- By CNI
- Category: နိုင်ငံရေး
- Hits: 318
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရသစ်နှင့် တပ်မတော်သည် စစ်ကိုင်းတိုင်း-မကွေးတိုင်းကို ထိန်းချုပ် ရင်းဖြင့် ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည် ဖော်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်မှ မြို့များဖြစ်သည့် ဗန်းမောက်၊ မော်လူး၊ အင်းတော်၊ ကသာ နှင့် ထီးချိုင့်မြို့များအား တပ်မတော်ဘက်မှ ပြန်လည် ထိန်းချုပ်ထားနိုင်သကဲ့သို့ ကချင်၊ စစ်ကိုင်းတိုင်းနှင့် ချင်း ပြည်နယ်တို့ဘက်၌ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဦးစားပေး လုပ်လာလျက်ရှိသည်ကို တွေ့ရသည်။
တပ်မတော်အနေဖြင့် ထိုဒေသ ၃ ခုကို စစ်ရေး အပြင်းအထန် လုပ်ဆောင်နေရခြင်းသည် ပြီးခဲ့သည့် လပိုင်းခန့်က KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၏ ပြောကြားချက်ကြောင့် ဖြစ်နိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ချင်းယူနစ်၊ ကချင်ယူနစ်၊ နာဂယူနစ်နှင့် ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) ဒေသဟူ၍ သတ်မှတ်ထားကြောင်း၊ ထိုဒေသများအား ထိန်းချုပ်ပြီး မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်မည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ်
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် စစ်ရေးလမ်းကြောင်းအား ဖြတ်တောက်နိုင်ပါက စစ်ကိုင်းတိုင်း-မကွေးတိုင်း-ချင်းပြည်နယ်တို့အပေါ် လက်နက်ထောက်ပံ့ရေးလမ်းကြောင်း ပြတ်သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကောင်းတိုက်ပွဲက အဆုံးအဖြတ် ဖြစ်နေတယ်။ တကောင်းပြီးတာနဲ့ ထီးချိုင့်ကို ရောက်တာလေ။ ထီးချိုင့်မှာ တကောင်းနီကယ်စက်ရုံ၊ တရုတ်နီကယ်စက်ရုံရှိတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကို ကူးလိုက်တာနဲ့ “က”သုံးလုံးနယ်မြေကို စစ်ကြောင်းထိုးတာပဲ။ ဘယ်လိုပဲပြောပြော စစ်ကိုင်းနဲ့ ကချင်ကို ဖြတ် လိုက်နိုင်တာနဲ့ စစ်ကိုင်း-မကွေး အညာဒေသရယ်၊ နောက်တစ်ခါ CNF တွေ ကြီးစိုးထားတဲ့ ချင်းပြည်နယ်ရဲ့ ဟာ တွေက အကုန်လုံးက ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ထောက်ပံ့ရေး လမ်းကြောင်းပေါ် အဲဒါ အကုန်ပြတ် သွားတာ။ အဲဒါက မဟာဗျူဟာကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကိုင်းနဲ့ ချင်းဘက်၊ မကွေးဘက်က အဓိက လက်နက်ထောက်ပံ့ရေးလမ်းကြောင်းက AA က နည်းနည်းလေးပဲ လာတယ်။ အဓိက,က KIO ဆီကပဲ။ KIO လက်နက်စက်ရုံတွေဆီကနေမှ သွားနေတာ။ သွားနေတာဆိုတော့ ဒီစစ်ဆင်ရေးက အစိုးရဘက်က ကြည့်ရင် အလွန်အရေးပါတယ်။ ဒါ ဖြတ်ကို ဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ အဲဒါမှ စစ်ကိုင်း-မကွေးကို control ပြန်လုပ်နိုင်မယ်။ ကျနော်ထင်တယ် စစ်ကိုင်း-မကွေးကို control လုပ်ရင်းနဲ့ ဟိုဘက်ကို ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည် ဖော် မယ်နဲ့တူတယ်။ နောက်လလောက်ဆို။ ကျနော်မြင်တာကတော့ အဲဒီလိုမြင်တယ်” ဟု ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ကို ချိတ်ဆက်၍ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် ၁ နှစ်နှင့် ၃ လကျော် စစ်ဆင်ရေးလုပ်၍ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဆက်စပ်ဒေသ မြို့များကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KIA ၏ အနောက် မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးအတွက် အကျပ်အတည်းများ ရင်ဆိုင်လာနေရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

MNDAA- တရုတ်ကိုယ်စားလှယ်-မြန်မာ့တပ်မတော် ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးကြစဉ်
ရွေးကောက်ပွဲလည်း ကျင်းပပြီးကာ လွှတ်တော်လည်း ရှိလာပြီဖြစ်သည့်အတွက် နိုင်ငံတကာထံမှ ယုံကြည်မှုရ စေရန် နယ်မြေစိုးမိုးမှုကို အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင် ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တပ်ကနေ ထိန်းချုပ်လာတဲ့ အခါမျိုးတွေကြတော့ နဂိုမှာလည်း သူတို့အနေနဲ့ ထိန်းချုပ်တဲ့ နယ်မြေ တွေ ဖြစ်ပါတယ်။ ၂၀၂၁ အခင်းအကျင်း PDF တွေနဲ့ KIA ရဲ့ ပူးပေါင်း တပ်ပေါင်းစုကြီးကနေ ဒါကို ထိုးစစ်ဆင်ပြီးမှ ပြန်ပြီးသိမ်းပိုက်ခြင်း ဖြစ်ပါတယ်။ အခုက ပြန်ပြီးမှ သူတို့အနေနဲ့ (စစ်တပ်) ထိုးစစ်ဆင်ပြီးမှ သိမ်းပိုက်လာခြင်း ဖြစ်ပါတယ်။ လက်နက်နဲ့ ဖြေရှင်းတဲ့အချိန်မှာ အားရှိတဲ့သူကတော့ နိုင်မှာပဲ။ တည်မြဲမလား၊ မတည်မြဲဘူးလား ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ အဓိက,ကတော့ စကစ အနေနဲ့ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ စကစ လိုချင်တဲ့ ပါလီမန်လွှတ်တော်ကြီးလည်း ရှိလာပြီဆိုတော့ နယ်မြေစိုးမိုးမှုကို အဓိကထားပြီးမှ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဖြစ်တယ်လို့ပဲ ကျနော်ယူဆပါတယ်။ ဘာလို့ဆို ဒီလိုနယ်မြေစိုးမိုးမှုရှိမှပဲ တချို့ဟာတွေက ပြန်ပြီး တော့ ရွေးကောက်ပွဲလည်း လုပ်လာနိုင်တယ်။ နောက်တစ်ချက်က နယ်မြေစိုးမိုးမှု ရှိတဲ့အချိန်မှာ နိုင်ငံတကာကို လည်း ယုံကြည်လာအောင် ပြဖို့လည်း ရှိလာတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် NSPNC က NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီး တချို့အဖွဲ့များကို တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်သည်။
အလားတူ TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြကြောင်း၊ ထို့နောက် MNDAA နှင့်လည်း ကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1014
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ ကချင်လက်နက်ကိုင်(KIA)ကို “ဝ”လက်နက်ကိုင် (UWSA)ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဆိုလျှင် ငြိမ်းချမ်းရေးဖြစ်လာနိုင်သည်ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့ကို ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေးအား ကြိုးပမ်းနေသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် NCA လမ်းကြောင်းအစား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည့် ဘက်ကို ဦးတည်နေသည်ဟု ယူဆ၍ရကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA က ငြိမ်းချမ်းရေးဘက်ကို ရောက်မယ့်လမ်းစ ရှိတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ စစ်ကိုင်းတိုင်း ကို တပ်မတော်ဘက်က လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းနိုင်ပြီဆိုရင် တစ်ချိန်မှာပင်လယ်ထွက်ပေါက် အနောက်မျှော် လမ်းစဉ် ပိတ်သွားရင် တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေးလိမ့်မယ်။ အဲဒီလိုပဲ ယုံကြည်ထားတယ်။ KIA က NCA လမ်းကြောင်းမှာ လေ့လာသူအဆင့်ပဲ လာထားတာ။ သူတို့လိုချင်တာက NCA လမ်းကြောင်းအစား နောက် ထပ် တစ်လမ်းကြောင်းကို ရွေးတာပေါ့နော်။ အဓိက,က KIA က သူတို့က ကချင်ပြည်နယ်လွတ်မြောက်ရေး ပြောရင်တော့ ဝမ်ပေါင်နိုင်ငံတော်ထောင်ချင်တာ။ ကချင်ပြည်နယ်မှာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (autonomy) ရတဲ့ ပြည်နယ်အဆင့် ဒါမှမဟုတ်ရင် ကွန်ဖယ်ဒရိတ်ဆိုတဲ့ စကားလုံးလိုပေါ့နော်၊ နိုင်ငံအဆင့်လေး သူက ရပ်တည်ချင် တာ။ သို့သော်လည်းပဲ တရုတ်ဘက်က ဖိအားပေးထားတာရှိမယ်။ ပြည်မကြီးဘက်က ဖိအားပေးတာ ရှိမယ်ဆိုရင် သီးခြား ရပ်တည်လို့ရမယ့် နိုင်ငံမဟုတ်ဘူး။ အဲဒီတော့ သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်လောက်ကိုပဲ KIA ဟာ ကချင်အမျိုးသား တစ်မျိုးတည်းကို သူက စုစည်းချင်နေတာ။ တခြား ကချင်ပြည်နယ်မှာ တခြား တိုင်းရင်းသားတွေက အများကြီးရှိသေးတယ်။ သူတို့ ဂျိမ်းဖောအုပ်စု သီးသန့်စုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသလိုဟာမျိုး “ဝ”လိုပြည်နယ်မျိုး သူကနေချင်နေတာ။ အဲဒီတော့ အဲဒီအဆင့်မျိုး ပေးနိုင်မယ်ဆိုရင် သူတို့ဘက် က ငြိမ်းချမ်းရေးကိုယူမှာ။ အဲဒါက NCA လမ်းကြောင်းနဲ့ မတူတဲ့ဖြစ်စဉ် ဖြစ်နေတာ။ အဲဒီလောက် ကျနော်တို့က ခွင့်ပြုနိုင်တယ်ဆိုရင် KIA ဟာ ငြိမ်းချမ်းရေးကို “ဝ”နဲ့ မြန်မာနဲ့ ငြိမ်းချမ်းရေး ရနေသလို အမြဲတမ်းရနေမှာ” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်
ထို့အပြင် အစိုးရအဖွဲ့ဘက်မှ KIA တောင်းဆိုချက်များကို လိုက်လျောပေးနိုင်မည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလမ်းစ ပေါ်လာနိုင်သည်ဟု ဒေါက်တာကျော်ဆွေက ဆက်ပြောသည်။
၎င်းက "ဝ"လို ပြည်နယ်ပေးဖို့ကျတော့ ကချင်ပြည်နယ်ထဲမယ် ဒုတိယအင်အား အကြီးဆုံးက ရှမ်းနီတွေပေါ့နော်။ ရှမ်းနီရှိမယ်၊ ဗမာတွေရှိမယ်။ မြစ်ကြီးနား၊ ဗန်းမော် ခရိုင်မပါတဲ့ အဲဒီအထက်က ဒေသတွေကို သူတို့က "ဝ" လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နေမယ်ဆိုရင် ကျနော်တို့က ပြည်နယ်အဆင့်က သူတို့က လျော့သွားတာလေ။ အဲဒါ ဆိုရင် ပေးနိုင်တာ၊ မပေးနိုင်တာထက် ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ပြည်နယ်နယ်နိမိတ် ပြင်ဆင်ပြောင်းလဲ တာတွေ ဖြစ်ကုန်မှာလေ။ အဲဒီလို အခြေအနေကြောင့်တော့ ခက်တော့ခက်ခဲတယ်။ သို့သော်လည်းပဲ အပေါ်ပိုင်း မှာ မြေရှားရနေတဲ့ ဒေသတွေနဲ့ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေဆိုတာမျိုး ပေးထားရင်တော့ ဒါမှ မဟုတ်ရင်လည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်နေတဲ့ ကာလမှာ အဲဒီက ဒေသမှာ စီးပွားရှာဖွေခွင့် တရားဝင် ခွင့်ပြုနိုင်ခဲ့ရင် ဒါလွယ်ကူတယ်၊ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ ယုံကြည်ထားတယ်။ ကချင်ပြည်နယ်ကို ပြင်ဆင် ဖွဲ့စည်းပြီးတော့ KIA ထိန်းချုပ်နယ်မြေ အထူးဒေသ တစ်ခုအနေနဲ့ "ဝ" ပြည်နယ်လို ပေးမယ်ဆိုရင် ငြိမ်းချမ်းရေး သာ ရမယ်ဆိုရင် အစိုးရအနေနဲ့က ပေးမှာပေါ့ဗျာ။ အဓိက,က မြန်မာပြည်က ငြိမ်းချမ်းရေးလိုချင်တယ်။ ဒေသခံက ပြည်သူတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ချင်တယ်။ ဒီအခြေအနေမျိုးကြောင့် ပေးမယ်ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ကတဆင့် တင်ပြပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ ပေးမယ်ဆိုရင်ရတယ်။ ဘာလို့လဲဆို ပြည်နယ် နယ်နိမိတ် ပြင်ဆင်ဖွဲ့စည်းတာ ပါမှာမို့လို့သာ အဲ့ဒီလိုပြောရတာ” ဟု ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(စ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းအဖြစ် သတ်မှတ် ထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် “ဝ” တပ်ဖွဲ့သည် မတူညီသည့် ရပ်တည်ချက် များစွာရှိကြောင်း၊ ထိုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်ရန်အတွက် ဆိုသည်မှာ လုံးဝ အဆင်မပြေနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်အထူးကိုယ်စားလှယ်ဟောင်း ဆွန်ကော်ရှန်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်
၎င်းက “လုံးဝ အဲဒီအဆိုကို ဦးကတော့ ကန့်ကွက်ပါတယ်ပေါ့။ "ဝ"နဲ့ မတူတာ တစ်ချက်ရှိပါတယ်။ "ဝ"က ဘာပဲ ပြောပြော အစကတည်းက "ဝ" နယ်မြေက ဆရာမနိုင် နှစ်ဆောင်ပြိုင်ဆိုပြီးတော့ သမိုင်း အစဉ်အလာအရကိုက တရုတ်ရော၊ ဗမာရော၊ အင်္ဂလိပ်ရောက လက်ရှောင်ထားခဲ့တဲ့ အနေအထားရှိတာကို။ ဒီကချင် ဧရိယာကျတော့ အင်္ဂလိပ် အစိုးရ ရော ကိုလိုနီအစိုးရရော၊ ဗမာရော၊ တရုတ်ရော အားလုံးက ဆက်ဆံမှုရှိတဲ့ အပြင်ကို ထူးခြားမှုတစ်ခုက ဘာရှိနေ လဲဆိုတော့ ကချင်ပြည်နယ်မှာရှိတဲ့ ကချင်က "ဝ"လို တစ်စုတစ်စည်းတည်း မဟုတ်ဘူး။ အထူးသဖြင့် ဂျိမ်းဖော အုပ်စုရဲ့ လက်ဝါးကြီး အုပ်မှုကို မလိုလားတဲ့ လီဆူတို့ဘာတို့ အုပ်စုကြီးတွေက ရှိတဲ့အပြင် ကချင်ပြည်နယ်မှာ အဓိကကျတဲ့ လူအများစုက ကချင် မဟုတ်ဘဲနဲ့ ရှမ်းနဲ့ ဗမာနဲ့က အဓိကဖြစ်နေတယ်။ ရှမ်းနဲ့ ဗမာနဲ့က သန်းခေါင် စာရင်းအရကတော့ ၅၀ ကျော် ၅၁ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဒီအတွက်ကြောင့်မို့လို့ "ဝ"လို ကွန်ဖက်ဒရိတ် လုပ်ဖို့အတွက်ကို လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောချင်တာပေါ့နော်၊ သုံးသပ်ချင်တာပေါ့။ အစကတည်းကိုက ပင်လုံ စာချုပ်မှာကိုက ခွဲထွက်ခွင့်၊ လွတ်လပ်ရေး မရမှီ အနေအထားမျိုးကို သူတို့ကိုယ်တိုင် လက်ခံကျေနပ်ထား ပြီးတော့ သူတို့ကို ကချင်ပြည်နယ်ပေးမယ် ခွဲထွက်ခွင့် မရှိစေရအချက်ကို လက်မှတ် ထိုးထားတာပဲ။ အဲဒါကြောင့် မို့လို့ "ဝ"လို ဥစ္စာမျိုးဆိုတာက ခွဲထွက်ခွင့် မဟုတ်ဘဲနဲ့ ခွဲတော့မထွက်ပါဘူး။ ဒါပေမယ့် လုပ်ချင်တာလုပ်မယ် တရားစီရင်တာလည်း လွတ်လွတ်လပ်လပ် တရားစီရင်မယ် လူလည်းသတ်ချင် သတ်မယ်ဆိုတဲ့ ဥစ္စာမျိုးက ပေးခဲ့မယ်ဆိုရင်ကို စကားကိုမသုံးပါဘူး။ ပေးကိုမပေးဘူး အဲဒါလေ” ဟု ပြောသည်။
KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ကာလအတွင်း ယခင်ထက် ပိုမို အားကောင်းလာကာ တော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများနှင့် နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေ သလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀-၂၁ ရက်နေ့များက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပြင် လက်မှတ် မရေးထိုးထားရသေးသည့် အဖွဲ့များအနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်း ရေး ဆွေးနွေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1000
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့ ပြန်လည် ဆုတ်ခွာပေးရမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ရှမ်းမြောက်ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် နမ့်ခမ်းမြို့နယ်ကို တအာင်းတပ်ဖွဲ့(TNLA)က ထိန်းချုပ်ထားသော်လည်း ကိုးကန့်တပ်ဖွဲ့(MNDAA)မှ မြို့ထဲဝင်ရောက်ပြီး ၎င်းတို့၏အလံကို လွှင့်ထူထားကြောင်း ဒေသခံများက ပြောသည်။
သို့သော်လည်း နမ့်ခမ်းမြို့ အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့ သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေ များမှ ပြန်လည် ဆုတ်ခွာပေးရမည်ဖြစ်ပြီး ယခင် သတ်မှတ်ပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အထူး ဒေသများအထိသာ ပိုင်ဆိုင်ခွင့်ရမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ရှမ်းမြောက်နိုင်ငံရေး လေ့လာသုံးသပ် သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နမ့်ခမ်းက အခု ကြားနေရတဲ့ သတင်းဆိုရင် မြေရှားသတ္တု ထုတ်တယ်ဆိုတဲ့ဟာထက် ဆိုးတာပေါ့။ ကိုးကန့်တွေက သူတို့ နမ့်ခမ်းနား ကပ်နေပြီ။ မကြာခင်တော့ နမ့်ခမ်းမြို့ကပါ TNLA က ဆုတ်ပေးရမယ်ဆိုတဲ့ သဘောမျိုး ကြားနေရတယ်။ နောက်တစ်ခါ ကိုးကန့်ကလည်း နဂိုတုန်းက အထူးဒေသ ၁ ပေါ့နော်၊ အဲဒီကို နယ်မြေအထိ ဆုတ်ရမယ်လို့လည်း ကြားနေတယ်။ ဆိုတဲ့အတွက် ဘာတွေ ဆက်ဖြစ်အုံးမယ် မသိသေးဘူး။ သူထိန်းသိမ်းထားတာ ရှိတယ်၊ သိန္နီတို့၊ ကွတ်ခိုင်တို့၊ လားရှိုးအထိပေါ့၊ လားရှိုးမြို့ပေါ် ရပ်ကွက်ပဲ ကျန်တယ်။ အဲဒီကနေ ဆုတ်ပေးရမှာပေါ့။ ကြူကုတ်၊ ပန်ဆန်း ဘာညာ ဟိုးဘက် လောက်ကိုင်တို့ပေါ့ နဂို သူတို့ သတ်မှတ် ထားတဲ့ အထူးဒေသအထိကို” ဟု ပြောသည်။

နမ့်ခမ်းမြို့အဝင်ကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့နှင့် လောက်ကိုင်မြို့တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ထို့အပြင် နမ့်ဆန်နှင့် မန်တုံမြို့ ၂ မြို့ကိုလည်း ပလောင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။
သို့သော်လည်း TNLA နှင့် MNDAA တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် အားလုံးနီးပါးကို တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။
ထို့နောက် တရုတ်၏ အကူအညီဖြင့် လားရှိုးမြို့ကို MNDAA က တပ်မတော်က ပြန်လည် လွှဲပြောင်းပေးခဲ့ရသလို ကျောက်မဲ-နောင်ချိုကိုတော့ တပ်မတော်က TNLA ကို တိုက်ခိုက်ပြီးနောက် ပြန်လည် ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်လိုခြင်းကြောင့် နမ့်ခမ်း အပါအဝင် နယ်စပ်ကုန်သွယ်ရေး တစ်လျှောက်ရှိ မြို့နယ်များမှ ဆုတ်ခွာရန် MNDAA နှင့် TNLA တို့ကို ဖိအားပေးခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

MNDAA ခေါင်းဆောင် တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ စာအုပ်ကို ဖတ်နေစဉ်
၎င်းက “ကွမ်လုံ၊ ဟိုပန်၊ နောက် အဲဒါအပြင်ကို နောက်တစ်ခါ နမ့်ခမ်းတို့၊ သိန္နီတို့၊ ကွတ်ခိုင်တို့ကျတော့ သမိုင်း အစဉ်အလာအရကိုက စယ်လန်းတို့ ဒါတွေက အစကတည်းက အနော်ရထားခေတ်ကတည်းက မြန်မာဘုရင်တွေနဲ့ တောက်လျှောက်ကို ရှမ်းဒေသပေါ့နော်။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒါတွေက သမိုင်းကြောင်းအရလည်း လက်မခံနိုင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လက်မခံနိုင်တဲ့ အခါကျတော့ ဒါကြီးကို အစိုးရတစ်ရပ်က ခွင့်ပြုမယ်ဆိုရင်တောင်မှ အမျိုးသားရေးအုပ်စုတွေနဲ့က ဒါက ပြောရ မယ်ဆိုရင် မကျေမလည် ဖြစ်မယ့် သဘောရှိတယ်။ ဘယ်လူထုမှ လက်မခံဘူး။ အဲဒီတော့ တရုတ်ပြည်က ကုန် သွယ်ရေး ဆောင်ရွက်မယ်ဆိုရင်လည်း ဒီနယ်မြေကို ပြန်မပေးဘဲနဲ့ မြန်မာပြည်က လူတွေက တရုတ်နဲ့ ကုန် မသွယ်ရလို့ အငတ်ခံရင်လည်း ခံမှာပဲ။ ဒီအချက်ကိုတော့ သည်းညည်းခံမှာ မဟုတ်ဘူးပေါ့နော်။ ဒါကိုလည်း တရုတ်က သိသွားပုံရပါတယ်။ တရုတ်မှာလည်း ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလာတဲ့အခါ ကျတော့လေ။ ဒါ့ကြောင့်မို့လို့ တရုတ်က သူတို့ကို ဒါနဲ့ပတ်သက်ပြီးတော့ ဒီကုန်သွယ်မှုလမ်း ပြန်ဖွင့်ဖို့အတွက်ကို MNDAA တို့ ဘာတို့ အားလုံးကိုလည်း တရုတ်ပြည်က ဖိအားပေးပုံရပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တအာင်းတပ် TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ထို့နောက် ကိုးကန့်တပ် MNDAA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့နှင့်လည်း ဆက်လက်တွေ့ဆုံသွားမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1261
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
ဒေါ်အောင်ဆန်းစုကြည်သည် ဗြဟ္မာဦးခေါင်းပဲဖြစ်၍ ကိုင်ထားလျှင် ပူလောင်မည်၊ အောက်ချလျှင် မီးလောင် မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရ အဖွဲ့က ဖမ်းဆီးထားပြီး နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများက ပြန်လွှတ်ပေးရန် တောင်းဆို လျက်ရှိ သည်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံက ခေါ်ထားခြင်းသည် ဗြဟ္မာဦးခေါင်းကို ကိုင်ထားခြင်းဖြစ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ခေါ်သွားမည်ဆိုလျှင် ခေါ်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖိလစ်ပိုင်က လူတွေက ကျုပ်တို့ မြန်မာပြည်အကြောင်း လာဆွေးနွေး၊ ကျနော်တို့ကတော့ အာဆီယံ ပဋိညာဉ် အတိုင်းပေါ့၊ ဘယ်သူ့နိုင်ငံရဲ့ အကြောင်းကိုမှ ဝင်ရောက် ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အာဆီယံ ပဋိညာဉ်မှာ ပါပြီးသားကိုလည်း စွက်ဖက်စရာ အကြောင်းမရှိဘူး။ သူတို့လာ စွက်ဖက်လည်း လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ ဘာညာပြောတယ်။ ကဲခင်ဗျားခေါ်ထားလိုက်။ ဒါပေမဲ့လို့ သူ့ရဲ့ ပြစ်မှုကြွေး တွေကို ဘယ်သူခံမှာတုန်း။ သူက ဒေါ်လာ သန်း ၁၀၀၀ တို့ ဘာတို့ အမေရိကန်ပို့လိုက်တာတွေ ဘယ်သူ ပြန်ဆပ် မှာလဲ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အကြွေးဆပ်မှာလား၊ ဆပ်မယ်ဆိုရင် ဝမ်းသာတယ်။ ပေး သန်း ၁၀၀၀ ။ ဒေါ်လာ သန်း ၁၀၀၀ ပေး ဒေါ်စုကြည်ခေါ်သွား။ သူကဗြဟ္မာကြီး ဦးခေါင်းပဲ သူက လက်ထဲကို ကိုင်ထားရင်လည်း ပူလောင်မယ်၊ အောက်ချရင်လည်း မီးလောင်မယ်။ အဲဒီလိုမျိုး ဗြဟ္မာကြီးဦးခေါင်းဆိုတာ မြန်မာစကားပုံမှာ ရှိတယ်လေ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကြီးကို ကျနော်တို့လည်း ထမင်းကြွေးထားတာ ပိုက်ဆံကုန် တယ်။ ခေါ်သွားစမ်းပါ၊ လာခဲ့စမ်းပါ၊ ခေါ်သွားစမ်းပါ။ ဒါပေမယ့် သူ့ရဲ့ ဟာတွေတော့ ပြဿနာတွေတော့ ရှင်းသွားပါအုံးလို့ ကျနော်က အဲဒီလိုမျိုးပဲ မက်ဆေ့စ်ပေးချင်တယ် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ကို” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင် ရွေးကောက်ပွဲ မဲထည့်နေစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်ရန် နိုင်ငံရေးလောကထဲသို့ စတင် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကတော့ သူမသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဟု သတ်မှတ်ထား ကြသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ တာဝန်နှင့် ၂၀၁၅- ၂၀၂၀ အတွင်း NLD အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ ဖမ်းဆီးထောင်ချခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဧပြီလမှာတော့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်။
ထို့ကြောင့် အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာရေး သမ္မတ ဦးမင်းအောင်လှိုင် အစိုးရနှင့် ဆွေးနွေးနေသည်ဟု လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောသည်။
ယခု တကယ့်တကယ်တမ်း ခံနေရသူသည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ ၎င်းကြောင့် ဖြစ်နေခြင်းဟု ပြော၍မရ ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခသည် သူမကြောင့်ဟု သွားပြော၍ မရကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ ရောက်ရှိလာရာ ဖိလစ်ပိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုစဥ်(ဓာတ်ပုံ-GMA)
၎င်းက “ကျနော်တို့ ဒီပြစ်မှုကြွေးလို့ ပြောရအောင်ကလည်း ဒါတွေက နိုင်ငံရေးအရ ဖြစ်ပေါ်တဲ့ကိစ္စမှာ နိုင်ငံရေး ပြစ်မှုအရ လုပ်ရကိုင်ရခက်တဲ့ အတွက်ကြောင့် တခြားဟာတစ်ခု ခေါင်းစဥ်တက်ပြီးတော့မှ လုပ်တာပေါ့လေ။ ထောင်ချထားတဲ့ ပြစ်မှုတွေက။ တကယ့်တကယ်တမ်း ပြန်ပြီးတော့မှ လွှတ်မယ်ဟေ့ ဆိုလို့ရှိရင်လည်း လွှတ်လိုက် လို့ရတဲ့ ကိစ္စမျိုးတွေပေါ့နော်။ နိုင်ငံရေးအရ ထိန်းသိမ်းထားချင်တဲ့ အတွက်ကြောင့်မို့လို့ ခေါင်းစဥ်တစ်ခု တက်တာ ဖြစ်တယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ဒါသည်ပြစ်မှုကြွေး၊ ဘာကြွေးညာကြွေး ဆိုတဲ့ဟာတွေက အဓိပ္ပာယ်မရှိပါဘူး။ အပေါ်မှာ သူတို့ အချင်းချင်း ပြေလည်သွားလို့ရှိရင် ဒါတွေက ဘာပြစ်မှုမှ မဟုတ်တော့ဘူး။ မပြေလည်လို့သာ ပြစ်မှု ဖြစ်နေတဲ့ကိစ္စပေါ့နော်။ အဲဒီဟာအပေါ်မှာ တစ်ဖက်က ထောင်ထဲရောက်နေတဲ့လူကို သူကြောင့်ဖြစ်နေတယ် ဆိုတာ သွားပြောလို့က မရဘူးလေ။ ခံနေရတဲ့လူကို ထပ်ပြီးတော့မှ အပြစ်ပြန်တင်နေသေးတဲ့သဘောဖြစ်တာပေါ့ အခုဟာ တကယ့်တကယ်တမ်း ခံနေရတာက ဒေါ်အောင်ဆန်းစုကြည် ခံနေရတာလေ၊ ထောင်ထဲရောက်နေတာလေ အဲဒါကို သူကြောင့် ဒီလို ဖြစ်တယ်တို့ ဘာတို့ညာတို့ ပြောတာကြတော့ အဆင်မပြေဘူးပေါ့နော်။ ရှိသမျှ ခေါင်းဆောင် အသီးသီးရဲ့ အမှားတွေ အများကြီး တစ်ဖက်ထဲ မဟုတ်ဘူး၊ ဘက်ပေါင်းစုံမှာ အမှားအများကြီးရှိတယ်။ တပ်ဘက်မှာလည်း အမှားတွေရှိတယ်၊ အရပ်ဘက် နိုင်ငံရေးသမားတွေမှာလည်း အမှားတွေရှိတယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ မှာလည်း အမှားတွေရှိတယ်၊ အကုန်လုံး မှန်နေတာ မဟုတ်ဘူး၊ အကုန်လုံးမှားနတာ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ ကိုယ်တိုင်ရွေးချယ်သော အစိုးရနှင့် ဥပဒေရှေ့မှောက်တွင် လူတိုင်း တန်းတူညီမျှရှိရေး၊ ဒီမိုကရေစီ စံနှုန်းများ ပြည့်ဝသော လွှတ်တော်နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးတို့ဖြင့် နိုင်ငံကို တည်ဆောက်ရန် ယုံကြည်နေသူဖြစ်သည်ဟု ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 261
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့် သုံးစွဲမှုများ သိသိသာသာ မြင့်တက်လာသည့်အပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ကြီးထွားလာလဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် အရပ်ဘက်အဖွဲ့အစည်း များကြား ထောက်ပြ ဆွေးနွေးမှုများ ရှိလာသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့် စစ်ရေးပဋိပက္ခ ပြင်းထန်လာသည့် အခြေအနေကြားထဲ၌ နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိခြင်းကို အသုံးချကာ ၎င်းမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း မှောင်ခိုကူးမှုများ အကြီးအကျယ် လုပ်ကိုင်လာခဲ့ကြသည်။
ထို့နောက် တရားဥပဒေစိုးမိုးမှု ကျဆင်းလာကာ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး သားကောင်များဖြစ်လာပြီး နိုင်ငံ့အတွက် နစ်နာဆုံးရှုံးမှုများ ရှိလာသည်။
လက်ရှိ ရန်ကုန်မြို့အတွင်းရှိ အချို့မြို့နယ်များတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းများကို အာဏာပိုင် အချို့ နှင့် ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသည်များကို မြင်တွေ့ရကြောင်း၊ ၎င်းကိစ္စရပ်များသည် နိုင်ငံ မတည်ငြိမ်မှုများနှင့် တိုက်ရိုက် အချိုးကျမှုများ ရှိနေသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရမိတဲ့ မူးယစ်ချက် စက်ရုံကိုတွေ့ရစဉ်
၎င်းက “အန်တီကတော့လေ ဒါ တရားဥပဒေ စိုးမိုးမှုမရှိလို့ပဲ အန်တီက ပြောချင်တာလေ။ နောက်ပြီးတော့ ဒီလုပ်ငန်းက ငွေရလွယ်တယ်။ အချို့မြို့နယ်တွေမှာလည်းပေါ့နော် အောက်ခြေ အာဏာပိုင် တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေပေါ့ တချို့မြို့နယ်တွေမှာပါ။ အဲဒီလို အာဏာပိုင်အချို့နဲ့ ပေါင်းပြီးတော့ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာကို တွေ့နေရတယ်။ မြို့နယ်တချို့မှာဆို တော်တော် ဆိုးတယ်။ အာဏာပိုင်နဲ့ကို ပတ်သက်ပြီးတော့ အာဏာပိုင်ရဲ့ အကာအကွယ်ကို ယူပြီးတော့ ရောင်းဝယ်ဖောက်ကား လုပ်နေတာတွေ ရှိတယ်လို့လည်း အန်တီတို့ ကြားရတယ်ပေါ့နော်။ အဲဒီတော့ ဒီရောင်းဝယ် ဖောက်ကားမှုတွေဟာပေါ့နော် လူငယ်လူရွယ်တွေ ကြားထဲမှာတင် မကဘူး အခုဟာက လူကြီးတွေ ဆီမှာပါ ပျံ့နှံ့လာတာကို တွေ့ရတယ်ပေါ့နော်။ ပြည်သူလူထု အများစုကတော့ အထွေထွေ ကျပ်တည်းမှုတွေ ရှိလာတော့ စိတ်ရဲ့ထွက်ပေါက် အနေနဲ့လည်း လွယ်လွယ်ကူကူရတယ်၊ ဈေးပေါပေါ ရတယ် ဆိုပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိလာတာကို တွေ့ရတယ်။ အလွယ်တကူ ဝင်နိုင်တဲ့ အခြေအနေ ဖြစ် နေတယ်လေ။ အဲဒီတော့ ဒီရပ်ကွက်တွေထဲမှာဆိုရင် ဒါပေါ်ပေါ်တင်တင် တချို့နေရာတွေမှာ ရောင်းနေတာ တွေ့ရ တယ်။ အဲဒါလည်း တော်တော်အံ့ဩဖို့ကောင်းတယ်။ ဒီနေရာက လူဝင်လူထွက်များလို့ မသင်္ကာလို့ မေးကြည့်လိုက် လို့ရှိရင် အဲဒီအိမ်က ဆေးရောင်းတာလေဆိုတဲ့ ဟိုဟာကို တွေ့ရတယ်။ အဲဒီတော့ အန်တီတို့ သာမန်လူတွေ၊ ပြည်သူတွေတောင်မှ သိနေရင် အာဏာပိုင်အချို့က မသိစရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းက ပူးပေါင်းပြီးတော့ အမြတ်ထုတ်နေတဲ့ လူတန်းစားတချို့ရှိတယ် အာဏာပိုင် လူတန်းစားတချို့ရှိတယ်လို့လည်း အန်တီတို့ ထင်ထင်ရှားရှား တွေ့နေရတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြို့မှာ အထူးသဖြင့် ရန်ကုန်မြို့မှာ ရှိတဲ့ တရား ဥပဒေစိုးမိုးရေး အာဏာပိုင်တွေ အနေနဲ့ ဒီမူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးတဲ့ ကိစ္စတွေကို တင်းတင်းကြပ်ကြပ် အရေးယူ ကိုင်တွယ်သင့်တယ်လို့ အန်တီတို့ မြင်တယ်ပေါ့နော်” ဟု ပြောသည်။
ယခုနှစ်(၂၀၂၆ ခုနှစ်)အတွင်းမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့ အနီးတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံများနှင့် မူးယစ်ရေးဆေးဝါး ထုတ်လုပ်ရေးအတွက် အသုံးပြုရာတွင် ပါဝင်သည့် ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အတွင်းတွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိမှုများသည် အနည်းအငယ်သာဖြစ်ပြီး တခြားသော ဖမ်းဆီးရမိများလည်း အများအပြားရှိသေး သလို လက်ရှိမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကွန်ရက်သည် ကြီးမားကျယ်ပြန့်လျက်ရှိနေ သည်။

ဖမ်းဆီးရမိတဲ့ မူးယစ်ချက် စက်ရုံကိုတွေ့ရစဉ်
ပြည်သူလူထုနှင့် အနီးစပ်ဆုံး သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အဂတိတရားကင်းစွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းချင်သည်ဟု ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ အောက်ခြေ ပြည်သူလူထုကြားထဲမှာ ဆေးရောင်းချမှု လုပ်ငန်းတွေ ပြန့်နေတာကို အောက်ခြေ နဲ့ အနီးစပ်ဆုံး အာဏာပိုင်တွေက သိနေတာပဲလေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေသိတယ်။ နယ်ထိန်းတွေ သိတယ် ပေါ့နော်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ နယ်ထိန်းတွေကို စေ့စေ့စပ်စပ် တင်းတင်းကြပ်ကြပ်နဲ့ ကိုင်တွယ်ပြီးတော့ သူတို့ရဲ့ တာဝန် အဂတိတရားကင်းကင်းနဲ့ ဆောင်ရွက်စေမယ်ဆိုရင် ဒါတွေက အများကြီး လျော့ကျသွားမယ်လို့ တော့ အန်တီတို့ မြင်တယ်။ ပြဿနာက အဂတိကင်းကင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အာဏာပိုင်တွေကလည်း မရှိဘူး တော့ မဟုတ်ပါဘူး ရှိပါတယ်၊ တအား ရှားနေကြတယ်ပေါ့နော်။ ငွေရလွယ်တဲ့ လုပ်ငန်းဖြစ်တော့ ဒီလုပ်ငန်းက အကျိုးအမြတ်ရနေတဲ့ လုပ်ငန်းရှင်တွေကလည်း မသမာသူ လူတစ်စုကလည်းပဲ အာဏာပိုင်တချို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ အနေအထားမှာ ဖြစ်နေတယ်လေနော်။ ပြည်သူလူထုတွေရဲ့ ဘဝကို စတေးပြီးတော့ ကောင်းရာ ကောင်းဝယ်လည်း မဟုတ်တဲ့ လုပ်ငန်းပေါ့နော်၊ တကယ့်တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကိုလည်း ဖျက်ဆီး နေတဲ့ ဖြစ်စဉ်တွေပေါ့နော်။ အိမ်တိုင်းမှာလို ဆေးမစွဲတဲ့ လူတွေ မရှိသလောက်ဖြစ်နေတာ။ ဒါကြောင့်မို့လို့ အာဏာပိုင်တွေအနေနဲ့က ဒီလုပ်ငန်းအပေါ်မှာ ဒီ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းအပေါ်မှာ အဂတိတရားကင်းကင်းနဲ့ အထူးသဖြင့် မြို့နယ်အာဏာပိုင်တွေ၊ တိုင်းအာဏာပိုင်တွေက အထူးသဖြင့် ရပ်ကွက်နဲ့ နယ်ထိန်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒီကိစ္စတွေကို ဖမ်းဆီး အရေးယူသင့်တယ်လို့တော့ အန်တီက အကြမ်းဖျင်း မြင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁၇၆၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကွန်ရက်ကို လက်နက်ကိုင်များ၊ စီးပွားရေးသမားများနှင့် အကျင့်ပျက်ခြစား သည့် အာဏာပိုင်များ၊ အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ဆေးဝါးဂိုဏ်းများ ပူးပေါင်း၍ လုပ်ဆောင်နေကြကြောင်း၊ ထို့နောက် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ- လာအို- ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 391
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
မြန်မာနိုင်ငံတွင် လက်ရှိ လက်နက်ကိုင် ပဋိပက္ခများအကြား ရည်မှန်းချက်ထက် ကျော်လွန်ကာ နယ်မြေဒေသ များကို သိမ်းပိုက် ရရှိထားသည့် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်သို့ ရောက်လာမည်ဟု ထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အထူးသဖြင့်တော့ AA လို ကိုယ့်ရည်မှန်းချက်က အပြည့်အဝ ရနေတဲ့ အဖွဲ့အစည်းတွေ၊ နောက်တစ်ခါ MNDAA လို၊ TNLA လို အဖွဲ့အစည်းတွေက ရည်မှန်းချက်ထက်တောင် ကျော်ပြီးတော့ ရနေတဲ့ အဖွဲ့အစည်းတွေ အတွက်က လက်မှတ် ထိုးလိုက်ပြီးတဲ့ အခါကြရင် စစ်မြေပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားကနေ ပစ်ခတ်တိုက်ခိုက်ပြီးတော့ ရန်ဖြစ်နေတဲ့ အနေအထားကနေ စားပွဲ ဝိုင်းပေါ် ရွှေ့သွားမှာပေါ့။ မကြာခင်မှာ ကျနော်ထင်ပါတယ်။ အဲဒီစားပွဲဝိုင်းပေါ် ရောက်လာလိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုရင် မကြာသေးခင်ကပဲ TNLA က အခုတက်လာတဲ့ အစိုးရကို အသိအမှတ် ပြုပါတယ်ဆိုတဲ့ ဟာ မျိုး ကြေညာလိုက်တာတွေ့တော့ ဒါ တရုတ်ပြည်ရဲ့ နောက်ကနေပြီးတော့ ဖိအားပေးမှုကြောင့် ဖြစ်နိုင်သလို NCA ကို လက်မှတ်ထိုးပြီးတော့ သူတို့ရဲ့ စစ်ရေးတိုက်ပွဲကနေ နိုင်ငံရေးတိုက်ပွဲအဖြစ် စားပွဲဝိုင်းပေါ်ကို ရွှေ့ဖို့ သူတို့ အစ ပြုလိုက်တာလို့ ထင်တယ်။ ဆိုတော့ အစိုးရအနေနဲ့ကတော့ ရက် ၁၀၀ လို့ ပြောပေမယ့် စဉ်းစားထားရမှာက ဟုတ်ပြီ သူတို့လာပြီးတော့ NCA ကို လက်မှတ် ထိုးပါ့မယ်ဆိုလို့ရှိရင် သူတို့ကို မတိုက်တော့ဘဲနဲ့ အခုသူတို့ သိမ်း ပိုက်ထားတဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေကို အသိအမှတ်ပြုသလို ဖြစ်သွားမှာလား ဆိုတဲ့ဟာ အဲဒီဟာကို စားပွဲ ပေါ်မှာ ဆက်လက်ပြီးတော့ ဆွေးနွေးရမှာ အဲဒီလို ဖြစ်သွားလိမ့်မယ်။ ပြောချင်တာက အစိုးရက စဉ်းစားရမှာက သူတို့ တကယ်တမ်း လာပြီးတော့ လက်မှတ်ထိုးမယ်ဆိုရင် ဘယ်လို ကိုယ့်ဘက်က အခက်အခဲတွေ ဖြစ်နိုင်သလဲ ဆိုတာ” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှအပ ကျန်မြို့ များအား သိမ်းပိုက်ရရှိထားပြီး ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ် TNLA တို့သည်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသထက် ကျော်လွန်ကာ သိမ်းပိုက် ရရှိထားကြသည့် အခင်းအကျင်း ဖြစ်သည်။

လက်နက်ကိုင်ခေါင်းဆောင် တချို့နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ပြင် KIA သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်သာမက တော်လှန်ရေး အင်အားစုများကိုပါ မဟာမိတ် စုဖွဲ့ကာ လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းပေးခြင်းတို့ကိုလည်း ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရ သေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ကြောင်း ပြောဆိုထားသော်လည်း တရားဝင် အကြောင်းကြား လာခြင်းမျိုး မရှိသေး ကြောင်း သိရသည်။
ထိုဖိတ်ခေါ်မှုအား NCA ထိုးထားသည့် အဖွဲ့များ လာရောက်မည်ဖြစ်ပြီး အထူးဒေသအဖြစ် အခွင့်အရေး ရရှိပြီး တည်ဆောက်ထားသည့် ဒေသမှ တာဝန်ရှိ ပုဂ္ဂိုလ်များလည်း လာမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် အင်အားဖြင့် နယ်မြေ တည်ဆောက်နေသည့် ကျန်အဖွဲ့များ လာခြင်း/မလာခြင်းသည် အကျိုးစီးပွားအပေါ် မူတည်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA နှင့် တရုတ်အထူးကိုယ်စားလှယ်ဟောင်းကို တွေ့ရစဉ်
၎င်းက “ခုနကပြောတဲ့ အဲဒီအဖွဲ့အစည်းတွေပေါ့ လက်နက်၊ နယ်မြေ လက်ရှိတည်ရှိမှုတွေနဲ့ ပတ်သက်လို့ ခုနက ဆွေးနွေးပွဲလာခဲ့ရင် အားလုံးကတော့ ကိုယ့်အကျိုးစီးပွားနဲ့ ယှဉ်ကြတာကို။ နိုင်ငံဆိုလည်း နိုင်ငံ့ အကျိုးစီးပွား၊ အဖွဲ့အစည်းဆိုလည်း အဖွဲ့အစည်း အကျိုးစီးပွား။ သူတို့ရဲ့ စိတ်ဝင်စားမှု အကျိုးစီးပွား အဲဒီ အကျိုးစီးပွားအပေါ်မှာ ပိုပြီးတော့ အလေးထားမှာပေါ့။ အဲဒီတော့ အဲဒီအကျိုးစီးပွား ခုနကပြောတဲ့ လာရောက် တွေ့ဆုံဆွေးနွေးခြင်း အားဖြင့် ပိုပြီးတော့ ကောင်းမွန်တယ်ဆိုရင် တစ်နည်းအားဖြင့် စစ်ရေးပဋိပက္ခကနေ နိုင်ငံရေးအသွင်သဏ္ဍာန်အရ ဖြေရှင်းနိုင်မယ်လို့ ယူဆယုံကြည်လာကြမှာပေါ့။ အဲဒီလို လာကြတွေ့ကြတဲ့ အခါမှာလည်း သူ့အနေအထား၊ ကိုယ့် အနေအထားဆိုတာ ရှိမှာပေါ့။ ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာလား ချိန်ဆကြမယ်ထင်တယ်။ ဖိတ်ခေါ်တဲ့ ပုဂ္ဂိုလ်တွေဘက်က ဖိတ်ခေါ်ရတဲ့ အကြောင်းတရား နောက်ခံတွေ ဘယ်လောက်ထိ ဆွဲဆောင်စည်းရုံးနိုင်မှာလဲ။ participate လုပ်နိုင်မှာလဲ။ မက်လုံးပေါ့ အဲဒီအပေါ် မူတည်မယ်ထင်တယ်။ အဲဒီတော့ လာမယ့် ဇူလိုင် ၃၁ မတိုင် ခင်ကတော့ အဖြေထွက်မယ်ထင်တယ်” ဟု ပြောသည်။
နှစ်ဦးနှစ်ဖက် အကျိုးမရှိသည့် ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးဟု မမြင်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော် မြင်တာကတော့ ငြိမ်းချမ်းရေးဆိုတဲ့ နေရာမှာ နှစ်ဦးနှစ်ဖက် အဖွဲ့အစည်းတွပဲဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ်၊ စစ်တပ်၊ တော်လှန်ရေးပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်ဟာမျိုး သွားနိုင်ရင်တော့ ဒီဟာကတော့ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုပြီး ပြောလို့ရတာပေါ့။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ ငြိမ်းချမ်းရေးက ရေရှည်မှာ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးလို့တော့ မမြင်ပါဘူး။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရှိလာပြီဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ဟာကို ပြည်သူလူထုအတွက် အကျိုးရှိတယ်လို့ပဲ ကျနော် ဒီလိုပဲ သုံးသပ် ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် NSPNC က NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီး တချို့အဖွဲ့များကို တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်သည်။
အလားတူ TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးကြကြောင်း၊ ထို့နောက် MNDAA နှင့်လည်း ကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်ထဲရောက်လျှင် နိုင်ငံ့ကိုယ်စားပြုလား၊ ပါတီကိုယ်စား ပြုမည်လား၊ ကိုယ့်ကိုယ်ကို ကိုယ်စားပြုမည်လား ဆိုသည့်ဟာမျိုးကို ရွေးချယ်ရန် လိုအပ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
ဖိလစ်ပိုင်နိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအကြောင်းကို ၎င်း၏ လွှတ်တော်တွင် ဆွေးနွေးသွားတာတွေ့ရပြီး၊ မိမိတို့ နိုင်ငံတွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဘာကြောင့် ကိုယ့် တိုင်းပြည်တွင် ဖြစ်နေသည့် ကိစ္စများကို ပြည်သူလူထုကိုယ်စား မားမားမတ်မတ် မရပ်တည်ပေးနိုင်ရ တာလဲဟု ၎င်းက ပြောသည်။
ဒေါ်စန္ဒာမင်းက “ရွေးကောက်ပွဲကနေပြီးတော့ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာ လည်း ပေါ်ပေါက်လာပြီဖြစ်တယ်။ သို့သော်လည်း ဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ နံပါတ်တစ် ဒီလွှတ်တော်ထဲကို ရောက်ပြီဆိုလို့ရှိရင် နိုင်ငံ့ကိုယ်စားပြုမှာလား၊ ကိုယ့်ရဲ့ပါတီကိုပဲ ကိုယ်စားပြုမှာလား၊ ကိုယ့်ကိုယ်ကိုပဲ ကိုယ်စားပြု မှာလား ဆိုတဲ့ဟာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ အခု ဒီပထမဦးဆုံးပေါ့ နော်၊ ဒီပြည်တွင်းမှာ ဒီပဋိပက္ခတွေဖြစ် ပြီးတော့ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ လွှတ်တော်က သိပ်ပြီး တော့ အရေးကြီးတယ်။ သတ္တိရှိဖို့ လိုအပ်တယ်။ တိုင်းပြည်အတွက် လိုအပ်တဲ့ဟာတွေကို မှန်မှန်ကန် ကန် ရပ်တည်ပေးဖို့ လိုအပ်တယ်။ နိုင်ငံမှာ အခု နေရာ တကာမှာ ချွတ်ခြုံကျနေတဲ့ ကိစ္စမျိုးတွေ၊ ပြည်သူ လူထုတွေရဲ့ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးမှု မဖြစ်နေ တဲ့ ကိစ္စမျိုးတွေ၊ နောက်ပြီးတော့ တိုင်း ပြည်အတွက် ပြန်လည် ထူထောင်ပေးရမယ့် ကိစ္စမျိုးတွေ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ သဟမျှတစွာနဲ့ ဆက်ဆံရမယ့် ကိစ္စမျိုးတွေကို ဒီကိုယ်စားလှယ်တွေက ပါတီကို ကိုယ်စားပြုမှာ လား၊ တိုင်းပြည်ကို ကိုယ်စားပြုမှာလားဆိုတာ ဆုံးဖြတ်ပြီးတော့ လွှတ်တော်ထဲမှာ မားမားမတ်မတ် သေသေချာ ချာ ရပ်တည်ပေးဖို့ လိုအပ်တယ်။ ဒါမှသာလျှင် ပြည်သူကနေ ပြည်သူအတွက် ရပ်တည်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ ပြောလို့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ သတ္တိရှိဖို့လိုတယ်”ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
လွှတ်တော်အမတ်များ အနေဖြင့် မိမိတို့ကို ရွေးချယ်လိုက်သော မဲဆန္ဒရှင် ပြည်သူများ၏ အကျိုးစီးပွား၊ လိုလား ချက်များနှင့် လူထုအသံကို အဓိက ကိုယ်စားပြုသင့်ပြီး ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေပြုခြင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်ခြင်းနှင့် ပြည်သူ့ လိုအပ်ချက်များကို လွှတ်တော်တွင် တင်ပြ ပြောဆိုခြင်း စသည့် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် အများစုသည် ရွေးကောက်ပွဲ မတိုင်မီတွင် ပြည်သူ့အသံကို နားထောင် ဟန်ဆောင်ပြီး၊ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက်သာ အချိန်ကုန် ဆုံးကြကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကိစ္စများကို ဆောင်ရွက်ပေးမည်ဟု မဲဆွယ်ကာလ တစ်လျှောက် ဟောပြောခဲ့သော်လည်း၊ အာဏာရလာချိန်တွင် ထိုကတိများကို လုံးဝ မေ့လျော့သွားကြကြောင်း ပြည်သူလူထုများက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် အတူတူဖြစ်ပြီး၊ လွှတ်တော်၏ ဆောင်ပုဒ်ထဲတွင် ပါတီဆိုတာ တစ်ခုမှမပါ ကြောင်း USDP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ အတူတူပါပဲ။ ဘယ်သူမဆို ပါတီကိုယ်စားပြုပြီးတော့ ဝင်ကြတာပဲ လေ လွှတ်တော်ထဲကို အဲ့ဒီမှာ ပါတီကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲကို ဝင်တယ်ဗျာ၊ ပါတီကိုယ်စားပြုပြီး တော့ ရွေးကောက်ပွဲဝင်တယ်ဗျာ၊ ပြည်သူမဲထည့်တယ်ဗျာ၊ ပြည်သူမဲထည့်တော့ ပြည်သူ့ကိုယ်စားလှယ်ပေါ့။ ပြည်သူတွေအတွက် ကိုယ်စားပြုတယ်ဆိုတာ သေချာတယ်လေ။ ကျနော်တို့ လွှတ်တော်အသံ ပြည်သူ့အသံ၊ ပြည် သူ့ရဲ့ တောင်းဆိုချက် လွှတ်တော်ရဲ့ဆောင်ရွက်ချက် ဆိုပြီးတော့ လွှတ်တော်ရဲ့ ဆောင်ပုဒ်ရှိတယ်လေ။ အဲဒီထဲမှာ လွှတ်တော်ရဲ့ဆောင်ပုဒ်ထဲမှာ ပါတီဆိုတာ တစ်ခုမှ မပါဘူး။ အခုလွှတ်တော် နားနေတဲ့ အချိန်မှာ ကျနော်တို့ မေးခွန်းတွေ၊ အဆိုတွေ မေးလို့မရသေးဘူး။ အစိုးရတွေဖွဲ့နေလို့လေ။ ဘာလို့ဆိုတော့ ဝန်ကြီးတွေကလည်း အထိုင် မကျသေးဘူး တချို့ဝန်ကြီးက အသစ်တွေလေ။ ဇွန်လ ၃ ရက်နေ့မှာ လွှတ်တော်ခေါ်လိမ့်မယ်”ဟု ပြောသည်။
လက်ရှိတွင် ပြည်သူလူထုသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ခံနေကြရသလို စုံ/မ သတ်မှတ်ချက်ဖြင့် မော်တော်ယာဉ် မောင်းနှင်နေရခြင်းကြောင့် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေကြရသော်လည်း လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ အခက်အခဲကို လွှတ်တော်မှာ ဆွေးနွေးကြမှု မလုပ်ဘဲ အစိုးရနှင့် ပါတီ၏ ငြိုငြင်မှုခံရမှာကို စိုးရိမ်နေကြသည်။
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် လွှတ်တော် နှင့်အစိုးရဖြစ်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူများက ထောက်ပြကြသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အောက်ခြေ ပြည်သူလူထု၏ အသံနှင့် လိုအပ်ချက်များကို သိရှိ နားလည်ရန် လိုအပ်ကြောင်း၊ လွှတ်တော် အခင်းအကျင်း ပေါ်လာခြင်းသည် အာဏာခွဲဝေကျင့်သုံးသည့် ယဥ်ကျေးမှု ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းပြီး ၎င်းမှတဆင့် ပိုမိုအားကောင်းသည့် နိုင်ငံရေးစနစ်၊ နိုင်ငံရေး ယဥ်ကျေးမှု တိုးတက်လာရန် ကြိုးစားကြရမည်ဟု ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 352
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
အစိုးရ၊ တပ်မတော် အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် အခါတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရမည် ဆိုသည်ထက် NCA စာချုပ်ကို လက်ခံရမည်ဆိုသော သတ်မှတ်ခြင်းမျိုး ဖြစ်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြိုတင် ကန့်သတ်ချက်များ မထားဘဲ နိုင်ငံရေးအရ ပြောင်းလဲမှုကို ဦးတည်သည့် ဆွေးနွေးမှု ဖြစ်သင့်ကြောင်း၊ ဖက်ဒရယ်စနစ် လက်ခံသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲမှ ပုံစံမျိုးဖြစ်နေကာ ဖက်ဒရယ်စနစ် မဆန်နေသည့် သဘောမျိုး ဖြစ်နေကြောင်း နိုင်ငံ ရေးလေ့လာသူများက ထောက်ပြကြသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးကြသည့် အခါတွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များထားလျှင် ရှေ့ကို ရောက်နိုင်မည် မဟုတ်ကြောင်း၊ အကယ်၍ ထားမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရမည် ဆိုသည်ထက် NCA စာချုပ်ကို လက်ခံရမည်ဆိုသည့် ပုံစံမျိုးနှင့်သွားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ကြိုတင်ကန့်သတ်ချက်ဆိုတာ ဥပမာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံရမယ်တို့၊ ခွဲထွက်ခွင့် မဆွေးနွေး ရတို့ အဲဒီလိုဟာမျိုးတွေ ပြောတာပေါ့။ အခုဆိုရင်တော့ တပ်တွေ နေရာက ၂၀၂၃ အရင်က နေရာတွေ ဖြစ်ရမယ် တို့။ အဲဒါတွေ လက်ခံမှ အဲဒီအတိုင်း ဟိုဟာဖြစ်မှ ဆွေးနွေးမယ်တို့က အဲ့တာက ကြိုတင် သတ်မှတ်ချက်တွေ ခေါ် တာပေါ့။ အဲဒီလိုတွေ ဖြစ်လို့ရှိရင် ကျနော်တို့က ရှေ့မတက်နိုင်တော့ဘူး။ ကျနော် ခုနက ပြောတဲ့ဟာကျတော့ NCA ထိုးပြီးသား အဖွဲ့တွေ ကြားထဲမှာကျတော့ ရှင်းတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာ ရှင်း တယ်။ အဲဒီတော့ ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကို လက်ခံရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး မဟုတ်ဘဲနဲ့ NCA စာချုပ်ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးတော့ အတည်ပြုထားတာရှိတယ်။ အဲဒီစာချုပ်ကို လေ့လာပြီးတဲ့ အခါကျတော့ အဲဒီ စာချုပ်ပါအတိုင်း AA တို့၊ KIA တို့ကလည်း NCA စာချုပ် လက်မှတ်ထိုးမယ် ဆိုတုန်းက လက်မှတ်ထိုးပါ့မယ်လို့ ပြောဖူးတယ်။ ပြောတဲ့အခါ စစ်တပ်ဘက်ကနေ ငြင်းလိုက်တာ။ အဲဒါနဲ့ ပတ် သက်ပြီး အတွင်း သတင်းတစ်ခု အရဆိုရင် ဦးသိန်းစိန်က အဲဒီတုန်းက မေးလိုက်တဲ့အခါ အဲဒီတုန်းက ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်က သူက လက်မခံလိုက်တာ။ ဟိုဘက်က ထိုးဖို့ပြင်နေပြီ။ ထိုးမယ့်အချိန်မှာ ဒီဘက်က လက်မခံလိုက်တာ။ အဲဒီ လက်မခံလိုက်တဲ့အတွက် သူတို့က အကြောင်းသိအောင် ပြလိုက်တဲ့သဘော ဖြစ်တာကို။ အဲဒီတော့ ဆိုလိုချင်တာက ကြိုတင်ကန့်သတ်ချက် စည်းကမ်းချက် ထားချင်တယ်ဆိုရင်လည်း တစ်ခု ထားချင်တယ်ဆိုရင်လည်း NCA စာချုပ်ကိုတော့ လက်ခံရမယ်။ NCA စာချုပ်ကို လက်ခံပြီးတော့ ဆွေးနွေးတာဆို ရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်တာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ဆွေးနွေးလျှင် ယာယီ ငြိမ်းချမ်း ရေး ယူခြင်းမျိုးများ ဖြစ်လာနိုင်ကြောင်း၊ ထိုမှတဆင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ကာ ရည်မှန်းချက်များ တဆင့်ချင်း ဆွေးနွေးခြင်းမျိုး ရှိလာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ရန်မှာ မလွယ်ကူနိုင်ကြောင်း၊ ငြိမ်းချမ်းရေးသည် ယုံကြည်မှု တည်ဆောက်ပြီးမှသာ ရရှိနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆောင်ရွက်ရာတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး အခန်းကဏ္ဍသည်လည်း အင်မတန် အရေးကြီးကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းများ ပြန်လည် ပေါ်ထွန်းလာရေး အတွက် နိုင်ငံရေးအရ ဖြေလျှော့မှုများ များစွာ လုပ်ဆောင်ပေးခြင်း စသဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည် ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်လာကြစဉ်
၎င်းက “ကျနော်တို့ ပြောပြောနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်းပဲ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမယ့် အဆင့်တစ်ခုလို့တော့ အဲဒီလိုရမှပဲ နည်းနည်းလေး ခိုင်ခိုင်မာမာ ဖြစ်ဖို့ကတော့ စဉ်းစားမှုရှိတယ်။ ဆိုတော့ကာ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အခန်းကဏ္ဍကလည်း အရေးပါသလို ဒီမိုကရေစီဆိုရင်လည်း ပဲ ပြည်သူလူထုတွေရဲ့ အခန်းကဏ္ဍကိုလည်း မျက်ကွယ်ပြုလို့ မရဘူး။ ကျနော်တို့ အဲဒီ ယုံကြည်မှု တည်ဆောက် ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆွေးနွေးချက်တွေ အများကြီးရှိပါတယ်။ လက်ရှိကတော့ နိုင်ငံရဲ့ ရေးရာ ကိစ္စရပ်များ အားလုံးကို တာဝန်ယူနေတဲ့ အစိုးရတစ်ရပ် အနေနဲ့ကတော့ ကျနော်တို့က ပိုပြီးတော့ ကြိုးပမ်း ဆောင်ရွက်ဖို့ လိုအပ်တယ်၊ အမြော်အမြင်ကြီးဖို့လည်း လိုအပ်တယ်။ နောက်ပြီးတော့ စိတ်နေသဘောထား၊ သည်း ခံမှု စသည်ဖြင့် အဲဒါတွေကတော့ ကျနော်တို့ထက် ပိုပြီးတော့ ကြီးကြီးမားမား လုပ်ဆောင်ရမယ့် အဖွဲ့အစည်း တစ်ခုလို့တော့ နားလည်တဲ့အပေါ်မှာ ခုနက အသေးစိတ် လုပ်ငန်းတွေ အနေနဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ စားပွဲဝိုင်းတွေ ပြန်ထွက်လာနိုင်ဖို့အတွက် နိုင်ငံရေးအရ ဖြေလျှော့မှုတွေ အများကြီး လုပ်ဆောင်ပေးတာတို့ အဲဒါတွေလည်း လုပ်ရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ယန္တရားတွေ ခိုင်ခိုင်မာမာ မူဝါဒတွေ ခိုင်ခိုင်မာ မာ စသည်ဖြင့်ပေါ့လေ အဲဒါတွေ အများကြီးရှိတဲ့ထဲမှာ ခုနက ယုံကြည်မှုတည်ဆောက်ရေး ကိစ္စရပ်အနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့က နောက်ဆုံးချုပ်လိုက်တဲ့ အခါကျတော့ ဘယ်လိုအခြေအနေ၊ ဘယ်လိုအခက်အခဲ၊ ဘယ်လို အကျပ်အတည်း ဘယ်လောက်ပဲရှိရှိ မျက်နှာချင်းဆိုင် စကားပြောနိုင်တဲ့ အခင်းအကျင်းတော့ ကျနော်တို့ ကြိုးစား ပြီးတော့ စွန့်စွန့်စားစား ဖန်တီးဖို့တော့ လိုအပ်မယ် ထင်ပါတယ်” ဟု ပြောသည်။
မြန်မာ့ပြည်တွင်းရေး ပြဿနာသည် ပြည်တွင်းမှာပင် ဖြေရှင်းရမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ် များအတွက် နိုင်ငံတကာ၏ တွန်းအားပေးမှုများ၊ လုပ်ဆောင်ချက် များသည်လည်း အရေးကြီးသည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 180
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
အိန္ဒိယနိုင်ငံ၊ အာရုနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်ခရိုင်၊ ဒွိုင်မွတ်နာလာဒေသတွင် သွားလာ လှုပ်ရှားနေ သော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်တွင် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် NSCN-K/AM ဘက်က ဗိုလ်မှူးကြီး အမ်ကုန်းနှင့် တပ်ကြပ်ကြီး အီနုတို့ သေဆုံးခဲ့ သည်။
NSCN-K/AM အဖွဲ့က “မိမိတို့၏ ငြိမ်းချမ်းရေးနှင့် ထိန်းသိမ်းထားသော သဘောကို ထင်ရှားစွာ ဖော်ပြထားပြီး ဖြစ်သည့် အချိန်ကာလတွင် ဖြစ်ပွားလာသော ဤတာဝန်မဲ့ပြီး ရန်စမှုဆန်သော လုပ်ရပ်အား မိမိတို့ အပြတ် အသတ် ရှုံ့ချပါသည်။ ဤသို့သော လုပ်ရပ်များသည် အလွန်ဝမ်းနည်းဖွယ် ကောင်းရုံသာမက၊ အပြန်အလှန် နားလည်မှုနှင့် ငြိမ်းချမ်းရေး အခြေအနေကို ထိခိုက်စေနိုင်ပြီး၊ စိတ်ရှည်မှုနှင့် တာဝန်ယူမှုဖြင့် ထိန်းသိမ်းထားသော ပျော့ပြောင်းလှုပ်ရှားနေသည့် ငြိမ်းချမ်းရေးဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်ပါသည်”ဟု ထုတ်ပြန်ခဲ့သည်။
ဤကဲ့သို့ အရေးကြီးသောအချိန်တွင် အင်အားသုံးခြင်းနှင့် ရန်လိုမှုများသည် ယုံကြည်မှုကို ပိုမိုပျက်စီးစေပြီး၊ တင်းမာမှုများကို မြှင့်တင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ရိုးသား သော ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိခိုက်စေပါသည်ဟု NSCN-K/AM အဖွဲ့က ပြောသည်။

အာသံရိုင်ဖယ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၂ ဦးကို တွေ့ရစဉ်
ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ယခု ဖြစ်ရပ်နှင့်ပတ်သက်ပြီး ချက်ချင်း ရှင်းလင်းချက်ပေးရန်၊ ဤလုပ်ရပ်သည် အိန္ဒိယဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ ဖြစ်ပွားခြင်းလား သို့မဟုတ် အာသံရိုင်ဖယ်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပွားခြင်းလား ရှင်းလင်းပေးရန်၊ ထိုသို့ နောက်ထပ်မဖြစ်အောင် အာမခံချက်ပေးရန် NSCN-K/AM အဖွဲ့က ထုတ်ပြန် ပြောကြားခဲ့သည်။
NSCN-K/AM အဖွဲ့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေစိုက် လှုပ်ရှားနေသော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
NSCN-K/AM သည် နာဂဒေသ ပန်ဆောင်မြို့နယ်ကို ဖြတ်သန်း၍ ကချင်ပြည်နယ်နှင့် ဆက်စပ် ဖောက်လုပ်ထား သော လီဒိုလမ်းမကြီး(စတီးဝဲလ်လမ်း)ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
ထို့ကြောင့် NSCN-K/YA အဖွဲ့နှင့်လည်း တိုက်ခိုက်မှုများ ဖြစ်ပွား၍ နယ်မြေ အငြင်းပွားလျက်ရှိနေသည်။
လက်ရှိတွင် NSCN-K/AM အဖွဲ့သည် မြန်မာအစိုးရနှင့်လည်းကောင်း၊ အိန္ဒိယအစိုးရနှင့်လည်းကောင်း အပြု သဘောဆောင်သော ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
