- By CNI
- Category: နိုင်ငံရေး
- Hits: 370
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အုပ်ချုပ်မှုများတွင် ဗဟိုအစိုးရမှ အဓိကချုပ်ကိုင်ကာ အာဏာ ပြန်ခွဲဝေ ပေးသည့်စနစ်မျိုးဖြစ်၍ ထိုစနစ်သည် ဖက်ဒရယ်ကို ဆန့်ကျင်နေကြောင်း မွန်နိုင်ငံရေးသမားဟောင်း ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အဓိကအချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အား မိမိ အစီအစဉ်ဖြင့် ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ နိုင်ငံတော်သမ္မတ၊ ဗဟိုအစိုးရမှ ရွေးချယ်သည့် စနစ် မျိုးကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်နိုင်ဦးက “နောက်တစ်ချက်က ဥပဒေပြဋ္ဌာန်း ပိုင်ခွင့်ဆိုတာ ဥပမာအားဖြင့် ပညာရေး၊ ကျန်းမာရေး တို့ဆို အများကြီး နေပြည်တော်ကပဲ ယူထားတာလေ။ ဗဟိုကပဲ ယူထားတဲ့ စနစ်။ အဲဒီအပြင်ကို ကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့်ရှိရမယ့်၊ ရှိသင့်တဲ့ တိုင်းရင်းသားစာပေ ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့မရဘူးလေ။ ပြီးတဲ့အခါကြရင် လည်း တခြား လျှပ်စစ်ထုတ်လုပ်မှုတွေ၊ ကုန်ကူးသန်းရောင်းဝယ်မှုတွေ အဲဒါတွေအများကြီး ပြည်နယ်က လုပ်ပိုင် ခွင့် မရှိသေးဘူး။ ဒါတွေအကုန်လုံးက ပြည်ထောင်စုပဲ နို့သက်ခံစို့ပြီး နေနေရတဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့။ ပြောရရင် တော့ ဗဟိုက အများကြီး ယူထားတယ်ပေါ့။ ဆိုတော့ ဒါက ဖက်ဒရယ်ရဲ့ အဟန့်အတားပဲလေ။ အဲဒါမျိုးကိုတော့ ပြန်ပြင်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ငွေရေးကြေးရေး ခွဲဝေမှုပေါ့။ ဘဏ္ဍာငွေနဲ့ သယံဇာတ ခွဲဝေမှု ဒါလည်းလို တယ်။ များသောအားဖြင့်က ရတဲ့အခွန်အကောက်တွေ အကုန်လုံးကို ပြည်ထောင်စုဆီပဲ ပို့ရတာလေ။ ပြည်ထောင် စု ကနေပြီးမှ ခွဲဝေပြီးတော့မှ ဘယ်တိုင်းဒေသကြီးက ဘယ်လောက်ပေး၊ တိုင်းဒေသကြီး ဘယ်ပြည်နယ်ကို ဘယ် လောက် ထောက်ပံ့ပေးရမယ်ဆိုတဲ့ အပေါ်ကနေမှ ပြန်စီးဆင်းတဲ့ ပုံစံမျိုးဖြစ်တယ်။ ပြောရရင်တော့ ဒါက ပြည်ထောင်စု ဗဟိုအစိုးရကပဲ အဓိက ချုပ်ကိုင်ပြီးတော့မှ အာဏာကို ပြန်ခွဲဝေပေးတဲ့ စနစ်မျိုး ဖြစ်တယ်ဆိုတာ က ဖက်ဒရယ်ရဲ့ ဆန့်ကျင်ဘက်လို အများကြီး ဖြစ်နေသေးတယ်။ အဲဒါတွေက ပြန်ပြင်ဖို့ လိုဦးမှာပေါ့” ဟု ပြောသည်။

တိုင်းရင်းသားမျိုးနွယ်စုများကို တွေ့ရစဉ်
ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆိုသည်မှာ တိုင်းရင်းသား လူမျိုးစုများနှင့် တိုင်းရင်းသား ပြည်သူ့ကိုယ်စားလှယ်များ အတူတကွ စုပေါင်းဖွဲ့စည်းသည့် နိုင်ငံရေးအုပ်ချုပ်ပုံ နည်းစနစ်တစ်မျိုး ဖြစ်သည်။
ဖက်ဒရယ်စနစ်မှာ အစိုးရအဆင့်ဆင့် အသီးသီးအကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်သည်။
ထိုသို့ ခွဲဝေရာတွင် ဖက်ဒရယ်နိုင်ငံ၌ ပါဝင်သည့် နယ်မြေဒေသများ (တိုင်းဒေသကြီး/ ပြည်နယ်များ) အနေဖြင့် အချို့သော မူဝါဒနယ်ပယ်များတွင် ကိုယ်ပိုင် ဆုံးဖြတ်ဆောင်ရွက်ခွင့် အများအပြားရရှိရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အာမခံချက် ပေးထားပြီး အခြား မူဝါဒနယ်ပယ်များတွင်မူ သဘောတူညီထားသော မူများနှင့်အညီ လုပ်ပိုင်ခွင့်အာဏာကို အတူတကွကျင့်သုံးရန် စီမံထားခြင်းဖြစ်သည်။
ထို့ကြောင့် ဖက်ဒရယ်စနစ်သည် တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် တစ်စိတ်တစ်ဒေသ အတူတကွ ပူးပေါင်း အုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားတာကို ဆိုလိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို တွေ့ရစဉ်
တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ၎င်းတို့ ပြည်နယ်များတွင် အားကောင်းစွာဖြင့် အပြတ်အသတ် မဲအနိုင်ရခဲ့ သည်ရှိသော် ပြည်နယ်အစိုးရအဖွဲ့ကို ဗဟိုမှ ရွေးချယ်ဖွဲ့စည်းခြင်းကြောင့် မည်မျှ ရုန်းကန်ကြိုးစား စေကာမူ ဗဟို၏ ထိန်းချုပ်မှုအောက်မှ ကျော်လွှား၍ မရသည့် ပုံစံမျိုး ဖြစ်နေကြောင်း မွန်နိုင်ငံရေးသမားဟောင်း ဒေါက်တာ အောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါဆိုရင်တော့ တိုင်းရင်းသားတွေဘက်က ပိုပြီးတော့လည်း မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ ပိုပြီးတော့ ကြီးမားလာမှာပေါ့။ အခုအနေအထားကတော့ ဥပမာအားဖြင့် ကျနော်တို့ မွန်ကိုပဲ ဥပမာ ပေးမယ် ဆိုလည်း ရတာပဲ။ ရခိုင်ကို ဥပမာ ပေးမယ်ဆိုလည်း ရတာပဲ။ မွန်မှာ အခုနေ ရွေးကောက်ပွဲကတဆင့် တရားဝင် ရွေးကောက်ခံရပြီးတော့မှ လွှတ်တော်ထဲ ရောက်သွားလို့ ကိုယ့်ရဲ့ မွန်ပြည်အခြေပြုပါတီ တစ်ခုခုကနေပြီးတော့ အများစုကို နေရာရထားတယ်ဆိုရင်တောင်မှ ကိုယ်က ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့လို့မရ သေးဘူးလေ။ ဘာကြောင့် ဆို ဗဟိုကပဲ ဝန်ကြီးချုပ် ဘယ်သူက အရင်ရွေးမယ်ဆိုတော့ ဘာမှလုပ်မရဘူး။ ရခိုင်လည်း ဒီအတိုင်းပဲလေ။ ပြီးခဲ့တဲ့ ၁၅ နဲ့ ၂၀ သက်တမ်းကြားမှာ ရခိုင်ကလည်း majority ရတာပဲလေ။ ရခိုင်ရဲ့ လွှတ်တော်မှာဆိုရင် ရခိုင် ပါတီတွေကပဲ အများစု နေရာရတာလေ။ ဒါပေမယ့် သူတို့က အစိုးရဖွဲ့လို့ မရဘူး။ အဲဒီကာလမှာ ပြည်ထောင်စုရဲ့ သမ္မတကပဲ ရခိုင်က ဝန်ကြီးချုပ်တစ်ဦးကို ကိုယ်စားလှယ်ထဲကနေ ရွေးချယ်ပြီး တင်မြှောက်ပြီးတော့မှ သွားတဲ့ စနစ်ဆိုတော့ ကိုယ့်ပြည်နယ်တိုင်းတွေမှာက ဘာမှလည်း ဘယ်လောက်ပဲ ကိုယ်နိုင်ထားပါစေ၊ ကိုယ်က အစိုးရ အဖွဲ့ဝင်သာ။ ကိုယ့်ရဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ အနှစ်သာရအားဖြင့်သာ နာမည်ရှိတာပေါ့။ ကိုယ်ဘယ်လောက်ပဲ ရုန်းကန်ကြိုးစားပေမယ့်လည်း ဗဟိုရဲ့ ထိန်းချုပ်မှုအောက်ကနေပြီးတော့ ကိုယ်က ကျော်လွှားလို့ မရဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်လေ” ဟု ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 301
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်း ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာမည့်လွှတ်တော်ထဲတွင် ဘာတွေ ဦးစားပေးလုပ်ဆောင်သွားမလဲဆိုသည့်အပေါ် မသန်စွမ်း ကိုယ်စားလှယ်လောင်းများကြား မူဝါဒအမျိုးမျိုးရှိနေကြသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမန်းဝင်းသန်းသည် မသန်စွမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးသည်သာ အဓိကဦးစားပေး အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။
“တစ်နိုင်ငံလုံးမှာလဲ သန်စွမ်းတဲ့သူတွေရော၊ သန်စွမ်းတဲ့ သူတွေ အများစုအတွက်ပါ အလုပ်အကိုင်ရရှိရေး ဟာလည်း ဦးစားပေးစဉ်းစားရမယ့်အထဲမှာပါတော့ မသန်စွမ်း တွေအတွက် အလုပ်အကိုင်ရရှိရေးဟာ အဲဒီ လူငယ် အလုပ်အကိုင်ရရှိရေးဆိုတဲ့ဟာ ဦးစားပေး လမ်းကြောင်း ထဲမှာ ပါပြီးသား ဖြစ်သွားပါတယ်ခင်ဗျ။ ဒီဟာနဲ့ ပတ်သက်လို့ရှိရင် ဒီခေါင်းစဉ်က ဘယ်ကစလဲဆိုလို့ရှိရင် အလုပ်အကိုင်ရရှိရေးက မစဘူး။ ဘယ်ကစလဲ ဆိုလို့ရှိရင် ကုန်ဈေးနှုန်း ကျဆင်းရေး သို့မဟုတ် ဈေးကွက်ရဲ့ အထာပေါ့နော်။ သဘာ၀အလျောက်ဖြစ်လာတဲ့ တန်ဖိုးတွေကို လိုက်သုံးနိုင်ဖို့ဆိုရင် လူတွေဟာ ၀င်ငွေရှိရမယ် ဈေးကျဖို့ချည်းပဲ လိုက်လုပ်နေလို့က ဒါ Solution အမှန် မဟုတ်ဘူး။ သူ့ဈေးကွက် သဘောသဘာ၀အရ တက်ကို တက်နေတာဆိုရင် အဲဒီတက်နေတဲ့ဈေးကို လိုက်ဖက် ညီစွာ လိုက်သုံးနိုင်ဖို့က ၀င်ငွေရှိရမယ် ၀င်ငွေရှိဖို့ဆို အလုပ်ရှိမှရမယ်။ အလုပ်ရှိဖို့ဆို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးကို သဘာ၀အတိုင်းပဲ သူ့ဟာသူ ဈေးကွက်က ဖြစ်နေတာအတိုင်းပဲ ဖြစ်ချင်တာ ဖြစ်နေတာ။ ဖြစ်နေတာ အတိုင်းပဲပေါ့နော် လွှတ်ထားပေးလို့ မရဘူး။ အစိုးရက ပါ၀င်ပတ်သက်ရမယ်။ ပါ၀င်ပတ်သက် တယ်ဆိုတာက ၀င်ရောက် စွက်ဖက်တာထက် ၀င်ရောက်ထိန်းကျောင်းတာထက် ကိုယ်ကပါ ဘာ၀င်ပြီးတော့ ထောက်ပံ့ပေးနိုင် မလဲဆိုတာကို လွှတ်တော်က တိုက်တွန်းမှုနဲ့ ပါရမယ်။ အဲဒီဟာက မသန်စွမ်းတွေရဲ့ အလုပ်အကိုင်ရရှိရေး ဦးစားပေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ အလုပ်အကိုင်ရရှိရေး ဦးစားပေး ၀င်ငွေရရှိရေး ဦးစားပေး ထဲမှာ Title တွေပေါ့။ ခေါင်းစဉ်တွေအောက်မှာ အကုန်လုံး သူ့နေရာနဲ့သူ ပါ၀င်ပြီးသားဖြစ်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူတစ်ဦးကို တွေ့ရစဉ်
၂၀၁၄ အိမ်ထောင်စု သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ လူဦးရေ ၂ သန်းကျော်ရှိပြီး ၄င်းတို့၏ မိသားစုဝင်မှာ ၇ သန်းဝန်းကျင်ရှိကြောင်း၊ မသန်စွမ်းသူများ၏ ဦးရေ ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ ဖြစ်ကြောင်းသိရသည်။
အဆိုပါ မသန်စွမ်းများသည် အလုပ်လုပ်ရန် ဆန္ဒရှိကြသလို စွမ်းဆောင်ရည် ရှိကြသော်လည်း အလုပ်ရှင်အများစုသည် အလုပ်ခန့်အပ်ရန် စိတ်ဝင်စားမှု အလွန်နည်းကြသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိနေကြသည်။
ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် အဓိကသုံးချက်အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပညာရေး နှင့် မသန်စွမ်းအရေးတို့ကို ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဇော်ထွန်းမှ CNI သတင်း ဌာနသို့ ပြောသည်။

မသန်စွမ်းသူတစ်ဦးကို တွေ့ရစဉ်
“အဓိကကတော့ မသန်စွမ်းတွေရဲ့ အခွင့်အရေးပေါ့နော်။ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုသွားမယ်။ နောက်ပြီးတော့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များများစားစား ဖြစ်လာအောင် လစာနှုန်းတွေလဲ တိုးတက်လာအောင် အဓိကကတော့ ပညာရေးပေါ့။ ကိုကြီးက ကိုယ်ပိုင်ကျောင်းဆရာ တစ်ယောက် ဖြစ်တဲ့အတွက် ပညာရေးကို အရမ်းအားပေးပါတယ်။ ဒါကြောင့် ပညာရေးမှာလဲ တိုးတက်လာအောင် ဘယ်လိုလုပ်လို့ရအောင် ဆက်ပြီးတော့ ဆောင်ရွက်လို့ရအောင် ဒါလုပ်ဆောင်မှာဖြစ်ပါတယ်။ အဓိကသုံးချက် ကတော့ လူငယ်ရေးရာရယ်၊ ပညာရေးရယ် ကိုကြီးတို့ မသန်စွမ်းအရေးပေါ့နော် အဲဒါပါပဲ။ မသန်စွမ်းဆိုရင်တော့ တချို့ဆို ဆံပင်ညှပ်သင်တန်းတွေ ဘာတွေ အဲဒီလိုမျိုးရှိတယ်။ ဆေးဆိုးပန်းရိုက် သင်တန်းတွေ ရှိတယ်။ ပညာတတ်တဲ့ မသန်စွမ်းတွေကျတော့ ကွန်ပျူတာတွေပေါ့နော် ကွန်ပျူတာနှိပ်တတ်တဲ့သူတွေကျတော့ ရုံးပိုင်းဆိုင်ရာတွေမှာ သိပ်လှုပ်ရှားစရာမလိုပဲနဲ့ ကွန်ပျူတာနှိပ်တတ်ရင် အဆင်ပြေတယ်ပေါ့။ အဲဒီလိုလူမျိုးတွေကို ရုံးပိုင်းတွေမှာလဲ အလုပ်ရအောင်၊ ပညာမတတ်တဲ့ မသန်စွမ်းတွေလဲ ကိုယ့်အားကိုယ်ကိုးပြီးတော့ လုပ်စား နိုင်အောင် သင်တန်းလေးတွေ ဖွင့်ပေးမယ်ပေါ့နော်။ ရန်ကုန်မှာဆိုလည်း ရန်ကုန်ပေါ့၊ နယ်မှာဆိုလဲ နယ်မှာပေါ့ မသန်စွမ်းတွေရဲ့ အသက်မွေး၀မ်းကျောင်း ပညာသင်တန်းပေါ့၊ အဲဒါလေးတွေကို ဖြစ်ထွန်းလာအောင် ဖော်ဆောင်ပေးမယ့် ရည်ရွယ်ချက်တွေရှိပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းများသည် လုပ်ငန်းခွင်များ၌ နှိမ့်ချဆက်ဆံခံရမှုများ ရှိသကဲ့သို့ အလုပ်ခန့်လိုသော ကုမ္ပဏီများ နည်းပါးကြောင်း၊ မသန်စွမ်းများအနေဖြင့်လည်း အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုခု တတ်မြောက်အောင် သင်ကြားထားသင့်ကြောင်း မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 285
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ဒီမိုကရေစီစနစ်ဆိုသည်ကို နားထောင်ကောင်းအောင် စည်းရုံးရေးသဘောဆောင်ပြီး ပြောဆိုနေခြင်းထက် လက်တွေ့ ကျင့်သုံးလာရန်လည်းလိုကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သမ္မတကြီး ဦးသိန်းစိန် ၅ နှစ်မှာက ဘာပဲဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်တာ တွေ့ရတယ်။ နောက်ပိုင်း ဒေါ်စု ၅ နှစ်မှာလည်းပဲ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်သွားတာ တွေ့ရပါတယ် ညှိညှိနှိုင်းနှိုင်းပေါ့။ ဒါပေမယ့် ၁၀ နှစ်ပဲခံတယ်။ ဒီမိုကရေစီရဲ့ အညွှန့်အညှောင့်က ၁၀ နှစ် ခံပြီးတဲ့နောက်မှာ လောလောဆယ် ပြန်ပြီး ပျောက်သွားပြီးတော့ ပါတီစုံဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် ပြန်လည်ပျိုးထောင်မယ်လို့ အခုလက်ရှိ အကြီးအကဲတွေက ကြွေးကြော်ကြပါတယ်။ ဒါပေမယ့် တကယ့် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ပါတီစုံရဲ့ အနှစ်သာရ၊ နောက်ပြီးတော့ Civilian Supremacy လို့ ခေါ်တဲ့ ဒီမိုကရေစီ တိုင်းပြည်တွေရဲ့ အနှစ်သာရ အဲဒါတွေကို အဓိပ္ပါယ် ရှိရှိပေါ့လေ။ အသက်ပါပါ ဖော်ထုတ်ဖို့တော့ လိုပါတယ်။ ကျနော်တို့ နားထောင်ကောင်းအောင် စည်းရုံးရေး သဘောဆောင်တဲ့ ပြောဆိုတာထက်ကို လက်တွေ့ကျင့်သုံးလာဖို့လည်း လိုတယ်လို့ ကျနော် ယူဆပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံ ဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြား နိုင်ငံများ၏ ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံကာ သွားမည်ဟု လက်ရှိ နိုင်ငံအုပ်ချုပ်နေသည့် အကြီးအကဲများက ပြောဆိုထားသော်လည်း တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းအပ် မလုပ်နိုင်လျှင် ထိုအစိုးရ သစ် နောက်နေ့ ပြုတ်ကျမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက မဲဆွယ် စည်းရုံးစဉ်အတွင်း ပြောကြားသွားခဲ့သည်။
ထိုအပြောသည် ဒီမိုကရေစီ၏ မူရင်းသဘာဝကို ဆန့်ကျင်သည့်သဘော ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သည် ဝန်ကြီးချုပ် ဦးနု လက်ထက်ကတည်းက မှားခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း မူတူစေးဖိုးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့စနစ်က မှားနေတာ ဦးနု လက်ထက်ကတည်းက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်ပြီး ကတည်း ကိုက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်တယ်၊ ပင်လုံစာချုပ်အတိုင်း မလုပ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့ နောက်မှာ ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်လုပ်တယ်။ အဲဒီ တစ်ပြည်ထောင်ထဲမှာမှ ဦးနုက ဖဆပလ အနှစ် ၄၀ ခံရမယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ၁၄ နှစ်လောက်မှာပဲ အကွဲအပြဲ ဖြစ်လာတဲ့ အခါကြတော့ တပ်နဲ့ ပေါင်းတဲ့ ဘက်ကနဲ့ မပေါင်းတဲ့ဘက် အရပ်ဖွဲ့မှု ဖြစ်လာတယ်။ အဲဒီကစပြီးတော့ အကြီးအကဲတွေရဲ့ မရိုးမသား ဒီမိုကရေစီ အနှစ်သာရကို မဖော်ဆောင်ပဲ တစ်ပြည်ထောင်စနစ် လူမျိုးတစ်မျိုး အုပ်ချုပ်တဲ့စနစ်ကို ဖော်ဆောင် လာတဲ့ အခါကြတော့ အဲဒီဟာက ဗိုလ်ချုပ်နေဝင်း ကနေစပြီးတော့ လက်နက်ကိုင် တပ်ကနေပြီးတော့ နိုင်ငံရေး အာဏာကို ဝင်ရောက်စွက်ဖက်တဲ့ဟာ အကျင့်ဖြစ်သွားတာပေါ့။ အဲဒါက အခုချိန်ထိ နှစ်ပေါင်း ၅၀ ကျော် ဆက် သွားနေတဲ့ သဘောရှိတာပေါ့။ ဒီသမိုင်းကြောင်း နောက်ခံက ဆက်ထိန်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို မလိုအပ်တော့ ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့မှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အချိန်က အခုချိန်ထိ မရခဲ့ဘူး။ မရသေးဘူးပေ့ါလေ။ အဲဒီမရသေးတဲ့အတွက် ကျနော်တို့ ဒီ အနိဋ္ဌာရုံတွေက ဆက်ရှိနေတယ်လို့ ယူဆရပါတယ်။ ကျနော် ဦးခင်ရီ ပြောတာကို နားထောင်ကြည့်ရခြင်း အားဖြင့်တော့ ဘယ်လို ပုံစံနဲ့ပဲ တက်တက် နည်းနည်းချည်ထားတဲ့ သဘောမျိုးလို့ ပြောတာတွေ့ရတော့ အခြေအနေတော့ သိပ်အကောင်း အပြောင်းကြီးတော့ ဟုတ်မယ်မထင်ဘူး။ သို့သော် ခေါင်းဆောင်တွေရဲ့ အကြီးအကဲတွေရဲ့ စိတ်စေတနာနဲ့ အမျှော် အမြင်ပေါ် မူတည်တာပေါ့လေ။ ဒါကတော့ နောက်ပိုင်းမှာ အဆုံးအဖြတ် ဖြစ်လာမှာပါပဲ” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မဖြစ်မနေ လုပ်ရမည့် လုပ်ငန်းစဉ် ဖြစ်ခြင်းကြောင့် ပြည်သူလူထု အများစု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပပေးသွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း (၃) ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်း ပေးမည်ဖြစ်ပြီး တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်သွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 363
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ယခင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမလုပ်လောက်ဘူးဟု ယုံကြည်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်ကဖြုတ်ချပြီး နိုင်ငံတော်အာဏာကို ရ ယူခဲ့သည်။
ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လာခဲ့ရာ ယနေ့ ၂၀၂၅ ခုနှစ်အထိပင် ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် သက်တမ်း အားဖြင့်လည်းကောင်း၊ အမာခံပါတီဝင်အားဖြင့် လည်းကောင်း အခြား နိုင်ငံရေးပါတီများ မယှဉ်နိုင်သဖြင့် ၎င်းသည်သာ နံပါတ်တစ်အနိုင်ရနိုင်ကာ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် နံပါတ်နှစ်ဖြစ်နိုင်ခြေရှိကြောင်း ဥက္ကဋ္ဌ စိုင်းအိုက် ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီကိုတွေ့ရစဉ်
၎င်းက “ဘယ်လိုလုပ်ရမလဲ ပြည်ခိုင်ဖြိုးကပါတီကြီးပဲလေ။ သူ့ကိုမယှဉ်နိုင်ဘူးလေ။ သူ့မှာအမာခံပါတီဝင်တွေများတယ် လေ။ ဒီမှာက၂နှစ်ကျော်ပဲရှိတယ်လေ သူတစ်နိုင်ငံလုံးကိုပြိုင်တာ။ ပြိုင်ဖို့ဆိုတာပါတီက တို့ပါတီကအသစ်လေ။ သက်တမ်းက၂ နှစ် ပဲရှိသေးတယ်လေ။ အများကြီး ဟိုတိုင်းနဲ့ပြည်နယ်တွေအားလုံးက တော်တော်ထောက်ခံလို့။ တချို့ပါတီဝင်တွေသိန်းချီကြတယ်လေ။ သူတို့ကတော့ ဘယ်လိုဖြစ်ဖြစ် နံပါတ်တစ်ဖြစ်မှာပဲလေ။ တခြားပါတီ ထက်စာလို့ရှိရင် ပါတီဝင်ကပိုများတယ်ကွာ။ နောက်ပြီးတော့ ဆိုင်းဘုတ်တင်တာလဲအများကြီးပဲ။ ဒို့လူတွေကအ ချင်းချင်းစည်းရုံးမှုလည်းရှိတယ် ရွာတွေထိလိုက်ပြီးတေ့ ပန်းဖလက်တွေဝေတယ်၊ ပန်းဖလက်ကို လိုလို ချင်ချင်ယူကြတယ်၊ ဖတ်ကြတယ်၊ ပြောကြတယ်၊ ကျားဖြူပဲအားပေးမယ်လို့ပြောနေတော့ အဲဒါကြောင့်တို့က နံပါတ်နှစ် ကတော့ဖြစ်နိုင်ခြေရှိတယ်လို့ပေါ့နော်။ လွတ်လပ်၍ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့တော့ တို့ယုံကြည်ထားတယ်လေ။ ယာယီသမ္မတကလည်း တကယ့်လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပေး မယ်လို့ပြောနေတာပဲ အကြိမ်ကြိမ်ပြောနေတာပဲလေ။ ၂၀၂၀ က မဲမသမာမှုဖြစ်တယ်ဘာညာဆိုတော့ ဒီတစ်ခါ တော့ မလုပ်လောက်တော့ဘူးလို့ အန်ကယ်တို့ကလဲယုံကြည်တာပေါ့နော်”ဟု ၎င်းက ပြောသည်။
၂၀၂၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီ ၆ ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊ ပြည်သူ့ပါတီနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်သည်။
မြန်မာ့တပ်မတော်က ဦးဆောင်ပြီး ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် အမျိုး သာညီညွတ်ရေးအစိုးရ (NUG) တို့က အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်ဟု ပြောဆိုထားပြီး ပြည်သူများကြားတွင်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိကြောင်း စောင့်ကြည့် လေ့လာသူများက ထောက်ပြကြ သည်။

ဦးကိုကိုကြီး၊ စိုင်းအိုက်ပေါင်းနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူအချို့ကိုတွေ့ရစဉ်
လာမည့်ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ မဲပေးမှုအားကောင်းလျှင် ပါတီအကုန်လုံး မျှမျှတတနိုင်ကြမည် ဖြစ်ပြီး မဲပေးမှုနည်းပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အများစုအနိုင်ရရှိသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန်အရဆိုလို့ ရှိရင်လူထုက မဲပေးဖို့ကို စိတ်ဝင်စားမှုနည်းလို့ရှိရင် ပြည်ခိုင်ဖြိုးက အနိုင်ရရှိမှုများသွားမယ်။ အခု အနေအထားအရ ဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးရဲ့ ၂၀၁၀၊ ၂၀၁၅ ပေါ့။ တောက်လျှောက် မဲပေးတဲ့ အနေအထား တွေကို ကြည့်လိုက်လို့ရှိရင် သူသည်ပုံမှန်အားဖြင့်ကတော့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ သူကိုပုံသေ မဲပေးတဲ့လူက ရှိကိုရှိတယ်။ အဲဒီလိုမျိုးရှိနေတော့ အကယ်၍သာ ပြည်သူလူထုက မဲမပေးခဲ့ဘူးဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးအများစုနိုင်သွားမယ်။ အကယ်၍ ပြည်သူက မဲထွက်ပြီးပေးတယ်ဆိုရင်ကြတော့ တခြားပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ အဲဒီလိုမျိုးလေးတွေပြန့်ပြီး ရောက်သွားနိုင်တယ်။ အဲဒီပေါ်မှာ ဖြစ်လာနိုင်တဲ့ပုံသဏ္ဍန်ကတော့ မဲပေးမှုအားကောင်ရင် အကုန်လုံးမျှတတပဲ နိုင်ကြမှာ။ အကယ်၍ မဲပေးမှုနည်းမယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးက အများစုနိုင်သွားနိုင်တယ်ဆိုတဲ့ ထိန်းချုပ်မှုရှိတယ်။ အဲဒီအပေါ်မှာတစ်ချက်တော့စောင့်ကြည့်ရမယ်”ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနှင့် ပြုလုပ်ရန်စီစဥ်ထားပြီး အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ပေါင်း ၁၀၂ မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်သည်။
လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှ ပတ်သက်ဆက်နွှယ်သူများ ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 358
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းနှင့်အတူ တိုင်းရင်းသားများ လိုလားသည့် နိုင်ငံရေးအဆင့်အတန်းများ အသီးသီး ထွက်ပေါ်လာခဲ့ခြင်းကြောင့် မွန်တိုင်းရင်း သားများ သွားချင်သည့် နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုမျိုးလဲဆို သည့်အပေါ် မွန်နိုင်ငံရေးသမားများကြား သုံးသပ်မှုများ ရှိနေကြသည်။
မွန်လူမျိုးများသည် အခြားတိုင်းရင်းသားများနှင့် မတူညီသည်မှာ ၎င်းသည် ပြည်နယ်အဆင့် ရရှိထားခြင်းဖြစ်ပြီး အုပ်ချုပ်မှုပိုင်းတွင်မူ ဖက်ဒရယ်ကို အခြေခံသည့် ဒီမိုကရေစီစနစ်မျိုး မဖြစ်နေကြောင်း မွန်နိုင်ငံရေးသမားများက ထောက်ပြကြသည်။
မွန်လူမျိုးများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ကို ကိုယ်ပိုင် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရရှိရေး လိုလားကြောင်း မွန်နိုင်ငံရေးသမားဟောင်း ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သွားချင်တဲ့ နိုင်ငံရေး အခင်းအကျင်းကတော့ ကျနော်တို့ မွန်တွေရဲ့ ဆွေးနွေးညှိနှိုင်းမှု အရဆိုရင်တော့ ဘုံ သဘောတူထားတဲ့ တစ်ချက်ကတော့ ဖက်ဒရယ်အရေးကိုတော့ အကုန်လက်ခံတယ်။ တစ်နည်းအားဖြင့် ပြောရင် ဖက်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ကို လိုလားတယ်ပေါ့။ အဲဒီတော့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ဆိုတာက ဖက်ဒရယ်ယူနစ်လို့ပြောတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေက သူ့သက်ဆိုင်ရာ သက်ဆိုင်ရာအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တွေ၊ ကိုယ်ရဲ့အုပ်ချုပ်မှုကို ကိုယ်ပိုင်ရွေးချယ် တင်မြှောက်ပိုင်ခွင့်တွေ အဲဒါတွေက လိုလားတယ်။ ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းက အဲဒါပဲ။ အဲဒါတွေအပြင်ကို ပြောရရင်တော့ ဥပဒေပြဋ္ဌာန်းပိုင်ခွင့်တွေကလည်း ကိုယ့်ဆီမှာ များရမယ်ပေါ့။ ပြည်ထောင်စုကနေ ခွဲဝေပေးလိုက်ပြီးတော့မှ ကိုယ်ရတဲ့ အခွင့်အရေးထက် တရားဝင် ကိုယ့်ဘက်ကနေပြီးတော့ ရေးသားပိုင်ခွင့်၊ ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ ဥပဒေပုံစံ မျိုးတွေ၊ လုပ်ထုံးလုပ်နည်းပုံစံမျိုးတွေ ပိုပြီးတော့ လိုလားတယ်။ ပြောချင်တာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ကို လိုလားတာပေါ့” ဟု ပြောသည်။

လက်နက်ကိုင် မွန်ပြည်သစ်ပါတီကို တွေ့ရစဉ်
၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ လက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၁) အဖြစ်လည်းကောင်း၊ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၂) အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် တနင်္သာရီတိုင်းအမှတ် (၁) ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် မွန်လူမျိုးတို့သည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများစုနေထိုင်ပြီး မြန်မာနိုင်ငံ တဝန်းလုံးတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ကျေးရွာများ အလိုက် နေထိုင်ကြပြီး မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

မွန်တိုင်းရင်းသားများကို တွေ့ရစဉ်
ပြည်နယ်ရရှိထားသည့် မွန်တွင် အုပ်ချုပ်မှု၌ ဖက်ဒရယ်စံနှုန်းနှင့် ကိုက်ညီသည့် ဒေသန္တရအုပ်ချုပ်ရေးကို အကောင်းဆုံး အကောင်အထည် ဖော်ရန်လိုကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိ နိုင်သန်းရွှေ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,က ကျနော်တို့ ဒီရွေးကောက်ပွဲမှာလည်း အဓိက,က ဖက်ဒရယ်ပါ့။ ကျနော်တို့ ဖက်ဒရယ်ကို ပုံဖော်တဲ့ နေရာမှာ အစိုးရအဆင့်ဆင့်ပေါ့။ အဓိက,က အုပ်ချုပ်ရေးပိုင်းမှာပေါ့။ အထူးသဖြင့် ဒေသန္တရအစိုးရတို့ကို ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ စံနှုန်းနဲ့ အကောင်အထည်ဖော်ရင် ဒီအုပ်ချုပ်ရေးက ကိုယ်ပိုင်အုပ်ချုပ်ရေးပဲပြောပြော လူထုအတွက် ပိုပြီးအကျိုးရှိတဲ့ လောလောဆယ် ကျနော်တို့ အုပ်ချုပ်ရေးကို ကြည့်လို့ရှိရင် မြို့နယ်တစ်မြို့နယ်မှာ မြို့နယ်နေလူထုက ရွေးချယ်တာ မဟုတ်ဘဲနဲ့ တခြား ထွေ/အုပ် ဌာနတို့က အုပ်ချုပ်ရေးမှူး သွားဖြစ်နေတယ်ဆို တော့ တခြားသူတွေက ဝန်ထမ်းတွေပေါ့။ အစိုးရဌာန ဖြစ်တယ်ဆိုတော့ ကျနော်တို့ ဒီဒေသန္တရအစိုးရပေါ့။ သူ့ နယ်ကို သူမအုပ်ချုပ်ရတဲ့ အခါကြတော့ သူ့နယ်ကိုသူ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့ဟာက ဒေသ ခံတွေက လုပ်ပိုင်ခွင့် မရှိဘူးပေါ့။ အထူးသဖြင့်တော့ ဒေသန္တရအုပ်ချုပ်ရေးကို အကောင်းဆုံး အကောင်အထည် ဖော်ဖို့ လိုတယ်ပေါ့။ ဒါဖက်ဒရယ် စံနှုန်းနဲ့လည်း ကိုက်ညီတယ်ပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် မွန်ပြည်သစ်ပါတီ(NMSP)တွင် မွန်ပြည်သစ်ပါတီ- အာဏာရှင် တိုက်ဖျက်ရေး(NMSP-AD) ဟူသည့် အဖွဲ့တစ်ခု ခွဲထွက်သွားသည်။
ထို့နောက် မွန်လက်နက်ကိုင် ၄ ဖွဲ့ လည်း ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ဖြစ်ကြသည်။
အဆိုပါ မွန်လက်နက်ကိုင် ၄ ဖွဲ့သည် မွန်တပ်တော်ကို ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြကာ ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် NUG လက်အောက်ခံ PDFများလည်း လှုပ်ရှားလျက်ရှိကြသည့် မွန်ပြည်နယ် သည် လက်ရှိတွင် အခြားပြည်နယ်များထက် ငြိမ်သက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 709
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် နိုင်ငံ့အခင်းအကျင်းတွင် နိုင်ငံတော်သမ္မတဖြစ်ရန် ရာခိုင်နှုန်းများသည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ များစွာ အတွေ့အကြုံရှိသူ၊ လက်ရှိငါးနှစ်တာကာလ၏ ဆောင်ရွက်သမျှ အားလုံးကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်အောင် စွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာဖြစ်နိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ပြောသည်။
၎င်းက “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းအားဖြင့် များဝာာပေါ့။ သူ့အတွေ့အကြုံက သမ္မတကြီးဦးသိန်းစိန် လက်ထက်တည်းက ကာကွယ်ရေးဦးစီးချုပ် ပွင့်ပွင့်လင်းလင်းပြောရင် နယက ဥက္ကဋ္ဌကြီး ဦးသန်းရွှေအလွန်ပေါ့ဗျာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် သက်တမ်းရင့်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ့ဗျာ။ အစိုးရ နှစ်ဆက် ဒါ ဖြတ်သန်းခဲ့ဖူးတာပေါ့။ ကိုယ်ကိုယ်တိုင်လည်းပဲ နိုင်ငံကိုဦးဆောင်တဲ့ ငါးနှစ်တာ ကာလအထိ ရောက်လာပြီ။ အဲဒီတော့ ဘယ်လိုပုံသဏ္ဍာန်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မှာလဲဆိုတာကို အခြေခံ ဥပဒေအရ စဉ်းစားကြည့်ဖို့ လိုအပ်တာပေါ့။ ပထမတစ်ချက်က နိုင်ငံတော်သမ္မတကြီးအဖြစ်ဆိုရင် သူသည် ကာကွယ်ရေးဦးစီးချုပ် တာ၀န်ကို တခြား သတ်မှတ်ထားပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို လွှဲအပ်မှာလား အရပ်သားတစ်ဦးအနေနဲ့ သမ္မတကြီးအဖြစ် တာ၀န်ယူမှာလားပေါ့။ ဒါတစ်ချက် ဒုတိယတစ်ချက်က သူ့စိတ်ကြိုက် သမ္မတကြီးတစ်ဦးကို တင်ပြီးမှ သူကိုယ်တိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားတဲ့အတိုင်း ကာကွယ်ရေးကောင်စီဆိုတာမျိူးနဲ့ နိုင်ငံကို နောက်ပိုင်းကနေ လုံခြုံရေးရော ကာကွယ်ရေးရောကို အကာကွယ် တစ်ခုပေးပြီးမှ နိုင်ငံကို ရှေ့ဆက်သွားမှာလားပေါ့။ လက်ရှိ အနေအထား အခင်းအကျင်း မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံအရ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး production ကို မြှင့်ဖို့လုပ်နေတဲ့ ဥစ္စာတွေသည် ပညာရေးမြှင့်ဖို့ လုပ်နေတဲ့ဥစ္စာတွေကို သုံးသပ်ရင် လက်ရှိ ငါးနှစ်တာ ကာလရဲ့ ဆောင်ရွက်သမျှ အားလုံးကို နောက်ငါးနှစ်ကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်အောင် စွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ်ကို သုံးသပ်လို့ရှိရင် သူပဲဖြစ်နေတာပေါ့ဗျ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
နိုင်ငံရေးမှာ မဖြစ်သေးတာပဲရှိသည့်အတွက် ရွေးကောက်ပွဲ အလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်း သည် မည်သို့သော ပုံစံမျိုးဖြင့် ဖြစ်ပေါ်လာမည်ကို ခန့်မှန်းရခက်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ပြောသည်။
၎င်းက “နိုင်ငံရေးမှာ မဖြစ်သေးတာပဲ ရှိတယ်၊ မဖြစ်နိုင်တာ မရှိဘူးဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ပေါ်လာမလဲဆိုတာ ခန့်မှန်းဖို့ခက်တာပေါ့။ အကယ်၍ တရား၀င် သမ္မတကြီး တာ၀န်ယူမယ်ဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်တို့လို သမ္မတကြီး ဦး၀င်းမြင့်တို့လို ဦးထင်ကျော်တို့လို တပ်ကထွက်ပြီးတော့ အရပ်သားတော့ ဖြစ်သွားရမှာပေါ့။ Civilian တစ်စိတ်တစ်ပိုင်းတော့ဖြစ်မှ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ သမ္မတဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် တပ်ကနေ ထွက်မယ် နားမယ် လက်လွှဲ လက်ပြောင်းလုပ်မယ်ဆိုလဲ ဘယ်လိုပုံစံနဲ့လုပ်မလဲပေါ့။ အဲဒါ သေသေချာချာနဲ့စဉ်းစားဖို့လိုတယ်။ နောက်ပြီးတော့ သမ္မတကို ရွေးတာတို့ သမ္မတကို အာမခံပေးတာ လွှတ်တော်ဖြစ်တာ အထူးသဖြင့်က ၂၀၀၈ ဖွဲ့စည်းပုံအရကနေ ပြည်သူ့လွှတ်တော်က တော်တော် အရေးကြီးတယ်။ ပြည်သူ့လွှတ်တော်က တော်တော်အရေးကြီးတော့ ပြည်သူ့လွှတ်တော်မှာ အများစုအနိုင်ရတဲ့ နိုင်ငံရေးပါတီက သမ္မတနာမည်စာရင်း တင်သွင်းရမှာကိုးဗျ။ အဲဒီလို တင်သွင်းမယ်ဆိုရင် အမျိုးသား လွှတ်တော်က တစ်ယောက်၊ ပြည်သူ့လွှတ်တော်က တစ်ယောက်၊ တပ်ကတစ်ယောက်ပေါ့။ အားလုံးသုံးယောက် သမ္မတလောင်းဖြစ်လာတဲ့အခါမှ အဲ့တစ်ယောက်ကို လွှတ်တော်က အတည်ပြုရမှာပေါ့ အဲဒီ အခင်းအကျင်းမှာ Power Struggles လဲရှိနိုင်တယ်။ နောက် Distribution of power ဘယ်လောက် အချိုးကျမလဲ ဘယ်လောက် ပုံစံကျကျဖြစ်မလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ ခက်နေတာပေါ့ဗျာ အခုချိန်မှာတော့ ဖြစ်နိုင်ခြေတွေက အများကြီးဖြစ်နေတယ်ဗျ။ Option တွေက သိပ်များနေတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
လက်ရှိတွင် ရွေးကောက်ပွဲအလွန်တက်လာမည့် အစိုးရအဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်ပြီး သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်လျက်ရှိကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအတိုင်း အာဏာသုံးရပ်ကို ရယူနိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ယူဆနေကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမှာဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားထားသည်။
တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအလွန် တက်လာမည့် အရပ်သားအစိုးရအနေဖြင့်လည်း လက်နက်ကိုင် ပဋိပက္ခများကြား အုပ်ချုပ်ရေးယန္တရားကို ပုံမှန် ဆောင်ရွက်မကျင့်သုံးနိုင်ပါက တပ်မတော်ကို အာဏာပြန်အပ် သည့် အခင်းအကျင်း တစ်ဖန် ပြန်လည်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 750
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
လက်ရှိမြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာသည်နှင့်အမျှ လက်နက်ကိုင်များ နိုင်ငံရေးထဲမပါရန် တပ်တစ်ခုတည်းကိုသာ ပြော၍မရကြောင်း၊ လက်နက်ကိုင်ထားသူအားလုံးကို ပြောရမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ပြောသည်။
“မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်”ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။
ထိုပြောဆိုမှုသည် တပ်မတော်က နိုင်ငံရေးထဲ၌ အမြဲတမ်းပါဝင်နေရမည်ဆိုတာက ထာဝရ အမှန်တရား မဟုတ်ဘူးဆိုသည်ကို လက်ခံသည့်သဘောဟု မြင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ပြောသည်။
၎င်းက “ဒီပြောကြားချက်ကိုကြည့်လို့ရှိရင် တပ်မတော်ကနိုင်ငံရေးထဲမှာ အမြဲကြီးပါဝင်နေရမယ်ဆိုတာက ထာဝရအမှန် တရားမဟုတ်ဘူးဆိုတာကို လက်ခံတဲ့သဘောလို့မြင်တယ်။ တပ်ကနိုင်ငံရေးထဲမှာပါနေရတယ်ဆိုတာကို၌က ပုံမှန်ဖြစ်နေတဲ့အခြေအနေမှာဆို ဒါမလိုအပ်ဘူး။ အဲဒီတော့ အခုဟာက လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာတာနဲ့အမျှ ဒီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့အခန်းကဏ္ဍကကြီးမားလာတာ။ အဲဒီတော့ ကျနော်တို့နိုင်ငံရေး တစ်လျှောက်လုံးမှာ နိုင်ငံရေး ပြသာနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကို ရောက်သွားတယ်။ လက်နက်ကိုင် လှုပ်ရှားမှုတွေကြီးထွားလာတာနဲ့အမျှ စစ်တပ်ရဲ့အခန်းကဏ္ဍက ကြီးမား လာတယ်။ မင်းဆုတ်မှ ငါဆုတ်မယ်ဆိုတာမျိုးထက်စာရင် နှစ်ဖက်စလုံးဆုတ်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ နိုင်ငံရေးထဲမှာ မပါဝင်ဖို့ဆိုတာ စစ်တပ်တစ်ခုထဲကိုပြောလို့မရဘူး။ လက်နက်ကိုင်ထားတဲ့ သူတွေ အားလုံးကိုပြောရမှာ။ လက်နက်ကိုင်ထားတဲ့ သူတွေအားလုံး နိုင်ငံရေးမျက်နှာစာကိုထွက်လာနိုင်ဖို့ ပါဝင်နိုင်ဖို့ အတွက်လည်း အခင်းအကျင်းတွေပြင်ပေးရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီတိုင်းရင်းသား လက်နက်ကိုင်တွေအပါအဝင် လက်နက်ကိုင်စရာမလိုဘဲနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်တွေကို ကျနော်တို့ဒီဘက်ကလည်းဖြေရှင်းဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှသာ တပ်မတော်အနေဖြင့် လွှတ်တော်ထဲ ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုမှုသည် အကြောင်းပြချက် မခိုင်လုံ ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ ပြောဆိုမှုသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် လွှတ်တော်နိုင်ငံရေး၌ တပ်မတော်က အမြဲတမ်းပါမည်ဟု ပြောခြင်း နှင့်တူကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အသီးသီး အပါအဝင် ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်တို့မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ရရှိထားသည်။

လက်နက်ကိုင်များကိုတွေ့ရစဉ်
အဆိုပါ ကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထွက်ခွာပေးရန် သို့မဟုတ် အဆင့်တစ်ခု လျှော့ချပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက တောင်းဆိုထားကြသည်။
နိုင်ငံရေးတွေ့ဆုံနည်းနှင့်အဖြေရှာကာ ဖြေရှင်းရမည်ကို အကုန်လုံးနားလည်မှုရှိပြီး၊ သက်ဆိုင်သည့်သူများ အားလုံး လက်ခံသဘောတူသည့် အခင်းအကျင်းတစ်ခုကို ရှာဖွေဖော်ထုတ်ရန်လိုအပ်မည်ဟု 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးနည်းလမ်းကတော့ဟုတ်ပါတယ်။ စစ်ရေးနဲ့နိုင်ငံရေး ဒွန်တွဲနေပါတယ်။ ပကတိအခြေအနေ ပေါ်မှာလည်း အခြေခံရမယ် ထင်ပါတယ်။ လက်နက်မကိုင်ဘဲနဲ့ ဖြေရှင်းလို့ရတဲ့နည်းလမ်းကတော့ ဒီချိန်မှာ ကတော့ စဥ်းစားရ တော်တော်ကျပ်မယ်ထင်ပါတယ်။ ကျနော်တို့နိုင်ငံမှာလည်းသိတဲ့အတိုင်းပဲလေ ဟိုးအရင်တုန်းကဆို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ဟို ၂၀ ကျော်ရှိတယ်။ အခုဒီလွန်ခဲ့တဲ့ ၅ နှစ် ၄ နှစ်ကျော်ကဆိုရင် ပေါ်ပေါက် လာတဲ့ အသစ်တွေလည်းအများကြီးရှိတယ်လေ။ ဒီချိန်မှာကတော့ လက်နက်မကိုင်ဘဲနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ့် အလုပ်ကတော့ စိန်ခေါ်မှုတွေအများကြီးရှိမှာပါ အခက်အခဲတွေ အများကြီးရှိမှာပါ။ ဒီအချိန်မှာ ကတော့ ဒါယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ကတော့ အများကြီးလုပ်ရဦးမယ်လေ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာရမယ် ဖြေရှင်းရမယ်ဆိုတာ အကုန်လုံး နားလည်မှုရှိပါတယ်။ အဓိကတော့သက်ဆိုင်တဲ့ သူတွေ အားလုံးကနေပြီးတော့ တွေ့ဆုံစကားပြောနိုင်တဲ့ အခင်းကျင်းတစ်ခုကို သက်ဆိုင်တဲ့သူတွေအားလုံးက လက်ခံသဘောတူတဲ့အခင်းအကျင်းတစ်ခုကို ကျနော်တို့ရှာဖွေဖော်ထုတ်ဖို့လိုအပ်မယ်ထင်ပါတယ်”ဟု ၎င်းကပြောသည်။
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ် ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အချိန်တန်ပြီဖြစ်ဟု နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 470
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
အိန္ဒိယနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက် ထွက်ပေါ်လာခြင်း သတင်း သည် အိန္ဒိယ-မြန်မာ-တရုတ် သုံးပွင့်ဆိုင် ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်သော်လည်း အိန္ဒိယက ထိုအခြေ အနေ ရောက်အောင် လုပ်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
အလားတူ KIA နှင့်တရုတ်ကြား ပဋိပက္ခဖြစ်စေရန်လည်း ရည်ရွယ်ကာ လွှင့်သည့်သတင်းမျိုး ဖြစ်နိုင်ကြောင်း ၎င်း က ပြောသည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက် တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် လုပ်ဆောင်နေချိန်တွင် မြေရှားသတ္တုများအား တူးဖော်ရေးအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။

KIA နဲ့ မြေရှားသတ္တုကို တွေ့ရစဉ်
မြေရှားသတ္တုများသည် တူးဖော်ရရှိပြီးပါက ချက်ချင်းသုံး၍ ရသည်မျိုးမဟုတ်ဘဲ လုပ်ဆောင်ရသည့် လုပ်ငန်းစဉ် များ ရှိသေးကြောင်း၊ ထိုလုပ်ငန်းစဉ် တစ်ခုလုံးကိုလည်း တရုတ်က တာဝန်ယူကာ လုပ်နေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်တော့ အဲဒီမြေရှားဆိုတာ တချို့နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဥပမာ အမေရိကလည်း အများကြီး ရှိတယ်။ ဒါပေမယ့် process လုပ်လို့ရှိရင် ပတ်ဝန်းကျင်ထိခိုက်လို့ သူတို့က မလုပ်တာ။ တရုတ်ကတော့ အထိ ခိုက် ခံပြီးတော့ လုပ်တာပေါ့။ လုပ်ပြီးတော့ ဒါကို Leverage သူကိုင်ထားနိုင်တဲ့ ပစ္စည်းအဖြစ်နဲ့ ပြန်သုံးတာပေါ့။ အဲဒီတော့ ဒီမြေရှားက ဘယ်လိုပဲ KIA နဲ့ လက်မှတ် ထိုးထိုး၊ ဘာထိုးထိုး ကျမ ကြည့်တာတော့ KIA ကို နည်းနည်း အနှောင့် အယှက် ပေးတယ်နဲ့ထင်တယ် ဘက်စုံကလေ။ တချို့က KIA သူ့ဘာသာသူ ဟိုဒင်းလေးဖြစ်နေတာကို KIA နဲ့ တရုတ်ကြားမှာလည်း အစားထိုးချင်တာပေါ့နော်။ တကယ်တော့ KIA က သူ့မြေရှားတွေ များသောအားဖြင့် တရုတ် ကို အကုန်လုံးလောက်နီးနီး တရုတ်ကိုပဲ ရောင်းနေတာ ကျမ သိသလောက်တော့။ တရုတ်ကုမ္ပဏီတွေပဲ သွားပြီး တော့ လုပ်နေတာပဲလေ။ အကုန်လုံး တရုတ်ကုမ္ပဏီတွေချည်းပဲ။ အဲဒီတော့ တရုတ်နဲ့ KIA တို့ကြားမှာ ပဋိပက္ခ ဖြစ်စေချင်လို့များ ဒီသတင်း လွှင့်လားမသိဘူး။ ဒါပေမယ့် သူတို့မသိတာက အိန္ဒိယနဲ့ တရုတ်နဲ့က တော်တော် အဆင်ပြေနေပြီ။ သူတို့နှစ်နိုင်ငံပေါင်း သေနင်္ဂဗျူဟာ ဘာဆိုလဲ အဲဒါတောင် စဉ်းစားနေကြတယ်။ တော်တော် အဆင်ပြေ နေပါတယ်။ အဲဒါကြောင့် အိန္ဒိယလည်း ဗမာအစိုးရနဲ့ရော တရုတ်နဲ့ရော ပဋိပက္ခဖြစ်မယ့်ဟာ လုပ်မယ် လို့တော့ မထင်ဘူး။ ကုမ္ပဏီတွေအနေနဲ့ ဆွေးနွေးတာတွေ ရှိနိုင်တယ်။ ဒါပေမယ့် အစိုးရတစ်ရပ် အနေနဲ့တော့ ဖြစ်နိုင်မယ်မထင်ဘူး။ အိန္ဒိယကုမ္ပဏီတွေက ဒီလိုတော့ရှိတယ်။ အိန္ဒိယကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ Joint Venture တွေတော့ အများကြီး လုပ်နေတာတွေရှိတယ်။ အဲဒီတော့ အဲဒီကုမ္ပဏီတွေ ကနေ တဆင့်လုပ်သလား တော့ မပြောတတ်ဘူး” ဟု ပြောသည်။
အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှု စာချုပ် ချုပ်ဆိုထားသည် ဆိုသည့်သတင်းမှာ မဟုတ်မမှန်သည့် သတင်းဖြစ်ကြောင်း KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ဖြေကြားထားသည်။
သို့သော် အိန္ဒိယဖြစ်စေ၊ KIO/KIA ဖြစ်စေ လျှို့ဝှက်သဘောတူညီမှု စာချုပ်ချုပ်ဆိုထားပါသည်ဟု ဝန်ခံရ လောက်အောင်ထိ နိုင်ငံရေး အားမနည်းခြင်းကြောင့် အားလုံးက ငြင်းကြသည်မှာ မထူးဆန်းကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time ကတော့ ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက် လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာအရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်နှင့်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့် ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြား ထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။

အိန္ဒိယသံအမတ်ကြီးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တွေ့ရစဉ်
မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။
အိန္ဒိယနှင့် KIA ကြား ပြောဆိုဆက်ဆံမှုများရှိသော်လည်း လျှို့ဝှက်သဘောတူချက် ရ/မရ မသေချာကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ ပြောဆိုဆက်ဆံတာတော့ ရှိပါတယ်။ လျှို့ဝှက် သဘောတူချက် ရ/မရ ဆိုတာတော့ မသေချာ သေးပါဘူး ကျနော့် အမြင်ပေါ့လေ။ သူတို့ ညှိနှိုင်းတာတော့ ရှိကောင်း ရှိပါလိမ့်မယ်။ နောက်ပြီးတော့ နဂိုကတည်း က KIA မှာက အိန္ဒိယနယ်စပ်အတွက် သူတို့ Rawka I လား ဖွဲ့ထားတာ ရှိတာကို အရင်ကတည်းက။ Rawka ဆိုတာ ကချင်နိုင်ငံခြားရေးဌာနပေါ့။ အိန္ဒိယနဲ့ ပတ်သက်ပြီးတော့ တစ်ဖွဲ့ ဖွဲ့ထားတာရှိတယ်။ Rawka T ဆိုတာ ရှိတယ်။ Rawka I ဆိုတာရှိတယ်။ Rawka T ကတော့ Thailand ပေါ့။ Rawka I ကတော့ အိန္ဒိယပေါ့။ အဲဒီ Rawka I နဲ့ ပြောဆိုဆွေးနွေးတာလည်း ဖြစ်နိုင်တာပေါ့လေ ကျနော်ထင်တာကတော့” ဟု ပြောသည်။
မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက် နေသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အိန္ဒိယကြား လျှို့ဝှက်သဘောတူစာချုပ် ချုပ်ဆို ထားကြောင်း သတင်းထွက်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဘေး တာကူးရ်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့ သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 326
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် နယ်မြေသိကျွမ်းမှုအားနည်းသည့်အတွက် စည်းရုံးခွင့်များတွင် အခက်အခဲ၊ အကျပ်အတည်းများရှိကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) မှ ဧရာဝတီ တိုင်းဒေသကြီး၏ အတွင်းရေးမှူး ဦးဇော်ဝေထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကအခက်အခဲကတော့ ကျနော်တို့က ဧရာဝတီတိုင်းမှာဆိုရင် ဟိုပြည်သူ့ရှေ့ဆောင်ပါတီက ၂၀၂၀ တုန်းက တော့ ၈ မြို့နယ်ပဲဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံနိုင်ခဲ့တာပေါ့နော် ယှဉ်ပြိုင်နိုင်ခဲ့တာပေါ့။ အခုကတော့ ၇ မြို့ နယ်ပဲ ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ခဲ့တာ အခုကတော့ ၂၆ မြို့နယ်ပေါ့နော်။ ပါတီအနေနဲ့ပြောရင် သက်တမ်း လည်း နုတယ်၊ ဧရာဝတီတိုင်းထဲမှာဆိုရင် ပါတီအသစ်တစ်ခုလည်းဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ ကျနော်တို့ တွေက စည်းရုံးရတာတော့ခက်ခဲတယ် နယ်မြေသိကျွမ်းမှုအားနည်းတဲ့အခါကြတော့ ဟိုလိုက်ပြီးတော့မှ စီတန်းလှည့်လည်တာလည်းမရဘူး။ ပုံစံမျိုးစုံပေါ့နော် ပုံစံမျိုးစုံနဲ့ စည်းရုံးခွင့်တွေက အခက်အခဲတွေ အကျပ်အတည်းတွေတော့ ရှိတယ်”ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)အား မြို့နယ် (၁၀၂) မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သြ ဂုတ် ၂၀ ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။

ဧရာဝတီတိုင်းမှ PPP ပါတီဝင်များကိုတွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာ၊ ဟင်္သာတ စသည့် (၈)မြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်ကြောင်း သတ်မှတ်ကြေညာထားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အဓိကကြုံတွေ့ရသည့် အခက်အခဲသည် UEC၏ စည်းကမ်းတင်းကျပ်မှုဖြစ်ပြီး လုပ်ရကိုင်ရခက်ကြောင်း ပြည်သူရှေ့့ဆောင်ပါတီ(PPP)မှ ဧရာဝတီ တိုင်းဒေသကြီး၏ အတွင်းရေးမှူး ဦးဇော်ဝေထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “online ကိုတော့ အဓိကထားပြီးထိုးဖောက်တယ်။ သို့သော်လည်းပဲ online campaign ထိုးဖောက်တော့လည်းပဲ ဧရာဝတီတိုင်းက ကျေးလက်ဒေသတွေကျတော့ လူကိုယ်တိုင်သွားမှရတာပေါ့နော်။ လူကိုင်တိုင်သွားမှရတယ် ဒီအပြင်ကိုမှ ကျနော်တို့က သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့ကအိမ်ရှင်ထောက်ခံချက်၊ ရပ် ကွက်အုပ်ချုပ်ရေးမှုးထောက်ခံချက် စသဖြင့် ဒါလေးတွေယူပေးရတဲ့အခါကြတော့ ကျနော်တို့က ရွာတစ်ရွာကို ဆင်းမယ်ဆိုရင်နှစ်ခါသွားရသလိုရှိတာပေါ့။ ပထမတစ်ခါကကျနော်တို့ ဒါမဲဆွယ်စည်းရုံး ဟောပြောလို့ရမယ့် အိမ်အရင်ရှာရတယ် အိမ်ရပြီဆိုတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံစာ၊ အိမ်ရှင်ထောက်ခံစာလုပ်ပြီးတော့ ကော်မရှင်ကိုတင်ရတယ်။ ကော်မရှင်ကိုတင်ပြီးတော့မှ ကျနော်တို့ကတစ်ခါပြန်ဆင်းရတယ်။ အဲ့လိုမျိုးလေးတွေ တော့ အခက်တော့ရှိတယ်။ မဲဆန္ဒရှင်ပြည်သူတွေဘက်ကတော့ လက်ခံပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအားလုံး ကတော့ ကျနော်တို့ကိုတက်ညီလက်ညီနဲ့ပူးပေါင်းဆောင်ရွက်ကြပါတယ်။ အဓိက,ကတော့ ကော်မရှင်ရဲ့ စည်းကမ်း တင်းကျပ်မှုပါပဲ။ နည်းနည်းလေး ကျနော်တို့ပါတီအနေနဲ့လုပ်ရကိုင်ရခက်တာလေးတစ်ခုပဲပေါ့”ဟု ပြောသည်။

ဧရာဝတီတိုင်းမှ PPP ပါတီဝင်များကိုတွေ့ရစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိဘောမိကျေးရွာအုပ်စုနှင့် မကျီးဇင် ကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း၊အလားတူ အပိုင်း (၂) တွင် သာပေါင်း မြို့နယ်ရှိ ကျွန်းလျှားကြီးကျေးရွာအုပ်စုနှင့်သစ်ဖြူကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
