CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၁၅
ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်မယ်လို့ အားကစားသတင်းတွေ အများအပြားမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဆင်မပြေမှုတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီ ထွက်ခွာပြီးနောက် နွေရာသီမှာ ကစားသမား ဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရီးရယ်လ်အသင်းဟာ ရလဒ်ပိုင်း မတည်မငြိမ်မှုတွေ ရှိခဲ့သလို ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ် အပါအဝင် ကစားသမားတချို့ဟာ သူနဲ့ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဆိုရင် သူ့ကို လူစားလဲတဲ့ အချိန်မှာ နည်းပြအလွန်ဆိုကို လက်ဆွဲ နှုတ်ဆက်မှု ပြုလုပ်ခြင်းမရှိဘဲ ထွက်ခွာခဲ့တာတွေ ဖြစ်ခဲ့တာပါ။

အလွန်ဆိုနဲ့ ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြအလွန်ဆိုနဲ့ လမ်းခွဲဖို့ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အလွန်ဆိုရဲ့ နေရာမှာ နောက်ထပ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အာဘီလိုအာကို ရာသီကုန်အထိ နည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရုန်းကန်ရမှုတွေရှိခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အာဘီလိုအာ လက်ထက်မှာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် အလွန်ဆို ကိုင်တွယ်ချိန်မှာ ခြေစွမ်းပြသခဲ့တဲ့ ဘာပေကတော့ ခြေစွမ်းကျဆင်းသွားပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။
အာဘီလိုအာရဲ့ လက်ထက်မှာလည်း ရီးရယ်လ်အသင်းဟာ ရလဒ်ကောင်းတွေရဖို့ ခက်ခဲခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတာပါ။
အာဘီလိုအာ ကိုင်တွယ်ချိန်မှာ ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်း အခြေအနေဟာ ပိုဆိုးရွားခဲ့ပြီး သူနဲ့ အသင်း ခေါင်းဆောင် ကာဗာဟယ်လ်၊ ဆီဘယ်လော့စ်တို့ အကြားမှာ တင်းမာမှုတွေရှိခဲ့ပြီး နောက်ခံလူ ရူဒီဂါနဲ့ ကာရီရက်စ်တို့အကြား ရန်ပွဲ၊ ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီတို့အကြားမှာ ကြီးမားတဲ့ ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီလို အဝတ်လဲခန်း အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် သြဇာကြီးမားတဲ့ နည်းပြတွေကို ခန့်အပ်ဖို့ လိုပြီဆိုတာကို သိရှိခဲ့ပါတယ်။
အန်ဆယ်လော့တီ လက်ထက်တုန်းက ရီးရယ်လ်အသင်းဟာ ဒီလို အခြေအနေတွေ မဖြစ်ခဲ့တဲ့အတွက် အသင်းဟာ သြဇာကြီးမားတဲ့ မော်ရင်ဟိုနဲ့ ကလော့ပ်တို့ထဲက တစ်ဦးကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ ဘင်ဖီကာအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အသင်းရဲ့ အကြောင်း ကိုလည်း သိတာကြောင့် သူ့ကိုခန်အပ်ဖို့ အသင်းဘက်က ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ပထမအကြိမ်မှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကိုသာ ရယူပေးနိုင်ခဲ့တာပါ။
မော်ရင်ဟိုဟာ ဥရောပထိပ်သီး ကလပ် အများအပြားကို ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၁၁ နှစ်အတွင်း အမှတ်ပေးလိဂ်ကို ရယူနိုင်ခဲ့ခြင်း မရှိသလို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ထုတ်ပယ်ခံရတာက များနေပါတယ်။
အဲ့ဒါကြောင့် ရီးရယ်လ်အသင်းကို မော်ရင်ဟို ပြန်ပြီးကိုင်တွယ်မယ့်အပေါ် ထောက်ခံမှုတွေလည်း ရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေကြပါတယ်။
မော်ရင်ဟိုဟာ ထိပ်တန်း ကစားသမား အများအပြားနဲ့ လက်တွဲ အလုပ်လုပ်ဖူးခဲ့တာကြောင့် ရီးရယ်လ်အသင်းက စူပါစတားတွေနဲ့ လက်တွဲ အလုပ်လုပ်ရမှာက သူ့အတွက်တော့ ခက်ခဲမှာမဟုတ်ပါဘူး။
မော်ရင်ဟိုဟာ စည်းလုံးမှုပြိုကွဲနေတဲ့ ရီးရယ်လ်အသင်းကို စည်းလုံးမှုရှိအောင် လုပ်ပေးရမှာ ဖြစ်သလို ဆုဖလား လက်မဲ့ ဖြစ်နေတာတွေကိုလည်း အဆုံးသတ်ပေးရမှာပါ။
အဲ့ဒါကြောင့် မော်ရင်ဟို အနေနဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ရီးရယ်လ်အသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
