- By CNI
- Category: နိုင်ငံရေး
- Hits: 311
CNI News
၂၀၂၅ ခုနှစ်၊ မတ် ၄
တိုင်းပြည်နှင့် ကိုက်ညီနိုင်သည့် ဖွဲ့စည်းပုံတစ်ခုခုအား အဖွဲ့အစည်းများအားလုံးမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ရမည့် အချိန်တစ်ခုလိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ကိုယ့်တိုင်းပြည်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံတစ်ခုခုအား အားလုံးပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည့်အချိန် တစ်ခုလိုအပ်ကြောင်း၊ အိန္ဒိယနိုင်ငံအတိုင်း တိုက်ရိုက်ဖြစ်ချင်မှ ဖြစ်မည်ဖြစ်ပြီး ပိုကောင်းသည့် အနေအထား တစ်ခုလည်း မရောက်ဘူး ပြော၍မရကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ထင်ရသလောက် ဆိုလို့ရှိရင်တော့ Governor အဆင့်ကို မြန်မာနိုင်ငံမှာ အစိုးရတွေက ကျင့်သုံးလိုခြင်း ရှိ၊ မရှိ ဆိုတာကတော့ အစိုးရပိုင်းကပဲ ပိုပြီးတော့မှ နားလည်လိမ့်မယ်လို့ ထင်ပါတယ်၊ အိန္ဒိယမှာကတော့ ဝန်ကြီး ချုပ်ရဲ့ အားနည်းချက်တွေ၊ ဝန်ကြီးတွေရဲ့ အားနည်းချက်တွေ အဲတာမျိုးကို ကျလို့ရှိရင် Governor (အုပ်ချုပ်ရေး မှူး)က ထိန်းချုပ်တဲ့စနစ်ကို သူတို့တွေက ကျင့်သုံးထားတယ်၊ နည်းနည်းတော့ ခပ်ရှုပ်ရှုပ်တော့ရှိတယ်၊ တိုင်းပြည်တစ်ခုရဲ့ အကြောင်းအရာ၊ တိုင်းပြည်တစ်ခုရဲ့ ဖွဲ့စည်းပုံကို နောက်တိုင်းပြည် တစ်ခုကနေ ပုံတူကူး ချမယ်ဆိုတာလည်း ဖြစ်ချင်မှဖြစ်မှာ၊ အဓိက ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ ဖက်စပ်နိုင်တဲ့ ဖွဲ့စည်းပုံ တစ်ခုခုကို တော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတွေရော၊ အစိုးရရော အားလုံးဝိုင်းပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် အချိန်တစ်ခုတော့ လိုတယ်၊ အိန္ဒိယအတိုင်းလည်း တိုက်ရိုက်ဖြစ်ချင်မှဖြစ်မယ်၊ ကိုယ့်တိုင်းပြည်ရဲ့ အနေအထားကို ကြည့်ပြီးတော့မှ အဲလိုမျိုး ဆွေးနွေးကြတဲ့ အခါမှာ ပိုပြီးတော့မှ ကောင်းတဲ့ အနေအထား တစ်ခုလည်း မရောက်ဘူးလို့ ပြောလို့တော့ ဘယ်ရမလဲ၊ အဓိက,က လုပ်ကြည့်ဖို့လိုတယ်၊ စနစ်သစ်တွေကို တီထွင်ပြီးတော့ လုပ်ကြည့်သင့်တယ်လို့တော့ မြင်ပါ တယ်”ဟု ပြောသည်။
NSPNC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ အကြား ဆွေးနွေးလျက်ရှိနေသည်။
ထိုဆွေးနွေးမှုများအနက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၂၆၁ အား ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါက အိန္ဒိယကဲ့သို့ ဝန်ကြီးချုပ်များအား Governor (အုပ်ချုပ်ရေးမှူး) မှတဆင့် ထိန်းချုပ်သောအဆင့်အား ကျင့်သုံး လာမည်လားဆိုကာ မေးခွန်းများလည်း ထွက်ပေါ်လျက်ရှိသည်။
၂၀၀၈ ခြေ/ဥ ဖြင့် စဥ်းစားသည့်အခါ ပုဒ်မ ၂၆၁ သည် အုပ်ချုပ်ရေး တစ်ခုပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှ အားလုံးကို ချုပ်ကိုင်ထားပြီး ပုဒ်မ ၂၆၁ အား ဖွင့်ပေးရုံဖြင့်လည်း ပြေလည်မှုရရန် ခက်ခဲနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
NSPNC နဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးထားချက်ကို တွေ့ရစဉ်
၎င်းက “၂၆၁ က အုပ်ချုပ်ရေး တစ်ခုပဲဗျ၊ ၂၆၁ က အုပ်ချုပ်ရုံလောက်နဲ့ အိန္ဒိယတို့ ဘာတို့မှာက အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် သူ့ရဲ့ ဖွဲ့စည်းပုံက ခိုင်မာတာပေါ့၊ သမ္မတက အုပ်ချုပ်တယ်၊ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ်၊ အဲတော့ တခြား ပြည်နယ်တွေမှာကျတော့ သမ္မတကြီးက တိုက်ရိုက်ခန့်တဲ့ Governor (အုပ်ချုပ်ရေးမှူး)နဲ့ အုပ်ချုပ်တာပေါ့၊ တစ်နည်းအားဖြင့် Governor (အုပ်ချုပ်ရေးမှူး) ဟာ သမ္မတကြီးရဲ့ အေးဂျင့် ဖြစ်သွားတာ ပေါ့ဗျာ၊ သူ့ရဲ့လုပ်ပိုင်ခွင့် အဆင့်ဆင့်ပါ၊ အဲတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အိန္ဒိယဖွဲ့စည်းပုံက မတူဘူးဗျ၊ သမ္မတကို လွှတ်တော်က အတည်ပြုပေးတယ်၊ အာဏာရပါတီက အဆိုပြုတယ်ပေါ့ဗျာ၊ လွှတ်တော်က ခန့်အပ်တယ်၊ သမ္မတကြီးဆီမှာ ခုနက အနိုင်ရတဲ့ ပါတီရဲ့ ဝန်ကြီးချုပ်လောင်းလျာပေ့ါဗျာ၊ သူက ကျမ်းကျိန်ပေးရတာပေါ့၊ အဲတော့ သမ္မတလုပ်ပိုင်ခွင့်ရှိတယ်၊ ပြည်နယ်ဝန်ကြီးချုပ်တွေက Governor (အုပ်ချုပ်ရေးမှူး) တွေဆီမှာ ကျမ်းကျိန်ရတာပေါ့၊ တစ်နည်းအားဖြင့် Governor (အုပ်ချုပ်ရေးမှူး) တွေက သမ္မတကြီးရဲ့ အေးဂျင့် ဖြစ်တာ ပေါ့ဗျာ၊ ဒါက သူ့ဖွဲ့စည်းပုံနဲ့ သူသွားတာကိုး၊ အဲတော့ ၂၀၀၈ နဲ့ စဥ်းစားတဲ့အခါ ၂၆၁ သည် အဲတာက အုပ်ချုပ်ရေး တစ်ခုပဲဗျ၊ အကုန်လုံးကို ပြည်ထောင်စုက ချုပ်ကိုင်ထားမှာလား၊ အဲလိုချုပ်ကိုင်ထားပြီးတော့ ၂၆၁ ကို ဖွင့်ပေးရုံနဲ့လည်း ပြေလည်မှုရဖို့က ခက်တယ်ဗျ” ဟု ပြောသည်။
NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃-၂၄ ရက်များတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားစုစည်းချက် ၄၃ ချက်အား လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုသဘောတူညီချက် ၄၃ ချက်အနက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်သည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းရန် သဘောတူဆုံးဖြတ် နိုင်ခဲ့ ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အာဏာခွဲဝေခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေခြင်းသည် အရေးပါကြောင်း၊ ယခုသဘောတူညီချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ဆိုင်ရာ ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ရွေးကောက်တင်မြှောက်ခွင့် ရရှိလာမည် ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 361
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
နောင်လာမည့် လွှတ်တော်အခင်းအကျင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) တစ်ခုလုံး ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ ညီလာခံတစ်ခု ကျင်းပပေးရန် ဆွေးနွေးထားသည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အချက်များကို ဆွေးနွေးထားကြကြောင်း သိရသည်။
ဦးကိုကိုကြီးက “ကျနော်တို့က နောင်လာမယ့် လွှတ်တော်မှာ သင့်တော်တဲ့အချိန်တစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခု ကျင်းပဖို့ ကျနော်တို့ ဆွေးနွေးထားတယ်။ အဲဒါက အားလုံး ပါဝင်သော ဆိုတာထက် ပို၍ပို၍ ပြည့်စုံသောပေါ့။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဆွေးနွေးသွားခြင်းအားဖြင့် ပိုပြီး ကျယ် ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်က အဲလိုပဲ ယုံကြည်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
NSPNC နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ ဆွေးနွေးထားချက်များကို တွေ့ရစဉ်
လက်ရှိတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် NSPNC တို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးထားရာတွင် ပြင်ဆင်နိုင်ရေး သဘောထားစုစည်းချက် ၄၃ ချက် ရရှိထားပြီး ဆက်လက် ဆွေးနွေးရန် အချက် ၇ ချက်ရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း၍ အသစ်ရေးဆွဲရန် လက်နက်ကိုင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီတချို့က တောင်းဆိုထားကြသည်။
သို့သော် မြန်မာ့တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် အတွက် ဖျက်သိမ်းရေး တောင်းဆိုမှုများကို လက်မခံဘဲ ပြင်ဆင်ရေးကိုသာ လက်ခံကြောင်း သဘောထားရပ် တည်လျက်ရှိသည်။
နစကသည် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြေ ရှိ/မရှိ မသေချာသေးသည့်အတွက် လွှတ်တော်ပေါ်ပေါက်လာရေးမှာ မျှော်လင့်ချက် နည်းနေသေးကြောင်း၊ လွှတ်တော်ပေါ်လာပါကလည်း သင့်တော်သည့်အချိန်ဆိုသည်မှာ မည်သည့် အချိန်ကို ဆိုလိုသလဲ တိတိကျကျ မပြောနိုင်ခြင်းကို လေ့လာကြည့်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံး ပြင်ဆင်သုံးသပ်ခြင်း ညီလာခံပေါ်ပေါက်ဖို့မှာ ဖြစ်နိုင်ပါ့မလားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တွေ့ရစဉ်
လက်ရှိအချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံး၍ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာပြီး အုပ်ချုပ်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကျင်းပ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရန် တောင်းဆိုနေပြီး ကြိုတင် သဘောတူညီချက်များ ရရှိရေးအတွက်လည်း နစက၏ NSPNC နှင့် တွေ့ဆုံ ဆွေးနွေး လျက်ရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရ သည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသော်လည်း မည်သည့် အချိန်တွင် ကျင်းပ မည်ဟု တိတိကျကျ ပြောကြားမထားသည့်အတွက် စိုးရိမ်မှုများလည်း ရှိနေကြသည်။
နစကနှင့် နီးစပ်သူများကတော့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စသည့် လများအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အာဏာလွှဲပြောင်းရေးကို လုပ်လာနိုင်ကြောင်း ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 249
CNI News
၂၀၂၅ ခုနှစ်၊ မတ် ၃
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေစိုးမိုးမှု အငြင်းပွားဖွယ်ရာ ပြဿနာများ ပိုမို မပြင်းထန် လာစေရန်အတွက် မည်သို့ဖြေရှင်းရမည်ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေ စိုးမိုးမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ အငြင်းပွားမှု ပြဿနာများမှာလည်း ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် သိမ်းပိုက်ထားသည့် နယ်မြေများမှာ မိမိတို့လူမျိုးအတွက်ဟု ပုံသေသတ်မှတ်မည်ဆိုပါက ပြဿနာ များမှာ ဖြေရှင်းရခက်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
KIA နဲ့ TNLA နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေကြစဉ်
၎င်းက “လိမ္မာပါးနပ်ဖို့ လိုတယ်လို့ ထင်တယ်။ အခုက တချို့ စစ်တိုက်လို့ရတဲ့ နေရာတွေက ကိုယ့်နေရာ ဆိုပြီး တော့ အဲဒီလိုမျိုး အယူအဆတွေတော့ ရှိတာပေါ့၊ အဲဒါတွေက ပြဿနာ အများကြီးဖြစ်မှာပဲ။ ဒီဟာတွေက ရှမ်းမြောက်မှာလည်း ရှိနိုင်တယ်၊ ရှမ်းတောင်မှာလည်း ရှိနိုင်တယ်။ ကချင်မှာလည်း ရှိနိုင်တယ်။ စစ်ကိုင်းမှာလည်း ရှိနိုင်တယ်။ အဲဒီလိုမျိုး အများကြီးရှိတာပေါ့။ ရခိုင်လိုမျိုး လူမျိုးတစ်မျိုးတည်း အများကြီးရှိတဲ့ ပြည်နယ်တွေမှာ တောင်မှ အဲဒီလို ပြဿနာတွေရှိတယ်။ ဗမာလူမျိုးတွေက ထပ်နေကြတယ်၊ ရောနှောနေကြတယ်။ ဆိုတော့ ကိုယ့်တပ် တစ်ခုတည်းက ရတာနဲ့တင် ကိုယ့်လူမျိုးတစ်ခုပဲက နည်းနည်း ပြောရခက်တယ်။ အဲဒီလို ပြောတယ် ဆိုရင် ဖြေရှင်းရခက်လိမ့်မယ်၊ ပြဿနာတွေက မပြီးဘဲနဲ့ ဆက်ပြီးတော့ ရှည်ကြာမယ့် သဘောရှိတယ်။ အခုက ကိုယ့်မိသားစု၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အရပ်ဒေသ တစ်ခုတည်း ကြည့်နေရင်တော့ ပြဿနာကပြီးမှာ မဟုတ် ဘူး။ မြန်မာနိုင်ငံ တစ်ခုလုံးကို ခြုံပြီးကြည့်ဖို့လိုတယ် အားလုံးပေါ့။ အဲဒီလို ခြုံကြည့်ပြီးတော့ စေတနာထားပြီး ဆောင်ရွက်ရင်တော့ အဆင်ပြေမှာပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်းအတွက်ပဲ လုပ်ကြမယ် ဆိုရင်တော့ ပြဿနာတွေက ရှည်ကြာနေဦးမှာပဲ”ဟု ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တွင် KIA နှင့် TNLA ကြားလည်းကောင်း၊ KIA နှင့် MNDAA ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း၊ RCSS နှင့် SSPP ကြားလည်းကောင်း၊ PNO နှင့် PNLO ကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများဖြစ်ပွားနေသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အတွင်းမှာ NMSP နှင့် KNU ကြားလည်းကောင်း၊ KNU နှင့် KTLA ကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများဖြစ်ပွားနေသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နယ်မြေများကို ရသလောက် သိမ်းယူထား သောကြောင့် ၎င်းတို့လူမျိုးများ အများစုရှိသည့် ဒေသများ ဟုတ်ချင်မှ ဟုတ်မည်ဖြစ်ကြောင်း၊ နယ်မြေစိုးမိုးမှု အပေါ် ပြန်၍ ညှိနှိုင်းရမည့် အနေအထားဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
KIA နဲ့ TNLA နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေကြစဉ်
၎င်းက “အခုကတော့ TNLA ပဲဖြစ်ဖြစ်၊ KIA ပဲဖြစ်ဖြစ် ကျန်တဲ့အဖွဲ့တွေပဲဖြစ်ဖြစ် ရသလောက် ယူထားတာ ဖြစ်တာကိုး။ တကယ့် တကယ်တော့ သူတို့လူမျိုးတွေရှိတဲ့ အများစုဒေသ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ နောင်မှ ပြန်ဖြေရှင်း မယ်ဆိုပြီး ပြောတာလည်း ကြားတယ်။ TNLA ဆိုတာ တကယ့်တကယ်က ဘယ်လောက်မှ ရှိတာ မဟုတ်ဘူးလေ။ သူတို့အများစုရှိတဲ့ မြို့နယ်က။ ဒါပေမယ့် သူတို့သိမ်းထားတာ တော်တော်များတာကိုး။ ပြီးရင် တော့ ပြန်ညှိနှိုင်းရမယ်ထင်တယ်။ ကျမ တွေ့တာတော့ အဲဒီလို ဒေသတစ်ခုမှာ လူမျိုးတစ်ခုတည်း မဟုတ်ဘဲ ၂ မျိုး၊ ၃ မျိုးရှိရင်လည်း အဲဒီလို ၂ မျိုး ၃ မျိုးကို ပူးပေါင်းပြီး တပ်ပေါင်းစုလို အုပ်ချုပ်တာတွေရှိတယ်။ တရုတ်ပြည် ဆိုပါတော့။ တရုတ်ပြည်ရဲ့ လူမျိုးစုပေါ်လစီမှာ ကျမ ကြည့်တာတော့ အဲဒီလိုမြင်တယ်။ ဥပမာ ဒီခရိုင်က ဂျိမ်းဖော များရင် ဂျိမ်းဖောတွေ အုပ်ချုပ်၊ ဂျိမ်းဖောက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားတာပေါ့။ ပန်ဆိုင်းရဲ့ မျက်နှာချင်းဆိုင် မှာလည်း ခရိုင်တစ်ခုရှိတယ်။ အဲဒီခရိုင်မှာလည်း မြို့နယ်လေးတွေ ခွဲပေးထားတယ်” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းဒေသကြီး၊ မကွေးဒေသကြီး အစရှိသည့် ဒေသများမှ မြို့နယ်အများစုကို နစကမှ လက်လွှတ်ထားရသကဲ့သို့ ဧရာဝတီဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဘက်တို့၌လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထို့ကြောင့် နစကအနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များထဲမှ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ပလောင်တပ်ဖွဲ့(TNLA)တို့ဖြင့် တွေ့ဆုံဆွေးနွေးထားသော်လည်း TNLA နှင့် အဆင်မပြေဖြစ်ကာ ဆွေးနွေးမှု ပျက်သွားခဲ့သည်။
(၄)နှစ်ကျော် ရှိလာပြီဖြစ်သည့် မြန်မာ့နိုင်ငံရေးအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် နိုင်ငံတကာ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ NCA ထိုးထားသည့် အဖွဲ့များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လုပ်ကိုင် နေသူများက တိုက်တွန်းထားကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 346
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးသည် ယုံကြည်မှု တည်ဆောက်ပြီးမှသာ ရရှိမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် ပြည်သူလူထုအား ချစ်သည့် စိတ်နေစိတ်ထားများ ထားရှိပါက တိုင်းပြည်ကို ကယ်တင်၍ ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တို့ တွက်တာကတော့ ယုံကြည်မှု ပြန်လည်တည်ဆောက် ရမှာပေါ့ဗျာ၊ ငြိမ်းချမ်းရေးဆိုတာက ယုံကြည်မှု တည်ဆောက်ပြီးမှ ဖြစ်ရတာ၊ အခုက ဘယ်ဘက်ကမှ ယုံကြည်မှု မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်၊ အုပ်ချုပ်တဲ့သူဖက်ကလည်း တစ်မျိုးဖြစ်နေတယ်၊ ဒီဖက်က လက်နက်ကိုင် ဆန့်ကျင် တဲ့ ဘက်ကလည်း တစ်မျိုးဖြစ်နေတယ်၊ ဒါကြောင့် ယုံကြည်မှု မရဘူးထင်တယ်၊ နောက်တစ်ခုက စိတ်နေစိတ် ထားက ပြည်ထောင်စုကိုချစ်တဲ့ စိတ်နေစိတ်ထား လက်နက်ကိုင်အားလုံးမှာ ပြည်သူကိုချစ်တဲ့စိတ် ပြည်ထောင်စု ကို ချစ်တဲ့စိတ်တွေ ထားကြရင်တော့ ပြန်ပြီးတော့ တိုင်းပြည်ကို ကယ်တင်လို့ ရတာပေါ့နော်၊ ဆွေးနွေးပွဲ လုပ်လို့ ရမယ်၊ ဘက်အသီးသီးပေါ့ဗျာ အခုပဋိပက္ခမှာပါနေတဲ့ လက်နက်ကိုင် ဘက်အသီးသီးက စဥ်းစားဖို့ သင့်ပြီလို့တော့ ကျနော် အကြံပေးချင်တာပေါ့၊ ယုံကြည်မှု တည်ဆောက်ပြီးတော့ ပြည်သူကို မျက်နှာမူကြမယ် ဆိုရင်တော့ ဆွေးနွေးပွဲက ဖြစ်လာမှာပါ” ဟု ပြောသည်။
ကချင်တိုင်းရင်းသားများကို တွေ့ရစဉ်
မြန်မာပြည်ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄-၂၅ ရက်များတွင် ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံရေးပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ကြိုဆိုလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ဒေသခံ တိုင်းရင်းသားများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာရေး အားပေးရန် မေတ္တာရပ်ခံကြောင်းလည်း နစကဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ရန် မလွယ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
NCA နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ်
ခွန်မြင့်ထွန်းက “ဒီငြိမ်းချမ်းရေး ဖြစ်စဥ်အတွက်ကတော့ အားလုံးကတော့ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဥ် တစ်ခုလည်း ဖြတ်သန်းခဲ့တာပဲလေ၊ အဲတော့ အဓိက,ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့၊ တာဝန်ယူမှု၊ တာဝန်ခံ မှု မရှိခဲ့တဲ့ အခါကျတော့ NCA နဲ့လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်လည်း ပျက်ခဲ့တာပေါ့နော်၊ အဲတော့ တကယ်တော့ စစ်တပ်ကနေ အာဏာမသိမ်းခဲ့ဘူး၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခဲ့တယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဥ်က ဒါတော်တော် လေးကို အရှိန်အဟုန် ကောင်းနေမှာ စစ်တပ်က ဖျက်စီးပစ်ခဲ့တဲ့ အခါကျတော့ အခုဒီငြိမ်းချမ်းရေး ဖြစ်စဥ်ကို တကယ်လို့ ကျနော်တို့ ဆောင်ရွက်ကြမယ်ဆိုရင် အဓိကအချက်ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပါပဲ၊ တာဝန်ယူ မှု၊ တာဝန်ခံမှု မရှိဘဲနဲ့ကတော့ ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ဖို့ဆိုတာ မလွယ်ပါဘူး၊ အခြေခံ အကျဆုံး ကတော့ အဲဒီအချက်ပါပဲ” ဟု ပြောသည်။
မြန်မာ့ပြည်တွင်းရေး ပြဿနာအား ပြည်တွင်းမှာပင် ဖြေရှင်းရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ အတွက် နိုင်ငံတကာ၏ တွန်းအားပေးမှုများ၊ လုပ်ဆောင်ချက်များလည်း လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အား အရှိန်မြှင့် ဆောင်ရွက်ရန် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် Free Malaysia Today (FMT) က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရန် တရုတ်အနေဖြင့် တိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း အစွမ်းကုန်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 376
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကနေ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားသမ္မတ ပူတင်က တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် အတွက် ဖိတ်ကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် မတ်လ ၄ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး ကြမည်ဖြစ်သည်။
အလားတူ ရုရှားဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ရုရှားအစိုးရအဖွဲ့ဝင်များဖြင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ၌ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဟု နစကဘက်က ထုတ်ပြန်ထားသည်။
နစကဥက္ကဋ္ဌ၏ ရုရှားခရီးစဉ်သို့ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 285
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်များတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်လုပ်ကိုင် ခဲ့သူများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ (စည်သူဘွဲ့)ပေးအပ် ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ ကြ၍ စည်သူဘွဲ့ပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစကမှ စည်သူဘွဲ့ ပေးအပ်ခဲ့သူများမှာ ဦးဝဏ္ဏမောင်လွင် (နစကအဖွဲ့ဝင်)၊ ဦးသန်းဆွေ (နစက- နိုင်ငံခြားရေးဝန် ကြီး)၊ ဦးအောင်သောင်း (အဖွဲ့ခေါင်းဆောင်(ငြိမ်း)- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့)၊ ဦးအောင်မင်း(ဒုဥက္ကဋ္ဌ(ငြိမ်း)- ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ)၊ ဦးသိန်းဇော် (ဒုဥက္ကဋ္ဌ (ငြိမ်း)- UPWC)၊ ဦးခင်မောင်စိုး (အဖွဲ့ဝင်(ငြိမ်း)- ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့)တို့ ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း(ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင်မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီမှ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(ငြိမ်း)တို့ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 354
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်၍ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌသည် သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးကို မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။
ရုရှားခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှား ဒူးမားလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
နစကသည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး မကြာခဏ ရုရှားသံတမန်များ မြန်မာနိုင်ငံသို့ လာရောက် လေ့ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရုရှားနိုင်ငံကို ရေနက်ဆိပ်ကမ်းစီမံကိန်းအား လုပ်ပိုင်ခွင့်ပေးအပ်သော သဘောတူညီ ချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 305
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ပါတီစုံဒီမိုကရေစီအစား တစ်ပါတီစနစ်ဖြင့် သွားမည်ဆိုပါက အကွဲကွဲအပြားပြားဖြစ်နေသည့် လက်ရှိကာလမျိုး၌ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
တစ်ပါတီစနစ် ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး (လမ်းစဉ်) အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခုတည်းမှ အုပ်ချုပ်သည့်စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည်အာဏာအား ဆုပ်ကိုင်ထား၍ အုပ်ချုပ်ခြင်းဖြစ်သည်။
လက်ရှိ ဒီမိုကရေစီစနစ်တွင် ကျင့်သုံးသည့်အတိုင်း လွှတ်တော်၊ တရားရုံးချုပ် အစရှိသည့် အဆောက်အဦးများ၊ လုပ်ငန်းတာဝန်များအားလုံး ပြည့်စုံစွာ ပါဝင်သော်လည်း အစစ်အမှန် အာဏာရှိသူမှာ တိုင်းပြည်ကို အုပ်ချုပ်နေ သည့် ပါတီသာဖြစ်သည်။
SNLD မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော်တို့ကတော့ ပါတီစုံဒီမိုကရေစီဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ လူတွေပဲ။ လက်ရှိ အခြေအနေအတိုင်း ကြည့်လိုက်ရင် တစ်ပါတီစနစ်ဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုလက်ရှိ အခြေအနေ က ဒီလောက် အကွဲကွဲအပြားပြား သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ ကာလမျိုးမှာ တစ်ပါတီတည်းဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှစကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီတည်းက အုပ်ချုပ်ခဲ့ သဖြင့် တစ်ပါတီစနစ်ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။
မြန်မာနိုင်ငံမှ ပြည်သူလူထုသည် တစ်ပါတီစနစ်၏ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းအောက်တွင် နေထိုင်ခဲ့ ရဖူးသည့်အတွက် ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြကြောင်း၊ ဒီမိုကရေစီအနှစ်သာရကို ခံစားရသည်မှာ သိပ်မကြာသေးကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး အားလုံး သဘောတူထားပြီးဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် ပြည်သူ့မျက်နှာကြည့်၍ အလုပ်လုပ်စေချင်ကြောင်း ၎င်းက ပြောသည်။
ဦးစိုင်းဋ္ဌေးအောင်က “တစ်ပါတီရဲ့ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ပြီး ပါပြီ။ ဒါကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အင်မတန်မှ နောက်ကျခဲ့ပါတယ်။ စနစ်မှားတာလား လုပ်ဆောင်တဲ့ လူ မှားတာလားဆိုတာ မပြောလိုဘူးပေါ့။ နောက် ပါတီစုံ ရောက်လာတဲ့အခါကြတော့ ပါတီတွေ ဒီမိုကရေစီ အရသာကို ၂၀၁၀ ကနေ ၂၀၂၀ အထိကို ပြည်သူလူထုက ၁၀ နှစ်တာအတွင်းမှာ ဒီမိုကရေစီအရသာလေးကို စပြီး မြည်းစမ်းကြည့်ရုံလေးမှာ လွတ်လပ်မှုတွေ ပိုပြီး ပေါ်လာတာပေါ့။ ပြည်သူပြည်သူလို့ ပြောပေမယ့် နိုင်ငံရေးသမား တွေက ဆုံးဖြတ်သွားတာ ဖြစ်တဲ့အတွက် ပြည်သူ့မျက်နှာကြည့်ပြီးမှ အလုပ်လုပ်စေချင်တယ် နိုင်ငံရေးသမားတွေ အနေနဲ့။ အခုကျနော်တို့ မြန်မာနိုင်ငံဆို ဒီမိုကရေစီရရှိတာ သိပ်မကြာသေးပါဘူး။ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးရင်း အရင်းရှင်ဒီမိုကရေစီ ဖြစ်လာတယ်။ မဆလခေတ်မှာ ကျင့်သုံးလာတဲ့ ဆိုရှယ်ဒီမိုကရေစီ ဒါပေမယ့် ဒီမိုကရေစီ အရသာ မရှိပါဘူး။ လောလောဆယ် အခြေအနေကတော့ ဒီမိုကရေစီကျင့်သုံးရင်း ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်လို့ အားလုံး သဘောတူထားပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူကို ကိုယ်တိုင် ရွေးချယ်အုပ်ချုပ်စေသော စနစ် ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်၍ ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့က နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးသည် နိုင်ငံရေး ရည်မှန်းချက်ဖြစ်ကြောင်း ပြောဆိုဖူးသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်ကာ အာဏာတည်ဆောက်မှုများပြုလုပ်၍ အုပ်ချုပ်ရေးထူထောင်နေကြ၍ ပါတီစုံဒီမိုကရေစီ စနစ်နေရာမှာ စစ်ဘုရင်ဝါဒများ ထွန်းကားလာမည်ကို စိုးရိမ်နေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 245
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ကတိကဝတ်များ ခံထားသည့်အပြင် နိုင်ငံတကာက အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားသည့်တိုင် မည်သည့်အတွက်ကြောင့် ဖောက်ဖျက်ခံ နေရလဲဆိုသည့်အပေါ် ပြည်သူလူထုအကြား မေးခွန်းထုတ်နေကြသည်။
NCA ဖောက်ဖျက်ခံနေရခြင်းသည် စာချုပ်အတိုင်း မည်သူမျှ မလိုက်နာနိုင်ကြ၍ဖြစ်ကြောင်း၊ လိုက်နာမည်ဆိုလျှင် NCA ပေါ်မှ ဆွေးနွေးမှုများ ရနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “စာချုပ်အတိုင်း ဘယ်သူမှ မလုပ်လို့ပေါ့ဗျာ၊ စာချုပ်မှာ လက်မှတ်ထိုးတာက ကျနော် မှတ်မိသလောက် အစိုးရဆိုတဲ့ အစုအဖွဲ့ကနေပြီးတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ၃ ပါတီ ထိုးတယ်ဗျ၊ ကျနော်တို့ ဘက်ကတော့ အဖွဲ့အစည်း အသီးသီးရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နောက်စစ်ဦးစီးချုပ် ၃ ယောက် ထိုးတယ်ဗျ၊ အဲဒီလို ကတိကဝတ် အာမခံထားသော်လည်းပဲ ဘာကြောင့် ဖောက်တာလဲဆိုတော့ ကျနော် တို့ နှစ်ဖက်စလုံးပေါ့ဗျာ၊ အစိုးရကလည်း သူပြိုကွဲသွားတယ်၊ လွှတ်တော်နဲ့ အစိုးရက မရှိဘူး၊ တပ်မတော် ကျန် တယ်၊ ၃ ယောက် ၃ ဖွဲ့မှာ တပ်မတော်ကျန်တယ်။ NCA ထိုးတဲ့ထဲမှာ ကျန်တဲ့ လွှတ်တော်ကလည်း မရှိတော့ဘူး၊ နောက်တစ်ခါ ဒီ NCA ထိုးတဲ့ထဲမှာလည်းပဲ NCA ထိုးခဲ့တဲ့ အဖွဲ့တချို့က NCA က ပြန်လည် နုတ်ထွက်တယ် ဆိုပြီး တော့ ကြေညာပြီးတော့ နုတ်ထွက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြတယ်ဗျ၊ မလိုက်နာနိုင်ကြလို့ ပါ၊ စာချုပ်ကတော့ သိက္ခာရှိပါတယ်၊ ဥပဒေစာတမ်းလည်း ဖြစ်ပါတယ်၊ လွှတ်တော်ကလည်း အတည်ပြုပြီးသား စာချုပ်ဖြစ်ပါတယ်၊ ဒါကြောင့် လိုက်နာမယ်ဆိုရင် ဘယ်ဘက်က ဖြစ်ဖြစ်ပေါ့ဗျာ၊ အားလုံးလိုက်နာကြမယ် ဆိုရင် တော့ ဆွေးနွေးမှုရနိုင်ပါတယ်။ ဒီ NCA လမ်းကြောင်းပေါ်က ဆွေးနွေးလို့ ရနိုင်ပါတယ်” ဟု ပြောသည်။
NCA လက်မှတ်ထိုးပွဲ ကျင်းပနေစဉ်
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ NCA ကို လက်မှတ်ထိုးခဲ့သည်။
အဆိုပါ NCA စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း အပါအဝင် ပြည်တွင်းရှိ အသိသက်သေ များလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားခဲ့သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များအကြား NCA ပျက်ခြင်း၊ မပျက်ခြင်း အပေါ် ငြင်းခုန်မှုများ ရှိခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA မှာ ပျက်သွားပြီး ဖြစ်၍ လိုက်နာစရာမလိုတော့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့သည်။
NCA (၈)နှစ်ပြည့် အခမ်းအနားကျင်းပစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထား သည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိပဲ တည်ရှိနေမည့် စာချုပ်ဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
NCA စာချုပ် ဖောက်ဖျက်ခံနေရသည်မှာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများ ကင်းမဲ့လာသောကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စောမြရာဇာလင်းက “အဓိက,ကတော့ တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုတွေ ကင်းမဲ့လာကြတယ်လို့ တိုတို ရှင်းရှင်း ပြောချင်ပါတယ်၊ ဘာကြောင့်လဲ ဆိုလို့ရှိရင် NCA စာချုပ် ချုပ်ပြီးတဲ့နောက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဆွေးနွေးကြတဲ့အခါမှာ အထေ့အငေါ့တွေ ဖြစ်ခဲ့ကြတယ်၊ အထူး သဖြင့် ဆိုလို့ရှိရင် တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ ကိစ္စတွေပေါ့၊ တစ်ခုတည်းသော တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာ ပွင့်ပွင့်လင်းလင်း နှစ်ဖက်စလုံးမှာက ပြောတဲ့အနေအထားက တအား အားနည်းခဲ့တယ်၊ စကား ပြောရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ် နှစ်ဖက်စလုံးက အဲလိုမျိုး မပွင့်လင်းကြတဲ့ ကိစ္စတွေနဲ့ ဆွေးနွေးပွဲမှာ အဆင်မချောခဲ့တဲ့ ကိစ္စတွေကြောင့်ပဲ ဒီသံသရာက ရှည်လာတယ်လို့ပဲ ပြောချင်ပါတယ်၊ အဲဒီတစ်ခု ထဲလားဆိုတော့ တစ်ခုထဲလည်း မဟုတ်ဘူး၊ အဓိက ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ဆွေးနွေးရမယ့် ကိစ္စတွေက လည်း ရှိခဲ့တယ်၊ ဒါပေမယ့်လို့ ၂၀၂၀ အလွန်မှာကျတော့ နိုင်ငံရေးရဲ့ အခြေအနေက အပြောင်းအလဲတွေ ဖြစ်သွား တော့ လိုအပ်သလို မဆွေးနွေးခဲ့နိုင်ဘူး၊ အဲဒါက အဓိက အချက်တွေ ဖြစ်ခဲ့တယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုပြောကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။