- By CNI
- Category: နိုင်ငံရေး
- Hits: 480
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူလူထုများ မဲလာပေးမှု အားနည်းလျှင် နိုင်ငံအခင်းအကျင်း သည် မျှော်လင့်ထားသလို အမှန်ပြောင်းလဲလာနိုင်ပါ့မလား ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများအကြား သုံးသပ်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲအလွန် နိုင်ငံ့အခင်းအကျင်းအတွက် နိုင်ငံရေးပါတီများသည် ရန်ဘက်ထက် မိတ်ဖက်ပိုများကြောင်း၊ မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ၏ ရလဒ်သည် နိုင်ငံအတွက် ကောင်းမွန်သည့်ဘက်ကို သွားနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ဆုံး အချက်အနေနဲ့ ဘယ်လိုပင်ပေါ့ဗျာ၊ ပြည်ခိုင်ဖြိုးက အမတ်များမယ်၊ တပ်မတော်က အမတ်များ မယ်၊ တခြားပါတီတွေက အမတ်က သူတို့လောက် မများသည်ထားအုန်း။ ကျနော်တို့ နားလည်ယုံကြည်နေတာက လာမယ့် ကာလ ၅ နှစ်တာသည် အခုကာလအထိပေါ့။ လွတ်လပ်ရေး ခေတ်ဦးကနေ အခုကာလအထိ ပြည်တွင်း စစ် ဆိုးကျိုးသံသရာကနေ ကနဦး ရုန်းထွက်ဖို့ ခြေလှမ်းပြင်တဲ့ မြန်မာ့လူဘောင်ရဲ့ ငြိမ်းချမ်းတည်ငြိမ်ဖို့ ဖွံ့ဖြိုး တိုးတက်ဖို့ကို သွားမယ့် အနာဂတ်နိုင်ငံတော်သစ်ရဲ့ ကနဦး ၅ နှစ်လို့ ယုံကြည် လက်ခံထားတာပဲ။ အဲဒါကြောင့် အားလုံးပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ပေါ်ထွန်းလာနိုင်တဲ့ အခင်းအကျင်း နိုင်ငံရေး တွန်းအား ကတော့ ရှိနေတယ်။ ယုံကြည်မှုကတော့ ရှိနေတယ် အဲဒီအမျိုးသား ညီညွတ်တဲ့ အစိုးရတစ်ရပ်ကို ပါတီတစ်ခုထဲနဲ့ ဖွဲ့စည်းလို့မရဘူး။ တပ်မတော်သားတွေနဲ့ချည်းပဲ ဖွဲ့စည်းလို့မရဘူး။ ဘက်ပေါင်းစုံ တိုင်းရင်းသားတွေပါတဲ့ အမျိုး သား ညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးမှ ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကို ဒီ ၅ နှစ်အတွင်းမှာ ခြစ်ကုတ်ခြစ်ခဲ ကျနော်တို့ အောင်မြင်အောင် ကြိုးစားရမယ့် နိုင်ငံရေးအရ ကျနော်တို့ကို တာဝန် ပေးအပ်ထားတဲ့ ကာလတစ်ခု သတ်မှတ်ယုံကြည်နေကြတဲ့ ကာလဖြစ်တယ်”ဟု ပြောသည်။

USDP ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးရလဒ်ကို ထွက်အောင်ကြိုးစားရမည့် လာမည့် ၅ နှစ်ဟု ယုံကြည်သည် ဆိုပါက ပြည်သူလူထု ပေးမည့်မဲတိုးပွားလာနိုင်ကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
၎င်းက “ အဲဒါကြောင့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအားဖြင့် ရလဒ်ကို ထွက်အောင် ကြိုးစားမယ့် ကနဦးငါးနှစ်လို့ အားလုံးက ယုံကြည်တယ်ဆိုရင် ပြည်သူရဲ့ ပေးတဲ့မဲကလည်းပဲ တိုးလာနိုင်တယ်။ အဲဒီလိုပဲ အဲဒီလို အခင်းအကျင်း မျိုးဖြစ်အောင် ပြည်ခိုင်ဖြိုးသော်လည်းကောင်း၊ တပ်မတော် ဘက်ကသော်လည်းကောင်း ဦးဆောင်ပြီးဒီအခင်းအကျင်းကို ဖန်တီးလာနိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီများဟာ လာမယ့် အခင်းအကျင်း အတွက် ပွင့်ပွင့်လင်းလင်းပြောရင် ရန်ဘက်ထက် မိတ်ဖက်ပိုများတယ်။ နိုင်ငံကိုအားလုံးပါဝင်ပြီး အားလုံးလက်တွဲပြီး ပြန်လည်ပြီးတော့ အနာဂတ်နိုင်ငံတော်သစ်ရဲ့ ကနဦးခြေလှမ်းအစပြုတဲ့ ငါးနှစ်ကို တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ ချထားကြတဲ့ကာလလို့ ကျွန်တော်ယုံကြည်တယ် " ဟု ပြော သည်။
လက်ရှိတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုသည် ဆန္ဒမဲပေးရန်အတွက် ယခင်လို ဝေဝါးနေသည့် အခြေအနေမျိုး မရှိတော့ကြောင်း၊ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု မဲပေးမှု အားနည်းမည့် အခြေအနေဖြစ်မည် မထင်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပရောက် လူတွေကလည်း တစ်လျှောက်လုံး ပြည်တွင်းက အဖြစ်မှန်တွေကို နဂိုထဲကိုကလည်း မသိ တာကို သိရင်လည်း မသိချင်ယောင် ဆောင်တဲ့သူက ခပ်များများလေ။ ပြည်ပကနေ ပြောနေတာတွေကို အဟုတ် ကြီး ထင်နေတာကို အဟုတ်ကြီး ထင်နေတယ်။ ဒါကြောင့်မို့လို့လည်း မဲမပေးနဲ့တို့ ဘာတို့ သူတို့မဲပေးမှ ဒီရွေးကောက်ပွဲကြီးက အောင်မြင်သွားမှာမှ မဟုတ်တာ၊ ပြည်တွင်းမှာ မဲပေးမယ့်လူကလည်း နည်းနည်းလေးပဲ ရှိမှာမဟုတ်ဘူးလေ၊ မဲပေးမယ့်လူက ရှိထားပြီးသား။ လူတွေဟာ နဂိုတုန်းကတော့ မဲမပေးရဘူးတို့ ဘာတို့ ပြောနေပေမယ့် ပြောတာကို ယောင်တာတွေလည်း ရှိတာပေါ့နော်။ ယောင်နေတယ်ဆိုတာ တကယ်ပဲ ဟုတ်ရ တော့ မလိုလို ဘာလိုလိုနဲ့ အဲ့တာမျိုး ယောင်တဲ့ပုံစံရှိပေမယ့် အခုကတော့ ရွေးကောက်ပွဲ နီးလာတယ်ပေါ့နော်။ နီးလည်းနီးလာပြီဖြစ်တဲ့ အခြေအနေမှာ ယောင်နေတယ်ဆိုတဲ့ဟာတွေက သိပ်မရှိတော့ဘူးဆိုတဲ့ ဟာမျိုးပေါ့နော်။ ခုနက မပေးဘူးလို့ ပြောတဲ့ဟာတွေလည်းရှိမှာပေါ့။ ဒါပေမယ့် အများစုကတော့ အစ်မမြို့နယ်မှာပဲ အစ်မရဲ့ လသာ မြို့နယ်မှာပဲ အစ်မကြည့်တယ် အဲ့လို ယောင်တဲ့လူက သိပ်မရှိတော့ဘူးလို့ တွေ့ရတယ်ပေါ့နော် မဲပေးတာက နည်း လိမ့်မယ်လို့ အစ်မကမထင်ဘူး”ဟု ပြောသည်။

NLD ပါတီ ခေါင်းဆောင်တွေကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ပွဲ ကျင်းပစဉ် မဲပေးသူ မည်မျှ အရေအတွက်ရှိမှ ရွေးကောက်ပွဲ အောင်မြင်အထမြောက်ကြောင်း သတ်မှတ်ချက် ပြဋ္ဌာန်းချက် မရှိသည့်အတွက် လူတစ်ဦး မဲပေးလျှင်လည်း အထ မြောက်ကြောင်း ကိုယ်စားလှယ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ပူးပေါင်း ပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် တချို့၊ NUG နှင့် PDF များက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ပြည်သူလူထုသည် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကြီးကို ပြောင်းလဲရန်အတွက် ရွေးကောက်ပွဲက အရေးပါသော်လည်း တရားမျှတသည့် ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ဖြစ်မနေခြင်းနှင့် ရွေးကောက်ပွဲ လုံခြုံရေး အပေါ် စိုးရိမ်မှုများဖြစ်ကာ မဲပေးရေး မပေးရေးကို ဝေးဝါးနေကြသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
အလားတူ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုရှိခြင်းနှင့် ရွေးကောက်ပွဲများမှာ မဲအများဆုံး အနိုင်ရလေ့ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP) တို့ မပါခြင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တစ်ဖက် သတ် အနိုင်ရရှိရေး ဖြစ်နေသော ရွေးကောက်ပွဲ အခင်းအကျင်းကြောင့် ပြည်သူလူထု အများစုက မဲပေးရန် စိတ်ဝင်စားမှု အားနည်းနေသည်။
တခြားတစ်ဖက်မှာတော့ ပြည်သူလူထု မဲပေးမှု အားနည်းလျှင် အလယ်အလတ်ရှိသော နိုင်ငံရေးပါတီများ အနိုင် ရရှိမှု အားနည်းသွားပြီး USDP က အပြတ်အသတ် အနိုင်ရကာ အစိုးရသစ်နှင့် လွှတ်တော်ပေါ်လာမည်ဆိုလျှင် အတိုက်အခံမရှိသည့် နိုင်ငံရေး အခင်းအကျင်းဖြစ်သွားနိုင်ကြောင်း၊ ထိုအခင်းအကျင်းဆိုလျှင် ပြည်သူလူထု မျှော်လင့်ထားသော နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာရန် မလွယ်ကူကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 356
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နန်းယွန်းမြို့ပေါ်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးကို အမည်မသိ လူတစ် စုက ဗုံးဖောက်ခွဲ၍ နာဂဒေသ၏ ငြိမ်းချမ်းရေးအား ဖျက်ဆီး၍ မတည်ငြိမ်အောင် လုပ်ဆောင်နေသည်ဟု နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၄ နာရီခန့်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးကို အမည်မသိ လူတစ်စုက ဗုံးပစ်ခတ် တိုက်ခိုက်ခဲ့သည်။ သို့သော် မည်သည့် အဖွဲ့အစည်းက လုပ်ကြောင်း မသိရသေးသလို ဗုံးဖောက်ခွဲခဲ့သူ များကလည်း မိမိတို့ ဘယ်သူဘယ်ဝါဆိုတာ ဝန်ခံထုတ်ပြန်ထားခြင်း မရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ထိုဖြစ်စဉ်ကြောင့် လူထု၏ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့ ကို လက်လွတ် ဆုံးရှုံးခဲ့ရကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM အဖွဲ့က “ဤကဲ့သို့ လူမဆန်သည့်၊ တာဝန်မဲ့သည့် လုပ်ရပ်သည် ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချိုးဖောက်ရန်နှင့် နာဂဒေသများကို ထပ်မံ၍ အရေးပေါ် အခြေအနေများနှင့် မတည် ငြိမ်မှုအတွင်း ဆွဲချရန် ရည်ရွယ်ထားသော လှုံ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း NSCN-K မှ မြင်မြင်သာသာ သတ်မှတ် ထားပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ အားထုတ်မှုများကို အန္တရာယ်ပေးသည့် ထိုတိုက်ခိုက်မှုကို အပြင်း ထန်ဆုံး စကားလုံးများဖြင့် လုံးဝရှုတ်ချပါသည်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က ဗုံးပစ်တိုက်ခိုက်ခံရတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသများအားလုံးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် အစုလိုက် အပြုံလိုက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သော မည်သည့် လုပ်ရပ်မဆို နာဂလူမျိုးတို့၏ အနာဂတ်နှင့် မျှော်လင့်ချက်များကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွင်း တရားဝင် ပါဝင်ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံရှိ နာဂလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ကောင်းမွန်သော အနာဂတ် တစ် ရပ်ကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
နာဂဒေသတွင် NSCN-K/AM၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန်ရှီရမ်ဆမ်(NSCN-IM/HS)၊ အရှေ့နာဂအမျိုးသားအစည်းအရုံး(ENNO/ENDA)၊ နာဂ PDF တို့ အပါအဝင် ကသည်းနှင့် အာသံ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားလျက်ရှိသည်။
ထိုအထဲမှ NSCN-K/AM သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိပြီး ENNO/ENDA၊ NPDF တို့ကတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်နက်ခဲယမ်း ထောက်ပံ့မှုဖြင့် မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
အလားတူ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS အပါအဝင် ကသည်းနှင့်အာသံ လက်နက်ကိုင်များကတော့ အိန္ဒိယအစိုးရကို တော်လှန်နေသော အဖွဲ့အစည်းများဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 470
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေး ခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုအား မထောက်ခံခြင်းပင်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က မင်းဘူးမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စား နှင့်မလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင် များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက “ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ် ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုသည်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲအပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲအပိုင်း (၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင် တချို့၊ NUG နှင့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများက မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသလို ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူ များအား အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မဲဆန္ဒရှင် ပြည်သူများသည် ဘေးကျပ်နံကျပ်ဖြစ်ကာ မဲပေးရေး မပေးရေးကို ဝေခွဲမရဘဲ ဖြစ်နေကြ ကြောင်း၊ လက်ရှိ အခြေအနေကိုလည်း ပြောင်းလဲလိုသော ဆန္ဒများ ရှိနေကြကြောင်း နိုင်ငံရေးလေ့လာစောင့် ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်တော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 428
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်မှုထမ်းဥပဒေကို စနစ်တကျဖြစ်အောင် မည်ကဲ့သို့ ထိန်းကျောင်းသင့် သလဲဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြ သည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး လက်ရှိအချိန်၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် ၂၀ အထိရှိပြီ ဖြစ်သည်။
စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အလွဲသုံးစားလုပ်နေသည့် အာဏာပိုင်များ များစွာရှိနေကြောင်း၊ လွှတ်တော် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းလုပ်ငန်းစဥ်သည် စနစ်တကျ ပြန်လည်ပြင်ဆင်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကိုတွေ့ရစဉ်
၎င်းက “ဒါကတော့ အန်တီတို့တွေ မကြာခဏ ပြောနေတဲ့ ကိစ္စတွေဖြစ်တယ်၊ စစ်မှုထမ်းဥပဒေဟာ ဒုချုပ်ကြီး ပြောနေသလိုလည်း ဖြစ်မနေဘူး ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသလိုလည်း အောက်ခြေမှာ ဖြစ်မနေဘူး။ ဒီစစ်မှု ထမ်းဥပဒေကို အလွဲသုံးစားလုပ်တဲ့ အာဏာပိုင်တွေ အများကြီး ရှိနေတယ်၊ ဒါကြောင့်မို့လို့ တိုင်ပါတိုင်ပါဆို တိုင်တာပဲလေ။ တိုင်ပေမယ့် တိုင်ရင်လည်းပဲ အဲ့နေရာက ခဏပဲ တစ်လ၊ နှစ်လ၊ သုံးလ ငြိမ်သွားမယ်။ ပြီးရင် နောက်လေးလမြောက် ငါးလမြောက်ကျရင် ပြန်ပြီး ပိုက်ဆံကောက်ကြမယ်၊ ပိုက်ဆံကောက်ပြီးတော့ ပြည်သူ လူထုက ပိုက်ဆံတွေ စုပြီးတော့ လူဝယ်ရတယ်။ အခုဆို သိန်း ၈၀ တို့ သိန်း ၉၀ တို့တောင် တချို့နေရာတွေမှာ ပေါက်နေတယ် လေ၊ အဲတော့ ဒါတွေက ငြင်းလို့မရဘူး။ လူတွေကြားထဲကို တကယ်ဆင်းနိုင်ရင် ငြင်းလို့ကိုမရဘူး ငြင်းလို့မရတဲ့ ကိစ္စတွေဖြစ်တယ်ပေါ့နော်။ အဲလိုပြောလို့ အရေးယူမှုတွေ မရှိဘူးလားဆို ရှိတာပဲ။ အရေးယူမှု ရှိသလောက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စတွေ ပပျောက်သွားလားဆို မပပျောက်ဘူး။ ဒါကြောင့်မို့လို့ စနစ်တကျ ဒီကိစ္စက စစ်မှုထမ်းကိစ္စက ရွှေ့ဆိုင်းနိုင်ရင် ရွှေ့ဆိုင်း မရွှေ့ဆိုင်းနိုင်လို့ ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ထားရှိအုံးမယ်ဆိုရင် ကောက်ခံတဲ့စနစ် ကောက်ယူတဲ့စနစ် စုဆောင်းတဲ့စနစ်က ပြင်ကိုပြင်ရမှာ ဖြစ်တယ်။ ဒီထက်ပိုပြီးတော့ တာဝန် ယူမှု တာဝန်ခံမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်ပေါ့၊ ပြင်ကိုပြင်ဆင်ရမယ့် လုပ်ငန်းစဥ် တစ်ရပ်ဖြစ်တယ်ပေါ့။ လွှတ်တော်ပေါ်လာတာနဲ့ တစ်ပြိုင်နက်ထဲ ဒီဟာက လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဥ်ဖြစ်တယ်”ဟု ပြောသည်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းသည် နိုင်ငံ၏ ကျူးကျော်စစ်များ ဖြစ်လာသည့်အချိန်တွင် နိုင်ငံသားတိုင်းသည် စစ်သားတစ်ယောက်သဖွယ် ခံယူချက်ရှိသင့်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း၊ လွှတ်တော်တွင် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ အားလုံး စုပေါင်းဆွေးနွေးပြီး ပြုပြင်ပြောင်းလဲသင့်သည်ဟု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဒေါ်စန္ဒာမင်းမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမတို့ တုန်းကတော့ ဒီလိုမျိုး အဖျက်သဘောပြောနေတဲ့ အဖျက်သဘော အမြင်ဆောင်နေတဲ့ ကိစ္စမျိုး တွေတော့ မရှိဘူးပေါ့။ ဒီလို လော်ဘီလုပ်နေတဲ့ ဟာတွေက မရှိတဲ့အခါကျတော့ လူတွေက အဲဒီလိုမျိုး မတွေး ချင်လာဘူး၊ ဒါပေမယ့် အခုကျတော့ အဖျက်သဘောဘက်ကပဲ တအားပြောတဲ့ဟာမျိုးတွေ ရှိလာတဲ့အခါကျတော့ ဒီနေ့ပဲ စစ်မှုထမ်းထဲကို ရောက်တယ်၊ မနက်ဖြန်ပဲ သေတော့မလိုလိုနဲ့ ဒီလိုမျိုးတွေ ဖြစ်နေတဲ့ အခါကျတော့ ကျမ တို့က ဒီဥပဒေကတော့ ဒါကြီးကို ဟာ ဖျက်သိမ်းလိုက်ပါတို့ ဘာတို့ ပြောလို့တော့မရဘူး။ အဲလိုပြောရမယ့် အခြေ အနေလည်း မဟုတ်ဘူး။ သို့သော်လည်း လွှတ်တော်ထဲမှာ ပညာတတ်တွေ အများကြီး ရောက်လာမှာ ဖြစ်တယ်။ အဲတော့ အဲဒီလူတွေ အကုန်လုံးနဲ့ စုပေါင်းညှိနှိုင်းပြီးတော့ ရလာတဲ့အဖြေ တစ်ခုနဲ့တော့ တစ်ခုခုတော့ တိုင်းပြည် အတွက်ကို ကိုယ့်တိုင်းပြည်ကို ကျူးကျော်လာတဲ့ အခါတိုင်း ဖြစ်လာတဲ့ အခါကျလို့ရှိရင် ခုခံနိုင်အောင်ပဲဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲနိုင်အောင်ပဲဖြစ်ဖြစ်၊ ကျမတို့က အဆင့်သင့် ဖြစ်နေနိုင်အောင်တော့ အားလုံး စု ပေါင်းပြီးတော့ တစ်ခုခုတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုတော့ ပြုပြင်ပြောင်းလဲသင့်တယ်ဆို တဲ့ ဟာကိုတော့ ကျမတို့မှာလည်းရှိတယ်၊ ကျမမှာရှိသလို လွှတ်တော် ကိုယ်စားလှယ်တိုင်းမှာလည်း ရှိတယ်။ အဲတော့ အားလုံးစုပေါင်းပြီးတော့ ဆွေးနွေးရင်တော့ အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ကျမထင်တယ်” ဟု ပြော သည်။

စစ်မှုထမ်းမည့် သူများကို ကြိုဆိုနေကြစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာ သွားကြသလို စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခံရခြင်းများကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေမှာ လျော့ကျလာကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့နောက် လူဦးရေ လျော့ကျလာခြင်းနှင့်အတူ အလုပ်သမား ရှားပါးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာ ခြင်း၊ လူဦးရေ လျော့ကျခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာရခြင်း စသည့် အခြေအနေများကိုလည်း ရင်ဆိုင် လာနေရကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်စလုံးက စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီး ခြင်းများ အရှိန်မြှင့် လုပ်ဆောင်နေကြသည်။
ထို့ကြောင့် လက်နက်ကိုင်ထားကြသော အဖွဲ့အစည်းများ၏ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများ ရပ်တန့်နိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအကဲခတ်များက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 352
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူလူထု၏ စိတ်ဝင်စားမှု မည်ကဲ့သို့ ရှိသလဲဆိုသည့်အပေါ် စောင့်ကြည့်နေကြသည်။
ဧရာဝတီတိုင်းဒေသကြီးသည် လက်နက်ကိုင် ဖြေရှင်းသည့်နည်းကို မသွားဘဲ ရွေးကောက်ပွဲလုပ်ပြီး ရွေးကောက်ပွဲ နည်းအရ အစိုးရသစ်ပေါ်လာအောင် စောင့်စားသည့် နယ်တစ်နယ်ဖြစ်ကြောင်း ဧရာဝတိုင်းဒေသကြီး၊ ဒေးဒရဲ မြို့နယ်မှ ဝင်ရောက်ယှဥ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဧရာဝတီတိုင်းကတော့ သူကတော့ ငြိမ်းချမ်းတဲ့ နေရာဖြစ်တဲ့အတွက် လက်နက်ကိုင်ပြီး ဖြေရှင်းတဲ့နည်း ကို မသွားဘဲ ဧရာဝတီတိုင်း ၂၆ မြို့နယ်ကတော့ လွှတ်တော်တစ်ခု ပြန်ပေါ်ပေါက်ဖို့အတွက် ဒီမိုကရေစီနည်းအရ လွှတ်တော်တစ်ခု ပြန်ပေါ်ပေါက်မယ်။ အခုလက်ရှိ ရွေးကောက်ပွဲမှာ ဒီနိုင်ငံရေးနည်းနဲ့ လွှတ်တော်ထဲမှာပဲ အစိုးရ တစ်ရပ် ဖွဲ့စည်းပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့ မူရှိတာပေါ့။ ဟိုဘယ်နေရာမှ လက်နက်ကိုင် ပုံစံမျိုးလည်း ဘာမှ မဖြစ်ခဲ့ဘဲနဲ့ ဒီစကစကို သူတို့ရပ်နားသွားပြီးတော့ တိုးတဲ့ဟာတွေပေါ်မှာ ဒီရွေးကောက်ပွဲ လုပ်မယ့်ရက်ကိုပဲ စောင့်ပြီးတော့ ရွေးကောက်ပွဲနည်းအရပဲ နောက်ထပ် အစိုးရသစ် ပေါ်လာအောင်လို့ စောင့်စားတဲ့ နယ်တစ်နယ် ဖြစ်တာပေါ့။ ပြည်သူလူထု အနေနဲ့ကတော့ မှတ်ပုံတင် ရှိရဲ့သားနဲ့ မဲစာရင်းထဲမှာ မပါဘူးဆိုရင်လည်း ပုံစံ ၃ နဲ့ လျှောက်တာတွေ ဘာတွေအားလုံး အကုန်လုံး တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတယ်ပေါ့။ ဒီနိုင်ငံရဲ့ အရွေ့ တစ်ခုကိုပေါ့။ ဒါပြည်သူလူထုနဲ့ ရပ်ကျေး ဒီလိုကော်မရှင်နဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို မဲပေးပုံ ပြသနေစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လာခဲ့ရာ ယနေ့ ၂၀၂၅ ခုနှစ်အထိပင် ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူလူထု အနေနှင့် ရွေးကောက်ပွဲနှင့်ပက်သက်ပြီး တော်တော်လေး စိတ်ဝင်စားမှု အားနည်းသည်ကို တွေ့ရကြောင်း ပြည်သူရှေ့ဆောင်ပါတီ(PPP)မှ ဧရာဝတီတိုင်းဒေသကြီး၏ အတွင်းရေးမှူး ဦးဇော်ဝေထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်သူလူထု အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုလို့ ပြောရင်တော့ တော်တော် လေး တချို့လည်း စိတ်ဝင်စားမှု အားနည်းတာကိုတော့ တွေ့ရတယ်။ ဒါလည်း ဘာကြောင့် အားနည်းတာလဲလို့ ပြောရရင် အရှေ့မှာ ကျနော်တို့က ရွေးကောက်ပွဲနှစ်ခု ဖြတ်သန်းခဲ့တဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေက မဲဆွယ်စည်းရုံးရေးကာလမှာပဲ တွေ့ရပြီးတော့ မဲဆွယ်စည်းရုံးပြီးတော့ လွှတ်တော်ဆီ ရောက်သွားတဲ့ အခါကြလို့ရှိရင် ဒီမဲဆန္ဒရှင် ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့မှ လုပ်ပေးနိုင်တဲ့ ပြန်ကြည့်နိုင်စွမ်း အားနည်းခဲ့ကြတယ်။ အားနည်း ခဲ့ကြတဲ့အတွက် ပြည်သူလူထုတွေကတော့ ဟိုရွေးကောက်ပွဲပြီးရင် ဒါတွေက မဟုတ်တော့ပါဘူးဆိုတဲ့ စိတ်မျိုးနဲ့ ဒီရွေးကောက်ပွဲအပေါ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပေါ် စိတ်ဝင်စားမှု အားနည်းတာမျိုးလည်း ရှိ တယ်။ အခုက မဲဆန္ဒရှင် ပြည်သူတွေ အားလုံးက စီးပွားရေး အကျပ်အတည်း၊ လူမှုရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အခါကြတော့ အဲ့ဒါကြောင့် စိတ်ပါဝင်စားမှု အားနည်းတာတော့ရှိတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို မဲပေးပုံ ပြသနေစဉ်
သို့သော် သွားရောက်ပြီးတော့ တွေ့ဆုံရှင်းပြသည့် အခါကျရင်တော့ စိတ်ပါဝင်စားမှု မြင့်တက်လာသည့် သူများ လည်းရှိကြောင်း၊ မိမိတို့ ပါတီအနေဖြင့် ရက် ၁၀၀ အတွင်းမှာ ကုန်စျေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်မည် ဖြစ် ကြောင်း ရှင်းပြသည့်အခါ စိတ်ဝင်တစား ဖြစ်လာခြင်းမျိုး ရှိကြောင်း ဦးဇော်ဝေထက်က ပြောသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ဘောမိကျေးရွာအုပ်စုနှင့် မကျီးဇင် ကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း၊ အလားတူ အပိုင်း (၂) တွင် သာပေါင်း မြို့နယ်ရှိ ကျွန်းလျှားကြီးကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 407
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရတစ်ရပ် ပေါ်ထွက်လာချိန်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ နိုင်ငံရေးထဲ ပြန်လည် ဝင်ရောက် လာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လိုပါက NLD ပါတီအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘောင်ထဲသို့ ပြန်ဝင်လာအောင် လုပ်ရန်လိုအပ်သော်လည်း ယခုတစ်ကြိမ်သည် ထိုအခင်းအကျင်းမျိုး ဖြစ်ရန်မှာ အင်မတန် ခက်ခဲသွားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေး အပြောင်းအလဲဆိုတာက သိပ်ရှုပ်ရှုပ်ထွေးထွေး အများကြီး မဟုတ်ဘူး။ စီးပွားရေးကောင်းဖို့တို့ ဘာတွေညာတွေ အဲဒါတွေက သိပ်ပြီးတော့ အဓိကမကျဘူး။ အဓိကကျ တာက ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို NLD ပြန်ပြီးတော့ ပါလာနိုင်အောင်၊ ရွေးကောက်ပွဲ ပြန်ပြီးတော့ ဝင်လာ နိုင်အောင် အခင်းအကျင်းတွေ ဖန်တီးပေး မယ်၊ ဝင်လာခဲ့တယ်ဆိုရင် ရွေးကောက်ပွဲလည်း အသစ်ပြန်လုပ်ပေး လိုက်ရင် အဲဒီမှာ သေချာပေါက် NLD က ပြန် နိုင်မယ်၊ ပြန်နိုင်တဲ့အခါကြရင် ပြည်သူလူထုရဲ့ သဘောထားတွေက လည်း အစိုးရအပေါ် ယုံကြည်မှုတွေ တိုးလာ မယ်။ အစိုးရက လုပ်ရကိုင်ရတာတွေ ပိုပြီးတော့ အဆင်ပြေလာမယ်။ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ပဋိပက္ခတွေ ကလည်း တဖြေးဖြေးချင်းပေါ့။ ချက်ချင်းကြီး အကုန်လုံး အလင်းဝင် လာတာမျိုး မဟုတ်ရင်တောင်မှ ဖြေးဖြေးချင်း ဝင်လာတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့” ဟု ပြောသည်။

NLD ပါတီ ခေါင်းဆောင်တွေကို တွေ့ရစဉ်
ဦးသိန်းစိန်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ရွေးကောက်ပွဲဝင်နိုင်ရေး လိုအပ်သည့် ဥပဒေများကို ပယ်ဖျက်ပေးခဲ့သော်လည်း လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ တက်လာမည့် အစိုးရအနေဖြင့် ထိုသို့ ဖြေလျှော့ပေးခဲ့သော် NLD ဘက်က လက်ခံပါဦးမလား မေးခွန်းထုတ်စရာရှိကြောင်း အထက်ပါ နိုင်ငံရေး လေ့လာသူက ပြောသည်။
လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မပါဝင်သဖြင့် လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအပေါ် ပြောင်းလဲမှု မဖြစ်စေနိုင်ကြောင်းလည်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ယခင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ဦးသိန်းစိန်ဦးဆောင် သည့် အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေး ခဲ့သလို နိုင်ငံရေး အပြောင်းအလဲများလည်း များစွာရှိခဲ့သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် အစိုးရအကြား NCA ဆိုသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကိုလည်း ရေးထိုးလိုက်နိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
သို့သော် ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အစိုးရလက်ထက်တွင် နဝတ၊ နအဖသာမက ဦးသိန်းစိန် လက်ထက်က အဖြစ်အပျက်များကို သင်ခန်းစာယူကာ လုပ်ဆောင်လိမ့်မည်ဟုထင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေါ်စု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ ကျနော် သိပ်ပြီးတော့မှ မဝေဖန်ချင်ဘူး။ ဘာလို့ဆို ဦးသိန်းစိန် လက်ထက်တုန်းကလည်း ပူးပေါင်းပါဝင်မှုနဲ့ လုပ်လိုက်တဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပါဝါ လည်း နည်းတဲ့ပါဝါ မဟုတ်ဘူးလေ။ လက်ရှိ အစိုးရကနေပြီးတော့ လွှဲပြောင်းပေးမယ် တက်လာမယ့် အစိုးရ အပေါ်မှာလည်း အများကြီး မူတည်ပါလိမ့်မယ်။ သူ့အခန်းကဏ္ဍကတော့ သူ့ကိုလွတ်မြောက်ပြီးမှ လွှတ်ပေးလို့ နိုင်ငံရေးလောကထဲ ပြန်ဝင်ခဲ့ပြီဆိုရင် တစ်နိုင်ငံလုံးကို ပြောဆိုစည်းရုံးနိုင်မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံရေးပါဝါ တော်တော်ကြီးပါတယ်။ အဲဒါကလည်း ခုနကပြောသလို တက်လာတဲ့အစိုးရအပေါ် အများကြီး မူတည်ပါလိမ့် မယ်။ တက်လာတဲ့အစိုးရကတော့ အရင် နဝတ၊ နအဖ လက်ထက်က ဖြစ်သွားတဲ့ ပြဿနာတွေရော၊ နောက် ဦးသိန်းစိန် လက်ထက်တုန်းက ကိစ္စတွေရော အားလုံးကို သူသင်ခန်းစာယူပြီးတော့ လုပ်လိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့ပြင် နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာမှုများ ပေးသည့်အထဲတွင် ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သေးသည်ကို တွေ့ရသဖြင့် ရွေးကောက်ပွဲပြီးမှ လွှတ်ပေးနိုင်ဖွယ်ရှိသကဲ့သို့ မလွတ်ပေးဘဲလည်း ထားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 498
CNI New
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံအတွင်းမှာရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း မည်သည့်ဘက်မှ မပါမိစေရန် အပြင် အိမ်ရှင်နိုင်ငံ မကြိုက်နှစ်သက်သည့် အရာများမလုပ်မိစေရန် သတိထားဖို့လိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းခဲ့ကြသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှစပြီး ၈၁၇ ကီလိုမီတာ အရှည်ရှိ နယ်စပ်ဒေသ တစ်လျှောက်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်မှု များ ဆက်လက် ဖြစ်ပွားနေသည်။
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနေဖြင့် အခြားတစ်ပါးသူ နိုင်ငံ၏ ပဋိပက္ခများကြား ဝင်ရောက် စွက်ဖက်ခြင်း၊ ပြောဆိုရေးသားခြင်း၊ လှုံ့ဆော်ခြင်းမျိုး မလုပ်မိစေရန် များစွာအရေးကြီးသည်ဟု ရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဝန်ကြီးချုပ်က လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာနေစဉ်
၎င်းက “ဒါက ကျနော်တို့ ပဋိပက္ခတွေ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းမှာ ဝင်ရောက် စွက်ဖက်တာတွေ၊ ပြောဆိုတာတွေ၊ ရေးသားတာတွေ၊ လှုံ့ဆော်တာတွေကို ဝင်ရောက် မလုပ်မိဖို့တော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ပြောမယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဒီမှာနေရတာလည်း အရမ်းကြီး လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူ့နိုင်ငံ နိုင်ငံရေး အခြေအနေကလည်း မကောင်းဘူး။ နောက် မကြာသေးခင်မှာ ထိုင်းကလည်း လွှတ်တော် ဖျက်သိမ်းထားပြီဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲတွေ ဘာတွေ လုပ်ကြအုံးမယ်၊ အဲဒီမှာလည်း တစ်ခါတစ်ခါကျရင် ဟိုး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကျနော်တို့ ကြုံဖူးတယ်။ တချို့ တချို့သော နိုင်ငံရေးပါတီတွေက ယူနီဖောင်းတွေ ဝတ်ပေးပြီးမှ လူမှုရေးတွေ တစ်စုံတစ်ရာ ပံ့ပိုးပြီးမှ အင်အားပြတာတွေ ဘာတွေ လုပ်ခဲ့တာတွေလည်းရှိတယ်။ အဲတော့ ကျနော် ပြောချင်တာကတော့ ထိုင်းနိုင်ငံမှာ ကိုယ်က တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့် လက်မှတ်တွေရအောင် ယူပြီးရင် ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲကိုပဲ စိတ်ဝင်တစားနဲ့ အလုပ်လုပ်ကိုင်ဖို့ နောက်ပြီးရင် ကိုယ့်နိုင်ငံသား အရေးမှအပ သူများ တစ်ပါးသူနိုင်ငံရဲ့ အရေး တွေကို ဝင်ရောက် မစွက်ဖက်မိအောင် သတိထားနေထိုင်ကြဖို့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ သုံးသပ်လိုပါ တယ်” ဟု ပြောသည်။
ထိုင်းရောက် မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံမှ ချမှတ်ထားသည့် ဥပဒေများကို မချိုးဖောက်မိအောင် စနစ် တကျ လိုက်နာနေထိုင်သင့်ပြီး မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့်လည်း သင့်လျော်အောင် သတိထားနေထိုင်ရန် လိုအပ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းက နယ်စပ် လုံခြုံရေးကို တင်းကျပ် စစ်ဆေးနေစဉ်
၎င်းက “အဲဒါကတော့ သူတို့ရဲ့ ပြောရမယ် ဆိုလို့ရှိရင်တော့ဗျာ သူတို့ဥပဒေ ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ ဥပဒေ ပေါ့နော်။ အဲဒါတွေကို မချိုးဖောက်မိအောင် ကိုယ်တွေကတော့ ဥပဒေအောက် ကနေပြီးတော့ပေါ့။ လေးစား လိုက်နာပြီး နေဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ နေရာ၊ ဒေသတွေပေါ့။ အဲဒီ နေရာဒေသတွေက ကိုယ် အလုပ်လုပ်တဲ့ နေရာဒေသပေါ် မူတည်ပြီးတော့ အဲ့မှာရှိတဲ့ အလုပ်ရှင်ရော၊ အာဏာပိုင်ရော တစ်ယောက်နဲ့ တစ်ယောက်က စိတ်သဘောထားချင်း ဆိုင်ရာမှာ တချို့ သဘောကောင်းတဲ့ ထိုင်းလည်းရှိသလို သဘော မကောင်းတဲ့ လူလည်းရှိတယ်။ တချို့ကျတော့ အမြင်က အခုလောလောဆယ် ဆိုလို့ရှိရင် သူတို့ အမြင်စောင်း တာက ကမ္ဘောဒီးယားကိုတော့ တော်တော်လေး စောင်းသွားတာပေါ့။ ကျနော်တို့ ကိုယ့်မြန်မာနိုင်ငံသားတွေ အနေနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ နေဖို့လိုတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားဝင် ၆ သန်းရှိသလို တရားမဝင် ၄ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေး စာရင်းများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 442
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှသာ တပ်မတော်အနေဖြင့် လွှတ်တော်ထဲ ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုမှုသည် အကြောင်းပြချက် မခိုင်လုံ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
“မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်”ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထိုစကားသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် လွှတ်တော်နိုင်ငံရေး၌ တပ်မတော်က အမြဲတမ်းပါမည်ဟု ပြောခြင်း နှင့်တူကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ လွှတ်တော်နိုင်ငံရေးမှာ တပ်က အမြဲတမ်း ပါမယ်လို့ ပြောတာနဲ့ အတူ တူပါပဲ။ အကြောင်းပြချက်က မခိုင်လုံဘူးလေ။ နောက်ပြီးတော့ လက်နက်ကိုင် မရှိမှလို့ ပြောတဲ့ဟာက တစ်ခါတ လေ လက်နက်ကိုင်အားလုံးက လက်မှတ်ထိုးချင်ပါပြီလို့ ပြောတာတောင်မှ တချို့ကို သူကပဲ ချန်ထားခဲ့တာပါ။ တမင်တကာ ချန်ထားခဲ့တာရှိခဲ့တော့။ အဲဒီလို ချန်ထားနေသမျှတော့ ဘယ်လိုလုပ်ကုန်မလဲ လက်နက်ကိုင် က တော့။ အဲဒါကြောင့် ဒါကတော့ negative နည်းနဲ့ ပြောလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ(ခေါင်းပေါင်းအနီ)ကို တွေ့ရစဉ်
တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်း ကြောင်းများအရ ပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော် အနေ ဖြင့် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရဦးမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အသီးသီး အပါအဝင် ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်တို့မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ရရှိထားသည်။
အဆိုပါ ကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထွက်ခွာပေးရန် သို့မဟုတ် အဆင့်တစ်ခု လျှော့ချပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက တောင်းဆိုထားကြသည်။
တပ်မတော်သားများ လွှတ်တော်ထဲ ပါဝင်မှုကို အမှန်တကယ် လျှော့ချလိုစိတ်ရှိပါက အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာအား ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်ပိုင်းများက ပိုင်ဆိုင်၍ ထိန်းချုပ်ခြင်း ပေါ်လစီဖြင့် သွားမည်ဆိုပါက ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်များ၊ တပ်မတော်-အစိုးရ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “Civilian Supremacy (အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာကို စစ်တပ်မဟုတ်ဘဲ အရပ်သား ခေါင်းဆောင်များကသာ ပိုင်ဆိုင်ပြီး ထိန်းချုပ်ခြင်း)ပေါ့။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရပ်သားတွေ အစိုးရအောက်မှာ လက်နက်ကိုင်တွေ ရှိရမယ်ဆိုရင်တော့ Civilian Supremacy ကို လိုက်နာမယ် ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးက အရပ်သားဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး အောက်မှာ ရှိရမယ်။ အဲဒီ ကာကွယ်ရေးဝန်ကြီးအောက်မှာမှ တပ်ကိုအုပ်ချုပ်တဲ့ တပ်ဗိုလ်တပ်မှူးတွေက ရှိတာကို။ သူတို့က နိုင်ငံရေး ကို တိုက်ရိုက်မပါဘဲနဲ့ တပ်ကနားပြီးတော့ အရပ်သားဖြစ်တော့မှ ကာကွယ်ရေးဝန်ကြီး လုပ်ရင်လည်း လုပ်ပေါ့လေ နိုင်ငံရေးပါတီကနေ။ မလုပ်နိုင်ဘူးဆိုရင် အရပ်ဘက် Civilian Supremacy အရ ကာကွယ်ရေးဝန်ကြီးက အရပ် သား ဖြစ်ရမယ်၊ အရပ်သား ကာကွယ်ရေးဝန်ကြီးအောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးမှာ ဆက်ပါဖို့ မလိုတော့ဘူးပေါ့။ Professional army ဖြစ်သွားမှာပေါ့နော်။ တခြား အိန္ဒိယ army တို့လို၊ နီပေါတို့ ဘင်္ဂလားဒေ့ရှ် army တို့လို Professional army ဖြစ်သွားရင်တော့ Civilian Supremacy ကို လိုက်နာတဲ့အတွက် ပါဖို့မလိုတော့ဘူးပေါ့။ အဲဒီပေါ်လစီကို အဓိက ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။
Civilian Supremacy policy ဆိုသည်မှာ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊ အစိုးရ အဖွဲ့အစည်းများ လည်ပတ်ရာတွင် လည်းကောင်း ရွေးကောက်ခံ အရပ်သား အစိုးရက အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ကာကွယ်ရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ ကိစ္စများ၌ စစ်တပ်သည် အရပ်သားအစိုးရ၏ ဦးဆောင်မှုနှင့် ကြီးကြပ်မှုအောက်မှာ ရှိနေရမည် ဖြစ်သည်။
တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာကို သေနတ်ဖြင့် ကိုင်ဆောင်သူများထက် မဲဆန္ဒရှင်များ၏ ဆန္ဒဖြင့် ရွေးချယ်ခံ ရသူများကသာ ထိန်းချုပ်ခွင့် ရှိသည်ဟူသော မူဖြစ်ပြီး ပေါ်လစီအား ခေတ်မီ ဒီမိုကရေစီ နိုင်ငံတိုင်းနီးပါး၌ အခြေခံ အုတ်မြစ်တစ်ခုဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 335
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E.Mr. Tariq Karim(မစ္စတာ တာရိခ် ကာရီးမ်)က သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
အဆိုပါ သံအမတ်ခန့်လွှာကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ ပေး အပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ဘာသာရေးဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၌ မကြာမီ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ပါကစ္စတန်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
Mr. Tariq Karim(မစ္စတာ တာရိခ် ကာရီးမ်)သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ယခင် သံအမတ်ကြီး H.E. Mr.Imran Haider ၏ နေရာမှာ အစားထိုး တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
