- By CNI
- Category: နိုင်ငံရေး
- Hits: 248
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၂၀
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုလျှင် သွားလို့ရသော်လည်း အစိုးရဘက်မှ လျှောက်လှမ်း နိုင်မည့် အခွင့်အလမ်းများ၊ လမ်းကြောင်းများနှင့် နည်းလမ်းများ ဖွင့်ပေးရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
အစိုးရဘက်က လမ်းကြောင်းများ ဖွင့်လိုက်မှ ဥပဒေလက်အောက်မှာ နေနေသည့် လက်နက်ကိုင်အုပ်စုက သူ့ အပိုင်းနှင့်သူ စုစည်းကြလိမ့်မည်ဖြစ်ပြီး၊ သို့သော် ပုံစံမတူသည့် လမ်းကြောင်းရွေးပြီး သေချာလုပ်ရမည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအန်ကောလက “EAO အပိုင်းက သူတို့အပိုင်းက သူတို့ရည်မှန်းချက်တွေ ပြောနေတာ ရှိပါလိမ့်မယ်။ အဲ့တာကတော့ သူတို့ရဲ့ လိုချင်တဲ့ အပိုင်းတွေပေါ့နော်။ တကယ်တမ်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အကောင်အထည် ဖော်မယ်ဆိုတဲ့ လမ်းကြောင်းက တကယ်တမ်း ချပေးရမှာက ဒီဘက်က အစိုးရပိုင်းက လုပ်ပေး ရမှာ။ EAO က ဘယ်လောက်ပြောပြော အကောင်အထည်ဖော်ချင်မှ ဖော်မယ်လေ။ လျှောက်သာတဲ့ အခွင့်အလမ်းတွေ၊ လမ်းကြောင်းတွေ၊ နည်းလမ်းတွေ ဖော်ပြပေးဖို့ လိုတယ်လို အဲ့ဒါကိုပြောတာ။ တကယ်တမ်း ကျတော့ ဖက်ဒရယ်ဒီမိုကရေစီ သွားမယ်ဆို သွားလို့ရပါတယ်။ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ရှိနေ တာပဲ။ အဲ့ဒီတော့ ကျနော်တို့ ဒီမှာလည်း တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့ နေရာမှာ ပြည်နယ် ၇ ခု ရှိတယ်လေ။ ၇ ခုလုံး ဒီလိုသွားရမယ်လို့တော့ မဟုတ်ဘူး၊ အခုလာမယ့်ကာလ သက်တမ်း ၅ နှစ်မှာ pilot project တစ်ခုတော့ လုပ်သင့်တယ်။ pilot project ဆိုတာ ကချင်မှာလုပ်မလား၊ ရခိုင်မှာလုပ်မလား၊ ချင်းမှာပဲလုပ်မလား၊ ကယားမှာပဲလုပ်မလား တစ်ခုခု ရွေးပေါ့ နော်။ ကျနော်တို့က ဒီသီးခြားစီ Article ရွေးနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေ အားလုံးဖွင့်ပြီး ဆောင်ရွက်မှ ဖက်ဒရယ်ဒီမိုကရေစီကို ပိုပြီးဆန်မယ်။ ဒီတိုင်းကတော့ ရေစုန်မျောနေမှာပဲ။ ကျနော်တို့ တိုင်းပြည်မှာ မဖြစ်ခဲ့ဘူးလားဆိုတော့ ဖြစ်ခဲ့တယ်။ လူတွေက သတိမထားမိလို့။ သမိုင်းကြောင်း မလှန် လို့ ၁၉၄၇ အခြေခံဥပဒေက ကချင်ရယ်၊ ရှမ်းရယ်၊ ချင်းဝိဒေသတိုင်းရယ် အဲ့ဒီသုံးခုကို သီးခြား Article အနေနဲ့ ဖော်ပြပြီးတော့မှ ဆောင်ရွက်ဖူးတယ်ဗျ။ အဲ့ ဒီပုံစံမျိုးကို သွားမလားပေါ့။ သွားမလားဆိုတဲ့ ဆွေးနွေးချက်တွေ လို တယ်။ ဘယ်အခင်းအကျင်းက သွားမလဲဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးဆိုတဲ့ ညီလာခံ တစ်ခုက နေ သွားရမှာ သို့မဟုတ် အခင်းအကျင်းတစ်ခု ဖန်တီးရမယ်။ ဒါကတော့ အစိုးရက ဖိတ်ခေါ်ရမယ့်အပိုင်း။ အစိုးရက ဦးဆောင်ပြီးလုပ်မယ့်အပိုင်း။ ဟိုဘက်ကတော့ သူတို့ကလည်း တိုက်ရေးခိုက်ရေးပဲ ပြောနေမှာ။ ကျန်တာကတော့ ဒီဘက် က အစိုးရကပဲ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ဖွင့်ရမှာဖြစ်တယ်”ဟု ပြောသည်။

ဖက်ဒရယ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားရန်အတွက် လက်ရှိအစိုးရ (သို့မဟုတ်) တာဝန်ယူထားသည့် အဖွဲ့အစည်းမှ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်းနှင့် နိုင်ငံရေးအရ လမ်း ကြောင်း ဖွင့်ပေးခြင်းများ ပြုလုပ်ရန် တောင်းဆိုမှုများရှိနေသည်။
အစိုးရသည် ပြည်နယ်များသို့ အာဏာခွဲဝေပေးခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကြီးစိုးရေးကို အခြေခံထားသဖြင့် စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီအတွက် အခြေခံဥပဒေသစ် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန် နိုင်ငံရေးအရ တံခါး ဖွင့်ဆွေးနွေးရန် လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက အကြံပြုကြသည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီသွားရန်က လွယ်လွယ်လေးဖြစ်ကြောင်း၊ ကဏ္ဍအလိုက် အပြီးအပြတ် လုပ်ပိုင်ခွင့် ပေးခြင်းက ဖက်ဒရယ်ပိုကျကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ့် တကယ်ကျတော့ ဖက်ဒရယ်ဒီမိုကရေစီသွားဖို့က လွယ်လွယ်လေးပါပဲ၊ သူတို့က စကားတွေများ နေကြတာပဲ၊ ပြောနေကြတာပဲ။ တကယ့် တကယ်ကျတော့ ဖက်ဒရယ်ဒီမိုကရေစီ သွားဖို့ဆိုတာက လက်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈၊ ၂၀၀၈ က တကယ်တော့ ဖက်ဒရယ်ပဲလေ၊ ၂၀၀၈ မှာ နည်းနည်းတော့ ပြင်ပေးရမှာရှိတာ။ ဥပမာ ဝန်ကြီးချုပ်ကို သမ္မတက ခန့်တယ်ဆိုတာမျိုးက ဒါကဖက်ဒရယ်တော့ မဟုတ်တော့ဘူး။ ဦးလှဆွေတို့ပြော တဲ့ ၂၆၁ ကို ပြင်လိုက်လို့ရှိရင် တော်တော်ကောင်းမယ်ဆိုတာလည်း မှန်ပါတယ်။ ဦးလှဆွေတို့ တပ်ကော၊ ကြံ့ခိုင် ရေးကရော သဘောတူထားပြီးသား ပုံစံမျိုးကောင်းတယ်။ သူ့ကဏ္ဍအလိုက် ကဏ္ဍအလိုက် အပြီးအပြတ်လုပ်ပိုင် ခွင့်ပေးလိုက်တာ ဖက်ဒရယ်ပိုကျတယ်”ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် ဗဟိုအစိုးရနှင့် ပြည်နယ်/ဒေသ အစိုးရများအကြား အာဏာခွဲဝေကျင့်သုံးခြင်းနှင့် ပြည်သူကို အာဏာအပ်နှင်းသည့် ဒီမိုကရေစီမူဝါဒကို ပေါင်းစပ်ထားသော စနစ်ဖြစ်ကြောင်း၊ ၎င်းသည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တည်ဆောက်ခြင်းဖြင့် အမျိုးသား စည်းလုံးညီညွတ်မှုကို ရှေးရှုခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 630
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး လက်နက်ချ အလင်းဝင်လာ မှုကြောင့် မြန်မာ့တပ်မတော် အနေဖြင့် ဘယ်လို အကျိုးဖြစ်ထွန်းသွားသလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် ၅ နှစ်ကြာ လက်နက်ကိုင်၍ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လှုပ်ရှားခဲ့သူဖြစ်သည်။
ထိုကဲ့သို့ လူပုဂ္ဂိုလ်ကို တပ်မတော်ဘက်မှ ရရှိလိုက်သည့်အတွက် ၎င်းတို့နှင့် တိုက်ပွဲများ ရပ်တန့်သွားသဖြင့် လူ့ စွမ်းအား အရင်းအမြစ် ဆုံးရှုံးခြင်း၊ ၎င်းနယ်မြေဒေသကို ပြန်လည်ထူထောင်နိုင်ရေး အစရှိသော အချက်များအပြင် အများကြီး အားသာချက်ရှိသွားကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် ထိပ်သီးခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “အရေးကြီးသော အချက်ကတော့ ဗိုလ်နဂါးလို လူမျိုးပဲဖြစ်ဖြစ်၊ တခြားဘယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် အလင်းဝင် သွားတဲ့အခါမှာ မလိုအပ်ဘဲနဲ့ လူ့စွမ်းအားအရင်းအမြစ် အသက်တွေ သေဆုံးတာ၊ ဆုံးရှုံးတာမဖြစ် တော့ဘူး။ တိုက်ပွဲဖြစ်ပွားမှုကို ရပ်တန့်နိုင်တဲ့ အတွက်ကြောင့် မလိုလားအပ်တဲ့ လက်နက်ခဲယမ်းတွေ သုံးစရာ မလိုဘူး၊ ငွေကြေးကုန်ကျမှု မရှိတော့ဘူး။ အဲဒါကတော့ ကျနော်တို့အတွက် ရလိုက်တဲ့ အကြီးမားဆုံးအမြတ်ပဲ။ နောက်တစ်ချက်ကတော့ သူရှိနေတဲ့ နယ်မြေဒေသသည် နဂိုကတော့ လက်နက်ကိုင်ထားတဲ့ အတွက်ကြောင့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုပိုင်း တည်ဆောက်ရာမှာ အခက်အခဲ ရှိနိုင်တယ်။ သွားဖို့၊ လာဖို့၊ ညှိဖို့၊ နှိုင်းဖို့တွေ အခက်အခဲတွေ ရှိသွားတယ်။ ဒါဆိုရင် အဲဒီလိုမျိုး နယ်မြေဒေသဟာ အခုလိုမျိုး ငြိမ်းချမ်းရေး ယူလိုက်တဲ့အတွက်၊ အလင်းဝင်လိုက်တဲ့ အတွက်ကြောင့် အဲဒီနယ်မြေဒေသ ပြန်လည်ထူထောင်ရေးနဲ့ လုံခြုံရေးလုပ်ဖို့အတွက် အင်မတန် အားသာချက်ရှိသွားပြီ။ တပ်မတော်တစ်ရပ် အနေနဲ့ အားသာချက်မျိုးကတော့ ပြောစရာမလိုဘူး။ ပထမ ၂ ချက်နဲ့တင် အတော်ကြီး ပြည့်စုံသွားပြီ။ တပ်မတော် အနေနဲ့ကတော့ ရှင်းပါတယ်။ နောက်ဆုံး ဒီအဖွဲ့က လက်နက်စွန့် လိုက်ပြီးတော့ အကယ်၍များ သူတို့နယ်မြေဒေသမှာ လုံခြုံရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင် ချင်တဲ့ ကိစ္စတွေ၊ နောက်ဆုံး BGF လိုပုံစံမျိုး ပြောင်းသွားမယ်ဆိုရင်တောင် အကျိုးအမြတ်က နောက်ထပ် အများ ကြီး အများကြီး ရဖို့တွေ ရှိတာပေါ့။ အဲဒီအပိုင်းကတော့ နောက်ပိုင်း ကျနော်တို့ စောင့်ကြည့်ရမှာပေ့ါ။ ကျနော်ပြော တဲ့ ပထမတစ်ချက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှု၊ မလိုလားအပ်ပဲနဲ့ ဆုံးရှုံးရမယ့် လူ့စွမ်းအားအရင်းအမြစ်တွေ၊ သဘာဝ သယံဇာတတွေ၊ ပတ်ဝန်းကျင်ပျက်စီးမှာ ဒါတွေကို ရပ်တန့်နိုင်လောက်တယ်။ ဒါသည် ပထမဆုံး အားသာချက်ပဲ။ ဒုတိယတစ်ချက်ကတော့ နယ်မြေကို ပြန်လည်ထူထောင်ရေးမှာ သိပ်ကို ကောင်းတဲ့ အားသာချက် ရသွားတယ်။ အဲဒီ ၂ ချက်နဲ့တင် အများကြီး လုံလောက်သွားပါပြီ” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များ သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်း ထုတ်ပြန်ထားသည်။
ဗိုလ်နဂါးဘက်မှ တပ်မတော်ထံ လက်နက်ချ အလင်းဝင်ကာ ပူးပေါင်းသွားပြီးနောက် ဗိုလ်နဂါး ခေါင်းဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင် ၁၅၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံ ချိတ်ဆက်အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်းခြင်းနှင့် လက်နက်ချခြင်းများ လုပ်ဆောင်လာနေသည်ဟု NUG ဘက်က ထုတ်ပြန်သည်။
ထို့ပြင် ဗိုလ်နဂါး အပါအဝင် BNRA တပ်ဖွဲ့ဝင်အချို့ကို သက်ငယ်မုဒိမ်းမှု၊ တော်လှန်ရေးတပ်ဖွဲ့ဝင်ကို သတ်မှု၊ PDF ဂိတ်စခန်း စီးနင်းမှု အစရှိသော အမှု ၇ ခုအတွက် အမှုဖွင့်ထားကြောင်းလည်း NUG က ထုတ်ပြန်ခဲ့သည်။

ဗိုလ်နဂါး အလင်းဝင်လာစဉ်
ဗိုလ်နဂါးသည် ၎င်းလှုပ်ရှား နယ်မြေဒေသ၌ ခေါင်းဆောင်ပိုင်းဖြစ်သောကြောင့် ယခုကဲ့သို့ အလင်းဝင် သွားခြင်းက တပ်မတော်အတွက် ရန်သူ့စစ်အင်္ဂါများကို ရရှိသွား၍ အများကြီး အကျိုးရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အများကြီးရှိတာပေါ့။ ရန်သူ့စစ်အင်္ဂါတွေကို ရသွားတာပေါ့။ ဘယ်မှာနေတယ်။ ဘယ်မှာဌာနချုပ် လုပ် တယ်။ ဘယ်သူတွေက အဓိကပါတယ်။ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းက ဘယ်လိုသွားတယ်။ KIA ဆီက ဘယ်လိုယူတယ်။ ဘယ်ဘက်ကနေ ဘယ်လိုသွင်းတယ်ဆိုတဲ့ ဥစ္စာတွေ အားလုံးက သူက သူ့ဒေသမှာတော့ သူက လူကြီးဆိုတော့ ပေါ်လစီနဲ့ ပတ်သက်တာတွေရော၊ နည်းဗျူဟာ၊ မဟာဗျူဟာနဲ့ ပတ်သက်တာတွေ အကုန်လုံး ရသွားတော့ စစ်တပ်ဘက်တော့ အများကြီး အကျိုးရှိသွားတာပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ဗိုလ်နဂါးသည် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် MRDA မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းခဲ့ကာ NUG ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ အနေဖြင့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အတွင်း လှုပ်ရှားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 350
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းလာမည့် အစိုးရသစ်သည် စုပေါင်းခေါင်းဆောင်မှုရှိသည့် အစိုးရတစ်ရပ် ဖြစ်လာနိုင် သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ထိ အပိုင်း(၃)ပိုင်း ခွဲ၍ ကျင်းပခဲ့ပြီးနောက် မတ်လမှာ လွှတ်တော်ခေါ်၍ ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ် သည်။
လာမည့် အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်း၍ Checks and Balances သွားမည့် အနေအထားရှိ၍ စုပေါင်းခေါင်းဆောင်မှု အစိုးရတစ်ရပ် ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၂၆ မှာတော့ ကျနော်တို့ အစိုးရသစ်ပုံစံပေါ့။ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နောက်တစ်ခု နစက အစိုးရပုံစံအနေ နဲ့ အများကြီး ကွဲပြားမယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အစိုးရပုံစံ အနေနဲ့လည်း ကွဲတယ်ပေါ့နော်။ အဲ့ဒီဟာကို သိဖို့လိုတယ်။ အခုက နိုင်ငံတော်အတိုင်ပင်ခံကောင်စီပါ ပါပြီးတော့မှ အုပ်ချုပ်ရေး၊ လွှတ်တော်၊ နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဆိုပြီးတော့မှ ဒီလိုပုံစံကို Checks and Balances သွားဖို့၊ စုပေါင်းခေါင်းဆောင်မှုပုံစံနဲ့သွားမယ့် အခင်းအကျင်း တစ်ခု တွေ့ရတယ်။ ပိုမို save ဖြစ်တဲ့ တပ်မတော်ဘက်ဆိုင်ရာ အစိုးရပေါ့နော်။ ဒီသဘောပဲရှိတာကို ပိုမိုကျစ်လစ် တဲ့ စုစည်းမှုပုံစံကို ပြင်ဆင်တာလို့ ကျနော်မြင်တယ်။ အဲ့ဒါက ဘာလဲဆိုတော့ နိုင်ငံတကာနဲ့ပတ်သက်ပြီး ပိုပြီး တော့မှ ကျစ်လစ်တဲ့ သံတမာန် အခင်းအကျင်းတွေ၊ အစိုးရပုံစံတွေ၊ နောက်ထပ် စီးပွားရေးပုံစံကို ပြောင်းဖို့ ပြင် ဆင်တယ်လို့ မြင်တယ်။ ဒီတိုင်းကြီး လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးပုံစံရယ်၊ တရားစီရင်ရေးရယ် မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ သွားတဲ့ပုံစံက လက်ရှိ အခင်းအကျင်း အရဆိုရင် လိုအပ်နေတယ်။ ဒီထပ် စုပေါင်းခေါင်းဆောင်မှု တစ်ရပ်ကိုလို တယ်။ ပိုပြီးထိန်းချုပ်ဖို့ လိုတယ်လို့ ကျနော်တော့ မြင်တယ်။ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ် အတည်းတွေ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အကျပ်အတည်းတွေမှာ ဒီပုံစံသွားတာကတော့ မြန်မာနိုင်ငံအတွက် တော့ ကောင်းတယ်လို့ ယူဆပါတယ်။ ဒါကတော့ အစိုးရသစ် အခင်းအကျင်း ပုံစံပေါ့နော်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဒီမိုကရက်တစ်ခေါင်းဆောင်မှု သို့မဟုတ် စုပေါင်းခေါင်းဆောင်မှုသည် အုပ်စုအတွင်း၌ ပါဝင်သူများအနေဖြင့် ဆုံး ဖြတ်ချက်ချမှတ်ခြင်း၊ လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ကြသည့် ခေါင်းဆောင်မှု တစ်မျိုးဖြစ်ပြီး၊ ထိုခေါင်းဆောင်မှုကို အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂလိက လုပ်ငန်းတစ်ခုက အစိုးရအဖွဲ့အထိ ကျင့်သုံးနိုင်ကြောင်း သိရသည်။
အဆိုပါ ခေါင်းဆောင်မှုတွင် လူတိုင်းပါဝင်ရန် အခွင့်အလမ်းရှိခြင်း၊ စိတ်ကူး သဘောထားများကို လွတ်လပ်စွာ ဖလှယ်နိုင်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများကို အားပေးခြင်းတို့ရှိကြောင်း၊ ဒီမိုကရက်တစ် လုပ်ငန်းစဉ်သည် စိတ်ကူး သဘောထားများ လွတ်လပ်စွာ စီးဆင်းရေးနှင့် အုပ်စုတွင်း ညီမျှရေးတို့ကို အဓိကထားသော်လည်း လမ်းညွှန်မှုများ ပေးရန်နှင့် ထိန်းချုပ်မှုပြုလုပ်ရန် အုပ်စု၏ခေါင်းဆောင် ရှိနေဆဲဖြစ်သည်။
အစိုးရသစ် အခင်းအကျင်းတွင် စုပေါင်းခေါင်းဆောင်မှုဆိုခြင်းက ခေါင်းဆောင်ပေါ် မူတည်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “စုပေါင်းခေါင်းဆောင်မှုဆိုတာ သူကဒီမှာကျတော့ ဒီလက်ရှိ ဖွဲ့စည်းပုံကတော့ အမေရိကန်ပုံစံပဲလေ။ သ မ္မတက အာဏာရှိတယ်။ ဒီမှာလည်း ထိန်းကျောင်းမှုက အတန်အသင့်တော့ရှိတယ်။ စုပေါင်းခေါင်းဆောင်မှုဆို တာကတော့ ခေါင်းဆောင်ပေါ် မူတည်တာပေါ့နော်။ ခေါင်းဆောင်က လက်ခံလား၊ လက်မခံဘူးလား ဆိုတဲ့သ ဘောတော့ ရှိတာပေါ့နော်။ ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ။ ပထမ တစ်ချက်က လွှတ်တော်က ကြံ့ခိုင်ရေး ကြီးပဲ အကုန်ဖြစ်နေတယ်လေ။ သမ္မတကလည်း ဘာပဲပြောပြော ကြံ့ခိုင်ရေး လိုလားတဲ့သူပဲဖြစ်မှာ။ ပြောရရင် တော့ အုပ်ချုပ်ရေးကလည်း ကြံ့ခိုင်ရေး၊ လွှတ်တော်ထဲမှာလည်း ကြံ့ခိုင်ရေးကြီးပဲ။ လွှတ်တော်ထဲမှာလည်း ဘယ် လိုမှ အချေအတင် စကားများစရာလူက မရှိတော့ဘူး။ ပြောဆိုဆွေးနွေးမဲ့ လူတွေက မရှိတော့ဘူး။ ပြောရမယ် ဆိုရင်တော့ စုပေါင်းခေါင်းဆောင်ဆိုတာထက် သမ္မတတစ်ယောက်ကပဲ ဆင်ခြင်တုံတရားနဲ့ ဒါထိန်းထိန်းသိမ်း သိမ်း လုပ်ရမယ်လို့ အမြင်နဲ့လုပ်တာက ပိုပြီးကောင်းတယ်။ တိုးတက်စရာရှိရင်လည်း ပိုတိုးတက်တယ်ပေါ့ နော်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်း၍ စုပေါင်းခေါင်း ဆောင်မှုဖြင့် လက်ရှိ အကျပ်အတည်းများအား ဖြေရှင်းရန် နိုင်ငံရေးပါတီများက ထောက်ပြလျက်ရှိသည်။
သို့မဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်း တစ်ပါတီတည်းက ဦးဆောင်၍ သွားမည်ဆိုပါက လက်ရှိ အကျပ်အတည်း များကို ကျော်လွှားနိုင်ရန် ခက်ခဲနိုင်ပြီး အပြန်အလှန် ထိန်းကျောင်းမှုမရှိဘဲ ဖြစ်သွားနိုင်ကြောင်း ၎င်းတို့က ထောက်ပြနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 856
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးတစ်ယောက် တပ်မတော်ထံ လက်နက်ချ အလင်းဝင်သွားမှုက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစု ဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ဗိုလ်နဂါး အလင်းဝင်သွားခြင်းသည် တော်လှန်ရေး အဖွဲ့အစည်းများကြား စုစည်းမှု မရှိသည် ကို ပြရာရောက်ပြီး NUG ဘက်မှ လက်ဦးမှုရှိစွာ သေချာ စည်းရုံးဖျောင်းဖျမှု အားနည်းခဲ့သည်ဟု ထင် ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြော သည်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PDF ကို တွေ့ရစဉ်
၎င်းက “တချို့လူတွေ ထင်သလို ဗိုလ်နဂါးက အစောကြီးကတည်းက စစ်တပ်နဲ့များ အဆက်အသွယ် ရှိလားမှ မသိတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဘက်က တော်လှန်ရေးသမားတွေဘက်က အမြဲသတိ ရှိရမှာက စစ်အုပ်စုကလည်း သူအလကား မနေဘူး။ သူကလည်း သူ့ဆက်လက် ရှင်သန်ရေးအတွက် အမြဲတမ်း စစ်အုပ်စုမှာ အင်မတန် အောင်မြင်တဲ့ နည်းလမ်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တော်လှန် ရေးတပ်ဖွဲ့တွေထဲမှာ သွေးခွဲတာပဲ။ ကျမတို့ ပါတီ(ဗကပ)ကိုလည်း ဒီလိုပဲသွေးခွဲတာပဲ။ သွေးခွဲပြီးတော့ သူက အောင်အောင် လုပ်တာ။ အဲဒီတော့ ကျမကြည့်တယ် ဗိုလ်နဂါးကို အစောကြီးကတည်းကများ သူ တို့ ကပ်ပြီးတော့ ဟိုဒင်းရှိရှိ စည်းရုံးကြလားမသိဘူး။ ဥပမာအားဖြင့် တချို့ ဘိန်းချနေတဲ့ တပ်မှူးတွေရှိ တယ်၊ နေတာထိုင်တာ တော်လှန်ရေးသမားဘဝနဲ့ မကိုက်ညီတဲ့ လူမျိုးတွေ ရှိတယ်။ အဲဒီလိုလူမျိုးတွေ ကို ကပ်ပြီးတော့ စည်းရုံးတာပဲ။ အဲဒီလူတွေကပဲ ခွဲထွက်ကြတာ။ divide and rule ပေါ့ အင်္ဂလိပ်ကိုလိုနီ တွေ လုပ်ခဲ့တာ။ ဒါစစ်တပ်က ဆက်တိုက်လုပ်တာနော် မဆလခေတ် ကတည်းက။ အဲဒါသူတို့ တော် တော်ကို အောင်အောင်မြင်မြင် လုပ်နိုင်တယ်။ ကြည့်ရတာ ဒီဟာရဲ့ အဆက်ပဲနဲ့တူတယ်။ ကျမတို့ တော်လှန်ရေး သမားဘက်က NUG တို့ ဘာတို့ဘက်က လက်ဦးမှုရှိရှိ သူ့ကို စည်းရုံးတာ၊ ဖျောင်းဖျတာ၊ ကိုယ့်ဘက် ပါအောင်လုပ်တာ အဲဒီမှာလည်း အားနည်းတယ်ထင်တယ်။ တော်လှန်ရေးအဖွဲ့တွေကြား ပဋိပက္ခဖြစ်ရင် ကျမတို့က ဒါကို အေးအေးချမ်းချမ်း စေ့စပ်ဆွေးနွေး အဖြေရှာဖို့တော့ ကြိုးစားဖို့လိုတာ ပေါ့နော်။ ဒီကြားထဲမှာ အနှောင့်ပယောဂတွေကလည်း ရှိနိုင်တယ်လေ။ အဲဒါကို ခေါင်းဆောင် အဖွဲ့ အစည်းတွေက သေချာ ဟိုဒင်းပြုဖို့လိုတယ်။ ကျမတို့ တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ တစ်စု တစ်စည်း တည်းရှိတဲ့ စုစည်းမှု မရှိဘူးဆိုတာ ပြတာပေါ့။ အဲဒီအတွက် ကျမတို့ ပိုကြိုးစားဖို့လိုတဲ့ သင်ခန်းစာတော့ ရလိုက်တာပေါ့လေ” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ဗိုလ်နဂါး ဦးဆောင်သည့် BNRA စခန်း သုံးခုကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ခံတပ်များက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝင် ရောက် စီးနင်း တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်၌ ဗိုလ်နဂါးနှင့် မိသားစု မြန်မာ့တပ်မတော်ထံ အလင်းဝင် သွားခြင်းဖြစ်သည်။
ဗိုလ်နဂါးသည် ထိုကိစ္စများ မတိုင်ခင် NUG နှင့်ပတ်သက်၍ အမျိုးမျိုးသော ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်ခဲ့သကဲ့သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့က ပုလဲမြို့နယ်ရှိ BNRA ၏ စစ်ဆေးရေးဂိတ် စခန်းနှစ်ခုကို NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖွင့်ထားသည့် ဂိတ်တစ်ခုကို BNRA က ပြန်လည်စီးနင်းခဲ့သည်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို တွေ့ရစဉ်
ထိုသို့ ဂိတ်များ အပြန်အလှန် စီးနင်းမှုအပြီး နှစ်ဖက်တပ်များအကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေခဲ့ ကာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် BNRA စခန်းသုံးခု ထပ်မံ တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်သည်။
တော်လှန်ရေးတွင် ညီညွတ်ရေးကို တည်ဆောက်ရ ခက်ခဲပြီး အလင်းဝင်သွားသည့် ဗိုလ်နဂါးအား တပ်ဘက်မှ သဘောတူညီချက်ရပါက ပြည်သူ့စစ်သဘောမျိုး စုဖွဲ့လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြည့်ရတာတော့ ဗိုလ်နဂါးက NCA လမ်းကြောင်းတို့၊ အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းတို့ သဘောကျတဲ့အကြောင်း ကြားတယ်လေ။ ဒါကြောင့် သူက သူ့နယ်မြေနဲ့သူ၊ သူ့လက်နက်ကိုင်နဲ့သူ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ရမယ်ဆိုရင် အဲဒါလေးနဲ့ နေချင်တဲ့ သဘောတော့ရှိတယ်။ NUG တပ်တွေနဲ့ ထိပ်တိုက်တွေ့တယ်ဆိုတော့ ရပ်တည်ချက် နည်းနည်း ကွာတာလည်း ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးမှာ ညီညွတ်ရေး တည်ဆောက်တာ ခက်တယ်။ ညီညွတ်ရေးဆိုတာက သဘာပေါ် မူတည် တယ်။ အတွေးအခေါ် ညီညွတ်မှရတာ၊ လုပ်နည်းလုပ်ဟန် ညီညွတ်မှရတာ။ အစကတည်းက အတွေး အခေါ် တစ်ဖက်တည်း မဟုတ်ဘူးဆိုရင် ညီညွတ်ရေး တည်ဆောက်ဖို့က ခက်တယ်။ ဒါကြောင့် နဂို ကတည်းက လက်နက်ကိုင်တွေကို စပြီး အကောင်အထည်ဖော်ကတည်းက အတွေးအခေါ် ညီညွတ် ရေးကို အရင်တည်ဆောက်ရမယ်ဆိုတာ သင်ခန်းစာ ယူလို့ရတာပေါ့။ အကယ်၍ လက်ရှိ အုပ်ချုပ်နေ တဲ့အဖွဲ့က သူ့နေရာကို ပြန်ပေးမယ်၊ ပြည်သူ့စစ် သဘောမျိုး၊ BGF သဘောမျိုး ဖွဲ့ပြီးတော့ ပြန်ထားရင် တော့ အရင် NCA ထိုးထားတဲ့ အဖွဲ့တွေလို ဖြစ်သွားနိုင်တာပေါ့ သဘောတူရင်ပေါ့လေ။ ဖြစ်နိုင်ခြေတွေ က အများကြီးပါ အဲဒါကြောင့် စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ဗိုလ်နဂါးသည် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် MRDA မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန် ရေးအဖွဲ့ အနေဖြင့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လှုပ်ရှားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 820
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင် ၃ ဖွဲ့အပေါ်တွင် ဩဇာညောင်းသော်လည်း ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အပေါ်မှာတော့ ထင်သလောက် ဩဇာမညောင်းဘူးဟု တရုတ်-မြန်မာအရေး လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်၊ မိုင်းလား၊ “ဝ”တို့သည် တရုတ်နှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ခု ရှိထားပြီးသားဖြစ်ကြောင်း၊ KIA အနေဖြင့် တရုတ်ပြောသမျှ နာခံမည့်သဘောမျိုး မရှိကြောင်း ၎င်းက ပြောသည်။
ဒေါက်တာလှကျော်ဇောက “ဒီလိုရှိတယ်ဗျ။ သူတို့က နယ်ချင်းစပ်နေတာ တရုတ်နယ်စပ်မှာ ထိပ်ဆုံးကဆို KIA တို့နဲ့ ဆက်စပ်နေတာရှိတယ်။ အောက်ပိုင်းမှာကျတော့ ကိုးကန့်တို့၊ မိုင်းလားတို့ရှိတာပေါ့ဗျာ “ဝ”တို့။ အဲဒီ “ဝ”တို့ မိုင်းလားတို့၊ ကိုးကန့်တို့နဲ့ တရုတ်နဲ့ဆက်ဆံရေးက ပိုပြီးတော့ ခိုင်မာတယ်။ ပိုပြီးတော့လည်း အခုကတော့ တော် တော်ကြီးကို စီးပွားရေးအရပါ အဆက်ဆက် ရှိနေပြီဖြစ်တယ်။ ဒါပေမယ့် KIA ကျတော့ သူက တရုတ်ရဲ့ အကြံပေး မှုတွေပဲဖြစ်ဖြစ် ဖိအားပေးမှုတွေပဲဖြစ်ဖြစ် သူဒါကို ဟိုလူတွေလောက် MNDAA တို့၊ “ဝ” တို့လောက် လက်မခံသလို ဆက်ဆံလို့ရတယ်။ ဟိုလောက် မရင်းနှီးပေါ့ဗျာ။ ဟိုမှာကတော့ စီးပွားရေးအရရော ဘာရောက တော်တော် ဆက်စပ်နေပြီဗျ။ ဘာလို့လဲဆိုတော့ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်ပြီးတော့ အဲဒီ ကိုးကန့်တို့၊ “ဝ” တို့၊ မိုင်းလားတို့ကို တရုတ်က ပုံပြီး ကူညီထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးအရကော၊ ဟိုဒင်းအရ ကော တော်တော် ဆက်စပ်နေပြီ တရုတ်နဲ့လေ။ ဒါပေမယ့် KIA ကျတော့ တရုတ်ရဲ့ဩဇာပေါ့နော် တရုတ်ပြော စကားကို ဟိုအဖွဲ့တွေလောက် သူနာခံစရာမလိုဘူး။ KIA က သူ့ဟာသူ သီးသန့် တတ်နိုင်သမျှ လွတ်လပ်တဲ့ တွေးခေါ်မှုတွေ ရှိနိုင်တယ်ဗျ။ မတူဘူး။ ဟိုလူတွေကတော့ အစစအရာရာ စီးပွားရေးအရရော ဘာမဆို (မှီ)ခိုနေရ သလို ဖြစ်တာပေါ့နော် တရုတ်ပြည်ကို။ ဒါကြောင့်မို့လို့ တရုတ်ပြည်ရဲ့ ဩဇာပိုကြီးတယ်ဗျ။ သို့သော်လည်း တရုတ် ပြောသမျှတိုင်းလည်း သူနာခံမှာ မဟုတ်ဘူး။ နောက် တရုတ်ရဲ့ စီးပွားရေးအရလည်း အပြတ်အသတ် ဆက်စပ် မနေဘူးဗျ။ နောက် သူ့မှာက နိုင်ဖဲရှိတယ်လေဗျာ။ (Rare Earth) ပေါ့နော် ရှားပါး မြေရှားသတ္ထုက ကိုင်ထားနိုင် တာဖြစ်တော့ သူက တရုတ်ကို စကားပြောတဲ့အခါမှာ ဟိုလူတွေထက် ပိုပြီးတော့ ပြောနိုင်ဆိုနိုင်တာတော့ ရှိတာ ပေါ့ဗျာ” ဟု ပြောသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ချင်းညီနောင်အဖွဲ့(Chin Brother)ကို တွေ့ရစဉ်
KIA သည် ကချင်ဒေသဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ပထဝီ အနေအထားအရ ဒေသ အကန့်အသတ် များရှိသဖြင့် ကချင်ပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက်သာ ကြိုးစားမည်ဖြစ်ကြောင်း၊ တရုတ်နှင့် ထိစပ်နေ သည့်အတွက် ၎င်းတို့အနေဖြင့် အင်အားကြီးအောင် လုပ်ဖို့မလွယ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်အနေဖြင့် KIA အား ယခင် အခြေအနေ အတိုင်းဆိုလျှင် ဖိအား ပေးကောင်းပေးလာနိုင်ကြောင်း၊ KIA သည် အနောက်နိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ကစားနေသည့် ပုံစံမျိုးဖြစ်ကြောင်း၊ အနောက် အင်အားစုများ ဝင်လာပြီ ဆိုပါက တရုတ် ထိန်းနိုင်တော့မည် မဟုတ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယခင်တုန်းကတော့ ဖိအားပေးနိုင်ကောင်း ပေးနိုင်မယ်။ ခုနတုန်းက ကျနော်ပြောတဲ့ စကားထဲမှာပါတယ် အရှေ့နဲ့အနောက် သူက ကစားနေတယ်ဆိုတဲ့ အခါကျတော့။ ဒီ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရုတ်ကလည်း တက်ရောက်တာ တွေ့တယ်။ သူတို့က တိုက်ပွဲ မဖော်ဆောင်ဖို့ ပြောတယ်။ ဒါဂွမ်မော် ပြောထားတဲ့ စကားအတိုင်း ကျနော် ပြောတာပေါ့။ အဲဒီအခါကျတော့ သူတို့တွေကတော့ စစ်ကဝောာ့ ဆက်တိုက်သွားမယ်ဆိုတဲ့ အကြောင်း ပြောတယ်။ စစ်တိုက်ဖို့က လက်နက်အင်အားနဲ့ ဆေးဝါးတွေ လိုတယ်လေ။ ရိက္ခာကတော့ ကိုယ့်ဒေသက ထွက် တယ် ထားလိုက်အုံး။ အဲဒီ လက်နက်အင်အားနဲ့ ဆေးဝါးတွေ ဘယ်က ထောက်ပံ့လဲ။ အဲဒီ ထောက်ပံ့မှုတွေ ရနေတဲ့ အခါကျတော့ သူကလည်း တရုတ်ကို ဒီလိုမျိုး စကားမျိုး ပြောနိုင်တယ်လို့ဝောာ့ ကျနော့် အနေနဲ့ကတော့ မြင်တယ်။ အဲဒါကြောင့်မို့လို့ တရုတ်က မထိန်းနိုင်ဘူးလားဆိုတော့ အနောက်အင်အားစုတွေ ဝင်လာပြီဆိုရင် တရုတ် မထိန်းနိုင်ပါဘူးဗျ။ KIA ကို စစ်ရေးအရ ဖိအားပေးဖို့တော့ သိပ်မလွယ်ဘူး။ ဒါပေမယ့် နိုင်ငံရေးအရ ညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေးနဲ့ လုပ်သွားကြရင်တော့ လမ်းကြောင်းတစ်ခုအပေါ် ရောက်လာလိမ့် မယ်လို့ ကျနော် မြင်ပါတယ်။ အချိန်တို အတွင်းကတော့ ဖြစ်နိုင်မယ် မထင်ဘူး ဒါလည်း” ဟု ပြောသည်။

ယော PDF နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထား လမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း စသဖြင့် အများအပြား ရှိနေသည်။
လက်ရှိတွင် KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင် ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 608
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)အဖွဲ့မှ ခေါင်းဆောင် နိုင်လင်း(ခေါ်) ဗိုလ်နဂါးနှင့် ၎င်း၏ မိသားစုဝင်များသည် လက်နက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း နေပြည်တော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်နဂါးနှင့် ၎င်း၏ မိသားစုဝင်များသည် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ တပ်မတော် စစ်စခန်း တစ်ခုထံ လာရောက် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

NUG လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းများသည် BNRA ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက ပုလဲမြို့နယ်အတွင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ထို့နောက် BNRA ရဲဘော် ၁၀ ဦးကျော် သေဆုံးခဲ့သလို ၉ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံခဲ့ရ သည်။
ထိုအခြေအနေအတွင်း BNRA ခေါင်းဆောင် ဗိုလ်နဂါးသည် တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးသည့် အခင်းအကျင်း ဖြစ်လာခဲ့ မည်ဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် PDF များသည် ၎င်းအတွက် နိုင်ဖဲတစ်ချပ် ဖြစ်လာနိုင်သည် ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာန သို့ ပြောသည်။
KIA သည် ၁၉၉၄ ခုနှစ်က တောင်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များ မဟာမိတ်ဖွဲ့ထားသည့် ကြားကနေ တပ်မတော်နှင့် တစ်ဖွဲ့တည်း သီးခြား ငြိမ်းချမ်းရေး ယူသွားခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ကို ၎င်း၏ ထိန်းချုပ်နယ်မြေကနေ ထွက်ခွာခိုင်းခဲ့သည်။
ထို့ကြောင့် လက်ရှိ အခင်းအကျင်းတွင်လည်း KIA သည် NUG- PDF တို့ကို အသုံးချပြီး ၎င်း၏ အမျိုးသား အကျိုး စီးပွားအတွက် ယခင်ဖော်ဆောင်ခဲ့သည့် သမိုင်းကြောင်းအတိုင်း အကောင်အထည် ဖော်သွားနိုင်သည်ကို သတိ ထားသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
KIA အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် ယခင်ပုံစံအတိုင်း NUG ကိုလည်း မဖော်ဆောင်နိုင်ဘူးဟု မပြောနိုင် ကြောင်း၊ လက်ရှိ အခြေအနေအရ NUG သည် KIA အတွက် နိုင်ဖဲတစ်ချပ် ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာဂဒေသကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ရောက်လာစဉ်
၎င်းက “ပြီးခဲ့တဲ့ အတိတ်တုန်းကပေါ့နော် သူတို့လည်း ဒါကိုတော့ အားနည်းချက် အားသာချက် ပြန်သုံးသပ် ကောင်း သုံးသပ်လိမ့်မယ်။ လမ်းဟောင်းကြီးအတိုင်း လိုက်ချင်လည်း လိုက်လိမ့်မယ်။ ၁၉၉၄ မှာ နဝတအစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တယ်။ အပစ်အခတ်ရပ်စဲပြီးမှ မြောက်ပိုင်းမှာရှိတဲ့ ABSDF ကို မောင်းထုတ်ခဲ့ဖူးတာ ရှိတာ ပေါ့နော်။ အဲ့တုန်းကဆိုရင်တော့ ABSDF ဆိုရင်တေ့ာ NCGUB ရဲ့ လက်အောက်မှာ သူတို့လုပ်တာပေါ့။ ဒါကြောင့်မို့ အဲဒီတုန်းကတော့ KIA ဌာနချုပ်ကနေပြီးမှ မောင်းထုတ်ခဲ့တာပေါ့။ အဲဒီ သာဓကလေးတစ်ခုတော့ ရှိတာပေါ့။ အခု လည်း KIA အနေနဲ့က စစ်တပ်ကို အကျိုးအမြတ် ရှိမယ်ဆိုရင်တော့ မလုပ်ဘူးလို့ ပြောလို့ မရဘူးပေါ့လေ။ အတိတ် တုန်းကလည်း လုပ်ခဲ့တယ်။ ဒါကလည်း သူ့ရဲ့အကျိုးအမြတ်အတွက် ကြီးကြီးမားမား သူရသွားခဲ့ပြီလေ။ ယနေ့ အချိန်လည်း သူကတော့ အမျိုးသား အကျိူစီးပွားပဲကြည့်တဲ့ အဖွဲ့အစည်းဆိုတဲ့ အခါကျတော့ သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အကျိုးရှိမယ်ဆိုရင်တော့ သူမလုပ်ဘူးလို့ ပြောလို့ မရဘူးပေါ့။ ၉၄ (၁၉၉၄) မှာ ငြိမ်းချမ်းရေး ယူပြီး ၉၆ မှာ ABSDF ကို မောင်းထုတ်တဲ့ ပုံစံမျိုးကို သူ မလုပ်ဘူးလို့တော့ ပြောမရဘူး။ အခု NUG နဲ့ ပတ်သက် ပြီးတော့ပေါ့လေ။ ဒါကတော့ သူ့ဘက်ကနေပြီးမှ ဖဲချပ်တွေ နိုင်ဖဲတွေများများ ကိုင်ထားဖို့ လိုအပ်တာကို။ အဲဒါ လည်း NUG-PDF ဆိုတာလည်း သူ့အတွက်ကို အပေးအယူလုပ်မယ့် နိုင်ဖဲတစ်ချပ် ဖြစ်ကောင်းဖြစ်သွားနိုင်တာ ပေါ့” ဟု ပြောသည်။
ထို့ပြင် KIA နှင့် မြန်မာ့တပ်မတော် ဆွေးနွေး လာခဲ့မည်ဆိုပါကလည်း လက်နက်ချသည့် ဆွေးနွေးမှုမျိုး ဖြစ်လာမှာ မဟုတ်သေးဘူးဟု စိုင်းဋ္ဌေးအောင်က ဆက်လက် ပြောသည်။
၎င်းက “ဆွေးနွေး လာနိုင်ခြေတော့ ရှိပါတယ်။ ဆွေးနွေးတယ်ဆိုတာလည်း လက်နက်ချတဲ့ ဆွေးနွေးမှုမျိုးတော့ မဟုတ်သေးဘူး။ စကားပြောနေတယ်ပေါ့နော် တစ်ဖက်မှာ စစ်ကတော့ တိုက်နေအုံးမှာပဲ သူတို့။ သူတို့ ဘာလို ချင်တယ်ဆိုတဲ့ ကဏ္ဍမျိုးထိ ရအောင်တော့ ဟိုဘက်ကလည်း ဆွဲမယ်။ ဒီဘက်ကလည်း ၂၀၀၈ ကို အခြေခံပြီးမှ ဆွေးနွေးမယ်။ ရလဒ်မထွက်တဲ့ ဆွေးနွေးပွဲတွေကတော့ အကြိမ်ကြိမ်တော့ ဖြစ်လာအုံးမယ်လို့တော့ မြင်ပါတယ်” ဟု ပြောသည်။

KIA ခေါင်းဆောင် ဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်
ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြားချက်အရ KIA ကိုယ်၌က မြန်မာ့တပ်မတော်နှင့် ဆွေးနွေးချင်စိတ်မရှိသည့် သဘောမျိုး မြင်တွေ့ရကြောင်း၊ မဖြစ်မနေ ဆွေးနွေးခဲ့မည်ဆိုလျှင်လည်း KIA အနေဖြင့် NUG-PDF တို့ကို ထည့်တွက်နေမည့် သဘောမျိုး မဟုတ်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ် KIA ကိုယ်တိုင်ကိုက အစိုးရနဲ့ ဆွေးနွေးချင်စိတ် မရှိသေးဘူးဆိုတဲ့ သဘောကို မြင်ရ တယ်ပေါ့နော်။ ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောနေတဲ့ စကားအရ ကောက်ချက်ချမယ်ဆိုလို့ရှိရင်။ ဒါကြောင့်မို့လို့ လက်ရှိ မြန်မာအစိုးရ အနေနဲ့ လိုက်လျောနိုင်ခြင်း မရှိတဲ့ဟာကို သူကပြောတာပေါ့။ NUG-PDF ပါမှ ဆွေးနွေးမယ်ဆိုတဲ့ ဟာကို ပြောတည်းကိုက မဆွေးနွေးဘူးလို့ တည့်မပြောချင်တဲ့ အတွက်ကြောင့်မို့လို့ မြန်မာအစိုးရ မလုပ်နိုင်တဲ့ ဟာကို တမင်သပ်သပ် တင်ပြီးတော့မှ ပြောတယ်လို့ ယူဆတယ်ပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ သူ့အနေနဲ့ ဒီဟာ ကို ဆွေးနွေးဖို့ အဆင်သင့် လောလောဆယ် မဖြစ်သေးဘူးပေါ့။ အဓိက,ကတော့ အခုလောလောဆယ် ဆွေးနွေး လိုခြင်း မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီစကားပြောတာပေါ့။ အကယ်၍ မဖြစ်မနေ ဆွေးနွေးတော့မယ် ဆိုလို့ရှိရင် လည်း သူကတော့ ဒီ ဟိုဟာတွေ (NUG-PDF) ကိုက သိပ်ထည့်တွက်နေမှာ မဟုတ်ပါဘူး။ အဓိက,ကတော့ ဒီအပေါ်ကနေ ဘယ်လောက် အကျိုးစီးပွားရှိမလဲပေါ့။ ဒါအရေးကြီးတယ်လို့ ထင်ပါတယ် သူတို့အနေနဲ့။ KIA အနေ နဲ့ကတော့ NUG သည် အသုံးချစရာ တစ်ခုကတော့ ကောင်းကောင်းရပြီ။ Joker ဖဲလို့တောင် ပြောလို့ရ တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်သက်လုံး အိပ်မက်မက်ခဲ့လို့ မရှိခဲ့တဲ့ အခင်းအကျင်းမျိုး စစ်ကိုင်းတိုင်းကို ခြံစည်း ရိုး ထားတယ်ဆိုတဲ့ အနေအထားမျိုးထိ ရောက်လာတယ်ဆိုတဲ့ဟာက ဒါမရှိခဲ့ဖူးလေ အရင်တုန်းက။ ဒီတစ်ခါ လုပ်နိုင်တယ်ဆိုတာ ဒီဖဲကြောင့်မလို့ သူတို့လုပ်နိုင်တာပေါ့”ဟု ပြောသည်။
လက်ရှိတွင် KIA သည် စစ်ကိုင်းတိုင်းဒေသကြီး၌ NUG-PDF အပါအဝင် တခြားသော လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ စစ်ကိုင်းတိုင်း တစ်ခုလုံး ထိန်းချုပ်ရေးနှင့် အနောက်မြောက် ဒေသတစ်လျှောက် ထိန်းချုပ်ရေး ကြိုးပမ်းလျက်ရှိ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 724
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ကချင်ဝမ်ပေါင်သမ္မတနိုင်ငံဖြစ်ရေး ရည်မှန်းချက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှ လိုချင်သည့် အပေးအယူက ဘာတွေဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၁၉၉၄ ခုနှစ်က KIA သည် နဝတနှင့် ငြိမ်းချမ်းရေးယူ၍ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုစဉ်က ဖားကန့်ကို တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ထို့ကြောင့် ယခု ၂၀၂၅ ခုနှစ်အလွန် ၂၀၂၆ ခုနှစ် လက်ရှိ နယ်မြေ အခင်းအကျင်းများအရ KIA သည် မြေရှားနှင့် ကျောက်စိမ်းကိစ္စတို့ကို အပေးအယူ လုပ်လာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။၊
၎င်းက “KIA လိုချင်တာကတော့ အခုလောလောဆယ် အခြေအနေကတော့ rare earth ရှိမယ်၊ မြေရှား တွေ ရှိလိမ့်မယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်ကိုတော့ သူလွတ်မြောက်နယ်မြေ အဖြစ်တော့ ကချင် ဝမ်ပေါင်သမ္မတနိုင်ငံ အထိတော့ သူတောင်းလိမ့်မယ်လို့တော့ ကျနော်မထင်ဘူး။ သူ့ရဲ့ ရည်မှန်းချက် ကတော့ ကချင်ဝမ်ပေါင်သမ္မတနိုင်ငံလေ။ ယနေ့အချိန်ကတော့ သူက ဖားကန့် ကျောက်စိမ်းတွေရှိမယ်၊ နောက် မြေရှားရှိမယ်။ အဲဒါတွေကို သူအပေးအယူ လုပ်ကောင်း လုပ်လိမ့်မယ်။ ၉၄ ငြိမ်းချမ်းရေး ယူစဉ် အခါတုန်းက သူကအစိုးရကို တောင်းဆိုတာကတော့ ဖားကန့်ကို သူတို့ကို ပေးပါလို့ တောင်းတယ်။ ဒါပေမယ့် အစိုးရကတော့ မပေးခဲ့ဘူး။ မပေးခဲ့တဲ့ အခါကြတော့ နောက် အပေးအယူတစ်ခု ABSDF နဲ့ လုပ်သွားတဲ့ သဘောလေး ရှိကောင်းရှိမှာပေါ့။ အဲဒါကြောင့်မို့လို့ သူတို့ ငြိမ်းချမ်းရေး ယူပြီးနောက်ပိုင်းမှာ ABSDF တွေကို မောင်းထုတ်တာတွေ ရှိခဲ့တာပေါ့။ အခုကတော့ သူ့ရဲ့ အပေးအယူ လုပ်နိုင်တဲ့ ကိစ္စက တော့ rare earth နဲ့ ကျောက်စိမ်းကိစ္စပဲလို့ မြင်ပါတယ်” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဟောင်း မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါးရှိနေသည့် ပန်ဝါဒေသ အပါအဝင် ကချင်ပြည်နယ်ထဲမှ မြေရှားသတ္တု ထွက်ရှိရာ ဒေသများကို KIA မှ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်ကာ ဒေါ်လာဘီလျံချီ တန်ကြေးရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံက မြေရှား၏ အဓိက ဖောက်သည်မှာ တရုတ်နိုင်ငံဖြစ်ပြီး အိန္ဒိယသည်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မြန်မာ့မြေရှားနှင့် ပတ်သက်၍ ခြေလှမ်းများ စတင်လှမ်းလာသလို အမေရိကန်ကလည်း မြန်မာ့မြေရှားကို စိတ်ဝင်စားသယောင် ရှိနေသည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ယူဆကြ သည်။
KIA သည် ထိုကိစ္စများထက် ပို၍ တောင်းဆိုမည့် အနေအထားမျိုး မမြင်ရသော်လည်း အပေးအယူ တစ်ခု တွင် ခေါ်ဈေးနှင့် ပေးဈေး ကွာဟချက်များနေပါက တစ်နည်းနည်းဖြင့် စကားပြောဆိုကြရမည် ဖြစ် ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အခု သူတောင်းဆိုနေတဲ့ဟာတွေကို ထပ်ပြီးတော့မှ တောင်းဆိုဦးမှာပဲ။ သေချာပါတယ်။ အဲဒီ တော့ ဒီထက်ပိုပြီးတော့မှ တောင်းဆိုမယ်လို့ ကျနော်တို့လည်း အရိပ်အမြွက်ပေးတာ မမြင်ရ သေးဘူး ပေါ့။ ဒီဥစ္စာက ကျနော်တို့ ဆွေးနွေးတဲ့ နေရာမှာဆိုရင် ခေါ်တဲ့ဈေးဆိုတာ ရှိလိမ့်မယ်။ ဒီပစ္စည်းကို ၁ သန်း နဲ့ ကျနော် ဝယ်ချင်တယ်။ ဟိုက ၅ သန်းမှ ရောင်းနိုင်မယ်ဆိုရင် ဒီ ၅ သန်းနဲ့ ၁ သန်းက ဘယ်နည်းနဲ့မဆို ပြောကြရမှာပေါ့။ ခေါ်ဈေးထက် ပေးဈေးက သူတို့မညှိဘဲနဲ့ ဘယ်လိုလုပ်ရမလဲ။ တစ်ခါတစ်လေ ကိုယ်က ခေါ်ဈေးက ၁ သန်းလို့ ပြောပေမယ့် နောက်ဆုံးကျ ၅ သောင်းလား ၅ သိန်းလား ဖြစ်ကောင်းဖြစ်သွား နိုင် တာပေါ့” ဟု ပြောသည်။

KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်
လက်ရှိတွင် KIA သည် အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦးCNF)၊ နာဂလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ NUG၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များကို လက်နက် ခဲယမ်းများ ထောက်ပံ့ပေး၍ စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ရန် ကသုံးလုံး စစ်ဆင်ရေးနှင့် တခြား သော စစ်ဆင်ရေးများကို ဖော်ဆောင်လျက်ရှိသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်အေးမြို့၊ ပင်လည်ဘူးမြို့၊ အင်းတော်မြို့တို့ကို KIA-PDF များ ထိန်းချုပ်ထားပြီး ဟုမ္မလင်း၊ ကောလင်း၊ ကသာ၊ ဝန်သို၊ တမူး၊ နာဂဒေသ၊ ပုလဲ၊ မုံရွာ၊ ဖောင်း ပြင်၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး၊ ထီးချိုင့်၊ ဗန်းမောက် စသည့် မြို့များကို သိမ်းပိုက် ထိန်းချုပ်နိုင်ရေး တိုက်ခိုက်လျက်ရှိနေသည်။
KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ကာလအတွင်း ယခင်ထက် ပိုမိုအားကောင်းလာကာ တော်လှန်ရေး အင်အားစု အများအပြားကိုလည်း လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင် နိုင်ရေး တို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင် ရေးများတွင်လည်း ပူးပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၏ ပြောကြားချက်များကို ကြည့်ခြင်းအားဖြင့် စစ်ရေးနှင့် ဆွေးနွေးညှိနှိုင်းရေး ကိစ္စများမှာ လှုူပ်ခတ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များ သုံးသပ်ကြ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 377
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ နယ်အတွင်းမှာ ပေါ်တာဆွဲ၍ စစ်သားစုဆောင်းမှုများကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
NUG/MOD အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တပ်ရင်းများသည် တမူးမြို့နယ်အတွင်းမှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ပေါ်တာဆွဲသည့် PDF များ အလိုမရှိကြောင်း တမူးဒေသခံများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅-၁၆ ရက်များက ဆန္ဒပြခဲ့ကြသည်။

လက်ရှိ တမူးမြို့နယ်အတွင်းမှာ ပေါ်တာဆွဲခံရသည့် ကျေးရွာများမှာ အောက်တောင်းရွာ၊ မလူရွာ၊ ဘုက္ကန်ရွာ၊ ဇီးဖြူကုန်းရွာ၊ ရွာသာရွာ၊ မင်းသမီးရွာ တို့ဖြစ်ကြသည်။
