- By CNI
- Category: နိုင်ငံရေး
- Hits: 310
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ မဲပေးစနစ်နှင့်ပတ်သက်ပြီး ပြည်သူလူထု အမှန်တကယ် နားလည်မှု ရှိလားဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြနေကြသည်။
MEVM စက်များဖြင့် စမ်းသပ် မဲပေးခြင်းများကို နေပြည်တော်၌ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊ တက္ကသိုလ် များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတို့တွင် ဆောင်ရွက်ခဲ့သလို နိုင်ငံရေးပါတီများ လည်း စမ်းသပ် မဲပေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ပြည်သူလူထု အများစုသည် ရွေးကောက်ပွဲတွင် မဲထည့်ရန် စိတ်ဝင်စားမှု နည်းပါးနေကြောင်း၊ မဲပေးရ မည့်စနစ် ပြောင်းလဲသွားခြင်းကြောင့် ရှုပ်ထွေးနေကြကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြ ကြသည်။
ရွေးကောက်ပွဲအပိုင်း (၁)တွင် ပြည်သူများသည် မဲရုံများ၌ ဆန္ဒမဲပေးရာမှာ မဲပေးမှုပုံစံအား နားလည်မှုမရှိ၍ စက်ခ လုတ်များကို တွေ့ရာနှိပ်သွားကြကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဌာနသို့ ပြောသည်။

MEVM စနစ်နဲ့ မဲပေးရပုံကို ရှင်းပြထားစဉ်
၎င်းက “အားနည်းချက် ဖြစ်ခဲ့တဲ့ဟာတွေကို ကျနော်တို့က နောင်လာမဲ့ ဒီအပိုင်း (၂)၊ အပိုင်း (၃)မှာ အားနည်းချက် မဖြစ်အောင်၊ ပွင့်လင်းမြင်သာမှု ရှိအောင်၊ မှန်မှန်ကန်ကန်နဲ့ ဖြစ်အောင်၊ မျှတအောင်ဆိုပြီးတော့ အပိုင်း(၁)မှာ ဖြစ် ပျက်ခဲ့တဲ့ အနေအထားတွေကို သုံးသပ်ပြီးတော့ အကောင်းဆုံး အကြံပြုချက်တွေ တင်ပြထားပါတယ်။ တချို့ ပြင် ဆင်ပြီးတော့ လိုက်နာနေတယ်၊ ဆောင်ရွက်နေတယ်လို့လည်း သိရတယ်။ အရင် အပိုင်း(၁) တုန်းကဆိုရင် ကြို တင် မဲပုံးတွေက ကော်ကြိုးအဖြူတွေနဲ့ လုံခြုံရေးကြိုးနံပါတ်တွေ၊ အဝါတွေမပါပဲနဲ့ ချည်ထားတာတွေ ဖြစ်နေ တယ်။ အခုလုံခြုံရေး ကြိုးနံပါတ် အဝါတွေ ဖြစ်ကုန်ပြီ။ ပထမပိုင်းမှာတော့ ဒီလုံခြုံရေးကော်ကြိုး အဖြူတွေနဲ့ပဲ ရိုးရိုး ကြိုးအဖြူတွေနဲ့ပဲ လုပ်ထားတဲ့ အတွက်ကြောင့်မို့ အဲဒီပေါ်မှာလည်း အားနည်းချက်တွေ အများကြီးဖြစ်ခဲ့တာ ပေါ့နော်။ ကြိုတင်မဲပုံးတွေမှာ။ ဒီစက်ခလုတ် နှိပ်တဲ့အပိုင်းပေါ့။ စက်ခလုတ်မှာလည်း မလိုလားအပ်တဲ့၊ မသက်ဆိုင် တဲ့ သူတွေ မဲရုံမှာ ဝင်ရောက်ပြီးတော့ Instruction ပေးနေတဲ့ ပြဿနာတွေပေါ့နော်။ အဓိကပြဿနာက မဲဆန္ဒ ရှင်တွေ ဆရာမတွေကလည်း ရှင်းရှင်းပြောရင် ဒီစက်ခလုတ် ဖွင့်ပေးလိုက်တာနဲ့ အပြာလေးကို နှိပ်လိုက်ပါလို့ပဲ ဒါပဲပြောတာ။ အမှန်မှန်တော့ တကယ်တမ်း ပြောရမှာကတော့ မိမိကြိုက်တဲ့ပါတီရဲ့ တံဆိပ်ကိုကြည့်ပါ၊ ပြီးရင် ဘေးက အပြာလေးကို နှိပ်ပါလို့ဆိုပြီးတော့ ဒီလိုမျိုးလေး သေချာလေး Awareness လုပ်ရမှာပေါ့နော်။ သို့သော် မလုပ်နိုင်ဘူး။ တချို့လည်း ပြီးစလွယ် ခလုတ်တွေကလည်း အကုန်လုံးက အပြာကြီးပဲ ဖြစ်နေတဲ့ အတွက်ကြောင့် မို့လို့ တွေ့ရာနှိပ်သွားတာရယ်များတယ်။ ၁၀ ယောက်မှာ ၉ ယောက်က ကိုယ်စက်ခလုတ် နှိပ်ပြီးရင် မဲပုံးကနေ မဲ စာရွက်ကျမယ် မသိကြဘူးပေါ့နော်။ ဒီဆရာမတွေ ကိုယ်တိုင်ကလည်း အဲ့ဒါကို မပြောဘူးပေါ့နော်”ဟု ပြော သည်။
ယခုရွေးကောက်ပွဲတွင် မဲပေးသည့် စနစ်ပေါ်၌ လူထုကို အသိပညာ ပေးနိုင်မှု အားနည်းပြီး၊ လူထုကလည်း နား လည်မှု အားနည်းကြောင်း တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးကျော် ထက်က CNI သတင်းဌာနသို့ ပြောသည်။

MEVM စနစ်နဲ့ မဲပေးရပုံကို ရှင်းပြနေစဉ်
၎င်းက “လူထုကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဆိုလို့ရှိရင် မီဒီယာတွေရဲ့ အားကိုလည်း သုံးဖို့လိုတယ်။ ဒါပေမယ့် အင်မတန်ကိုမှ နောက်ကျတဲ့ အနေအထားကို ရှိပါတယ်။ မဲပေးတဲ့စနစ်ပေါ်မှာ လူထုက နားလည်မှု နည်းနည်း အားနည်းတယ်။ ဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကလည်း ကြိုးစားနေပေမယ့် ဒီမဲစနစ်အပေါ်မှာ စက်ကိုင် တွေကို Training ပေးရတာ ဆရာမတွေကို မဲစာရင်းသိဖို့ စနစ်သစ် ဖြစ်နေတာကို ဒီအပေါ်မှာတင် အချိန်တွေ ကုန်နေပြီးတော့ ဒီရပ်ရွာ အလိုက် ကျယ်ကျယ်ပြန့်ပြန့် ပေးဖို့အတွက်က မတွေ့ရဘူး။ ဒီတစ်ခေါက် ရွေးကောက် ပွဲမှာ အဲ့ဒီလိုဖြစ်တာ ပေါ့။ ဒီမဲပေးမှုပုံစံက တချို့တွေဆို မသိဘူး၊ ဘယ်လိုထည့်ရမှာလဲ၊ ဘယ်လိုပေးရမှာလဲ။ မြို့ နေ လူထုတောင်မှ ဒါ မဲပေးမှုပုံစံကို ဝေးကွာနေတော့ ဘယ်လိုလုပ်ရမှာလဲ၊ ဘယ်လိုနှိပ်ရမှာလဲ မဲရုံထဲမှာ အဲ့လိုမျိုး ဘယ်လိုနှိပ်ရမှာလဲ မေးပြီဆိုလို့ရှိရင် blind voting ဖြစ်နိုင်တယ်ပေါ့။ အဲ့တော့ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာတော့ လူထုကိုပညာရေး ပေးနိုင်မှု အားက နည်းပါတယ်”ဟု ပြောသည်။
မဲပေးစက် ကိုင်တွယ် အသုံးပြုနည်း သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၊ မဲပေးစက်ဖြင့် ကျွမ်းကျင်စွာ မဲပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့် ထိ သရုပ်ပြ လေ့ကျင့်သင်တန်းများ ဆောင်ရွက်နေကြောင်း၊ မီဒီယာကတစ်ဆင့် အသိပညာပေး အစီအစဉ်များ ထုတ်လွှင့် ပြသလျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မဲပေးခွင့် ရှိသူ ၂၄ သန်းကျော် ရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)မှာတော့ မဲပေး ခွင့်ရှိသူ ၁၁.၆ သန်းကျော်ရှိသည့်အနက် ၆.၀၉ သန်းကျော် မဲပေးခဲ့ကြောင်း UEC က ပြောသည်။
ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက် ကျင်းပမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 401
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)မှ တပ်ရင်းအချို့ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် သီးခြား ပြောင်းလဲ ရပ်တည်ခြင်းသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်နိုင်လဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေစိုက်သည့် ကရင် နယ်ခြားစောင့်တပ်ဖွဲ့(BGF)သည် ကရင်အမျိုးသားတပ်မတော်(KNA)သို့ တရားဝင် ပြောင်းလဲလိုက်ကြောင်း သိရသည်။
လက်ရှိ BGF မှ KNA သို့ ပြောင်းလဲခြင်းသည် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေး ပလပ်ဖောင်းဖြင့် လည်း ဆက်စပ်နိုင်သလို ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များအပေါ်မှာလည်း များစွာ ဆက်စပ်နိုင်ကြောင်း၊ အလားတူ သာမန် အခြေအနေ မဟုတ်သည့် နိုင်ငံရေး အခင်းအကျင်းဖြင့်လည်း ဆက်စပ်နိုင်သည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။

ကရင်အမျိုးသားတပ်မတော်(KNA)ကို တွေ့ရစဉ်
၎င်းက “ကျနော် ချုံ့ပြီးတော့ နားလည် ရသလောက်ဆိုရင်တော့ ဒီအပေါ်မှာ အမြင်တွေ ရှုထောင့်တွေကတော့ အမျိုးမျိုး ရှိကြတယ်ဆိုပေမယ့် ဒါက ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်တည်နေတဲ့ ပုံမှန်အခြေအနေ မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့လည်း အများကြီး သက်ဆိုင်တယ်လို့ ကျနော့် အနေနဲ့ကတော့ အဲဒီလိုပဲ သုံးသပ်ချင် ပါတယ်။ ဥပမာအားဖြင့်ဗျာ ကျနော်တို့ ဒီ ၂၀၂၁ နောက်ပိုင်း ကျနော်တို့ နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေက အရမ်းကို ကြီးမားကျယ်ပြန့်လာတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေလည်း ရပ်တန့်သွားတယ် ဒီကြား ထဲ ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း စည်းလုံးညီညွတ်ရေးကော်မတီလည်း တွေ့ဆုံမှုတွေ ဘာတွေ မလုပ်နိုင်တော့ဘူး။ အဲဒီအခြေအနေ ပေါ်မှာလည်း အများကြီး ဆက်စပ်မယ် ထင်ပါတယ်။ အဲဒီကနေ တစ်ဆက် တစ်ဆက်တည်းပေါ့လေ၊ ကျနော်တို့ ကိုယ်တိုင် မဖိတ်ခေါ်ပဲနဲ့ ကျနော်တို့ နယ်မြေထဲကို ကျနော်တို့ ကရင် လက်နက်ကိုင် အဖွဲ့အစည်းထဲကို ကမ္ဘာကျော် ကျားဖြန့် လုပ်ငန်းတို့ ဘာတို့ကလည်းပဲ ဒီအခြေအနေကြောင့်သာ ကျနော်တို့ မမျှော်လင့်ပဲနဲ့ အဲဒီလိုမျိုး နာမည်ကြီး လာတာပေါ့ဗျာ၊ နာမည်ကျော် လာတာပေါ့ဗျာ။ အဲဒီအပေါ်မှာ နိုင်ငံရေး အခြေအနေနဲ့ ဆက်စပ်ပြီးတော့ ကျနော် တွေးကြည့်လိုက်တဲ့ အခါကျတော့ ခုနက ကိစ္စရပ်တွေ အားလုံး သည် ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး အခင်းအကျင်းပေါ့လေ တော်တော်လေးကို အခက်အခဲ အကျပ်အတည်းတွေနဲ့ ရှိနေတဲ့ သာမန် အခြေအနေ မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့တော့ အများကြီး ဆက်စပ် လိမ့်မယ်လို့တော့ ကျနော့် အနေနဲ့တော့ အဲ့ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် BGF တပ်ဖွဲ့မှ KNA သို့ ပြောင်းလဲကာ သီးခြားရပ်တည်လိုက်သည့် ကိစ္စရပ်များနှင့်ပတ်သက်သည့် ဖြစ်စဥ် အခြေအနေများကို KNA တပ်ဖွဲ့ တာဝန်ရှိသူများဘက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
CNI သတင်းဌာနမှ BGF နှင့် KNA မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြား ခြင်း မရှိသေးပေ။

ကရင်အမျိုးသားတပ်မတော်(KNA)ကို တွေ့ရစဉ်
BGF တပ်ဖွဲ့မှ KNA ဆို၍ သီးခြားရပ်တည်ခြင်းသည် ငြိမ်းချမ်းရေးကိုသာ ရှေးရှုပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားမည့် သဘောမျိုးသာ တွေ့ရသည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမျိုးမျိုးတော့ တွေးကြခေါ်ကြတာပဲပေါ့လေ။ တချို့ကလည်း အရင်တုန်းက ကရင်လက်နက်ကိုင်များ ပေါင်းစည်းရေးဆိုတဲ့ထဲမှာ BGF လည်း ကရင်လက်နက်ကိုင်ပဲကို။ ဒါပေမယ့် BGF က တပ်မတော်လက်အောက်ခံ ဆိုတဲ့ဟာကျတော့ အဲဒါလည်း ကိုးလို့ကန့်လန့် ဖြစ်တယ်။ အခု KNA ဘက်ပြောင်းလဲတော့ ဦးဦးမော့မော့နဲ့ ပြန် ဖြစ်မယ်ပေါ့။ တစ်ခါ KNU နဲ့ PC တို့၊ DKBA တို့ကလည်း ခုနက ဒီ NCA ကိစ္စတို့မှာ ၂၀၀၈ အခြေခံကိစ္စတို့မှာ မတူညီတဲ့ အမြင်တွေရှိတဲ့ အခါကျတော့ ဒါတွေက ပြောရခက်တယ်။ ကျနော့် စိတ်ထင်ပေါ့လေ၊ နည်းနည်းလေး စဥ်းစဥ်းစားစားနဲ့တော့ ရှေ့ဆက်သွားကြအုံးမယ်ထင်တယ်။ အရမ်းကြီး တင်းမာနေဖို့တော့ မရှိသေးဘူးလားတော့ မပြောတတ်ဘူး။ ကျနော် ကြည့်တာကတော့ ဒီကိစ္စကပေါ့လေ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့၊ ငြိမ်းချမ်းရေး အတွက် ရှေးရှုပြီးတော့ ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ လုပ်ကြမယ် ပြုကြမယ်၊ ဒီလိုသဘောလေးတော့ ကျနော် နည်းနည်းလေး တွေးကြည့်မိတယ်ပေါ့ အခုအနေအထား။ ဒါပေမယ့် အဲဒါကလည်း မှန်ချင်လည်းမှန်မယ် မှန်ချင်မှ လည်း မှန်မယ်ပေါ့နော်၊ အဲဒီဟာလေးတော့ ကျနော် သုံးသပ်မိတယ်”ဟု ပြောသည်။
BGF တပ်ဖွဲ့မှ KNA သို့ တရားဝင် ပြောင်းလဲခြင်းက ငြိမ်းချမ်းရေးနှင့် ကရင်အမျိုးသားရေး အခန်းကဏ္ဍများတွင် ဆောင်ရွက်ရန် ဖြစ်သည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ကရင်အခြေစိုက် သတင်းဌာနတစ်ခုသို့ ပြောထားသည်ကို တွေ့ရသည်။
BGF ကို တပ်နယ်း ၄ ခု၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားပြီး တချို့တပ်နယ်များကတော့ BGF အနေနှင့် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 347
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ၃ ကြိမ်တိုင် ကြေညာခဲ့သော်လည်း အပိုင်း (၁) ကျင်းပခဲ့ရာ မဲစာရင်း၌ မပါဝင်သည်များကိုလည်း တွေ့ရသဖြင့် မှတ်ပုံတင်ရှိသူတိုင်းကို ဆန္ဒမဲပေးခွင့် ပြုစေချင်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
မဲမပေးခင် တစ်လအလိုကတည်းက မဲစာရင်းသည် တည်ငြိမ်ရတော့မည်ဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပ သည့် နေ့အထိ မဲစာရင်းမှာ မတည်ငြိမ်သည်ကို တွေ့ရကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
ထို့ကြောင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မှတ်ပုံတင် ကိုင်ဆောင်ထားသည့် မည်သူ့ကိုမဆို ဆန္ဒမဲပေး ခွင့် ပြုစေချင်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်း ဌာနသို့ ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြားကို တွေ့ရစဉ်
၎င်းက “ဘာလို့လဲဆိုတော့ မှတ်ပုံတင်ရှိတယ်၊ အိမ်ထောင်စု စာရင်းရှိတယ်၊ မဲစာရင်းထဲမှာ မပါဘူး။ မပါသည့် အတွက် အဓိက,က မဲစာရင်း ဖြစ်နေတယ်။ မဲစာရင်းပါမှ မဲပေးလို့ရမယ်ဆိုတဲ့ သဘောမျိုး။ ကျနော်တို့ ဖြစ်စေချင် တာကတော့ နိုင်ငံသား ဖြစ်သည်ဆိုတဲ့ အထောက်အထား မှတ်ပုံတင်ပေါ့လေ။ ရှိပြီဆိုရင်တော့ ဘယ်သူ့ကိုမဆို မဲပေးခွင့် ပြုစေချင်တယ်။ အဲဒီဟာကို ကျနော်တို့လည်း တင်ပြတယ်။ တင်ပြပေမယ့် ဥပဒေက ခုနက မဲစာရင်း ထဲမှာ ပါမှဆိုတဲ့အပိုင်း ဝင်လာတဲ့အခါကြတော့ တော်တော်လေးကို ခက်တယ်ပေါ့လေ။ ခုနက မဲစာရင်း တွေက လည်း ဥပမာ ကျနော်တို့ဆိုရင် ပထမအကြိမ် ပါလာတယ်၊ ကျနော့် အမျိုးသမီးက မပါဘူး။ နောက် ဒုတိယ အကြိမ် ကျနော်တို့ မကြည့်လိုက်ရဘူး။ တတိယအကြိမ်မှာကတော့ ပါတယ်။ ဒါပေမယ့် ကျနော်တို့ နေတဲ့လမ်း မဟုတ်ပြန် ဘူး။ တခြားလမ်း။ အဲဒီလိုလေးတွေပေါ့ ပါတာရှိ၊ မပါတာရှိ။ နောက် ဘေးအိမ်က လက်ရှိ ရှိနေတဲ့ လင်မယား နှစ်ယောက် မပါဘဲနဲ့ သူတို့ဆုံးသွားတဲ့ အမေ၊ အဖေ နာမည်ပါနေတယ်။ အဲဒီလိုလေးတွေပေါ့လေ။ မဲစာရင်းထဲမှာ ပါမှု၊ မပါမှုကို ပိုအလေးသာတဲ့ သဘောမျိုး။ ဆိုတော့က မှတ်ပုံတင်ရှိပြီ သူတို့လည်း မဲပေးချင်ပြီ ဆိုရင်တော့ မဲပေးခွင့် ပြုစေချင်တယ်ပေါ့လေ ကျနော်တို့ကတော့” ဟု ပြောသည်။
မဲစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ၃ ကြိမ်တိုင် ကပ်ထားပြီး ကြေညာခဲ့ခြင်း ဖြစ်သော်လည်း မဲစာရင်းသည် တစ်ကြိမ်နှင့် တစ်ကြိမ် တိကျတူညီမှုများ ရှိမနေကြောင်း သိရ သည်။
ထို ၃ ကြိမ်အနက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် မဲစာရင်း၌ မပါခြင်း၊ နေထိုင်သည့် လမ်းအမည်များ မှားယွင်းခြင်း၊ ရှေ့ ၂ ကြိမ်တွင် အမည်စာရင်း ပါသော်လည်း တတိယအကြိမ်တွင် မဲစာရင်းထဲ မပါခြင်းတို့ကို ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံရေးပါတီများထံက သိရသည်။
မဲစာရင်းသည် တိတိကျကျ ရှိရမှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကြုံတွေ့ခဲ့ရမှုအရ မဲစာရင်း မတည်ငြိမ် မှုသည် မဖြစ်သင့်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်း “အဲဒါလည်း မဖြစ်သင့်ဘူးလေ။ ပထမအပိုင်းက မပါဘူး။ မပါတော့ ဒုတိယအပိုင်းမှာ ပုံစံ ၃ နဲ့ လျှောက်လိုက် တယ်။ ပါတယ်။ နောက်ဆုံးကြတော့ မဲပေးတဲ့နေ့ မပါတော့ဘူးလေ။ အဲဒီလိုမျိုးဖြစ်နေတာ။ အဲဒါမဖြစ်သင့်ဘူး လေ။ တိတိကျကျ ဖြစ်ရမှာ မဲစာရင်းက။ ဥပမာ ၅ ယောက် ရှိတယ်ဆိုလည်း ၂ ယောက် လောက်ပဲပါတယ်။ ၃ ယောက်လောက်က မပါဘူး အဲဒီလိုမျိုးပုံစံရှိတယ်။ အဲဒါမျိုးတွေက မဖြစ်သင့်တဲ့ဟာတွေပေါ့” ဟု ပြောသည်။

မဲထည့်နေကြစဉ်
လက်ရှိ နိုင်ငံရေး အခင်းအကျင်း မဲထွက်ပေးသည့် လူထုရှိသည်ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း၊ လူထုအနေဖြင့် လည်း မဲစာရင်းအား ကြေညာချိန်တွင် သွားရောက်ကြည့်ရှုကြမှု အားနည်းကြောင်း၊ မဲပေးသည့်နေ့တွင် မဲစာရင်း နံပါတ်ကိုင်၍ ရောက်လာသူ ရှားပါးပြီး မဲရုံသို့ ရောက်မှသာ မိမိ၏ မဲစာရင်းကို ရှာဖွေသည်က များကြောင်း ရန်ကုန် စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း မိမိဝင်ရောက် ယှဉ်ပြိုင်သော မဲဆန္ဒနယ်မှ ပြည်သူ လူထု မဲအဆင်သင့် ပေးနိုင်ရေး မဲစာရင်းများကို သွားရောက်ကြည့်ရှု၍ မဲဆန္ဒရှင်များကို ကြိုတင်ပြောပြ ထားသင့် ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာညိုညိုသင်းက “သက်ဆိုင်ရာ ပါတီတွေက အခုထက်ပိုပြီး အများကြီး အားထုတ်ဖို့လိုတယ်။ အန်တီ အရင် တွေ့ခဲ့တဲ့ မဲဆန္ဒနယ်တွေ၊ ဟိုအရင်က တွေ့ခဲ့တဲ့၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ခဲ့တဲ့ မဲဆန္ဒနယ် တချို့ မှာဆိုရင် နိုင်ငံရေးပါတီကြီးတွေက ပြည်သူလူထုအတွက်ကို မဲအဆင်သင့် သွားပေးနိုင်အောင် သူတို့ရဲ့ မဲစာရင်း နံပါတ်ကို ကြိုတင်ပြီးတော့ ပေးထားနိုင်တာ တွေ့ရတယ်။ ကျနော်တို့ ပါတီကို မဲပေးပါ၊ ခင်ဗျား မဲရုံဘယ်လောက်၊ ဘယ်မဲရုံမှာ ကျပါတယ်။ ခင်ဗျားရဲ့ နံပါတ်ကတော့ ဘယ်လောက်ပါဆိုပြီး ကြိုတင်ပြောထားတဲ့ အခါကြတော့ မဲဆန္ဒရှင် ပြည်သူလူထုက အလွယ်တကူ သွားရောက်ပြီး ပေးနိုင်တာပေါ့။ အဲဒီတော့ မဲပေးတဲ့ ရာခိုင်နှုန်း မြင့်ခဲ့တာ ပေါ့။ အခုကကြတော့ နိုင်ငံရေး ပါတီတွေကလည်း အခက်အခဲကြားထဲမှာ ရုန်းကန်ရတာဖြစ်တဲ့ အတွက်ကြောင့် ဒီအလုပ်ကို တော်တော်များများ မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ နိုင်ငံရေးပါတီဆိုလို့ တချို့နယ်မြေတွေမှာ USDP လောက်ပဲရှိတယ်။ အန်တီတို့ တွေ့ရသလောက်။ နိုင်ငံရေးပါတီတွေကလည်း ပြည်သူလူထုကို စည်းရုံးတဲ့အပိုင်းမှာ ဆိုင်းဘုတ်ထောင်တာ လောက်၊ ပန်းဖလပ် ဝေတာလောက်ကိုပဲ အတင်းလုပ်နေရတဲ့ပုံစံ ဖြစ်နေတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေကလည်း အားနည်းချက်တွေရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲကာလတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင် ကတ်ပြား တစ်မျိုးမျိုး ပျက်ဆီး/ ပျောက် ဆုံးသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန် မြို့နယ်အသီးသီးရှိ လ.ဝ.က ရုံးများတွင် အထူးကိစ္စ တစ်ရပ် အနေဖြင့် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးနေကြောင်း လ.ဝ.က မှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁ သန်းကျော် ရှိပြီး ၆ သန်းကျော် မဲပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 353
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်သည် နိုင်ငံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးအတွက် မည်ကဲ့သို့သော အစိုးရနှင့် လွှတ်တော် ပေါ်ပေါက်ရန်လိုအပ်သလဲ ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်မှုများ ရှိနေကြသည်။
ပြည်သူလူထုသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များကို သေချာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ ပြည်သူအကျိုး၊ နိုင်ငံအကျိုးကို တကယ်လုပ်ဆောင်မည့် ကိုယ်စားလှယ်လောင်းနှင့် နိုင်ငံရေးပါတီများအား ရွေးချယ်ရန်လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက အကြံပြုကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်သည် ပြည်သူလူထု၏အခက်အခဲ အကျပ်အတည်းများကို သေချာစွာရှုမြင်တတ်ရန် လိုအပ်ကြောင်း၊ အခက်အခဲများကို အကောင်းဆုံး ဖြေရှင်း နိုင်ရေးအတွက် ဖော်ဆောင်နိုင်မည့် နည်းနာများကိုလည်း သိရှိရန်လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုတွေ့ရစဉ် (ပုံဟောင်း)
“အဓိက ကျွန်တော်တို့ အရေးကြီးဆုံးကတော့ လူထုနဲ့နီးစပ်ဖို့လိုတာပေါ့။ လူထုရဲ့ တကယ့်အခက်အခဲ၊ လူထုရဲ့အသံ၊ လူထုရဲ့ အခက်အခဲ ဒါကို သေသေချာချာ နာခံတတ်ဖို့လဲလိုတယ်။ ပြီးရင် အဲဒီဟာကို အကောင်းဆုံးလမ်းကြောင်းနဲ့ ဘယ်လို ဖော်ဆောင်နိုင်ဖို့၊ ဖော်ဆောင်ရမလဲဆိုတဲ့ နည်းနာကိုလည်း သိရမယ် ပေါ့နော်။ အဲဒါအပြင်မှာမှ ကျွန်တော်တို့တိုင်းပြည်က ငါတို့ဟာငါတို့ လုပ်ချင်တာလုပ်မယ်ကွာဆိုတာ လုပ်လို့ မရဘူး။ အကုန်လုံး ကမ္ဘာ့နိုင်ငံတွေကြားထဲမှာ ဘယ်လိုသင့်တင့်အောင် ငါတို့ ဘယ်လိုပုံစံမျိုးနဲ့ နေမယ်ဆိုတာ လည်း ကိုယ့်ကိုယ်ကို အစိုးရတစ်ရပ်အနေနဲ့ ဖော်ဆောင်ရမှာပေါ့။ အဲဒီလိုမျိုး လုပ်နိုင်ရင်တော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ရေခံမြေခံအခင်းအကျင်းဟာ သိပ်ခဲခဲယဥ်းယဥ်း ဖြစ်တဲ့တိုင်းပြည်မဟုတ်ပါဘူး။ ဒါတွေအကုန်လုံး လုပ်ရတာ ခက်တာတော့ ခက်ခဲမယ်။ သို့ပေမယ့်လည်း ကြိုးကြိုးစားစားနဲ့ တကယ့်ကို စေတနာကောင်းကောင်းနဲ့ ဉာဏ်ပညာကြီးကြီးနဲ့ လုပ်နိုင်တယ်ဆိုရင်တော့ ဖြစ်မှာပါ” ဟု ၄င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အဓိကအားဖြင့် အခြေခံ လူတန်းစားများ အခက်ကြုံတွေ့နေရသည့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကို ဦးစားပေး ဆောင်ရွက်လိုကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အစိုးရသစ်တစ်ရပ်သည် ပြည်သူ့အတွက် အင်မတန် အားကောင်းသည့် အနေအထားမျိုး ပေါ်ပေါက်လာနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီအသွင်ကို ပုံဖော်နိုင်လိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ရစဉ် (ပုံဟောင်း)
ဦးသိန်းထွန်းဦးက “ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကျွန်တော်တို့ လွှတ်တော် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်က ပိုင်းခြားခွဲဝေ ကျင့်သုံးပြီးတော့ အပြန်အလှန်ထိန်းကျောင်းခြင်း မူ ကို ကျင့်သုံးတဲ့ Constitution ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ ပေါ်ပေါက်လာတဲ့ လွှတ်တော်ဟာ ဆိုလို့ရှိရင် အစိုးရနဲ့ တရားစီရင်ရေးကို တတ်နိုင်သမျှ ပိုင်းခြားခွဲဝေကျင့်သုံးပြီးတော့ အပြန်အလှန်ထိန်းကျောင်းမှုတွေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလွှတ်တော်၊ အစိုးရ ပေါ်ပေါက်လာတယ်ဆိုလို့ရှိရင် ပြည်သူ့အတွက် အင်မတန်အားကောင်းတဲ့ ပြည်သူတွေလိုလားနေတဲ့ ဒီမိုကရေစီအသွင်ကို ပိုမိုပြီးတော့ ပုံဖော်နိုင်လိမ့်မယ်လို့ ဒီတိုင်းပြောချင်ပါတယ်။ အဓိကကျတဲ့အပိုင်းက စောတုန်းက ကျွန်တော်ပြောခဲ့တဲ့ ပြည်သူလူထုရဲ့စားဝတ်နေရေး၊ ဝင်ငွေ ထွက်ငွေ၊ ပညာရေးနဲ့ ကျွန်တော်တို့ ပိုမိုတည်ငြိမ်အေးချမ်းသာယာရေး ဒီကိစ္စတွေက အဓိကကျမှာဖြစ်ပါတယ်။ ဥပမာဗျာ ကုန်စျေးနှုန်းဘာကြောင့်တက်ရသလဲ၊ ဘာကြောင့် မတည်မငြိမ်ဖြစ်ရသလဲ။ ကုန်စည်စီးဆင်းမှုမှာ ကျွန်တော်တို့ မလိုလားအပ်တဲ့ အဟန့်အတားတွေ ရှိတယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီလို ဂိတ်မျိုးဘာညာ ရှိတယ်ဆိုလို့ရှိရင် အဲဒီဂိတ်တွေအစားကို ကျွန်တော်တို့ စက်ပစ္စည်းနဲ့ ကန့်သတ်မယ့် အနေအထားတွေအစားထိုးပြီးတော့ ဆောင်ရွက်တာမျိုးပေါ့နော်။ စက်ပစ္စည်းနဲ့ ဆိုလို့ရှိရင် မလိုလားအပ်တဲ့ကိစ္စတွေ တော်တော်လျှော့ချနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ဒီလိုမြင်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ တွင် အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လာမည့် ရွေးကောက်ပွဲပြီးလျှင် တပ်မတော်မှ နိုင်ငံရေးတွင် မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန် ထမ်းဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကို အသိပေးထားသည်။
ထို့နောက် ရွေးကောက်ပွဲ အလွန်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းလိုကြောင်းပြည်သူများက မျှော်လင့်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 351
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် သထုံမြို့တို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း မွန်ညီညွတ်ရေးပါတီသည် နေရာအများစုတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှုံးနိမ့်ရခြင်းမှာ ၎င်းတို့အား ထောက်ခံသည့် ကျေးရွာအများစု၌ ရွေးကောက်ပွဲမကျင်းပနိုင်သည့် အချက်လည်း ပါကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
”အဓိက,ကလေ ဒီပထမပိုင်းရဲ့ အားနည်းချက်က ကျနော်တို့လူထုဆီကို တိုက်ရိုက်မသွားနိုင်တာရှိတယ်။ နောက်တစ်ခုက မော်လမြိုင်မြို့နယ်ဆိုလို့ရှိရင် ကျနော်တို့ မဲရုံအားလုံးကို မဲရုံကိုယ်စားလှယ်မခန့်နိုင်ဘူး။ နောက် ပြီးတော့ ဒီကျိုက်မရောမြို့နယ်မှာလည်း ဒီတိုင်းပဲ။ မဲရုံတွေအားလုံးကို ဘယ်လိုပြောရမလဲ မဲရုံကိုယ်စားလှယ်မ ခန့်နိုင်ဘူး။ နောက်တစ်ချက်က ကျိုက်မရောမြို့နယ်ကြတော့ ကျနော်တို့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာ တော်တော်များများရှိတယ်။ အဲဒီဟာကလည်း မွန်ညီညွတ်ရေးပါတီတွက် အားကောင်းတဲ့ နေရာလည်းဖြစ်တယ်။ အဲဒါကြောင့်ကျနော်တို့ ဒီကျိုက်မရောမြို့နယ်မှာ ရှုံးခဲ့တယ်ပေါ့။ ကျနော်တို့ထောက်ခံသူတော်တော်များများက ထောက်ခံတဲ့ ကျေးရွာတော်တော်များများက ဒီရွေးကောက်ပွဲမကျင်းပနိုင်တာ။ အဲ့ဒီအချက်လည်း ကျနော်တို့ရှုံး တဲ့အချက် ထဲမှာပါတာပေါ့”ဟု ၎င်းက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။

မွန်ပြည်နယ်တွင် ဆန္ဒမဲပေးသူများကိုတွေ့ရစဉ်
လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂) တွင် မွန်ပြည်နယ်အတွင်းမှ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ပေါင်နှင့် ဘီးလင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မကြာခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် ၂ ဦးသာ အနိုင်ရရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦးသာ အနိုင်ရရှိသေးသော်လည်း မဲရလဒ်အခြေအနေအရ ကောင်းမွန်ပြီး ကျန် ရွေးကောက်ပွဲ အပိုင်းများတွင် အပိုင်း (၁) မှ အားနည်းချက်များကို သင်ခန်းစာယူကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးနိုင်သန်းရွှေက “အခုမွန်ပြည်နယ်မှာ ပြီးခဲ့တဲ့အပိုင်း (၁) က ၅ မြို့နယ်မှာ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးပေါ့ အနိုင်ရရှိတယ်။ ကျန်တဲ့မြို့နယ် တွေက အကုန်လုံးရှုံးတယ်ပေါ့။ ၅ မြို့နယ်။ အခုဒုတိယပိုင်းမှာ ၅ မြို့နယ်ကတော့ ဇန်နဝါရီ ၁၁ ကြမှ မဲထည့်ရမှာပေါ့။ မဲရလဒ်အခြေအနေကတော့ ကျနော်တို့ဆိုးတော့မဆိုးပါဘူး။ ဟိုလူထု ထောက်ခံမှုလည်းပိုရှိတယ်ပေါ့နော်။ ကျနော်တို့အားနည်းချက်က တချို့နေရာတွေမှာ မဲရုံကိုယ်စားလှယ် မခန့်နိုင်ဘူး၊ အဲဒီအခါကြတော့ အချက်အလက်အမှန်ကိုတော့ အချိန်မှီမသိလိုက်ဘူးပေါ့။ အခုအဲဒီအားနည်းချက် အတွက်ပဲ ဒီဒုတိယပိုင်းမှာကြတော့ ပထမ ပိုင်းအားနည်းချက်ကိုပြန်ဖြည့်နေရတာပေါ့။ သင်ခန်းစာယူပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာနဲ့ ဆွေးနွေးနေကြတယ်ပေါ့။ ဒီကျနော်တို့ချောင်းဆုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရတယ်၊ ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရတယ်၊ နောက်ကျိုက်ထိုမှာကြတော့ ကျနော်တို့ အကုန်လုံး ရှုံးတယ်၊ ဘီးလင်းမှာလည်းရှုံးတယ်ပေါ့နော်၊ ကျိုက်ထို၊ ဘီးလင်းအကုန်ရှုံးတယ်၊ မော်လမြိုင်မှာရှုံးတယ်၊ ကျိုက်မရောမှာလည်း အကုန်လုံးရှုံးတယ်။ ကျနော်တို့ပြီးခဲ့တဲ့ ၅ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပဲနိုင်ခဲ့တယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁.၆ သန်းကျော်ရှိပြီး ၆.၀၉ သန်းကျော် မဲပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 480
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကို ကြိုတင် မဲများဖြင့် ရှုံးနိမ့်သွားသည့် ရလဒ်အပေါ် ကန့်ကွက်ရန် စဉ်းစားနေကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)တွင် မူဆယ်မြို့၌ မဲရုံ ၁၈ ရုံ ရှိပြီး ကျားဖြူပါတီသည် ၁၇ ရုံမှာ အနိုင်ရရှိနေသည့်တိုင် ကျန် ၁ ရုံ၌ ကြိုတင်မဲများ ရောက်လာကာ ရှုံးနိမ့်သွားခဲ့ရကြောင်း၊ ထိုရလဒ်သည် အမှန်တရား မဟုတ်ကြောင်း ၎င်းက ပြောသည်။
စိုင်းအိုက်ပေါင်းက “တကယ့်တကယ် ဟိုဟာပဲ ကျနော်တို့ မူဆယ်မှာလေ မဲရုံက ၁၈ ရုံရှိတယ်၊ ၁၈ ရုံမှာ ကျနော်တို့ ကျားဖြူက ၁၇ ရုံနိုင်ပြီဗျာ။ နောက်ဆုံးတစ်ရုံမှာကြမှ တစ်ခါတည်း ကြိုတင်မဲတွေနဲ့ လာထည့် လိုက်တော့ ကျနော်တို့ ပြန်ရှုံးသွားတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါအမှန်တရား မဟုတ်ဘူး။ တကယ်တကယ် အမှန်တရား မရဘူးပြောလို့ ရတယ်ပေါ့။ ကျနော်တို့ စဉ်းစားနေတယ်။ အဲဒါကို ကန့်ကွက်မလားလို့ စဉ်း စားနေတယ်။ ကျနော်တို့ နိုင်ရမယ်လေ။ မဲရုံ ၁၈ ရုံရှိတဲ့အထဲမှာ ၁၇ ရုံနိုင်ပြီးပြီလေ။ နောက်ဆုံး ၁၈ ရုံ ကြမှ ကြိုတင်မဲတွေနဲ့ လာပြီး လုပ်နေတဲ့ဟာက ဒါက မမှန်ကန်ဘူးလေ။ ဘယ်သူတွေ လာပေးလဲတော့ မသိဘူး။ ကြိုတင်မဲတွေ လုပ်လိုက်တော့ အဲဒါ မဟုတ်သေးဘူးလေ။ မမှန်ဘူးလေ။ ကျနော်တို့က ကြိုး စားပြီး ပြိုင်တယ်ဆိုတာ တပ်ချုပ်ကြီးက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုလို့ အဲဒီတော့ ကျနော်တို့က ယုံကြည်ပြီးတော့ ဝင်ပြိုင်တာလေ” ဟု ပြောသည်။

မူဆယ်မြို့မှာ မဲထည့်နေကြစဉ်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ ပြီးနောက် ပါတီအများစုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကြိုတင်မဲများဖြင့် ရှုံးနိမ့် ခဲ့ကြသည်။
ကြိုတင်မဲနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းသည်ဟုဆိုကာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ပါတီ (PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့ အကြောင်းကြားထားသည်။
လက်ရှိ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည)သည် ဒုတိယအများဆုံးနှင့် တိုင်းရင်းသားပါတီများက တတိယအများဆုံး အနိုင်ရရှိထား ခြင်းဖြစ်သည်။
ထို အပိုင်း(၁) မဲရလဒ် အခင်းအကျင်းအရ လာမည့် အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင်လည်း USDP ပါတီ ဆက်လက် အားကောင်းနိုင်ကာ လွှတ်တော်ထဲတွင်လည်း ၎င်းတို့သည်သာ နေရာအများစု ရရှိနိုင်သည် ဟု နိုင်ငံရေးပါတီများက သုံးသပ်ကြသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ကြောင့် လွှတ်တော်ထဲတွင် ပါတီအရောင်အသွေး စုံလင်မည် ဖြစ်သော်လည်း အရေအတွက်မှာ မများ နိုင်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပါတီတွေ စုံတော့စုံမှာပေါ့။ ဒါပေမယ့် အရေအတွက်က မများဘူးပေါ့။ အခုဆိုရင် တို့ပါတီက တော့ ပြည်သူ့လွှတ်တော်မှာ ၂ ယောက် နိုင်ထားတယ်လေ။ အမှန်တို့က ရည်မှန်းထားတာ ဒီထက်မက အများကြီး နိုင်ရမယ်လေကွာ။ တကယ့် ပွင့်လင်းမြင်သာပြီးတော့ တရားမျှတတယ်ဆိုရင် ကျနော်တို့က ဒီထက်နိုင်ရမယ်လေ။ ကျိုင်းတုံမှာလည်း ကျနော်တို့နိုင်ရမှာ၊ တာချီလိတ်လည်း နိုင်ရမှာ၊ မူဆယ်လည်း နိုင်ရမှာဗျာ၊ လားရှိုးလည်း နိုင်ရမှာ။ အဲဒီလိုကြီးတွေ ဖြစ်နေတော့ ကျနော်တို့ သိပ်တောင် မပြောချင် တော့ဘူးဗျ” ဟု ပြောသည်။
ကျန်ရှိသည့် ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ မှာ လည်း ကောင်း၊ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ၆၃ မြို့နယ်၌ လည်းကောင်း ဆက်လက် ကျင်းပ သွားမည်ဖြစ်သည်။
တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 310
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နေသည့် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသန်းစိုးတို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကြိုတင်မဲကိစ္စများနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
UEC ဥက္ကဋ္ဌ ဦးသန်းစိုးက “ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြု မှတ်ကျောက်တင်ရန် အတွက် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်း များမှ သတင်းမီဒီယာသမားများ စုစုပေါင်း ၁၅၄၄ ဦးခန့် စောင့်ကြည့် လေ့လာသတင်း ရယူခွင့် ပြုခဲ့ပါသည်” ဟု ပြောသည်။

လာမည့် ရွေးကောက်ပွဲအပိုင်း(၂)နှင့် (၃)ကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွင့်လင်း မြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိ သော ရွေးကောက်ပွဲမှတဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီး ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။
ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက် ကျင်းပမည်ဖြစ်သည်။
UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၄၇ ပါတီမှ ဥက္ကဋ္ဌများနှင့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သို့သော် တိုင်းရင်းသား လူမျိုးစု ပါတီများနှင့် ပြည်ထောင်စုအဆင့် ပါတီတချို့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီသည် ကြိုတင်မဲများဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း၊ ကြိုတင်မဲများသည် ပွင့်လင်းမြင်သာမှု မရှိ၍ တရားမျှတမှုမရှိကြောင်း ထောက်ပြလျက်ရှိသည်။
ထို့နောက် ကြိုတင်မဲနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီ(PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ စာပို့အသိပေး ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 570
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်မြို့(ဒေသ)ကို ထိန်းချုပ်နိုင်ရန်အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က တပ်ချနေရာယူလာကြောင်း သိရသည်။
NSCN-K/AM အဖွဲ့၏ နာဂတပ်ဖွဲ့ကို မြန်မာနိုင်ငံ၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်ဒေသတွင် တာဝန်ချထားသည်ဟု NSCN-K/AM အဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တပ်ဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပန်ဆောင်မြို့သို့ ရောက်ရှိခဲ့သည်ဟု NSCN-K/AM အဖွဲ့က ပြောသည်။
၎င်းအဖွဲ့က “ NSCN-K အဖွဲ့သည် ပန်ဆောင်မြို့ရှိ လေးစားအပ်သော ခေါင်းဆောင်များနှင့် ချစ်ခင်ရပါသော ပြည်သူလူထုအား ကျွနှ်ပ်တို့၏ နာဂတပ်ဖွဲ့ကို နွေးထွေးစွာ ကြိုဆိုလက်ခံ ပေးခဲ့မှုအတွက် အထူးကျေးဇူးတင်ရှိ ကြောင်းနှင့် လေးစားမှုအပြည့်ဖြင့် အသိအမှတ်ပြုပါသည်။ ဤဒေသတွင် နာဂတပ်ဖွဲ့၏ အဓိက တာဝန်များမှာ ပြည်သူလူထု၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို အာမခံပေးရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ပန်ဆောင်မြို့နှင့် အနီးအနား ဒေသများတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ရန်ဖြစ်ပါသည်”ဟု ပြောသည်။

ပန်ဆောင် နယ်စပ်ဂိတ်ကိုတွေ့ရစဉ်
ပန်ဆောင်မြို့သည် နာဂဒေသအတွက် တစ်ခုတည်းသော အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှိသည့် ဒေသဖြစ်၍ အလွန်အရေးပါသော နယ်မြေဖြစ်သည်။
ထိုဒေသတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့လည်း တပ်ချလှုပ်ရှား လျက်ရှိသည်။
ပန်ဆောင်ဒေသနှင့် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ထိန်း ချုပ်နိုင်ရေး နာဂလက်နက်ကိုင်အဖွဲ့များဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည်။
အိန္ဒိယ-မြန်မာ-တရုတ်တို့သည် လီဒိုလမ်းဟု နာမည်ကျော်ကြားသော စတီးဝဲလ်လမ်းကို ပြန်လည် ပြင်ဆင်ရန် သုံးနိုင်ငံ သဘောတူညီထားကြောင်း၊ အိန္ဒိယသည် ပန်ဆောင်၊ နန်းယွန်းမှသည် မိုးညှင်း-မိုးကောင်းအထိ တာဝန်ယူရန်နှင့် တရုတ်က မိုးညှင်း-မိုးကောင်းမှသည် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးအထိ တာဝန်ယူရန် သဘောတူညီထားကြောင်း သိရသည်။

မြန်မာ့တပ်မတော်က အရာရှိများနဲ့ NSCN-K/AM အဖွဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က ခရစ္စမတ်ပွဲတော် ကျင်းပကြစဉ်
ထို့နောက် အိန္ဒိယနှင့် KIA သည် ကချင်ပြည်နယ်အတွင်းက ထွက်ရှိသော မြေရှားသတ္တု အပါအဝင် သယံဇာတများ တူးဖော်ရေးနှင့် သယ်ယူရေးအတွက် ပန်ဆောင်ဒေသကို အာရုံစိုက်ထားကြကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။
လက်ရှိမှာတော့ ပန်ဆောင်ဒေသကို NSCN-K/AM နှင့် NSCN-K/YA တို့က တပ်ဖွဲ့များ ချ၍ တာဝန်ယူ ထိန်းချုပ်နေ ကြောင်း၊ NSCN-K/AM သည် ငြိမ်းချမ်းရေးနှင့် နာဂလူမျိုးများ တိုးတက်ရေးကို အာရုံစိုက်ကာ မြန်မာ့တပ်မတော် နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းကြောင့် မြန်မာ့တပ်မတော်၏ ထောက်ခံပံ့ပိုးမှုအား ရရှိ နိုင်ခြင်းကြောင့် ပန်ဆောင်ဒေသ တစ်ခုလုံးကို ထိန်းချုပ်လာနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးမှ ထောက်ပြသည်။
အလားတူ အိန္ဒိယအစိုးရဘက်ကလည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဦးစားပေးသည့် NSCN-K/AM အဖွဲ့ကို ထောက်ခံပံ့ပိုးပေးလာနိုင်ကြောင်း၊ NSCN-K/AM အဖွဲ့နှင့် အိန္ဒိယအစိုးရကြား တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ရှိခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 363
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅
ရွေးကောက်ပွဲမဲရလဒ်များကို ရေတွက်ရာတွင် နောက်မှရောက်လာသည့် ကြိုတင်မဲအား ထည့်သွင်းရေတွက်ခြင်း က ရိုးသားမှုမရှိဘူးဟု မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင်မဲအတွက် မဲစာရင်းပြုစုခြင်း၊ မဲကောက်ယူခြင်း၊ ကြေညာခြင်း၊ ရေတွက် ခြင်းများကို လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကြိုတင်မဲ ကောက်ရာတွင် ပါတီက ကောက်ယူမှုရှိသလို ကော်မရှင်နှင့်ရပ်ကျေးများက ကောက်ယူမှုလည်းရှိ ကြောင်း၊ ကိုယ်စားလှယ်များ လိုက်ပါခွင့် မရှိလျှင် ပွင့်လင်းမြင်သာမှု မရှိသည့်သဘောဖြစ်ကြောင်း မွန်ညီညွတ်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
၎င်းက “ဟိုကြိုတင်မဲ ကောက်တာက တချို့က ပါတီတွေက ကောက်တာရှိသလို၊ တချို့က ကော်မရှင်နဲ့ရပ်ကျေး တွေက ကောက်တာရှိတယ်ပေါ့နော်။ ဒါပေမယ့် ကြိုတင်မဲ ထည့်တဲ့ အချိန်ကျလို့ရှိရင် ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ လိုက်ပါခွင့် ရှိရတယ်။ ကိုယ်စားလှယ်တွေ လိုက်ပါခွင့် မရှိဘူးဆိုရင်တော့ ဒါကတော့ ပွင့်လင်း မြင်သာမှု မရှိတဲ့သဘောပေါ့။ ကြိုတင်မဲကနော်၊ ရပ်/ကျေး ကြိုတင်မဲကောက်တဲ့ အခါကျတော့ အခုကော်မရှင်က ကောက်တာရှိတယ်၊ နောက်တစ်ချက်က ကြိုတင်မဲကို ထည့်တဲ့အခါကြလို့ရှိရင် ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒါမှ မဟုတ် ကိုယ်စားလှယ်လောင်း ဒါမှမဟုတ်ရင် ကိုယ်စားလှယ်လောင်းက ခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်က လိုက်ပါခွင့် ရှိရ တယ်ပေါ့။ တချို့ကော်မရှင်တွေလည်း အလုပ်ရှုပ်တဲ့ အခါကျတော့ အသိပေး အကြောင်းကြားမှု အားနည်းတဲ့ဟာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဟိုဘယ်လိုပြောမလဲ မသိလိုက်ရဘူးပေါ့နော်။ ပြောချင်တာက ကြိုတင်မဲကို အရင် ရေမယ် ပြီးတော့မှ ပုံးမှာထည့်ထားတဲ့ မဲကို ပြန်ရေမယ်။ ဒီနှစ်ခုပေါင်းလို့ရှိရင် ကျနော်တို့အတွက် ခိုင်လုံမဲကတော့ ဟိုသေချာသွားပြီ။ ဒီနောက်မှ ရောက်လာတဲ့ ကြိုတင်မဲကတော့ အဲ့ဒါက ဟိုရိုးသားမှု မရှိဘူးပေါ့”ဟု ပြောသည်။
ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဆောင် ရွက်ခဲ့ ပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။
ကြိုတင်မဲနှင့်ပတ်သက်ပြီး မသိရသည့် နေရာများက များကြောင်း၊ အကြောင်းမကြားသည့် နေရာများလည်း များခြင်းက အမှန်တကယ်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဌာနသို့ ပြောသည်။

ကြိုတင်မဲပေးနေစဉ်
၎င်းက “အဲ့ဒါကတော့ ကျနော်တို့ ပြီးခဲ့တဲ့အပိုင်း (၁) မှာကတော့ တကယ် အားနည်းချက် ရှိပါတယ်။ နောက်အ ပိုင်း(၂) မှာ ဒီဟာတွေ မဖြစ်ရအောင် ကျနော်တို့ UEC ကိုလည်း အကြံပြုချက်တွေ ပို့ထားပါတယ်။ နောက် ဒီနေ့ လည်း ပါတီတွေနဲ့ ကျနော်တို့ UEC နဲ့လည်း နေပြည်တော်မှာ အစည်းအဝေးတစ်ခု လုပ်ဖို့လည်း စီစဥ်ထားပါ တယ်။ အဲ့ဒါကတော့ အတိအကျတော့ ပြောလို့ မရဘူးပေါ့နော်။ သေချာတာကတော့ ကျနော်တို့ အကြောင်း မကြား တာတွေများတယ်၊ ဘယ်နှစ်ယောက် ဘယ်သူ စာရင်းနဲ့ပေါ့နော်၊ ဒီရပ်ကွက်မှာ ဘယ်နှစ်ယောက် ပေးထား ပြီးလဲဆိုတဲ့ စာရင်းက ကျနော်တို့ မသိရဘူးပေါ့နော်။ မသိရတဲ့ နေရာတွေက များတယ်၊ အကြောင်းမကြားတဲ့ နေရာတွေ များတယ်၊ အဲ့ဒါတော့ အမှန်တကယ်ပဲ။ တချို့ ရပ်ကွက်တွေမှာတော့ အကြောင်းကြားတာတွေရှိတယ်၊ တချို့ဆို တော်တော်နည်းပါတယ်၊ တော်တော်နည်းပါတယ်။ အခုပြောနေတာက ရပ်ကွက်ထဲမှာရှိတဲ့ ကြိုတင်မဲ တွေပေါ့နော်။ အဓိကတော့ ကျနော်တို့ သိသလောက် ရပ်ကွက်ထဲမှာရှိတဲ့ ကြိုတင်မဲဆိုတာ မသန်စွမ်းတွေရယ်၊ အိုမင်းမစွမ်းတွေ၊ တကယ် အမှန်တကယ် ခရီးသွားမယ့်လူတွေ၊ ကျောင်းသွားတက်မယ့်သူတွေ၊ တက္ကသိုလ်တက် မယ့်သူတွေ ဒီလို လူတွေပဲ ပေးရမှာပေါ့နော်။ ကျန်တဲ့လူတွေကတော့ မဲပေးတဲ့နေ့ကျမှ မဲလာပေးရမှာပေါ့။ အဲ့လို မဟုတ်ဘဲနဲ့ တချို့ တော်တော်များများက ကြိုတင်မဲတွေနဲ့ အဲ့လိုမျိုး အများကြီး ယူထားပြီးတော့ မဲပုံးတွေမှာ အဲ့လိုဖြစ် နေတဲ့ အဲလိုပြဿနာတွေပေါ့နော်”ဟု ပြောသည်။
ကြိုတင်မဲပေးမည့်သူ အရေအတွက်စာရင်း မသိရခြင်း၊ ကြိုတင်မဲ ကောက်ယူချိန်တွင် ကျန်သည့် ပါတီကိုယ်စား လှယ်များကို အသိမပေးဘဲ ကြံ့ခိုင်ရေးပါတီ(USDP)ကသာ လိုက်ပါခွင့်ရခြင်းသည် လွတ်လပ်ပြီး မျှတသည့် အချက် မဟုတ်ဘူးကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ထောက်ပြ ထားသည်။
