- By CNI
- Category: နိုင်ငံရေး
- Hits: 859
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၆
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ တပ်ခေါင်းဆောင်များအနေဖြင့် ညှိနှိုင်းရန် ပြင် ဆင်ကမ်းလှမ်းခဲ့သော်လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ အတွေ့မခံကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
သက်ဆိုင်ရာ တပ်ဖွဲ့များမှ ခေါင်းဆောင်အချင်းချင်း ယခုအချိန်တွင် စကားပြောဆိုကြမှသာ အဖြေတစ်ခု ထွက်လာမည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။
၎င်းက “ဟိုဟာတော့ ညှိနှိုင်းဖို့ကြိုးစားနေကြတယ်လို့တော့ပြောတယ်။ TNLA ဘက်ကပေါ့နော်။ TNLA ဘက်က ခေါင်းဆောင်တွေကတော့ ဟိုဘက်က တပ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဖို့အတွက်ပြင်ဆင်ကမ်းလှမ်းခဲ့တယ်။ သို့ သော်လည်း ဟိုဘက်က တပ်ခေါင်းဆောင်တွေက အတွေ့မခံဘူး။ ညှိနှိုင်းဖို့အတွက် သူတို့ဘက်က သဘောမတူတဲ့ အနေအထားမျိုးမှာဆိုရင်တော့ လမ်းကြောင်းတွေဘယ်လိုမှ ဟိုဟာ ရှာလို့မရတဲ့အနေအထားမျိုးတွေမှာတော့ တွေ့ရတယ်ပေါ့နော်။ တကယ်လို့ခေါင်းဆောင်တွေချင်းက အခုချိန်မှာစကားပြောမယ်ဆိုရင်တော့ အဖြေတစ်ခု တော့ ထွက်လာလိမ့်မယ်လို့တော့ ထင်ပါတယ်။ အခုလောလောဆယ် ကွတ်ခိုင်ဘက်မှာကြတော့ ပိတ်မိနေကြ တယ် လူထုတွေက၊ ထွက်လို့မရသေးဘူး။ အဲဒီမှာဆိုလည်း အစာရေစာတွေက ဝင်ဖို့လမ်းကြောင်းလည်းခက်ခဲသ လို ထွက်ဖို့လမ်းကြောင်းကလည်း အရမ်းကိုခက်ခဲတယ်ပေါ့နော်။ ဒီအစားအသောက်တွေ၊ ရိက္ခာတွေပံ့ပိုးကူညီဖို့ တောင် လမ်းကြောင်းတွေက ရှောင်မရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်။ တိုက်ပွဲက မပြီးသေးတော့ ကွတ်ခိုင် မြို့မှာကလည်း လမ်းကြောင်းတွေအသီးသီးပိတ်နေတယ်။ ဘယ်သူမှလည်းမသွားရဲဘူး။ ကားဆရာတွေလည်း မသွားရဲဘူး အဲဒီလိုမျိုးပေါ့။ လူထုတွေလည်း မသွားရဲဘူးပေါ့နော်။ ဒရုန်းသံတွေရော၊ လက်နက်ကြီးသံတွေ ရော ဝဲနေတဲ့အနေအထားမျိုးမှာဆိုရင်တော့ ဒီလက်နက်ကြီး၊ လက်နက်ငယ်တွေကအစပေါ့နော် မိုးတွေအပေါ်မှာ ပျံတဲ့အခါမျိုးမှာဆိုရင်တော့ စိုးရိမ်ကြောင့်ကျနေတဲ့အနေအထားမျိုးမှာ ဖြစ်ကြတယ်ပေါ့နော်။ အဲဒါကြောင့်မြို့ထဲ မှာပဲ ပိတ်မိကြပြီးတော့ မထွက်လာနိုင်တဲ့အနေအထားမျိုးတွေတော့ရှိတယ်။ လူငယ်ထိခိုက်မှုတွေ၊ လူထိခိုက်မှု တွေလည်း ရှိပါတယ်” ဟု ပြောသည်။

MNDAA ခေါင်းဆောင်ပိုင်းများကိုတွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်က CCTV စောင့်ကြည့် ကင်မရာများတပ်ဆင်သည်ကို TNLA တပ်ဖွဲ့ဝင်များ ကတားဆီးပိတ်ပင်ခြင်းမှစတင်ကာ အောက်ခြေတပ်ဖွဲ့ တွေကြား အခြေအနေတင်းမာလာခြင်းဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကွတ်ခိုင်မြို့နယ်ထဲက MNDAA အဖွဲ့၏အုပ်ချုပ်ရေး ဌာန များကို TNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရိုက်နှက်သဖြင့် ကိုးကန့်တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ကြောင်း၊ ဒေသတွင်းမှာ TNLA က တပ်သားသစ် အဓမ္မစုဆောင်းလာသည့်အကြောင်းနှင့် လတ်တလော ဖြစ်နေသည့် ပဋိပက္ခများအား ဖြေရှင်းရန် ငါးကြိမ်အကြောင်းကြားခဲ့သော်လည်း လက်မခံခဲ့ကြောင်း ကိုးကန့်တပ် MNDAA ဘက်က ကြေညာချက်ထုတ်ပြန်ထားသည်။
ထိုသို့ အခြေအနေတင်းမာမှုမှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) တို့ကြား ယခုအခါတွင် တိုက်ပွဲဖြစ်သည့်အဆင့်အထိ ရောက်လာလျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ကွတ်ခိုင်မြို့သည် TNLA ထိန်းချုပ်ထားသည့် မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ကစ၍ MNDAA က တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။
မြို့ပေါ်ကတပ်စခန်းများ အပါအဝင် နမ့်ဖတ်ကာ၊ ကျင်စန်းကျော့၊ တာမိုးညဲနှင့် မုံးစီးက TNLA တပ်စခန်းများအား MNDAA ဘက်မှ ဝင်သိမ်းခြင်းဖြစ်သည်။
MNDAA သည် ကွတ်ခိုင် ပြန်ယူရေးကို အဓိကထား ကြိုးစားနေခြင်းဖြစ်နိုင်ကာ ကွတ်ခိုင်မြို့ကို ပြန်ရပါက တိုက်ပွဲများကို ရပ်တန့်သွားမည်ဟု ထင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအား တွေ့ရစဉ်
၎င်းက “ဟိုကျမကြည့်တယ် MNDAA ကလည်း ဒီကွတ်ခိုင်ရရေးပဲ အဓိကထင်တယ်။ ကွတ်ခိုင်ရပြီးလို့ရှိရင် သူ လည်း ရပ်မယ်ထင်တယ်။ TNLA ကလည်း ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပြောသလိုပဲ ပြန်တိုက်မယ်လို့တော့ ပြောသံ မကြားရဘူးဗျ။ တော်တော်ပျော့ပျော့ပြောင်းပြောင်းပြောနေပုံ။ အဲဒီတော့ ကြည့်ရတာသူတို့အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းကြလိမ့်မယ်ထင်တယ်။ နောက်တစ်ခုက ကျမတွေ့နေတာတော့ ဗမာပြည်အရေးနဲ့ပတ်သက်တဲ့ အထူးတာဝန်ယူထားတဲ့တစ်ယောက်လည်း နေပြည်တော်ရောက်နေတယ်။ အဲဒီတော့ သူတို့က ဒီအပစ်အခတ် ရပ်စဲရေးတို့ဘာတို့ညာတို့ ဆွေးနွေးကြလိမ့်မယ်ထင်တယ် ကြည့်ရတာ။ ဒါကြောင့်မို့လို့ အဲဒီအတွက်စီစဥ် နေကြ တယ်နဲ့တူပါတယ်။ ကျမထင်တယ် သိပ်ဆိုးရွားစရာအကြောင်းမရှိဘူးဗျ TNLA ပြောပုံကြည့်ရတာလေ။ နောက်ပြီးတော့ MNDAA ကလည်း ဒရုန်းနဲ့သာတိုက်တာ မြေပြင်တပ်တွေပါပြီးတိုက်တယ်လို့မကြားဘူး။ သူ့ရဲ့ဗျု ဟာက ဒီကွတ်ခိုင် သူပြန်ယူဖို့ပဲကြိုးစားတယ်နဲ့တူပါတယ်။ အဲဒီတော့ TNLA အတွက်ကလည်း သူ့အင်အားတို့၊ ဘာတို့ဘက်ကလည်း သူခမျာအတော်လျှော့နည်းသွားတယ်လေ။ နောက်သူပြောပုံကြည့်ရတာ သူတို့စစ်ဆင် ရေးတွေမှာ ပြန်မဖြည့်နိုင်ဘူးဗျ၊ ဘဏ္ဍာရေးတွေဘာတွေတော်တော်ထိသွားတာ။ အဲဒါ ချက်ချင်းလည်းပြန်မဖြည့် နိုင်သေးတော့ အစောပိုင်းက သူတို့ ၁၀၂၇ တိုက်တုန်းကလည်း သူက MNDAA ကပဲ အားဖြည့်ပေးခဲ့တာဖြစ်တာ ကို။ အဲဒါကြောင့်မို့လို့ တိုက်ပွဲကြီးအထိဖြစ်လာမယ်လို့တော့ မထင်ဘူး။ အောက်ခြေမှာတော့ ထိတာ၊ ခိုက်တာ၊ အဲဒါမျိုးလေးတွေတော့ရှိနိုင်တယ်။ ဒါပေမယ့် တကယ့်တိုက်ပွဲကြီးတွေဖြစ်လာတဲ့အထိတော့ ဖြစ်လာမယ်မထင်ပါဘူး” ဟု ပြောသည်။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့သည် ညီနောင်မဟာမိတ် ၃ဖွဲ့ဟု ဖွဲ့စည်းထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA နှင့် TNLA တို့အကြား နယ်မြေ အငြင်းပွားကာ မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေသည်။
လက်ရှိတွင် TNLA ၏စခန်းနေရာများတွင် MNDAA ကနေရာယူထားသကဲ့သို့ မြို့တွင်းမှာလည်း လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေကြောင်း၊ အပြင်ကိုလည်း မထွက်နိုင်ဘဲ မြို့ထဲမှာသာ ပိတ်မိနေကြကြောင်း ဒေသခံများထံက သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 551
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များသည် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးထက် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်နေကြသည့် သဘောမျိုး မြင်တွေ့ရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် လက်နက်ကိုင်လမ်းစဥ်ချုပ်ငြိမ်းရေးသည် ခက်ခဲကြောင်းလည်း ၎င်းကပြောသည်။
ဒေါ်စန္ဒာမင်းက "လက်နက်ကိုင် လမ်းစဉ် ချုပ်ငြိမ်းဖို့ဆိုတာ သိပ်ခက်ပါတယ်။ ကျမတို့က အခု ငါးနှစ်တာ ကာလပတ်လုံး လေ့လာတဲ့အခါမှာ တကယ်ရော ဒီ EAO နေရာတွေမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တာလား။ တကယ်ဖက်ဒရယ် လိုချင်တာလား။ ကိုယ့်ရဲ့ ကိုယ်ကျိူးစီးပွားတွေကိုပဲ တည်ဆောက်ချင်တာလားဆိုတဲ့ ဆိုတာကို ကြည့်လိုက်ခြင်းအားဖြင့် ကျမတို့ကတော့ မြင်နေတာက ဖက်ဒရယ်ကို တည်ဆောက်ချင်တာထက် ကိုယ်ကျိုးစီးပွားကို တည်ဆောက်ချင်ကြတာ များတာ ဖြစ်တဲ့အတွက် တကယ်ကို လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းဖို့ဆိုတာတော့ သိပ်ခက်ပါတယ်။ ဒီလက်နက်ကိုင် ငြိမ်းချမ်းရေး ချုပ်ငြိမ်းဖို့ဆိုတာကတော့ ခုနလိုမျိုးပေါ့နော်။ ကိုယ်ကျိုးစီးပွားနဲ့ အတ္တတွေကို ရှေ့တန်းတင်နေသမျှတော့ ကျမတို့ မဖြစ်နိုင်ပါဘူး" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ရေး ပဋိပက္ခတွင် နိုင်ငံရေးကြောင့် ပေါ်ပေါက်လာမှုများရှိသလို အကျိုးစီးပွားကြောင့် ပေါ်ပေါက်လာမှုများလည်း ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျှင် အသင့်တော်ဆုံးဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ဖူးသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ သံတမန်များ၊ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရသည့် အဓိက အကြောင်းရင်းသည် တိုင်းရင်းသားများ၏ မူလအခွင့်အရေးများ မရခဲ့သည့်အတွက်ကြောင့် ဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးမာကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် အစိုးရသည် နယ်မြေ လက်လွတ် ဆုံးရှုံးမှုများရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း နယ်မြေထိန်းချုပ်နိုင်ရေးကို အဓိကထား ကြိုးပမ်းလာနေသည်။
တော်လှန်ရေးကို စတင်ကြသည့်အခါ ပြည်သူလူထု အကျိုးစီးပွား၊ မိမိတို့ အမျိုးသားအကျိုးစီးပွား အပေါ်တွင်ဦးတည်ခဲ့ကြခြင်းဖြစ်ပြီး ၄င်းလမ်းစဥ်မှ လွဲချော်မသွားရန် သတိပြုရန်လိုအပ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ပြောသည်။
၎င်းက "တော်လှန်ရေးသမားဆိုတာက စစချင်းလုပ်တုန်းကသာ ရုတ်တရက်ပေါ်လာတဲ့ စိတ်ဆန္ဒနဲ့ လုပ်ကြဝာာကို။ လုပ်ရင်းကိုင်ရင်းကနေ လမ်းလွဲသွားကြတဲ့ သူတွေရှိတာပဲ။ အဲဒီတော့ ဒီတစ်ဦးချင်း ကိုယ်ကျိုးစီးပွားအပေါ်မှာ ပျက် လိုက်လာတဲ့သူတွေလည်းရှိနိုင်တာပဲ။ ကျမတို့ (ဗကပ) တောင်မှ ပျက်သွားတဲ့သူတွေ အများကြီးတွေ့ခဲ့ဖူးတာပဲ။ ဒီလူတွေဟာ တော်လှန်ရေး အရှည်ခရီးမှာ ပြုတ်ကျ ကျန်ခဲ့မှာပေါ့ဗျာ။ သိပ်ပြီးတော့ မပူပါနဲ့။ သူတို့ရဲ့ ရေရှည်အကျိုးစီးပွားအရဆိုရင် ရွေးချယ်စရာ လမ်းရှိတယ်လေ။ သူ့ရဲ့ တစ်ဦးချင်းအကျိုးစီးပွားပဲကြည့်မယ်ဆိုရင် ခုနကပြောသလို ဗိုလ်နဂါးလမ်းပေါ့ စစ်ကောင်စီတွေနဲ့ပေါင်းမှာပေါ့။ ဒီလိုမှမဟုတ်ဘဲနဲ့ သူ့ရဲ့အခြေခံ နိုင်ငံရေးစိတ်ဓာတ်လေးက အနိုင်ရ လာလို့ရှိရင် သူကတော်လှန်ရေးဘက်ရောက်လာမှာပေါ့။ အဲဒီတော့ ကျမပြောချင်တာက တော်လှန်ရေးကို စတုန်းက ကိုယ့်ပြည်သူလူထု ကိုယ့်အမျိုးသား အဲဒီအကျိုးစီးပွားအပေါ်မှာပဲ စခဲ့တာဖြစ်တော့ အဲဒီလမ်းကနေ သွေဖည်မသွားပါနဲ့လို့ ပြောရမှာပေါ့ဗျာ။ အဲဒီလိုပဲ နားချရမှာပေါ့ဗျာ။ ဒါက တောက်လျှောက်လုပ်ရမယ့်ကိစ္စပါ။ ကျမတို့ကိုယ်တိုင်တောင်မှ ကိုယ်ကျိုးစီးပွားကို တတ်နိုင်သမျှ တိုက်ချွတ်နေရတာဖြစ်တာကို။ အဲဒီတော့ ကျန်တဲ့လူတွေ တစ်ကြိမ်တစ်ခါ ဒီလိုလမ်းလွဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ တော်လှန်ရေးသမား အချင်းချင်းကြားတော့ ဖျောင်းဖျပြီးတော့ အပြန်အလှန် ဆွေးနွေးပြီးတော့ ဆွဲယူတဲ့ Policy ကို ကျင့်သုံးဖို့လိုတာပေါ့ဗျာ" ဟု ပြောသည်။

နိုင်ငံတကာ သံတမန်များ၊ နစက ခေါင်းဆောင်များ၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဖက်ဒရယ်သည် အဖြေတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် ဖက်ဒရယ်စနစ်အတိုင်း သွားကြ ရန် လုပ်ဆောင်နေကြကြောင်း၊ သို့သော် ထိုနည်းလမ်းအား ကျော်လွန်၍ စဥ်းစားမည်ဆိုလျှင် ပြည်ထောင်စု ပြိုကွဲမည်ဖြစ်ကြောင်း၊ ထိုအကျိုးသက်ရောက်မှုသည် ပြည်တွင်းရေးတွင်သာမက အရှေ့တောင်အာရှ ဒေသ တစ်ခုလုံးပင် ပြဿနာအကြီးအကျယ် ဖြစ်သွားနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေကြသည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်များကမူ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြားထဲတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြမှုများရှိနေကြသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏ အကျိုးစီးပွားကို ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှု လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အစိုးရသစ်တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များကို ဖြေရှင်းရာတွင် ချဥ်းကပ်ပုံ၊ စဥ်စားပုံ အသစ်ဖြစ်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီးသည် ဒီမိုကရေစီနိုင်ငံ မဟုတ်သည့်အခါတွင် တပ်၏ အခန်းကဏ္ဍက မြင့်မားကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် လူဦးရေများပြားသည် နိုင်ငံတစ်နိုင်ငံ၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရသောကြောင့် အရပ်သား အစိုးရ သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်နိုင်စွမ်း မရှိဘူးဟု တပ်မတော်က စဉ်းစားပုံရကြောင်း၊ ထို့ကြောင့် တပ်မတော်၏ အခန်းကဏ္ဍမှာ ကြီးမားသည်ဟု သတ်မှတ်ကြကြောင်း ၎င်းက ပြောသည်။
ဒေါက်တာညိုညိုသင်းက “ဒါကြောင့်မို့လို့ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အဲဒီနိုင်ငံတွေမှာ အရပ်သား အစိုးရထက် ပိုပြီးတော့ မြင့်မားတဲ့ အနေအထားမှာ ရှိရမယ်လို့ ယူဆကြတဲ့ နိုင်ငံတွေလည်းပဲ ရှိတယ်။ ဒါကြောင့် အန်တီတို့ နိုင်ငံကတော့ အဲဒီထဲမှာ တစ်ခုပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံကြီး အိမ်နီးချင်း ဒီမိုကရေစီ မကျတဲ့ နိုင်ငံ ကြီးရှိတယ်။ အဲဒီလို အိမ်နီးချင်းနိုင်ငံကြီးက ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့ အခါမျိုးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက မြင့်မားတယ်။ နောက်တစ်ခါ အန်တီတို့မှာ ခြိမ်းခြောက်မှုရှိတာ ဒီနိုင်ငံက အန်တီတို့နိုင်ငံရဲ့ လုံခြုံမှုကို အကြီး အကျယ် ခြိမ်းခြောက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ လူဦးရေ သိပ်သည်းပြီးတော့ အန်တီတို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေရတဲ့ အခါမျိုးမှာ အန်တီတို့နိုင်ငံရဲ့ အနေအထားဟာ လုံခြုံရေး၊ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ပိုပြီးတော့ ဦးစားပေးရတဲ့ အခါမျိုးမှာ ရှိလာနိုင်တယ်။ ရှိလည်း ရှိနေတယ်။ အဲဒီလိုအခါမျိုးမှာ ဆိုရင်တော့ စစ်တပ်ကို အရပ်သားအစိုးရရဲ့ အောက်မှာထားဖို့ဆိုတာ ခက်ခဲတယ်ပေါ့” ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ဒီမိုကရေစီ စံနှုန်းအရဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအရ ထိုစံနှုန်းသည် အမြဲတမ်း ဖြစ်မနေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မဲစာရင်း အငြင်းပွားမှုများကို မဖြေရှင်းဘဲ အစိုးရဖွဲ့ရန် ကြိုးစားသည့် NLD အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူထားခြင်းဖြစ်ပြီး ၅ နှစ်တာ နိုင်ငံကို အုပ်ချုပ်ခဲ့သည်။
ထိုသို့ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများ ပေါ်ပေါက်ခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်းတွေ ကလည်း ပိုမိုပေါများလာခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများလည်း ပိုမိုကြီးမား ကျယ်ပြန့်လာလျက်ရှိသည်။
ပြည်တွင်းငြိမ်းချမ်းမှု ရှိသွားပါက တပ်၏ အခန်းကဏ္ဍသည် အလိုအလျောက် လျော့ကျသွားမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် အရာရှိကြီးများကို တွေ့ရစဉ်
၎င်းက “အဓိက,ကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းမှာ ငြိမ်းချမ်းသွားမယ်၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မရှိတော့ဘူးပေါ့။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားမယ် ဆိုရင်လည်း တပ်ရဲ့ အခန်းကဏ္ဍကတော့ သူ့ဟာနဲ့သူ လျှော့သွားမှာပဲလေ။ အဲဒီတော့ တပ်ရဲ့အခန်းကဏ္ဍကို သူတို့က အခုအချိန် လျှော့လိုက်မယ်ဆိုရင်လည်း အခု တိုင်းပြည်ငြိမ်းချမ်းရေး၊ တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်ကိုပဲ ပြန်သုံးရမှာ ပဲလေ။ အဲဒီအခါကြတော့ အဓိက ကျနော်တို့ ဖြစ်နေတာက တိုင်းပြည်ငြိမ်းချမ်းရေး သွားဖို့က နံပါတ်တစ်ပဲ။ တိုင်း ပြည်ငြိမ်းချမ်းဖို့ အတွက်ကတော့ လက်ရှိ ကျနော်တို့ စစ်ခေါင်းဆောင်ရော၊ အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေ ရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးက ကိုယ့်ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဒီဟာကို အဓိက ရည်မှန်းချက်ရှိရှိနဲ့ လုပ်ဖို့တော့ လိုတာပေါ့” ဟု ပြောသည်။
နိုင်ငံတစ်ခုစီ၏ သမိုင်းကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်နှင့် လက်တွေ့နိုင်ငံရေး အခြေအနေများကို ထည့်သွင်း စဉ်းစားရသည့် အခါမျိုး၌ တပ်မတော်သည် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် လုံးဝ မရှိနေသည့် နိုင်ငံ များလည်း ရှိသည်။
၎င်းတို့ထဲတွင် ပါကစ္စတန်၊ ထိုင်း၊ အီဂျစ်၊ အာဖရိကနိုင်ငံအချို့ဖြစ်သည့် မာလီ၊ ဂီနီ၊ ဘာကီးနားဖားဆိုနိုင်ငံတို့ လည်း ပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံကမူ အနည်းငယ်ကွဲပြားကာ စစ်တပ်သည် ပါတီနှင့် ခေါင်းဆောင်မှု အောက်တွင် ရှိသော်လည်း နိုင်ငံတော်အစိုးရ၏ အဓိက အသက်သွေးကြောဖြစ်ကာ နိုင်ငံ၏ အရင်းအမြစ် အားလုံးကို စစ်တပ်အတွက် ဦးစားပေးထားခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 313
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့(မတ် ၁၆ ရက်)တွင် ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကို ရွေးချယ် တင်မြှောက်ခဲ့သည်။
ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ထမ်းဆောင်နေသူဖြစ်သည်။
ထိုပြင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ရီအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 261
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆
ယနေ့ (မတ်လ ၁၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့၌ ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။
ဦးခင်ရီသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌလည်း ဖြစ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌကို ဆက်လက် ရွေးချယ်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 276
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပလျက်ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
ထိုအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြုကြမည်ဖြစ်သလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ကို ရွေးချယ်မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 265
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅
(၄၉၉)နှစ်မြောက် ဒသမအကြိမ် ရှမ်းနီအမျိုးသားနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်ထိ ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ နမ့်တောမြို့နယ်အတွင်းမှာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 480
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့သည် စစ်အာဏာရှင်ကို မကြိုက်ဘူးဟု ဆိုသော်လည်း လက်တွေ့တွင် စစ်အာဏာရှင်ပေါင်းမြောက်များစွာနှင့် ရင်ဆိုင်နေရသည့် တိုင်းပြည် ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက”မြန်မာနိုင်ငံရဲ့လက်နက်ကိုင်က ကိုင်ပြီးတော့မှ တော်လှန်ပုံကန်ကြတဲ့ ဟာတွေကိုက တစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့လို အင်၊ လိုချင်တဲ့ပုံသဏ္ဍန်လည်း အတိအကျတူနေမှာမဟုတ်ဘူးပေါ့နော်။ မြန်မာပြည်အနေနဲ့ကတော့ တကယ်ကို တဖွဲ့နဲ့တစ်ဖွဲ့ကမတူဘူး။ မြန်မာပြည်မှာက ဖြစ်လာခဲ့တဲ့ပြဿနာကလည်း နှစ်ပေါင်းများစွာ ကြာပြီ ဆိုတော့ တစ်ခါတစ်လေကြတော့ လာရင်းကိစ္စက ဘယ်ဟာလည်းဆိုတာတောင် ပုံသဏ္ဍန်တွေက ပျောက်နေ တာကို။ ဒါပေမယ့် ဖြေရှင်းလို့မရဘူးဆိုတာတော့မဟုတ်ဘူး။ ကျနော်တို့ အကုန်လုံးက စစ်အာဏာရှင်ဆိုပြီးလက် ညိုးထိုးပြီးတော့မှ အောက်မှာလည်း အကုန်လုံးစစ်အာဏာရှင် အသေးတွေ၊ အကြီးတွေအကုန်လုံးဖြစ်နေတယ်။ ဆို တော့ တိုင်းပြည်က လူထုက စစ်အာဏာရှင်မကြိုက်ဘူးဆိုပြီးတော့မှ စစ်အာဏာရှင်ပေါင်းမြောက်များစွာနဲ့ ရင် ဆိုင်နေရတဲ့ တိုင်းပြည်ဖြစ်နေတာတော့ အတိအကျပဲလေ။ ဒါကိုငြင်းချက်ထုတ်စရာဘာမှမရှိဘူး။ အခုဖြစ်နေတာ တိတိကျကျဖြစ်နေတာတော့ အကုန်လုံးစစ်အာဏာရှင်တွေကြီးပဲ။ နို့မို့ဆိုရင် စစ်တိုက်ဖို့တို့ စစ်တပ်တစ်တပ် တည်ထောင်တယ်ဆိုတဲ့ဟာက ပိုက်ဆံဝင်တဲ့အလုပ်၊ လုပ်ငန်းမဟုတ်ဘူး။ ပိုက်ဆံသုံးတဲ့လုပ်ငန်းဖြစ်တော့ စစ် တပ်တစ်တပ်ဖြစ်လာတယ်၊ တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်လာတယ်ဆိုတဲ့ဟာတွေက ပိုက်ဆံကုန်ဖို့ပဲရှိတာကို။ တကယ့်တ ကယ်တမ်း ပိုက်ဆံရှာဖို့ထောင်ထားတာလား၊ ထောင်ဖို့ပိုက်ဆံရှာတာလား ဘာလား၊ သူ့ဟာနဲ့သူ လုံးလည်ချာလည် ရိုက်ပြီးတော့မှ ဒီဟာကြီးက ဒီပြဿနာကြီးက မပြီးနိုင် မစီးနိုင်ဖြစ်နေတယ်ပဲမြင်ရတာ”ဟု ပြေသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မတ်လမှာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ ရာ ယနေ့အထိ မဖြေရှင်းနိုင်သေးပေ။

၂၀၂၁ ခုနှစ်က ဆန္ဒပြနေသည့် လူထုကိုတွေ့ရစဉ်
အလားတူ ဦးနေဝင်း အစိုးရလက်ထက်၊ ဦးသန်းရွှေ အစိုးရလက်ထက်၊ ဦးသိန်းစိန် အစိုးရလက်ထက်၊ ဒေါ်အောင် ဆန်းစုကြည် အစိုးရလက်ထက်မှ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစိုးရလက်ထက်ထိ ခေတ်အဆက်ဆ က် လက်နက်ကိုင်အင်အားစုများဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း မအောင်မြင်သေးဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခတွင် အနီးဆုံးဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယုံကြည်မှုကို ဦးစွာ ရယူမှသာလျှင် အဝေးရှိ အဖွဲ့အစည်းများက ယုံကြည်စိတ်ချပြီးပါလာမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက”အခုလောလောဆယ်မှာ သူတို့လုပ်မယ်ဆိုလို့ရှိရင် အနီးဆုံးဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊ အနီးဆုံး ဖြစ်တဲ့ ပါတီအဖွဲ့အစည်းတွေနဲ့လုပ်ရမှာပေါ့ဗျာ။ ဒါတွေနဲ့လုပ်နိုင်မှ သူက အဝေးမှာရှိနေတဲ့အဖွဲ့အစည်းတွေက သူ တို့လည်း ယုံကြည်စိတ်ချမှုရှိပြီးတော့ ပါလာမှာပေါ့ဗျာ။ ဒီတော့ အစိုးရနဲ့နီးစပ်တဲ့ အဖွဲ့အစည်းတွေကလည်း ပါ တီတွေရှိမယ်၊ ဒီ CSO တွေရှိမယ်၊ သူတို့နဲ့အမြဲတမ်းတွေ့နေတဲ့ EAO တွေလည်းရှိမယ်။ ဒါတွေကို သူတို့ကိုပျော် အောင်ထားဖို့လိုတာပေါ့။ ဆိုလိုတာက သူတို့ကိုပျော်အောင်ထားတယ်ဆိုရင် သူတို့အခွင့်အရေးတွေ ကိုယ်ကပေး နိုင်ရမှာပေါ့။ သူတို့တောင်းဆိုတာတွေကို ကိုယ်ကစေ့စပ်ဆွေးနွေးနိုင်ရမှာပေါ့။ ဒီစေ့စပ်ဆွေးနွေးမှုတွေကိုလည်း အများသိ့အောင်ကျနော်တို့က ပြောပြနိုင်ရမှာပေါ့။ ငါတို့လုပ်နေတာဟာ ငါတို့ကပဲ ဦးဆောင်နေတာမဟုတ်ဘူး။ ဟိုတစ်ဖက်သားက အတွေးတွေ၊ သူတို့ရဲ့လိုအပ်ချက်တွေ၊ သူတို့ရဲ့အကြောင်းပြချက်တွေကိုလည်း ကျနော်တို့ အားလုံးအရေးတယူ ကျနော်တို့လက်ခံပြီးတော့မှ စဥ်းစားပါတယ်၊ သုံးသပ်ပါတယ်။ ဒါကိုပြည်သူတွေအများသိ အောင် ပြန်တင်ပြရမှာပေါ့။ အဲဒီလိုဆိုလို့ရှိရင် ဒါတွေကို ကိုယ့်ကိုမဆွေးနွေးလိုသေးတဲ့ အဖွဲ့အစည်းတွေကလ ည်း၊ သူတို့ကလည်း ဒေါက်ထောက်ကြည့်နေမှာ၊ သူတို့ကယုံကြည်စိတ်ချတယ်ဆိုလို့ရှိရင် ကျနော်တို့လာကြမှာပေါ့ဗျာ။ ကိုယ်နဲ့နီးတဲ့လူကိုတောင်မှ ကျနော်တို့က ပျော်အောင်မထားနိုင်ဘူး၊ ယုံကြည်စိတ်ချအောင်မထားနိုင်ဘူး ဆိုလို့ရှိရင်တော့ သူတို့လာမှာမဟုတ်ဘူးပေါ့ဗျာ”ဟု ပြောသည်။

NCA နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြစဉ်
မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခသည် အဖွဲ့အစည်းအားလုံးနှင့်ဆိုင်သည့် ပြဿနာဖြစ်ပြီး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူမျိုးနှင့်ဆိုင်သည့် ကိစ္စတို့သည် အဖွဲ့အစည်းအားလုံးနှင့်ဆိုင်ပြီး နှစ်ဖက်ညီညီမျှမျှခွဲ ခြားပြီး ဆွေးနွေးရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ ပိုမိုကြီးမာကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် အစိုးရသည် နယ်မြေ လက်လွတ် ဆုံးရှုံးမှုများရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း နယ်မြေထိန်းချုပ်နိုင်ရေးကို အဓိကထား ကြိုးပမ်းလာနေသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
ဖက်ဒရယ်စနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ပါဝင်သော်လည်း မြန်မာနိုင်ငံ၌ အချို့သော လူပုဂ္ဂိုလ်များသည် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သီးခြားနားလည်နေကြကြောင်း၊ ဖက်ဒရယ်စနစ်ကို နားလည်ပါက ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်မပြုစရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်တကယ်ကတော့ ဖက်ဒရယ်စနစ်ရဲ့ အစိတ်အပိုင်းမှာ တချို့က ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာကို သီးခြားနားလည်နေတာ။ အမှန်ကတော့ ဖက်ဒရယ်စနစ်ထဲမှာကိုက ကိုယ်ပိုင်အုပ်ချုပ် ရေးလည်းပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ သူ့ဒေသမှာ သူ့ဘာသာသူ ရွေးကောက်ပွဲ လုပ်မယ်။ သူတို့ပြည်နယ်မှာ တက်လာတဲ့အစိုးရက သူတို့အုပ်ချုပ်မယ်ပေါ့။ အဲဒီက တက်လာတဲ့ ဒေသအစိုးရကို အထက်က ဗဟိုကဖြစ်ဖြစ် အထက်က စွက်ဖက်ခွင့်မရှိဘူး။ အဲဒီဒေသရဲ့ ဝန်ကြီးချုပ်၊ အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူး၊ အဲဒီဒေသရဲ့အစိုးရကို ဘာမှ ဗဟိုအစိုးရက၊ ဖက်ဒရယ်အစိုးရက အပြောင်းအလဲ လုပ်ခွင့်မရှိဘူး။ သူ့ဟာနဲ့သူ အုပ်ချုပ်တာ။ သူကတော့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော့ ဟုတ်တယ်။ ဒါပေမယ့် သူ့ဒေသက သူ့ပြည်သူလူထုရဲ့ ရွေးကောက်တင်မြှောက်မှုနဲ့ ဆုံးဖြတ်ချက်နဲ့ အုပ်ချုပ်တာ။ အဲဒါက ဖက်ဒရယ်စနစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု။ အဲဒါကို နားလည်ရင် ဘာမှ ခွင့်မပြုစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်၏ အနှစ်သာရနှင့် မကိုက်ညီသဖြင့် ၂၀၀၈ ၏ ဘောင်ကို ဖက်ဒရယ်စနစ်၏ ဘောင်နှင့် နီးစပ်သည့် စဉ်းစားချက်များဖြင့် ချဉ်းကပ်ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံကို တွေ့ရစဉ်
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အခု ကျနော်တို့ရဲ့ ၂၀၀၈ မှာက အဲဒီလိုမဟုတ်ဘူး။ ကျနော်တို့ ပြည်နယ် တွေမှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ဗဟိုအစိုးရရဲ့ ရွေးကောက်ပွဲနဲ့ တစ်ပြိုင်တည်း လုပ်တယ်။ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော် ပေါ်လာတဲ့အခါ ပြည်နယ်လွှတ်တော်မှာ ဒီဝန်ကြီးချုပ် ဖြစ်ရမယ်ဆိုတာ ဗဟိုက သမ္မတက လုပ်တာ။ အဲဒီမှာတစ်ခါ တပ်မတော်ကလည်း ကိုယ်စားလှယ်တွေကလည်း ၄ ပုံ ၁ ပုံက ဝင်ထိုင်နေသေးတယ်။ နောက် ဝန်ကြီးချုပ်ကိုလည်း သမ္မတက nominated လုပ်တာဖြစ်တယ်။ ဒါက ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရနဲ့ မကိုက်ညီဘူး။ မကိုက်ညီတဲ့အပြင် အခုသူတို့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့လည်း ဆန့်ကျင်နေတယ်။ ဒါတွေကို ၂၀၀၈ ရဲ့ ဘောင်ကို လွတ်လွတ်လပ်လပ် ဖက်ဒရယ်စနစ်ရဲ့ ဘောင်နဲ့ နီးစပ်တဲ့၊ ဖက်ဒရယ်စနစ်ရဲ့ ဘောင်အတိုင်းဖြစ်တဲ့ စဉ်းစားချက်တွေနဲ့ ချဉ်းကပ်ပြီးတော့ ဖြေရှင်းမှရမယ်” ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီသော်လည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ်သော်လည်းကောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိနားလည်ရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလျက်ရှိသည်။
ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေး ဆွဲခြင်း လိုအပ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန် နိုင်ငံရေးအရ တံခါး ဖွင့် ဆွေးနွေးရန် လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက အကြံပြုကြသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာ့တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးသည် စစ်မှန်သော ငြိမ်းချမ်းရေးကို ပေးချင် သည့် စိတ်စေတနာ အမှန်တကယ်ရှိရန်သာ အရေးကြီးကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တွေ့ဆုံဆွေးနွေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဖက်ဒရယ် ဟုတ်ပြီ ဘယ်လိုဖက်ဒရယ်မျိုး လိုချင်တာ လဲ။ ဒီလို ဒီလိုဖက်ဒရယ်၊ ဘယ်လိုကိစ္စမျိုး Autonomy လိုချင်တာလဲ။ ဒီလို ဒီလိုကိစ္စမျိုး။ ရော့ ပေးနိုင်တယ်။ ၂၀၀၈ အရ ဒါကို ပေးလို့ရတယ်၊ ဒါကို ပေးလို့မရဘူး။ ပေးလို့မရပေမယ့် ဘယ်လိုနည်းနဲ့တော့ ပြန်ပြီးတော့ အခွင့်အလမ်းတွေ ဖန်တီးပေးလို့ ရတယ်ဆိုတာတွေက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းတွေကနေ တဆင့် လုပ်နိုင်တဲ့အရာတွေ ဖြစ်တယ်။ မလုပ်နိုင်တဲ့ကိစ္စ ဘာမှမရှိဘူး။ လိုချင်တာက မြန်မာ့တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးသည် အနာဂတ် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ကို အနာဂတ် မျိုးဆက်သစ်တွေအတွက်ကို စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ပေးချင်တဲ့စိတ်စေတနာ အမှန်တကယ်ရှိဖို့ပဲ အရေးကြီး တယ်လို့ အန်တီက ဒီနေရာကနေ ပြတ်ပြတ်သားသား ပြောချင်တယ်” ဟု ပြောသည်။
အစိုးရသည် ပြည်နယ်များသို့ အာဏာခွဲဝေပေးခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဓိကသော့ချက်ဖြစ် ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကြီးစိုးရေးကို အခြေခံထားသဖြင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံဥပဒေသစ် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာမဟုတ်သော တိုင်းရင်း သား အင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ရန် သဘောထားရှိနေသလို မြန်မာ့ တပ်မတော်၊ NLD၊ USDP တို့ကတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား တည်ထောင်ရန် သဘောထား ရှိကြသည်။
သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု သဘောတူ ပြဋ္ဌာန်းထားသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က ၇၅ နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ဖူးသည်။
