- By CNI
- Category: နိုင်ငံရေး
- Hits: 473
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂
နန်းနီနီအေးသည် မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီးသည့်နောက် နှစ်ပေါင်း ၈၀ နီးပါးအတွင်း အမျိုးသားများသာ ဦးဆောင်ခဲ့သည့် ဒုတိယသမ္မတနေရာကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်က ရရှိခဲ့ သည်။
ထို့ကြောင့် နန်းနီနီအေးသည် မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ အနေဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာသူ နန်းနီနီအေးကို ၁၉၆၉ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်တွင် ဖခင် စောဘိုးနီ၊ မိခင် နန်းအေးကြည်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းများအနက် သမီးအကြီးဆုံးဖြစ်သည်။
သူမသည် ကရင်လူမျိုး အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်သည်။
နန်းနီနီအေး၏ ဖခင်ဖြစ်သူ စောဘိုးနီသည် ဦးနေဝင်း လက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်၌ ကရင်ပြည်နယ်၊ ပါတီယူနစ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မိခင်ဖြစ်သူက နန်းအေးကြည်သည် နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစား လက်ထောက်ညွှန်မှူးဖြစ်ကြောင်း သိရသည်။
ဖခင် စောဘိုးနီသည် ဦးသိန်းစိန် လက်ထက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အရ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်မှုရပ်စဲရေး ခိုင်မာစေ ရန်နှင့် အငြင်းပွားမှုများအား ဖြေရှင်းရန် ဖွဲ့စည်းထားသည့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)မှာ ပါဝင်ခဲ့သူဖြစ်သည်။

ဒုသမ္မတ နန်းနီနီအေးကို တွေ့ရစဉ်
နန်းနီနီအေးသည် သိပ္ပံဘွဲ့ (သတ္တဗေဒ ဂုဏ်ထူးတန်း) B.Sc (Hons: Zoology) ကို ရရှိခဲ့သည့်အပြင် ကွန်ပျူတာ သိပ္ပံပညာ ရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ D.C.Sc နှင့် သတင်းအချက်အလက် သိပ္ပံမဟာဘွဲ့ M.I.Sc တို့ကိုလည်း ရရှိခဲ့သည်။
နိုင်ငံရေးလောကသို့ မဝင်ရောက်မီတွင် ပညာရေးဝန်ထမ်းအဖြစ် ၁၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် အထကနှင့် ဘားအံမြို့နယ်၊ အထက (၂) တို့တွင် မူလတန်းပြ ဆရာမအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အလယ်တန်းပြ ဆရာမအဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်တွင် နည်းပြနှင့် လက်ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံ့ဝန်ထမ်းတာဝန်မှ နှုတ်ထွက်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပထမအကြိမ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်မှပင် ထပ်မံအနိုင်ရရှိခဲ့ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်အထိ ဒုတိယအကြိမ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
နန်းနီနီအေးသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး လွှတ်တော် သက်တမ်းအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ အပါအဝင် အရေးပါသော ကော်မတီ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

လွှတ်တော်ကနေ ဒုသမ္မတ ရွေးချယ် တင်မြှောက်စဉ်
လွှတ်တော်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ဥပဒေကြမ်းကော်မတီ၊ ပြည်သူများ တိုင်ကြားစာနှင့် အသနားခံစာကော်မတီ၊ လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို မြန်မာ-လာအိုနှင့် မြန်မာ-သြစတြေးလျား လွှတ်တော်ချင်းချစ်ကြည်ရေး အဖွဲ့များတွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။
လက်ရှိတွင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌဖြစ်ပြီး ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုစနစ် (PR) အရ ဘားအံ မဲဆန္ဒနယ်အမှတ်(၂)မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။
ထို့နောက် နန်းနီနီအေးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစုအဖွဲ့ အစည်းအဝေး၌ ၎င်းအား ဒုတိယသမ္မတလောင်း တစ်ဦးအဖြစ် အဆိုပြုတင်မြှောက်ခြင်း ခံခဲ့ရသည်။
မတ်လ ၃၁ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ တွင် နန်းနီနီအေးသည် ထောက်ခံမဲ (၁၁၇) မဲဖြင့် အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုတိယ သမ္မတ ဖြစ်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 583
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် လွှတ်တော် နှင့်အစိုးရ ဖြစ်ရန်လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူများက ထောက်ပြကြသည်။
ရွေးကောက်ပွဲရလဒ်အရ မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်သည် ပြည်သူလူထုကို ကိုယ်စားပြုမှု စစ်မှန်မှုရှိ သလားဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြောင်း၊ လာမည့် လွှတ်တော်ထဲတွင် နိုင်ငံရေး ဆန်ဆန်နှင့် အပြန် အလှန် ထိန်းကျောင်းမှုများ၊ အတိုက်အခံ ပီသမှုများ တွေ့မြင်နိုင်စရာ လျော့နည်းလိမ့်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက ကျနော်တို့ မဲပေးသူ အရေအတွက်က လိုအပ်သလောက်က မဲပေးခွင့်ရှိတဲ့ အရေအတွက်ရဲ့ ထက် ဝက်လောက်ပဲ မဲထွက်ပေးတာ ရှိတယ်ပေါ့ဗျာ။ နောက်ပြီးတော့ မဲစာရင်း ကျန်ခဲ့တဲ့သူတွေ အများကြီးရှိတာပေါ့။ အဲ့ဒီလို ဖြစ်စဉ်တွေ ဖြစ်နေတဲ့အတွက် ဒီမှာရွေးချယ်ခံရတဲ့သူတွေက တကယ်ကို ပြည်သူ့ကို စစ်မှန်တဲ့ ကိုယ်စား ပြုမှု စစ်စစ်မှန်မှန် ဖြစ်ရဲ့လားဆိုတဲ့ ကိစ္စကလည်း ဒီအခြေအနေပေါ်မှာ ကျနော်တို့ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ တာကို တွေ့ရတယ်ပေါ့။ အဲဒီတော့ လွှတ်တော်ကြီးကလည်း ပြည်သူကို တကယ် ကိုယ်စားပြုပြီးတော့မှ တကယ့် နိုင်ငံရေးဆန်ဆန်နဲ့ ပြန်လည် ထိန်းကျောင်းမှုတွေ ပြီးရင် လွှတ်တော်ထဲမှာအတိုက်အခံ ပီသမှုတွေကို တွေ့နိုင်မလား ဆိုတာက တော့ ကျနော်တို့ရဲ့ နိုင်ငံရေး သုံးသပ်ချက်အရတော့ လျော့နည်းလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိုက်အခံ ပါတီတွေနဲ့ အတိုက်အခံ နာမည်ကြီးတဲ့ နိုင်ငံရေးသမားတွေဟာ ရွေးကောက် ပွဲမှာ အနိုင်ရရှိခဲ့ခြင်း မရှိဘူး။ ထို့အတူပဲ အတိုက်အခံ အင်အားစုတွေ ပါတီတွေဟာလည်း ဖျက်သိမ်းခံရတာရှိ တယ်။ မဲရှုံးခဲ့တာတွေ ရှိတယ်ပေါ့ဗျာ။ အဲဒီတော့ ဒီလို အခြေအနေ အရပ်ရပ်မှာတော့ ကျနော်တို့က ဒီအစိုးရနဲ့ လွှတ်တော်နဲ့ ဆိုတာကတော့ ညှိနှိုင်းပြီးတော့မှ လုပ်ဆောင်သွားမယ်။ လုပ်ငန်းတွေ ဖော်ဆောင်သွားမယ့် လွှတ်တော်နဲ့ အစိုးရတစ်ရပ် အစိုးရအနေနဲ့ပဲ ဖြစ်ပေါ်လာလိမ့်မယ်လို့ ယူဆတယ်ပေါ့”ဟု ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကို တွေ့ရစဉ်
ထို့အပြင် နိုင်ငံ့အတွက် အဘက်ဘက်မှ ပြင်ဆင်ရန် လိုအပ်နေသည့် အနေအထားဖြစ်၍ အစိုးရသည် လူမပြောင်း လျှင် မူပြောင်းရန် လိုအပ်သည်ဟု ဦးကျော်ထက်က ဆက်ပြောသည်။
၎င်းက “အဘက်ဘက်ကနေ ပြုပြင်ပြင်ဆင်ဖို့ လိုအပ်တဲ့ အနေအထား တစ်ရပ်ဖြစ်တဲ့ အတွက်တော့ ဒီအစိုးရက လူတွေကတော့ ပြောင်းလဲသွားတာ သိပ်မတွေ့ရဘူး။ ဒီလူတွေကတော့ ဒီလူတွေပဲ ပြန်တွေ့ရတာပေါ့ဗျာ။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့် မူတွေ Policy တွေတော့ ပြောင်းဖို့လိုတာပေါ့။ အစိုးရတစ်ရပ် အနေနဲ့ ပေါ်လစီတွေ ပြောင်း ဖို့ လိုမယ်။ လွှတ်တော်ကလည်း အဆိုကောင်း မေးခွန်းကောင်းတွေကို လုပ်ပြီးတော့မှ ပေါ်လစီကောင်းတွေ ပေါ် ပေါက် လာလို့ရှိရင် ဥပဒေကောင်းတွေကို တင်သွင်းဖို့လိုမယ်။ အစိုးရကလည်း ပေါ်လစီကောင်းတွေ ချမှတ်ဖို့လို တယ်။ အဲဒီတော့ လူမပြောင်းရင် မူပြောင်းပေါ့ဗျာ။ မူပြောင်းရင်တော့ နိုင်ငံသက်သာရာ သက်သာကြောင်း ပေါ်လာနိုင်စရာရှိမယ်။ လူတော့ မပြောင်းဘူး။ မူလည်း မပြောင်းဘူးဆိုရင်တော့ ကျနော်တို့ ဒီလိုပဲ ပြောမယ်ဆိုရင် ကြိုးတော့ ကြိုးစားတာပေါ့ဗျာ။ ဒါပေမယ့် အရာသိပ်မထင်တဲ့ အနေအထား တစ်ခုနဲ့ ကျနော်တို့ ဆက်လက် ပြီး တော့မှ ငါးနှစ်တာ ကာလကို ဖြတ်သန်းရမယ့် အနေအထားတစ်ခု ဖြစ်သွားနိုင်တယ်ပေါ့” ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အောက်ခြေ ပြည်သူလူထု၏ အသံနှင့် လိုအပ်ချက်များကို သိရှိ နားလည်ရန် လိုအပ်ကြောင်း၊ လွှတ်တော် အခင်းအကျင်း ပေါ်လာခြင်းသည် အာဏာခွဲဝေကျင့်သုံးသည့် ယဥ်ကျေးမှု ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းပြီး ၎င်းမှတဆင့် ပိုမိုအားကောင်းသည့် နိုင်ငံရေးစနစ်၊ နိုင်ငံရေး ယဥ်ကျေးမှု တိုးတက်လာရန် ကြိုးစားကြရမည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
အစိုးရနှင့် လွှတ်တော်သည် စည်းချက်ညီညီနှင့် ကိုင်တွယ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့်တိုင် နိုင်ငံ့အကျိုးအတွက် အမြှော်အမြင် ကြီးကြီးနဲ့ ကြိုးစားဆောင်ရွက်သွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်၏ ဆောင်ပုဒ်ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က ပြည်သူကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ပြည်သူတွေ လိုအပ်ချက်တွေကို ကျနော်တို့က လွှတ်တော်မှာ တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီလို တင်ပြလို့ အစိုးရအဖွဲ့က သူတို့ တတ်နိုင်တာကို လုပ်ပေးမှာ ဖြစ်ပါတယ်။ သူတို့ မတတ်နိုင်တာကျလည်း လုပ်ပေးနိုင်ချင်မှ လုပ်ပေးပါလိမ့်မယ်။ အဲဒီတော့ ကျနော် တို့က ပြည်သူကို ကျတော့ ကျနော်တို့က ရှင်းပြရမှာပေါ့။ ဒါတော့ ကျနော်တို့က တင်ပြပေမယ့်လို့ အစိုးရကတော့ ဒါကတော့ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါကတော့ လောလောဆယ် လတ်တလောတော့ မလုပ်ပေးနိုင်သေးဘူးလို့ ပြောတယ်။ အဲဒါတွေကို ရှင်းပြမှာပါဗျ။ အစိုးရနဲ့လွှတ်တော်နဲ့က စည်းချက် ညီရမှာပေါ့နော်။ ကျနော်တို့က တင်ပြ မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဦးနှောက်ရှိပါတယ်။ ဦးနှောက်ရှိရှိနဲ့ ကျနော်တို့က ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ ဆောင်ပုဒ်သည် လက်တွေ့ဖြစ်ရန် လိုအပ်ကြောင်း၊ ဦးသိန်းစိန် အစိုးရနှင့် ဦးဝင်းမြင့် အစိုးရ လက်ထက်တွင် အစိုးရအသံ လွှတ်တော်အသံ၊ အစိုးရဆန္ဒ လွှတ်တော်ဆန္ဒ၊ အစိုးရ၏ မျှော်လင့် ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် ဆောင်ပုဒ်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် အစိုးရနှင့် လွှတ်တော် သည် ပြည်သူကို တကယ် ကိုယ်စားပြုသူများ ဖြစ်အောင် ဖော်ဆောင်သင့်ကြောင်း နိုင်ငံရေးသမားများနှင့် ပြည်သူ လူထုများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး လွှတ်တော် ခေါ်ယူ၍ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ် တင်မြှောက်ခြင်း၊ ဒုသမ္မတလောင်းများ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်ထားပြီးဖြစ်သည်။
ထို့နောက် သမ္မတ ရွေးချယ်ခြင်းနှင့် ဧပြီလထဲမှာ အစိုးရသစ် ဖွဲ့စည်းခြင်းများ ဆက်လက် ဆောင်ရွက်သွားရန် ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 870
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ မြင့်မားလာသည့်နှင့်အမျှ လက်နက်ကိုင်များ၏ တောင်းဆိုချက်များ လည်း မြင့်မားလာ၍ NCA စာချုပ်ထက် ကျော်လွန်ပြီး ဖြေရှင်းမှသာရမည်ဟု နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက် ရေး အစုအဖွဲ့(PCB)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြအေးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး၍ လွှတ်တော်များ ကျင်းပနေသလို ဒုသမ္မတ လောင်းများ ရွေးချယ်ခြင်း၊ သမ္မတ ရွေးချယ်ခြင်းများကို လုပ်ဆောင်နေပြီး ဧပြီလမှာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်း ရန် ပြင်ဆင်နေကြသည်။
လက်ရှိ တိုင်းရင်းသားများ၏ လိုလား၊ တောင်းတချက်များက ပိုပိုပြီး ကြီးလာသောကြောင့် ယခင်လို NCA တစ်ခု တည်းဖြင့် သွား၍မရကြောင်း နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြအေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့အရင်တုန်းက ဖြေရှင်းခဲ့တဲ့ ပုံစံမျိုး၊ အတွေးအခေါ် အဟောင်း၊ ပုံစံအဟောင်းတွေနဲ့ကတော့ ဖြေရှင်း ဖို့ မလွယ်တော့ဘူး၊ မရတော့ဘူးပေါ့နော်။ အထူးသဖြင့် ကျနော်တို့ဒီ ၂၀၁၅၊ အောက်တိုဘာ ၁၅ တုန်းက လက်မှတ်ထိုးခဲ့တဲ့ NCA project တစ်ခုထဲနဲ့ သွားလို့မရဘူးလို့ ကျနော် မြင်ပါတယ်။ ဆိုတော့ အခုဟာက ဒီလက်နက်ကိုင် တိုက်ပွဲတွေကလည်း တစ်နိုင်ငံလုံးမှာ တော်တော်များများ နေရာမှာ ဖြစ်နေကြတာ။ ပြီးတော့ နောက်တစ်ခုက တိုင်းရင်းသားတွေရဲ့ လိုလားတောင်းတချက်ကလည်း ပိုပိုပြီးတော့ ကြီးတယ်လေ။ ဆိုတော့ အရင်လိုမျိုး ကျနော်တို့ ဖြေရှင်းလို့တော့ မရဘူးလို့ ကျနော်မြင်တယ်။ အဲတော့ တကယ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို ဘယ်လို ထူထောင်မလဲဆိုတဲ့ အမြင်နဲ့ပဲ ချဥ်းကပ်သင့်တယ်လို့ မြင်တယ်။ အဲဒီလို ချဥ်းကပ်တဲ့အခါမှာ ကိုယ့်မူဘောင်တစ်ခုကို အသေပေါ့ဗျာ၊ အရမ်းကြီး မဖြစ်သင့်ဘူးပေါ့နော်၊ အရမ်းကြီး တင်းတင်းကျပ်ကျပ် မထား သင့်ဘူးလို့ ကျနော် မြင်တယ်ဗျ။ အဓိက,ကတော့ဗျာ ကျနော်တို့ ပြည်ထောင်စု အားကောင်းဖို့ ဆိုလို့ရှိရင်၊ ကျနော် တို့ ဖက်ဒရယ်စစ်(စစ်) ပြည်ထောင်စုကို တည်ဆောက်ဖို့လိုမယ်။ အဲဒါမှ ကျနော်တို့ တည်ဆောက်လို့ အဆင်ပြေ မယ်။ အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်တဲ့ ဖြေရှင်းမှုတွေနဲ့ပဲ သွားလို့ ရလိမ့်မယ်လို့ မြင်ပါတယ်။ ကျနော်တို့ မူဘောင်တစ်ခုကို အသေချဖို့တော့ ကျနော်တို့ မရဘူးလို့ ကျနော် မြင်တယ်လေ။ ဆိုလိုတာက ဥပမာ NCA ငြိမ်းချမ်းရေး ဖြစ်စဥ်ကလည်း မကောင်းဘူးလို့ မဆိုလိုပါဘူး၊ ဒါလည်း ကောင်းပါတယ်။ သို့သော် အဲဒီဟာကို လက်မခံတဲ့ လူတွေကလည်း ရှိနေတယ်လေ။ ရှိနေပြီဆိုတဲ့ အခါကြတော့ လက်မခံနိုင်တဲ့ အကြောင်းတရားသည် ကျနော်တို့ အရင်နားထောင်သင့်တယ်။ ဒါလက်မခံတဲ့ ဘက်ကလည်း ဘာကြောင့် လက်မခံတာလဲဆိုတာ ပြောပါလိမ့်မယ်။ ဆိုတော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ မူဘောင်တစ်ခုကို ဘယ်လို ချဲ့ယူမလဲဆိုတာကို စဥ်းစားသင့်တယ်လို့ မြင်တာပါ”ဟု ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(PCB)ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး အပါအဝင် ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က စု ဖွဲ့ခဲ့ကြသည်။
အဆိုပါ အစုအဖွဲ့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများ ဖြေရှင်းရန်အတွက် ပဋိပက္ခနှင့် သက်ဆိုင်သူများ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက် ၄ ချက်ကို အဓိက အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။
NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အဓိက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုမှ NCA ထက် ကျော် လွန် တောင်းဆိုမှုများ မြင့်မားလာခြင်းက လက်ခံနိုင်စရာမရှိကြောင်း သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

NCA စာချုပ် လက်မှတ်ထိုးကြစဉ်
၎င်းက “NCA က အခြေခံဆိုပြီးတော့ လုပ်ခဲ့ကြတယ်။ NCA စခဲ့တာလည်း ခုနက EAO တွေဆီကပဲ အခြေခံပြီး လုပ်ခဲ့ကြတာ။ အဲဒီ EAO တွေဘက်ကပဲ တောင်းဆိုမှု မြင့်မားလာတယ်ဆိုရင်တော့ ဒါက သူတို့ကိုယ်တိုင်က ဒီ NCA နဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သူတို့လိုလားချက်ကို ပြန်သုံးသပ်ဖို့ လိုအပ်တာပေါ့။ အခြေခံအချက်ကို တောင်မှ ဖြည့်ဆည်းဖို့ ခဲယဥ်းနေပြီးတော့ ပြန်လုပ်ရမယ်ဆိုရင် ခုနကပြောသလို ဒီကမ္ဘာသိ လက်မှတ်ကြီးလည်း ထိုးထားပြီးပြီ လွှတ်တော်မှာလည်း အတည်ပြုထားပြီ။ ဒါကိုထပ်ပြီးတော့ အခုချိန်မှ ပြန်ပြင်မယ်ဆိုတဲ့ဟာကတာ့ လက်တွေ့မှာတော့ သိပ်သဘာဝ မကျဘူးလို့ မြင်တယ်။ ဒီထဲမှာ ကြားအဖြေတစ်ခုတော့ ရှာနိုင်မယ်လို့တော့ မြင်တယ် လေ။ တကယ်လို့ ပြင်ဆင်မယ်ဆိုရင်တောင် ခုနကပြောတဲ့ အသိမှတ်ပြုထားတဲ့ နေရာကလူတွေ၊ ပါဝင် လက်မှတ် ထိုးထားတဲ့ လူတွေ၊ ဒီလူတွေကရော ဘယ်လိုရှိမှာလဲ၊ သူတို့ရဲ့ သဘောထားကရော ဘယ်လိုလဲ။ ပြောရရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သွားရမယ့် ညှိနှိုင်းမှုမျိုးနဲ့ လုပ်ရမလို ဖြစ်နေပြီ။ အဲဒီတော့ ခုနက NCA လက်ခံထားပြီးသား လူတွေကရော ဒါကြီးကို ပြန်ပြင်ရမယ့် အချိန်မှာ သူတို့အတွက်ရော အဆင်ပြေနိုင်ပါ့မလား။ အဲတော့ မေးခွန်းတွေ က အများကြီးရှိတယ်။ အဲတော့ အကောင်းဆုံးကတော့ NCA လက်မှတ်ထိုးပြီး လိုက်နာနေတဲ့ သူတွေက လက်ရှိ NCA အတိုင်း သွားဖို့အတွက် လုံးဝမကြောက်ဘူး၊ NCA မလိုက်နာနိုင်ဘူး၊ လက်မှတ်မထိုးဘူး၊ ဒါကို ပြင်ဆင်ရမယ့် လူတွေအတွက် ဒါကိုလမ်းကြောင်းတစ်ကြောင်း အဲဒီအတိုင်းကတော့ လက်ရှိ အနေအထားနဲ့ ပိုကိုက်ပါလိမ့်မယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် AA-KIA-MNDAA- TNLA တို့သည် ဖက်ဒရယ် ထက် ကျော်လွန်၍ တောင်းဆိုမှုများ ပြုလုပ်နေပြီး တချို့က ကွန်ဖက်ဒရေးရှင်း သို့မဟုတ် လွတ်လပ်သော နိုင်ငံ အဆင့်ထိ တောင်းဆိုရန် ရပ်တည်ထားကြသည်။
မြန်မာနိုင်ငံတွင် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ရှိသည်။ အဆိုပါ ၁၀ဖွဲ့ အနက် ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုပြောကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1473
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁
တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ၃ နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှာ ၎င်းတို့၏ အကျိုးစီးပွားများ ရှိကြသော ကြောင့် အာရက္ခတပ်တော်(AA)အပေါ် ဘယ်လိုဆက်ဆံမလဲဆိုသည်မှာ စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် တရုတ်၏ ကျောက်ဖြူ ရေနက်စီမံကိန်း၊ အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ် ၏ နယ်စပ်ကုန်သွယ်ရေးတို့ရှိကြပြီး ပင်လယ်ထွက်ပေါက်လည်း တည်ရှိနေသည်။
အိန္ဒိယ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအနေဖြင့် AA အား အသိအမှတ် မပြုသည်ရှိသော် လက်ရှိ ရခိုင်ပြည်နယ်၏ အချုပ်အခြာအာဏာကို AA ကိုင်ထားခြင်း ဖြစ်သည့်အတွက် ဆွေးနွေးမှုများ လုပ်ရမည်ဖြစ်ကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အများကြီးကျယ်ပြန့်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့အဓိက နယ်နိမိတ်ခြင်း ကပ်လျက်က ရှိနေတဲ့ ဟာက ဆက်စပ်နေတာက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ပေါ့။ သို့သော် တစ်ဖက်မှာလည်း တကယ့် မဟာဗျူဟာ မြောက် belt and road ပေါ့နော်။ တရုတ်ရဲ့ BRI ဒီဟာကလည်း တစ်ကမ္ဘာလုံးနဲ့ လွှမ်းခြုံထားတဲ့ စီမံကိန်း။ တရုတ်ဆိုတာလည်း ကမ္ဘာမှာ အင်အားအကြီးဆုံး စူပါပါဝါထဲမှာပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေတယ်။ သူ့ရဲ့ မဟာ ဗျူဟာမြောက် စီမံကိန်းဖြစ်တဲ့ သမုဒ္ဒရာနှစ်စင်း အိပ်မက်ဟာလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတယ်လေ။ ဒီဟာတွေဟာ အကုန်လုံး ဆက်စပ်နေတဲ့အတွင်းမှာ ကမ္ဘာ့ပထဝီ နိုင်ငံရေးအရလည်း ရခိုင်ပြည်ဟာ အရမ်းအရေး ပါသလို တစ်ဖက်မှာလည်း ကျနော်တို့နဲ့ အခုဆက်စပ်နေတဲ့ အိန္ဒိယရဲ့ အရှေ့ဘက်မှာရှိနေတဲ့ ကုန်းတွင်းပိတ်နေတဲ့ ပြည်နယ် ၇ ခု။ သူတို့တွေရဲ့ ပင်လယ် ထွက်ပေါက်ဟာလည်း တစ်နည်းအားဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ပင်လယ်ထွက်ပေါက်ဟာလည်း ကျနော်တို့ ရခိုင်ပြည် ဖြစ်နေတဲ့အတွင်းမှာ အများကြီး အရေးပါတယ်ပေါ့နော်။ အဲဒီတော့ ဒီဟာတွေလည်း သေချာပေါက် အခုအချိန်မှာ သူတို့ နိုင်ငံတွေအနေနဲ့ အသိအမှတ် မပြုဘူးဆိုရင် တောင်မှ အိန္ဒိယဆိုရင် သူတို့ရဲ့ ပြည်နယ်တွေက အာရက္ခတပ်တော်ကို အသိအမှတ်ပြုပြီး ပြောထားတာတွေရှိ သလို တခြားတခြား ကျနော်တို့ မမြင်နိုင်တဲ့ ဆွေးနွေးမှုတွေလည်း ရှိကြမှာပါ။ ဆွေးလည်း ဆွေးနွေးရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုရခိုင်ပြည်ရဲ့ အချုပ်အခြာအာဏာကို ကိုင်ထားတာက အာရက္ခတပ်တော် ULA/AA ဖြစ်နေလို့ပဲ။ အဲဒီတော့ သူတို့ မပြောလို့ရှိရင် နစ်နာစရာအနေနဲ့ သူတို့ဘက်မှာလည်း အများကြီးရှိမှာပေါ့။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကအစ ကုန်စည်သယ်ယူ၊ ပို့ဆောင်ရေးကအစ နှစ်နိုင်ငံစီးပွားရေး၊ ဆက်သွယ်ရေးတွေ အများ ကြီး သူတို့ဘက်ကလည်း အကျိုးပျက်မှာပေါ့။ အဲဒီတော့ အဲဒါ မလိုလားရင်တော့ ဆက်ဆံရေးကတော့ လုပ်ကြ ရမှာပဲ” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း လမ်းကြောင်းကို တွေ့ရစဉ်
တရုတ်သည် AA နှင့် အနီးကပ်ဆုံးနှင့် သြဇာအရှိဆုံး ဆက်ဆံရေးရှိသည့် နိုင်ငံဖြစ်ပြီး တရုတ်၏ စီမံကိန်းများကို AA ကလည်း အကာအကွယ်ပေးမည်ဟု လူသိရှင်ကြား ကတိပြုထားသကဲ့သို့ AA သည် တရုတ်နှင့် နီးစပ်သော "ဝ" အဖွဲ့ (UWSA) မှတစ်ဆင့် လက်နက်ခဲယမ်းနှင့် နည်းပညာများ ရရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက သုံးသပ်ထားကြသည်။
ထို့ပြင် တရုတ်သည် AA ပါဝင်သော မြောက်ပိုင်းညီနောင်သုံးဖော်နှင့် မြန်မာ့တပ်မတော်အကြား ဆွေးနွေးမှုများ (ဟိုင်ဂင်ဆွေးနွေးပွဲများ) ကို လက်ခံကျင်းပ ပေးလေ့ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စတွင် AA သည် အဓိကကျသော အခန်းကဏ္ဍ၌ ရှိနေ သည်ဟု ယူဆထားသလို AA ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များကို "ရခိုင်နွယ်ဖွား မွတ်စလင်များ" အဖြစ် အသိအမှတ်ပြုကာ အတူယှဉ်တွဲ နေထိုင်ရေးကို ပြောဆိုထားသည်။
ဗဟိုအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အကြား တရားဝင် ကုန်သွယ်မှု လမ်းကြောင်းများ ပြတ်တောက်နေချိန်တွင် AA ထိန်းချုပ် နယ်မြေများမှတဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ရန် နှစ်ဖက်စလုံးက စိတ်ဝင်စားမှု ရှိနေကြ သည်။
ထို့ပြင် အိန္ဒိယ၏ အဓိကရင်းနှီးမြှုပ်နှံမှုဖြစ်သော ကုလားတန်ဘက်စုံ ပို့ဆောင်ရေး စီမံကိန်းသည် AA ထိန်းချုပ်ရာ ပလက်ဝနှင့် ရခိုင်ဒေသများကို ဖြတ်သန်းသွားရမည်ဖြစ်ပြီး AA နှင့် တရုတ်၏ နီးကပ်မှုကို အိန္ဒိယက ဗျူဟာ မြောက် စိုးရိမ်မှုရှိသော်လည်း စီမံကိန်းများ ဘေးကင်းရန်အတွက် AA နှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရမည့် အနေအထား ဖြစ်သည်။
ထို ၃ နိုင်ငံအနက် တရုတ်နိုင်ငံသည် စီမံကိန်းများ ဆောင်ရွက်ရန် ဗဟိုအစိုးရနှင့် သဘောတူညီချက် ရရှိရန် လိုအပ်သည်ကို သိရှိသဖြင့် ၎င်းစီမံကိန်းများရှိရာ ကျောက်ဖြူဒေသကို AA အား မသိမ်းပိုက်ရန် ဟန့်တားထား ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သုံးနိုင်ငံလုံးကတော့ သူတို့ အကျိုးစီးပွား အတွက်ပါပဲ။ သူတို့ အကျိုးစီးပွားအတွက် AA ပေါ့နော်။ ရခိုင် ဒေသမှာ အခု အများစု ထိန်းချုပ်နိုင်တဲ့ AA နဲ့ပတ်သက်ပြီး ဘယ်လို ဆက်ဆံမလဲပေါ့။ သုံးဖွဲ့လုံးကတော့ သူတို့ အကျိုးစီးပွား ဥပမာ အဲဒီဒေသမှာ ကျနော်တို့ အိန္ဒိယကဆိုရင် ကုလားတန်မြစ် စီမံကိန်းဆိုပြီးတော့ မြစ်ကြောင်း တစ်လျှောက်ကို ဆန်တက်ပြီးတဲ့ အခါကြတော့ အရှေ့မြောက်ဒေသအထိ လမ်းပေါက်အောင်ပေါ့။ သူ့ရဲ့ ထောက်ပံ့ ရေးလမ်းကြောင်းပေါ့။ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အဆင်ပြေအောင်အတွက် သူကြိုးစားနေတာရှိတယ်။ အရင်အစိုးရတွေ လက်ထက်မှာတော့ မြစ်ကြောင်းတစ်လျှောက် သူတို့လုပ်နေတဲ့ လုပ်ရပ်တွေက AA ကနေပြီး တော့ ဖမ်းဆီးတာတွေ၊ နှောင့်ယှက်တာတွေ ဖြစ်တဲ့အတွက် မအောင်မြင်ဘူးပေါ့။ အခုတော့ ဘယ်အခြေအနေ ပေါက်နေသလဲတော့ မသိဘူး။ ဆိုတော့ အဲဒီလို ဟာမျိုးတွေကို အနှောင့်အယှက် ကင်းကင်းနဲ့ လုပ်ချင်တယ်ဆိုရင် AA နဲ့ သူတို့ ဆက်ဆံရေးက အဆင်ပြေမှဖြစ်မှာ။ ဒါသူ့ အကျိုးစီးပွား အတွက်ပေါ့နော်။ တရုတ်ကတော့ ထုံးစံ အတိုင်းပေါ့။ တရုတ်က သူ့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်က အကြီးကြီးပေါ့။ အကြီးကြီးဆိုတာ အဲဒီမှာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတို့ ဘာတို့ရှိတယ်။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် အဝကို ရခိုင်ကနေ ထွက်ရတာဆိုတော့ ရခိုင်မှာရှိတဲ့ AA နဲ့ သူက ဆက်ဆံရေး ကောင်းအောင် အစကတည်းက ကြိုးစားထားတာ။ ကြိုးစားထားတော့ တစ်ဖက်က ကြတော့လည်း အဲဒီလို စီမံကိန်းကြီးတွေကို ဆောင်ရွက်ဖို့၊ သဘောတူချက် ရဖို့ဆိုတာကလည်း ဗဟိုအစိုးရနဲ့ သဘောတူဖို့ လိုတယ်ဆိုတာသိတော့ ဗဟိုအစိုးရ ရုံးစိုက်ဖို့၊ ဆက်ဆံ ဆောင်ရွက်ဖို့အတွက် ကျောက်ဖြူတို့ အဲဒါတွေလည်း AA သိမ်းတာ သဘောမတူဘူးပေါ့။ မသိမ်းနဲ့ဆိုတာမျိုး သူက ဟန့်တား ထားတာ ပေါ့” ဟု ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
ဗဟိုအစိုးရနှင့် ဆက်သွယ် ဆွေးနွေး ဆောင်ရွက်မှုများသည် စာရွက်ပေါ်၌သာ သဘောတူခြင်းမျိုးဖြစ်ပြီး မြေပြင် တွင်မူ ၎င်းတို့ ၃ နိုင်ငံလုံး၏ အကျိုးစီးပွားများ အဆင်ပြေစေရန် AA နှင့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆက်ပြောသည်။
၎င်းက “ဘင်္ဂလားဒေ့ရှ်ကကြတော့လည်း နယ်စပ် ကုန်သွယ်ရေးပေါ့။ နယ်စပ်ကုန်သွယ်ရေး ဘာညာအတွက် လမ်းပွင့်နေဖို့ အတွက်လိုတယ်။ ဒါကြောင့်မို့လို့ အခု ဘင်္ဂါလီ နေရပ်ရှောင် ရိုဟင်ဂျာခေါ်တဲ့ ဘင်္ဂါလီတွေပေါ့။ ဘင်္ဂါလီအရေး ကိစ္စတွေ ဘာတွေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ဖို့ဆိုရင် နောင်မှာ အဲဒီမှာ တကယ်တမ်း အုပ်ချုပ် နေတဲ့ AA နဲ့ အဆင်ပြေဖို့ လိုတယ်။ အဲဒါကြောင့်မို့လို့ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေး ဆောင်ရွက်တာက တော့ စာရွက်အပေါ်မှာ သဘောတူတာ လောက်ပဲရမှာ။ လက်တွေ့ မြေပြင်မှာက မလွယ်ဘူးလေ။ လက်တွေ့ မြေပြင် အဲဒီဒေသကို စိုးမိုးနေတာက AA ဖြစ်နေတော့ ဒါကြောင့်မို့လို့ အဲဒီ ၃ နိုင်ငံလုံးကတော့ သူတို့အကျိုးစီးပွား အတွက် အဆင်ပြေအောင်ပဲ AA နဲ့ ဆက်ဆံရေးကို လုပ်ကြလိမ့်မယ်လို့ ယူဆရတာပေါ့” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့မှအပ ပလက်ဝ အပါအဝင် ကျန် မြို့နယ်များကို AA မှ သိမ်းပိုက်ရရှိထားသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ အဖွဲ့ဖြစ်လည်း လှုပ်ရှားသည်။
ထို့ပြင် ကချင်၊ ချင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးတွဲစစ်ရေး လှုပ်ရှားလျက်ရှိသကဲ့သို့ နွေဦးတော်လှန်ရေး အင်အားစုများဖြင့်လည်း စစ်ရေးကို ဖြန့်ကျက်လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညိုစောအား ဒုတိယသမ္မတအဖြစ် ယနေ့ (မတ်လ ၃၁ ရက်) တွင် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း နေပြည်တော်က သတင်းထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ ရွေးချယ်ရေး အစည်းအဝေး ကို ယနေ့ (မတ် ၃၁ ရက်) နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ရဲကျော်သူက သဘာပတိအဖြစ် ဆောင်ရွက် ပြီး တက်ရောက်ခွင့်ရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးစလုံး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကျော်သူရအေးက ဦးညိုစော (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်း မဲဆန္ဒနယ်) အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် အဆိုပြုတင်သွင်းရာ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုးညွန့်က ထောက်ခံတင်သွင်းခဲ့ကြောင်း သိရသည်။

ဦးညိုစောကို တွေ့ရစဉ်
ထို အဆိုတင်သွင်းမှုအပေါ် ကန့်ကွက်သူ မရှိသဖြင့် ဦးညိုစော (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်) အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် အတည်ပြုခဲ့ပြီး သဘာပတိက ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် အစုအဖွဲ့က ဒေါ်နန်းနီနီအေးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ဦးညိုစောအား ဒုတိယသမ္မတများအဖြစ် ရွေးချယ်ထားပြီး ၎င်းတို့သုံးဦးထဲမှ တစ်ဦးအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတလောင်း သုံးဦးအား ကနဦး တင်မြှောက်ရမည်ဖြစ်ပြီး မဲအများ ဆုံး ရသူက သမ္မတ၊ ဒုတိယမဲအများဆုံး ရသူက ဒုတိယသမ္မတ (၁) ဖြစ်လာပြီး၊ မဲအနည်းအဆုံး ရသူက ဒုတိယသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 814
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
မြန်မာနိုင်ငံတွင် ဧပြီလမှာ ပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်၌ စစ်ပွဲကြောင့် လူမှုစီးပွား နိမ့်ကျသွားသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုလုပ်သင့်လဲဆိုသည့်အပေါ် ရခိုင်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကြား ထောက်ပြနေကြသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၂ ခုနှစ်က တစ်ကျော့ပြန် စစ်ပွဲဖြစ်ပွား ခဲ့ရာ AA သည် ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော်က တော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့ကိုသာ ထိန်းချုပ်ထားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ပွဲကြောင့် စစ်ပြေးရှောင်နေကြရသူ သိန်းနှင့်ချီ ရှိလာသလို တရားဥပဒေ စိုးမိုးမှု ကျဆင်းသွားကာ ခိုးဆိုးလုယက်မှုများ ပေါများလာကြောင်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်သွားကြောင်း၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူ များပြားလာကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရှိတော့ ကြောင်း စသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်လွှတ်တော်သို့ ပွင့်လင်းမြင်သာစွာ ချပြပေးရန် တိုက် တွန်းကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြကြသည်။
လက်ရှိ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ရန် အစိုးရသစ် ကာလတွင် အစိုးရ၏ အုပ်ချုပ်မှုနယ်ပယ် ဘယ်လောက်အထိ ရှိလာနိုင်မလဲ စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ထဲက စစ်ပွဲအတွင်း နယ်မြေထိန်းချုပ်မှုကို ပြသထားစဉ်
၎င်းက “ရခိုင်ဒေသရဲ့ စစ်မြေပြင် အနေအထားပေါ် မူတည်မှာပေါ့။ ရခိုင်မှာလည်း ရှိတယ်။ ကျနော်တို့ ပြည်နယ် အစိုးရအုပ်ချုပ်မယ့် မြို့နယ်ကလည်း သုံးခုပဲရှိတာကို။ ပြည်ထောင်စုဘက်က ဘယ်လိုကဏ္ဍ ခွဲဝေ တည်ဆောက် ပေးမှာလဲ။ လာမယ့်ကာလ အစိုးရသစ်ကာလမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးကဏ္ဍ လုပ်ဖို့အတွက် အစိုးရရဲ့ အုပ်ချုပ်မှုနယ်ပယ် ဘယ်လောက်အထိ ရှိလာနိုင်မှာလဲ။ ဒါစစ်ရေး၊ နိုင်ငံရေး သက်ဆိုင်နိုင်ပါတယ်။ ကြားရတဲ့ သတင်းက တောင်းပိုင်း ၄ မြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခ တော်တော်လေး ကြီးကြီးမားမား ရှိနေတဲ့ပုံ ပေါက်ပါ တယ်။ ဆိုတော့ နိုင်ငံရေး စစ်ရေးနဲ့ ဆက်စပ်နိုင်ပါတယ်။ အဲဒီလိုပဲ လိုအပ်ချက်တစ်ခုက ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်ထိ တစ်ဖက်နိုင်ငံကို ရောက်နေတဲ့ မွတ်စလင် ဘာသာဝင်များရဲ့ ပြည်တော် ပြန်နိုင်ရေး ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဖြစ်လာမယ့် နိုင်ငံရေးစစ်ရေးအပေါ် မူတည်ပြီးမှ ပြည်နယ်အစိုးရတို့၊ ပြည်ထောင်စု အစိုးရတို့က ဘယ်လိုများ ဆောင်ရွက်ကြမှာလဲ ဆိုတာကတော့ အန်ကယ်တို့ကတော့ မေးခွန်းတွေ ကြိုပြင်ထား ရတော့မှာပေါ့။ အခု လောလောဆယ်ကတော့ ၃ မြို့နယ်နဲ့ ပတ်သက်တဲ့ ခုနက လုံခြုံရေး အစီအမံပေါ့။ အဲဒါတွေ ကလည်းပဲ တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့ဆိုင်တာပါ။ အဲတော့ မငြိမ်းချမ်းတဲ့ အခါကြတော့ စစ်တွေရဲ့ အောက် ခြေ step လို့ခေါ်မှာပေါ့။ ကျေးလက်၊ မြို့ပြင် ပတ်ပတ်လည်မှာရှိတဲ့ ရွာတွေအားလုံးကို လိုအပ်သလို ဖြိုဖျက်ပြီးမှ၊ ပြောင်းရွေ့ပြီးမှ၊ ဘုန်းကြီးကျောင်းတွေ ၅၄ ကျောင်း၊ ၅၅ ကျောင်းပေါ်မှာ ဒုက္ခသည်အဖြစ် ကျေးရွာ သူ/ရွာသားတွေက မှီတင်းနေထိုင်ကြရတာကို။ အဲဒီလိုပဲ ကျောက်ဖြူဘက်မှာလည်း ရှိနိုင်ပါတယ်”ဟု ပြောသည်။
ထို့နောက် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စစ်ရေးအရ ရလဒ်တစ်ခု ထွက်ရန်လိုအပ်ကြောင်း၊ အစိုးရ၏ ပံ့ပိုးမှုများလည်း လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ဆက်ပြောသည်။
၎င်းက “ဒုက္ခခံနေရတဲ့လူတွေ သူရဲ့ မူရင်းရွာ မူရင်းအိုးအိမ်တွေကို ပြန်လည်ထူထောင်နိုင်အောင်က နံပါတ် ၁ က ငြိမ်းချမ်းမှု၊ တစ်နည်းအားဖြင့် စစ်ရေးအရ ရလဒ်တစ်ခုရှိဖို့ လိုတာပေါ့။ အဲဒီလိုလူတွေ ပြန်ပြောင်း ဒေသမှာ အခြေချ ပြန်လည်ထူထောင်နိုင်အောင် အစိုးရဘက်က ပံ့ပိုးမယ့်ဟာတွေ လိုအပ်တာပေါ့။ အဲဒီတော့ အခု လော လောဆယ် ကျနော်တို့ ကြိုးစားနိုင်တာက တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးပါဆိုတဲ့ တိုက်တွန်းမှုပေါ့ဗျာ၊ ဒါလေးတွေ လာနိုင်တယ်၊ မေးခွန်းလေးတွေ လာနိုင်တယ်၊ ငြိမ်းချမ်းမှုနဲ့ပတ်သက်လို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးပါ ဆိုတာမျိုး၊ တွေ့ဆုံဆွေးနွေး အဖြေရှာပေးပါဆိုတာမျိုး လွှတ်တော်ဘက်က ထွက်လာနိုင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်သည့်အခါမှာ ပထမဦးဆုံး လျှပ်စစ်မီး ရရှိရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်ရုံများ ထူထောင်ပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂါလီများနှင့် ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မလဲ အစီ အစဉ်ဆွဲထားရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ် မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေစဉ်
၎င်းက “ပြန်လည်ထူထောင်ရေးက ပထမဦးဆုံး အချက်ကတော့ ရခိုင်မှာ လျှပ်စစ်မီးရဖို့ရယ်၊ နောက်ပြီးတော့ စက်ရုံပေါ့နော် လုပ်ဖို့လိုတယ်။ အထူးသဖြင့် ဒီရခိုင်မှာ အလုပ်အကိုင် ဖန်တီးဖို့ပေါ့နော်။ ဘင်္ဂါလီ တွေလည်းရှိတယ် ဒီလူတွေကိုလည်း လူသားချင်း စာနာထောက်ထားမှုအရ ပစ်ထားလို့မရဘူး။ အဲဒီတော့ အထူး သဖြင့်တော့ ဒီအထည်ချုပ်တွေပေါ့နော်။ အဓိက လုပ်အားအဓိကသုံးတဲ့ အဲဒီအချက်ကတော့ အဓိကပဲ၊ ကျန်တဲ့ အချက်တွေက နောက်မှ စဥ်းစားရတော့မယ်ပေါ့နော်။ အရင်တုန်းက လုံခြုံရေးက ပထမ၊ စစ်ဆင်ရေးသည် ဘယ် နိုင်ငံမှာမဆို ဒါက ပထမလေ။ ဒါမရှိရင် ဘာမှလုပ်လို့ မရဘူး။ အရင်တုန်းက ဒီနယ်မြေတွေ ပြန်တိုက်ဖို့ဆိုရင် ဒါအရင်ပဲ လုပ်ရ မှာပဲလေ။ ကျန်တာက လုပ်လို့မရဘူး။ ရခိုင်က ပြည်မနဲ့လည်း ဝေးတယ်လေ။ ရခိုင်မှာရှိတဲ့ ဆိပ်ကမ်းတွေ ကလည်း ပြည်မကို ကုန်တင်ကုန်ချကလည်း ဘာမှ ကုန်အပို့အယူကလည်း မရှိဘူး အဲဒီတော့ အဓိက စစ်ဆင်ရေး ဖြစ်နေတာ။ အဲဒီတော့ ပုံစံကြည့်ရတာတော့ ရခိုင်ကတော့ ဦးစားပေးမှာ အနိမ့်ဆုံး ဖြစ်နေ တာပေါ့နော်။ အဲဒီတော့ တဖြည်းဖြည်းနဲ့တော့ လာမယ်လို့ပဲ ပြောရမယ်ပေါ့နော်။ စစ်ကိစ္စဆိုတော့ အခုလက်ရှိ ရှိနေတဲ့ မြို့နယ် သုံးမြို့နယ် ကိုပဲ ကျောက်ဖြူ၊ စစ်တွေ၊ နောက် မာန်အောင်ကို ပို့ဆောင်ရေး ကောင်းအောင် လုပ် ပေးဖို့က အဓိက ပထမပေါ့ နော်။ အဲဒီတော့ အဓိက လေကြောင်းပေါ့၊ လေကြောင်းပြီးရင် ရေကြောင်းပေါ့နော်” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော် ထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ် ၃ မြို့နယ်ကို ထိန်းချုပ်နိုင်ရေး AA က တိုက်ခိုက်လျက်ရှိသည်။
ရခိုင်ပြည်နယ်သည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော တစ်ကျော့ပြန် စစ်ပွဲကြောင့် ပျက်စီး ဆုံးရှုံးနေရသလို ၂၀၂၃ ခုနှစ်၊ မေလက မိုခါမုန်တိုင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထုသည် ဘေးဒုက္ခ ၂ ခုကို ရင်ဆိုင် ကျော်ဖြတ်နေကြရ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 625
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် မော်တော်ယာဥ်များကို “စုံ”ရက် နှင့် “မ” ရက်ခွဲခြားကာ ကန့်သတ် မောင်းနှင် စေသည့် စနစ်ကြောင့် ဥပဒေကို လက်တစ်လုံးကြား လုပ်မည့်လူပုဂ္ဂိုလ်များ ပေါ်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် မတ်လ (၇) ရက်နေ့မှ စတင် သတ်မှတ်လိုက်သည့် “စုံ” ရက် “မ”ရက် ခွဲခြားကာ မော်တော်ယာဥ် ကန့်သတ်မောင်းနှင်သည့် စနစ်ကို ချိုးဖောက်မှု ရှိ၊ မရှိ စစ်ဆေးရာတွင် (One Stop Service) စနစ်ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ အမိန့်စာထဲတွင် (One Stop Service) ဖွဲ့စည်းရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး-၁ ဦး)၊ နယ်မြေခံရဲတပ်ဖွဲ့၊ တရားရေးဌာန (ဒုတိယမြို့နယ်တရားသူကြီး- ၁ ဦး)၊ ဥပဒေဌာန( ဒုတိယမြို့နယ်ဥပဒေအရာရှိ- ၁ ဦး)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ ပါရှိရမည်ဟု သိရသည်။
လက်ရှိ မြေပြင်တွင်မှု စုံ/မ စနစ်ကို ချိုးဖောက်မှု ရှိ/မရှိ မော်တော်ယာဥ်များကို စစ်ဆေးရာ၌ အဖွဲ့အစည်းအစုံ ပါဝင်ခြင်းမျိုး သိပ်မတွေ့ရဘူးဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

စုံ/မ စနစ် ချိုးဖောက်မှု ရှိ/မရှိ ဖမ်းဆီး စစ်ဆေးရာမှာ ပါဝင်ရမယ့် အဖွဲ့စုံကိုတွေ့ရစဉ်
၎င်းက “စီစဉ်ထားတာက ကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်တဲ့အခါကျတော့ သူက အင်အားသုံးဖို့ ကျတော့ ခက်မှာပေါ့နော်။ ဆိုကြပါစို့ မြို့နယ်ထွေ/အုပ်ဆို လူအင်အား ဘယ်လောက်ရှိမလဲ သဘောက။ တကယ် လုပ်ရမယ့် သူတို့ (Main Job) တွေလည်း ရှိသေးတယ်လေ။ တစ်ခုရှိတာက ဒီကိစ္စမှာတော့ (Main actor) ကတော့ မော်တော်ပီကယ်ပေါ့။ (Support Actor) ကတော့ ခုနကပြောတဲ့ တခြား အဖွဲ့အစည်းတွေပေါ့။ ဥပဒေမှာတော့ သူတို့ ညွှန်ကြားချက် ထုတ်တုန်းကတော့ အဲဒီလို ရေးထားတာပေါ့လေ။ လက်တွေ့မှာတော့ မှန်ပါတယ် ပါတဲ့ အဖွဲ့အစည်းအစုံ ပါတာ သိပ်မတွေ့ရဘူးပေါ့နော်။ လက်တစ်လုံးကြား မလုပ်တာလား။ မလုပ်နိုင်တာလားဆိုတာ ကွဲဖို့လိုတာပေါ့ဗျာ” ဟု ပြောသည်။
စုံ/မ သတ်မှတ်ချက် စည်းကမ်း ချိုးဖောက်ပါက ဖမ်းဆီး၍ ဒဏ်ငွေ ၃၀,၀၀၀ ကျပ် ပေးဆောင်ခိုင်းလျက်ရှိကြောင်း၊ သို့သော် ဖမ်းဆီးရေးတွင် အဖွဲ့အစည်းအစုံ ပါမှသာလျှင် တရားဝင်မည်ဖြစ်ပြီး ယာဉ်ထိန်းရဲများသာ ဖမ်းဆီးနေခြင်း က ဥပဒေအရ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပြည်သူလူထုများက ထောက်ပြကြသည်။
ညွှန်ကြားချက် အတိုင်းဆိုလျှင် မော်တော်ယာဥ်များကို အဖွဲ့အစည်းနှင့်သာ စစ်ဆေး၍ ရနိုင်ကြောင်း၊ ထိုအဖွဲ့ အစည်းများထဲတွင် ထွေ/အုပ်က အဓိကကျသည်ဟု သိရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင် ကျော်က CNI သတင်းဌာနသို့ပြောသည်။
၎င်းက “သူ့ရဲ့ ညွှန်ကြားချက်ကတော့ အဓိက,က အုပ်စုလိုက်ပါမှ ဖမ်းလို့ရတာပေါ့နော်။ အဲဒီမှာတောင်မှ မော်တော်ပီကယ်တွေပြောတဲ့ အရဆိုလို့ရှိရင် ထွေ/အုပ်က အဓိကပဲပေါ့။ ထွေ/အုပ်က ဖမ်းဆိုတဲ့ ဟာကိုပဲ သူတို့က တားပေးရတဲ့ ဟိုဟာပဲရှိတယ်ပေါ့။ ကျန်တဲ့ဟာတွေ လုပ်ရတဲ့ဟာကတော့ ထွေ/အုပ်ကပဲ ဦးစီးပြီးလုပ်တာပေါ့” ဟု ပြောသည်။

စုံ/မ စနစ် ချိုးဖောက်မှု ရှိ/မရှိ ဖမ်းဆီး စစ်ဆေးနေစဉ်
စုံ/မ စနစ်နှင့် ပတ်သက်၍ စစ်ဆေးရာတွင် ညွှန်ကြားချက် ရှိသည်ဆိုပါက ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက် သင့်ကြောင်း၊ မော်တော်ပီကယ် တစ်ဦးတည်းကသာ စုံ/မ ကိစ္စနှင့်ပတ်သက်၍ မော်တော်ယာဥ်များကို ဖမ်းဆီး စစ်ဆေးခြင်းမျိုး မမြင်တွေ့မိဘူးဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ညွှန်ကြားချက် ရှိတယ်ဆိုရင် ညွှန်ကြားချက်အတိုင်း လုပ်သင့်တာပေါ့နော်။ မြေပြင်မှာ မော်တော်ပီကယ် တစ်ဦးတည်းက ဒါမျိုးတွေကို လုပ်တာမျိုးကလည်း ပြည်သူကို ပညာပေး အစီအစဥ်ထက် ကျော်လွန်သွားတဲ့ မလို လားအပ်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်။ အန်တီရဲ့ မျက်စိရှေ့မှာတော့ အဲဒါမျိုးတွေ အန်တီမတွေ့ပါဘူး။ ဒါပေမယ့် လိုင်းပေါ်တွေမှာတော့ တွေ့နေရတယ်။ သိနေရတယ်ပေါ့နော်။ သက်ဆိုင်ရာ မော်တော်ပီကယ်တွေကလည်း ဥပဒေနဲ့အညီ သူတို့ လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်သွားမယ်လို့တော့ အန်တီတို့ ယုံကြည်တယ်။ ဘာလို့ အဲဒီလို ပြော ရတာလဲဆိုတော့ နေရာ တော်တော်များများမှာ ဘယ်နေရာတွေ ဖြစ်နေလဲတော့ မသိဘူး။ ဒါပေမယ့် အန်တီတို့နဲ့ လက်လှမ်းမှီတဲ့ နေရာတွေမှာတော့ မော်တော်ပီကယ် တစ်ယောက်တည်းက ဖမ်းတာတွေ၊ ဆီးတာတွေ မော်တော် ပီကယ် တစ်ယောက်တည်း လုပ်တာတွေ အန်တီတို့ မတွေ့ပါဘူး” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ အခက်အခဲများကြောင့် ပြည်သူများအကြား အခက်အခဲများစွာ ရှိနေကြသလို စုံ/မ စနစ်ကြောင့် ကုန်ထုတ်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စီးပွားရေးကဏ္ဍများတွင် ထိခိုက်မှုများရှိနေသည် ဟု ပြည်သူများက ထောက်ပြကြသည်။
ထို့ကြောင့် လက်ရှိ စုံ/မ သတ်မှတ်ချက်ကို အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ပြန်လည် ပယ်ဖျက်သိမ်းရန် အားလုံးက တောင်းဆိုနေကြသည်။
ထို့နောက် စက်သုံးဆီ ချွေတာရေး အတွက်ဆိုပါက အင်ဂျင်ပါဝါအပေါ် မူတည်၍ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ရောင်းချပေးခြင်း စနစ်ကို ထောက်ခံကြောင်း ပြည်သူလူထုများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 386
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ များကို ပြန်လွှတ်ပေးပြီး သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(Political Coordination Body-PCB)က ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ထုတ်ပြန် တိုက်တွန်း တောင်းဆိုခဲ့သည်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင် ဦးမြအေး အပါအဝင် ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က စုဖွဲ့ခဲ့ကြသည်။
အဆိုပါ အစုအဖွဲ့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများဖြေရှင်းရန်အတွက် ပဋိပက္ခနှင့် သက်ဆိုင်သူများ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက် ၄ ချက်ကို အဓိက အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(Political Coordination Body-PCB)၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ ဖမ်းဆီး ချုပ်နှောင်ခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်၊ တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ဦးတည်သည့် သက်ဆိုင်သူများ အားလုံး ပါဝင် သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်းကြရန် PCB က တောင်းဆိုခဲ့သည်။
ထို့နောက် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လည်း PCB က တောင်းဆိုထားသည်။
PCB က “ နိုင်ငံသားတို့၏ မူလရပိုင်ခွင့်များဖြစ်သည့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်တို့ကို သက်ဆိုင်သည့် အင်အားစုများအားလုံးက အသိအမှတ်ပြု အာမခံရန်၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနှင့် စစ်မှုထမ်းစေ ခြင်း မပြုလုပ်ရန်၊ အရပ်သားပြည်သူများ သေကျေပျက်စီး ထိခိုက်နစ်နာစေမည့် စစ်ရေးဆောင်ရွက်ချက်များ- အများ ပြည်သူနှင့် သက်ဆိုင်သော ဘာသာရေး- ဆေးရုံ- စာသင်ကျောင်း စသည့် အဆောက်အဦများအား ဦးတည် တိုက်ခိုက်ခြင်းများကို ဘက်အသီးသီးက ရှောင်ရှားရန်”ထုတ်ပြန် တောင်းဆိုခဲ့သည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(Political Coordination Body-PCB)၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ပျက်စီးသွားသော ပြည်သူများ၏ လူမှုစီးပွားဘဝများအား ပြန်လည် ထူထောင်ရေး၊ ကုစားပေးရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် လူမှုတရားမျှတမှု များ ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအစုအဖွဲ့(PCB)က ထုတ်ပြန် တိုက်တွန်းခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး၍ လွှတ်တော်များ ကျင်းပနေသလို ဒုသမ္မတ လောင်းများ ရွေးချယ်ခြင်း၊ သမ္မတ ရွေးချယ်ခြင်းများကို လုပ်ဆောင်နေပြီး ဧပြီလမှာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်း ရန် ပြင်ဆင်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1085
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
မြန်မာနိုင်ငံရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကို တရုတ်အစိုးရမှ ယုံကြည်မှု အပြည့်အဝ မရှိကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဘက်က KIA ကို အပြည့်အဝ မယုံကြည်ရသည့် အဓိက အကြောင်းအရင်း တစ်ခုမှာ KIA သည် အနောက် နိုင်ငံများအနက် အထူးသဖြင့် အမေရိကန်နှင့် သမိုင်းကြောင်း အရသာမက ဘာသာရေးအရပါ နီးစပ်မှုရှိသည်ဟု ယူဆထားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
“ဝ” တပ်ဖွဲ့ UWSA က တရုတ်၏ စကားကို မလွဲမသွေ နားထောင်ပြီး တရုတ် အကျိုးစီးပွားကို ပိုကာကွယ် ပေးတတ်သော်လည်း KIA ကမူ ကိုယ်ပိုင် ရပ်တည်ချက် ပိုမိုပြင်းထန်ကာ တစ်ခါတစ်ရံ တရုတ်၏ ဖိအားပေး မှုများကိုလည်း ငြင်းဆန်လေ့ရှိကြောင်း ၎င်းတို့က ထောက်ပြကြသည်။
တရုတ်အနေဖြင့် KIA အပေါ် အပြည့်အဝ မယုံကြည်သော်လည်း လက်ရှိ အခြေအနေအရ ဆက်ဆံရေး ကောင်း အောင် ကြိုးစားရမည့် သဘောရှိကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA ကိုတွေ့ရစဉ်
၎င်းက “နဂိုကတည်းက အစဉ်အလာအရ KIA က အနောက်နိုင်ငံပေါ့။ အမေရိကန်နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းနေတဲ့ အခါကြတော့ အဲဒီအပေါ်မှာ တရုတ်ကတော့ KIA ကို ယုံကြည်မှု သိပ်အပြည့်အဝကြီးတော့ မဟုတ် ဘူးပေါ့။ အနှောင့်အယှက်လည်း ရှိတယ်လို့ ယူဆထားတယ်။ သို့သော်လည်းပဲ တရုတ်ကလည်း အိမ်နီးနားချင်း ဖြစ်နေတော့ KIA နဲ့ပဲ ဆက်ဆံရေး ကောင်းအောင် ကြိုးစားရမယ့် သဘောက တစ်ဖက်တစ်လမ်း ရှိပါတယ်။ အဲဒီလိုဆိုတော့ မြောက်ပိုင်းက ကချင်၊ တောင်ပိုင်းက ကရင် ကောင်းရင် ကျနော်တို့ တိုင်းပြည်က ငြိမ်းချမ်းပြီ ဆိုတာ ကျနော်တို့အရင် ခေတ်အဆက်ဆက်ကလည်း ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် အဲဒီ ကချင်နဲ့ ကရင် အဓိက ပါလာရင် ကျန်တဲ့မျိုးနွယ်စုတွေက လိုက်ပါကြမယ်လို့လည်း ယူဆတာပေါ့” ဟု ပြောသည်။
KIA နယ်မြေသည် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ဆေးဝါး အထောက်အပံ့ များအတွက် တရုတ်ကို မဖြစ်မနေ အားကိုးနေရခြင်းဖြစ်သည်။
ထို့အတူ တရုတ်သည်လည်း ၎င်းတို့လိုအပ်သည့် မြေရှားသတ္တုနှင့် သယံဇာတများအတွက် လက်ရှိ နယ်မြေ စိုးမိုးမှုရှိသည့် KIA အပေါ်တွင်သာ အားကိုးနေရခြင်းဖြစ်သည်။
KIA နှင့် တရုတ်တို့၏ ဆက်ဆံရေးသည် မိတ်ဆွေလည်း မဟုတ်သကဲ့သို့ ရန်သူလည်း မဟုတ်သော ဆက်ဆံရေး မျိုးဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
KIA သည် တရုတ်က မကြိုက်မှန်း သိသော်လည်း အနောက်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံ ရေးကို လုံးဝ ဖြတ်တောက်ခြင်း မရှိဘဲ တရုတ်တစ်နိုင်ငံတည်းအပေါ် မှီခိုနေရသည့် အခြေအနေကို ရှောင်ရှားရန် အခြားသော နိုင်ငံတကာ အထောက်အပံ့နှင့် လမ်းကြောင်းများအားလည်း အမြဲတမ်း ဖွင့်ထားလေ့ရှိသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တရုတ်အထူးကိုယ်စားလှယ် တာဝန်ယူခဲ့သူ မစ္စတာဆွန်ကော်ရှန် ကို တွေ့ရစဉ်
KIA အနေဖြင့် တရုတ်ထံမှ အမုန်းပွားသည်ကို မခံချင်ပါက အနောက်အုပ်စုနှင့် ခပ်ကင်းကင်း နေရမည်ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကြောင့် တရုတ်က အမုန်းပွားတာ မခံချင်ဘူးဆိုရင်တော့ အနောက်အုပ်စုနဲ့ ခပ်ကင်းကင်း နေရမှာ ပေါ့။ ယုံကြည်မှု ရပြီဆိုရင်တော့ တရုတ်ကတော့ ထုံးစံအတိုင်းပေါ့။ ညီနောင် ၃ ဖွဲ့ကို အုပ်ချုပ်သလိုပေါ့။ မင်းတို့ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်ကို တတ်နိုင်တဲ့ဘက်က လိုအပ်တာ ကူညီမယ်။ ဒါပေမယ့် ငါတို့ကို အကျိုး စီးပွား ထိခိုက်စေမယ့်ဟာ မလုပ်နဲ့။ နောက်ပြီးတော့ ဗဟိုအစိုးရပြုတ်ကျအောင် မတိုက်နဲ့။ သူကတော့ အဲဒီလို တော့ မြွေမသေ တုတ်မကျိုးပေါ့ မွေးထားမှာပေါ့။ သူတို့ဆီက အကူအညီကလည်း ရနေတဲ့အခါကြတော့ KIA အနေနဲ့က တရုတ် အကျိုးစီးပွား ထိခိုက်အောင် ထော်လော်ကန့်လန့် လုပ်တာမျိုးလည်း မလုပ်ရဲဘူးပေါ့။ သူတို့ စကား နားထောင်ဆိုတဲ့ အခါကြတော့လည်း ဗဟိုအစိုးရပေါ့။ တပ်မတော်အစိုးရ ပြုတ်ကျအောင် တိုက်ဖို့ဆိုတဲ့ ဥစ္စာလည်း တပ်မတော်အစိုးရ ပြုတ်ကျအောင် တိုက်ဖို့ဆိုတာက စစ်ကိုင်းတို့၊ အောက်ဘက်က NUG ဦးဆောင်နေ တဲ့ PDF တပ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ မလုပ်ဖို့ ဖိအားပေးမှာပေါ့။ ဖိအားပေးပြီးတော့ မင်းတို့လိုအပ် တာလည်း ငါတို့ကူညီပေးမယ်။ မြေရှားသတ္တု ရောင်းပေးရင်လည်း ငါတို့ကို ရောင်းပေး၊ တခြားဘယ်သူ့ကိုမှ မရောင်းပေးနဲ့။ အဲဒီလောက်ပါပဲသူက။ သူက ဗဟိုအစိုးရ ပြုတ်ကျသွားအောင်၊ တပ်မတော် ပြုတ်ကျသွားအောင် အထိတော့ မလုပ်ဘူး။ ၂ ဖက်စလုံးကို ထိန်းထားတဲ့သဘောပဲ”ဟု ပြောသည်။
ယခု မတ်လ အတွင်း၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ KIA ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်အထူး ကိုယ်စား လှယ်တို့ တွေ့ဆုံခဲ့ကြသေးကာ တရုတ်ဘက်မှ နယ်စပ်တည်ငြိမ်ရေးကို အလေးပေး ပြောကြားခဲ့ပြီး KIA အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို လျှော့ချရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
တရုတ်က KIA ကို တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့သော်လည်း KIA ဘက်ကမူ လက်ရှိ နိုင်ငံရေး အခြေအနေအရ ချက်ချင်းလက်ခံရန် ခက်ခဲကြောင်း တုန့်ပြန်ခဲ့သည်ဟု သိရသည်။
KIA သည် စစ်ကိုင်းတိုင်းကို ထိန်းချုပ်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ကို ဆက်စပ်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း၊ ထို ကြိုးပမ်းမှု၏ နောက်ကွယ်မှာ အနောက်အုပ်စု ပါဝင်နေကြောင်း၊ ထို့ကြောင့် တရုတ်က KIA ၏ အနောက်မြောက် ဒေသတစ်လျှောက် လွတ်မြောက်ရေး ကြိုးပမ်းမှုအပေါ် စိုးရိမ်မှုရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
