
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တစ်ဖွဲ့တစ်စည်းတည်းအတွက် လူမျိုးတစ်မျိုးတည်းအတွက် ကွက်ကြည့် ရေးဝါဒကိုသာ ဆုပ်ကိုင်ရွက်သည်ကို ရှောင်ကြဉ်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
SSPP/SSA သည် ဗဟိုကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ပထမ ၆ လပတ် အစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်ထိ ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စွဲကိုင်ကာ အပြန်အလှန် လေးစားတန်ဖိုးထား အသိအမှတ်ပြုမှု၊ အပြန်အလှန် ရိုင်းပင်း ကူညီဖေးမမှုဖြင့် ကြိုးစား ဆောင်ရွက် သွားမည်ဟု SSPP/SSA က ပြောသည်။
SSPP ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တစ်ဖွဲ့တစ်စည်းတည်းအတွက်၊ လူမျိုးတစ်မျိုးတည်းအတွက်၊ ဒေသတခုတည်းအတွက် ကွက်ကြည့်ရေးဝါဒကိုသာ ဆုပ်ကိုင်ရွက်သည်ကို ရှောင်ကြဉ်ပြီး လူမျိုးစုများအားလုံး၊ ဒေသ အားလုံးကို လွမ်းခြုံသည့် ဆောင်ရွက်ချက်ဖြင့်သာ ရေရှည်စုပေါင်း နေထိုင်နိုင်ကြမည်ဖြစ်သည်”ဟု ပြော သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတွေမှု ပပျောက်ရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာလရောဂါ ဘယဒဏ်၊ ပြည်တွင်းစစ်ပွဲဒဏ်နှင့် သဘာဝဘေးဒဏ် စသည်တို့ကို အလူးအလိမ့်ခံစားကြရသော ပြည်သူလူထုများ၏ လူနေမှု ဘဝ ပြန်လည်မြှင့်တင်နိုင်ရေး အလေးထားကြိုးစားဆောင်ရွက်သွားမည်ဟု SSPP က ထုတ်ပြန်ခဲ့သည်။
SSPP/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိက အခြေစိုက်သော ရှမ်းလက်နက်ကိုင်ဖြစ်ပြီး “ဝ”တပ်ဖွဲ့ (UWSA)ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။
လက်ရှိတွင် SSPP နှင့် TNLA ကြား နယ်မြေ အငြင်းပွားကာ စစ်ရေးပွတ်တိုက်မှုများ ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 401
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအလွန်ကာလမှာ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့၏ အခန်းကဏ္ဍ ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှု များ ရှိနေကြသည်။
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှစ်မျိုးလုံးသည် တပ်မတော်နှင့် ပတ်သက်ဆက်နွယ်ကြပြီး ပြည်သူ့စစ် သည် တပ်မတော်လက်အောက်တွင်ရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကမူ တပ်မတော်နှင့်အတူတွဲ၍ နယ်မြေလုံခြုံရေးကို ဆောင်ရွက်သော လက်နက်ကိုင် အင်အားစု ဖြစ်သည်။
ရွေးကောက်ပွဲပြီးနောက် လက်ရှိ နစကအလွန် တက်လာမည့် အစိုးရသစ်လက်ထက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာ ဆက်လက်ရှိနေနိုင်ပြီး ပြည်သူ့စစ်များကိုမူ လိုအပ်သည့် နေရာများတွင်သာ ဆက်လက် ထားရှိနိုင် ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်နယ်အတွင်းက ပြည်သူ့စစ်ခေါင်းဆောင်တွေ လားရှိုးမြို့မှာ တွေ့ဆုံကြစဉ်
၎င်းက “ပြည်သူ့စစ် ဆိုတာကတော့ တပ်မတော်လက်အောက်မှာ ရှိပါတယ်။ တပ်မတော် လက်အောက်မှာရှိတဲ့ အခါကြတော့ အဲဒါကိုတော့ ကျနော့်အနေနဲ့ လိုအပ်တဲ့နေရာမှာ ဆက်ထားလိမ့်မယ်။ မလိုအပ်တဲ့နေရာ ငြိမ်းချမ်း တဲ့ နယ်မြေတွေမှာကြရင်တော့ ဖြုတ်ကောင်းဖြုတ်လိမ့်မယ် ပြည်သူ့စစ်တွေကိုတော့။ BGF ဆိုတာကတော့ တပ်မတော်နဲ့တွဲပြီးမှ နယ်မြေလုံခြုံရေးကို ဆောင်ရွက်တဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ခါတည်း ဖွဲ့စည်းပုံက ပါနေတဲ့အတွက်ကြောင့် ဆက်ထားမယ်လို့ မြင်တာပေါ့။ ပြည်သူ့စစ်ကိစ္စကတော့ နယ်မြေတည်ငြိမ် အေးချမ်းသွားပြီ ဘာပြီဆိုရင်တော့ အခု ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးဆိုပြီး ဖွဲ့ထားတယ်လေ။ အဲဒီ ပုံစံနဲ့ သွားကောင်းသွားနိုင်တယ်။ ဟိုတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ နယ်မြေငြိမ်းချမ်းသွားပြီဆိုရင် ပြည်သူ့စစ်ကို လက်နက်ဖြုတ်သိမ်းလိုက်တဲ့ အပိုင်းလေးတွေရှိတာပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ဖြစ်ပြီးနောက်တွင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် မြန်မာ့တပ်မတော်ကြား ယုံကြည်မှုပိုင်း အားနည်းလာကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ကိုယ်ကျိုးစီးပွားကိုသာ ကြည့်၍ အလုပ်လုပ်ကြသည့်အခါတွင် ပွတ်တိုက်မှုမှာ ပို၍ အားကြီးလာသောကြောင့် နောင်တက်လာမည့် အစိုးရအနေဖြင့် ယခုကိစ္စကို အဓိကထား ဖြေရှင်းရမည်ဟု မြင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်လုပ်တဲ့အခါ မယုံကြည်ကြဘူးဆိုတာက ခေါင်းဆောင်ပိုင်းမှာ အဓိက သွားကျပါတယ်။ အောက်ခြေ ကတော့ အကျိုးစီးပွားကိုကြည့်ပြီ အလုပ်လုပ်ကြတာကို။ ပွတ်တိုက်မှုတွေက ပိုအားကြီးလာတာ။ အခု နိုင်ငံတော် အတွက် အလုပ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အားလုံးသဘောတူညီကြရင် ဒီပွတ်တိုက်မှုက ရှိစရာ အကြောင်းမရှိဘူး။ အခုကြတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်နက်ကိုင်လိုက်တာနဲ့ပဲ ကိုယ်ကျိုးစီးပွားအတွက် ရှာတယ်၊ ပြည်သူတွေကို ဖိနှိပ်တယ်၊ ရသမျှအားလုံးကို ကိုယ့်အိတ်၊ သူ့အိတ်ထည့်ကြတဲ့ အခါကြတော့ အဲဒီမှာ ပွတ်တိုက်မှု တွေ ရှိတာပါ။ နောက်တက်လာမယ့်အစိုးရက ဒီကိစ္စကိုတော့ အဓိကထားပြီး ဖြေရှင်းရမယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။ ဘာကြောင့်ဆို သူဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် ပြည်သူက အစိုးရကို ထပ်မုန်းမှာပါပဲ။ ပြည်သူ့စစ်နဲ့ တပ်မတော်နဲ့ ကိစ္စမှာ တပ်မတော်က သူ့သားအရင်းလို ဖြစ်နေတာ။ ပြည်သူ့စစ်ကတော့ တဆင့်ခံပေါ့နော်။ ဖြုတ်သိမ်းရင် ပြည်သူ့စစ်တွေကိုပဲ ဖြုတ်သိမ်းပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် ၂၀၀၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) အဖြစ်သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းကို ကြေညာခဲ့သည်။
ထို့နောက် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော်(DKBA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA တပ်မဟာ-၄)၊ ကချင်ဒီမိုကရေစီသစ်တပ်မတော်(KDA)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် (PLO/PLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) အပြင် တခြားသော လက်နက်ကိုင်များအတွင်းမှာ EAOs အတိုင်း ဆက်လက်ရပ်တည်မည့်အဖွဲ့နှင့် ပြည်သူ့စစ် သို့မဟုတ် BGF ပြောင်းလဲ ဖွဲ့စည်းမည့် အဖွဲ့ဆိုကာ ဖြစ်လာခဲ့ကြ သည်။
၂၀၁၀ ပြည့်နှစ်တွင် DKBA မှ ခေါင်းဆောင်တစ်ဦးဖြစ်သော စောချစ်သူသည် နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNO ထူထောင်ခဲ့သူ ခွန်အောင်ခမ်းထီးကိုတွေ့ရစဉ်
ထို့အတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ကနေလည်း ၂၀၁၀ ပြည့်နှစ်က စိန်ကျော့ နှင့်ကာလိ ပြည်သူ့စစ်များ ပေါ်ပေါက်လာခဲ့သည်။
ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေလည်း ကောင်းခါးပြည်သူ့စစ်နှင့် တခြားသော အဖွဲ့များ ပေါ်ပေါက်လာခဲ့သလို ခွန်အောင်ခမ်းထီး ဦးဆောင်သော အုပ်စုကလည်း ၂၀၁၀ ပြည့်နှစ်မှာ ပအိုဝ်းပြည်သူ့စစ် (PNO)ကို ပြောင်းလဲခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ရာနှင့်ချီရှိသလို BGF အနေဖြင့်လည်း ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ အများအပြားရှိသည်။
သို့သော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ပေါ်ပေါက်လာခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနင်းနှင်ရေး လုပ်ငန်းစဉ်များအတွင်းမှာ တပ်မတော်လက်အောက်ရှိ ပြည်သူ့စစ်နှင့် BGF များကြား ညီညွတ်မှုအားနည်းကာ ပွတ်တိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် နစက ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ရွေးကောက်ပွဲအလွန် အစိုးရသစ် လက်ထက်တွင် ပြည်သူ့စစ်နှင့် BGF များ အခန်းကဏ္ဍကို ဘယ်လို ကိုင်တွယ်မလဲ အပြင် မြန်မာ့ တပ်မတော်က အစဉ်အစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များကို ပြည်သူ့စစ် သို့မဟုတ် BGF ပြောင်းရန် ဆွေးနွေးမှုများသည် အခက်အခဲဖြစ်လာနိုင်သလားဆိုကာ ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်နေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 426
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးနှင့် လူသေဆုံးအောင်လုပ်လျှင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အနည်းဆုံး တစ်သက်တစ်ကျွန်းအပြင် သေဒဏ်ထိ ချမှတ်နိုင်သော ဥပဒေတစ်ရပ်ကို နစက,က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဟု ခေါ်တွင်သည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
နစက ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အချို့၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ နွေဦးတော်လှန်ရေး အင်အားစုများက မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန် ကြေညာထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 387
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်ပဋိပက္ခကြောင့် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် ထိုင်းရောက် မြန်မာနိုင်ငံ သားများအနေဖြင့် အသွားအလာနှင့်လုံခြုံရေး သတိထားကြရန် အလုပ်သမားအရေး ကူညီပေးနေသူများက တိုက်တွန်းကြသည်။
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိ၍ ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားကြရန်၊ လုံခြုံရေးသတိပြုကြရန် ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ရန်ပြုခံရနိုင်သည့်အတွက် ထိုင်းအစွန်းရောက် အဖွဲ့များ၊ အမျိုးသား ရေး အစွန်းရောက်အဖွဲ့များကို ရှောင်ရှားရန်လိုအပ်ကြောင်း၊ မိမိသည် ကမ္ဘောဒီးယားနိုင်ငံသားမဟုတ်ဘဲ မြန်မာ နိုင်ငံသား ဖြစ်သည်ဟု ပြောပြရန်လိုအပ်ကြောင်း ထိုင်းရှိ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမား ရေးရာတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ အပစ်ရပ်ရေး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “ပြောမယ်ဆိုရင်တော့ ကိုယ်တွေက နေတာထိုင်တာ သွားတာလာတာ သတိထားရမှာပေါ့။ နောက်ပြီး တော့ အဲလိုမျိုး လိုက်ပြီးတော့ နည်းနည်း ရန်ပြုတဲ့သူတို့ ဟိုဒင်းဖြစ်တဲ့ အုပ်စုတွေပေါ့နော်။ ရဲတွေဘာတွေပေါ့။ ထိုင်းတွေ အစွန်းရောက်တဲ့အဖွဲ့တွေ ဘာတွေမျိုးတွေ ဒါတွေဆိုရင် အဲလိုလူတွေနဲ့ ဖြစ်နိုင်မယ်ဆို ရင်ရှောင်ဖို့ပေါ့ နော်၊ မတွေ့အောင် နောက်တစ်ခုကတော့ ကိုယ်အလုပ်ရှင်တွေ ကိုယ့်အလုပ်ရှင်တွေကို ကိုယ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးကြည့်ရမယ်၊ အလုပ်ရှင်တွေကိုလေ။ သူတို့အနေလည်း ကြည့်မှာပဲလေ ကိုယ်တွေကို ကာကွယ် ပေးဖို့ လုပ်ငန်းခွင်မှာဆိုရင်ဗျာ၊ ပြောရမယ်ဆိုရင် ဒါတာဝန်အရလည်း အလုပ်ရှင်က အလုပ်သမားကို ကာကွယ် ပေးဖို့ဆိုတဲ့ဟာက ဒီဥပဒေမှာလည်းရှိတယ်ဆိုတော့ ဒါမျိုးတွေကို ကိုယ်က အလုပ်ရှင်နဲ့ ကိုယ်က အမြဲတမ်း တို့အလုပ်သမားတွေဆိုရင် အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်တောင် မသိဘူးလေ။ သဘောပြောတာ အဲလိုမျိုး မဟုတ်ပဲနဲ့ အလုပ်ရှင်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ဘာညာ အကုန်းလုံး ဒါတွေကို သိသင့်တာ နောက်တစ်ခုက ဘယ်လို မျိုး တုံ့ပြန်မလဲပေါ့နော်။ တုံ့ပြန်မလဲဆိုတာ လာမေးရင်မေးမှာပဲ သဘောက မင်းတို့ ထိုင်းလား မင်းတို့ ကမ္ဘောဒီးယားလား။ မင်းတို့ ဘာလူမျိုးလဲ ဒါမျိုးမေးတဲ့ အခါကြရင် ကမ္ဘောဒီးယားနိုင်ငံသား မဟုတ်ဘူးဆိုတဲ့ ဟာကို အဲတာပြန်ပြီးတော့ပြောဖို့ ကိုယ်က မြန်မာ ဖြစ်တယ်ဆိုတဲ့ဟာကိုပြောဖို့ အဲတာတွေလိုတာပေါ့” ဟု ပြောသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် နှစ်ဖက် အပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းနိုင်ငံသားတချို့က ရန်ရှာခြင်းနှင့် ရိုက်နှက်မှု များ ပြုလုပ်ခဲ့သည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
ထို့နောက် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများက အနိုင်ကျင့် စော်ကားသူများကို အရေးယူ မည်ဟု ထုတ်ပြန်လာခဲ့ကြောင်း ဦးမင်းဦးက ပြောသည်။
၎င်းက “သူတို့အစိုးရကတော့ အခု လောလောဆယ် သူတို့ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကရော နောက်ပြီးတော့ အလုပ်သမားရေးရာဝန်ကြီးဌာနကရော ထုတ်ပြန်ချက်တွေမှာ အဲဒီပြဿနာတွေ အနိုင်ကျင့်ခံရတာတွေ ကြည့်ပြီး တော့ နောက်တစ်နေ့မှာ သူတို့ဒါမျိုး ထုတ်ပြန်တာ။ အဲဒါကတော့ ဘာလဲဆိုရင် ဒါလုပ်လို့မရဘူးပေါ့၊ ကမ္ဘော ဒီးယားပဲဖြစ်ဖြစ် ဗမာကိုပဲဖြစ်ဖြစ် ဥပဒေချိုးဖောက်တာပဲပေါ့နော်။ လူတစ်ဖက်သားကို အနိုင်ကျင့် စော်ကားတဲ့ ကိစွ အဲတာကို အရေးယူမယ်။ ပြဋ္ဌာန်းထားတဲ့ ရာဇဝတ်မှု စံနှုန်းနဲ့အညီ အရေးယူမယ်ပြောတယ် တချို့ ဟိုဒင်း တွေဆိုရင်တော့ ပြန်ပြီးတော့ ပြန်တောင်းပန် တကယ်ကျူးလွန်တဲ့ လူတွေကိုတော့ တောင်းပန်တယ် ကျေအေး ပေးတယ် အဲလိုပေါ့။ နှစ်ဖက်ညှိနှိုင်းပြီးတော့ အများဆုံးကတော့ ဒီကမ္ဘောဒီးယားတွေကတော့ ပိုပြီးတော့ ခံရတာပေါ့။ ကျနော်တို့ ဗမာတွေမှာတော့ အဲလိုမျိုး ရောရောင်ပြီး ခံရတာမျိုး နှစ်ခုသုံးခုလောက် တွေ့ရတယ်ပေါ့” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနှင့်ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါက ကမကထ ပြုလုပ်၍ ထိုင်း-ကမ္ဘောဒီးယား ဝန်ကြီးချုပ် ၂ ဦးဖြင့် တွေ့ဆုံ၍ ဇူလိုင် ၂၈ ရက်က ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
နစက ကျင်းပမည့်ရွေးကောက်ပွဲကို PR စနစ်တစ်ခုတည်းဖြင့်သာ လုပ်ဆောင်မည်ဆိုပါက ပြည်သူအတွက် ပွင့်လင်းမြင်သာမှုမရှိ၍ ပြည်သူမှ နိုင်ငံရေးပါတီများကို ယုံကြည်ရန်လိုကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လာမည့် ရွေးကောက်ပွဲအား မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း လက်ရှိတွင် PR စနစ် တစ်ခုတည်းဖြင့်သာ လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထိုသို့ ရွေးကောက်ပွဲ တစ်ခုလုံးကို PR စနစ် တစ်ခုတည်းဖြင့် ပြုလုပ်သွားမည်ဆိုပါက မဖြစ်နိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။
နိုင်ငံရေးပါတီနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
၎င်းက “စနစ်တိုင်း စနစ်တိုင်းမှာ အားနည်းချက် အားသာချက်တော့ရှိတယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံက ကျင့်သုံးမယ့် PR စနစ် closed list ဆိုတဲ့အခါ ပါတီကို မဲပေးတဲ့စနစ်ပေါ့။ ပါတီကိုပေးလိုက်ပေါ့ဗျာ closed list ဆိုတဲ့အခါကြ တော့ ပါတီကနေမှ ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းထားမယ် ကော်မရှင်မှာ။ ဘယ်နှ ယောက်ရတယ် ဆိုရင် သူက တာဝန်ထမ်းဆောင်ပေါ့လေ။ အဲဒါကတော့ ပြည်သူအတွက် ပွင့်လင်းမြင်သာမှု မရှိ ဘူးဆိုတဲ့ အခါကြတော့ ပြည်သူက ပါတီကိုယုံကြည်ဖို့တော့ လိုတယ်။ သူ့အားသာချက်ကတော့ ပါတီက စီမံခန့်ခွဲမှု ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါတီက ထိန်းလို့ရတယ်ပေါ့ PR နဲ့ပတ်သက်လာရင်။ ဘာလို့ဆို ဒီကိုယ်စားလှယ်က ပြည်သူ့အကျိုး မလုပ်ဘူး။ ပါတီကလည်း အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ဆိုရင်တော့ ဒီကိုယ်စား လှယ်ကို ပြန်ငြင်းလို့ ရပါတယ်။ FPTP မှာကြတော့ ကိုယ်စားလှယ်ကို ပါတီက ဖြုတ်ချဖို့မလွယ်ပါဘူး။ သူက FPTP နဲ့ သွားတဲ့အခါကြတော့ ပါတီစကား နားထောင်ထောင်၊ မထောင်ထောင် သူလုပ်ချင်ရာ လုပ်လို့ရတာပေါ့ ကိုယ်စား လှယ် ဖြစ်သွားရင်။ ဒါကို ပါတီကလည်း သူနဲ့မကိုက်ညီဘူး မင်းနားတော့လို့ ပြောလို့မရဘူး။ PR မှာတော့ အဲဒီလို ပြောလို့ရတဲ့ အဆင့်လေးရှိတာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေ မထွက်သေးသော်လည်း ကျင်းပမည့် စနစ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိနေကြသည်။
FPTP စနစ်သည် မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲ အများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်း ကိုသာ ရွေးကောက် တင်မြှောက်ခြင်းဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများ ရရှိသည့် ဆန္ဒမဲ အရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများကို အချိုးကျ ခွဲဝေရရှိနိုင် သည်။
လက်ရှိ မြင်တွေ့နေရသည့် လုံခြုံရေးနှင့် အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေများကြောင့် ပါတီအားလုံး ကိုယ်စား ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အနေဖြင့် ရွေးကောက်ပွဲကို PR စနစ်ဖြင့်သာ ကျင်းပစေချင်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ပါတီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းဌာနများကို ပြောသည်။
မြန်မာနိုင်ငံ မြေပုံနဲ့ အမတ်များရဲ့ တရားမျှတခြင်းကို ပြသထားစဉ်
၎င်းက “အခုဆို နိုင်ငံရေးပါတီ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပါတီရယ်၊ ပြီးရင် တိုင်းနဲ့ပြည်နယ်တစ်ခု သို့မဟုတ် တစ်ခု ထက် ပိုပြီးတော့မှ မှတ်ပုံတင်ပြီးတော့မှ ယှဉ်ပြိုင်မယ့်ပါတီတွေ ဖြစ်တယ်။ ဒီလိုပါတီမျိုးတွေလည်း အခွင့်အလမ်း ပိုရတာ ဖြစ်ပါတယ်။ ပါတီအသေးတွေလည်း ပိုပြီးတော့မှ ရွေးကောက်ပွဲမှာ ဝင်လာနိုင်မယ်၊ အောင်နိုင်မယ်ပေါ့နော်။ ပြီးရင် လွှတ်တော်ကလည်း အရောင်အသွေး စုံလင်မယ် ပေါ့။ ပါတီအကုန်လုံးကို ကိုယ်စားပြုပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာရင် ပိုပြီးတော့မှ အရောင်အသွေးစုံလင်တဲ့ လွှတ်တော်ဖြစ်မှာပေါ့နော်။ အဲဒါက အားကောင်းတဲ့ အချက်ဖြစ်တယ်။ ပြီးရင် နိုင်ငံရေး ပါတီတွေ အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီးတော့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါဝင်ကြတဲ့ လူတစ်ဦးချင်းစီ နိုင်ငံသားတစ်ဦးချင်းစီ လုံခြုံရေးကို ကာကွယ်ပြီးသား ဖြစ်တာပေါ့” ဟု ပြောသည်။
PR စနစ်သည် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ ပါတီကိုသာ မဲပေးကာ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် အကောင်း၊အဆိုး နှစ်မျိုးစလုံးရှိသည့် စနစ်တစ်ခုလည်း ဖြစ်သည်။
PR စနစ်အရ ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူက မဲပေးရွေးချယ်၍မရဘဲ ပါတီက ရွေးချယ်သွား၍ လူထုနှင့် ကိုက်ညီသူဖြစ်/မဖြစ် မသိရကြောင်း၊ ပါတီတွင်း အုပ်စုဖွဲ့၍ လွှတ် တော် ကိုယ်စားလှယ်များ ရွေးချယ်မှု ဖြစ်လာနိုင်ကြောင်း၊ ပြည်သူ့အကျိုးထက် ပါတီတွင် ကိုယ်စားလှယ်အဖြစ် ထောက်ခံပေးသူ၏ ဩဇာလွှမ်းမိုးခံဖြစ်သွားနိုင်ကြောင်း၊ အဂတိတရားများ ရှိလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်သော်လည်း နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစား ပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း UEC က CNI သတင်းဌာနသို့ ပြောထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 571
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများအပေါ် ဝေဖန်မှုများနှင့် သဘောထား မှတ်ချက်များ မပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းက ဘယ်လို သဘောဆောင်လဲဆိုသည့်အပေါ် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေကြသည်။
နိုင်ငံတကာရှိ အမေရိကန်သံရုံးများ အနေဖြင့် ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများအပေါ် ဝေဖန်ခြင်းနှင့် မှတ်ချက်ပေးခြင်းများ မလုပ်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် တားမြစ်ခဲ့သည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲနှင့်ပက်သက်ပြီး အပြင်းအထန်မှတ် ချက်ပေးခြင်း၊ ဝေဖန်ခြင်းများမလုပ်ရန် ညွန့်ကြားချက်သည်
အမေရိကန်၏ တားမြစ်ချက်သည် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကောင်းသည့်အချက်ဖြစ်ကြောင်း၊ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
သမ္မတထရမ့် အမိန့်အာဏာ လက်မှတ်ထိုးနေစဉ်
၎င်းက “အင်မတန်ကောင်းမွန်တဲ့ အချက်ပါနော်။ ဘာဖြစ်လို့လဲဆိုရင် သူက အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကိုက ဒါသူကိုယ်တိုင် ခံစားခဲ့ရတယ်လေ။ နိုင်ငံတကာ ကနေလာတဲ့ ဟိုဟာပေါ့နော် ကြိုတင်မဲတွေနဲ့ ရှုံးရတာတို့ ဘာတို့ သူကြုံခဲ့ရတယ်လေ။ အွန်လိုင်းကလာတဲ့ မဲတွေဘာတွေ အမျိုးမျိုးပေါ့ဗျာ။ အမေရိကန်စနစ်မှာ သူကိုယ်တိုင် ခံခဲ့ရတယ်ပေါ့။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ အရွှေ့ပေါ့။ အရွှေ့ဆိုတာက ဟိုးတုန်းက ကျနော်တို့ ကိုယ့်ပြည်တွင်းရေးကိုပဲ ကိုယ်ဂရုစိုက်တဲ့ ပေါ်လစီ ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဒီမူဝါဒကို လက်မလွှတ်သေးဘူး အမေရိကန်တွေ အနေနဲ့ကလည်း ဒါတွေက ကင်းလွတ်ပြီးတော့ သူ့ဘာသာသူပေါ့နော်။ သူ့ရဲ့နိုင်ငံ စီးပွားရေးကို ပြန်ပြီးတော့ တိုးတက်စေရမယ်။ ဒီလို သူတစ်ပါးရဲ့ နိုင်ငံရေးတွေမှာ ဝင်စွက်ပြီးတော့ ဒါတွေကို အမေရိကန်က ဝင်ရှုပ်တဲ့သဘောမျိုး မဖြစ်အောင် စစ်ရေးအရမှ ပတ်သက်တာမှ မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဝင်မစွက်နဲ့လို့ဆိုပြီး ဒါက သမ္မတကြီး ဒေါ်နယ်ထရမ့် ကနေပြီးတော့ ညွှန်ကြားချက်ဖြစ်ပါတယ်။ နိုင်ငံခြားရေးပေါ်လစီရဲ့ အရွှေ့ပြောင်း တစ်ခုဖြစ်သလို ပေါ့နော်။ အရွှေ့တစ်ခု ဖြစ်သလို ကျနော်တို့ မြန်မာနိုင်ငံလိုပေါ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ကလည်း ကောင်းတဲ့ အချက်ပါလို့ ကျနော်က ပြောချင်ပါတယ်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဒေါ်နယ်ထရမ့်ဆီ စာပေးပို့ပြီးနောက် နှစ်ပတ်အကြာမှာ အမေရိကန်က မြန်မာစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးဂျွန်နသန် မျိုးကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်၊ ဒေါ်တင်လတ်မင်းတို့ကို ပိတ်ဆို့ အရေးယူမှု စာရင်းကနေ ပယ်ဖျက်ကြောင်း ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
ရွေကောက်ပွဲနှင့်ပက်သက်ပြီး ဘာမှမပြောရန် ညွန့်ကြားချက်သည် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်းတွင် ထူးထူးခြားခြား ဖြစ်စဉ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
၎င်းက “ဒီတစ်ခါကတော့ ထရမ့် တက်လာပြီးနောက်ပိုင်းမှာ ဒါတော်တော် ထူးထူးခြားခြား ဖြစ်စဉ်တွေပေါ့။ တောက်လျောက်က အမေရိကန်ရဲ့ ပုံသဏ္ဍာန်က အမြဲတမ်း သူက ဟိုဟာဖြစ်တာကို ရွေးကောက်ပွဲတွေ ဘယ် ရွေးကောက်ပွဲ ဘာဖြစ်တယ် ရွေးကောက်ပွဲ ဘယ်လိုဖြစ်တယ်ဆိုတာ သူတို့က အမြဲတမ်း ဒါမျိုးရှိတယ်။ ဒီတစ်ခါမှာကတော့ ဒါမျိုး လုံးဝမလုပ်ပါနဲ့ဆိုတဲ့ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ နိုင်ငံခြားရေးပေါ်လစီ ဒီဇိုင်းက တော်တော်ကို ချိန်းသွားပြီဆိုတဲ့ သဘောပေါ့။ ချိန်းသွားပြီးဆိုတဲ့ သဘောဖြစ်တဲ့ အခါကြတော့။ ဒါအစ်ကို တို့ တိုင်းပြည်အနေနဲ့ကတော့ တစ်ခုပိုကောင်း ကိုယ့်တိုင်းပြည် အတွက်ကတော့ ပိုကောင်းတာပေါ့။ အမြဲတမ်း ဒီရွေးကောက်ပွဲတွေက ဟိုလိုရှိတယ် ဒီလိုရှိတယ်ဆိုတာ အပြောခံရတဲ့ အနေအထားမျိုးရှိတဲ့ အခါကြ တော့ အခုက ဘာပဲဖြစ်ဖြစ် ဒါမျိုး ဘယ်တိုင်းပြည်ကိုမှ မလုပ်ပါနဲ့ဆိုတော့ ဒါကောင်းတဲ့ ကိုယ်တွေအတွက်တော့ ပိုကောင်းတဲ့ အခင်းအကျင်း ဖြစ်တယ်လို့တော့ ယူဆရမှာပေါ့”ဟု ပြောသည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၇ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရ သည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိ မြန်မာပြည်သူလူထုသည် စစ်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ရောဂါဘေး စသည့် ကပ်ဘေး များကို ရင်ဆိုင်ကျော်ဖြတ်နေရသလို လူမူရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေးတို့တွင်လည်း အလွန် နိမ့်ကျလာခြင်းကို ရင်ဆိုင်နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 547
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
နစက ကျင်းပမည့် ရွေးကောက်ပွဲကို စနစ်နှစ်မျိုးဖြင့် လုပ်ဆောင်ခြင်းက ပြည်သူလူထုကို ခေါင်းရှုပ်စေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၂၈ ရက်တွင် ပါတီသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ ပါတီကြီးအချို့နှင့် တိုင်းရင်းသားပါတီများကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။
၎င်းက “ကျမ အခုကြားတာပေါ့နော်။ ကျမကတော့ ပြီးခဲ့တဲ့ ၄ နှစ်က နစကမှာဆိုတော့ ကျမတို့ ပါတီအနေနဲ့တော့ UEC က ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို တက်ရောက်ပါတယ်။ အဲဒီမှာ ပါတီတွေရဲ့အသံပေါ့နော်။ USDP က လွဲ၍ပေါ့ ဒါကျမရဲ့ နားလည်ချက်ပေါ့။ အတိအကျလည်း မှန်ချင်မှမှန်မယ်။ USDP ကတော့ FPTP ကို ကြိုက် တယ်။ ဒါပေမယ့် တခြားပါတီအငယ်တွေ၊ တိုင်းရင်းသားပါတီတွေက PR ကို ကြိုက်တယ်။ အဲဒီလိုမျိုး သဘော အသံတွေ ထွက်ကြပါတယ်။ အသံတွေ ထွက်ပြီးတော့မှ ကျမ အခုကြားနေတာပေါ့နော် မှန်ချင်လည်းမှန်မယ်၊ မှန်ချင်မှလည်း မှန်မယ်။ ပြည်သူ့လွှတ်တော်တစ်ခုကတော့ FPTP နဲ့သွားမယ်။ ကျန်တဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကတော့ PR နဲ့သွားမယ်ဆိုပြီး ပြောမယ်ဆို Hybrid လိုပေါ့။ ဒီရွေးကောက်ပွဲစနစ် နှစ်ခု ကို တစ်ပြိုင်နက် ကျင့်သုံးတာ၊ ရောပြီးကျင့်သုံးတာ။ အဲဒါ ပြည်သူလူထုကို မျက်စိ၊ ခေါင်းရှုပ်စေမယ်လို့ ထင်ပါ တယ်။ ပြည်သူလူထု နားလည်မှု ပိုခက်မယ်လို့ ထင်ပါတယ်။ တကယ်လို့ PR လုပ်မယ်ဆို PR ပဲလုပ်လိုက်ပြီး PR ဆိုတာဘာလဲ ပါတီကိုမဲပေးရမယ်။ ပါတီရဲ့ကိုယ်စားလှယ်တွေကိုတော့ ပါတီက တာဝန်ယူပြီးတော့မှ ကိုယ့် ကိုယ်စားလှယ်တွေ ကောင်းဖို့အတွက် ပါတီက ရွေးချယ်ရမယ့် တာဝန်ရှိတယ်။ နောက်ကြောင်း ရာဇဝင်ရှင်းဖို့၊ ရာဇဝတ်မှု ကင်းရှင်းဖို့တို့၊ လိမ်လည်တာတွေ မရှိဖို့လိုအတွက်တော့ ပြည်ထဲရေးတို့ ဘာတို့ကနေ နောက်ကြောင်း ရာဇဝင်လိုက်ပြီးတော့ UEC က လုပ်ရမယ်ပေါ့” ဟု ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောထားသည်။
သို့သော် လက်ရှိတွင် USDP အပါအဝင် တိုင်းရင်းသားပါတီအချို့တို့မှ လူပုဂ္ဂိုလ်များအပေါ် အသက်အန္တရာယ် စိုးရိမ်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံရေးပါတီများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်။
ထို့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲစနစ် နှစ်ခုထဲ၌ PR စနစ်တစ်မျိုးတည်းကိုသာ ကျင့်သုံးစေချင်သည့် နိုင်ငံရေးပါတီများလည်းရှိသည်။
PR စနစ်သည် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ ပါတီကိုသာ မဲပေးကာ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် အကောင်း၊အဆိုး နှစ်မျိုးစလုံးရှိသည့် စနစ်တစ်ခုလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲ၌ FPTP စနစ်ဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းထက် NLD ပါတီကိုသာ ကြည့်၍ လူထုက မဲပေးခဲ့ကြသောကြောင့် ပါတီကိုမဲပေးခြင်းက လူထုအတွက် စဉ်စားဆုံးဖြတ်ရ ပို၍လွယ်ကူမည်ထင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
၎င်းက “ကောင်းတာနဲ့ မကောင်းတာ ဒွန်တွဲနေတာပေါ့နော်။ ကောင်းတာကတော့ ဘာရှိလဲဆိုရင် ရွေးကောက်ပွဲ အောင်မြင်ဖို့ ပိုများတယ်။ ပြီးတော့ လုံခြုံရေးအရ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအရ ပိုကောင်းတယ်။ သို့သော်လည်း ပါတီက တာဝန်ပိုကြီးတယ်။ ပါတီက သူက ရွေးထားရတာကို။ ပြည်သူက ရွေးတာ မဟုတ်ဘဲ ပါတီက ရွေးထားတာဆိုတော့ ပါတီက တာဝန်ပိုကြီးတယ်။ ပြီးရင် ပါတီကတော့ အနည်းဆုံးတော့ သူ့ရဲ့ မူဝါဒတွေကို ပြောထားရမှာပေါ့။ ဘယ်သူပဲလာလာ၊ ဘယ်သူပဲ ကိုယ်စားလှယ်လောင်းအနေနဲ့၊ ကိုယ်စားလှယ် အနေနဲ့ ထည့်ထည့် ပါတီရဲ့မူဝါဒကိုပဲ တစိုက်မတ်မတ် အကောင်အထည် ဖော်ရမှာဆိုတော့ ပါတီက ပိုပြီးတာဝန် ကြီး သွားတယ်။ ပြည်သူလူထု အနေနဲ့ကြည့်ရင်ကြတော့ လူကိုတော့ ရွေးလို့မရတော့ဘဲနဲ့ ပါတီကိုပဲ ရွေးရတာ။ အဲဒီပါတီကို ဘာကို ကြည့်မလဲဆို ပါတီဦးဆောင်တဲ့သူ၊ ပါတီရဲ့မူဝါဒတွေကို ကြည့်ပြီး ရွေးရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ကလည်း အဲဒီလိုပဲ ဖြစ်ခဲ့တာလေ။ ၂၀၁၅ ကဆိုရင် NLD ကိုပဲ မဲပေးခဲ့ကြတာ၊ ကိုယ်စားလှယ် လောင်း ဖြူသည် မဲသည် မသိဘူးပေါ့။ ပါတီကိုပဲ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါ FPTP လိုမျိုး အချိန်မှာတောင် မှ ဒီလိုပဲ ပါတီကိုပဲကြည့်ပြီး မဲပေးခဲ့ကြတာပေါ့။ အဲဒါကြောင့် ပြည်သူလူထု အနေနဲ့ စဉ်းစားဆုံးဖြတ်ရတာ ပိုပြီး လွယ်ကူမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
FPTP စနစ်၏ သဘောကတော့ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများကို အချိုးကျ ခွဲဝေရရှိနိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်သော်လည်း နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစား ပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း UEC က CNI သတင်းဌာနသို့ ပြောထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 555
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇
ဂွေထု/လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးနော်လီသည် ဒုခေါင်းဆောင် ဦးအောင်ဂမ်ကို သတ်ဖြတ်၍ လေစီးကာ ထွက်ပြေးသွားသဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စစ်ဆေးအရေးယူပေးရန် ဂွေထု/လဝါ ယန် ဌာနေပြည်သူ့စစ်အဖွဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့စွဲဖြင့် စာပေးပို့ တိုင်ကြားခဲ့သည်။
အဆိုပါ စာကို ဂွေထု/လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့၏ အောက်မြန်မာပြည်စီးပွားရေး(တာဝန်ခံ) ဗိုလ်မှူးချုပ် ဦးညွန့်စိန်က လက်မှတ်ထိုး၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 529
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံသည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးကောင်းဖို့အတွက် နိုင်ငံရေးပွင့်လင်းမြင်သာမှုရှိရန် လိုအပ် သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး အသိုင်းအဝန်းက ထောက်ပြကြသည်။
အမေရိကန်သည် နစက အဖွဲ့ဝင်များ၊ နစကနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များကို စီးပွားရေး ပိတ်ဆို့အ ရေးယူမှု စာရင်းထဲမှာ ထည့်သွင်းထားသလို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ကြေညာထား သည်။
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေး ကောင်းလာရေး နိုင်ငံရေးပွင့်လင်းမှုများ လိုအပ်ကြောင်း၊ အမေရိကန် လွှတ်တော်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်လာအောင် ကြိုးစားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“တရားစီရင်ရေး အပိုင်းရယ်၊ ဥပဒေပြုရေး အပိုင်းရယ်၊ အုပ်ချုပ်ရေး အပိုင်းရယ်ပေါ့။ ဒီသုံးခုကို ကျနော်တို့က ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပါတယ်။ သို့သော် ဘာပဲပြောပြော အမေရိကန်လွှတ်တော်မှာ အများစုကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံရေးအခြေအနေကိုတော့ အုပ်ချုပ်ရေးအဖွဲ့လောက် ဂဃနဏ မသိဘူး။ နောက် တစ်ခုကတော့ သမ္မတကို ကျနော်တို့က ပြောရရင်တော့ ဆက်ဆံရေး ကောင်းမွန်တယ်လို့ ကောင်းမွန်ဖို့ အစပျိုး လာတယ်လို့ ယူဆရင် အမေရိကန်ကွန်ကရက် လွှတ်တော်ကလည်း ကျနော်တို့အပေါ်မှာ ဆက်ဆံရေး ကောင်း လာအောင် ကျနော်တို့ အနေနဲ့ ဘာပဲပြောပြော တစ်ခုခုလုပ်ပြဖို့ လိုတယ်။ လုပ်ပြရင်လည်း သူတို့က လက်ခံမယ့် သဘောရှိပါတယ်။ အဲတော့ ကျနော်တို့ အမေရိကန် လွှတ်တော်ပိုင်းကလည်း ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီးတော့ ပိုပြီးတော့ နားလည်လာအောင် ကျနော်တို့ဘက်က ကြိုးစားရမယ့် ဝတ္တရားရှိတယ် ကျနော်တို့ဘက်က နိုင်ငံရေး ပွင့်လင်းမှုတွေ ဥပမာ ရွေးကောက်ပွဲလိုပေါ့။ ဒါမျိုးတွေ လုပ်ပြဖို့ တာဝန်ရှိတယ်လို့ ကျနော်က ထင်ပါ တယ်။ ပိုကောင်းလည်း ကောင်းလာမှာပါလေ”ဟု ပြောသည်။
မြန်မာနိုင်ငံအလံကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကို ဖြေလျော့ရုပ်သိမ်းပေးရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့သည်။
နစကဥက္ကဋ္ဌ သမ္မတထရမ့်ဆီ စာပေးပို့ပြီးနောက် နှစ်ပတ်အကြာမှာ အမေရိကန်က မြန်မာစီးပွားရေးလုပ်ငန်းရှင် များဖြစ်သည့် ဦးဂျွန်နသန် မျိုးကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်၊ ဒေါ်တင်လတ်မင်းတို့ကို ပိတ်ဆို့ အရေးယူမှုစာရင်းကနေ ပယ်ဖျက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိ အမေရိကန်သမ္မတသည် ၎င်းဖြစ်ချင်သည်ကို ဖြစ်အောင်လုပ်သည့် သရုပ်သဏ္ဍာန် စရိုက်ရှိသည့်အတွက် ၎င်းနှင့် ပြေလည်ရန် ကြိုးစားခြင်းမျိုး လုပ်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဒီမိုကရေစီ တောင်းဆိုနေကြစဉ်
၎င်းက ‘သူက အဓိက,က အုပ်ချုပ်ရေး အပိုင်းနဲ့ နောက်တစ်ခါ ဥပဒေပြုရေးအပိုင်းပေါ့။ သမ္မတ သူ့လုပ်ပိုင်ခွင့်နဲ့ ချက်ချင်း ဆုံးဖြတ်လို့ရတယ်။ သဘောတစ်ခုရှိတာက အခု ဒီလောလောဆယ် အနေအထားက ကြတော့ ဘာလဲဆို တော့ သမ္မတနဲ့ပြေလည်ဖို့လိုတယ်။ လောလောဆယ် အမေရိကန်နိုင်ငံရေး အခင်းအကျင်းကလေ အရင်လိုသူက စနစ်နဲ့သွားပြီး တွေးလို့မရဘူး။ လောလောဆယ်က သမ္မတရဲ့ သဘောတရား ဘယ်လိုခေါ်မလဲ။ သူဆုံးဖြတ်တဲ့ ဟာကို ဖြစ်အောင် အတင်းလုပ်နေတဲ့ သဘောရှိတာပေါ့။ ဒါကို ဘယ်လိုခေါ်မလဲ ကမ္ဘာ့စနစ်ကို ဘယ်လိုထိန်းချုပ်ထားလဲ သိဖို့လိုတာပေါ့။ သူနဲ့ကတော့ မပြေလည်လို့မရဘူး။ သူလုပ်ချင်ရင်ဖြစ်အောင် လုပ်တဲ့ စရိုက်လက္ခဏာ ရှိတာပေါ့။ လွှတ်တော်က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အဲတော့ သူဘယ်လို ဘယ်လောက် အတိုင်းအတာထိ အောင်မြင်အောင် ချဉ်းကပ်နိုင်သလဲ၊ နားဝင်ဖို့ ပြောနိုင်လဲဆိုတာ အရေးကြီးတာပေါ့”ဟု ပြော သည်။
လက်ရှိတွင် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့၌ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ် နေပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
ထို့နောက် အမေရိကန်ကလည်း နိုင်ငံတကာ ရွေးကောက်ပွဲများအပေါ် မည်သည့်မှတ်ချက်မှ မပေးကြရန် ထုတ်ပြန်ထားသည်။