
- By CNI
- Category: နိုင်ငံရေး
- Hits: 386
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့်ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာ နိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်က ကျင်းပသည့် နစကကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောလိုက်ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ ၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့် ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှု များ ဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် မည်ကဲ့သို့ ထိန်း ကြောင်း ဆောင်ရွက်သွားရမည်ကို စဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပထဝီ အနေအထားအရလည်း မိမိတို့ နိုင်ငံအနေဖြင့် သဘောသဘာဝ မတူညီသည့် အင်အားကြီးနိုင်ငံကြီး နှစ်ခုအကြားတွင် နယ်နိမိတ်ထိစပ် တည်ရှိနေပြီး ပထဝီ အနေအထားအရ စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ ပထဝီ အနေအထားအရ စိန်ခေါ်မှုများစွာရှိနေသည်ကို သိရှိနေရမည်”ဟု ပြောသည်။
နစက ကောင်စီ အစည်းအဝေး ကျင်းပနေစဉ်
မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နိုင်သော ရှေ့အလားအလာများနှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်က “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ် ဆွေးနွေးပွဲ”ကို နေပြည်တော်မှာ ကျင်းပခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ၃ သန်းကျော်ရှိလာပြီး နေအိမ်၊ အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီး လောင်ပျက်စီးထားသလို ပညာရေး အဆောက်အအုံများလည်း ပျက်စီးထားသည်။
အဆိုပါ အခြေအနေများကြားမှာ နစကသည် ရွေးကောက်ပွဲကို ယခုနှစ်(၂၀၂၅ ခုနှစ်) ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ(၂၀၂၆ ခုနှစ်) ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပရန်လျာထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသူများကို တွေ့ရစဉ်
နစကနှင့်မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် လက်နက်ကိုင်အင်အားစုများကတော့ နစကကျင်းပ မည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်စီးမည်ဟု ကြေညာထားသည်။
ထို့နောက် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများက နစက ကျင်းပမည့် ရွေးကောက်ပွဲကို မထောက်ခံသလို လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် အဖွဲ့အစည်းလိုက်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
အလားတူ အာဆီယံနိုင်ငံများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံသည့် နိုင်ငံ၊ မထောက်ခံ သော နိုင်ငံနှင့် ကြားနေ နိုင်ငံဟုဆိုကာ ကွဲပြားခြားနားနေသည်။
တချို့ကတော့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်သော သဘောတူညီချက် ရလဒ်ကို ရယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပရန်၊ သို့မဟုတ်ပါက ရွေးကောက်ပွဲ ကျင်းပပြီး ၂၀၂၅ အလွန်ဖြစ်တည် လာမည့် အစိုးရသည် ကြီးမားသော စိန်ခေါ်မှုများသည့် ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြကြသည်။
ပထဝီနိုင်ငံရေး အခင်းအကျင်းမှာလည်း အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲကြောင့် နိုင်ငံတကာ မှာ စီးပွားရေးနှင့်နိုင်ငံရေး ရိုက်ခတ်မှုများဖြစ်ပေါ်လာနေသလို တရုတ်နှင့် အမေရိကန်၏ ကုန်သွယ်ရေးစစ်ပွဲ၊ ယူကရိန်းနှင့် ရုရှားစစ်ပွဲ၊ တရုတ်နှင့်ထိုင်ဝမ်ကြား ပဋိပက္ခများ၊ တရုတ်နှင့် အိန္ဒိယ အားပြိုင်မှု စသည့် အခြေအနေ များကြောင့် မြန်မာနိုင်ငံသည် အလွန်ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သည်ဟု ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 391
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ မည်သည့်နည်းလမ်းပုံစံဖြင့် ပြင်၍ရနိုင်မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ အချို့ပုဒ်မများအား ပြင်ဆင်ရန်လိုအပ် သည်ဟု ထောက်ပြမှုများရှိသကဲ့သို့ အလုံးစုံဖျက်သိမ်း၍ အသစ်ပြန်လည် ရေးဆွဲရမည်ဟု ထောက်ပြမှုများလည်း ရှိနေကြသည်။
မြန်မာနိုင်ငံ၏ ပြဿနာသည် ဖွဲ့စည်းပုံ ပြဿနာဖြစ်ကြောင်း၊ ထို့ကြောင့် အလုံးစုံဖျက်သိမ်းပြီး အားလုံး သဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်မယ်။ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲမယ်။ ရေးဆွဲလာတဲ့ အသစ်ဖွဲ့စည်းပုံကို တိုင်းပြု၊ ပြည်ပြု လွှတ်တော်တစ်ခုမှာ အတည်ပြုမယ်။ အဲဒီ process မပါဘဲနဲ့ အခုရှိနေတဲ့ ၂၀၀၈ ကို ဟိုပြင်လိုက် ဒီပြင်လိုက် လုပ်လို့မရဘူးပေါ့။ ဒါကိုလုပ်တာက အိုယွင်းပျက်စီးနေတဲ့ အိမ်တစ်လုံးကို ဟိုကာလိုက် ဒီကာလိုက်၊ ဟိုဖဲ့လိုက် ဒီဖဲ့လိုက် ဒါမျိုးလုပ်တာကတော့ အဆင်မပြေဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးလုံး ဖျက်သိမ်းရမှာဖြစ်ပါ တယ်။ ဒါကြောင့် ကျနော်တို့အားလုံးက သဘောတူနိုင်တဲ့ ဖက်ဒရယ်ကို ဦးတည်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ဖွဲ့စည်းပုံတစ်ခု ရေးဆွဲနိုင်မှသာလျှင် ကျနော်တို့နိုင်ငံရဲ့ ရေရှည်ငြိမ်းချမ်းရေး တည်တံ့မှာဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပြဿနာက ဖွဲ့စည်းပုံပြဿနာဖြစ်တယ်။ ဒီဖွဲ့စည်းပုံထဲမှာ တစ်စုတစ်ဖွဲ့ကနေ အုပ်စိုးထားတဲ့၊ ထိန်းချုပ် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ အားလုံးက ပါဝင်နိုင်အောင် လမ်းမဖွင့်ထားဘူး လမ်းပိတ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒီမိုကရေစီမရှိတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ နောက် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးမပေးတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံကို ပြင်လို့မရဘူး။ ဖျက်ဖို့ပဲရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
လွှတ်တော်အတွင်းက တပ်မတော်သားများကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသည်ဟု တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ဖော်ပြောကြားထားပြီး ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ မူကြမ်းရှိကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များတွင် ရှိနေသော ဖက်ဒရယ်ဖွဲ့စည်းပုံကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က လက်မခံ၍ သဘောထား ကွဲလွဲမှုများရှိနေသည်။
အလားတူ မြန်မာ့တပ်မတော်နှင့် နိုင်ငံရေးပါတီများကြားမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပေါ် သဘောထားကွဲလွဲနေပြီး မည်သည့်နည်းလမ်းဖြင့် ပြင်ဆင်ကြမလဲ အဖြေရှာမရသေးပေ။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ ပြင်ဆင်ချင်သည့် ဆန္ဒရှိပါက လွှတ်တော်ထဲမှာသာ နည်းလမ်းရှိပြီး ကျန်အခြားနည်းလမ်း ရှာမတွေ့ကြောင်း၊ မည်သို့ပင်ဖြစ်စေ စားပွဲဝိုင်းလမ်းကြောင်းပေါ်သာ ပြန်တည့်ရမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေခံဥပဒေ သဘောတရားကတော့ ခေတ်နဲ့အညီ နောက်ကနေလိုက်ပြီး ပြင်တာပြင်၊ ဖြည့်တာဖြည့် လုပ်ကြတာကို။ ဒါလည်း ဒီမိုကရေစီ လမ်းကြောင်းသွားနေတဲ့ နိုင်ငံတွေအကုန်လုံးပါပဲ။ ကျနော်တို့လည်း အဲဒီလို သွားမယ်ဆိုရင် ဖြည့်စွက်ပြင်ဆင်ပေါ့။ ဒါပေမယ့် ဖြည့်စွက် ပြင်ဆင်ဆိုတဲ့ လမ်းကြောင်းကတော့ ဥပဒေ လမ်းကြောင်းအတိုင်း မဝင်ဘဲနဲ့ အပြင်ကနေ တခြားနည်းလမ်းနဲ့ ကြိုးစားဖို့တော့ မလွယ်ဘူးလေ။ အဲဒီလိုကြိုးစား မယ် ဥပဒေကိုလည်းပြင်မယ်ဆို လွှတ်တော်နည်းလမ်းရှိတယ်။ လွှတ်တော်ထဲ ဘယ်လောက်ထိ ဝင်ထိုင်ပြီး ဘယ်လိုလုပ်ကြမလဲ။ သေချာတာကတော့ စားပွဲဝိုင်းလမ်းကြောင်းပေါ်ကိုပဲ ပြန်တည့်ရမှာပဲ။ အဲဒီမှာထဲက ရှင်းပြီး သားပဲ ပြင်ချင်တယ် ပြောင်းချင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် လွှတ်တော်ထဲမှာပဲ နည်းလမ်းရှိတယ်။ ကျန်တဲ့နည်းလမ်းတော့ ကျနော်တို့လည်း ရှာမတွေ့ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အစဉ်အလာကို ကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏ သက်တမ်း ၁၅ နှစ်ဝန်းကျင်သို့ ရောက်လာပါက ပျက်ပြယ်သွားသည်များကို တွေ့ရပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာ သက်တမ်းအကြာဆုံး ဖြစ် သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဆိုလျှင် အားလုံးသဘောတူပါက လွှတ်တော်မပါဘဲလည်း ပြင်ဆင်၍ ရကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “calendar ကျ ပြောကြမယ်ဆိုရင် များသောအားဖြင့်တော့ ၁၄ နှစ်၊ ၁၅ နှစ် အဲဒီပတ်ဝန်းကျင်ပေါ့။ ၄၇-၄၈ ကနေစပြီးတော့ ၆၂ ထိဆိုလည်း ၁၄ နှစ်၊ ၁၅ နှစ် အဲဒီပတ်ဝန်းကျင်ပဲ။ အဲဒီအချိန်ကြရင် သူ့ဘာသာသူ ဘယ်လိုလဲ တော့မသိဘူး ပျက်ပျက်သွားတာပေါ့။ ပြန်ပြင်ရတာတွေ မပြင်ရတာတွေတော့ မသိဘူး အဲဒီပတ်ဝန်းကျင်မှာဆိုရင် အဲဒီလို ဖြစ်တတ်တာများတယ်။ အခုဆိုရင် ၂၀၀၈ ကတော့ တော်တော်လေး ကြာသွားပြီ ၁၆-၁၇ နှစ်လောက် ဖြစ် သွားပြီ။ ဒါပေမယ့် တလွဲမာနလို့ပဲပြောရမယ်။ သတ်မှတ်ထားတာမှ မရှိဘဲ။ အခြေခံဥပဒေတစ်ခုက ၁၄ နှစ်၊ ၁၅ နှစ် ဒါပြီးရင် ပြင်ရမယ် အဲဒီလိုမရှိပါဘူး။ သဘာဝကျတာတော့ မြန်မာနိုင်ငံကတော့ လွတ်လပ်ရေး ရပြီးကတည်း က ၁၄ နှစ်၊ ၁၅ နှစ် ပတ်ဝန်းကျင်ဆို အခြေခံဥပဒေက ဆက်မရှိတော့ဘူး။ အများအားဖြင့် ပျက်သွားတာများတယ်။ ၂၀၀၈ အောက်မှာ ပြင်မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ ပြင်ရမှာပေါ့။ ဒါပေမယ့်လည်း အားလုံးသဘောတူလို့ရှိ ရင် လွှတ်တော်ထဲမှာ မပါဘဲနဲ့လည်း ပြင်လို့ရတာပဲ။ အားလုံးသဘောတူဖို့ပဲလိုတယ်” ဟု ပြောသည်။
လက်ရှိတွင် နစကအနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကမှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ဥပဒေပုဒ်မများကို ပြင်ဆင်ရေး ဆွေးနွေးညှိနှိုင်း သဘောတူညီမှုများ ပြုလုပ် လျက်ရှိသည်။
အဆိုပါ ဆွေးနွေးမှုများကြောင့် နစက၏ NSPNC နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ကြား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အချက် ၄၃ ချက် ရရှိထားသလို ဆက်လက် ဆွေးနွေးရန် အချက် ၇ ချက် ကျန်နေသေး ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
တချို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်က လွှတ်တော်ကနေ အတည်ပြုခဲ့ခြင်းမဟုတ်၍ လွှတ်တော်ထဲကနေပဲ ပြင်ဆင်ရမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းမှာ လွှတ်တော်မရှိဘဲဖြစ်နေကြောင်း၊ လွှတ်တော်ပြင်ပကနေ ပြင်ဆင်နိုင်သော လမ်းကြောင်းကို ဖွင့်ပေးရန် လိုသလို နည်းလမ်းရှာရန်လည်း လိုအပ်ကြောင်း ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 706
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းသည့်အခါ စစ်တပ်နှင့်တွဲ၍ ဖြေရှင်းရမည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
စစ်တပ်သည် အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်သော်လည်း အုပ်ချုပ်ရေးနယ်ပယ်၊ လူမှုရေးနယ်ပယ် စသည့် နယ်ပယ်အသီးသီး၌ ပါဝင်နေသောကြောင့် ထိုပြဿနာများအား ဖြေရှင်းသည့် အခါမှာ စစ်တပ်နှင့်တွဲ၍ ဖြေရှင်းရမည်ဟု ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “အဲတော့ ငြိမ်းချမ်းရေးဆိုတာက လက်ရှိဒါ နိုင်ငံတော်အနေနဲ့ ပြောရလို့ရှိရင် စံနှုန်းပြည့် အခြေအနေကတော့ စစ်တပ်ဆိုတာ အရပ်ဖက် အုပ်ချုပ်မှုအောက်မှာ ရှိရမယ်ပေါ့၊ သို့သော် ၁၉၆၂ အာဏာသိမ်း ပြီးကတည်းက ၈၈ အထိက စစ်တပ်၊ စစ်တပ်ကနေ ဖွဲ့စည်းတည်ထောင်တဲ့ပါတီ၊ အဲဒီကနေ ၂၀၁၁ အဲဒီလောက် နှစ်ပေါင်းများစွာ ဖြစ်လာတော့ ချက်ချင်းဆုတ်ခွာဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ ဒါအုပ်ချုပ်ရေးနယ်ပယ်၊ လူမှုရေး နယ် ပယ် အသီးသီးမှာ သူက ပါဝင်နေတာ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာလည်းပဲ စစ်တပ်နဲ့ တွဲပြီးတော့ပဲ ရှင်းရမယ်လို့ ကျနော်တို့ကတော့ လက်ခံထားပါတယ်၊ ကျနော်တို့ ကိုယ်၌ကလည်း တစ်ချိန်ချိန်မှာ ရာနှုန်းပြည့် ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်တင်မြှောက်တဲ့စနစ် ပေါ်ပေါက်လာအောင် ဆက်ကြိုးစားသွားမှာပဲ၊ သို့သော် လက်တလော အခြေအနေမှာ အဲဒါကို ကြိုတင်စည်းကမ်း ကန့်သတ်ချက် အဖြစ် နဲ့ ထားမယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းဖို့ တော်တော် ခက်သွားလိမ့်မယ်၊ မလွယ်ဘူး။ ဒါကြောင့်မို့လို့ လက်တလောမှာ စစ်တပ်နဲ့ တွဲပြီးထွက်ရတယ် ဆိုပေမယ့် တဖြည်းဖြည်းနဲ့ လျှော့ချဖို့အတွက်ကိုလည်း ကျနော်တို့ ဆက်လက် ဆွေးနွေးရမှာ၊ ကြိုးပမ်းရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NLD ပါတီခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ်၌ အာဏာရ အရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းမှ လွှဲပြောင်းရယူခဲ့သလို ၁၉၆၂ ခုနှစ်တွင် မြန်မာ့တပ်မတော်က ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော အရပ်သား အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ် ရောက်သည့်အခါမှာလည်း ကျောင်းသားအရေးတော်ပုံ ကနေတဆင့် မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြန်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
လက်ရှိ နိုင်ငံရေးတွင် ပဋိပက္ခများ ပြီးဆုံးသည်အထိ တပ်မတော်အနေဖြင့် ရှိနေဦးမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်ကို ဆန္ဒပြနေကြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးမှာကတော့ လက်ရှိဒီပဋိပက္ခတွေ ပြီးဆုံးတဲ့အထိကတော့ တပ်မတော်ကတော့ ရှိနေဦးမှာပဲပေါ့ နော်၊ နိုင်ငံရေးထဲမှာတော့ ပါနေဦးမှာပဲ၊ ဒါပေမယ့် တစ်ခုပဲရှိတယ် ကျနော်တို့ လက်ရှိဒီ ပစ်ခတ်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကလည်း လက်ရှိအခြေအနေကြောင့်မို့လို့ ဖြစ်နေတာကိုး၊ ပြောရမယ်ဆိုလို့ရှိရင် ပြည်မက ဗမာ PDF တွေအနေနဲ့ ဆိုလို့ရှိရင် သူတို့ရဲ့ လက်နက်စွဲကိုင် တော်လှန်ပုန်ကန်တယ် ဆိုတဲ့ဟာက ဒီလိုအာဏာထိန်းတယ် ဆိုတဲ့ ဖြစ်စဥ်ကို မကြိုက်ဘူး၊ ဒီအတွက်ကြောင့်မို့လို့ တော်လှန်ပုန်ကန်တယ်ဆိုတဲ့ဟာ တစ်ခုပဲရှိတာ၊ ကျန်တဲ့ လူမျိုးရေး ကြောင့်လည်း မရှိဘူး၊ ကျန်တဲ့ Ideology ကွဲလို့လည်း မဟုတ်ဘူးလေ၊ ဆိုတော့ ဒီဟာ မနက်ဖြန်ဆိုရင် ဆွေးနွေး မယ့် ရွေးကောက်ပွဲကျင်းပရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးဆိုတဲ့ ကိစ္စတွေဆိုလို့ရှိရင် တကယ့်တကယ်တမ်း ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ပြည်မမှာရှိတဲ့ PDF တွေကို သူတို့ဘယ် Ideology နဲ့ သူတို့က ဆက်ပြီးတော့မှ လက်နက်စွဲကိုင်ပြီးတော့မှ တော်လှန်ပုန်ကန်ဦးမှာလားပေါ့၊ ဒီဟာပြီးသွားပြီ၊ တပ်မတော်ကလည်း သူ့နေရာသူ ပြန်သွားပြီဆိုတဲ့ အခါကျလို့ရှိရင် ဘယ်လိုဆက်လုပ်မှာလဲပေါ့နော်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲတွင် မြန်မာ့တပ်မတော်နှင့် နိုင်ငံရေး ပါတီတချို့က တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ထိန်းထားခြင်းသာ ဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ကြောင်း ပြောဆိုရပ်တည်လျက်ရှိသည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်ပနိုင်ငံများကတော့ တပ်မတော်သည် နိုင်ငံတော်ကို အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုရပ်တည်လျက်ရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမည့်နှစ်(၂၀၂၆ ခုနှစ်) ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပပြီးစီးရန် လိုအပ်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ က နစကကောင်စီ အစည်းအဝေး တွင် ပြောကြားခဲ့သည်။
တခြားတစ်ဖက်မှာတော့ နစကနှင့်မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသော လက်နက်ကိုင် အင်အားစုများ က နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်စီးမည်ဟု ကြေညာထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
မည်သို့ပင်ဖြစ်စေ လာမည့်နှစ်(၂၀၂၆ ခုနှစ်)ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန် လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်က နစကကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ တာဝန်ယူချိန် ၂ နှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စဉ်းစားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်မှု လိုအပ်နေသည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့နောက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူထားပြီးဖြစ်၍ ရွေးကောက်ပွဲအား ယခုနှစ်(၂၀၂၅ ခုနှစ်) ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ(၂၀၂၆ ခုနှစ်) ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပ ရန်လျာထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့ တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ရက်အကန့်အ သတ် ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန် ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲအား တစ်ကြိမ်တည်း ကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များ ကျင်းပရာတွင် အစည်းအဝေး အထမြောက်ခြင်းနှင့်ပတ်သက် ၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ဝန်ကြီးချုပ် များကို ရွေးချယ် ခန့်အပ်ရခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် Electronic Voting Machine များဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနှင့် မဲရလဒ်ရရှိခြင်းများ ရရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မည်သို့ပင်ဖြစ်စေ လာမည့်နှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန်လိုကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားကြောင်း ၎င်းက ပြောသည်။
နစကသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် တိုက်ပွဲများ ကျယ်ပြန့်လာသည့်အတွက် သာမန်အခြေအနေမဟုတ်ဟုဆိုကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားမှုကို သက်တမ်းတိုးလာခဲ့ရာမှာ ယနေ့အထိပင်ဖြစ်သည်။
UWSA၊ SSPP၊ NDAA လက်နက်ကိုင် ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့နောက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုနှစ် မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ကြေညာခဲ့သည်။
နစကနှင့်မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် လက်နက်ကိုင်အင်အားစုများကတော့ နစကကျင်းပ မည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်စီးမည်ဟု ကြေညာထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 298
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဇော်ဇော်စိုးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဦးဇော်ဇော်စိုးသည် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က စင်္ကာပူမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်မိသားစုများ နှစ်သစ်ကူးတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သေးသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးချစ်ဆွေက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 586
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ဖက်ဒရယ်လိုချင်ပါက လွှတ်တော်ထဲသို့ တရားဝင်နည်းလမ်းဖြင့် ဝင်လာရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ် တစ်ခုတည်းဖြင့်သာ ကြိုးစားမည်ဆိုပါက ဖက်ဒရယ်ဆိုသည့် ခေါင်းစဉ်အောက်သို့ ရောက်မှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ဖက်ဒရယ်ပေးမယ်ဆိုရင် အခြေခံဥပဒေအရ ဘယ်လိုရေးဆွဲမလဲ။ အခြေခံဥပဒေမှာ ကျနော်တို့ ပြင်သင့်တာတွေ၊ ဖြည့်စွက်သင့်တာတွေ၊ ပြုပြင်မယ် ပြောင်းလဲမယ်။ ဆိုလိုတာက ဖက်ဒရယ် လိုချင်တယ် ဆိုပြီး တော့ ကိုယ့်နယ်မြေဒေသ၊ ကိုယ့်လက်နက်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့အခါ ကျနော်တို့က ဒီနယ်မြေယူပြီးသား အဲဒီတော့ ဒါကိုပေးလိုက်တော့ဆိုတဲ့ဟာမျိုး အဲဒီနည်းလမ်းက သုံးလို့မရဘူးပေါ့။ ဒါအရှင်းဆုံး နားလည်အောင်ပြောတဲ့ စကားပါ။ အဲဒီတော့ အခြေခံဥပဒေရဲ့ ပြင်ဆင်မှုအရ သွားမယ်ဆိုရင် ဒါသည် တရားဝင် လည်းဖြစ်တယ်။ အားလုံးလည်း လက်ခံနိုင်တဲ့ အနေအထား။ အဲဒီလိုဖြစ်ဖို့အတွက်က လက်နက်ကိုင်အဖွဲ့အစည်း တွေဘက်က ဒါနဲ့ပတ်သက်ပြီး ဆန္ဒရှိဖို့ ခေါင်းဆောင်တွေက လွှတ်တော်ထဲကို တရားဝင် နည်းလမ်းနဲ့ ဝင်လာဖို့ လိုအပ်တယ်။ အဓိကအချက်ကတော့ အဲဒါပါပဲ။ အဲဒီလို တရားဝင် နည်းလမ်းမဟုတ်ဘဲနဲ့ အပြင်ကနေ လက်နက် ကိုင် လမ်းစဉ်တစ်ခုတည်းနဲ့ ကြိုးစားတာမျိုးတော့ ဖက်ဒရယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ရောက်သွားမှာ မဟုတ်ပါ ဘူး” ဟု ပြောသည်။
လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပါတီအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ကာ လွှတ်တော် ထဲသို့ နိုင်ငံရေးလမ်းကြောင်းဖြင့် ဝင်ရောက်ခဲ့ကြသည်များ ရှိခဲ့ဖူးသည်။
သို့သော် အဆိုတင်သွင်းသည့် အခါမျိုးတွင် မဲခွဲဆုံးဖြတ်မှုများကနေ ကန့်ကွက်မဲ အများစုဖြင့် ပယ်ချခဲ့ရခြင်းတို့မှာ လည်း အကြိမ်ကြိမ်ရှိခဲ့ကြောင်း နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။
ယခုကဲ့သို့ အပေါ်စီးမှာနေ၍ ပြောဆိုနေမှု၊ ခေါ်ဆိုနေမှုများသည် ပဋိပက္ခပိုများရုံသာရှိပြီး တိုင်းရင်းသားများ လိုချင်သည့် အခွင့်အရေးများကို မပေးမချင်း လက်နက်ကိုင်တိုက်ပွဲများမှာ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်၊
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အားလုံးကတော့ သိပါတယ်၊ ဒါကတော့ နစက ခေါင်းဆောင်ကနေ အားလုံးကို ၂၀၀၈ အောက်ကို သွတ် သွင်းမယ်၊ သူတို့အပေါ်ကနေ အုပ်စိုးမယ်၊ ထိန်းမယ်ပေါ့နော်၊ ဒါသူတို့ရဲ့ အကြံစည်ဖြစ်တာပေါ့။ သူတို့က ဖက်ဒရယ်ကို တရားဥပဒေဆိုတာ ဘယ်တရားဥပဒေကို ပြောတာလဲပေါ့။ ၂၀၀၈ တရားဥပဒေပဲ ဖြစ်မယ်။ တခြား ဥပဒေမရှိဘူး။ ၂၀၀၈ အောက်မှာပဲဆိုရင်တော့ ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ရွေးကောက်ပွဲ ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ဝင်သွားဖို့က ရှိလိမ့်မယ်မဟုတ်ဘူး။ အပေါ်စီးကနေ ပြောဆိုတာ ခေါ်ဆိုတာက ကျနော်တို့နိုင်ငံအတွက် ကောင်းတာမဟုတ်ဘူး။ ဒီထက်ပဋိပက္ခတွေ ပိုများရုံပဲရှိပါတယ်။ နောက်ပြီး တစ်ခုမေးချင် တာက SAC ခေါင်းဆောင်အနေနဲ့ ဖက်ဒရယ်ကို ဘယ်လိုနားလည်လဲ၊ ဘယ်လောက် နားလည်လဲပေါ့။ ဖက်ဒရယ် ဆိုတာက တိုင်းရင်းသားတွေမှာ နဂိုမူလကတည်းက ရှိနေတဲ့ အခွင့်အရေးတွေကို ပေးကိုပေးရမယ်ပေါ့” ဟု ပြော သည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် "၂၀၂၅ အလွန် ဗဟုဝင်ရိုး ကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ"သုံးသပ် ဆွေးနွေးပွဲ၌ ဖက်ဒရယ် အခွင့်အရေးပေးရန် အဆင်သင့်ရှိကြောင်း၊ သို့သော် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဥပဒေအရ အများဆုံးဖြတ်ချက်ဖြင့် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 262
CNI News
၂၀၂၅ ခုနစ်၊ မတ်လ ၂၅
အားလုံးလက်ခံနိုင်သော မူများပါသည့် စာတမ်းတိုတစ်ခုအား ဝိုင်းဝန်းပြီး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများအပေါ် မည်သည့်နည်းလမ်းဖြင့် သွားပါက ပို၍ အဆင်ပြေမည်လဲဆိုကာ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေသည်။
ပထမဆုံးအနေဖြင့် Stakeholder အားလုံး တွေ့ရန်လိုအပ်ကြောင်း၊ အားလုံး မတွေ့နိုင်သော်လည်း တွေ့နိုင်သ လောက် အရင်တွေ့ရန် လိုအပ်ကြောင်း၊ ထို့အတူ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့်လည်း တွေ့ဆုံဆွေးနွေး မှုများ လုပ်နိုင်ရန် အားလုံးလက်ခံနိုင်သော မူများပါသည့် စာတမ်းတိုတစ်ခုအား ဝိုင်းဝန်းပြီး လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
Peace Talk 2025 ဆွေးနွေးနေစဉ်
၎င်းက “ပထမဆုံးလုပ်ရမှာတော့ ကျနော်တို့ အစုဝင်တွေပေါ့ ဒီ Stakeholder အားလုံးက တွေ့ဖို့လိုပါလိမ့်မယ်၊ ချက်ချင်း အားလုံးမတွေ့နိုင်သော်လည်း တွေ့နိုင်သလောက်ကတော့ အရင်တွေ့ဖို့လိုပါလိမ့်မယ်၊ ကျနော်ထင်တယ် နေပြည်တော်မှာ အခုလုပ်ဆောင်နေတာလည်း ဒါတွေအတွက် လုပ်ဆောင်နေသလားလို့တောင် အဲသလိုမျိုး ထင်တာပေါ့ဗျာ၊ ၂၄ ရက်နဲ့ ၂၆ ရက်အထိ သူတို့လုပ်ကြမယ်လို့ ကျနော်ကြားရပါတယ်၊ အဲဒီတော့ ဒီဥစ္စာဟာလည်း သူတို့ရဲ့ လုပ်နိုင်တဲ့ အပိုင်းကလုပ်တယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ SAC မဟုတ်တဲ့ SAC နဲ့မဆိုင်တဲ့ အစုဝင်တွေကလည်း ဒါကို မြန်မြန်လုပ်ဖို့ လိုပါလိမ့်မယ်လို့ ထင်တယ်၊ လုပ်ပြီဆိုလို့ရှိရင်လည်း ကျနော်တို့ အားလုံး လက်ခံနိုင်တဲ့ မူတစ်ရပ်ကို ကျနော်တို့ မြန်မြန်ချမှတ်နိုင်မယ်လို့ ကျနော်မျှော်လင့်တယ်၊ အရင်တစ်ခေါက်က ပြီးခဲ့တဲ့လတုန်းက အာဆီယံခေါင်းဆောင်တွေ၊ မစ္စတာ သက်ဆင်ရှင်နာဝပ်တို့ကို ကျနော်တို့ တင်ပြတဲ့အခါကျ တော့ အရှည်ကြီး ဖြစ်တဲ့အခါကျတော့ သူများက မလိုက်နိုင်ဘူး၊ အဲဒီတော့ ကျနော်တို့ တိုတိုဖြစ်ဖြစ် စာတမ်းတို၊ အားလုံးလက်ခံနိုင်တဲ့ မူတွေပါတဲ့ စာတမ်းတိုလေးတစ်ခု ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နိုင်ရင် သိပ်ကောင်းမယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)က ဦးဆောင်၍ နေပြည်တော်တွင် Peace Talk 2025 (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ကျင်းပလျက်ရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ အရပ်ဖက်ကိုယ်စားလှယ်များ၊ ၊ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့သူများ၊ လက်နက်ကိုင်များ၊ သတင်းမီဒီယာများ စသဖြင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ဖြင့် ဆွေးနွေး လျက်ရှိသည်။
စစ်ရေးအားမသာဘဲ နိုင်ငံရေးသီးသန့် သွားမည့်အဖွဲ့များ လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
Peace Talk 2025 ဆွေးနွေးပွဲ ကျင်းပနေစဉ်
၎င်းက “စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း ၂ မျိုးရှိတဲ့ နေရာမှာ စစ်ရေးကြီး သီးသန့်သွားလို့မရသလို နိုင်ငံရေး ကြီး သီးသန့်သွားလို့လည်း မရဘူး၊ အဲတော့ ဆိုလိုတာက ဒီအဖွဲ့တွေက အကုန်တူတာ မဟုတ်ဘူး၊ အကုန်လုံး ပါဝင်သင့်တယ် ဆိုပေမယ့် ကိုယ့်စိတ်ကူးထဲမှာ စစ်ရေးကြီးပဲ အားသာနေတဲ့ အဖွဲ့တွေကို နိုင်ငံရေးစားပွဲပေါ်မှာ ဆွဲတင်တာမျိုးဆိုတာ လက်တွေ့မှာ အတော်လေးခက်တယ်၊ အဲတော့ နိုင်ငံရေးအားသာတဲ့ အဖွဲ့တွေအတွက် နိုင်ငံရေးအရ ဘယ်လိုသွားမလဲဆိုတဲ့ ဆွေးနွေးချက်တွေ သူတို့ကျရင်တော့ ပိုပြီးတော့ ဒါအဆင့်မြင့်တာပေါ့၊ လွှတ်တော်အတွင်း ဘယ်လို ပေါင်းစည်းမယ်၊ တည်ဆောက်မယ်၊ နိုင်ငံတော်ကို ဘယ်လိုပြုပြင်မယ်၊ ဘာညာတွေ ဒါကသွားမယ့်တစ်ပိုင်း၊ ဟိုဖက်က စစ်ရေးသမားကျတော့ သူ့ဟာသူ စစ်ရေးနဲ့ အလုပ်လုပ်လိမ့်မယ်၊ ဒါမျိုးကျတော့ မြေပြင်မှာ စစ်ရေးနဲ့ လှုပ်ရှားမှုတွေက ဘေးကပတ်ဝန်းကျင် ထိခိုက်မှုတွေ များလာရင်တော့ စစ်ရေးနဲ့ပြန်ဖြေရှင်း ရတာတွေ ရှိတယ်၊ အဲတော့ စစ်ရေးအားမသာဘဲနဲ့ နိုင်ငံရေးသီးသန့် သွားမယ့်အဖွဲ့တွေ လိုအပ်တယ်၊ အဲတော့ ဘယ်လိုသွားမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ ခုနပြောသလိုပေါ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီ အောင်လုပ်ရမှာပါပဲ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 267
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅ ကို နေပြည်တော်မှာ မတ်လ ၂၄-၂၅-၂၆ ရက်အထိ သုံးရက်တိတိ ကျင်းပနေရာ မည်သည့် ကိစ္စရပ်များကို ဆွေးနွေးနေကြလဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်စားလျက်ရှိနေကြသည်။
Peace Talk 2025 ပထမနေ့ (မတ်လ ၂၄ ရက်)တွင် အဖွဲ့(၁)က ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေး၊ အဖွဲ့(၂)က ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့်ကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲမှာ ပါဝင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ဒုတိယနေ့ (မတ်လ ၂၅ ရက်)တွင် အဖွဲ့(၁)က ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့် ငြိမ်းချမ်း ရေး ဖြစ်စဉ်အပေါ် သက်ရောက်မှုများ၊ နိုင်ငံတကာ ဆက်ဆံရေး ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု နှင့် မြန်မာ့ငြိမ်းချမ်းရေးအခန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အဖွဲ့(၂)က ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာတွင် ဆက်စပ်သည့် ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်ခြင်း တို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Peace Talk 2025 ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ (NSPNC)က ဦးဆောင်၍ နေပြည်တော်မှာ ကျင်းပခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ NCA ထိုးထားသည့် လက်နက်ကိုင် ၆ ဖွဲ့၊ နိုင်ငံရေးပါတီ ၂၇ ပါတီ၊ ယခင်အစိုးရများလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသဖြင့် ပါဝင်ကြ ကြောင်း သိရသည်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ရှေ့မဆက်နိုင်ဘဲဖြစ်နေသလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပျက်သွားပြီဟုလည်း သတ်မှတ်ခံထားရ၍ NCA လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ မရဘဲဖြစ်နေသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော လက်နက်ကိုင်များ ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းမှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများ ရပ်တန့်နိုင်ရေး နစက-က ကြိုးပမ်းနေသော်လည်း ဆွေးနွေးပွဲများမှာ ထိရောက်မှုမရှိသေးဘဲ ဖြစ်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 370
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်က အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း” ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကို အစောဆုံး ထား၍ ကျင်းပသွားရန် စီစဉ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေပြီး သမ္မတလူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ် သမ္မတ လူကာရှန်ကို,ကို တွေ့ရစဉ်
သို့သော် ပြည်တွင်း/ပြည်ပ သံတမန်များကြားမှာတော့ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းပါး ကြောင်းနှင့် အစောဆုံးဆိုခြင်းကြောင့် နောက်အကျဆုံး အခြေအနေရှိနေနိုင်သေးသလားဟု ထောက်ပြလျက်ရှိ သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ မတ်လထိ ရောက်ရှိလာသည့်တိုင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိသေးပေ။
နစကနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ကျင်းပသွားရန် ဆန္ဒရှိ နေကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီ သို့မဟုတ် မေလတွင် အာဏာလွှဲပြောင်းရေး ဖြစ်လာနိုင်ကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ ပေးပို့သော သဝဏ်လွှာပါ ပြောကြားချက်ကိုတွေ့ရစဉ်
လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း မှုရှိရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍လည်း ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့်လက်နက်ကိုင် အင်အားစု များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော် လက်လွတ်ဆုံးရှုံးထားရသည်။
ထို့နောက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေပြီး နေအိမ် အပါအဝင် အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။