- By CNI
- Category: နိုင်ငံရေး
- Hits: 395
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာ့အဏုမြူသတင်းပတ် ဖိုရမ်သို့ တက်ရောက်ရန်အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသတင်း ပတ်ဖိုရမ်သို့တက်ရောက်ရန်အတွက် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားမှုကြောင့် စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် လေဆိပ်မှ ထွက်ခွာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဥ်တွင် လိုက်ပါခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဥ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာဆီဗစ်မြို့၊ သာမာရှယ်ဗာ လေဆိပ်၌ ရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး (Mr. Travnikov Ahdrey Aleksandrovich) နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂၄ရက် ညပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။
ထို့နောက် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့က နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ကလည်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ချစ်ကြည်ရေးခရီးစဥ်အဖြစ် သွားရောက်ခဲ့ဖူးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 450
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားတွင် တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကို အိမ်နီးချင်းနိုင်ငံများက ဖိအားပေး လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ NCA (၁၀)နှစ်ပြည့် အခမ်းအနားသို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်သည့် ULA/AA, UWSA, MNDAA, TNLA တို့အပြင် KNU တို့လည်း တက်လာနိုင်ကြောင်း၊ ၎င်းတို့ တက်ရောက်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့မှ ဖိအားပေးနိုင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “တွေ့ဆုံဆွေးနွေးမှုမှာ ပါလာနိုင်တာက မြောက်ပိုင်းမှာရှိတဲ့ FPNCC ၇ ဖွဲ့စုံပါလာမယ်။ အဲဒီလိုပါလာဖို့အတွက် တရုတ်သည် ဖိအားပေးနိုင်တယ်။ အိန္ဒိယနယ်စပ်ကိုလည်း ဖိအားပေးနိုင်တယ်။ ထိုင်း နယ်စပ်ကိုလည်း ထိုင်းအစိုးရက ဖိအားပေးနိုင်တယ်။ အဲဒါကြောင့် အဲဒီမှာ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ လက်ရှိ မပြည့် တာကြာပြီ။ ၇ ဖွဲ့ကနေ ၅ ဖွဲ့ဖြစ်တာတို့ ဘာတို့ ရှိခဲ့တာရှိတယ်။ အဲဒီ NCA (၁၀) နှစ်ပြည့်မှာ ကြီးကြီးမားမား လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ NSPNC သွားနေတယ်။ အောင်မြင်မယ်လို့ ယူဆတယ်။ အဲဒီကနေ ဆွေးနွေးမှု ရလဒ်တစ်ခု အနာဂတ်နိုင်ငံအသစ်ကို ဘယ်လိုသွားမှာလဲဆိုတဲ့ ဦးတည်ချက်တစ်ခုနဲ့ အဖြေတစ်ခုလည်း လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေဘက်က ရလာနိုင်တယ်။ အဲဒီ FPNCC ၇ ဖွဲ့ ထဲမှာ ULA/AA ဘက်က ဒုတိယခေါင်းဆောင် ဒေါက်တာညိုထွန်းအောင် တက်လာနိုင်တယ်။ တရုတ်ရဲ့ ဘေးနားမှာရှိတာကို။ “ဝ”လည်း တက်လာနိုင်တယ်။ မိုင်းလားလည်း တက်လာနိုင်တယ်။ ကိုးကန့်လည်း တက်လာနိုင်တယ်။ တအာင်း TNLA လည်း တက်လာနိုင်တယ်။ လာမယ့် NCA (၁၀)နှစ်ပြည့် အခမ်းအနားကို မျှော်မှန်းကြည့်တာပါ” ဟု ပြောသည်။

UWSA နဲ့ MNDAA ခေါင်းဆောင်များကိုတွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် လာမည့် အောက်တိုဘာလ ၁၅ ရက် နေ့တွင် လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။
ထို (၁၀)နှစ်ပြည့် အခမ်းအနားအား ယခင်နှစ်များနှင့် မတူညီဘဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား ပြောဆိုနေကြပြီး စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)ခေါင်းဆောင်များကို ဖိတ်ကြားရန်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်နိုင်ကာ NCA (၁၀) နှစ်ပြည့် အခမ်းအနား သည် မြန်မာနိုင်ငံကို အဆိုးသံသရာမှ ရုန်းထွက်နိုင်အောင် တွန်းအားတစ်ခု ပေးနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ၁၀ နှစ်ပြည့် အခမ်းအနားဆိုတာ တော်တော် ကြီးမားနိုင်တယ်။ နိုင်ငံတကာက ခေါင်းဆောင်တွေလည်း ဖိတ်နိုင်တယ်။ အဲဒီလိုပဲ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကြီး ဂူတာရက်စက်ကိုလည်း ဖိတ်နိုင်တယ်။ အိန္ဒိယဝန်ကြီးချုပ်ကိုလည်း ဖိတ်နိုင်တယ်။ တရုတ်ဘက်ကလည်း ရှီကျင့်ဖျင်တို့ကို ဖိတ်နိုင်တယ်။ မလာဘူးဆိုရင် တောင် ဝမ်ယိ လာနိုင်တယ်။ ကျန်တဲ့ တကယ့် ညှိနှိုင်းရေးလုပ်တဲ့ တိန့်ရှီကျွင်းတို့၊ အိန္ဒိယဘက်က နိုင်ငံတော် လုံခြုံရေးအကြံပေးတို့ ဘာတို့ လာနိုင်တယ်။ လာဖို့များတယ်။ တစ်ဖက်က အာဆီယံဘက်က ခေါင်းဆောင်တွေ ကိုလည်း ဖိတ်နိုင်တယ်။ အဲဒီ (၁၀)နှစ်ပြည့် အခမ်းအနားဟာ မြန်မာနိုင်ငံကို ပြန်ပြီးတော့ အဆိုးအကျိုးသံသရာက ရုန်းထွက်နိုင်အောင် တွန်းအားတစ်ခု ပေးနိုင်တယ်” ဟု ပြောသည်။

KNU ခေါင်းဆောင်ဟောင်း မူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
NCA စာချုပ် မူကြမ်း ရရှိပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို လက်နက်ကိုင် (၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆိုသည့် နာမည်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုဆိုကာ တပ်မတော်ကို လက်နက်ကိုင် ဆန့်ကျင်ရန် ဆုံးဖြတ်ပြီး ယနေ့အထိ တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 355
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်မည့် ပါတီများ ကိုယ်စားလှယ် ၄၁၇ ဦး အနည်းဆုံး ပြိုင်ရမည့်အစား လေးပုံတစ်ပုံပဲ ဝင်ပြိုင်ပါက လက်ခံသောအချက်ကို အစားထိုး ပြင်ဆင်ပေးလိုက်ခြင်းက နိုင်ငံ ရေးပါတီများ အကျပ်အတည်း တွေ့မည်စိုး၍ ဖြစ်နိုင်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညို သင်းက CNI သတင်းဌာနသို့ ပြောသည်။
ပြင်ဆင်လိုက်သည့် အချက်ကြောင့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီသည် မြို့နယ် ၃၃၀ အနက် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ထက်ဝက်ဖြစ်သည့် ၄၁၇ ဦးကို တင်သွင်း စရာ မလိုတော့ဘဲ လေးပုံတစ်ပုံ တင်သွင်းနိုင်လျှင်ပင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သလို ပါတီ ဖျက်သိမ်းခံရမည့် အခြေအနေကနေလည်း လွှတ်မြောက်မည်ဖြစ်သည်။
ယခင်က မဲဆန္ဒနယ် အားလုံး ၈၃၃ နယ်အတွက် ကိုယ်စားလှယ်လောင်း ၄၁၇ ဦး မတင်သွင်းနိုင်လျှင် သို့မဟုတ် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်ရောက် မယှဉ်ပြိုင်နိုင်လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
လက်ရှိတွင် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု ထားသည့် တည်ဆဲနိုင်ငံရေးပါတီများမှာ ပြည်ထောင်စုတစ်ဝန်လုံးစည်းရုံးမည့် ပါတီ ၆ ပါတီ နှင့် တိုင်း/ပြည်နယ် တစ်ခုမှာသာ စည်းရုံးမည့်ပါတီ ၅၁ ပါတီ ရှိသည်ဟု သိရသည်။

ပြည်ထောင်စုအဆင့် ပါတီတွေကိုတွေ့ရစဉ်
ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများ အကျပ်အတည်း တွေ့မည်စိုးသောကြောင့် UEC က ဖြေလျှော့ ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးပါတီတွေ အခက်အခဲ ကြုံနေရတဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအဆင့်ပါတီတွေ ၆ ပါတီစလုံးကို ပြည်ထောင်စုအဆင့်မှာ ပါဝင်စေချင်တော့ တချို့ နိုင်ငံရေးပါတီတွေ အကျပ်အတည်း တွေ့မှာစိုးလို့ သူတို့ ဖြေ လျှော့ ပေးလိုက်တာပေါ့။ ဒါမှပဲ နိုင်ငံရေးပါတီ လုပ်သာကိုင်သာရှိမှာပေါ့။ ဒါပေမယ့် ဒီလိုထုတ်ပြန်ချက်က စော စောစီးစီး ထုတ်ပြန်ရင် ကောင်းတာပေါ့၊ အခုဟာက နည်းနည်း နောက်ကျသွားတာပေါ့။ တကယ်လို့သာ ဒီလို ထုတ်ပြန် ကြေညာချက်က စောစောစီးစီးကသာ ထုတ်ပြန်ခဲ့မယ်ဆိုရင် အခုထက်ပိုပြီးတော့ ပြည်ထောင်စုအဆင့် ပါတီ များပြားမှာပေါ့။ အခုကတော့ ဒါလွှတ်တော်ထဲမှာ ပြည်ထောင်စုအဆင့် ပါဝင်မယ့်ပါတီက အရေအတွက် တအား နည်းသွားပြီ အရောင်အသွေး မစုံလင်တဲ့ လွှတ်တော်ဖြစ်နေမှာပေါ့ အထူးသဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေ အများအပြား လွှတ်တော်ထဲ ဝင်ရောက်လာနိုင်ခြေရှိတယ်လေ”ဟု ပြောသည်။
မူလက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ်(၁)တွင် ပြည်ထောင်စုတစ် ဝန်းလုံး၌ စည်းရုံးမည့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲ ဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ဆိုသည့် အချက်ကို ငြိစွန်း လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
လက်ရှိ အခြေအနေမျိုးတွင် မဲဆန္ဒနယ်မြေ ထက်ဝက်ကျော်မှာ ဝင်ရောက် ယှဥ်ပြိုင်ရန် ပါတီများအတွက် မလွယ် ကူကြောင်း တခြားပါတီများလည်း ဝိုင်းပြောကြသည့်အတွက် ပြင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု အမျိုးသား ဒီမိုကရက်တစ်အင်အားစုပါတီ(NDF)မှ အထွေထွေအတွင်းရေးမှူးဟောင်း ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
၎င်းက “ဦးကိုကိုကြီးကတော့ စာရေးပြီးတော့မှ ဒီလိုမျိုး လက်ရှိ အခြေအနေမျိုးမှာ မဲဆန္ဒနယ်မြေ ထက်ဝက် ကျော်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ဆိုတာ ပါတီတွေအတွက် မလွယ်ပါဘူး။ ဥပမာဆိုလို့ရှိရင်သူက PR ပြိုင်မှပေါ့နော် FPTP မှာ ပြိုင်လို့ရမယ်ဆိုတဲ့ ဟာမျိုးတွေ အဲဒီလိုစသဖြင့်ပေါ့နော် သက်မှတ်ချက် လေးတွေရှိတယ်။ အဲဒါမျိုး ပြည့်ဖို့ကြတော့ နည်းနည်းခက်တဲ့ သဘောရှိတယ်။ ဦးကိုကိုကြီး ကနေမှ ဒါတွေ ဒီလို အခက်အခဲတွေ ရှိပါတယ် ဆိုပြီးတော့မှ နိုင်ငံတော်အစိုးရဆီ စာတင်ပြီးတော့မှ တင်ပြလိုက်တာပေါ့။ တခြား ပါတီတွေကလည်း ဝိုင်းပြော ကြတဲ့ သဘောရှိတော့ အဲတာကို နိုင်ငံတော်က ပြင်ပေးလိုက်တာပေါ့လေ။ ကပ်ပြီး ပြင်လိုက်တော့ ဘာဖြစ်သလဲ ဆိုတော့ ဟိုဘာမှမဖြစ်ပါဘူး။ မပြင်ပေးရင် မပြည့်တဲ့ပါတီ ရှိနိုင်တယ်လေ အဲလိုဆိုရင် ထပ်ပြီးတော့မှ မှတ်ပုံတင် ခြင်းကလည်း ပယ်ဖျက်ခံရမယ့် ပါတီတွေ ရှိလာရင်ကြတော့ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်သွားတဲ့ နေရာမှာ တော်တော်လေးကို အခက်အခဲတွေ ဖြစ်သွားမှာပေါ့။ အဲဒီအတွက် ပြင်ပေးလိုက်တာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ်(၇၁၂)နယ်တွင် ရွေးကောက်ပွဲများ ကျင်းပမှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 550
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
မြန်မာ့တပ်မတော်ဘက်မှ နယ်မြေ အများအပြားကို လက်လွှတ်ဆုံးရှုံးထားရသည့် ရခိုင်ပြည်နယ်အတွင်း၌ ရွေးကောက်ပွဲကို မြို့နယ် ၇ မြို့နယ်တွင် ကျင်းပနိုင်ခြေရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုတွင် အာရက္ခတပ်တော်(AA) မှ ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော် ဘက်မှ စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့တို့ကို ထိန်းချုပ်ထားသည်။
ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုမှ မြို့နယ် ၅၆ ခုကို ကြေညာခဲ့ကာ ထိုထဲတွင် လက်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့ မပါဝင်သည်ကို တွေ့ရသည်။
မြန်မာ့တပ်မတော် အနေဖြင့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့မှာ စစ်ရေးအရ အာမခံချက်ရှိသောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်အထဲ မပါဝင်ခြင်းဖြစ်နိုင်ကြောင်း၊ ထိုအခင်းအကျင်းကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ၇ ခု၌ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
၎င်းက “ပထမအကြိမ်ကျင်းပမယ့် ၁၀၂ မြို့နယ်နဲ့အတူ ဒီဇင်ဘာမှာ ကျင်းပမယ့် အထဲမှာ ၄ မြို့နယ်ပါသွားတော့ လာမယ့် အောက်တိုဘာ ၃၁ ရက်အတွင်းမှာ အဲဒီတောင်ပိုင်း ၄ မြို့နယ်ပေါ့။ အမ်းခရိုင်နဲ့ သံတွဲ၊ တောင်ကုတ် ခရိုင်ထဲက တောင်ကုတ် အပါအဝင်ပေါ့ သံတွဲပေါ့ အဲဒီဟာတွေကို အရယူပေးရမယ့် တာဝန်သည် စစ်တိုင်းမှူးတွေ မှာ တာဝန်ဖြစ်သွားပြီ။ ဆိုတော့ အဲဒီအနေအထားကို ကြည့်ရင် လက်ရှိ ရွေးကောက်ပွဲလုပ်မယ့် နေရာသည် ၇ မြို့နယ် ဆိုတဲ့သဘော ရခိုင်ဒေသမှာ ဖြစ်သွားတာပေါ့။ ၁၇ မြို့နယ်ရှိတယ်။ လက်ရှိအစိုးရသည် ၃ မြို့နယ် စီမံ ကွပ်ကဲ အုပ်ချုပ်နိုင်တယ်။ ကျန်တဲ့ ၄ မြို့နယ်သည် ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ရေးအရ ဆောင်ရွက်ရမယ့် ဆောင်ရွက်ရန် တာဝန်သည် ၃၁ အောက်တိုဘာအထိ ရှိနေတယ်။ အဲဒီတော့ စစ်ရေးအရ အားသာချက်၊ အားနည်း ချက် ကျနော် မပြောတတ်ဘူး။ ရခိုင်ဒေသရဲ့ တောင်ပိုင်းဒေသ စစ်ရေးအခြေအနေသည် ရွေးကောက်ပွဲ ကျင်းပနိုင် အောင် သူတို့ဘက်က ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အာမခံချက်ကြောင့်သာ ခုနက နိုင်ငံရေးအားဖြင့် အဖြေထုတ် မယ့် မြို့နယ် ၇ ခုထဲမှာ ပါသွားတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်ထဲ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ပလက်ဝမြို့နယ်တို့ဖြစ်သည်။
လက်ရှိတွင် ကာ/လုံမှ တစ်နိုင်ငံလုံးရှိ မြို့နယ် ၆၄ ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသော်လည်း ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်မြို့မှာ ၅၆ ခုသာဖြစ်သည့်အတွက် ၇ မြို့နယ်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိသည့်အထဲ ပါဝင်သွားသည်ဟု နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

AA ကိုတွေ့ရစဉ်
စစ်တိုင်းမှူးများအနေဖြင့် ထိုဒေသများ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အောက်တိုဘာ ၃၁ ရက်နေ့ နေက်ဆုံး ထား၍ ဆောင်ရွက်ရမည့် အနေအထားဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မကျင်းပနိုင်ခြေရှိတဲ့ ၆၃ မြို့ကို ကြေညာထားတာကနေ နောက်ထပ် ၇ မြို့ကို တိုးပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်တယ်။ လုံးဝ မကျင်းပနိုင်တဲ့မြို့က ၅၆ မြို့ပဲ ရှိတယ်လို့ ကြေညာတယ်။ ဆိုလိုတာက မူလကြေညာတဲ့ ၆၃ မြို့နယ်သည် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဘက်က ငြိမ်းချမ်းတည်ငြိမ် အေးချမ်းပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းထားတာဖြစ်တယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်သည် သူ့ရဲ့တာဝန် အဆင့်ဆင့်ကို စစ်တိုင်းမှူးတွေကို ပေးထားတယ်။ ရက် ၉၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အနေအထား ရောက်အောင် ဆောင်ရွက်ဆိုတဲ့ ညွှန်ကြားချက်ပါတယ်လို့ ကြေညာ ချက်မှာ တွေ့ရပါတယ်။ ဒါကြောင့် အခု ၇ မြို့နယ်သည် လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ နောက်ဆုံး ထားပြီးမှ အဲဒီ ၇ မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ဖြစ်တယ်။ အဲဒီမှာ ရခိုင်ဒေသက ၄ မြို့နယ် ပါသွားတယ်။ တောင်ပိုင်းကပေါ့ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်းဆိုတဲ့အထိပေါ့။ တစ်နည်းအားဖြင့် အမ်းတောင်ကြားလမ်း။ အခုလည်း အကြီးအကျယ် စစ်ဖြစ်နေတယ်ကြားတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒီဇင်ဘာလ ၂၈ ရက်၌ စတင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ရခိုင်ပြည်နယ် ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမည့်ပါတီ ၆ ပါတီရှိသည်။
ထိုပါတီများမှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ၊ ဦးဘရှိန် ဦးဆောင်သည့် ရခိုင် တိုင်းရင်းသားများပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 472
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမည်စာရင်း တင်သွင်းလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၂၂ ရက် အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြသည်။
အဆိုပါ အမည်စာရင်း တင်သွင်းသည့် နိုင်ငံရေးပါတီတွင် ပြည်ထောင်စုတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့်ပါတီ ၅၁ ပါတီ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ၆၇၂ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ကိုယ်စားလှယ် ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၅၁၂ ဦးတို့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ် ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၉၅ ဦး ရှိသည်။
ထိုကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပသွား မည်ဖြစ်ပြီး ကျန်မဲဆန္ဒနယ်များကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဆက်လက် ကျင်းပမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 487
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးသွားမည်ဟု နေပြည်တော်ဘက်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရုရှားခရီးစဉ်အတွင်း သမ္မတ ပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။
ထို့ပြင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)သို့ တက် ရောက်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က သမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သေးသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တရုတ်စစ်ရေးပြ အခမ်းအနားတွင် ရုရှားသမ္မတ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 452
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်သူလူထုများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များ၏ လုံခြုံရေး စီမံဆောင်ရွက်မှုကို လက်တွေ့ပြသင့်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ် ကြောင်း၊ ကျန်မြို့နယ်များကို အပိုင်း(၂-၃)အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးသည်ဆိုသည့် ဒေသများတောင်မှ ထိန်းသိမ်းရန် အားမစိုက်နိုင်သောကြောင့် ရွေးကောက်ပွဲကာလ မဲဆန္ဒရှင်များ၏ လုံခြုံရေး အစီအစဉ်များကို အစိုးရက အများပြည်သူအား လက်တွေ့ပြသ နိုင်ရန် လိုအပ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မဲပေးရန် လုပ်နေကြသူများကိုတွေ့ရစဉ်
၎င်းက “အခုဟာက တိုင်းပြည်မှာက တရားဥပဒေစိုးမိုးရေးက အင်မတန် ပြောစရာ ဆိုစရာ ဝေဖန်စရာ ဖြစ်နေ တာကို လက်နက်ကိုင် ဒီပြည်သူ့ရဲတပ်ဖွဲ့ပေါ့၊ တရားဥပဒေ စိုးမိုးတယ်ဆိုတဲ့ ဒေသတွေမှာတောင်မှ ပြည်သူ့ ရဲတပ်ဖွဲ့က ဒါမျိုးတွေ ထိန်းသိမ်းဖို့ ကောင်းကောင်း အားမစိုက်နိုင်ဘူးလေ။ အဲလိုကာလမျိုးမှာ ပြည်သူလူထုက သူတို့လုံခြုံရေးအတွက်က ပုံမှန်အခြေအနေမှာတောင်မှ လုံခြုံရေးအတွက် စိုးရိမ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ မဲပေးတဲ့ အချိန်မှာ လုံခြုံရေးကတော့ ပိုပြီးမှ စိုးရိမ်မှာပေါ့နော် အစိုးရကတော့ ဒါနဲ့ပတ်သက်တဲ့ လုံခြုံရေး အစီအစဥ်တွေ အများကြီး လုပ်ထားတယ်လို့ ပြောတယ်ပေါ့နော်။ အများပြည်သူကို လက်တွေ့ပြသနိုင်ရမယ်။ မဲပေးစေချင်တဲ့ ပြည်သူလူထု လုံခြုံရေးအတွက်ကို တာဝန်မယူနိုင်ဘူးဆိုရင်တော့ မဲလာမပေးလည်း လူထုကို အပြစ်ဆိုလို့တော့ မရဘူးလေ။ သူ့ရဲ့လုံခြုံရေးကို သူငဲ့လို့ သူလာမပေးတာပဲ။ လုံခြုံရေးကို မစိုးရိမ်စေချင်ဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို အားစိုက်ပြီးမှ လုပ်မှဖြစ်မယ် သာမန် အခြေအနေမှာတောင်မှ အရမ်းကို လျော့တိ လျော့ရဲ နိုင်နေတယ်လေ။ စစ်မှုထမ်း ဥပဒေ မလျော်စွာသုံးပြီးတော့ ဥပဒေတိုင်း မဖြစ်နေတဲ့ ကိစ္စတွေ နိုင်ငံရေး ပါတီတွေက ပြည်သူလူထုနဲ့အတူ လက်တွဲပြီးမှ ပြည်သူလူထု ရှေ့က မားမားမတ်မတ်ရပ်မယ်၊ ဒါမျိုးတွေ လုပ်မယ် ဆိုလို့ရှိရင် မဲလာပေးဖို့ လိုက်လျောနိုင်စရာအကြောင်းတော့ ရှိတာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးရန် အခက်အခဲများ ကြုံတွေ့နေကြရသည်။
အလားတူ မဲစာရင်းပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် ၎င်းတို့၏ အိမ်ထောင်စုစာရင်း အချက်အလက်များရှိနေခြင်းကြောင့် ပြဿနာရှာမည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေး၊ မပေးရန် စဉ်းစားနေကြသူများလည်း ရှိနေသည်။

မဲပေးရန် လုပ်နေကြသူများကိုတွေ့ရစဉ်
ရွေးကောက်ပွဲတွင် ပြည်သူများ မဲလာပေးနိုင်ရန်အတွက် တာဝန်ရှိသူများက လုံခြုံအေးချမ်းမှုရှိကြောင်း ပြသနိုင်ရန် လိုအပ်သည်ဟု အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ(NDF)မှ တွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မဲကတော့ လူထုအနေနဲ့တော့ မဲပေးသင့်တယ်ပေါ့နော်။ ကမ္ဘာသမိုင်းမှာရော မြန်မာ့သမိုင်းမှာရော မဲမပေး မနေရဆိုတဲ့ ဟာမျိုးကြီးက အဓိပ္ပာယ်လည်း မရှိဘူး။ တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နေတဲ့ ရဲတို့ ဘာတို့ပေါ့။ အဲတာတွေကတော့ သေသေချာချာ ဖိဖိစီးစီး လုပ်မယ်ဆိုတဲ့ ဟာမျိုးကိုတော့ ကျနော်တို့ ကြားရပါတယ်။ ဒါပေမယ့် တကယ်ကို ပဋိပက္ခတွေကလည်း ရှိနေတယ်။ တရားဥပဒေစိုးမိုးမှုလည်း လျော့ရဲနေတယ်ဆိုတဲ့ နေရာ မျိုးတွေပေါ့၊ အဲလိုမျိုး နေရာမျိုးတွေမှာတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့နော်။ ဒီဘက်က တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ကလည်း သေသေချာချာ ဖိဖိစီးစီးတော့ လုံခြုံပါတယ်။ အေးချမ်းပါတယ် ဆိုတဲ့ဟာကိုတော့ ပြနိုင် အောင်ပေါ့နော် လုပ်ပေးဖို့ လိုမယ်ပေါ့။ လုံလုံခြုံခြုံနဲ့ ဒီနေရာ ဘာမှ မဖြစ်ဘူးဆိုတဲ့ စိတ်ခံစားချက်မျိုး ရမှကို ဒါက လုံခြုံတယ်လို့ ခေါ်မှာကို။ ပြောချင်တာက တကယ်ကို လုံခြုံတယ်ဆိုတာ အဲလိုပြနေတဲ့ ဟာမျိုးကို ပြစရာမလိုတဲ့ အခြေအနေမျိုးမှာ ရှိနေမှ လုံခြုံတယ်လို့ ခံစားရမှာပါ”ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက် ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူများအား အသက်အန္တရာယ် အာမ မခံ ကြောင်း ထုတ်ပြန် ကြေညာထားကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေအရ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်ထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 312
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ၊ နားမော်ရွာမှာ ရှမ်းနီအမျိုးသား များတပ်မတော်(SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)- PDF ပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၅ ခုနှစ်၊ စက်တင် ဘာ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားနေသည်။
နားမော်ကျေးရွာသည် ဥရုချောင်းနံဘေးရှိ နောင်ပိုအောင်စံပြကျေးရွာအနီးမှာ တည်ရှိပြီး ရှမ်းနီတိုင်းရင်းသားများ နေထိုင်လျက်ရှိသည်။
ထိုကျေးရွာကို KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တစ်ဝက်စီ ထိန်းချုပ်ထားကြသည်။
အလားတူ နောင်ပိုအောင်စံပြကျေးရွာအနီးက လွှစင်ကုန်းကျေးရွာမှာလည်း KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား စစ်ဆိုင်ထားကြသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာ ၂ ရွာလုံးသည် စစ်ပွဲကြောင့် ပျက်စီးသွားပြီး ဒေသခံများလည်း စစ်ပြေးရှောင်နေကြ ရသည်။

နားမော်ရွာက သေနတ်ဒဏ်ရာတွေနဲ့ နေအိမ်ကိုတွေ့ရစဉ်
KIA သည် ဒေသတွင်း PDF များအား လက်နက်တပ်ဆင်ကာ ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်း လျက်ရှိနေသည်။
ဟုမ္မလင်းမြို့ကို ရရှိရေးအတွက် KIA သည် ဒေသတွင်း PDF များနှင့်အတူ ရွှေပြည်အေးမြို့ဘက်ကနေ လည်း ကောင်း၊ နောင်ပိုအောင်စံပြကျေးရွာဘက်ကနေ လည်းကောင်း၊ တမူး-ကက်သာဘက်ကနေ လည်းကောင်း၊ မြင်သာဘက်ကနေလည်းကောင်း စသဖြင့် ပတ်လည်ဝိုင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ဟုမ္မလင်းမြို့နှင့် အနီးရှိ ဗန်းမောက်မြို့ကိုတော့ KIA က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ကြောင့် KIA-PDF သည် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ ထိန်းချုပ်နိုင်မည်ဖြစ်သလို အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
ထို့နောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းဒေသကိုလည်း ချိတ်ဆက်သွားနိုင်မည်ဖြစ် သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 290
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)ဥက္ကဋ္ဌ အန်းမိုင်၏ လုံခြုံရေးကို တာဝန်ယူရ သော နာဂအမျိုးသမီး လုံခြုံရေးတပ်ဖွဲ့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က တွေ့ရသည်။
အဆိုပါ အမျိုးသမီးတပ်ဖွဲ့သည် အန်းမိုင်၏ လုံခြုံရေးတပ်ဖွဲ့နှင့် ပူးတွဲ တာဝန်ထမ်းဆောင်သော အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု NSCN-K/AM အဖွဲ့က ပြောသည်။
အန်းမိုင်သည် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်၏ ကိုယ်ရေးအရာရှိနှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ဦးကပ္ပလန် ၂၀၁၇ ခုနှစ်က ကွယ်လွန်ပြီးနောက်မှာတော့ NSCN-K ဥက္ကဋ္ဌအဖြစ် ဦးခမ်းငေါ်နှင့် ဦးယုံးအောင်တို့က အသီးသီး တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် အန်းမိုင်ကို NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က ထုတ်ပယ်လိုက်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့၌ NSCN-K/AM ဆိုကာ ခွဲထွက်၍ ထူထောင်ခဲ့သည်။
လက်ရှိတွင် အိန္ဒိယအစိုးရက NSCN-K အဖွဲ့ခွဲ အားလုံးကို မတရားအသင်းအဖြစ် ကြေညာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့၌ အသက်ဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
NSCN-K အဖွဲ့ခွဲ အားလုံးသည် အိန္ဒိယနိုင်ငံကို တိုက်ခိုက်နေသော အဖွဲ့များဖြစ်ပြီး မြန်မာ-အိန္ဒိယ နာဂနယ်မြေများ အား စုစည်း၍ နာဂနိုင်ငံထူထောင်ရေး ကြိုးပမ်းနေကြသော နာဂလက်နက်ကိုင်များဖြစ်ကြသည်။
