းချမ်းရေးနဲ့ဟာက ကျနော်တို့က ဒွန်တွဲနေတာဗျ။ ခေါင်းနဲ့ပန်းလိုပဲ ဒွန်တွဲနေတဲ့အတွက် တစ်ခုပြီးမှတစ်ခု လုပ်မယ်ဆိုတဲ့ ကဏ္ဍကတော့ သိပ်အဆင်မပြေဘူးလို့ ကျနော် မြင်ပါတယ်။ ဘာလို့ဆိုတော့ ပထမ ၂ နှစ်ခွဲမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားမယ်ဆိုတော့ ဒီငြိမ်းချမ်းရေးအတွက် ကြိုးစားရင်း နဲ့ ဒီဖက်ဒရယ် ကိစ္စတွေကိုပဲ အဓိက ဆွေးနွေးရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ လွတ်လပ်ရေး ရစဉ်အခါတည်းက တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအခါကြတော့ ဒီငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ကိစ္စမှာ အတူတူ ဒွန်တွဲပြီးမှ ဖက်ဒရယ်လစ်ဇင်ရယ် အပြိုင်သွားမှာပါ။ နည်းလမ်းတွေကတော့ တချို့ ချပြသင့်တဲ့ကိစ္စ ရှိ တယ်၊ မချပြသင့်တဲ့ကိစ္စ ရှိတယ်၊ ပြည်သူကို ချပြသင့်တာတော့ ပိုပြီးမှ ကောင်းပါတယ်။ မချပြသင့်တဲ့ လုပ်ငန်း တွေကျတော့ ဆက်လက် အကောင်အထည် ဖော်ပေါ့နော်။ ဒါအခု ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ ဒီ NCA စာချုပ်ရှိတယ်။ NCA စာချုပ်ရဲ့ အားနည်းချက်၊ အားသာချက်ကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ပြန်လည် သုံးသပ်ပြီးမှ တကယ်လို့ ဒီလက်နက်ကိုင် အဖွဲ့အစည်းကတိုက်ရင် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ NCA စာချုပ်က ဒါတွေအားနည်းတယ်၊ ဒါတွေ အားနည်းတယ်။ ပြည်သူကို ဒီကိစ္စ အချက်အလက်တွေက ပြည်သူတွေကို အကျိုးပြုတယ်ဆိုရင်တော့ ဒီဘက်က ပြင်ဆင်ချက်တွေကို လက်ခံပေးဖို့တော့ ကျနော် ပြောချင်ပါတယ်။ အဲ့ဒီခါ ကျတော့ ကျနော်တို့ ဒီငြိမ်းချမ်းရေးနဲ့ NCA သွားမယ်။ NCA မှာကျတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေပါတယ်၊ ဖွဲ့စည်းပုံ အပါအဝင် အခြားဥပဒေများကိုလည်း ပြင်ဆင်ဖြည့်စွက် ပေးနိုင်တယ်ဆိုတဲ့ဟာကိုတော့ NCA စာချုပ် အပိုဒ် ၂၆ မှာ ရေးသားထား ပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါလွှတ်တော်ထဲမှာလည်း ပြောမယ်၊ ဒီ NCA လမ်းကြောင်းက တဖက်က ဖော်ဆောင်ကြရမှာပေါ့”ဟု ပြောသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများအား အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
သို့သော် လာမည့် အစိုးရသစ်သည် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသည့် ခေတ်အဆက်ဆက်က ဖြစ်ပေါ်ခဲ့သော အုပ်ချုပ်ရေး အခြေအနေ အရပ်ရပ်ကို သင်ခန်းစာယူ၍ အစိုးရ၊ လွှတ်တော်၊ တရားရေးကို ကိုင် တွယ်၍ အုပ်ချုပ်လာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားရေး ပေါ်လစီများကို စောင့် ကြည့်ရအုံးမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 528
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၀
ပင်လုံစာချုပ်သဘောတူညီချက်အရ အားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဆိုပါက စုပေါင်း၍ စီမံခန့်ခွဲပြီး ကိုယ့်ပြည်နယ်နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါက ထိုပြည်နယ်ရှိ တာဝန်ရှိသူကပဲ စီမံခန့်ခွဲမည့် သဘော တရားကို လက်ခံကျင့်သုံးပါက စိတ်ပူစရာမလိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ၏ ရည်မှန်းချက် များမှာ ဖက်ဒရယ်ထက်ကျော်လွန် စဉ်းစားနေမှုများရှိပြီး ကွန်ဖက်ဒရေးရှင်း အဆင့်ကိုလည်း လိုလားနေ ကြသည်။
အဆိုပါ ရလိုမှုများအပေါ် အစိုးရဘက်က ဖက်ဒရယ်ကို လက်ခံသော်လည်း ကွန်ဖက်ဒရေးရှင်းကိုတော့ လက်မခံကြောင်း၊ ဖက်ဒရယ်ဆိုသည့် နေရာမှာလည်း ဗဟိုချုပ်ကိုင်မှု အားနည်းသည့် လက္ခဏာကို အစိုးရက လက်ခံနိုင်ခြေ နည်းကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် ပင်လုံဟု ပြောလိုက်လျှင် ခွဲထွက်ရေးဟုသာ သဘောပေါက် နားလည်ကြပြီး တကယ့် ပင်လုံစာချုပ် သဘောတူညီချက် အစစ်အမှန်မှာ ထိုသို့ မဟုတ်ဘဲ ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ တပ်မတော်၊ အစိုးရ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ပင်လုံစာချုပ်နဲ့ နောက်ဆက်တွဲ သဘောတူညီချက်တွေ အရဆိုရင် အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စ တွေကို ဗဟိုအစိုးရက ကိုင်မယ်ပေါ့။ ဒါပေမယ့် သူ့ပြည်နယ်နဲ့သူ သက်ဆိုင်တဲ့ ကိစ္စတွေကတော့ သူ့ ပြည်နယ်က ကိုင်မယ်။ အဲဒီလို ပြောလိုက်တဲ့ အခါကြတော့ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စကို ဗဟိုက ကိုင်မယ် ဆိုတော့ ဗမာအစိုးရက ကိုင်ပြီးတော့မှ ဗမာမဟုတ်တဲ့ လူမျိုးတွေကတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ်ပဲ လားလို့ အဲဒီလိုမျိုး အဓိပ္ပါယ်ပေါက်နိုင်တယ်။ အဲဒီလိုမျိုးလည်း သဘောပေါက်ကြတယ်။ တကယ်တမ်း ကြတော့ ဒီကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲပြီးတော့မှ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေက အဲဒီလို မမှတ်ကြဘူးပေါ့။ ဒါဗမာ အပါအဝင်ပါပဲ။ ဗဟိုအစိုးရမှာက ဗမာပဲရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသား ခေါင်း ဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေလည်း ရှိမယ်၊ တူတူရှိမယ်လို့ ဆိုလိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပင်လုံစာချုပ်ကို ကြည့်လိုက်ပါ။ နံပါတ် ၁ ကနေ ၄ အထိက ဗဟိုအစိုးရနဲ့ ပတ်သက်တာ ဖြစ်တယ်။ ဒီဗဟိုအစိုးရနဲ့ ပတ်သက်တဲ့ နေရာမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ပါဝင်နေတယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ဒီတိုင်းရင်းသားခေါင်းဆောင်တွေ သူတို့ကိုယ်တိုင် ပါနေတယ်ဆိုတော့ ပြည်နယ် တွေမှာ သူတို့ သီးသန့်အုပ်ချုပ်နေပေမယ့် ဗဟိုအစိုးရက ဘာမှပူစရာမလိုဘူး။ ဘာလို့မပူရလဲ။ အခု အများအားဖြင့်ကတော့ ပင်လုံလို့ ပြောလိုက်တယ်ဆိုရင် ဟာ ခွဲထွက်ရေးပဲ၊ ဒီကောင်တွေ လွတ်လပ်ရေး ယူချင်တယ် အဲဒီလိုမျိုး သဘောပေါက်တယ်။ တကယ်တမ်းတော့ ပင်လုံက လုပ်ခဲ့တာ ဒါမျိုးအတွက် မဟုတ်ဘူး။ သူက ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်တယ်” ဟု ပြောသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် တောင်တန်းဒေသနှင့် ပြည်မတို့ ပူးပေါင်း၍ လွတ်လပ်ရေးယူရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အဓိက သဘောတူညီ ချက် ၅ ချက် အပါအဝင် စုစုပေါင်း ၉ ချက် ပါဝင်သည်။

တိုင်းရင်းသား လူငယ်များကိုတွေ့ရစဉ်
အဓိက သဘောတူညီချက် ၅ ချက်မှာ တောင်တန်းဒေသများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကောင်စီသည် ပြည်မအစိုးရတွင် ပါဝင်ရန်နှင့် အုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ တောင်တန်း ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်တွင်းရေးရာများတွင် အုပ်ချုပ်ပိုင်ခွင့်ရှိစေရန်၊ ကချင် တောင်တန်း ဒေသများအတွက် သီးခြားပြည်နယ်တစ်ခု ထူထောင်ရန်၊ တောင်တန်းဒေသများ အနေဖြင့် ပြည်မနည်းတူ ဘဏ္ဍာရေး အခွင့်အရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တန်းတူအခွင့်အရေးများ ရရှိရန်၊ တောင်တန်းဒေသနှင့် ပြည်မတို့ အတူတကွ ပူးပေါင်း၍ လွတ်လပ်ရေး ယူပြီးနောက် စည်းလုံးညီညွတ်စွာ နေထိုင်ရန်တို့ ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လက်နက်ကိုင် အဖွဲ့အစည်း ပိုမို များပြားလာသကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများသည်လည်း ပိုမိုကြီးမား ကျယ်ပြန့်လာ လျက်ရှိသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NUG-PDF တို့ ပူးပေါင်းကာ နယ်မြေများ သိမ်းပိုက်ရရှိရေး ဆိုသည့် စစ်ဆင်ရေးကို ဆင်နွှဲနေကြသည်။
ထိုအခင်းအကျင်း၌ အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် ယခင်ရရှိထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကို ကျော်လွန်၍ နယ်မြေများကို သိမ်းပိုက် ရရှိထားကြသည်။
၎င်းတို့ သိမ်းပိုက် ရရှိထားသည့် နယ်မြေများအတိုင်း နိုင်ငံတော်မှ ခွင့်ပြုပေးလိုက်မည်ဆိုပါက အချို့ ပြည်နယ်ဒေသများတွင် ပြဿနာရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကျင်းပနေစဉ်
၎င်းက “အခု သူတို့ သိမ်းထားတဲ့အတိုင်း ပေးလိုက်မယ်ဆိုပြန်ရင်လည်း ကျန်တဲ့ တိုင်းရင်းသားတွေက SSA တို့ အဖွဲ့လို၊ ရှမ်းပြည်နယ်မှာရှိတဲ့ တခြားအဖွဲ့တွေ၊ နောက် ရခိုင်မှာဆိုရင်လည်း ချင်းနဲ့သူတို့ ပြဿနာ ရှိတယ်။ ချင်းပြည်နယ်နဲ့ ပလက်ဝ ကိစ္စလားမသိဘူး အဲဒီလို ပြဿနာလေးတွေရှိတော့ အဲဒါ လက်ခံဖို့ ခဲယဉ်းတယ် တခြားတိုင်းရင်းသားက။ ကောင်းတာကတော့ ဒီဟာကို Referendum အဲဒီဒေသ က ပြည်သူလူထုပေါ့။ သက်ဆိုင်ရာ ဒေသက ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်နဲ့ သတ်မှတ်မယ်ဆိုတဲ့ဟာ မျိုး သူတို့လက်ခံလာအောင် ဆွေးနွေးဖို့ လိုတယ်။ အဲဒါက ကိုယ်က တင်ပြရမှာ ဗဟိုအစိုးရကနေပြီးမှ တင်ပြရမှာ။ တင်ပြပြီးတော့ တရုတ်ကလည်း အဲဒါကို သဘောကျတယ်၊ သဘောတူတယ်ဆိုရင် အဲဒီက ဟာကို အကောင်အထည်ဖော်ပြီးတော့ နယ်မြေတွေကို အဲဒီလို သတ်မှတ်ပေးလိုက် ” ဟု ပြောသည်။
NLD အစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်း သား လက်နက်ကိုင်များ၏ ရည်မှန်းချက်များ မတူညီကြတော့ဘူးဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ အကြား သုံးသပ်မှုများ ရှိနေကြသည်။
EAO များ၏ နဂိုရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တူညီပြီး ပြည်နယ် များမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိရေးမှာလည်း တူညီကြကြောင်း၊ သို့သော် စစ်ရေးအရ အသာစီး ရလာသည့် အဖွဲ့အစည်းများကြားတွင် ဖက်ဒရယ်ပြည်ထောင်စုထက် အဆင့်မြင့် သည့် ရည်မှန်းချက်များ ရှိလာကြကြောင်း ၎င်းတို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 291
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှ အနိုင်ရ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်း အနားကို နေပြည်တော်မှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်က ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးတင်အောင်စန်း၊ ဦးထွန်းအုံ၊ ဦးမောင်မောင်တင့်တို့ တက်ရောက်ခဲ့ကြသည်။
အလားတူ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နစကအဖွဲ့ဝင်နှင့် အကြံပေး တာဝန်ယူခဲ့သူ ဒေါ်ဒွဲဘူတို့ လည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 627
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၉
မြန်မာနိုင်ငံတွင် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းမည်ဆိုလျှင် မည်သည့်လမ်းကြောင်း၊ မည်သည့်နည်းလမ်းနှင့် အစပျိုး ဆောင်ရွက်သင့်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများကြား မေးခွန်းထုတ်လျက် ရှိသည်။
ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းမည်ဆိုပါက တပ်မတော်နှင့် အနိုင်ရပါတီများက ၂၀၀၈ ဘောင်ထဲက ဖြေရှင်းသင့်သလို ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် လွှတ်တော်တွင် ကြိုးစား သွားရမည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိကတော့ ဒီဟာ တပ်မတော်နဲ့ လက်ရှိ ဒါအနိုင်ရပါတီ အနေနဲ့က သူတို့က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ အားလုံးက ၂၀၀၈ ဘောင်ထဲကပဲ ဖြေရှင်းဖို့ ကျနော်တို့က စဥ်းစားတာ ဖြစ်တယ်။ တစ်ဖက်က ကျတော့ ၂၀၀၈ ကို လုံးဝ ဖျက်သိမ်းပြီးတော့ အသစ်ရေးဆွဲရမယ်ဆိုတဲ့ ရှုထောင့်ကနေ ချဥ်းကပ်တာရှိတယ်။ အဲ့ဒီ တော့ နိုင်ငံရေးပါတီများ အနေနဲ့ကတော့ ၂၀၀၈ ကို ပြင်ဆင်တဲ့အခါမှာ လက်တွေ့ကျတဲ့၊ ပြီးတော့ အချိန်ကိုက် ဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းခဲ့တာတွေလည်း ရှိတယ်။ ညှိနှိုင်းနေဆဲတွေလည်း ရှိတယ်။ ဒါကြောင့် ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ နိုင်ဖို့အတွက်ကို လွှတ်တော်မှာ တစ်လှည့် ကြိုးစားသွား ရမယ်လို့ မြင်ပါတယ်။ ဟိုအခြေခံ အကျဆုံးက ပြောရလို့ရှိရင် ဒီတိုင်းရင်းသား လူမျိုးစုကိုအခြေခံတဲ့ ပြည်ထောင်စု ဖွဲ့စည့်ပုံနဲ့ ဒါဒေသကို အခြေခံတဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံဆိုပြီးတော့ ဒါပုံစံနှစ်မျိုးရှိတယ်။ နောက် တစ်ခုကတော့ အားလုံးကို တပြေးညီ စဥ်းစားတဲ့ အချိုးညီ ဖက်ဒရယ်ပုံစံနဲ့ အချိုးမညီ ဖက်ဒရယ်ပုံစံနဲ့ ရှိတယ်။ ဒါကြောင့် ဟို ဖက်ဒရယ်ဆိုတာ ပြောတာတော့ လွယ်တယ်၊ အဲ့ဒီတော့ အသေးစိတ် ဆွေးနွေးရမှာတွေကတော့ များတယ်။ ဒါကြောင့် အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ပုံစံဟာလည်း ဒါတိုင်းရင်းသား အခြေပြုတဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေ ရှိ တယ်။ ဒေသအခြေပြုတဲ့ ဒါ ကျနော်တို့ တိုင်းဒေသကြီး ဖွဲ့စည်းပုံရှိတယ်၊ ဒါကြောင့်မို့လို့ ဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံ က စပြီးပြောရင် အများကြီးပြောရမယ်။ သို့သော် လက်တွေ့ကျတာက အဲ့ဒီပဋိပက္ခ ပြင်းထန်နေတဲ့ အချိန်မှာ တချို့ကိစ္စတွေမှာ ကျနော်တို့ ချက်ချင်း ဖြေရှင်းလို့ မရဘူး။ အဲ့ဒီတော့ တစ်ဖက်က တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရေး လမ်းကြောင်း ပြန်ရောက်လာဖို့အတွက်က အခုက ကျနော်တို့ အဓိက ကြိုးစားနေရတာဖြစ်တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဖက်ဒရယ်ပြဿနာသည် ၁၉၆၂ (သို့မဟုတ်) ၁၉၄၇ ပင်လုံစာချုပ် ကနေစပြီး ဖြစ်လာသည့် ကိစ္စဖြစ်ကြောင်း၊ အဓိက မိမိတို့ တိုင်းရင်းသားများ၊ ပြည်သူများအားလုံးက တည်ငြိမ်လုံခြုံသည့် အခြေအနေကို အရင်ဖန်တီးရမည် ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ဖက်ဒရယ်တပ်မတော်နှင့် ပတ်သက်ပြီး မည်သည့် နည်းလမ်းနှင့် သွားသင့်သည်ဆိုခြင်းထက် လက်တွေ့မြေပြင် တွင် သဘောထား မည်သို့ရှိသလဲ၊ မည်သို့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုသည့်အပေါ် မူတည်ပြီး အလုပ်လုပ်ကြမည် ဆိုလျှင် အဖြေထွက်ပါလိမ့်မည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖက်ဒရယ်တပ်မတော်ဆိုတာ အခုဟာက တပ်မတော်ဆိုတဲ့ ပုံစံမျိုးအောက်မှာ ဘာတွေပါသင့်လဲ၊ ဘယ်လို သွားမလဲဆိုတာ အဲ့ဒါတွေ အရင်ဆုံး ရှင်းလင်းဖို့ လိုတယ်။ ဘယ်လိုနည်းလမ်းနဲ့ သွားသင့်တယ်ဆိုတာ ထက် အခုဟာက အဲ့ဒီလိုဖွဲ့ခဲ့မယ်လို့ ဆိုကြပါစို့ အဲ့ဒီခေါင်းစဥ် တယ်လာလို့ရှိရင် ပါတဲ့သူတွေက ဘယ်လို ဖြစ်ချင် တယ်၊ ဘာဖြစ်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ သဘောထားဆန္ဒတွေ၊ သူတို့ပြောတဲ့ မှတ်ချက်တွေ၊ ဖြစ်ချင်တဲ့ ဟာတွေရှိ အုံမှာလေ။ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုပါသင့်တယ် ဆိုတာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံမျိုးနဲ့ သွားတာ တော့ ပိုကောင်းတယ်။ အဲ့ဒီတော့ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ပုံစံမျိုးကို သွားဖို့အတွက် လက်ရှိ တပ်မတော် ဘက်ကရော၊ တခြား NCA ထိုးပြီးတော့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်မယ့် အဖွဲ့တွေကြားထဲရော သူတို့ ဘာတွေ အဲ့ဒါအတွက် ပြင်ဆင်ထားလဲပေါ့။ အဲ့ဒီဟာ အဲ့ဒီအချက်က အရေးကြီးတယ်။ အဲ့ဒီပေါ်မှာပဲ မူတည်ပြီး သွားရမှာ။ ဘာတွေ ပါသင့်တယ် မပါသင့်ဘူးဆိုတာက လက်တွေ့ ပါဝင်ပြီး ဆောင်ရွက်မယ့်လူတွေ ကိုယ်တိုင်က သဘောတူညီတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြတာ ပိုကောင်းပါလိမ့်မယ်။ အဲ့ဒီတော့ လက်တွေ့ မြေပြင်မှာ ဘယ်သူတွေ ဘယ်လို ဒါနဲ့ပတ်သက်ပြီး သဘောထားရှိကြလဲ၊ ဘယ်လိုလုပ်ချင်ကြလဲ၊ အဲ့ဒီလို ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဒီလိုအချက်အလက်တွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြမယ်ဆို အကောင်းဆုံး အဖြေ ထွက်ပါလိမ့်မယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က လက်နက်ကိုင်များကို နယ်ခြားစောင့်တပ်ဖွဲ့(BGF) သို့မဟုတ် ပြည်သူ့စစ်(ပသစ) အဖြစ် အသွင်ပြောင်း ဖွဲ့စည်း၍ တပ်မတော်နှင့်ပူးပေါင်းရန်၊ ထိုမှတဆင့် နိုင်ငံရေးပါတီ ထူထောင်၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် သဘောထားရပ်တည်လျက်ရှိသည်။
တခြား တစ်ဖက်မှာတော့ လက်နက်ကိုင်အဖွဲ့အစည်းများက အမျိုးသားအစောင့်တပ်ဖွဲ့ (သို့မဟုတ်) ပြည်နယ် အစောင့်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီးနောက် ယုံကြည်မှုတည်ဆောက်၍ ဗဟိုရှိ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ တဆင့်ချင်း ဖက်ဒရယ်တပ်မတော်အဖြစ် အသွင်ပြောင်းရန် သဘောထား ရပ်တည်လျက်ရှိသည်။
လက်ရှိ မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ တည်ရှိနေသလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း မှ နိုင်ငံရေး အခင်းအကျင်းအရ ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့အစည်း ရာနှင့်ချီ ရှိနေသောကြောင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ရန် ခက်ခဲနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှု များလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 565
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
မကြာခင် ပေါ်ပေါက်လာမည့် အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို ဒွန်တွဲပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ထောက်ပြလျက်ရှိသည်။
ရွေးကောက်ပွဲအလွန် တက်လာမည့် အရပ်သားအစိုးရသည် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးကိုသာ ဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အသွင်သဏ္ဍာန် မျိုး ဖွဲ့စည်းပါက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
တစ်ဖက်တွင်လည်း နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ် ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံ ရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာ အောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်သည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင် များက ထောက်ပြကြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့စီးပွားရေး အဆင်မပြေမှု ဖြစ်နေသော ပြဿနာသည် စီးပွားရေးစနစ် တစ်ခုလုံးကို သေချာစွာ မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေသည့်အတွက် စီးပွားရေး အဆင်မပြေပါက အမြင်များ၊ အတွေးအခေါ်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်
၎င်းက “ဖြေရှင်းရင် ရနိုင်တယ်။ အဓိက,က (Conceptual Framework) ရှိဖို့လိုတာပေါ့။ ငြိမ်းချမ်းရေးမှာ တစ်ဖက် ကလည်း စီးပွားရေးတွေလည်း ပါတာပေါ့။ နောက်တစ်ခုက အမြင်တွေပါတာပေါ့။ အမြင်ဆိုတာက တိုင်းရင်းသား တွေရဲ့ ပြီးခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ် ၁၅ နှစ်က အမြင်နဲ့ အခုအမြင်နဲ့ကတော့ ဘာပဲပြောပြော အကြောင်းကြောင်းကြောင့် ပွင့်လာပြီပေါ့။ ပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲအခါကျတော့ ဒီတိုင်းပြည်က စုစုစည်းစည်းနဲ့ သာယာဝပြောမှ သူတို့အတွက် အကျိုးစီးပွား ဖြစ်မယ်ဆိုတာကို နားလည်ဖို့လိုတာပေါ့။ ဒါနံပါတ် တစ်အချက်။ နံပါတ်နှစ်အချက်က သူတို့နားလည်အောင် ဒီဘက်က ဘယ်လို (Educate) လုပ်မလဲ အဲ့တာအရေးကြီးတယ်။ အဲဒီတော့ အစိုးရဆိုဒ်က လည်း ဒါကို ဘယ်လို ဖြစ်မလဲဆိုတဲ့ (Conceptual Framework) ကျကျနန ရှိရမှာပေါ့။ ဥပမာ သယံဇာတ ခွဲဝေတဲ့ ကိစ္စတွေ ပါလာမှာပေါ့။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် သင့်တော်တဲ့ အချိုးတစ်ခုဆိုတာကို သူက ခေါင်းထဲမှာ ယုံကြည်ဖို့ လိုတာပေါ့။ လောလောဆယ် အနေအထားအရ အဲဒါကြီးက တော်တော်လေး အရေးကြီး တာပေါ့။ နိုင်ငံရေးနဲ့စီးပွားရေးဆိုတာ ဒွန်တွဲနေတာကို။ ကျနော့် အတွေးအခေါ် တစ်ခုက အဲဒီအချိန်တုန်းကပေါ့ဗျာ အခုက အဲဒီအတွေးအခေါ်တောင်မှ လုပ်လို့ရပါ့မလားမသိဘူး။ ဘာလဲဆိုတော့ (စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်) အဲ့တာလေးတွေကို တိုးတက်အောင် လုပ်လိုက်နိုင်ရင်တောင်မှ ဒီနေ့အချိန်မှာ စကားတွေ ပြောစရာ တော်တော် နည်းမှာလေ။ အဓိက,က ပြဿနာတစ်ခုက စီးပွားကလည်း မဖြစ်ခဲ့ဘူး။ တစ်ခုရှိတာပေါ့ နိုင်ငံရေးနဲ့ စီးပွားရေးကလည်း ဒွန်တွဲနေတဲ့ အခါကျတော့ စီးပွားရေး အဆင်မပြေလို့ရှိရင် အမြင်တွေ အတွေး အခေါ် တွေကလည်း တစ်မျိုးဖြစ်ကုန်တာလေ။ သီအိုရီ သဘောအရပြောရင် ပိုက်ဆံရှိမှ ပညာသင်လို့ရမှာလေ။ အဲဒီတော့မှ အဲဒီကလေးက ဦးနှောက်ကောင်းမှာလေ။ ပြီးတော့ ကျောင်းတန်းလန်းနဲ့ ထွက်သွားတာမျိုး မရှိမှာ လေ။ စီးပွားရေးကတော့ ကောင်းကိုကောင်းရမှာ။ ပြောချင်တဲ့ အဓိပ္ပာယ်က ရတဲ့နေရာ စလုပ်ပေါ့ဗျာ။ ဒါပေမယ့် စနစ်တော့ မှန်မှရမယ်။ ဗမာပြည် စီးပွားရေးဆိုရင် တစ်နိုင်ငံလုံးရဲ့ Economy အားလုံးသည် ၇၀ ရာခိုင်နှုန်း လောက်က ရန်ကုန်တိုင်းမှာရှိတာ။ ဘယ်လိုလုပ်မလဲ ဒါကိုစဉ်းစားရမှာပေါ့” ဟု ပြောသည်။
အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတကာမှ ယုံကြည်မှု ပြန်လည်ရနိုင်ရန်အတွက် အစိုးရဖွဲ့စည်းသည့် အခါတွင် အားလုံးပါဝင်သည့် ညီညွတ်ရေးအစိုးရ ပုံသဏ္ဍာန်မျိုး ဖော်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်ချုပ်ဈေးကို တွေ့ရစဉ်
၎င်းက “လက်ရှိနိုင်ငံရဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့်ပေါ့ဗျာ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လည်း တောက်လျှောက်လုပ်ဖို့ လိုအပ်တယ်။ ထို့ပြင်ကို စီးပွားရေး တည်ငြိမ်သွားဖို့ အတွက်ကိုလည်း အစိုးရ အသစ် အနေနဲ့က ကြိုးစားအားထုတ်ဖို့ လိုတယ်။ အဲ့တော့ political stability ရှိရမယ်။ Sanction ပြုတ်သွား အောင် ဦးစားပေး ကြိုးစားဖို့လိုတယ်။ စီးပွားရေး တည်ငြိမ်မှုရဖို့ဆို နိုင်ငံတကာ (Foreign Investment) ကိုလည်း ကျနော်တို့က ပြန်လည်မျှော်ကိုးရမှာ ဖြစ်သလို ပြည်တွင်း ထုတ်ကုန်တွေလည်း ဖွံ့ဖြိုးတိုးတက်အောင် ကျနော်တို့ လုပ်ဖို့လိုတယ်။ ကုန်ထုတ်ဖို့အတွက်ကို လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်က ကျနော်တို့နိုင်ငံမှာ မလုံလောက်ဘူး။ ကျနော်တို့နိုင်ငံကို ပြန်ပြီးတော့မှ အရာရာ ပြန်ဦးမော့လာအောင် ဆောင်ရွက်မယ်ဆိုရင် စွမ်းအင်ကဏ္ဍကိုလည်း ဖူလုံအောင် ကြိုးစားဖို့လိုတယ်။ စီးပွားရေးကလည်း Sanction ပြုတ်သွားမှ ကျနော်တို့နိုင်ငံက စီးပွားရေး ပြန် ကောင်းမယ်ပေါ့ဗျာ။ ပြန်ကောင်းမယ်ဆိုတာ အများမျှော်လင့်လို့ မရဘူး။ နေသာထိုင်သာ ပြန်ရှိမယ့် အနေအထား တစ်ခုကို ပြန်ဖြစ်မယ်။ အဲ့အတွက်ကြောင့် အစိုးရဖွဲ့စည်းတဲ့အခါမှာ ပိုပြီးတော့မှ နိုင်ငံတကာ လက်ခံတဲ့ အခင်း အကျင်း ဖြစ်အောင် ပါဝင်သင့်ပါဝင်ထိုက်သူ တိုင်းရင်းသား ခေါင်းဆောင်တွေကအစ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေကအစ အမျိုးသားညီညွတ်ရေးအစိုးရ အားလုံးပါဝင်တဲ့ အစိုးရဖြစ်အောင် ဖော်ဆောင် ပြနိုင်တယ် ဆိုရင်တော့ နိုင်ငံရေး မယုံကြည်မှုတွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ပြန်လည်ရလာနိုင် တယ်” ဟု ပြောသည်။
လာမည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သလို စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်းလာနိုင်သည်။
သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်သလို လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြနေကြသည်။
