- By CNI
- Category: နိုင်ငံရေး
- Hits: 499
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
မြန်မာ့တပ်မတော်ဘက်မှ နယ်မြေ အများအပြားကို လက်လွှတ်ဆုံးရှုံးထားရသည့် ရခိုင်ပြည်နယ်အတွင်း၌ ရွေးကောက်ပွဲကို မြို့နယ် ၇ မြို့နယ်တွင် ကျင်းပနိုင်ခြေရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုတွင် အာရက္ခတပ်တော်(AA) မှ ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော် ဘက်မှ စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့တို့ကို ထိန်းချုပ်ထားသည်။
ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုမှ မြို့နယ် ၅၆ ခုကို ကြေညာခဲ့ကာ ထိုထဲတွင် လက်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့ မပါဝင်သည်ကို တွေ့ရသည်။
မြန်မာ့တပ်မတော် အနေဖြင့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့မှာ စစ်ရေးအရ အာမခံချက်ရှိသောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်အထဲ မပါဝင်ခြင်းဖြစ်နိုင်ကြောင်း၊ ထိုအခင်းအကျင်းကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ၇ ခု၌ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
၎င်းက “ပထမအကြိမ်ကျင်းပမယ့် ၁၀၂ မြို့နယ်နဲ့အတူ ဒီဇင်ဘာမှာ ကျင်းပမယ့် အထဲမှာ ၄ မြို့နယ်ပါသွားတော့ လာမယ့် အောက်တိုဘာ ၃၁ ရက်အတွင်းမှာ အဲဒီတောင်ပိုင်း ၄ မြို့နယ်ပေါ့။ အမ်းခရိုင်နဲ့ သံတွဲ၊ တောင်ကုတ် ခရိုင်ထဲက တောင်ကုတ် အပါအဝင်ပေါ့ သံတွဲပေါ့ အဲဒီဟာတွေကို အရယူပေးရမယ့် တာဝန်သည် စစ်တိုင်းမှူးတွေ မှာ တာဝန်ဖြစ်သွားပြီ။ ဆိုတော့ အဲဒီအနေအထားကို ကြည့်ရင် လက်ရှိ ရွေးကောက်ပွဲလုပ်မယ့် နေရာသည် ၇ မြို့နယ် ဆိုတဲ့သဘော ရခိုင်ဒေသမှာ ဖြစ်သွားတာပေါ့။ ၁၇ မြို့နယ်ရှိတယ်။ လက်ရှိအစိုးရသည် ၃ မြို့နယ် စီမံ ကွပ်ကဲ အုပ်ချုပ်နိုင်တယ်။ ကျန်တဲ့ ၄ မြို့နယ်သည် ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ရေးအရ ဆောင်ရွက်ရမယ့် ဆောင်ရွက်ရန် တာဝန်သည် ၃၁ အောက်တိုဘာအထိ ရှိနေတယ်။ အဲဒီတော့ စစ်ရေးအရ အားသာချက်၊ အားနည်း ချက် ကျနော် မပြောတတ်ဘူး။ ရခိုင်ဒေသရဲ့ တောင်ပိုင်းဒေသ စစ်ရေးအခြေအနေသည် ရွေးကောက်ပွဲ ကျင်းပနိုင် အောင် သူတို့ဘက်က ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အာမခံချက်ကြောင့်သာ ခုနက နိုင်ငံရေးအားဖြင့် အဖြေထုတ် မယ့် မြို့နယ် ၇ ခုထဲမှာ ပါသွားတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်ထဲ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ပလက်ဝမြို့နယ်တို့ဖြစ်သည်။
လက်ရှိတွင် ကာ/လုံမှ တစ်နိုင်ငံလုံးရှိ မြို့နယ် ၆၄ ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသော်လည်း ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်မြို့မှာ ၅၆ ခုသာဖြစ်သည့်အတွက် ၇ မြို့နယ်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိသည့်အထဲ ပါဝင်သွားသည်ဟု နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

AA ကိုတွေ့ရစဉ်
စစ်တိုင်းမှူးများအနေဖြင့် ထိုဒေသများ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အောက်တိုဘာ ၃၁ ရက်နေ့ နေက်ဆုံး ထား၍ ဆောင်ရွက်ရမည့် အနေအထားဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မကျင်းပနိုင်ခြေရှိတဲ့ ၆၃ မြို့ကို ကြေညာထားတာကနေ နောက်ထပ် ၇ မြို့ကို တိုးပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်တယ်။ လုံးဝ မကျင်းပနိုင်တဲ့မြို့က ၅၆ မြို့ပဲ ရှိတယ်လို့ ကြေညာတယ်။ ဆိုလိုတာက မူလကြေညာတဲ့ ၆၃ မြို့နယ်သည် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဘက်က ငြိမ်းချမ်းတည်ငြိမ် အေးချမ်းပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းထားတာဖြစ်တယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်သည် သူ့ရဲ့တာဝန် အဆင့်ဆင့်ကို စစ်တိုင်းမှူးတွေကို ပေးထားတယ်။ ရက် ၉၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အနေအထား ရောက်အောင် ဆောင်ရွက်ဆိုတဲ့ ညွှန်ကြားချက်ပါတယ်လို့ ကြေညာ ချက်မှာ တွေ့ရပါတယ်။ ဒါကြောင့် အခု ၇ မြို့နယ်သည် လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ နောက်ဆုံး ထားပြီးမှ အဲဒီ ၇ မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ဖြစ်တယ်။ အဲဒီမှာ ရခိုင်ဒေသက ၄ မြို့နယ် ပါသွားတယ်။ တောင်ပိုင်းကပေါ့ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်းဆိုတဲ့အထိပေါ့။ တစ်နည်းအားဖြင့် အမ်းတောင်ကြားလမ်း။ အခုလည်း အကြီးအကျယ် စစ်ဖြစ်နေတယ်ကြားတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒီဇင်ဘာလ ၂၈ ရက်၌ စတင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ရခိုင်ပြည်နယ် ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမည့်ပါတီ ၆ ပါတီရှိသည်။
ထိုပါတီများမှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ၊ ဦးဘရှိန် ဦးဆောင်သည့် ရခိုင် တိုင်းရင်းသားများပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမည်စာရင်း တင်သွင်းလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၂၂ ရက် အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြသည်။
အဆိုပါ အမည်စာရင်း တင်သွင်းသည့် နိုင်ငံရေးပါတီတွင် ပြည်ထောင်စုတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့်ပါတီ ၅၁ ပါတီ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ၆၇၂ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ကိုယ်စားလှယ် ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၅၁၂ ဦးတို့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ် ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၉၅ ဦး ရှိသည်။
ထိုကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပသွား မည်ဖြစ်ပြီး ကျန်မဲဆန္ဒနယ်များကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဆက်လက် ကျင်းပမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 419
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးသွားမည်ဟု နေပြည်တော်ဘက်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရုရှားခရီးစဉ်အတွင်း သမ္မတ ပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။
ထို့ပြင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)သို့ တက် ရောက်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က သမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သေးသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တရုတ်စစ်ရေးပြ အခမ်းအနားတွင် ရုရှားသမ္မတ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 414
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်သူလူထုများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များ၏ လုံခြုံရေး စီမံဆောင်ရွက်မှုကို လက်တွေ့ပြသင့်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ် ကြောင်း၊ ကျန်မြို့နယ်များကို အပိုင်း(၂-၃)အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးသည်ဆိုသည့် ဒေသများတောင်မှ ထိန်းသိမ်းရန် အားမစိုက်နိုင်သောကြောင့် ရွေးကောက်ပွဲကာလ မဲဆန္ဒရှင်များ၏ လုံခြုံရေး အစီအစဉ်များကို အစိုးရက အများပြည်သူအား လက်တွေ့ပြသ နိုင်ရန် လိုအပ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မဲပေးရန် လုပ်နေကြသူများကိုတွေ့ရစဉ်
၎င်းက “အခုဟာက တိုင်းပြည်မှာက တရားဥပဒေစိုးမိုးရေးက အင်မတန် ပြောစရာ ဆိုစရာ ဝေဖန်စရာ ဖြစ်နေ တာကို လက်နက်ကိုင် ဒီပြည်သူ့ရဲတပ်ဖွဲ့ပေါ့၊ တရားဥပဒေ စိုးမိုးတယ်ဆိုတဲ့ ဒေသတွေမှာတောင်မှ ပြည်သူ့ ရဲတပ်ဖွဲ့က ဒါမျိုးတွေ ထိန်းသိမ်းဖို့ ကောင်းကောင်း အားမစိုက်နိုင်ဘူးလေ။ အဲလိုကာလမျိုးမှာ ပြည်သူလူထုက သူတို့လုံခြုံရေးအတွက်က ပုံမှန်အခြေအနေမှာတောင်မှ လုံခြုံရေးအတွက် စိုးရိမ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ မဲပေးတဲ့ အချိန်မှာ လုံခြုံရေးကတော့ ပိုပြီးမှ စိုးရိမ်မှာပေါ့နော် အစိုးရကတော့ ဒါနဲ့ပတ်သက်တဲ့ လုံခြုံရေး အစီအစဥ်တွေ အများကြီး လုပ်ထားတယ်လို့ ပြောတယ်ပေါ့နော်။ အများပြည်သူကို လက်တွေ့ပြသနိုင်ရမယ်။ မဲပေးစေချင်တဲ့ ပြည်သူလူထု လုံခြုံရေးအတွက်ကို တာဝန်မယူနိုင်ဘူးဆိုရင်တော့ မဲလာမပေးလည်း လူထုကို အပြစ်ဆိုလို့တော့ မရဘူးလေ။ သူ့ရဲ့လုံခြုံရေးကို သူငဲ့လို့ သူလာမပေးတာပဲ။ လုံခြုံရေးကို မစိုးရိမ်စေချင်ဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို အားစိုက်ပြီးမှ လုပ်မှဖြစ်မယ် သာမန် အခြေအနေမှာတောင်မှ အရမ်းကို လျော့တိ လျော့ရဲ နိုင်နေတယ်လေ။ စစ်မှုထမ်း ဥပဒေ မလျော်စွာသုံးပြီးတော့ ဥပဒေတိုင်း မဖြစ်နေတဲ့ ကိစ္စတွေ နိုင်ငံရေး ပါတီတွေက ပြည်သူလူထုနဲ့အတူ လက်တွဲပြီးမှ ပြည်သူလူထု ရှေ့က မားမားမတ်မတ်ရပ်မယ်၊ ဒါမျိုးတွေ လုပ်မယ် ဆိုလို့ရှိရင် မဲလာပေးဖို့ လိုက်လျောနိုင်စရာအကြောင်းတော့ ရှိတာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးရန် အခက်အခဲများ ကြုံတွေ့နေကြရသည်။
အလားတူ မဲစာရင်းပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် ၎င်းတို့၏ အိမ်ထောင်စုစာရင်း အချက်အလက်များရှိနေခြင်းကြောင့် ပြဿနာရှာမည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေး၊ မပေးရန် စဉ်းစားနေကြသူများလည်း ရှိနေသည်။

မဲပေးရန် လုပ်နေကြသူများကိုတွေ့ရစဉ်
ရွေးကောက်ပွဲတွင် ပြည်သူများ မဲလာပေးနိုင်ရန်အတွက် တာဝန်ရှိသူများက လုံခြုံအေးချမ်းမှုရှိကြောင်း ပြသနိုင်ရန် လိုအပ်သည်ဟု အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ(NDF)မှ တွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မဲကတော့ လူထုအနေနဲ့တော့ မဲပေးသင့်တယ်ပေါ့နော်။ ကမ္ဘာသမိုင်းမှာရော မြန်မာ့သမိုင်းမှာရော မဲမပေး မနေရဆိုတဲ့ ဟာမျိုးကြီးက အဓိပ္ပာယ်လည်း မရှိဘူး။ တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နေတဲ့ ရဲတို့ ဘာတို့ပေါ့။ အဲတာတွေကတော့ သေသေချာချာ ဖိဖိစီးစီး လုပ်မယ်ဆိုတဲ့ ဟာမျိုးကိုတော့ ကျနော်တို့ ကြားရပါတယ်။ ဒါပေမယ့် တကယ်ကို ပဋိပက္ခတွေကလည်း ရှိနေတယ်။ တရားဥပဒေစိုးမိုးမှုလည်း လျော့ရဲနေတယ်ဆိုတဲ့ နေရာ မျိုးတွေပေါ့၊ အဲလိုမျိုး နေရာမျိုးတွေမှာတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့နော်။ ဒီဘက်က တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ကလည်း သေသေချာချာ ဖိဖိစီးစီးတော့ လုံခြုံပါတယ်။ အေးချမ်းပါတယ် ဆိုတဲ့ဟာကိုတော့ ပြနိုင် အောင်ပေါ့နော် လုပ်ပေးဖို့ လိုမယ်ပေါ့။ လုံလုံခြုံခြုံနဲ့ ဒီနေရာ ဘာမှ မဖြစ်ဘူးဆိုတဲ့ စိတ်ခံစားချက်မျိုး ရမှကို ဒါက လုံခြုံတယ်လို့ ခေါ်မှာကို။ ပြောချင်တာက တကယ်ကို လုံခြုံတယ်ဆိုတာ အဲလိုပြနေတဲ့ ဟာမျိုးကို ပြစရာမလိုတဲ့ အခြေအနေမျိုးမှာ ရှိနေမှ လုံခြုံတယ်လို့ ခံစားရမှာပါ”ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက် ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူများအား အသက်အန္တရာယ် အာမ မခံ ကြောင်း ထုတ်ပြန် ကြေညာထားကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေအရ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်ထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 286
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ၊ နားမော်ရွာမှာ ရှမ်းနီအမျိုးသား များတပ်မတော်(SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)- PDF ပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၅ ခုနှစ်၊ စက်တင် ဘာ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားနေသည်။
နားမော်ကျေးရွာသည် ဥရုချောင်းနံဘေးရှိ နောင်ပိုအောင်စံပြကျေးရွာအနီးမှာ တည်ရှိပြီး ရှမ်းနီတိုင်းရင်းသားများ နေထိုင်လျက်ရှိသည်။
ထိုကျေးရွာကို KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တစ်ဝက်စီ ထိန်းချုပ်ထားကြသည်။
အလားတူ နောင်ပိုအောင်စံပြကျေးရွာအနီးက လွှစင်ကုန်းကျေးရွာမှာလည်း KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား စစ်ဆိုင်ထားကြသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာ ၂ ရွာလုံးသည် စစ်ပွဲကြောင့် ပျက်စီးသွားပြီး ဒေသခံများလည်း စစ်ပြေးရှောင်နေကြ ရသည်။

နားမော်ရွာက သေနတ်ဒဏ်ရာတွေနဲ့ နေအိမ်ကိုတွေ့ရစဉ်
KIA သည် ဒေသတွင်း PDF များအား လက်နက်တပ်ဆင်ကာ ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်း လျက်ရှိနေသည်။
ဟုမ္မလင်းမြို့ကို ရရှိရေးအတွက် KIA သည် ဒေသတွင်း PDF များနှင့်အတူ ရွှေပြည်အေးမြို့ဘက်ကနေ လည်း ကောင်း၊ နောင်ပိုအောင်စံပြကျေးရွာဘက်ကနေ လည်းကောင်း၊ တမူး-ကက်သာဘက်ကနေ လည်းကောင်း၊ မြင်သာဘက်ကနေလည်းကောင်း စသဖြင့် ပတ်လည်ဝိုင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ဟုမ္မလင်းမြို့နှင့် အနီးရှိ ဗန်းမောက်မြို့ကိုတော့ KIA က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ကြောင့် KIA-PDF သည် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ ထိန်းချုပ်နိုင်မည်ဖြစ်သလို အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
ထို့နောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းဒေသကိုလည်း ချိတ်ဆက်သွားနိုင်မည်ဖြစ် သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 257
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)ဥက္ကဋ္ဌ အန်းမိုင်၏ လုံခြုံရေးကို တာဝန်ယူရ သော နာဂအမျိုးသမီး လုံခြုံရေးတပ်ဖွဲ့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က တွေ့ရသည်။
အဆိုပါ အမျိုးသမီးတပ်ဖွဲ့သည် အန်းမိုင်၏ လုံခြုံရေးတပ်ဖွဲ့နှင့် ပူးတွဲ တာဝန်ထမ်းဆောင်သော အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု NSCN-K/AM အဖွဲ့က ပြောသည်။
အန်းမိုင်သည် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်၏ ကိုယ်ရေးအရာရှိနှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ဦးကပ္ပလန် ၂၀၁၇ ခုနှစ်က ကွယ်လွန်ပြီးနောက်မှာတော့ NSCN-K ဥက္ကဋ္ဌအဖြစ် ဦးခမ်းငေါ်နှင့် ဦးယုံးအောင်တို့က အသီးသီး တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် အန်းမိုင်ကို NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က ထုတ်ပယ်လိုက်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့၌ NSCN-K/AM ဆိုကာ ခွဲထွက်၍ ထူထောင်ခဲ့သည်။
လက်ရှိတွင် အိန္ဒိယအစိုးရက NSCN-K အဖွဲ့ခွဲ အားလုံးကို မတရားအသင်းအဖြစ် ကြေညာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့၌ အသက်ဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
NSCN-K အဖွဲ့ခွဲ အားလုံးသည် အိန္ဒိယနိုင်ငံကို တိုက်ခိုက်နေသော အဖွဲ့များဖြစ်ပြီး မြန်မာ-အိန္ဒိယ နာဂနယ်မြေများ အား စုစည်း၍ နာဂနိုင်ငံထူထောင်ရေး ကြိုးပမ်းနေကြသော နာဂလက်နက်ကိုင်များဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 271
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့အနီး ခမိုးရွာဘက်ရှိ ခမိုးတာဝါတိုင်ဘက်ကို KIA ဦးဆောင် သည့် PDF-ကဒူးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
KIA ဦးဆောင်သည့် တပ်ပေါင်းစုသည် ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ပြီးနောက် ဗန်းမောက် အနောက်ဘက်ခြမ်း ဒေသကို ဆက်လက် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ဗန်းမောက်ဒေသခံက “ ဗန်းမောက်မြို့အနီး ခမိုးတာဝါတိုင်တွင် KIA-PDF-ကဒူးတပ်ဖွဲ့ ထိုးစစ်ဆင်နေတယ်ဗျ။ ခမိုးကားကွင်းမှာ ဖိုးဝီးကားတွေ အများကြီး ရောက်နေတယ်။ ခမိုးဘက်ကနေ ဆင်းလာနေကြတာ။ ဒရုန်းကော ရှောက်တိုက်ဒုံးကော လူအင်အားများများနဲ့ ဖိတိုက်နေတယ်ဗျ”ဟု ပြောသည်။
KIA-PDF- ကဒူး တပ်ပေါင်းစုသည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့၏ အနောက်ဘက်ခြမ်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် မြန်မာ့တပ်မတော် စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဗန်းမောက်မြို့သည် ကချင်ပြည်နယ်သို့ ဝင်ရောက်သည့် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြိုတင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ် တောက်ရန် ကြိုးပမ်းနေလည်းဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 986
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အတွက် ဘယ်လို အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေ ကြသည်။
KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမော်၌ မြန်မာ့တပ်မတော်နှင့် စစ်ရေးပြင်းထန်ပြီး ရှုံးနိမ့်နေချိန်တွင် ဗန်းမောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် စတင်တိုက်ခိုက်ကာ စက်တင်ဘာ ၂၀ ရက်နေ့၌ သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
KIA အနေဖြင့် ဗန်းမောက်ကို ထိန်းနိုင်ပါက စစ်ကိုင်းတိုင်းအထက်ပိုင်းအား ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ရန် အတွက် အဆင်ပြေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဗန်းမော်ကတော့ သူတို့ရှုံးနေပြီပေါ့။ ရှုံးတဲ့အခါကြတော့ KIA ကတော့ သူ့အတွက်ကတော့ သိက္ခာဆယ်တဲ့ အနေနဲ့ ဗန်းမောက်ပေါ့၊ နောက်တစ်ခုက ဗန်းမောက်ကလည်း ရှမ်းနီ ဒေသပါပဲ။ ပြောရရင်တော့ ကချင်လုံးဝ မရှိ ပါဘူး။ ရှမ်းနီနဲ့ ဗမာနဲ့ပေါ့နော်။ မူးမြစ်ဝှမ်းထိပ်ပေါ့။ ဒီဗန်းမောက်ကို ထိန်းလိုက်လို့ရှိရင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကို ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ဖို့အတွက်က အဆင်ပြေတယ်လေ။ ဒါကြောင့် သူ ဗန်းမောက်ကိုလည်း အရှက် ပြေ အားစမ်းတာပေါ့နော်။ အောင်မြင်ဘူး၊ မအောင်မြင်ဘူး ဆိုတာကတော့ နောက် ကျနော်တို့ မြင်လာရမှာပေါ့။ ဗန်းမောက်ကတော့ KIA က မူးမြစ်ဝှမ်းနဲ့ထိပ်က ဖြစ်နေတဲ့အတွက်ကြောင့် ဒါကြီးကိုတော့ ခြေကုပ်ယူမှာပေါ့နော် ဗန်းမောက်က။ ဗန်းမောက်မှာတော့ ဒီလိုပဲ လုပ်နေကိုင်နေကြမယ်။ ဒါပေမယ့် ရေရှည်မှာတော့ တပ်ကပဲ အသာစီး ရသွားမှာပေါ့ အဲဒါပဲ သွားတွေ့တယ်” ဟု ပြောသည်။
ဗန်းမောက်မြို့နယ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က အဓိက လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်၏ တပ်မ ၇၇ ကတော့ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်သည်။
လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

ဗန်းမောက်မြို့အဝင်မှာ PDF များကိုတွေ့ရစဉ်
ဗန်းမောက်မြို့ကို ရှမ်းနီများ လက်လွှတ်လိုက်ရခြင်းသည် ခုခံနေသည့် အင်အားနှင့် စစ်ကူမလာနိုင်သည့် အတွက် ကြောင့် ဖြစ်နိုင်ကာ KIA အနေဖြင့် ၎င်းနယ်မြေထဲ စစ်ကြောင်းများ မဝင်လာရေးအတွက် ဗန်းမောက်ကို ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ရေးကတော့ တချို့နေရာပေါ့လေ။ သာလွန်အင်အားနဲ့ ဗန်းမောက်မှာ ခုခံနေတဲ့အင်အားနဲ့ စစ်ကူ မလာနိုင်တာရယ်။ ဟိုဘက်ကလည်း KIA/KIO အပါအဝင် အဲဒီဒေသခံ PDF တွေနဲ့ ပေါင်းလိုက်တော့ နည်းနည်း လေး တိုက်စွမ်းအားပေါ့လေ။ စစ်အား၊ လူအား ပိုသာသွားတဲ့ သဘောနဲ့တူပါတယ်။ ဒါကြောင့် ဗန်းမောက်မြို့ကို ရှမ်းနီတွေက လွှတ်လိုက်ရတယ်ဆိုတာ သူ့ဘက် ကိုယ့်ဘက် စစ်ကူမလာနိုင်တဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆပါ တယ်။ KIA က သူ့အထဲကို စစ်ကြောင်းကြီးတွေ မဝင်လာဖို့အတွက် ဗန်းမောက်က KIO ဝင်ပေါက် ဖြစ်တာကို။ KIA ထဲကို ဝင်သွားလို့ရတဲ့ စစ်ကိုင်းတိုင်းရဲ့ အစွန်ပေါ့လေ ရှမ်းနီဒေသဖြစ်တာကို။ အဲဒါကြောင့် KIA ကလည်း အသည်း အသန်ဝင်ပြီး ထိန်းတဲ့သဘောပါပဲ။ ဒါကြောင့် ဗန်းမော်နဲ့ ဗန်းမောက်ပေါ့။ ဗန်းမောက်ကတော့ ခုခံတဲ့ဘက်က အားနည်းတော့ ရသွားတာပေါ့။ ဗန်းမော်ကတော့ သိက္ခာအရ ဆက်တိုက်နေတဲ့ သဘောလို့ ယူဆပါတယ်။ အဲဒီ ၂ နေရာကတော့ နည်းနည်းကွာခြားပါတယ်” ဟု ပြောသည်။
KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုမူ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေ လည်း ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1520
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သို့ တပ်မတော်က ကိုယ်စားလှယ်များ စေလွှတ်နေခြင်းသည် မည်သည့် ပုံစံစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းလဲနှင့် မည်ကဲ့သို့ ထူးခြားမှုများဖြစ်လာနိုင်လဲ ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များမှ သုံးသပ်နေကြသည်။
ယခုလထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ် ကြီးများနှင့် ဗိုလ်ချုပ် အဆင့်များ အပါအဝင် အရပ်ဖက် ဝန်ကြီးများကို USDP ပါတီသို့ သွားရောက်၍ လာမည့် ရွေး ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် စေလွှတ်လျက်ရှိသည်။
USDP ပါတီထဲတွင် တပ်မတော် ဝင်ရောက်လာခြင်းက အမိန့်ပေးစနစ်နှင့် ပါတီထဲကို ကူးကြသည့် သဘောဖြစ်ပြီး အဖက်ဖက်ကကြည့်လျှင် စိုးရိမ်စရာကောင်းသည့် အခြေအနေ ဖြစ်နေကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါတွေက မိမိသဘော လွတ်လပ်တဲ့ သဘောဆန္ဒ အလျက်ရောက်တော့ မဟုတ်ဘူးထင်တယ်။ ဗဟိုအမိန့် ပေးမှု အောက်ကနေပြီးတော့ တပ်က အနားယူပြီးတော့ နိုင်ငံရေးပါတီမှာ တာဝန်ထမ်းဆောင်တယ်။ ရွေးကောက် ပွဲ အနိုင်ရလာရင် ရွေးကောက်ပွဲက ပေါ်လာမယ့် လွှတ်တော်တို့ အစိုးရတို့ကိုလည်း တပ်က လူတွေနဲ့ပဲ ဖြည့်ဆည်း သွားမယ့် သဘောမျိုး။ အဲဒီလိုပြင်ဆင်မှုလို့ ယူဆရပါတယ်။ အမိန့်ပေးစနစ်နဲ့ ပါတီထဲကို ကူးကြတဲ့သဘောပါ ဗိုလ်ချုပ်မှူးကြီးသန်းရွေနဲ့ ဗိုလ်ချုပ် မောင်အေးတို့ နှစ်ယောက်က အေးအေးဆေးဆေးပဲ အနားယူ ပြီးတော့ ဒီလွှတ်တော်ကိုတော့ ဗိုလ်ချုပ်ကြီးရွှေမန်းကို အပ်တယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုတော့ အစိုးရအဖွဲ့ သမ္မတအဖြစ် အပ်တယ်။ လူခွဲပြီးတော့ တာဝန်ပေးအပ်တာ အကွက်လှပါတယ်။ ဒါကြောင့် သူတို့ ၅ နှစ် အုပ်ချုပ် လို့ ရသွားတာ။ အခုကျတော့ အဲဒီပုံစံတော့ မဟုတ်ဘူးထင်တယ်။ အကြီးအကဲတွေက နားမယ့် သဘောတော့ မရှိ ဘူး။ အကြီးအကဲတွေ ကိုယ်တိုင်ကလည်းပဲ ရတဲ့နေရာမှာ ဝင်ယူမယ့်သဘောတွေ ရှိနေတော့ စုဖွဲ့ပုံကိုတော့ ဘယ်လိုပုံစံ ဖန်တီးလာမလဲတော့ ကျနော်တို့ မှန်းလို့မရဘူးပေါ့။ ဒါကြောင့် အဖက်ဖက်က ကြည့်ရင်တော့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့တော့ ပြောနိုင်ပါတယ်”ဟု ပြောသည်။

USDP ပါတီကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး နိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ပါနေအောင် ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်များကို အငြိမ်းစားပေး၍ USDP ပါတီသို့ စေလွှတ်ကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။
ထို့နောက် USDP သို့ ဗိုလ်ချုပ်ကြီး ရာထူးကနေ အငြိမ်းစားယူပြီး ဝင်ရောက်သွားခဲ့သော ဦးသိန်းစိန်က ဦးဆောင် ကာ အစိုးရဖွဲ့စည်းခဲ့သလို ဦးမင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးတိုးမြှင့်ပေးကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့က အနားယူသွားခဲ့သည်။
တပ်မတော်သည် အရပ်သားပေါ်တွင် ယုံကြည်မှုအားနည်းခြင်း၊ USDP မှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များ က အမိန့်နာခံသည့် အပိုင်းတွင် ပိုအားကောင်းသည်ဟု ယုံကြည်ပုံရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်.
၎င်းက “တပ်ကို တောက်လျှောက် လေ့လာတဲ့အခါမှာ သာမန်အားဖြင့် အရပ်သားပေါ်မှာ စိတ်ချရတဲ့ အပိုင်းမှာ နည်းနည်း အားနည်းတယ်လေ၊ ဒီအရပ်သားတွေထက်ပေါ့ တပ်က ပုဂ္ဂိုလ်များက ပိုပြီးတော့ ဘာမဆို စည်းကမ်း တကျနဲ့ အမိန့်နာခံမှု ကောင်းကောင်း အလုပ်လုပ်နိုင်တယ်လို့ ယုံကြည်ထားတာကို တွေ့ရတယ်လေ။ USDP အနေနဲ့ ထွက်ပေါ်လာတဲ့ ကိုယ်စားလှယ်တွေကလည်း အမိန့်နာခံတဲ့ အပိုင်းမှာ ပိုပြီးအားကောင်းမယ်လို့ ယုံကြည် ပုံရတယ်လေ။ လာမယ့် လွှတ်တော်မှာ စနစ်တကျနဲ့ သေသေချာချာ ပြင်ဆင်ပြီးတော့ လွှတ်တော်ကြီးကို မောင်းတင်မယ့် သဘောလားတော့ တွေးမိတယ်။ တပ်မတော်က အငြိမ်းစားယူလို့ရှိရင် USDP ပါတီထဲ သွားကြတဲ့ အစဥ်အလာရှိတယ်လေ။ USDP နဲ့တပ်မတော်က တစ်ခုတည်းလိုပဲ၊ တစ်ဖွဲ့တည်းလိုပဲ။ ပြည်သူလူထု အများစု ကလည်း ယုံကြည်ကြတယ်။ USDP ရဲ့မြစ်ဖျားခံရာ သန္ဓေတည်ရာကို ကြည့်မယ်ဆိုရင် တပ်မတော် ဗိုလ်ချုပ်ကြီး များက တည်ထောင်ခဲ့တာ ဖြစ်တော့ပေါ့နော်။ တပ်မတော် အနေနဲ့ကလည်း USDP လွဲပြီး တခြားသော အရပ်သား ဦးဆောင်တဲ့ ပါတီတွေအပေါ်မှာ ယုံကြည်ကိုးစားလိုဟန် မရှိဘူးပေါ့ USDP ပါတီကိုပဲ သွားကြတယ်လို့တော့ အန်တီက မြင်တယ်လေနော်”ဟု ပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးများကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၃ ခုနှစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို တည်ထောင်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ တစ်ခုအနေဖြင့် လှုပ်ရှားခဲ့သော်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် အခါမှာတော့ စစ်ဗိုလ်ချုပ်ကြီးများကို အငြိမ်းစားပေးကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အဖြစ် ပြောင်းလဲ၍ ရွေးကောက်ပွဲ ဝင်စေခဲ့သည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း တပ်မတော်ကနေ စစ်ဗိုလ်ချုပ်များကို USDP ပါတီထံသို့ စေလွှတ်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သလို ယခု ၂၀၂၅ အထွေထွေးရွေးကောက်ပွဲတွင် လည်း စစ်ဗိုလ်ချုပ်ကြီးများအား USDP ပါတီသို့ စေလွှတ်ကာ ရွေးကောက်ပွဲဝင်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က စီစဉ်နေကြောင်း နေပြည်တော်ဘက်မှ သတင်းများထွက်နေသည်။
လက်ရှိတွင် USDP ပါတီသို့ စေလွှတ်ခံထားရသော စစ်ဗိုလ်ချုပ်များမှာ အငြိမ်းစားယူသွားကြပြီးဖြစ်သော ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး(ငြိမ်း)၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း(ငြိမ်း)၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး(ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ဒုတိယဗိုလ်ချုပ် ကြီး တေဇကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်(ငြိမ်း)၊ ဗိုလ်ချုပ်ဇော်နိုင် ဦး(ငြိမ်း)တို့ အပါအဝင် အစိုးရအဖွဲ့ဝန်ကြီး တချို့လည်း ပါဝင်ကြကြောင်း သတင်းများထွက်ပေါ်နေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပမည်ဖြစ်ပြီး ကျန် မဲဆန္ဒနယ်များကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
