- By CNI
- Category: နိုင်ငံရေး
- Hits: 412
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအား အပြသဘော လုပ်ပြသည့်သဘောမျိုး မဟုတ်ဘဲ သူလည်းရ၊ ကိုယ်လည်းရ သည့် ငြိမ်းချမ်းရေးမျိုး ဖြစ်သင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြားရတာကို ပြောမယ်ဆိုရင်တော့ အစိုးရအသစ် ဖွဲ့စည်းပြီဆိုရင်လည်း ငြိမ်းချမ်းရေးကိစ္စကို ပြန်စမယ် ဆိုတာ ရှိတယ်။ ဒီတော့ ဆက်လုပ်မယ်လို့ ယူဆတယ်။ လုပ်လည်း လုပ်မှာပါ။ အနည်းဆုံးကတော့ တစ်ဖက်က လည်း တကယ်လုပ်ဖို့လိုတယ်၊ နောက်တစ်ဖက်ကလည်း ကိုယ်လုပ်တယ်ဆိုတာကို လူများကို ပြဖို့လိုတယ်။ အဲဒီ တော့ လုပ်ကိုလုပ်ရမယ်လို့ ပြောပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က မျှော်လင့်တာကတော့ လုပ်ပြတဲ့ သဘောပဲ မဟုတ်ဘဲနဲ့ တကယ် သူလည်းရ၊ ကိုယ်လည်းရ၊ သူလည်းပျော်၊ ကိုယ်လည်းပျော်တဲ့ အဖြေကို ထုတ် နိုင်ဖို့ နှစ်ဖက်စလုံး အားလုံးက ကြိုးစားတဲ့ သဘောမျိုး ကျနော်တို့ မျှော်လင့်တာပေါ့။ ကျနော်တို့ တိုက်လာတာ လည်း နှစ်ပေါင်း ၈၀ နီးပြီ။ ဒါကို ဝ ရုံတင် မကဘူး။ အီလို့နေပါပြီ။ လုပ်ရင်းလုပ်ရင်းနဲ့ ဗမာပြည်ပါရဂူ မာတင်စမစ် ပြောသလိုပဲ။ ကျနော်တို့ အတိုက်အခံတွေကလည်း တော်လှန်ရေးဆိုတာ ကျနော်တို့ရဲ့ way of life အမြဲတမ်း ဘဝခရီးစဉ် ဖြစ်နေတယ်။ တပ်မတော်ဘက်ကလည်း သောင်းကျန်းသူ နှိမ်နင်းရေးဆိုတာ သူတို့အတွက် way of life ဆက်ဖြစ်နေတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်က နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း NCA အခမ်းအနားများ ကျင်းပခဲ့ သလို ငြိမ်းချမ်းရေးဖိုရမ်များလည်း ကျင်းပခဲ့သည်။
သို့သော် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များ မပါဝင်ဘဲ နိုင်ငံရေးပါတီများ၊ NCA ထိုး ထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ၊ အရပ်ဖက် အဖွဲ့အစည်းများ စသည်တို့ဖြင့်သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါနေသူများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် စစ်ရေးပဋိပက္ခသည် နိုင်ငံတစ်ဝန်း ပိုမို ကြီးမားကျယ်ပြန့်ခဲ့ကာ လက်နက်ကိုင်အဖွဲ့များလည်း ပိုမိုပေါများလာခဲ့သည်။
ထိုသို့ စစ်ရေးကြီးမားလာမှုကြောင့် ပြည်သူလူထု အနေဖြင့်လည်း ၎င်းတို့၏ အိုးအိမ်စည်းစိမ်များအား စွန့်ခွာကာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်ခုခု မလုပ်ဆောင်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားလုံးကတော့ NCA လက်မှတ် ထိုးတာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးထပ်ပြီးတော့ ဆွေးနွေးတာပဲ ဖြစ်ဖြစ် တစ်ခုခု မလုပ်ဘဲနဲ့တော့ ကျနော်တို့ တိုင်းပြည်က ဘယ်တော့မှ ငြိမ်းချမ်းမှာလည်း မဟုတ်ဘူး။ ဆိုတော့ ဆွေးနွေး ပွဲ စားပွဲဝိုင်းပေါ်မှာတော့ ရောက်လာကြလိမ့်မယ်လို့ ထင်တယ်။ အရင်ဆုံး တော်လှန်ရေးနဲ့ လုပ်မယ်ဆိုရင်လည်း ကျနော်တို့ ပြည်သူလူထုတွေကလည်း တော်တော်ကို ဒုက္ခရောက် ပြီးတော့ ခြေကုန်လက်ပန်းကျ၊ တော်လှန်ရေး သမားတွေလည်း ခြေကုန်လက်ပန်း ကျနေပြီလို့ ကျနော် ထင်တယ်။ နောက်ပြီး ပြည်သူလူထူကလည်း တော်တော် ကို အထိနာနေပြီ။ နောက်ပြီးတော့ ကျနော်တို့ရဲ့ သားသမီးတွေ ကျောင်းမနေရဘူး။ ကျန်းမာရေး ကုသမှုတွေ စနစ် တကျ လုပ်လို့မရဘူး။ ကိုယ့်အိုးအိမ်မှာကိုယ်၊ ကိုယ့်ရွာမှာကိုယ် မနေရဘဲနဲ့ ကျီးလန့်စာစားနဲ့ ကျန်တဲ့ဒေသတွေ အခုဆိုရင် ချင်းပြည်ပြင်ပ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နောက်ပြီးတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဒီဒေသတွေကို နေရပ်စွန့်ခွာပြီးတော့ ထွက်ပြေးနေကြရတာ။ သူတို့ဆိုရင် ကိုယ့်ဒေသကိုယ် ပြန်ချင်နေ ပြီ။ လူထုရဲ့ ဆန္ဒအမှန်ကို ပြောပါဆိုရင် ဘယ်သူမှ အခြားဒေသမှာ မနေချင်ဘူး။ ကိုယ့်ဒေသ ကိုယ်ပြန်ပြီး ကိုယ့် နယ်မှာ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး နေချင်တာ။ အသက်အရွယ်ကြီးတဲ့ သူတွေဆိုလည်း ကိုယ့်ဒေသကိုယ် ပြန်ချင် နေတယ်။ အဲဒီလိုဆိုတော့ အခုတော်လှန်ရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးလုပ်နေတဲ့လူတွေ ကျနော်တို့ လွှတ်တော်ကို ရောက်နေတဲ့ နိုင်ငံရေးသမားတွေပေါ့။ သူတို့က စဉ်းစားပြီးတော့မှ တည်ဆောက်ရင်တော့ ငြိမ်းချမ်း ရေး ဆွေးနွေးတာလေးတွေလည်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ PNLO၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲသွားသော နိုင်ငံရေး အခင်းအကျင်းနှင့် အတူ CNF-ABSDF-KNU တို့က NCA ပျက်သွားပြီးဆိုကာ နုတ်ထွက်သွားခဲ့သလို PNLO- ALP-LDU- NMSP အဖွဲ့များကလည်း ၂ ဖွဲ့ကွဲသွားခဲ့သည်။
လက်ရှိတွင် NCA လုံးဝ မထိုးရသေးသော အဖွဲ့များမှာ UWSA- NDAA- MNDAA- TNLA- KIA- SSPP- AA-KNPP တို့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 634
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင် ဗိုလ်နဂါးနှင့် ဒုတိယအဖွဲ့ ခေါင်းဆောင် အပါအဝင် ၅ ဦးတို့ တပ်မတော်ထံ လက်နက်ချ အလင်းဝင်သွားမှုကြောင့် တော်လှန်ရေး ဘာဆက်ဖြစ်နိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
ဗိုလ်နဂါး တစ်ဦးတစ်ယောက်တည်း လက်နက်ချသွားသည်နှင့် တော်လှန်ရေး ယိုင်လဲသွားရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမတို့ တော်လှန်ရေးကတော့ ဆက်သွားနေမှာပဲလေ။ တော်လှန်ရေးတစ်ရပ်မှာ အားနည်းချက် အား ကောင်းချက်တွေ ရှိတယ်။ အတက်အကျတွေရှိတယ်။ ဥပမာအားဖြင့် အခု ကျမတို့ စည်းလုံးညီညွတ်ရေး ရုတ်တရက် ပြတ်သွားတယ်ဆိုရင် ဘာကြောင့် ပြတ်ရလဲဆိုတာ သေချာ စုံစမ်းရမယ်၊ စစ်ဆေးရမယ်။ ပြီးရင် ကျမ တို့ ပြန်တည့်မတ်ရမှာပေါ့။ ဗိုလ်နဂါး တစ်ယောက် လက်နက်ချသွားတာနဲ့ ကျမတို့ တော်လှန်ရေးကြီး ဒယိမ်းဒယိုင် ဖြစ်သွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးတစ်ရပ်ဟာ လူတစ်ယောက်အပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ။ အဖွဲ့အစည်းတစ်ရပ် အပေါ်မှာလည်း မူတည်တာ မဟုတ်ဘူး။ ပြည်သူလူထုကြီးက ဒီစစ်တပ်အပေါ်မှာ သိပ်ပြတ်သား နေသရွေ့၊ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ဆိုတာ အဲဒီဟာကြီး ပြတ်သားနေသရွေ့ တော်လှန်ရေးက အရှိန်မပြတ် ဆက်သွားနေမှာပဲ။ အတက်အကျ၊ အနိမ့်အမြင့် ရှိနိုင်တာပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေကိုတွေ့ရစဉ်
ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ၊ ဖေဖော်ဝါရီ ၂၀ ရက်က ဒုတိယအဖွဲ့ ခေါင်းဆောင် အပါအဝင် ၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။
ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပေါ်ပေါက်လာသည့် နွေဦး တော်လှန်ရေးတွင် ၅ နှစ်ကြာ လက်နက်ကိုင်တော်လှန်ခဲ့သူဖြစ်ပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) သို့ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် MRDA မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းခဲ့ကာ NUG ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ အနေဖြင့်ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အတွင်း လှုပ်ရှားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းသည် တိုင်းဒေသကြီး ၇ ခုထဲတွင် အကျယ်ဆုံး တိုင်းတစ်ခုဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။
လက်ရှိ မြန်မာ့တော်လှန်ရေး အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs) အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ရေး အပြိုင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

NUG-MOD ဝန်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်
နွေဦးတော်လှန်ရေး စတင်ချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာကာ ရှေ့ဆက်သွား ကြသည့် အခါ ခိုင်မာတိကျသောလမ်းစဉ် ရှင်းလင်းပြတ်သားမှုမရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် NUG-PDF များအနေဖြင့် ထိုလမ်းစဉ်အတိုင်း ဆက်သွားနေမည်ဆိုပါက တစ်ချိန်ကျလျှင် ပျောက်ကွယ် သွားရန်ရှိကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ဒါက ဟိုးတုန်းကတည်းကလည်း ကျနော်တို့ ပြောခဲ့ပြီးပြီ။ စကတည်းက သန္ဓေတည် ထားတဲ့ မမှန်တဲ့ လမ်းကြောင်းမျိုးမှာ NUG-PDF ကတော့ သွားစရာ ဆက်ပြီးတော့ အောင်မြင်စရာ အကြောင်းတော့ မရှိပါ ဘူး။ တစ်ချိန်ကြရင်တော့ သူတို့ ဒီလိုပဲ ပျောက်ကွယ်သွားမယ်လို့ ကျနော်တို့ ပြောထားခဲ့ပြီးသားဖြစ်တယ်။ ဒီကြား ထဲမှာမှ ခုနကပြောသလိုပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက် အယူအဆနဲ့ တော်လှန်ရေးဆိုတာမျိုး လုပ်ခဲ့ကြတဲ့ လူတွေ ကြတော့လည်း သူ့ဘာသာသူ ပြန်ပြီးတော့ သူသွားနေတဲ့ လမ်းကြောင်း မှန်လား၊ မှားလား ပြန်လည် ဆင်ခြင် သုံးသပ်နိုင်တဲ့ အခါမျိုးမှာ အလင်းဝင် လာတာမျိုး ရှိတာပေါ့။ လိုရင်းတိုရှင်း ပြောရရင်တော့ မှန်ကန်မှုမရှိတဲ့ ideology အပိုင်းပေါ့။ အတွေးအခေါ် မရှိဘူး။ မူဝါဒ ကောင်းကောင်းမရှိဘူး။ ဒါမျိုးတွေ ကျိုးပျက်နေတဲ့ လမ်းစဉ် တွေကတော့ တချိန်ချိန်ကျရင် သူတို့ မှန်ကန်တဲ့ ဘက်တစ်ဘက်ကို ရွေးရမှာပေါ့။ NUG-PDF သည်လည်း ခုနက အတိုင်းပဲ မှားယွင်းတဲ့ လမ်းစဉ်ကို ဆက်လက် ဆုပ်ကိုင်ပြီးတော့ ဒီတိုင်း နေဦးမယ်ဆိုရင်တော့ သူတို့လည်း တစ်ချိန်ကျရင်တော့ ပျောက်ကွယ်သွားဖို့ရှိပါလိမ့်မယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားပြီးနောက် ယခင်ကတည်းက ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသာမက နွေဦးတော်လှန်ရေးနှင့်အတူ မြန်မာပြည်အနှံ့တွင် လက်နက်ကိုင် အင်အားများစွာ ထပ်မံ ပေါ်ပေါက်လာသည်။
BNRA မှ ဗိုလ်နဂါးနှင့် ရဲဘော်များ အလင်းဝင်သွားသကဲ့သို့ “နဂါးနှင့် မြေပြင်တွင် လုပ်ရပ် တစ်ပုံစံတည်း တူသည့် အဖွဲ့တစ်ဖွဲ့ရှိသေးကြောင်း၊ ထိုအခြေအနေကို PLA (ကွန်မြူနစ်)က သက်သေပြမည်”ဟု NUG လက်အောက်မှ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၉ တပ်ရင်းမှူး ဖိုးရှုပ်က သူ၏ လူမှုကွန်ရက်မှာ ရေးသားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1482
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လူမျိုးကြီးဝါဒကို အခြေခံပြီး ကချင်၏ နိုင်ငံရေးလမ်းကြောင်းအား သွားနေသည့်အတွက် ၎င်းတို့ပြောသည့် နာဂယူနစ်ကို မိမိတို့ လုံးဝလက်မခံကြောင်း နာဂဆိုရှယ်လစ်ကောင်စီ -ကပ္ပလန်/အန်းမိုင်(NSCN–K/AM)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ချင်းယူနစ်၊ ကချင်ယူနစ်၊ နာဂယူနစ်နှင့် ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) ဒေသဆိုပြီး ၎င်းတို့ သတ်မှတ်ထားကြောင်း၊ ထိုဒေသများကို ထိန်းချုပ်ပြီး မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်မည်ဟု ပြောသည်။
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်း အနားကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ကျင်းပသည့်အချိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့ သွားနေသည့် လမ်းကြောင်းကမူ ယူနစ်ဆိုသည့် လမ်းကြောင်းမဟုတ်ကြောင်း၊ KIA က ထုတ်ပြန်သည့် ယူနစ်ဆိုသည်ကို မိမိတို့ လုံးဝ လက်မခံကြောင်း NSCN–K/AM ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဋ္ဌာနသို့ ပြောသည်။

KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ကျတော့ အဲ့ဒါက KIA က ဘယ်သူနဲ့ပတ်သက်ပြီးတော့ အသုံးပြုသွားတယ် မသိဘူး။ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းကတော့ ကျနော်တို့ကတော့ ဘယ်ယူနစ်မှ ယူနစ်ဆိုတဲ့ လမ်းကြောင်းမဟုတ်ဘူး။ ကျနော်တို့ နာဂလွတ်လပ်ရေးဆိုတဲ့ Independent ဆိုတဲ့လမ်းကြောင်းကို ကျနော်တို့ သွားနေတာဖြစ်တယ်။ ဆို တော့ သူတို့နဲ့လည်း ကျနော်တို့ ဒီကိစ္စတွေကို ကျနော်တို့ လုံးဝပတ်သက်မှုလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် KIA နဲ့ လည်း၊ ကချင်နဲ့လည်း။ ကချင်နဲ့ဆိုတာက ကျနော်တို့ နာဂနဲ့ကျတော့ နဂိုထဲက ကျနော်တို့ ညီအစ်ကိုလိုပဲ နေကြ တဲ့ သူတွေဖြစ်တယ်။ ဒါပင်မယ့် သူတို့က ဒီဟာကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်သူကို ရည်ညွန်းပြီး ပြောသွားသလဲ လည်း မသိဘူး။ သူတို့ ထုတ်ပြန်တဲ့ ယူနစ်ဆိုတဲ့ လမ်းကြောင်းကိုတော့ လက်မခံဘူးဗျ။ လက်မခံဘူးဆိုတာက ကျနော်တို့ သွားနေတဲ့လမ်းကြောင်းက Independent ဖြစ်တဲ့အခါမှာ ကျနော့်ရဲ့အမြင်ကို ပြောမယ်ဆိုရင်တော့ သူတို့က လူမျိုးကြီးဝါဒ ပုံစံမျိုးနဲ့ သုံးတယ်လို့ ကျနော်က စဉ်းစားတယ်ဗျ။ အရင်က သူတို့လုပ်ခဲ့တဲ့ သူတို့နယ်နဲ့ နီးစပ်ရာ။ နောက်ဆုံး ရှမ်းဆိုလည်းပဲ ရှမ်းကိုယူနစ် ဒါမျိုး သူက လူမျိုးကြီးဝါဒလေးကို အခြေခံပြီးတော့မှ သွားနေ တဲ့ ကချင်ရဲ့ သူရဲ့နိုင်ငံရေးလမ်းကြောင်းကို သွားနေတယ်လို့။ ဒါပေမယ့် ကျနော်ကတော့ဒါကို လုံးဝလက်မခံဘူး”ဟု ပြောသည်။
KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က မိမိတို့ ကချင်ပြည်နယ် လုံခြုံရေးအတွက် စစ်ကိုင်းတိုင်းကနေ ရန်သူ (မြန်မာ့ တပ်မတော်)ကို စောင့်၍ တိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ထိန်းချုပ်နိုင်ရေးအတွက် ကသုံးလုံး (ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးနှင့် ချင်းယူနစ်- နာဂယူနစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ထိန်းချုပ်နိုင်ပါက မြန်မာ နိုင်ငံ၏ မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသကို ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း ပြောသည်။
သို့သော် KIA သည် မည်သည့် ဒေသများကို နာဂယူနစ်ဟု သတ်မှတ်ထားသလဲ၊ မည်သည့် နာဂအဖွဲ့အစည်း များဖြင့် နာဂယူနစ် သတ်မှတ်ချက်ကို ဆွေးနွေးညှိနှိုင်းထားသလဲ ဆိုသည်ကို ချပြမသွားခဲ့ပေ။
လက်ရှိတွင် KIA သည် အရှေ့နာဂအမျိုးသားအစည်းအရုံး(ENNO/ENDA)နှင့် နာဂ PDF(NPDF)ကို စစ်သင်တန်း များပေး၍ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးကာ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော် နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တိုက်ခိုက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော အခင်းအကျင်း၌ ၎င်း(KIA)တို့က အခွင့်အရေး တစ်ခုယူပြီး အုပ်ချုပ်မည်ဆိုသည့် လမ်းကြောင်းကို သွားနေကြောင်း၊ KIA က ထုတ်ပြန်သည့် ယူနစ်ဆိုသည်ကို မိမိတို့ လုံးဝ လက်ခံခြင်းမရှိကြောင်း၊ နာဂယူနစ်ကိစ္စနှင့်ပတ်သက်ပြီး လက်မခံကြောင်း စာထုတ်ရန်ရှိသည်ဟု NSCN–K/AM ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဋ္ဌာနသို့ ပြောသည်။

NSCN-K/YA နဲ့ နာဂယူနစ်ဒေသကို တွေ့ရစဉ်
၎င်းက “ယူနစ်ဆိုတာကျတော့ ကျနော်တို့ နားလည်ထားသလောက်က အရင်တုန်းကပေါ့၊ ဗမာတွေကလည်း တပ် တွေ ဖွဲ့ထားတာပေါ့နော်။ ကယားဆိုလည်း ကယားတပ်၊ ချင်းဆိုလည်း ချင်းတပ် အဲ့ဒီလို ဖွဲ့ပြီးတော့မှ အရင် တုန်းက ကျနော်တို့ နာဂဒေသမှာလည်းပဲ သူတို့ လွတ်လပ်ရေး ရခါစပေါ့။ ကျနော်တို့ နာဂမှာလည်း ကယားတပ် လား မသိဘူး အဲ့ဒါမျိုး လာထိုင်တာရှိတယ်။ ထိုင်ပြီးတော့မှ ဒါမျိုးလုပ်တယ်။ အဲ့ဒါက ဘယ်သူ လက်အောက်မှာ လဲဆို ဗမာရဲ့ပေါ်လစီ လက်အောက်မှာ။ အခုလည်းပဲ ကချင်တွေကတော့ KIA ဆိုတဲ့ ခေါင်းစဉ်နဲ့ မဟုတ်ပဲနဲ့ ဝန်ပေါင်ဆိုတဲ့ ခေါင်းစဉ်နဲ့။ ကျနော်တို့ ဒေသကိုလည်းပဲ တပ်ဖွဲ့ပုံစံမျိုးနဲ့ သူတို့က နာဂလက်နက်ကိုင် တွေကို တပ်ဖွဲ့ပုံစံမျိုးနဲ့ သူတို့ကတော့ အဲ့ဒီလို သွားတယ်လို့ အဲ့ဒီလို မြင်တယ်။ တကယ်လည်း ဒီအတိုင်းအတာကို သွားနေတာဖြစ်တယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ အခင်းအကျင်း ဖြစ်နေတဲ့အခါမှာ သူတို့လည်းပဲ အခွင့် အရေး တစ်ခုကို ယူပြီးတော့မှ သူက ဒီဟာကို အုပ်ချုပ်မယ်ဆိုတဲ့ လမ်းကြောင်းကို သွားနေတယ်လို့ မြင်တယ်။ ကချင်တို့နဲ့ဆို ကျနော်တို့ နာဂနဲ့ကျတော့ ဘာမှပြသာနာမရှိဘူး။ ဒါပေမယ့် သူတို့က ဒီအသုံးအနှုန်းကိုတော့ ကျနော်တို့ NSCN ကနေပြီးတော့မှ လုံးဝ လက်မခံတာတော့ သေချာတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းနဲ့ ချိတ် ပြီးတော့မှ ဒီစကားကို ထွက်လာသလဲ ဆိုတဲ့ဟာကလည်း မသိသေးဘူး။ ဒါပေမယ့် KIA က ထုတ်ပြန်တဲ့ ယူနစ် ဆိုတဲ့ဟာကိုတော့ ကျနော်တို့က လုံးဝ လက်ခံတာမရှိဘူး”ဟု ပြောသည်။
အလားတူ KIA ၏ နာဂယူနစ် သတ်မှတ်ချက်က မည်သည့်ဒေသများ ပါသည်ဆိုတာ သေချာမသိရသော်လည်း KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို နာဂယူနစ်ဟု သတ်မှတ်ထားသလား သို့မဟုတ် နာဂဒေသ အပြင် ခန္တီး၊ ဟုမ္မလင်းနှင့် တမူးဒေသများကို စုစည်း၍ နာဂယူနစ်အဖြစ် သတ်မှတ်ထားသ လား ထောက်ပြမှုများ ရှိနေသည်။
ဒေသတွင်း သတင်းရင်းမြစ်များကတော့ မြန်မာနိုင်ငံထဲတွင် အခြေစိုက်ပြီး နေနေသည့် နာဂလက်နက်ကိုင် အဖွဲ့အစည်းများသည် ကချင်ပြည်နယ်ထဲက တနိုင်း-ရှင်ဗွေယန်ကနေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီး၊ ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ တမူးအထိ နာဂယူနစ်အနေဖြင့် စဉ်းစားချက်များ ရှိကြောင်း ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 472
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် နယ်မြေအငြင်းပွားမှု ပြဿနာများ မကြာခဏဆိုသလို ဖြစ်ပေါ်နေခြင်းကြောင့် နယ်မြေပိုင်းခြား သတ်မှတ်မှုများ ရှိသင့်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ် (TNLA) တို့အကြား နယ်မြေအုပ်ချုပ်ရေး အားပြိုင်လာခဲ့ကြပြီးနောက် ခိုက်ရန်ဖြစ်ပွားမှုများရှိလာသလို ပြည်သူ လူထု သွားလာရေးများကိုလည်း ကန့်သတ် စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။
MNDAA နှင့် TNLA ဖြစ်စဥ်သည် ပြီးခဲ့သည့် ငလျင်ဘေး၌လည်း ရန်ပုံငွေကောက်ခံနေသည့် MNDAA တပ်ဖွဲ့ဝင် များကို TNLA က လာရောက်တားမြစ်ရာမှ ရိုက်နှက် ထိုးကြိတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များ ကြားထဲတွင် နယ်မြေသတ်မှတ်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ နယ်မြေ အုပ်ချုပ်ရေး သာမကပဲ အခွန်အကောက် စသည့် ကိုယ်ကျိုးစီးပွားများပါ ပါဝင်လာသည့်အတွက် နယ်မြေ သတ်မှတ်ထားခြင်းသည် ၎င်းတို့အတွက် ပဋိပက္ခဖြစ်နိုင်ခြေ နည်းနိုင်သည်ဟု တရုတ်-မြန်မာအရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

TNLA-MNDAA တို့ကို ကွတ်ခိုင်မြို့ထဲမှာ တွေ့ရစဉ်
၎င်းက “နယ်မြေ သတ်မှတ်မှုကတော့ လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက အုပ်ချုပ်ရေးစနစ်တို့ ဘာတို့ စနစ် တကျ တည်ဆောက်ဖို့ လိုတာကို။ အဲ့ဒီဝောာ့ တချို့နေရာတွေကျတော့ မရှိဘူးဗျ။ မရှိတဲ့ အခါမှာဆိုရင် ဟိုဘက်နဲ့ ဒီဘက်နဲ့ ညှိနှိုင်းရတာတွေတော့ ရှိတာပေါ့။ ဥပမာ ကျမတို့ အရင်တုန်းက နေတုန်းကလည်း ဒီလိုပဲ။ ဟိုဘက်ခရိုင် ဒီဘက်ခရိုင် ထပ်နေတာတွေ ဘာတွေရှိရင် အဲဒီဒေသကို ပူးတွဲအုပ်ချုပ်တာတို့ တစ်ယောက်တစ်လှည့် အုပ်ချုပ် တာတို့ လုပ်လို့ရတယ်ဗျ။ ခါတိုင်း အဲဒီလိုတော့ လုပ်တတ်တာပဲ။ သူတို့ အဲဒီလို လုပ်သလား မလုပ်သလားတော့ မသိဘူး။ (နယ်မြေသတ်မှတ်မှု) ထားရမှာဗျ ထားရမှာ။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေအုပ်ချုပ်ရုံ တင်မကဘူး သူတို့က အခွန်အကောက် ကောက်တာတို့ဘာတို့လည်း ပြဿနာတက်ကြတာကို။ အဲဒီလိုဟာမျိုးကျတော့ ကိုယ်ကျိုးစီးပွားတွေပါ ပါလာလို့ရှိရင် ပဋိပက္ခ ပိုကြီးတတ်တယ်လေ။ ဒါကြောင့်မို့ သတ်သတ်မှတ်မှတ် ရှိရမယ်။ ပြဿနာတွေ ပေါ်လာရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ စည်းကမ်းတွေ ဘာတွေရှိရမယ်ဗျ။ သူတို့ရှိနိုင်ပါတယ်။ ဒါမယ့် အောက်ခြေကျတော့ တစ်ခါတစ်လေကျ စိတ်လက်မာန်ပါတွေတော့ ဖြစ်တတ်တာတော့ပေါ့ဗျာ။ ဒါပေမယ့် ကျမကြည့်တယ် သူတို့မှာ စည်းကမ်း အထူးသဖြင့် အထက်လူကြီးတွေကြားမှာ ခေါင်းဆောင်တွေ ကြားမှာလည်း ရှိပုံရပါတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA သည် KIA,MNDAA,SSPP တို့နှင့် နယ်မြေ အငြင်းပွားကာ အုပ်ချုပ်ရေး အားပြိုင်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA, KIA, MNDAA, AA, SSPP, UWSA အပါအဝင် ပြည်သူ့စစ်များ၊ PDF များ အခြေချလှုပ်ရှားလျက်ရှိနေသည်။
ပဋိပက္ခများဖြစ်ပွားနေသည့်ကြားမှာ နယ်မြေသတ်မှတ်ထားပါကလည်း ယာယီအနေဖြင့်သာ ရှိမည်ဖြစ်ကြောင်း၊ အားလုံး သဘောတူညီသည့် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုရောက်မှသာလျှင် နယ်မြေအငြင်းပွားမှု ပြဿနာများ ပြီးဆုံးသွားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
၎င်းက “လက်နက်ကိုင်ပြီဆိုလို့ ရှိရင်တော့လည်း ဒီနေရာ ငါ့နယ်မြေ ဒီနေရာ ငါဗိုလ်ပဲ ဆိုတဲ့ဟာမျိုးကတော့ ဘယ်သူ မဆိုကတော့ လုပ်ချင်မှာပဲပေါ့။ ဒါပေမယ့် ဒီဟာကြီးက လုပ်သင့်လား မလုပ်သင့်လား ပြောရတာကျ တော့ ကျနော်တို့ အနေနဲ့ကတော့ မြန်မာပြည်မှာ ပြည်တွင်းစစ်က အမြန်ဆုံးပြီးဆုံးပြီးတော့မှ ငြိမ်းချမ်းရေး ရပြီး တော့ အားလုံးသဘောတူမျှတတဲ့ နိုင်ငံရေးဖြစ်စဉ် အခင်းအကျင်းကိုပဲ သွားစေချင်တာဆိုတော့ ဒီလို နယ်မြေတွေ ခွဲဝေတာတွေ ဘာတွေကကျတော့ ကျနော့် သဘောဆိုရင်တော့ သိပ်မဖြစ်ဘူးပေါ့လေ။ ဒါပေမယ့် လက်နက်ကိုင် ထားတဲ့ သဘောတရားအရတော့ သူ့နယ်မြေ ကိုယ့်နယ် မြေဆိုတဲ့ဟာကတော့ ရှိမှာပေါ့။ အဲဒီပဋိပက္ခတွေ ပြီးဆုံး ပြီးတော့မှ အားလုံး သဘောတူညီတဲ့ နိုင်ငံရေးအခင်းအကျင်း တစ်ခုရောက်မှပဲ ဒါတွေက ပြီးဆုံးသွားမှာဆိုတဲ့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရှိနေမှာပဲ။ ယာယီပဲ အဲဒါတွေ အကုန်လုံးကလည်း။ ယာယီပဲရမှာပဲ။ နယ်မြေ သတ်မှတ်မှု သဘောကိုက ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းရဲ့ လူတွေ ပျံ့နှံ့နေထိုင်ပုံကိုက တစ်မြို့ထဲမှာ ရှိသမျှ လူမျိုးတွေ အကုန်ရှိနေတာကို။ အဲဒီလိုမျိုး ဖြစ်တဲ့အခါကျတော့ ဒါကြီးကို နယ်မြေ သတ်မှတ်လိုက်ရုံနဲ့ ပြီးမလားဆိုတဲ့ဟာက ခဏတဖြုတ်တော့ ဖြစ်ရင်ဖြစ်မှာပေါ့။ ပဋိပက္ခပြန်ဖြစ်ခဲ့တဲ့ ဟာတွေကလည်း ရှေ့မှာ သာဓကတွေက အများကြီးရှိတာကို။ ဒီနယ်မြေက ဒီအဖွဲ့ ထိန်းချုပ်တယ်ဆိုပေမယ့် ဒီအဖွဲ့ရဲ့အောက်မှာ လူတွေကို ခွဲလိုက်လို့မှ မရတာနော်။ ဒီမှာ ပလောင်ပဲနေကြတော့ ဟိုဘက်မှာ တရုတ်ပဲနေကြတော့ လုပ်လို့မရတဲ့အတွက် ကြောင့်မို့လို့ သူ့ဟာသူ ပျံ့နှံ့နေထိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြဿနာတွေကတော့ ရှိနေမှာပဲ"ဟု ပြော သည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြားလည်းကောင်း၊ လက်နက်ကိုင်များ အချင်းချင်းကြားလည်းကောင်း နယ်မြေထိန်းချုပ်ရေးနှင့် စိုးမိုးရေး စစ်ပွဲများဖြစ်ပွားနေသည်။
KIA သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ နယ်မြေ ထိန်းချုပ်ရေး စစ်ဆင်ရေးများ ဖော်ဆောင်နေခြင်းကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ မြန်မာ့တပ်မတော်တို့ဖြင့် တိုက်ပွဲများဖြစ်ပွား နေသလို NSCN ဟု ခေါ်သော နာဂလက်နက်ကိုင်များနှင့်လည်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 387
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Mr.Marshal Sakesan Kantha နှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့မှုနှင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် ပြည်သူများ အားတတ်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြကြောင်း၊ ယခု အချိန်အထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြီးမားသည့် ကန့်ကွက်မှုများ မရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပ နိုင်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု နေပြည်တော်က သတင်းထုတ်ခဲ့သည်။

ထို့နောက် မကြာမီကာလအတွင်း လွှတ်တော်ကျင်းပ ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံရေး အစိုးရများ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တပ်မတော်သည် ပြောင်းလဲမှု မရှိခြင်းကြောင့် ပြည်သူများ လိုလားသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 334
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် (၇၈)နှစ်မြောက် ချင်းအမျိုးသား နေ့ အခမ်းအနား၌ CDF (ဟားခါး)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ကန့်ကွက်ရှုံ့ချ ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
ထိုအခမ်းအနားကို ဟားခါးမြို့ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြသည်။
ထိုသို့ တက်ရောက်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးစနစ် ကောင်းမွန်သည့်အတွက် သေဆုံးထိခိုက်မှု များ မရှိခဲ့ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

ချင်းအမျိုးသားနေ့ အခမ်းအနား ဖွင့်လှစ်နေစဉ်
၎င်းက “ကျနော်တို့က လက်နက်ကိုင် တော်လှန်ရေးတွေရှိတယ်၊ ပါတီကနေပြီးတော့ ကိုယ့်လူမျိုးအတွက်ကို ဝိုင်းလုပ်နေကြတာပေါ့ ပါတီလိုင်းကနေ လုပ်တယ်။ တချို့ကလည်း တော်လှန်ရေး လုပ်တယ်။ ဆိုတော့ ပါတီ အနေနဲ့ဆိုရင်တော့ ကျနော်တို့ ဒီလို ကိုယ့်ချင်းအမျိုးသားနေ့မှာ အဲဒီလိုဖြစ်တဲ့ဟာ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာမှာတောင်မှ ဒုတိယ ကမ္ဘာစစ်ဖြစ်တုန်းက ခရစ္စမတ်နေ့လိုမျိုး ဆိုရင် နှစ်ဖက် အသည်းအသန် တိုက်နေတဲ့ ကမ္ဘာ့စစ်ပွဲတွေမှာတောင် အဲဒီလိုအခါကြီး ရက်ကြီး၊ ပွဲကြီးတွေဆို ရပ်တယ်လေ။ တိုက်ပွဲ မတိုက်ဘဲနဲ့ ရပ်တယ်။ အခုလို ချင်းအမျိုးသားနေ့လိုမျိုးမှာ ကျနော်တို့ ချင်းတွေကို နိုင်ငံတော်က အသိအမှတ်ပြုတာပဲဖြစ်ဖြစ် ကိုယ့်အချင်းချင်း ပွဲတော်ကြီးလုပ်တဲ့ အချိန်မှာ ဒီလိုဖြစ်တာကတော့ ကျနော်တို့ ပါတီအနေနဲ့ ရှုံ့ချတယ် ကန့်ကွက်တယ်။ အဲဒီဟာတော့ ကျနော်ထင်တယ် ရန်သူရှိတယ်ဆိုရင်တော့ jumper တွေဘာတွေလည်း ခံတာပဲလေ။ လုံခြုံရေးအရလည်း အသေးစိတ်တော့ လုပ်မှာပါ။ လုံခြုံရေး အားနည်း တယ်လို့တော့ မဆိုလိုဘူး”ဟု ပြောသည်။
ထို့နောက် ချင်းပြည်နယ်တွင် တော်လှန်ရေး အင်အားစုများ ဆက်စပ်နေခြင်းကြောင့် ဟားခါးမြို့ပေါ်မှာလည်း လုံခြုံမှု အားနည်းကြောင်း ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ချင်းပြည် တစ်ပြည်လုံးမှာ လက်ရှိက တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်စပ်နေတယ်။ ဟားခါးမြို့ပေါ်မှာ ဆိုရင်လည်း အုပ်ချုပ်ရေးစနစ် ရှိတယ်ဆိုပေမယ့် မလုံခြုံပါဘူး တကယ်တော့လေ။ အထဲမှာ အင်အားစုတွေက လှုပ်ရှားနေတာလေးတွေ ကျနော်တို့လည်း အကြမ်းဖျင်းသိပါတယ်။ လုံခြုံရေး စနစ်တကျ ရှိလို့လည်း အခုလို သက်သာသွားတာပေါ့။ လုံခြုံရေးသာ စနစ်တကျ မရှိဘူးဆိုရင် ဆိုးဝါးပြီး ပေါက်ကွဲရင် သေဆုံး၊ ထိခိုက်မှုတွေလည်း ရှိနိုင်တယ်လေ။ အဲဒီလိုမျိုး မဖြစ်လိုက်တဲ့အတွက် ကံကောင်းတာပေါ့” ဟု ပြောသည်။

ဒရုန်းတိုက်ခိုက်မှုကို ထုတ်ပြန်ထားစဉ်
ဖြစ်စဉ်မှာ အခမ်းအနား ကျင်းပပြုလုပ်နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးအား CDF (ဟားခါး)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Suicide ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ရာ လေကြောင်းလုံခြုံရေး တာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ကြောင်း နေပြည်တော်က ထုတ်ပြန်ထားသည်။
ထိုဒရုန်းယာဉ်များအား လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အခမ်းအနား ကျင်းပနေသည့် နေရာသို့ ကျရောက် ပေါက်ကွဲခြင်းမရှိဘဲ အနီးဝန်းကျင် နေရာများရှိ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများအား သက်မဲ့ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် လူနှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိ ချင်းပြည်နယ်အတွင်းမှာ ချင်းအမျိုးသားတပ်ဦး(CNF)၊ အာရက္ခတပ်တော်(AA) အပါအဝင် ချင်း PDF အဖွဲ့ ပေါင်းစုံ လှုပ်ရှားလျက်ရှိပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 671
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်(TNLA) နှင့် ကိုးကန့်တပ် (MNDAA)ကြား ယှဉ်ပြိုင် အုပ်ချုပ်မှုများ ဖြစ်လာခြင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထု ဒုက္ခရောက်လာသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးပကြိုဝ်းဇားမှ CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က စတင်ကာ တအာင်းတပ်(TNLA) နှင့် ကိုးကန့်တပ် (MNDAA)ကြား ကွတ်ခိုင် မြို့နယ်ထဲမှာ အချင်းများနေသလို နယ်မြေအုပ်ချုပ်ရေး အငြင်းပွားနေကြောင်း၊ ထိုမှတဆင့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် အနေအထားမျိုးထိ ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။
ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး MNDAA ဘက် ကလည်း ကွတ်ခိုင်မြို့ကို ဝင်ရောက်တပ်စွဲလာသည်။

TNLA-MNDAA ကြား ပဋိပက္ခအပေါ် တအာင်းအဖွဲ့အစည်းတွေ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
အဆိုပါ နှစ်ဖက်တပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပြီးနောက်ပိုင်း MNDAA ဘက်မှ သိန္ဒီမြို့ အဝင်အထွက် များကို စစ်ဆေးမှုများ တင်းကြပ်လာပြီး တအာင်းလူမျိုးများအား အဓိကထား၍ စစ်ဆေးမှုများရှိနေကြောင်း ဒေသ တွင်းနေ ပြည်သူများက ပြောသည်။
ထိုပြဿနာသည် နှစ်ဖက်တပ် အချင်းချင်း ဖြစ်ပွားသည့် တပ်တွင်း ပြဿနာသာဖြစ်ပြီး လက်ရှိအချိန်တွင် လူထု များကိုပါ ဦးတည်လာကာ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်လာသော အနေအထားမျိုးများ မြင်တွေ့ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးပကြိုဝ်းဇားမှ CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒါပေမယ့် သူတို့ရဲ့ ပြဿနာက ဘယ်ကို ဦးတည်လာလဲဆိုတော့ လူထုကို ဦးတည်လာတော့ ကျမတို့ အရပ်ဘက် အဖွဲ့အစည်း အနေနဲ့ကတော့ အဲဒါတော့ အဆင်မပြေဘူးပေါ့နော်။ ခုနက ပြောသလို မြို့တစ်မြို့မှာ ယှဥ်ပြိုင်အုပ်ချုပ်တာတွေ ဖြစ်လာတယ်ဆိုရင်တော့ ဒီလိုမျိုး ပဋိပက္ခတွေ ကတောက်ကဆတွေ တင်းမာမှုတွေက မြေပြင်မှာတော့ ဖြစ်လာနိုင်တယ်ပေါ့လေ။ တစ်ခါတစ်လေမှာက ကြားလော်ဘီတွေက ပြန်ဝင်တယ် စည်းရုံးကြ တယ်။ ပိုပြီးတော့မှ တင်းမားမှုတွေ ပိုဖြစ်လာတယ်။ တင်းမာမှုတွေ ပိုဖြစ်လာတဲ့အခါမှာ ပိုပြီးမှ စစ်ရေး တင်းမာ လာဖို့အတွက် သွေးဆွနေတာမျိုးတွေ တွေ့နေရတယ်ပေါ့နော်။ မြေပြင်မှာပဲဖြစ်ဖြစ် ဒီအွန်လိုင်း ပလက်ဖောင်းမှာ ပဲဖြစ်ဖြစ် အဲဒါကြောင့်မို့လို့ပဲ တခြားတပ်ရဲ့ သိက္ခာအတွက် မငဲ့ဘဲနဲ့ ပြန်ပြီးမှ သွေးဆွနေတဲ့ အနေအထားမျိုးမှာ ဆိုရင် လူမျိုးရေးကို ပြန်ပြီးမှ ပိတ်ပင်တားဆီးတာတွေ၊ သွားလာရေးတွေ ဒါလူထုအပေါ်မှာ ပိုတင်းကြပ်လာတာ တွေ ဖြစ်လာမယ်ဆိုရင် လူထုအချင်းချင်းရဲ့ ပဋိပက္ခတွေကလည်း ပိုမြင့်လာတယ်ပေါ့နော်။ တစ်ခါတစ်လေ တပ် ချင်း ပြဿနာက တပ်အချင်းချင်း ဖြေရှင်းတာက ပိုကောင်းတယ်။ ဒါသည် တပ်တွင်း ပြဿနာဖြစ်တယ်။ တပ် အချင်းချင်း ပြဿနာသည် ပြည်သူလူထု အချင်းချင်း ဒီမြေပြင်မှာရှိတဲ့ ပြည်သူလူထု အချင်းချင်း လူမျိုးအချင်းချင်း ပြဿနာ မဟုတ်နေဘူးပေါ့နော်။ ဒါပေမယ့် အဲဒါကို အသွင်ဆောင်လာတဲ့ အနေအထားမျိုးမှာ ဆိုရင်တော့ ဒါသည် ပြည်သူရဲ့ အမုန်းပွားမှုတွေ၊ အချင်းချင်း အမုန်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ ပြဿနာက ပိုပြီးမှ ထိန်းကျောင်းရ ခက်ခဲလာမယ်။ ပဋိပက္ခတင်းမာမှုတွေ ပိုဖြစ်လာမယ့် အခွင့်အရေးတွေ လမ်းဖွင့်ပေးသလို ဖြစ်လာတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်ပေါ့နော်” ဟု ပြောသည်။

AA,MNDAA,TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
MNDAA နှင့် TNLA တို့ ထိုသို့ ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၎င်းတို့ အချင်းချင်းကြား နယ်မြေခွဲခြား ပိုင်းခြားရေးတွင် မျှတမှုမရှိခြင်းကစပြီး ယခုကဲ့သို့ အခြေအနေမျိုးထိ ဖြစ်လာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့က ဒီ ၁၀၂၇ မှာ သူတို့က မဟာမိတ်သုံးဖွဲ့ပေါ့နော်၊ အဲဒီ သုံးဖွဲ့ သဘောတူညီချက်နဲ့ သူတို့ စစ်ဆင် ရေးတွေ လုပ်ပြီးနောက်မှာ နယ်မြေခွဲခြားစိတ်ဖြာရေး ပိုင်းခြားရေးတွေကျတော့ သင့်သင့်မျှမျှ မရှိလိုက်ဘူး။ မရှိ လိုက်လို့လည်း အဲဒါတွေက အခုလိုမျိုးတွေ ရောထွေးပြီး ပြဿနာတွေ ဖြစ်လာတယ်။ သူတို့ရဲ့ သိမ်းပိုက်ပြီးတဲ့ နောက်ပေါ့နော် ၁၀၂၇ နောက်ပိုင်း သိမ်းပိုက်ပြီး မဟာမိတ်တွေ ဝင်တိုက်တာတော့ မှန်တယ်။ သို့သော် အဲဒီလို တိုက်ပြီးတော့ နယ်မြေခွဲခြားမှုမှာ သူတို့က သေချာပိုင်းပိုင်းခြားခြား မလုပ်ခဲ့တဲ့အတွက် ပြဿနာတွေ ဖြစ်နေကြ တယ်။ ဒါကတော့ ထင်ရှားတာပေါ့နော် ကျနော်တော့ အဲ့လောက်တော့ သိရပါတယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် မြေပြင်မှာ ရှိနေသည့် ဒေသခံ ပြည်သူလူထု အများစုသည် မည်သည်က သတင်းအမှန်၊ အမှားလဲဆိုသည်ကို ခွဲခြားနိုင်ရန်အတွက် သတင်းအရင်းအမြစ်ရယူမှု၊ အွန်လိုင်း ချိတ်ဆက်မှုတို့မှာ အင်မတန် ခက်ခဲနေကြောင်း၊ သွေးကြွရန် လှုံ့ဆော်သည်မှာ အရမ်းလွယ်ကူသည့် အနေအထားမျိုး ဖြစ်နေခြင်းကြောင့် လူထု အချင်းချင်း ပဋိပက္ခအသွင် ဆောင်လာမည်ကို စိုးရိမ်ရသည်ဟု တအာင်းအရပ်ဘက် အဖွဲ့အစည်းများက ထောက် ပြ ကြသည်။
MNDAA,TNLA,AA သည် ညီနောင်မဟာမိတ်ဟု ဖွဲ့စည်းထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ အငြင်းပွားကာ MNDAA နှင့် TNLA ကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 330
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ဥက္ကဋ္ဌ နေရာကနေ ဒေါက်တာသက်သက်ခိုင် နုတ်ထွက်သွားပြီဖြစ်၍ ဦးစောဟန်အေးက ပြောင်းလဲတာဝန်ယူလိုက်ကြောင်း သိရသည်။
ဒေါက်တာသက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့ဖြင့် တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သို့သော် မည်သည့် ပုဒ်မဖြင့် မည်ကဲ့သို့ အရေးယူသွားမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိသလို ယနေ့အထိလည်း မည်ကဲ့သို့ အရေးယူထားသလဲ အသိပေးခြင်းမရှိသေးပေ။
ထို့နောက် ဒေါက်တာသက်သက်ခိုင်သည် PPP ပါတီဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး ဂုဏ်ထူးဆောင် နာယကအနေဖြင့် တာဝန်ယူသွားမည်ဖြစ်သည်။
ဒေါက်တာသက်သက်ခိုင်သည် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဝင် အနေဖြင့် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ တာဝန်ကို မိမိက တာဝန်ယူမည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “ဒီလိုပါ ကျနော်တို့ကလည်း လက်ဆင့်ကမ်း တာဝန်ယူမှုတွေ ရှိပါတယ်။ ဒါကြောင့်မို့ လက်ရှိ သူကတော့ ဂုဏ်ထူးဆောင် နာယကအနေနဲ့ပဲ ဆက်ပြီးတော့နေမှာပါ။ ဥက္ကဋ္ဌရာထူးကိုတော့ ကျနော်က ဆက်ခံပြီးတော့၊ ကျန် တာ CEC တိုးချဲဖွဲ့စည်းတာပါ၊ မထွက်ပါဘူး။ ပါတီကတော့ နုတ်ထွက်တာ မဟုတ်ပါဘူး။ သူက ပါတီဝင် အနေနဲ့ လည်း ရှိတယ်၊ ဂုဏ်ထူးဆောင် နာယကအနေနဲ့လည်း ရှိနေမှာပါ။ အဓိက,ကတော့ CEC ဗဟိုအလုပ်အမှုဆောင် တာဝန် မရှိတော့တာပေါ့၊ အဲ့ဒီသဘောပါ။ ဂုဏ်ထူးဆောင် နာယကအနေနဲ့ ဆက်ရှိနေမှာပေါ့နော်။ နောက် ပါတီရဲ့ HR ကော်မတီဥက္ကဋ္ဌပေါ့။ HR ကော်မတီဥက္ကဋ္ဌဆိုတာ လူစွမ်းအားအရင်းအမြစ် ကော်မတီဥက္ကဋ္ဌလေ၊ အဲ့ဒါအနေနဲ့ပဲ သူက အားဖြည့်ပြီး ရှိနေမှာပါ။ အဓိက,ကတော့ ပါတီရဲ့ CEC တာဝန်ပေါ့။ ဥက္ကဋ္ဌတာဝန်ကနေပဲ အနားယူလိုက် တာပါ ”ဟု ပြောသည်။

ဒေါက်တာသက်သက်ခိုင်ကို အရေးယူမည်လို့ UEC ထုတ်ပြန်ခဲ့စဉ်
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က စတင် တည်ထောင်ခဲ့ပြီး ဒေါက်တာ သက်သက်ခိုင်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
ဒေါက်တာသက်သက်ခိုင်၏ ဥက္ကဋ္ဌရာထူးမှ အနားယူခြင်းသည် သီးခြားကိစ္စ မရှိကြောင်း၊ လက်ဆင့်ကမ်းသည့် သဘောဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လည်း အားဖြည့်ဖွဲ့စည်းထားတယ်။ တချို့ CEC အသစ်တွေ လည်း ပြန်ပါလာတယ်၊ တိုင်းနဲ့ပြည်နယ် အဆင့်တွေလည်း ကျနော်တို့ ပြန်ပြီးတော့ ပြန်လည်ဖွဲ့စည်းပြီးတော့ အား ဖြည့်ဆောင်ရွက်မှာပါ။ အန်ကယ်တို့ အခု ဒီလွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀ ရောက်မယ်လေ။ ၂၀ ကို အခုပဲ ၅ ရက် သင်တန်းပေးပြီးသွားပြီ၊။ မနေ့ကပဲ သင်တန်းဆင်းသွားတယ်။ သင်တန်းဆင်းတော့ သူတို့လွှတ်တော် မှာ ဆွေးနွေးမယ့် ဆွေးနွေးချက်တွေ၊ ဒီက ပါတီဘက်က ပံ့ပိုးပေးရမယ့်ကိစ္စတွေ ဒါလေးတွေ ညှိနှိုင်းပြီးတော့ ဒီနေ့ စပြန်သွားကြတာပေါ့။ အဲ့ဒါတော့ သီးခြားတော့ မရှိဘူး။ သီးခြားတော့ မရှိပါဘူး။ အန်ကယ်တို့က လက်ဆင့်ကမ်း တာဝန်ယူတဲ့ စနစ်ဖြစ်တယ်။ အန်ကယ်တို့ ပါတီကလည်း လူငယ်တွေ လူလတ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်း သားတွေ ဦးစားပေးတဲ့ ပါတီဖြစ်တဲ့ အချိန်တစ်ခု ရောက်တာတဲ့အခါမှာ ဒါဒီလိုပဲ လက်လွဲပြီးတော့ တာဝန် ထမ်း ဆောင်ကြရတာပါ။ အန်ကယ်တို့လည်း နောက်အချိန် တစ်ခုရောက်ရင် လက်လွှဲပေးရမယ့် တာဝန်ရှိပါတယ်။ အဓိက ကတော့ မျိုးဆက်သစ်တွေကို အန်ကယ်တို့ ရှေ့ဆက်ပြီးတော့ လျှောက်နိုင်အောင်ပေါ့နော်၊ ဒါလက်ဆင့်ကမ်းတဲ့ သဘောပါ ပဲ” ဟု ပြောသည်။

ဒေါက်တာသက်သက်ခိုင်ကို တွေ့ရစဉ်
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရှိခဲ့ပေ။
ထို့နောက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်လောင်း ၂၀ ဦး ရွေးချယ်ခံခဲ့ရသည်။
ဒေါက်တာသက်သက်ခိုင်သည် PPP ပါတီဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားခြင်းမရှိလျှင် UEC က အရေးယူမှု စတင်ခဲ့ပါက ပါတီဖျက်သိမ်းခံရနိုင်ခြေ ရှိသည့်အတွက် ယခုလို ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်သွားခြင်း ဖြစ်နိုင် သည်ဟု နိုင်ငံရေးအသိုင်းအဝန်းကြားမှာ ထောက်ပြလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 284
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် ပြည်ပနိုင်ငံကြီးအချို့ထံမှ ငွေကြေးထောက်ပံ့မှုယူပြီး အကြမ်းဖက်သင်တန်းများ သင်းကြားပို့ချ၍ လက်နက်များ တပ်ဆင်ပေးနေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်၊ နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်း တပ်နယ်တို့ရှိ နယ်မြေခံ တပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ NCA လက်မှတ် ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေး ထိုးထား ခြင်း မရှိသည့် EAO အဖွဲ့များ အနေဖြင့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင် လာကြသည့် လူငယ်များ၊ နိုင်ငံ့ဝန်ထမ်း အချို့တို့အား လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ် အောက်၌ လက်ခံ ထိန်းသိမ်းပြီး ပြည်ပ နိုင်ငံကြီးအချို့၏ ငွေကြေး ထောက်ပံ့မှုများ ရယူကာ အကြမ်းဖက် သင် တန်းများ သင်ကြားပို့ချ၍ လက်နက်များ တပ်ဆင်ပေးကာ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက် ပင့်ပေးမှု၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက် မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင် ဖွဲ့စည်းထားသည့် CRPH- NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အပါအဝင် အကြမ်းဖက်အဖွဲ့များ အမျိုးမျိုး ပေါ်ပေါက် လာခဲ့ပြီး အကြမ်းဖက် လုပ်ရပ် များကို လုပ်ဆောင် လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူလူထုများနှင့် အတူတကွ ပူးပေါင်း၍ တရားဥပဒေနှင့်အညီ နှိမ်နင်းလျက်ရှိကြောင်း”ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အာဏာရယူခဲ့သည်။
ထို့နောက် NLD ပါတီ ခေါင်းဆောင်တချို့၊ လွှတ်တော်အမတ်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ လက်နက်ကိုင်များ၊ လူငယ်များ စုစည်း၍ မြန်မာ့တပ်မတော်အား ပြန်လည် ဖြုတ်ချရန် လက်နက်ကိုင်တိုက်ခိုက် လျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KN U)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ဦးဆောင်၍ လူငယ်များကို စစ်သင်တန်းပေးခြင်းနှင့် လက်နက်ခဲယမ်း များ တပ်ဆင်ပေးလျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းတွင် လက်နက်ကိုင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၄ သန်း ဝန်းကျင်ရှိသလို နေအိမ်နှင့် အဆောက်အအုံ ၁ သိန်းကျော် မီးလောင် ပျက်စီးဆုံးရှုံး ထားသည်။
