CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၅

ဘိုင်ယန်မြူးနစ်အသင်းဂိုးသမားနူအာဟာ ၂၀၂၄ ခုနှစ်မှာ ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်လူစာရင်းထဲ ပြန်ပါဝင်ဖွယ်ရှိနေပါတယ်။ 

ဂျာမနီအသင်းနည်းပြနာဂယ်လ်စမန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၅၅ ဦးပါဝင်တဲ့ ပဏာမ လူစာရင်းမှာ ဝါရင့်ဂိုးသမားနူအာကို ထည့်သွင်းခဲ့တယ်လို့ Sky Sports Germany က ဖော်ပြခဲ့ပါတယ်။ 

ဂျာမနီ အသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ နူအာဟာ ပွဲပေါင်း ၁၂၄ ပွဲပါဝင်ကစားခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲပြီးချိန်မှာ အနားယူခဲ့တာပါ။ 

နူအာဟာ အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းမှာ ပြသနေတဲ့ သူ့ရဲ့ လက်စွမ်း တွေကြောင့် ဂျာမနီအသင်းရဲ့ဂိုးပေါက်ကို ပြန်လည်တာဝန်ယူဖို့ တိုက်တွန်းမှုတွေခံနေရတာ ဖြစ်ပါတယ်။ 

နူအာဟာ ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းနဲ့ဆွေးနွေးမှုတွေရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖွယ်ရှိ၊မရှိကို နိုင်ငံအသင်းအပြီးသတ်လူစာရင်း မထုတ်ပြန်မီ ဆုံးဖြတ်ချက်ချရမှာပါ။ 

ဂျာမနီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းကို မေလ ၂၁ ရက်မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ 

ဂျာမနီအသင်းရဲ့ပြီးခဲ့တဲ့ ပွဲတွေမှာ ဟော့ဖန်ဟိမ်းအသင်းဂိုးသမားဘော်မန်းဟာ နံပတ်တစ် ဂိုးသမားအဖြစ် ပါဝင်နေရပြီး သူ့ရဲ့အနောက်မှာ စတုဂတ်အသင်းဂိုးသမား နူဘယ်လ်၊ အော့စ်ဘတ် အသင်း ဂိုးသမား ဒါမန်းတို့ရှိနေတာပါ။ 

ဂျာမနီအသင်းဟာ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု E မှာ အိုင်ဗရီကို့စ်၊ အီကွေဒေါ၊ ကူရာဆောအသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။ 

Source:Besoccer