- By CNI
- Category: နိုင်ငံရေး
- Hits: 280
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
ယနေ့ (မတ်လ ၃၁ ရက်)တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစုအဖွဲ့ ဒုတိယနေ့ အစည်းအဝေးတွင် ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲအများဆုံး ရရှိခဲ့သဖြင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။
ပြည်သူ့လွှတ်တော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၂၈၀ ဦး ရှိသည့်အနက် ယနေ့(မတ်လ ၃၁ ရက်)နေ့တွင် လွှတ်တော်သို့ တက်ရောက်သူ ဦးရေမှာ ၂၆၀ ဦးသာရှိသဖြင့် ဆန္ဒမဲ အရေအတွက် စုစုပေါင်း ၂၆၀ ရှိ သည်။
အဆိုပါ စုစုပေါင်း ၂၆၀ မဲအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၄၇ မဲရရှိခဲ့ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည) က ဒေါက်တာကျော်ဆွေကမူ ၁၀ မဲသာ ရရှိခဲ့ကာ ပယ်မဲ ၃ မဲရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတလောင်း သုံးဦးအား ကနဦး တင်မြှောက်ရမည်ဖြစ်ပြီး မဲအများဆုံး ရသူက သမ္မတ၊ ဒုတိယမဲ အများဆုံးရသူက ဒုတိယသမ္မတ (၁) ဖြစ်လာပြီး၊ မဲအနည်းအဆုံးရသူက ဒုတိယသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် အစုအဖွဲ့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ဒေါက်တာကျော်ဆွေ အား ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 426
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထံ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လွှဲပြောင်းပေး အပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ကျင်းပခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 560
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေပြီး နိုင်ငံရေး အကျပ်အတည်းနှင့် စီးပွားရေး အကျပ်အတည်းများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရန်အတွက် ဘယ်လိုအစိုးရ တစ်ရပ် လိုအပ်နေလဲ ဆိုသည့်အပေါ် အားလုံးက မေးခွန်းထုတ် စောင့်ကြည့်နေကြသည်။
လက်ရှိ ရွေးကောက်ပွဲအလွန်တွင် ဖြစ်လာမည့် အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်သည့် ဗဟိုအစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ ဖြစ်ရန်လိုအပ်နေကြောင်း၊ ထိုအစိုးရများက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးဆောင်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အန်ကယ်တို့က ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာမယ့်အစိုးရ ဗဟိုမှာရှိမယ်၊ ပြည်နယ်မှာ ရှိမယ်နော်။ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ လွတ်လပ်ရေး ခေတ်လွန်ပေါ့ဗျာ၊ နှစ် ၈၀ ပြည်တွင်းပဋိပက္ခကို ချုပ်ငြိမ်းနိုင်တဲ့၊ အသစ်ပြန်စတဲ့ အစိုးရတစ်ရပ် လာမယ့် ၅ နှစ် အခုပေါ့ဗျာ။ ဒီကနဦး ၅ နှစ်အနေနဲ့ ဖြတ်သန်းဖို့လိုတယ်။ အဲဒါကြောင့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်တဲ့ ဗဟိုအစိုးရနော်၊ ပြည်နယ်တိုင်းအစိုးရပေါ့ဗျာ။ အဲဒီအစိုးရတွေကလည်းပဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးဆောင်ဖို့လို အပ်တာပေါ့။ အဲဒါကြောင့်လည်း ဒို့တာဝန်အရေးသုံးပါးထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အဓိက ကျတယ်ဆိုတာလေး။ ဆိုတော့ ခုနက အမျိုးသားပြန်လည်ရင်ကြားစေ့အောင် လုပ်နိုင်မယ်ဆိုရင် ခုနက တည်ငြိမ်အေးချမ်းမှု ရလာမှာပေါ့။ ခုနက ခိုးဆိုးလုယက် ကြတယ်ဆိုတာက ပြည်တွင်း မငြိမ်းချမ်းမှု၊ တစ်နည်း အားဖြင့် တရားဥပဒေ မစိုးမိုးနိုင်မှုတွေကို အခွင့်အရေးယူပြီးကာမှ တောကြောင် လက်ခမောင်း ခတ်တယ်ဆိုတာ အဲဒါပေါ့။ တောမီးလောင်ရင်လေ။ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ တရားဥပဒေစိုးမိုးမှုကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်တဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရ လိုအပ်တာပေါ့။ သူတို့ရဲ့တာဝန် သူတို့ရဲ့ ကဏ္ဍတွေ အောင် မြင်နိုင်အောင် အန်ကယ်တို့ဘက်ကလည်း ပူးပေါင်းကူညီ အတူလက်တွဲ ဆောင်ရွက်ကြရတော့မှာပေါ့”ဟု ပြော သည်။

တပ်မတော်၊ လက်နက်ကိုင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်နှင့် ထိုင်းသံရုံး တာဝန်ရှိသူများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီး မတ်လမှာပဲ ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့ရာ ယနေ့အထိဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။
ထို့နောက် ပြည်တွင်း စစ်ပြေးရှောင်နေရသူ ၄ သန်းဝန်ကျင်ရှိပြီး နေအိမ် အပါအဝင် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ဖျက်ဆီးခံထားရကြောင်း၊ စီးပွားရေး ကျဆင်းလာသလို တရားဥပဒေ စိုးမိုး မှုများ အားနည်းလာနေကြောင်း၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနေ ကြောင်း၊ စိုက်ပျိုးရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများ ထိခိုက်ဆုံးရှုံးလာနေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကို တည်ငြိမ် အောင်ထိန်းနိုင်သည့် အစိုးရမျိုး ပေါ်ပေါက်ရန်လိုသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတော်အကြီးအကဲများကို တွေ့ရစဉ်
၎င်းက “ဒီအခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းနိုင်တဲ့ အစိုးရမျိုး ပေါ်ပေါက်ဖို့လိုတယ်ဗျ။ ကျနော်တို့ အခုလက်ရှိ အခြေအနေကိုလည်း အားလုံးသိတဲ့ အတိုင်းပဲလေ။ ကျနော်တို့ အခြေအနေက သောင်းကျန်းသူတွေ၊ ဆူပူထကြွမှုတွေရှိနေတဲ့ ဒါတွေကို ထိန်းချုပ်နိုင်ရမယ်၊ စီးပွားရေးဖွံ့ဖြိုးမှုတွေ တိုးတက်လာအောင် လုပ်ရမယ်၊ အ ပြိုင်အဆိုင် စနစ်တွေ ဒီမိုကရေစီကျကျ အဲဒီလို ပေါ်လာရင်၊ စျေးကွက် စီးပွားရေးစနစ်အတိုင်း ပေါ်လာရင် စျေး တွေ ကျလာမယ်၊ ကုန်စျေးနှုန်းတွေ ကျလာဖို့က အရေးကြီးတယ်လေ။ ဒါမျိုးတွေ ကျနော်တို့ ဆောင်ရွက်ဖို့ လို တယ်ဗျ။ ကျနော်တို့မှာလည်း အတွေ့အကြုံရှိပါတယ်၊ နောက်တစ်ခါ အတွေ့အကြုံရှိတဲ့ လူကြီးတွေလည်း ဆက် ပြီးတော့ တာဝန်ယူမှာ ဖြစ်တယ်။ ဒီနေ့ဆိုရင် ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျနော်တို့ ပြည်သူ့ လွှတ်တော်က ဒါ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တယ်ဆိုတော့ ဒါသူသမ္မတဖြစ်ဖို့ ရာခိုင်နှုန်းများ ပါတယ်။ သူဆက်ပြီးတော့ လုပ်မယ်ဆိုရင် တိုင်းပြည်က ပိုပြီးတော့ stability ဖြစ်မှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရှည်လျားသော အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရန် အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်စနစ် အခြေခံသော ဒီမိုကရေစီ၊ အဂတိကင်းရှင်းပြီး ပြည်သူ့အကျိုးကို အဓိကထားသည့် အားကောင်းသော အစိုးရသစ် ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ပြည်သူလူထုက ထောက်ပြသည်။
နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမြင်သာမှုရှိပြီး တရားဥပဒေစိုးမိုးမှုကို ဦးစားပေး ဆောင်ရွက်နိုင်သော အစိုးရမျိုးလည်း လိုအပ်ကြောင်း ပြည်သူလူထုက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 614
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ရာထူး တာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များ အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှု အောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက “ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော်(Standard Army)တည်ဆောက်ရေး လုပ်ငန်းစဉ်များ ကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ် ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် ရပ်မှန်းချက်ထား ဖွဲ့ စည်း တည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒို့တာဝန် အရေး(၃)ပါးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူထား ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ဆက်လက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာ အာဏာ တည် တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့် ရှောက်ရန်” တာဝန်ပေးထာသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက် ကြိုးပမ်း ထမ်းဆောင်သွားမည်ဟု တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
၎င်းက “ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလား ချက် ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင် သွားမည်၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်”ဟု ပြောသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် ဆောင်ပုဒ် အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအားနှင့် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမည်၊ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့်ပြည်သူ တစ်သား တည်းဖြစ်အောင် ဆောင်ရွက်သွားမည်၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု တပ်ချုပ်သစ်က ပြောသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အလားတူ နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့် လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက် လိုက်နာဆောင်ရွက်သွားမည်၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်း အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အား ကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမည်ကို အလေးအနက်ထား ပြောကြားလိုပါ ကြောင်း တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1380
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
နိုင်ငံတော်ဘက်မှ အာရက္ခတပ်တော် (AA) အား စစ်ရေးဖြင့် ဖြေရှင်းသည့် နေရာတွင် အင်မတန်ကြိုးစား ဖြေရှင်း ရမည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ အခင်းအကျင်းအရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် မကွေးတိုင်း အနောက်ဘက်တို့သည် AA နှင့် ဆက်စပ်နေသည့် တိုင်းများဖြစ်ကာ ရခိုင် အပါအဝင် ထိုဒေသများ၌ စစ်ကြောင်းများ ထိုးလျက်ရှိကြောင်း၊ ထိုအခင်းအးကျင်း၌ ပုသိမ်-မုံရွာလမ်းမကြီးသည် မဟာဗျူဟာကျလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ ဘာလဲဆိုတော့ Sovereign State (အချုပ်အခြာအာဏာပိုင်နိုင်ငံ) နဲ့ Sub-autonomy State (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ၂ ခုရှိတယ်။ Sovereign State ဆိုတာ မြောက်အိုင်ယာလန် Belfast ကို IRA (Irish Republican Army) တွေ တိုက်ခိုက်ပြီးတော့မှ ဗြိတိန်နဲ့ နိုင်ငံရေး စကားပြောတဲ့ သမိုင်းကြောင်းရှိတယ်။ အဲဒါ Sovereign State ကို မြောက်အိုင်ယာလန်က အကောင်အထည် ဖော် တာ။ ကျန်တဲ့ဟာကြတော့ autonomous State တွေကကြတော့ သူက ဖိလစ်ပိုင်ရဲ့ မင်ဒါနာအိုကိစ္စတွေ၊ နောက် တစ်ခါ အိန္ဒိယရဲ့ ကျနော်တို့နားက အရှေ့မြောက် ပြည်နယ် ၈ ခုပေါ့နော်။ အဲဒါတွေကတော့ autonomous State တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နိုင်ငံရေးရလဒ်အဖြစ် အကောင်အထည်ဖော်တဲ့ ဥပမာတွေဖြစ်တယ်။ အဲဒီ တော့ AA က မြို့တော် စစ်တွေနဲ့ အရေးကြီးတဲ့ ကျောက်ဖြူကို စစ်ဆင်ရေးတွေ လုပ်နေတယ်။ ဒါ့အပြင် ပဲခူးတိုင်း ရဲ့ အနောက်ခြမ်းနဲ့ မကွေးတိုင်းရဲ့ အနောက်ဖက် ကပစ စက်ရုံကြီးတွေဘက်ကိုလည်း တိုက်တယ်။ ဧရာဝတီဘက် ကိုလည်း ပုသိမ်နားအထိ စစ်ကြောင်း ထိုးထားတာရှိတယ်။ အဲဒီအခါကြတော့ ဘာသွားမြင်လဲဆိုတော့ ရခိုင် AA က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် သူတို့လည်း ထုတ်ပြောထားတာ ရှိတယ်။ သူတို့ကတော့ ကွန်ဖက်ဒရေးရှင်း ဘက်ကိုသွားတဲ့ Sovereign State ဆန်ဆန် နိုင်ငံရေး ရည်မှန်းချက်ကို တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့် မို့လို့ နိုင်ငံတော်ကနေပြီးတော့မှ နိုင်ငံရေးပဋိပက္ခ စစ်ရေးနဲ့ဖြေရှင်းတဲ့နေရာမှာ တော်တော်ကြီး ကြိုးစားဖြေရှင်းရ မယ့် အနေအထားအထိ ကျနော်တို့ကတော့ တွေ့ရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံ တစ်နေရာကို တွေ့ရစဉ်
အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အပစ်ရပ် သဘောတူညီ ခဲ့ကြပြီး တစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ဖြစ်သည်။
ထိုတိုက်ပွဲများအကြား စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့မှအပ ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်ရှိ ကျန်မြို့နယ်များကို AA က ထိန်းချုပ်ထားသည့် အနေအထား ဖြစ်သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ အဖွဲ့ဖြစ်လည်း လှုပ်ရှားသည်။
ထို့ပြင် ကချင်၊ ချင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးတွဲစစ်ရေး လှုပ်ရှားလျက်ရှိသကဲ့သို့ နွေဦးတော်လှန်ရေး အင်အားစုများဖြင့်လည်း စစ်ရေးကို ဖြန့်ကျက်လှုပ်ရှားလျက်ရှိသည်။
AA နှင့် မြန်မာ့တပ်မတော်တို့အကြား မည်မျှပင် စစ်ရေးအရ သွားနေသည် ဆိုသော်လည်း နိုင်ငံရေးအရ စားပွဲဝိုင်း ပေါ်တွင် သဘောတူညီချက် လုပ်ရမည်ဖြစ်ကြောင်း၊ စစ်ရေး အသာရမှုအပေါ် မူတည်ကာ လိုလားချက်ကို ဆုံးဖြတ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
၎င်းက “ရန်သူကတော့ အမြဲတမ်းဖြေရှင်းဖို့ ကြိုးစားနေတာပဲ။ ၂၀၂၆ မဟုတ်ဘူး။ စတိုက်ကတည်းကကို သူတို့ ဘက်က ဖြေရှင်းဖို့ ကြိုးစားတာပဲ။ ဒါပေမယ့် တဖြေး တဖြေးနဲ့ နေပြီးတော့ အခုအခြေအနေအထိ ရောက်လာတဲ့ ပုံစံ။ ဒီတော့ ဖြေရှင်းဖို့ကတော့ သူတို့ကြိုးစားမယ်၊ လွယ်ခြင်း၊ မလွယ်ခြင်း ဆိုတာကတော့ အခုလက်ရှိဖြစ်နေတဲ့ ပကတိ အခြေအနေပေါ်မှာပဲ နိုင်ငံတစ်ဝှမ်းလုံး မချန်တဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ အကြောင်းအရာတွေ အကုန်လုံးကို ဆက်စပ်ပြီးမှ ပြောရမှာပေါ့။ ဘယ်လောက်ပဲ စစ်ရေးအရ သွားတယ်လို့ဆိုဆို တစ်နေ့မှာတော့ နိုင်ငံရေးအရတော့ စားပွဲဝိုင်းပေါ်မှာ agreement လုပ်ပြီးလို့ သဘောတူညီချက်တွေကတော့ လုပ်ရမှာပဲ။ ဒါပေမယ့် စစ်ရေးအရ အသာရတယ်ဆိုရင်တော့ စားပွဲဝိုင်းပေါ်မှာ ကိုယ်ကတော့ ကိုယ့်ရဲ့ လိုလားချက်တွေကို တင်းတင်းမာမာ ပြောပြီး တော့ ဆုံးဖြတ်လို့ ရတာပေါ့လေ။ ရှင်းရှင်းပြောရရင် သဘောတူညီချက် ဆိုတာကလည်း အနိုင်ရသူတွေရဲ့ အသာရ အောင် ဆုံးဖြတ်တဲ့ပုံစံပေါ့လေ” ဟု ပြောသည်။
ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင် တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောဆိုထားဖူးသည်။
တခြား တစ်ဖက်မှာတော့ AA နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ၍ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရုတ်ဘက်က အဆိုပြုချက်ကို AA က လက်ခံထားကြောင်း နီးစပ်သူများ က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 599
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ရာထူးတာဝန် လွှဲပြောင်းပေးခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က နေပြည်တော်ရှိ ဇေယျသီရိဗီမာန်၌ ကျင်းပခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 407
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ်က ဒုသမ္မတလောင်းများ အမည်စာရင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့ကြသည်။
ပြည်သူ့လွှတ်တော် အစုအဖွဲ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(တစည) က ဒေါက်တာကျော်ဆွေအား ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် အစုအဖွဲ့တွင် တိုင်းရင်းသားပါတီ အစုအဖွဲကနေ ဒေါက်တာမနမ်တူးဂျာကို ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ဒေါ်နန်းနီနီအေးကို ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့သည်။
ဒေါ်နန်းနီနီအေးသည် ကရင်ပြည်နယ် USDP ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 676
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇
(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ် ဒုတိယအဆင့် ၁ ဦးနှင့် တတိယအဆင့် ၂ ဦး စုစုပေါင်း ၃ ဦးတို့အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင် ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဂါရဝပြု တွေ့ဆုံ ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဘေးတစ်ဖက်စီမှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့လည်း တစ်ဝိုင်း တည်း တွေ့ရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တွေ့ဆုံခဲ့သည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ၃ ဦးမှာ တတိယအဆင့် ဦးအေးသိန်း(အသက် ၉၈ နှစ်)၊ တတိယအဆင့် ဦးဥာဏ်အေး(အသက် ၁၀၂ နှစ်)နှင့် ဒုတိယအဆင့် ဦးကျော်စိန် (အသက် ၁၀၁ နှစ်)တို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 281
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇
အိန္ဒိ-မြန်မာ နယ်စပ် ခြံစည်းရိုးခတ်ရာတွင် လုံခြုံရေးယူထားသည့် အာသံရိုင်ဖယ်တပ်ဖွဲ့ကို နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)က ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း NSCN-K/YA အဖွဲ့က ထုတ်ပြန်ခဲ့ သည်။
NSCN-YA က “နယ်နိမိတ်နှစ်ဖက်က နာဂလူမျိုးတွေ အားလုံးရဲ့ ပြင်းထန်တဲ့ ဆန့်ကျင် ကန့်ကွက်မှုများ ရှိခဲ့ သော်လည်း အိန္ဒိယဘက်က ဂရုမစိုက်ဘဲ တရားမဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေ ပါတယ်။ ဒါဟာ နာဂလူမျိုးတွေအပေါ် အိန္ဒိယက ကျူးလွန်နေတဲ့ ထင်ရှားတဲ့ ရာဇဝတ်မှု တစ်ခု ဖြစ်ပြီး၊ နိုင်ငံ တကာ ဥပဒေနဲ့ လူသားချင်း စာနာမှုဥပဒေရဲ့ အခြေခံ မူတွေကို လုံးဝ လျစ်လျူရှုနေတာ ဖြစ်ပါတယ်” ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါ နယ်စပ်ခြံစည်းရိုး ခတ်ခြင်း စီမံကိန်းသည် ကိုလိုနီစီမံကိန်းဖြစ်၍ ဘယ်နည်းနှင့်မဆို ပယ်ချသွားမည်ဟု NSCN-K/YA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

NSCN-K/YA အဖွဲ့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအတွင်း နေထိုင်ကြသည့် နာဂလူမျိုးများကို စုစည်း၍ လွတ်လပ်သော နာဂနိုင်ငံတော်အား ထူထောင်ရန် ရည်မှန်း၍ လက်နက်ကိုင် တော်လှန်လျက်ရှိသည်။
လက်ရှိမှာတော့ NSCN-K/YA သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဗဟိုဌာနချုပ်ထားရှိသလို အိန္ဒိယနိုင်ငံအတွင်းမှာလည်း အခြေခံစစ်စခန်းများထားရှိ၍ အိန္ဒိယ အစိုးရကို တော်လှန်လျက်ရှိသည်။
ထို့ကြောင့် အိန္ဒိယအစိုးရက မြန်မာ့တပ်မတော်နှင့် အစိုးရကို နာဂနှင့်ကသည်း လက်နက်ကိုင်များအား လက်ခံ ထားခြင်း မပြုရန် တောင်းဆိုလျက်ရှိသလို နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရန် လည်း ဆွေးနွေးလျက်ရှိသည်။
