- By CNI
- Category: နိုင်ငံရေး
- Hits: 383
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
မြန်မာနိုင်ငံတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ NUG-CRPH အဖွဲ့များ ပါလာနိုင်သလား စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်း ထုတ် နေကြသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA ထိုးထားပြီးတော့ ၂၀၂၁-၂၀၂၅ အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ရသေးသော KNU,CNF,ABSDF တို့အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေး ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။
NCA တွင် လက်မှတ်ထိုးပြီး ပြန်ထွက်သွားသည့် အဖွဲ့အား ဦးစားပေး ပြန်ခေါ်သည့် သဘောဖြစ်ကြောင်း၊ ထိုအဖွဲ့ များသည် NUG ပါသည့် ဖက်ဒရယ်ပေါ်ထွန်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းထားခြင်းကြောင့် ၎င်းတို့ ငြိမ်းချမ်းရေးမှာ ပြန် လည် ပါဝင်လာပါက NUG-CRPH ကိုလည်း ဆွဲခေါ်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “သူတို့ လက်တွေ့ ဖိတ်ခေါ်ပါတယ်။ နံပါတ် ၁၊ နံပါတ် ၂ က NCA သဘောတူထိုးပြီးပြီ။ ထိုးပြီးတော့မှ ပြန်ထွက်သွားတဲ့အဖွဲ့ကို သူပြန်ခေါ်တာ အဲဒါဦးစားပေး ပြန်ခေါ်တဲ့သဘော။ နောက်ပြီးတော့ အခုနောက်ပိုင်း ဖွဲ့လိုက်တဲ့ ဒီ ဖက်ဒရယ်ပေါ်ထွန်းရေး အဲဒီအဖွဲ့က NUG နဲ့ CRPH ကို အစွဲပြုတဲ့သဘောပါ။ တစ်နေ့ ဆွေးနွေးပွဲ ပေါ်လာရင် NUG နဲ့ CRPH တို့လည်းပဲ ဆွေးနွေးပွဲမှာ စားပွဲမှာ ဝင်ထိုင်နိုင်အောင် ပလက်ဖောင်း ခင်းပေးတဲ့ သဘောမျိုး တွေ့ရပါတယ်။ ဒါကြောင့် ပလပ်ဖောင်း ခင်းပေးတဲ့ အဖွဲ့တွေက မကျန်အောင်ပေါ့လေ။ အဲဒီလို သဘောမျိုးရှိတယ်။ သို့သော် NCA ကိုပဲ ပထမ ကျနော်တို့ ဦးစားပေး ပင်တိုင်ထားမယ်ဆိုရင်တော့ NCA ထိုးထား တဲ့ အဖွဲ့တွေ၊ ထိုးပြီးတော့ ပြန်ထွက်တဲ့ အဖွဲ့တွေကိုတော့ အရင်ပြန်ခေါ်နိုင်တာပေါ့။ အဲဒါ CNF နဲ့ KIA ပေါ့။ ဒါက တော့ NCA ထိုးပြီးပြီ ထိုးပြီးတော့မှ NCA ပြတ်ပြီဆိုပြီးတော့မှ ထွက်သွားတာကို။ သူတို့ပြန်လာမယ် ဆိုရင်လည်း ဒီတိုင်းလာတာထက်စာရင် အပေါင်းအသင်းတွေ လိုက်စုတဲ့ သဘောမျိုးပါပဲ။ လိုက်စုတဲ့ အနေနဲ့ အရင်အဖွဲ့သစ် တစ်ဖွဲ့ ဖွဲ့လိုက်တာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒါကြောင့် အဲဒီပေါ်မှာလည်းပဲ ပြန်လာတဲ့အချိန်မှာ နည်းနည်း စျေးတင်တဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကိုတော့ ဒီဆွေးနွေးပွဲ တကယ် ဖြစ်လာတဲ့ အချိန်ကျမှ စောင့်ကြည့်ရမှာပေါ့ ဘယ်လိုဆွေးနွေးကြမလဲ”ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဖွဲ့စည်းလိုက် ကြောင်း အတိုက်အခံ အင်အားစုများက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကောင်စီတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ပါဝင်ကြသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းကြောင်း ကြေညာနေစဉ်
KIA ကလည်း NUG-PDF ပါမှ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း၊ NUG-PDF ကို တပ်မတော်က လက်ခံ ဆွေးနွေးရန် ရှိ/မရှိ မေးမြန်းထားကြောင်း KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သတင်းဌာနများသို့ ထုတ်ဖော် ပြောကြားထားသည်။
ထို့ပြင် သမ္မတ ဦးမင်းအောင်လှိုင်ကလည်း KNU,CNF,ABSDF တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် ထားခြင်းကြောင့် ၎င်းတို့သည် SCEF အဖွဲ့ဝင်များဖြစ်နေခြင်းကြောင့် NUG-CRPH ပါမှ ငြိမ်းချမ်းရေး ဆွေးနွေး မည့် အနေအထားမှာ ရှိနေသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို KNU နှင့် CNF က တက်ရောက်လာနိုင်သော်လည်း NUG-CRPH ကိုတော့ လက်ခံနိုင်ခြေ မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “KNU တို့ CNF တို့ကတော့ အရင်တုန်းကတည်းက ရှိခဲ့တယ်ပေါ့နော်။ နောက်တစ်ခုက သူတို့က ဂူ တစ်ဂူ ထဲမှာ င်္ခြသေ့နှစ်ကောင် အောင်းလို့မရဘူး။ အဲဒီတော့ ဒီ NUG ဆိုတဲ့ လူကို အအောင်းမခံဘူး။ ဒါသဘာဝပဲ။ ပြည်မ ဗမာက အများဆုံးနေတဲ့ နေရာက လူတွေနဲ့ ဖွဲ့စည်းတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတွေကို အဝင်ခံမှာ မဟုတ်ဘူး ပေါ့နော်။ ဒီလူကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူး။ တိုင်းရင်းသားတွေကတော့ ခုန CNF တို့၊ KNU တို့ မင်းတို့ ကတော့ မင်းတို့ဂူထဲမင်းတို့ နေတာကို ငါလက်ခံတယ်ဆိုပြီးတော့ သူက ဆွေးနွေးနိုင်တာပေါ့နော်။ အဲဒီတော့ ဟိုဟာတော့ လက်ခံနိုင်မှာတော့ မဟုတ်ဘူး။ ပါဝင်လာဖို့ အရေးအရာလည်း မရှိဘူး။ သူက တစ်ဖွဲ့ဖွဲ့နဲ့ အောင်မြင် သွားတယ် ဆိုလို့ရှိရင်တော့ နောက်အဖွဲ့က လိုက်လာမှာပေါ့။ အဓိက,ကတော့ နှစ်ဦးနှစ်ဖက် သဘောတူပြီးပြီ ဆိုရင် သဘောတူထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ လိုတာပေါ့နော်။ ဆွေးနွေးတယ်ဆိုတာက နှစ်ဖက် စားပွဲတွေပေါ်မှာ ထိုင်ပြီးတော့ ပြောနေကြတာပေါ့နော်။ ဒါကတော့ စကားလုံးတွေကြီးပဲ ဖြစ်နေတာ ပေါ့နော်။ လက်တွေ့ အကောင်အထည်ဖော်ဖို့က အဓိကကျတယ်။ အထူးသဖြင့်ကတော့ နိုင်ငံတော်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ အခြေခံ ဥပဒေက ပေးထားသလောက် အတိုင်းအတာအတွင်းကို ပြည်နယ်တွေကို ၂၀၀၈ ဘောင် အတွင်းကနေ ပြီးတော့ တနိုင်သမျှ အကောင်အထည်ဖော်ပေးဖို့၊ လုပ်ကိုင်ပြပေးဖို့၊ ဗဟိုအာဏာကို ခွဲဝေပေး၊ ဘတ်ဂျက် အာဏာကို ခွဲဝေပေးဖို့ လုပ်လို့ရတာတွေရှိတယ်။ အဲဒါတွေကို လုပ်ပြနိုင်လို့ရှိရင် စကားပြော နေတဲ့ ဟာတွေထက် ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်”ဟု ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင် တချို့ကို တွေ့ရစဉ်
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေးတွင် မဖြစ်နိုင်သည်ကို လျှောက်တောင်းဆိုပြီးတော့ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေး အတွက် လုပ်နေမည်ဆိုလျှင် မှားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်တာများကို နိုင်ငံတော်အနေနှင့် လုပ်ရမှာများ ရှိလာလိမ့်မည်ဟု နိုင်ငံတော်သမ္မတက ပြောသည်။
လက်ရှိတွင် NCA ကို RCSS, PNLO, ALP, DKBA, KNU/KNLA-PC, LDU, NMSP, CNF, KNU, ABSDF တို့ လက်မှတ်ထိုးထားပြီး KIA,SSPP,UWSA,KNPP,NDAA တို့က လက်မှတ် မထိုးပေ။
ထို့နောက် AA,TNLA,MNDAA,SNA,NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက် လာသော လက်နက်ကိုင် အဖွဲ့အသစ်များကိုတော့ တပ်မတော်က မည်ကဲ့သို့ သဘောထားသလဲ ရှင်းရှင်းလင်း လင်း မသိရသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 444
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ်အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အသစ်ကို ရနိုင်ရန် မလွယ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
သို့သော် ရက်ပေါင်း ၁၀၀ အတွင်း မည်သည့်အဆင့်အထိ ရအောင်ယူမည်ဟု သတ်မှတ်ထားခြင်းမျိုး ရှိကောင်း ရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “ကျနော် ထင်တာကတော့ ဦးမင်းအောင်လှိုင် ကိုယ်တိုင်ကလည်း သိပါလိမ့်မယ်။ ရက် ပေါင်း ၁၀၀ အတွင်းမှာ NCA အသစ်ကို ရနိုင်ဖို့ဆိုတာ မလွယ်ဘူးပေါ့။ ကျနော်တို့ ဦးသိန်းစိန်တုန်းက ၂၁ ဖွဲ့ ရှိနေတုန်းက တောင် နှစ်ပေါင်း ၂ နှစ်လောက် ကြာကြာလုပ်မှ ကျနော်တို့ အပစ်ရပ် သဘောတူချက် တွေ ရတာကို အဲဒီတုန်းက။ အခုဆိုရင် အဖွဲ့ပေါင်း ရာနဲ့ချီရှိတဲ့ အခါကြတော့ ဒီဥစ္စာဟာ အချိန်ပိုတောင် ယူနိုင်တယ်ဆိုတာ။ အခန့်သင့်တယ် ဆိုရင်တော့ အချိန်ပိုတိုနိုင်တယ်ပေါ့။ အချိန်ပိုတိုနိုင်အောင် လုပ်နိုင် ဖို့ကလည်း ကျနော်တို့ ဒီ သမ္မတကြီးအပေါ်မှာ အများကြီး မူတည်လိမ့်မယ်။ သူ့ရဲ့ စိတ်သဘောထား ကျယ်ပြန့်မှု၊ စိတ်သဘောထား ကြီးမြင့်မှုအပေါ်မှာ အများ ကြီး မူတည်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီတော့ အခု လောလောဆယ်ကတော့ ကျနော် ခုနကပြောသလို ၂၁ ဖွဲ့တည်း ရှိတုန်းကတောင်မှ နှစ်နဲ့ချီကြာခဲ့တာ အခုဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ အကုန်လုံး ရနိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သူ ကိုယ်တိုင် သိပါလိမ့်မယ်။ ဒါပေမယ့် သူဘယ်လောက် အဆင့် ထားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘယ်အဆင့်ကို ငါရအောင်ယူမယ်လို့ သူသတ်မှတ်ထားတာ ရှိကောင်းရှိမယ် ပေါ့” ဟု ပြောသည်။
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွား မည့် ကိစ္စရပ်များကို ထုတ်ဖော်ပြောကြားထားရာ ထိုထဲတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ရန်လည်း ပါရှိသည်။

NCA လက်မှတ် ရေးထိုးကြစဉ်
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင် ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း ၎င်းက ဧပြီ ၂၀ ရက် နေ့က ပြောကြားထားသည်။
ယခင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးရေး ဆွေးနွေးရာတွင် ချန်ထားခဲ့ သည့် အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိခဲ့ကာ ယခုအခါတွင် ထိုအဖွဲ့များသည် အင်အား ကြီးထွား လာသည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် အားလုံးပါဝင်နိုင်ရေးအတွက် Plus ဆိုသည့် အခင်းအကျင်းမျိုး ရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအမ်ကောန်လက “ကျနော်တို့ NCA လုပ်တုန်းက ပြုတ်ကျန်ခဲ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့ဆိုရင် အခု က အင်အားကြီးအဖွဲ့တွေ ဖြစ်နေတယ်။ အခုသိမ်းပိုက်ထားတဲ့ သူတို့နယ်မြေတွေ သက်သက်တွေ ရှိနေ တယ်လေ။ ပြည်ထောင်စု အစိုးရကလည်း အစိုးရအသစ် ပြောင်းမယ်ဆိုတော့ မဖြစ်မနေ ဒီဟာတွေက တော့ bargaining လုပ်ရမှာ ပဲလေ။ dialogue လုပ်ရမှာ။ အဲဒီတော့ NCA plus ပဲပြောပြော၊ ဘယ်လိုပဲ ပြောပြော၊ ငြိမ်းချမ်းရေး အတွက် အပစ်ရပ်ဖို့အတွက်ဆိုရင် All inclusive ဖြစ်ဖို့ အတွက်ဆိုရင်တော့ All participant အကုန်လုံး ပါဝင်ဖို့ အတွက်ဆိုရင်တော့ plus ကတော့ ရှိကို ရှိရမှာပဲ။ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျန်ခဲ့တဲ့ ၃ ဖွဲ့က အခုအနေအထားအရဆိုရင် AA , TNLA နဲ့ MNDAA က အခုအနေအထားအရဆိုရင် အနေ အထားတစ်ခု ရောက်နေတယ်လေ၊ ဒါကို ကျနော်တို့ ထည့်စဉ်းစားရမှာပေါ့” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်လာကြစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးမား ကျယ်ပြန့်လာနေသည့် မြန်မာ့နိုင်ငံရေး အခင်း အကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ရာနှင့်ချီ များပြား လာခဲ့သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုသည်လည်း ယခင်ကထက် ပိုမို အင်အားကြီး ထွားလာ ခဲ့ကာ စစ်ရေးအရ သိမ်းပိုက်ထားနိုင်မှုလည်း အများအပြားရှိကြသည့် အနေအထားဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုပါက NCA လမ်းကြောင်းကိုသာ ပြန်လည် လုပ်ဆောင်ရမှာ ဖြစ်ကာ NCA ပြင်ပ အဖွဲ့နှင့် ထွက်သွားသူများအား မည်ကဲ့သို့ ပြန်လည်ဖိတ်ခေါ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA လမ်းကြောင်းကတော့ အခုပြောနေတာပဲ။ သူ့ကိုပဲ ပြန်ပြီး platform လုပ်ရမှာပဲ။ NCA plus နဲ့ပဲ သွားရမှာ။ NCA လမ်းကြောင်းတော့ ပစ်လို့မရဘူး။ တရားဝင်လည်းရှိတယ်။ အားလုံးကလည်း လက်မှတ်ထိုးထား တယ်။ အခုထက်ထိ ၇ ဖွဲ့ကလည်း NCA အပေါ်မှာ ရပ်တည်တယ်။ NCA နဲ့တွဲလုပ်ဖို့ NSPNC ဆိုတဲ့ အဖွဲ့ကလည်း အစိုးရဘက်က မဖျက်ထားဘူး ရှိနေတယ်။ အစိုးရသစ်ကလည်းပဲ တပ်မတော်ကတော့ လက်ရှိ တပ်မတော်ပေါ့ လေ။ အစိုးရသစ်ကလည်း လူဟောင်းတွေပါပဲ။ သူတို့ အားလုံးကလည်း ဒီ platform ပေါ်မှာ သွားပြီးတော့ NCA ပြင်ပအဖွဲ့ကို ဘယ်လိုခေါ်မလဲ။ NCA ထဲက ထွက်သွားတဲ့လူကို ဘယ်လိုပြန်ခေါ်မလဲ၊ NCA နဲ့လုံးဝ ကင်းလွတ် နေတဲ့ လူတွေကို ဘယ်လိုပြန်ခေါ်မလဲ ဆိုတာတော့ ကျနော်တို့ ခွဲခြမ်းစိတ်ဖြာပြီးတော့ political reform တော့ လုပ်ရမှာပေါ့။ အဲဒီ reform လုပ်တဲ့ နေရာမှာ အဲဒီအချက်တွေ ပါလာမယ်လို့ ယူဆပါ တယ်။ နည်းနည်းတော့ သူတို့ reform ဘယ်လို လုပ်မလဲဆိုတာပဲ စောင့်ကြည့်သင့်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ် ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။
လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။
KIA, SSPP, UWSA, KNPP, NDAA, AA, TNLA, MNDAA, SNA, NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင် အဖွဲ့အသစ်များကို မည်သည့် ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားမည်အား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 273
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ် စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာ တရာများ ရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှု ရှိရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်က မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိပြီး အုပ်ချုပ်မှု မကောင်း လျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ပါ မကောင်းနိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် တပ်တွင်း စည်းလုံးညီညွတ်မှု အားနည်းချက်ကို ဖြစ်ပေါ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

၎င်းက “အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်း စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာ တရားများ ရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုရှိရန်လိုကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံး ညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ကြောင်း၊ ခေါင်း ဆောင်ကောင်းသည် တာဝန်ခံမှု တာဝန်ယူမှု စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ခွင့်လွှတ်သင့်သည်ကို ခွင့်လွှတ်ပေးရမည် ဖြစ်ကာ ခွင့်လွှတ်ပေး၍မရသည့် ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရမည်”ဟု ပြောသည်။
မိမိတို့ တပ်မတော်အနေဖြင့် ချမှတ်ထားသော စည်းကမ်းဘောင်အတွင်းမှ သွေဖည်ပြီး လုပ်ဆောင်၍မရသဖြင့် စည်းကမ်းကို ချိုးဖောက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းရှိသည့် စည်းကမ်းကောင်းသည့် တပ်မတော်ဖြစ်အောင် အမြဲတမ်း စောင့်ထိန်းလိုက်နာနိုင်ရန် လိုအပ်သော်လည်း အစွန်းရောက်သော တင်းကြပ်မှု မဖြစ်ရန် သတိပြုရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

ထို့နောက် ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော်သည် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံး ရှိနေစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် ၂၄ နာရီ တာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူ ဖြစ်သည်။
၎င်းကို လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 222
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးအစိုးရသစ်က ဖိတ်ခေါ် ကမ်းလှမ်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီနိုင်ရေး ထိုင်း၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာသီဟာဆတ်နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာသီဟာဆတ်သည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်မှ ၂၂ ရက်ထိ လာရောက်ခဲ့ပြီးနောက် နေပြည်တော်မှာ ဧပြီ ၂၂ ရက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာအစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်များတွင် ပါဝင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုး ပမ်း ဆောင်ရွက်မှုများနှင့် အခြားအချက်များကို အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ဆွေးနွေးကြသည်။

ထိုင်း၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာသီဟာဆတ်နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ်
အလားတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင် ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍနှင့် ကုန် ထုတ် လုပ်မှုလုပ်ငန်းများနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံသည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ပြီး နောက် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံဖြင့် ဆွေးနွေးမှုများကို ကူညီဆောင်ရွက်ပေးခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုသည် ထိုင်းနိုင်ငံတွင် အခြေစိုက် နေထိုင်ကြပြီး မြန်မာအစိုးရ နှင့် လက်နက်ကိုင်များကြား တွေ့ဆုံ ဆွေးနွေးပွဲများကိုလည်း ထိုင်းနိုင်ငံမှာ ကျင်းပကြသည်။
ယခုအခါမှာတော့ သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 353
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဦးတင်အောင်စန်းသည် ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူထား သည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်သမ္မတရုံးတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ် အကြံပြုနိုင်ရန်အတွက် ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးအကြံပေးခန့်အပ်ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်သည် လက်နက်ကိုင် ပဋိပက္ခများကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ ချဉ်းကပ် ဖော်ဆောင်သွားမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ(NSPWC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဖွဲ့စည်းမှုတွင် လွှတ်တော်ကဏ္ဍ ပါဝင်ခြင်း မတွေ့ရှိရခြင်းကြောင့် လွှတ်တော်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်သဘော သက်ရောက်သလား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များသည် လွှတ်တော်အတွင်း၌သာ ပြုလုပ်ရခြင်း ဖြစ်သည့်အတွက် လွှတ်တော်၏ ကဏ္ဍသည် အရေးကြီးသည်မှာ အမှန်သာဖြစ်ကြောင်း၊ သို့သော် လက်ရှိ လွှတ်တော်ဖွဲ့စည်းပုံအရ တပ်မတော်နှင့် USDP ပါတီ သဘောတူပါက အဆင်ပြေသည့် သဘောမျိုး ရှိနေခြင်းကြောင့် လွှတ်တော်ဘက်က ကိုယ်စားလှယ် မလိုဘူးဟု ယူဆခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွှတ်တော်ကတော့ သူတို့ ဒီ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့ အခါကျ သဘောတူတဲ့ဟာတွေကို လွှတ်တော် ကို တင်ပြီးတော့ အခြေခံဥပဒေကို ပြင်ဖို့ဆိုတဲ့ အပိုင်းတွေပါတယ်။ ပါတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် တွေ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အစည်းတွေထဲက ပုဂ္ဂိုလ်တွေပါဖို့တော့ လိုအပ်တယ်။ ဒါမှသာလျှင် ဟိုဘက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ ဖြစ်ပေါ်တိုးတက်မှုတွေက ဘာတွေ ရှိတယ်။ ဘာတွေ သဘောတူပြီးပြီ။ ဘာတွေမှာတေ့ာ သဘောတူညီချက် မရသေးဘူး စသဖြင့် လွှတ်တော်ကို သူတို့ တင်ပြနိုင်မှာပေါ့။ တင်ပြနိုင်မှ တင်ပြပြီးတော့မှ လွှတ်တော်က သဘောပေါက် လက်ခံလာမှ လွှတ်တော်ထဲ မှာ အနိုင်ရပါတီ ကိုယ်စားလှယ်တွေပါသလို တိုင်းရင်းသားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေပါတယ်။ အဲဒီလူတွေရဲ့ အားနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အောင်မြင် အောင် လုပ်နိုင်မှာပေါ့။ ဒါက သဘောတရားအရ ကျနော်ပြောတဲ့အတိုင်း အမှန်ပဲ။ ဒါပေမယ့် ဒီနေ့ထိ မြန်မာနိုင်ငံ ရဲ့ လွှတ်တော်ဖွဲ့စည်းပုံ အရကတော့ ပြည်ခိုင်ဖြိုးပါတီရယ်၊ တပ်မတော်ရယ် သဘောတူလို့ရှိရင် သဘောပေါက် တယ်ဆိုရင် ဒါမှမဟုတ်လည်း သဘောပေါက်ပေါက် မပေါက်ပေါက် မင်းတို့ ဒါကို ထောက်ခံလိုက်၊ ဒါကို ကန့်ကွက်လိုက် ဆိုတဲ့ဟာကို အမိန့်နာခံကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကြီးပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လွှတ်တော်က ဘာမှ အသေးစိတ် မသိဘူးဆိုလည်း ကိစ္စတော့မရှိဘူး။ ဒါလက်တွေ့ကျကျပြောတာ သူတို့ဘာမှ မသိဘူး NCA စာချုပ်အရ သူတို့ဆွေးနွေးနေကြတယ် သွားလည်းမတက်ဘူး၊ သူတို့ကိုလည်း မဖိတ်ဘူး၊ ပါလည်း မပါဘူး၊ ဘာတွေ ဆွေးနွေးနေမှန်းလည်းမသိဘူး။ ကိစ္စမရှိဘူး။ အခု လွှတ်တော်ဖွဲ့စည်းပုံအရက ပြည်ခိုင်ဖြိုးပါတီ က ခေါင်းဆောင်ရယ်၊ တပ်မတော်ခေါင်းဆောင်ရယ်၊ သဘောတူလို့ရှိရင် လွှတ်တော်ထဲမှာ ဒီအချက် ဒီအချက်တွေ ပြင်ပေးလိုက်မယ်။ ဒါကျနော်တို့ မြန်မာနိုင်ငံရဲ့ အခုလွှတ်တော်ရဲ့ အနေအထားပြောတာ။ လက်ညိုးထောင် ခေါင်းငြိမ့် လွှတ်တော်လို့ ပြောရင်လည်းရတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး NCA စာချုပ်ထဲမှာက ဘာပါလဲဆိုတော့ နှစ်ဖက်သဘောတူထားတဲ့ အချက်တွေကို ကျနော်တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ဟာပါနေတော့ လွှတ်တော် က ပြင်ပေးရတာကို။ လွှတ်တော်က ပြင်ပေးရတာဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ သိဖို့တို့။ လွှတ်တော်က အဖွဲ့အစည်းတွေ ကော်မတီတွေ ပါဖို့ဆိုတာကတော့ အရေးကြီးတာ အမှန်ပဲ ဒါသဘောတရားအရပေါ့” ဟု ပြော သည်။

NCA နှစ်ပတ်လည် အခမ်းအနား လေ့လာနေကြစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကြည့်မည်ဆိုလျှင် တပ်မတော်၏ လွှမ်းမိုးမှု၊ ပါဝင်မှုသည် ဆက်ရှိနေအုံး မည့်သဘော မြင်တွေ့ရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆက်လက် ဖော်ဆောင်နိုင်ရန်အတွက် စိန်ခေါ်မှုများစွာ ဆက်ရှိနေအုံးမည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူတွေကတော့ တော်တော်များများ ပြောကြတာပဲလေနော်။ ကျနော်တို့ ပြီးခဲ့တဲ့ NCA အကောင်အထည် ဖော်တဲ့ ကာလမှာတုန်းက ဆိုရင်လည်းပဲ စစ်တပ်က ခေါင်းဆောင်တွေပဲ တော်တော်များများက ပါဝင်ဆောင်ရွက် ခဲ့တာရှိသလို အဲဒီတုန်းက NUCC မူဘောင်အရကတော့ ကျနော်တို့က စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့တာ ရှိတာပေါ့ဗျာ။ အခုကတော့ ကျနော်တို့ သိတဲ့အတိုင်းပဲ။ အရင်တုန်းကဆိုရင် အာဏာကို ထိန်းတဲ့ကာလ တစ်လျှောက်မှာဆိုရင် လည်း စစ်တပ်ကပဲ ငါးနှစ်တာ အုပ်ချုပ်ခဲ့သလို ဒီဘက်ပြောင်းလဲလာတဲ့ အစိုးရသစ် ဆိုရင်လည်းပဲ အခြေအနေ အရကတော့ စစ်တပ်ရဲ့ လွှမ်းမိုးမှု၊ စစ်တပ်ရဲ့ ပါဝင်မှုကတော့ ကျနော်တို့နိုင်ငံမှာ ဆက်ပြီးတော့ ရှိနေအုံးမယ် ထင်ပါတယ်။ ဒါတွေကိုတော့ ကျနော်တို့က မျက်နှာချင်းဆိုင် တွေ့ကြ ဆုံကြပြီးတော့ ပြောရင်းဆိုရင်းနဲ့ပဲ အားလုံး သဘောထားနဲ့ ကိုက်ညီတဲ့ အခင်းအကျင်း ပြန်ဖြစ်လာနိုင်ဖို့ ကျနော်တို့ အပေးအယူတွေ ယုံကြည်မှုတွေ တည်ဆောက်ဖို့ရယ် အဲဒါတွေက ကျနော်တို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကတော့ အများကြီး ဆက်ရှိနေမယ်လို့ပဲ ရှုမြင်ပါတယ်။ ကျနော်တို့အတွက် စိန်ခေါ်မှုတွေက အရမ်းကို ကြီးမားပါတယ်။ ကျနော်တို့အတွက် အခက်အခဲတွေ အများကြီး ရှိနေမယ်ဆိုတာ နားလည်ပါတယ်။ အဓိက အခက်အခဲကတော့ ကျနော်တို့နိုင်ငံရဲ့ မတည်ငြိမ်မှုပေါ့။ ကျနော်တို့ ဟိုအရင်တုန်းက နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာတွေ လုပ်တဲ့အချိန်မှာ NCA မထိုးသည့် တိုင်အောင်တာမှ တိုင်းရင်းသား လက်နက်ကိုင် နေရာဒေသ တော်တော်များများမှာ စစ်ပွဲတွေ မဖြစ်ကြဘူး။ ပစ်ခတ်တိုက်ခတ်မှုတွေ မရှိဘူးဆိုတဲ့ အခြေအနေကလည်း ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒီအခြေအနေနဲ့ အများကြီး ကွာခြားပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုအောက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ဖို့ ကိစ္စရပ်တွေမှာတော့ အများကြီး ဆက်ကြိုးစားရဖို့ လိုအပ် အုံးမယ် ထင်ပါတယ်။ အဲဒီကြားထဲမှာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကလည်းပဲ တော်တော်လေး အခရာကျမယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းတို့သည် ဆွေးနွေး ညှိနှိုင်းမှုများကို ကြိမ်ဖန်များစွာ လုပ်သင့်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ခိုင်ခိုင်မာမာ ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်သည့် အခါတွင် မည်သူပါဝင်မှသာ အဆင်ပြေမည်ဆိုသည်ထက် ငြိမ်းချမ်းရေး အရွေ့ကို မည်မျှသွားနိုင်သလဲဆိုသည်က ပို၍အရေးကြီးကြောင်း၊ ဦးသိန်းစိန် လက်ထက်ကဲ့သို့ ငြိမ်းချမ်းရေး ဆိုင်ရာ လှုပ်ရှားမှုပုံစံအတိုင်း လက်ရှိအစိုးရ သွားနိုင်မည်ဆိုပါက ရလဒ်ထွက်လာနိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ ငြိမ်းချမ်းရေးစကားပြောနေကြစဉ်
၎င်းက“တကယ်တမ်းက ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်တဲ့ နေရာမှာ ဟိုလူတွေပါမှ ဒီလူတွေပါမှ မဖြစ်မနေ ဆိုတဲ့ဟာထက် ငြိမ်းချမ်းရေးကို ဦးတည်ထားတဲ့ လမ်းကြောင်းပေါ် ဘယ်လောက်ထိ လျှောက်နိုင်လဲဆိုတာက အရေးကြီးတယ်လို့ ကျနော်တို့က သုံးသပ်ထားတယ်။ ဘယ်သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ အရွေ့တွန်းနိုင်လဲ၊ ဘယ်လောက်အထိ အရွေ့ရောက်အောင် သွားနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ ပါခြင်း၊ မပါခြင်းဆိုတဲ့ အပိုင်းက နောက်မှ တစ်ကဏ္ဍ သုံးသပ်မှုဖြစ်လိမ့်မယ်။ သို့သော် ခုနက လက်ရှိ အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်လောက်အထိ အလုပ်လုပ် နိုင် မလဲ။ ဘယ်လောက်အထိ ရလဒ်ကောင်းတွေ ဆောင်ရွက်နိုင်မလဲ။ ဒါကိုပဲမြင်ပါတယ်။ အရပ်သား အများကြီး ပါခဲ့ပြီးတော့ အရပ်သားဥက္ကဋ္ဌ လုပ်ခဲ့တဲ့ NLD လက်ထက်က ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကရော အောင်မြင်ခဲ့တာ လားဆိုတဲ့ မေးခွန်းက ပြန်မေးစရာရှိတယ်။ အဓိက,က ရလဒ်ပဲ။ ရလဒ်ထွက်ဖို့ပဲ အရေးကြီးတယ်။ ဘယ်သူ ဦးဆောင်သည်ဖြစ်စေ၊ မဦးဆောင်သည်ဖြစ်စေ ရလဒ်မထွက်လို့က ဘယ်အဖွဲ့အစည်းလုပ်လုပ် အလကားပဲလို့ သုံးသပ်လို့ရတယ်။ အဲဒီတော့ တပ်က ဦးဆောင်မှုများသည်ပဲဖြစ်စေ၊ အရပ်သား ပါဝင်မှုများနေသည်ပဲဖြစ်စေ ရလဒ်ထွက်မှာလား။ ရလဒ်မထွက်ရင် ဘာမှလုပ်လို့မရဘူး။ ရလဒ်ထွက်ဖို့ အရင်ဆုံး ဒီအဖွဲ့အစည်း ပြေးနိုင်ရဲ့လား။ ရလဒ်မထွက်လို့ သူတို့ပြောင်းမလား မပြောင်းဘူးလား ဒါတစ်ချက်ကြည့်ရမယ့်အပိုင်း။ ပြီးခဲ့တဲ့ အပိုင်းမှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဖိတ်ခေါ်မှုတွေလည်း အများကြီးရှိတယ်။ တွေ့ဆုံဆွေးနွေးမှုတွေလည်းရှိတယ်။ ဒါပေမယ့် ထင်သလောက် ရလဒ်တွေ မရခဲ့တာလည်း ရှိခဲ့တယ်ပေါ့လေ။ တကယ်တမ်း အရေးကြီးတဲ့အချက်က မြေပြင်မှာ ရလဒ်လုပ်ကြည့်တယ်။ ရလဒ်မထွက်ဘူး မထွက်ရင် အဲ့ဒါကို ဘယ်လိုပြင်မလဲ ဘယ်လိုပြောင်းမလဲ ပြောင်းတဲ့ဟာအတိုင်းကိုရော အလုပ်ဖြစ်အောင်လုပ်နိုင်ရဲ့လား။ အဓိက,က အလုပ်ဖြစ်ဖို့ပဲ။ ဦးသိန်းစိန် လက်ထက် သွားခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အရွေ့တွေရှိတယ်။ အလုပ်ဖြစ်အောင် လုပ်သွားကြတာပဲ။ အဲဒီပုံစံအတိုင်း လုပ်နိုင် ရင် ဒီမှာလည်း ရလဒ်ထွက်မှာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေးခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိမှာတော့ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များနှင့် မထိုးရသေးသော လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း တာဝန်ယူ ဖြစ်သန်းခဲ့သော အစိုးရတစ်ရပ် အနေဖြင့် NCA စာချုပ်ပါ သဘောတူညီချက် များကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့သလား ပြန်လည်စဉ်းစားရန် NCA ထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အစိုးရဘက်မှ မိမိအဖွဲ့အစည်း ရပ်တည်ရေးလောက်ကို လာမပြောနှင့်ဆိုသောကြောင့်၊ NCA ထိုးထားသည့် အဖွဲ့ များဘက်ကလည်း NCA စာချုပ်ကို တိတိကျကျ လိုက်နာလုပ်ဆောင်ပါသလား မေးခွန်းထုတ်လာကြသည်။
NCA တွင်ပါသည့် လမ်းပြမြေပုံလည်း ဆက်မသွားနိုင်ကြောင်း၊ ကြားကာလ စီမံချက်များလည်း လုံးဝ မလုပ်နိုင် ဖြစ်နေသောကြောင့် NCA ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်လျှင် တော်တော် ကျေနပ်စရာကောင်းပါပြီဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ NCA မှာပါတဲ့အတိုင်း ကြားကာလစီမံချက်ဆိုတာ ရှိပါတယ်။ NCA မှာ အဲဒါမျိုးတွေလည်း လုပ်ခွင့်မရ၊ ဘာမရဆိုတော့ NCA မှာပါတဲ့အတိုင်း အပြည့်အဝ လိုက်လုပ်ပေးဖို့လည်း လိုတာပေါ့။ အခုက NCA မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း လိုက်နာလုပ်ဆောင်တာ အပြည့်အဝ လုပ်ဆောင်နိုင်တာ မရှိဘူးလေ။ တစ် ဖက်ကလည်း ခုန သူ့အဖွဲ့အစည်း ရပ်တည်ရေးလောက်ကိုပဲ လာမပြောနဲ့ဆိုတဲ့ ဟာမျိုးဆိုတော့ ဒီဖောင်ဒေးရှင်း က NCA ထိုးထားတဲ့ အဖွဲ့တွေ ဘက်ကလည်း ပြောစရာရှိတာကို။ NCA စာချုပ်မှာပါတဲ့ အားလုံး တိကျလိုက်နာ လုပ်ဆောင်ပါသလားဆိုတာ မေးစရာရှိတာပေါ့။ အဲဒါလည်းပဲ နှစ်ဖက်ဖြစ်နေတော့ Information တွေက နောက်မှ ပြော၊ ပထမဆုံး တွေ့ဆုံတဲ့အချိန်မှာ ဘယ်ဟာ၊ ဘယ်ဟာတွေ ဆွေးနွေးမယ် ဘာညာ အခုထဲက ဘာမှ Agenda မထွက်သေးဘဲနဲ့ ဒီအချက်တွေ မပါနဲ့၊ ဒီအချက်တွေ မတောင်းနဲ့ဆိုတာက တစ်ဖက်သတ်လို ဖြစ်နေတာပါ။ ဒါကြောင့် NCA ထိုးထားတဲ့ အဖွဲ့ဘက်ကလည်း ပြောစရာတွေ အများကြီးပေါ့။ ဒါပေမယ့် အဲဒီတောင်းဆိုတာတွေ မတောင်းဆိုတာတွေ အပထား။ နှစ်ဦးနှစ်ဖက် သဘောတူပြီးသားဖြစ်တဲ့ NCA စာချုပ်ပါ ၃၃ ချက်ပေါ့။ အဲဒီ NCA မှာပါတဲ့ အချက်တိုင်း အကောင်အထည် ဖော်နိုင်မယ်ဆိုရင်လည်း တော်တော်လေး ကျေနပ်စရာ ကောင်းပါတယ်။ အဲဒီလက်မှတ် ထိုးပြီးသား သဘောတူထားပြီးသားတွေတောင်မှ အကောင်အထည်ဖော်လို့ မရဘူးဖြစ်နေတယ် အပြည့်အဝပေါ့လေ။ အဲဒါကြောင့် ကျနော်တို့က သဘောတူပြီးသား NCA မှာပါတဲ့ အချက်တိုင်းကို စုပေါင်းပြီး တော့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်ဆောင်ဖို့ပေါ့ တိုက်တွန်းချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လွန်ခဲ့သည့် ၃၊ ၄ နှစ် အတွေ့အကြုံအရ NCA ထိုးထားသည့် အဖွဲ့များကို လောက်လောက်လားလား ကူညီပံ့ပိုး ခြင်း၊ အသိမှတ်ပြုခြင်း၊ နိုင်ငံတကာ အထောက်အကူ ရယူခွင့်များ လုပ်ပေးခြင်းမရှိကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောသည်။
မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးတွင် မဖြစ်နိုင်တာများ လျှောက်တောင်းဆိုပြီး ကိုယ့်အဖွဲ့အစည်း တည်တံ့ ခိုင်မြဲရေး အတွက် လုပ်နေမည်ဆိုလို့ရှိရင် မှားသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်တာများကို နိုင်ငံတော်မှ လုပ်ရမည်ဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်၌ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းမှာ ပြောကြားခဲ့သည်။
NCA ကို လက်မှတ်ထိုးပြီး တကယ့်ကို မဖောက်ဖျက်သလို KNU လိုလည်း မဟုတ်သည့် အဖွဲ့အစည်းများ သီးသန့် ရပ်တည်ရန် တစ်ခုလုပ်ပေးသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုအဓိက ပြဿနာတစ်ခုက သူတို့အဖွဲ့အစည်းတွေ ရပ်တည်ဖို့အတွက် သူတို့ဘဏ္ဍငွေ ရှာတဲ့အခါမှာ သူ တို့က ပြဿနာဖြစ်ကြတာ။ သူတို့အတွက်ကို အဲဒီလို နယ်မြေ တိတိကျကျ ပိုင်းခြားသတ်မှတ်ဖို့ပေါ့နော်။ အဲဒါက လုပ်တယ်လို့တော့ သိရတယ်။ ဒါပေမယ့် အဲဒါက အကောင်အထည် မဖော်နိုင်ဘူးလို့ သွားတွေ့တယ်။ ပြောချင် တာက သူတို့ရှာစားဖို့ နယ်မြေပေါ့နော်၊ နောက်အစိုးရရဲ့နယ်မြေ၊ သူတို့ရှာစားတဲ့ နယ်မြေ၊ နောက်တစ်ခုက နှစ်ဦး သား စပ်ကြားမှာ နှစ်ဦးသားတူတူ သူလည်း ဝယ်နိုင်တယ်၊ ကိုယ်လည်း ဝယ်နိုင်တယ်ဆိုတဲ့ နယ်မြေပေါ့နော်၊ အဲဒါ မျိုး ပိုင်းခြား သတ်မှတ်မှုပိုင်းကြတော့ သဘောတူထားရင်တောင်မှ အကောင်အထည် မဖော်နိုင်ဘူးလို့ ကြားတာ ပေါ့နော်။ အဓိကကျတာက အဲဒီအဖွဲ့တွေကို ဒါက လုပ်ကိုလုပ်ပေးရမှာ။ အဲဒီတော့ ဟိုသဘောကတော့ လက်မှတ် ထိုးတဲ့လူနဲ့ မထိုးတဲ့လူ တန်းတူဆက်ဆံလို့ မဖြစ်ဘူး တစ်ချက်၊ နောက်ပြီးတော့ လက်မှတ်ထိုးပြီးတော့ တကယ့် ကို မဖောက်ဖျက်ဘူးပေါ့နော်။ KNU လိုမဟုတ်ဘူး။ အဲဒီလိုလူမျိုးအတွက်ကို ကိုယ်တို့ကနေပြီးတော့ သီးသန့် ရပ်တည်ဖို့ တစ်ခုအတွက် လုပ်ပေးသင့်တဲ့ အနေအထားမျိုးရှိတယ်”ဟု ပြောသည်။

NCA ထိုးထားတဲ့ လက်နက်ကိုင် ခေါင်းဆောင် တစ်ချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုခဲ့သည်။
အဆိုပါ NCA စာချုပ်တွင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းတို့ပါဝင်သည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် သဘောတူထားသည်။
NCA စာချုပ်သည် အပစ်ရပ်စာချုပ် သက်သက် မဟုတ်ဘဲ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ အုတ်မြစ် တစ်ခုအဖြစ် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် စာချုပ်ပါ အချက်အလက်များ အကောင်အထည် ဖော်မှုတွင် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 655
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ် အနေဖြင့် ဘက်ပေါင်းစုံမှ အကျပ်အတည်း များစွာကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သော်လည်း ထိုထဲကမှ ကချင်၊ ရခိုင်၊ ကရင် ဒေသ ၃ ခုသည် အကြီးအမား ဆုံး အခက်အခဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။
ထိုဒေသ ၃ ခုမှ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး ပဋိပက္ခများအား ဖြေရှင်းရေးမှာ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်ပြီး ၂ နှစ်အတွင်း ပြေလည်အောင် အင်မတန် ကြိုးစားရမည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအမ်ကောန်လက “ကျနော့် အမြင်ကတော့ ဒေသ ၃ ခုရှိတယ်။ အခု အကြီးအမားဆုံး အခက်အခဲက နံပါတ် ၁၊ ၂၊ ၃ လို့ ပြောရခက်တယ်။ ၃ ခုစလုံးက တစ်ပြိုင်နက်တည်း အရေးပါနေတာကို။ အဲဒါက မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်။ KIA/KIO နဲ့ ဆွေးနွေးရမယ့်အချက်၊ နံပါတ် ၂ က ရခိုင်ပါ အဲဒါလည်း တော်တော် အရေးကြီးတယ်။ အနောက်ဖက် ပင်လယ်မျက်နှာစာ တစ်ခုလုံး ပွင့်သွားတာ။ နောက်တစ်ခုက မြန်မာပြည် တောင်ပိုင်း တနင်္သာရီပေါ့။ တနင်္သာရီမှာဆိုရင် အရေးကြီးတာက ဟိုတလောက ဝင်းဝ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်။ အခုတော့ ပြန်သိမ်းနေတယ်။ ဒီဘက်က ပြည်ထောင်စုအစိုးရဘက်က ပြန်သိမ်းနိုင်တယ်လို့ သတင်း ထွက်တယ် သိရတယ်ပေါ့။ တနင်္သာရီမှာလည်း မလက္ကာ strait နဲ့ နီးတဲ့အခါကြတော့ အဲဒီနေရာကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်မယ့်နေရာ။ မြန်မာပြည်ရဲ့ မဟာဗျူဟာကျတဲ့ နေရာပဲ။ အဲဒါ ကလည်း ခုနကပြောသလို KNU တပ်မဟာ ၄ စိုးမိုးနိုင်ခဲ့ပြီဖြစ်တယ်။ အဲဒီမှာလည်း တော်တော် သတိထားရမယ်။ အထူးသဖြင့် KNU နဲ့ပေါ့။ အခုလည်း မြဝတီလမ်းကြောင်းကြီးတွေ ပွင့်သွားပြီပေါ့။ ကုန်သွယ်ရေး လမ်းကြောင်း တွေ ဖွင့်ဖို့လိုတယ်။ ဟိုဘက်ဆိုရင်လည်း အရှေ့မြောက်က မူဆယ်-မန္တလေးလမ်းကြောင်း ဖွင့်ဖို့လိုပြီ။ အဲဒါတွေကို အပြင်းအထန်တော့ အစိုးရသစ်က ကြိုးစားနေပြီ။ အဲဒါနဲ့ တစ်ပြိုင်နက်တည်း ဒီ ၃ ခုကိုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ၊ နိုင်ငံရေးပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တကယ့် စိန်ခေါ်မှုပဲ။ ၂ နှစ်အတွင်းမှာ ဒီ ၃ ခုနဲ့ ပြေလည် အောင် တော်တော်လေးကို ကြိုးစားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

KIA ခေါင်းဆောင်နဲ့ DKBA ခေါင်းဆောင် တချို့ကို တွေ့ရစဉ်
လက်ရှိတွင် အစိုးရအဖွဲ့အတွင်း ယခင် ၅ နှစ်တာ ကာလအတွင်းမှ လူပုဂ္ဂိုလ်အဟောင်းများ အများဆုံး ပြန်လည် ပါဝင်ပြီး လွှတ်တော်တို့၌ ရခိုင်နှင့် ကချင် တိုင်းရင်းသားများကို ခေါင်းဆောင်မှုပိုင်း၌ တာဝန်ပေးထားသလို ဒုတိယသမ္မတ နေရာမှာလည်း ကရင်လူမျိုးကို နေရာပေးထားသည်ကို တွေ့ရသည်။
ကချင်၊ ရခိုင်နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြား အင်အား ပိုမိုကြီးထွားလာသည့် အဖွဲ့များဖြစ်ကြကာ နွေဦးတော်လှန်ရေး အင်အားစုများ နှင့်လည်း ပူးပေါင်း၍ တိုက်ပွဲ ဖော်ဆောင်နေကြခြင်းဖြစ်သည်။
အစိုးရအနေဖြင့် လူထုအတွက် သက်သာချောင်ချိရေး၊ ပြည်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးများ ဖန်တီးပေးနိုင်မည်ဆိုပါက ကျန်ပြဿနာများကို ဖြေရှင်းရန် အင်မတန် လွယ်ကူသွားမည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
၎င်းက “ဒေသအားလုံးပဲ။ ကချင်ကစပြီးတော့ ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင် ဒေသအားလုံး အခုပဋိပက္ခ ဖြစ်နေတဲ့ ဒေသအားလုံးမှာတော့ ပြဿနာကြီးပါပဲ။ ဘယ်ဒေသက ပြဿနာကြီးတယ်၊ ဘယ်ဒေသက သေးတယ် မဟုတ် ပါဘူး။ ကချင် ပြဿနာကလည်း ရှိနေတယ်။ ဒါပေမယ့် ကချင်က နိုင်ငံရေးအရ ပါးရည်နပ်ရည် ရှိတယ်။ ပျော့ ပြောင်း မှုရှိတယ်။ ဖြေရှင်းလို့ ရမယ်လို့ ထင်တယ်။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ကရင်နီပြဿနာ၊ KNU ပြဿနာ။ တောင်ပိုင်းမှာ ဆင်းသွားရင် တနင်္သာရီတိုင်း ပြဿနာ၊ အဲဒီမှာ လက်နက်ကိုင်ပေါင်းစုံက သွားဖြစ်နေတဲ့ အခါကြတော့ ဒါတွေအားလုံးက ဒီ ၅ နှစ်မှာ အစိုးရသစ်က ရင်ဆိုင်ရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံလူထုရဲ့ သက်သာချောင်ချိဖို့နဲ့ ပြန်လည် ထူထောင်နိုင်ဖို့၊ သူတို့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ဖန်တီး ပေးနိုင်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ပြဿနာ ရှင်းရတာ နည်နးည်းလွယ်သွားမယ်။ အခြေခံပြဿနာ ဖြစ်တဲ့ ပြည်သူလူထု အများစု လက်နက်ကိုင် မဟုတ်တဲ့ နိုင်ငံသားတွေက အများအပြား ရှိပါတယ်။ လူအများစု ကြီးရဲ့ ဒုက္ခ၊ သုက္ခတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုရင် ဒါက ကျနော်တို့ ခုနကဖြစ်တဲ့ ပြဿနာတွေကို ရှင်းဖို့ အတွက် အများကြီး လွယ်သွားမယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ ကျနော်တို့ကတော့ အကြံပြုချင်ပါတယ်” ဟု ပြောသည်။
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ဖိတ်ခေါ် ထားသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီရှိသည့်အနက် ကချင်၊ ရခိုင်၊ ကရင် လက်နက်ကိုင် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခ လမ်းကြောင်းကို ဖြေရှင်း နိုင်ရန် လွယ်ကူသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 351
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကို ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် သတင်းများကို မိမိတို့ ကြိုဆိုပါသည်ဟု အမေရိကန်သံရုံးက ကြေညာခဲ့သည်။
ထို့နောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု သံရုံးက ထုတ်ပြန်ခဲ့သည်။
လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များ(EAOs)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC) က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ထိုးပြီး ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း မဆွေးနွေးနိုင်သည့် လက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်း ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
တခြား တစ်ဖက်မှာတော့ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကယားပြည်နယ်များတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
