- By CNI
- Category: နိုင်ငံရေး
- Hits: 665
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ မဲပေးပိုင်ခွင့်ရှိသူ ၁၁.၆ သန်း ကျော်ရှိရာ ၆.၀၉ သန်းကျော် မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ CNI သတင်း ဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်း ခွဲ၍ ကျင်းပလျက်ရှိ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ ပြီး အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် တွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပ ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁-၂-၃)၌ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၄.၂၆ သန်းခန့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 500
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပနေစဉ် မြို့နယ် ၁၁ မြို့နယ် ကို နွေဦးတော်လှန်ရေး အင်အားစုများမှ တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပခဲ့ခြင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေတဲ့ ပြည်ဖျက် အကြမ်းဖက်သမားတွေနဲ့ ပြည်ဖျက် မီဒီယာတွေက တော့ ရွေးကောက်ပွဲကို ဘယ်လိုနှောင့်ယှက် ဖျက်ဆီးရမယ်ဆိုတာ အမြဲကြံစည်နေပြီး အဖျက် အမှောက် လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ခြိမ်းခြောက်တာတွေ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ မိုင်းဖောက်ကွဲတာ တွေ၊ မဲပေးဖို့လာတဲ့ ပြည်သူတွေရဲ့ ကားတွေကို တားဆီးတာတွေ၊ ဒရုန်းနဲ့ Drop Bomb ချတာတွေ၊ မဟုတ် မမှန် သတင်း ထုတ်လွှင့်တာတွေ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ တစ်ရက်ထဲမှာပဲ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ ရှိတဲ့ မြို့နယ် ၁၁ ခုတို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်တာတွေ၊ မိုင်းခွဲ တာတွေ၊ တားဆီး ပိတ်ပင်တာတွေ ပြုလုပ်ခဲ့တာတွေ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီမြို့နယ်မှာရှိတဲ့ လုံခြုံရေး တာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲတာဝန်ရှိသူတွေနဲ့ ပြည်သူများ ပူးပေါင်းပြီး အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါတယ်”ဟု ပြောသည်။

မဲထည့်မည့်သူများကို တွေ့ရစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များက မြဝတီ၊ လွိုင်ကော်၊ ညောင်ဦး၊ ကသာ၊ မန္တလေး၊ မြစ်ကြီးနား၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းခြံ၊ မတ္တရာ၊ တမူး စသည့် မြို့နယ် ၁၁ မြို့နယ်ကို Drop Bomb၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး- လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။
ကသာမြို့နယ်ကိုတော့ KIA-PDF က ဒီဇင်ဘာ ၂၈ ရက်တွင် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့သလို PDF တချို့က လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် တက်လာပြီး ခရီးသွားကားများအား စစ်ဆေးမှုများ ပြုလုပ်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက် ကျင်းပမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးခွင့်ရှိသူ ၁၁.၆ သန်းကျော်ရှိပြီး ၆.၀၉ သန်းကျော် မဲပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 674
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ရှမ်းနီ(ကျားမင်း)ပါတီ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ ဥက္ကဋ္ဌ စိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကျားမင်းပါတီဟုလည်း ဒေသတွင်း ခေါ်ဝေါ်ကျသည့် ရှမ်းနီပါတီသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာများတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း(၁)ကို စတင် ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၁) ၌ ကျားမင်းပါတီ အနေဖြင့် မြေပြင် အချက်အလက် အရဆိုလျှင် ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် (FPTP) တို့တွင် မဲအသာစီးရ၍ အနိုင်ရရှိ သွားပြီဟု ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာန သို့ ပြောသည်။

ဟုမ္မလင်းမြို့ကို တွေ့ရစဉ် (Shanni Voice)
၎င်းက “ကျားမင်းပါတီ အနေနဲ့ကတော့ စစ်ကိုင်းတိုင်းမှာပဲ ကိုယ်စားပြုပြီး ယှဥ်ပြိုင်တဲ့ ပါတီဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်း အယောက် ၄၀ ဝင်ရောက် ယှဥ်ပြိုင်ထားပါတယ်။ လက်ရှိမှာ အပိုင်း (၁)ပဲ ပြီးသေးတာ ဖြစ်တဲ့အတွက် ဘယ်နှစ်ရာခိုင်နှုန်းတော့ ပြောလို့မရသေးဘူးပေါ့နော်။ FPTP မှာတော့ ခုနက ပြောခဲ့သလိုပေါ့ လောလောဆယ် ဟုမ္မလင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ဟုမ္မလင်းတိုင်းဒေသကြီး FPTP ကတော့ သေချာ ပေါက် နိုင်သွားပြီ။ ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် မကြေညာသေးဘူးပေါ့နော်။ ဒါပေမယ့် မြေပြင် အချက်အလက်တွေအရတော့ တို့ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ရယ်၊ နောက်ပြီးတော့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး FPTP နဲ့ ဟုမ္မလင်းနဲ့ ပတ်သက် ရင်တော့ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး (FPTP) ကတော့ မြေပြင်အချက်အလက်တွေအရ နိုင်သွားပြီလို့ ပြောရမှာပေါ့နော်” ဟု ပြောသည်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ သုံးပုံတစ်ပုံသာ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပနိုင်ခဲ့သည်။
ထို့နောက် ဥရုချောင်းဒေသ၊ နတ်နန်းဒေသ အပါအဝင် ၎င်းဒေသများနှင့် နီးစပ်ရာ ကျေးရွာ အုပ်စုများ၌ နယ်မြေ လုံခြုံမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
သို့သော် ပြည်သူများအနေဖြင့် ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်တို့တွင် ဆန္ဒမဲ လာရောက်ပေးမှု ၆၀ ရာခိုင်နှုန်း ရှိကြောင်း၊ အခြေခံ မဲစာရင်းနှင့် ပတ်သက်သည့် အားနည်းချက် အချို့လည်း ရှိနေသည်ကို တွေ့မြင်ရကြောင်း ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP)မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြော သည်။

ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP)ကို တွေ့ရစဉ်
၎င်းက “ဒီဇင်ဘာ ၂၈ ပေါ့နော်၊ အပိုင်း (၁) မှာပါနေတဲ့ ဟုမ္မလင်း၊ ခန္တီး လတ်တလောမှာပေါ့။ အဲဒီ ၂ နေရာနဲ့ ပတ်သက်လို့ လာပြီးတော့ မဲတွေလာထည့်ကြတယ်ပေါ့နော်။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့တူတဲ့ ရွေးကောက် ပွဲ တစ်ခုလို့ မြင်ပါတယ်။ အချက်အလက်တွေ အရတော့ ၅၀ ရာခိုင်နှုန်းကျော် ၆၀ ရာခိုင်နှုန်းခန့် မဲလာပေးကြတဲ့ အနေအထားမျိုး ရှိပါတယ်။ တော်တော်လေးလည်း အားလုံးက စိတ်ဝင်တစား ရှိကြပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့လေ။ အခြေခံ မဲစာရင်းတွေနဲ့ ပတ်သက်တဲ့ အားနည်းချက် တချို့တော့ တွေ့ပါတယ်။ တချို့ဟာလေး တွေက ပထမအကြိမ်၊ ဒုတိယအကြိမ်မှာ မဲစာရင်းတွေ ပါခဲ့ပြီးမှ နောက်ဆုံးအကြိမ်မှာ မဲစာရင်းမပါခဲ့တာ မျိုးလေး တွေလည်းပဲ တွေ့ရတယ်။ နောက်တစ်ခုက အဖေတူတူ အမေတူတူက မွေးလာပြီးတော့ တိုင်းရင်းသား မဲတွေပေး တဲ့ အချိန်မှာပေါ့၊ ဥပမာပေါ့ ရှမ်းမဲပေးတာနဲ့ ပတ်သက်ပြီးတော့၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ရွေးချယ်တာနဲ့ ပတ်သက်ပြီးတော့ မဲပေးတဲ့အချိန်မှာ တစ်ဖအေ(အဖေ)ထဲ တစ်မိအေ(အမေ)ထဲက မွေးလာပေမယ့် ညီကပါပြီး တော့ အစ်ကိုက တိုင်းရင်းသားမဲ ပေးခွင့် မရတာမျိုးတွေ၊ ဒါမျိုးတွေလည်း တွေ့ရပါတယ်” ဟု ပြောသည်။
ကျားမင်းပါတီ (SSP) အနေဖြင့် ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား စိုင်းနိုင်နိုင် ကျော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာအား စိုင်းစံလှစိုးတို့က ဝင်ရောက်ယှဥ်ပြိုင်၍ အနိုင်ရခဲ့ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 449
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်သူ့ပါတီ(PP)နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)တို့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သလား ဆိုသည့်အပေါ် အားလုံးက စောင့်ကြည့်နေကြ သည်။
ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ရာ အများ ပြည်သူ ပြောနေသလို တစ်နေရာမှ အနိုင်မရဘူးဆိုတာ မဟုတ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်နေရာမှ ဟိုဟာ FPTP တွေကတော့ တစ်နေရာမှ အနိုင်မရပါဘူး။ ဒါပြောတာ မှန်ပါတယ်။ ဒါပေမယ့် တချို့ တိုင်းရင်းသားတွေက သူကဟို နှစ်နေရာတော့ နိုင်ထားတယ် ကြားတယ်။ ဒါပေမယ့် တိုင်းရင်းသားကလည်း သူက မဲမစုံသေးဘူးလေ။ တစ်ပြည်နယ်လုံး၊တစ်တိုင်းလုံးလည်း မဲမစုံသေးဘူးလေ။ မဲမစုံတဲ့အတွက် တိုင်းရင်းသား ကိုတော့ အတိအကျ ပြောလို့မရဘူး။ ဟို FPTP အနေနဲ့ကတော့ ဘယ်သူမှ မနိုင်ဘူး။ FPTP ဆိုတာက ပြည်သူ့ လွှတ်တော်ရယ်၊ တိုင်းဒေသကြီး FPTP ရယ်၊ နှစ်ခုကတော့ မနိုင်ဘူးပေါ့နော်။ အမျိုးသားလွှတ်တော်ကတော့ စောင့်ရအုန်းမှာပေါ့။ ရှင်းရှင်းပြောရရင်တော့ ဒီလောက်ထိ မဖြစ်လောက်ဘူးလို့တော့ ထင်တာပေါ့နော်။ အဓိက ပြဿနာကတော့ ကြိုတင်မဲတွေမှာလည်း ရှင်းရှင်းပြောရင်တော့ ဘယ်လောက်ရှိလို့၊ ဘယ်လောက်ရတာတို့၊ ဘယ် လိုမှန်း မသိရဘူးလေ။ ဒါပေမယ့် ပြည်သူထွက်ပေးတဲ့ မဲတွေကတော့ မဲပြန့်တဲ့သဘော ရှိတာပေါ့နော်။ ကျန်တာ ကတော့ ဟိုဘက် ပါတီကြီးရဲ့ အမာခံတွေ ပေးတာလည်း ဖြစ်ပါလိမ့်မယ်။ မဲပေးတဲ့ ရာခိုင်နှုန်းက နည်းတဲ့နေရာ နည်းတယ်။ တချို့ ၅၀ ရာခိုင်နှုန်းကျော်တဲ့ နေရာလည်း ကျော်တယ်။ အဲ့တော့ ဆိုလိုတဲ့ သဘောက မဲပေးတဲ့ ပြည်သူ ဒီထက်ပို ပြီးတော့ ဒုတိယပိုင်း၊ တတိယပိုင်းမှာ မဲပေးသူ ပိုထွက်လာနိုင်အောင်တော့ တိုက်တွန်းရမှာပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲစာရင်း ကြည့်နေကြစဉ်
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၆ ပါတီရှိသည်။
ထိုပါတီများမှာ PP၊ PPP၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(SNDP)၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)တို့ ဖြစ်သည်။
ထိုအထဲတွင် PP နှင့် PPP ပါတီတို့သည် လူထုထောက်ခံမှု ရရှိမည်ဟု မျှော်လင့်ထားသော်လည်း မဲပေးမှု အလွန် နည်းပါးခြင်းကြောင့် အနိုင်ရရှိမှု နည်းခဲ့ကြောင်း၊ USDP က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်း အနိုင်ရ ရှိခဲ့ကြောင်း၊ သို့သော် USDP ၏ အနိုင်ရရှိမှုသည် ကြိုတင်မဲများနှင့် ရှုပ်ထွေးသော မဲစာရင်းများကြောင့် ဖြစ် ကြောင်း ထောက်ပြနေကြသည်။
ပြည်သူ့ပါတီ(PP)က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မဲဆန္ဒနယ်က ဝင်ပြိုင်သည့် တိုင်းဒေသကြီး မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်လောင်း တစ်ဦး အနိုင်ရခဲ့သော်လည်း USDP ၏ ကန့်ကွက်မှုကြောင့် လက်ရှိတွင် အငြင်းပွားနေသည်။
ရွေးကောက်ပွဲအပိုင်း(၁)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြီးလျှင် ပြည်သူ့ပါတီ(PP)က ဒုတိယဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

မဲလာထည့်သူများကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ ပဏာမ မဲစာရင်းတွေအရ မြိတ်မှာ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသား လွှတ်တော် သုံးခုစလုံး နိုင်ထားတယ်ပေါ့နော်။ အခု နောက်ဆုံး အသားတင်ကတော့ လွတ်လွတ်ကျွတ်ကျွတ်က တိုင်းဒေသကြီး တစ်ယောက် နိုင်တယ်။ ကျန်တဲ့ မဲစာရင်းတွေ အခုထက်ထိ မထုတ်ပြန် နိုင်သေးဘူးလို့ သိရတယ်။ တခြား နေရာတွေမှာလည်း ရမည်းသင်းတို့၊ ဘာတို့တွေမှာလည်း မဲရလဒ် တော်တော် အားကောင်းပါတယ်။ ပြော ရရင်တော့ အခုဟာက ကြံ့ခိုင်ရေးနဲ့ တစည ပြီးလို့ရှိရင်တော့ ကျနော်တို့ပါတီက တချို့နေရာတွေမှာ ဒုတိယပေါ့၊ တချို့နေရာတွေမှာ တတိယ မဲအများဆုံးရထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျနော်တို့က ဖြစ်စေချင်တာပေါ့လေ အဲ့ဒါကတော့ လာမဲ့လွှတ်တော်မှာ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့။ တကယ့်ကို အရောင်အသွေးစုံတဲ့ လွှတ်တော်မျိုး ဖြစ်လာ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကလည်း တစ်ပါတီတည်းကြီးစိုးတဲ့ လွှတ်တော်တွေနဲ့ ပတ်သက်ပြီး တော့ ရင်ဆိုင်ခဲ့ရတာ ကြုံခဲ့ရတာတွေလည်း အားလုံးက ဒါခံစားပြီးသားဖြစ်တော့ ဒီလွှတ်တော်ကို အထိုက်အ လျှောက်တော့ အရောင်အသွေး စုံလိမ့်မယ်လို့ ကျနော်တို့လည်း မျှော်လင့်ခဲ့တာပေါ့ ဖြစ်စေချင်ခဲ့တာပေါ့။ ဒါပေ မယ့် အပိုင်း ၁ ရလဒ်တွေအရ ပြောရရင်တော့ တစ်ပါတီတည်း ကြီးစိုးတဲ့ပုံစံကို ပြန်သွားနေတာ တွေ့ရတယ်”ဟု ပြော သည်။
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ ဆောင်ပါတီ(PPP)၊ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ဦးကိုကိုကြီး ဦးဆောင် သည့် ပြည်သူ့ပါတီ(PP)က အမတ်များ အများစု ရှုံးနိမ့်ခဲ့ပြီး အရေအတွက် အနည်းငယ်သာ အနိုင်ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပပြီးပြီဖြစ်၍ ကျန် ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာလည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်မှာလည်းကောင်း ဆက်လက် ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ပြိုင်တဲ့ပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄၈၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 396
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ် ဖြစ်ပေါ်မလာစေဖို့အတွက် နိုင်ငံတော်တာဝန်ကို တပ်မတော်က မလွှဲမရှောင် သာ ရယူခဲ့ရသည်ဟု နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁) နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်စဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ အထက်ပါ အတိုင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ အစိုးရ အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အာဏာရ အစိုးရနဲ့ NLD ပါတီတို့ရဲ့ မဲမသမာမှုတွေ ကြောင့် နိုင်ငံတော်လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပျက်ယွင်းမသွားစေဖို့ ဒီမိုကရေစီ အမည်ခံ အာဏာ ရှင်စနစ် ဖြစ်ပေါ်မလာစေဖို့အတွက် နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ရယူခဲ့ ရပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ စတင် တာဝန်ယူစဉ်ကတည်းက ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရာမှာ ပြည်သူ လူထု လိုလားတောင်းတခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည် အကောင် အထည်ဖော်ဖို့ အာမခံခဲ့ပြီး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ အစဉ်အမြဲ ဦးတည်ခဲ့ပါ တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) မှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများကို ပြန်လည် စိစစ်ပေးရန် နိုင်ငံရေးပါတီ ၃၀ ကျော်နှင့် မြန်မာ့ တပ်မတော်က တောင်းဆိုခဲ့သည်။
သို့သော် NLD ပါတီနှင့် NLD အစိုးရအဖွဲ့က ရွေးကောက်ပွဲမဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်း ရေးကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်ခဲ့သည်။
အဆိုပါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရက လွှတ်တော်ခေါ်ယူ ကျင်းပမည်ဖြစ်သလို နိုင်ငံတကာ သံတမန်များကိုလည်း အသိသက်သေအဖြစ် ခေါ်ယူထားခဲ့သည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိမှာတော့ မြန်မာ့တပ်မတော်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပ ပေးလျက်ရှိပြီး ရွေးကောက်ပွဲ အပိုင်း(၁)သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း (၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။
မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်သလို တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန် ကိုသာ ထမ်းဆောင်တော့မည်ဟု ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1234
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာနေခြင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)သည် တရုတ်နှင့် အပေးအယူ လုပ်ချင်သောကြောင့် ဖြစ်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ကာ ပြန်လည်ဖြစ်ပွားလာသည့် စစ်ရေးသည် လက်ရှိ၌ တစ်မြို့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်လာနေခြင်း ဖြစ်သည်။
သို့သော် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ကချင်ပြည်နယ်မှ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်နှင့် ရွှေကူ စသည့် မြို့နယ်များ ပါဝင်မည်ဟု နေပြည်တော်ဘက်က ဒီဇင်ဘာ ၂၅ ရက်က ကြေညာခဲ့သည်။
လက်ရှိ ဗန်းမော်တိုက်ပွဲသည် ရေရှည်သိမ်းရန်အတွက် တိုက်နေခြင်းမျိုး မဟုတ်ဘဲ အပေးအယူလုပ်ရန် တိုက်နေ ခြင်းသာဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအန်ဘန်လကို တွေ့ရစဉ်
၎င်းက “ဗန်းမော် တိုက်ပွဲတို့ ဘာတို့ကလည်းပဲ ဂုဏ်သိက္ခာဆယ်တဲ့ တိုက်ပွဲတွေပဲ။ ဒီတိုက်ပွဲတွေက နှစ်ဖက်စလုံး က သိပါတယ်။ ဒီအခြေအနေမှာ တန့်နေတယ်ဆိုတာ။ ဘာလို့ဆို တရုတ်ကိုယ်တိုင်က ပါလာတာ။ တချိန်ချိန်မှာ တရုတ်ကလည်း ကချင် ခင်ဗျား ဗန်းမော်တိုက်ပွဲ ရပ်လိုက်တော့လို့ ပြောလာနိုင်တယ်။ အဲဒီပြောလာနိုင်တဲ့ အချိန် မှာ သူတို့စောင့်နိုင်တယ်။ အဲဒီလို ကချင်ကို ခင်ဗျားတို့ ရပ်တော့လို့ ပြောတဲ့အချိန်မှာ ကချင်ကလည်း ဒါဆို ကျုပ် တို့ကို ဘယ်ဂိတ်တွေဖွင့်၊ ဘယ်ဂိတ်တွေပေး၊ ဘာလုပ်ပိုင်ခွင့် ပြန်ပေးဆိုပြီးတော့ အလဲအလှယ် လုပ်နိုင်တယ်။ Bargaining Power လိုချင်တာပေါ့။ Bargaining Power ရအောင် အခုက စစ်တိုက်နေကြတာ။ အပေးအယူ လုပ်ဖို့ တိုက်နေတာ။ ဒီတိုက်နေတာတွေက တကယ် ရေရှည်သိမ်းဖို့၊ တကယ့် ပြဿနာရှာနေတာ မဟုတ်ပါဘူး။ အပေးအယူ ပေါ်လာလို့ရှိရင် Bargaining Power ရဖို့ territory control ပေါ့ အဲဒါကို ကြိုးစားနေကြတာ။ အဲဒီလို နဲ့ပဲ လားရှိုး တိုက်ခဲ့ပြီးပြီပဲ။ သီပေါ၊ ကျောက်မဲ အကုန်တိုက်ခဲ့ပြီးပြီပဲ။ အပေးအယူတွေ တည့်သွားတော့ အားလုံး မရှိတော့ဘူးလေ။ တိုက်ခဲ့ပေမယ့် အခုအားလုံး အပေးအယူထဲ ပါသွားပြီလေ။ အလျော်အစားထဲ ပါသွားပြီလေ။ အဲဒါကြောင့် အခုလည်း ဒီလိုပါပဲ။ ဗန်းမော် မသိမ်းနိုင်သည်ရှိစေ၊ သိမ်းနိုင်သည်ရှိစေ တိုက်နေတယ် ဆိုတာကိုက အပးအယူလုပ်ဖို့အတွက် ကောင်းတဲ့လုပ်ငန်းတစ်ခုကို။ မတိုက်တော့ဘူးဆို အပေးအယူလုပ်ရင် ဘာနဲ့ သွားပြီး တော့ အစားထိုး အလျော်အစား လုပ်မလဲ၊ အဲဒါလည်း အရေးကြီးတာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့် အထဲတွင် ဗန်းမော်သည် လက်ရှိ တိုက်ပွဲ ပြင်းထန်နေသလို မံစီနှင့် မိုးမောက်မြို့သည် ၂၀၂၄ ခုနှစ်ကတည်းက KIA မှ တိုက်ခိုက် သိမ်းပိုက်ထားသည့် မြို့များဖြစ်နေသည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ည ထုတ်ပြန်ချက်အရ ချင်းပြည်နယ်က မြို့နယ် ၃ ခု၊ စစ်ကိုင်းတိုင်း က မြို့နယ် ၂ ခု၊ ရခိုင်ပြည်နယ်က မြို့နယ် ၄ ခု အပါအဝင် ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူး တိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းက ကျေးရွာအုပ်စုပေါင်း ၁၀၀၂ အုပ်စု၊ ရပ်ကွက် ၆၂ ရပ်ကွက် တို့မှာ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း သိရသည်။
၎င်းတို့အနက် ကချင်ပြည်နယ်တွင် ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မိုးမောက်မြို့နယ်က ကျေးရွာအုပ်စု ၆၅ ခု၊ ရွှေကူမြို့နယ်က ကျေးရွာအုပ်စု ၃၉ ခုနှင့် ဖားကန့်မြို့နယ်က ကျေးရွာ အုပ်စု ၈ ခုတို့၌ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း သိရသည်။

ကချင်တိုင်းရင်းသားတွေကို တွေ့ရစဉ်
KIA နှင့် တရုတ်တို့တွင် ကိုယ်စီ ကိုင်ထားသည့် ဖဲချပ်များ ရှိနေကြသည့်အတွက် မည်ကဲ့သို့ အပေးအယူ လုပ်ကြ မည်ကို မပြောတတ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်တော့ KIA ဘက်မှာ ကိုင်ထားတဲ့ ဖဲချပ်တွေလည်း ရှိတယ်။ နောက် တရုတ်ဘက်က ကိုင်ထားတဲ့ ဖဲချပ်တွေလည်း ရှိတယ်။ တရုတ်ကတော့ သူ့စီးပွားရေးလမ်းကြောင်းတွေ ပိတ်နိုင်တယ်၊ ဖွင့်နိုင်တယ် ဒါမျိုးတွေ ရှိတာပေါ့။ KIA ဘက်ကလည်း သူ့မှာ မြေရှားသတ္တုတွေ ကိုင်ထားတော့ ဒါကို သူ့မပေးဘဲနဲ့ တခြားကိုရောင်းဖို့ ဒါမှမဟုတ် တခြားကို လှည့်ထုတ်ဖို့၊ သူ့ကို မရောင်းဘဲ ထားဖို့ ဒါမျိုးတွေ ရှိတာပေါ့။ ဒါတွေက သူတို့ ဘယ်လို အပေးအယူ လုပ်ကြမလဲတော့ မပြောတတ်ဘူး။ အဲဒီတော့ တရုတ်ရဲ့ ရည်မှန်းချက်ကတော့ သူတို့နဲ့ နယ်စပ် ကပ် နေတဲ့ တောက်လျှောက် ဗမာပြည်က နယ်စပ်တစ်လျှောက် အဲဒီဒေသတွေမှာ ငြိမ်းချမ်းစေချင်တာတော့ အမှန်ပဲ။ အဲဒါကို KIA က ဘယ်လို အသုံးချမလဲတော့ ကျမလည်း မသိဘူး” ဟု ပြောသည်။
ယခုနှစ် ဒီဇင်ဘာလ အတွင်း၌ KIA နှင့် အိန္ဒိယအကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ် သိရှိနိုင်ခဲ့သည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time မှ ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time ကတော့ ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက် လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလို မီတာ အရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်နှင့် အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့် ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြား ထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။
မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကိုဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲသည် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ကြား သဘောတူညီချက်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူအဖြစ် လာရောက်သော တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲကို မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ အပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများက လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြသည်။
မစ္စတာတိန့်ရှီးကျွင်းက “အထူးသဖြင့် ကျနော်တို့ အနေနဲ့ ဒီလိုမျိုး ရွေးကောက်ပွဲတွေကို ဖော်ဆောင်တယ်ဆိုတာ က ကျနော်တို့ရဲ့ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်နဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ထားရှိတဲ့ သဘောတူညီမှု ချစ်ကြည်ရင်းနှီးမှုတွေကြားမှာ ကျနော်တို့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်မှု တစ်ခုလို့ပဲ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မစ္စတာတိန့်ရှီးကျွင်းကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က မော်စကိုမြို့ (ရုရှားနိုင်ငံ)တွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံမှာ ကျင်းပသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်တာမှာ အကြမ်းဖျင်းအားဖြင့် အားလုံး ကောင်း မွန် အဆင်ပြေနေသည်ကို တွေ့ရကြောင်း မစ္စတာတိန့်ရှီးကျွင်းက ပြောသည်။
၎င်းက “ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဟာဆိုရင် ပူးပေါင်းဆောင်မှု များစွာလုပ်နေတာ ဖြစ်ပြီးတော့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီမှုများစွာ ပြုလုပ်လျက်ရှိတာကို ကျနော်တို့ အနေနဲ့လည်း သိရှိပြီး နေမှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ မနေ့က နေပြည်တော်မှာရှိတဲ့ မဲရုံ(၆)ရုံကို သွားရောက်ပြီးတော့ လေ့လာ ခဲ့ပါတယ်။ အဲ့လိုမျိုးသွားရောက် လေ့လာခဲ့တဲ့အခါမှာဆိုရင် ကျနော့် အနေနဲ့ အကြမ်းဖျင်းအားဖြင့် အားလုံး ကောင်းမွန် အဆင်ပြေနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ကျနော့်အနေနဲ့ တွေ့ရှိခဲ့တဲ့ မှတ်ချက်တွေကို ပြောရ မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ မဲရုံပြင်ဆင်ထားရှိမှု၊ ဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။ မဲရုံတွင် လုပ်ငန်း ဆောင် ရွက် ထားရှိမှုများ အရမ်းကို ကောင်းမွန်ပြီးတော့ စနစ်တကျရှိပါတယ်။ လာပေးတဲ့ မဲဆန္ဒရှင်တွေအတွက် အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ဖို့အတွက်ကို သေချာစီစဉ်ဆောင်ရွက်ထားပေးတာကို တွေ့ရပါတယ်”ဟု ပြောသည်။
မဲရုံများကို သွားရောက် လေ့လာသည့်အခါမှာ မဲဆန္ဒရှင်များသည် မဲထည့်ရန်အတွက် စောင့်ဆိုင်းရခြင်းမျိုးကို တောင် စိတ်အေးလက်အေးဖြင့် လုံခြုံစိတ်ချစွာ စောင့်ဆိုင်းပြီး မဲပေးနိုင်သည်ကို တွေ့ရကြောင်း မစ္စတာတိန့်ရှီး ကျွင်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များသည် နေပြည်တော်နှင့်ရန်ကုန်ရှိ မဲရုံများသို့ သွားရောက်၍ လေ့လာခဲ့ကြသည်။
အဆိုပါ ရွေးကောက်ပွဲ ကျင်းပသည့် အချိန်ကာလ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မန္တလေး၊ မြစ်ကြီးနား၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကသာ၊ ညောင်ဦး၊ မြင်းခြံ၊ မတ္တရာ၊ မြဝတီ၊ လွိုင်ကော် စသည့် မြို့ ၁၁ မြို့ကို ဒရုန်းဗုံးနှင့် ရှော့တိုက်ဒုံးများ အပါအဝင် လက်နက်ကြီး-လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ PDF တပ်ဖွဲ့များ တက်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို ကသာမြို့ကိုလည်း ဒီဇင်ဘာ ၂၈ ရက်တွင် KIA-PDF ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက်ကျင်းပမည် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 595
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)အပေါ် ကျေနပ်အားရမှု မရှိကြောင်းနှင့် တရားမျှ တမှု မရှိသလို ခံစားရသည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပခဲ့ ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်း၌ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အပေါ် ကျေနပ်အား ရမှု သိပ်မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားရကျေနပ်မှု မရှိဘူး။ ကြိုတင်မဲတွေကလည်း လာလိုက်တာ များနေတာပဲ။ ဆန္ဒမဲ လာပေးတဲ့ သူ လည်း နည်းတယ်။ နောက်ပြီးတော့ ဟိုဟာပေါ့ဗျာ။ ကြိုတင်မဲတွေက ကျနော်တို့က မသိရဘူးလေ။ ကြိုတင်မဲ တွေမှာ ပါတီတွေလည်း မခေါ်ဘူး၊ အဲ့လိုတွေ ဖြစ်နေတယ်။ အခုက ကြိုတင်မဲတွေနဲ့ ကျနော်တို့က ရှုပ်ရှုပ်နေတာ လေ ကြိုတင်မဲတွေ လာတယ်ပေါ့ဗျာ။ တရားမျှတမှု နည်းနည်း သိပ်မရှိသလို ခံစားရတယ် အဲဒါပါပဲ” ဟု ပြော သည်။

မဲထည့်ရန် လာရောက်ကြည့်ရှုနေကြစဉ်
မြန်မာနိုင်ငံတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ဘယ်နှစ်ဦးရှိသလဲ၊ ကြိုတင်မဲ ပေးသူ မည်မျှအရေအတွက် ရှိသလဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ မေးမြန်းသော်လည်း တရားဝင် ထုတ်ပြန်ခြင်းမရှိသလို ဖြေကြား ခြင်းလည်း မရှိထားပေ။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ် ဆန္ဒမဲလာရောက်ပေးမှု များစွာအားနည်းပြီး ကျေနပ်အားရမှု မရှိ ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့်လည်း မဲပေးခွင့် ဆုံးရှုံးမှုများရှိသည်ဟု ကရင်ပြည်သူ့ပါတီ (KPP) မှ ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ဆရာမ သိသလောက် မဲလာပေးတာ တော်တော်နည်းတယ်၊ အဲဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မရှိဘူး။ မရှိခြင်းက ဘာလဲဆိုတော့ ကျွမ်းကျင်မှုတွေ အားနည်းကြတာပေါ့နော်၊ သက်ဆိုင်ရာ ပေးထားတဲ့ အဆင့်ဆင့်ပေးထားတဲ့ Format တွေကို လိုက်နာတဲ့အခါမှာ (တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း) လို ဖြစ်နေတာရယ်။ အောက်ခြေမှာကျလည်း လုပ်ရကိုင်ရတာ ခက်တာတွေလည်းရှိတယ် အဲဒီလိုဟာမျိုး။ အဲဒီတော့ ၂၀၁၀ ထဲကကော ဖြစ်ပေါ်ခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးကို ကိုယ့်တိုင်းရင်းသားတွေက ပေးလို့မရတဲ့ဟာတွေ အများကြီးပဲ အခုဖြစ်တာ။ အဲ့တိုင်းပဲ ၂၀၁၀ ကလည်းဖြစ်တယ်၊ ၂၀၁၅ ကလည်းဖြစ်တယ်၊ ၂၀(၂၀၂၀) တုန်းက လည်း ဖြစ်တယ်၊ အခု ၂၅(၂၀၂၅) လည်းဖြစ်တယ်။ အဲဒါဘာလဲဆိုတော့ လူထုဘက်ကလည်း ပထမတစ်ကြိမ်ပါ တယ်၊ ဒုတိယအကြိမ်ပါတယ်။ တတိယအကြိမ်ကျတော့ မပါတော့ဘူး၊ ကပ်တာ အဲ့ဒါမျိုးရှိတယ်။ ပထမတစ်ကြိမ်မှာ မပါလို့ ဒုတိယ တစ်ကြိမ်မှာ သွားပြောတယ်၊ မှတ်ပုံတင်နဲ့ ပြောထားတော့ ဒုတိယအကြိမ်မှာ ပါတယ်ပြောပြီး တတိယအကြိမ်မှာ မပါတော့ဘူး၊ အဲဒီလိုမျိုးဟာမျိုး ရှိတယ်ပေါ့နော်။ အဲဒါတွေကတော့ အခုလက်ရှိ ဖြစ်တုန်းပဲ။ အဲဒါတွေကတော့ ကျမ ထင်တာ ကျွမ်းကျင်မှုမရှိတာ။ အခုလုပ်နေတဲ့ ကိစ္စတွေမှာလည်း အမှားတွေ ပေါ်လာတာများတယ်။ အဲလိုမျိုး ဖြစ်ကုန်တာပေါ့နော်။ ကျမကတော့ အဲဒီလိုပဲ မြင်တယ်၊ အခု မဲမပေးရတဲ့ သူတွေအများကြီးပဲ။ ဒါတွေကတော့ အဓိက အားနည်းချက်က လူတွေရဲ့ အားနည်းချက်ပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်မည့်သူများကို တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေး စိုးရိမ်ချက်ကြောင့် ဆန္ဒမဲပေးရန်အတွက် အခက်အခဲများ ကြုံတွေ့နေရ သည်။
အလားတူ မဲစာရင်း ပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ၎င်းတို့၏ အိမ်ထောင် စုစာရင်း အချက်အလက်များ ရှိနေခြင်းကြောင့် ပြဿနာရှာမည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေးသင့်/ မပေး သင့် စဥ်းစားနေကြသူများလည်း ရှိနေသည်။
လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ အားလုံး အနိုင်ရထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 392
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲက နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမြန်ဆုံး ပြန်လည် ရရှိစေရန် အထောက်အကူဖြစ်စေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျားက ပြောသည်။
မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)ကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖြစ် လာရောက် လေ့လာခဲ့သည်။
ထို့နောက် တရုတ်သတင်းဌာန CGTN က မစ္စတာလင်ကျားကို မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ခဲ့ သည်။
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ မဲပေးခြင်းလုပ်ငန်းစဉ်မှာ ယေဘူယျအားဖြင့် တည်ငြိမ်ချောမွေ့ပြီး စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ကာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ စတင်နိုင်ခဲ့သည်ဟု မစ္စတာလင်ကျား က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ မဲထည့်စဉ်
၎င်းက “ လာမည့် ဒုတိယနှင့် တတိယအပိုင်း မဲပေးခြင်းများကိုလည်း အောင်မြင်ချောမွေ့စွာ ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများ ပြန်လည်တည်ငြိမ်စေရန်၊ တင်းမာမှုများ လျော့နည်းစေရန်၊ နိုင်ငံရေး အခြေအနေ များ မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည် ရောက်ရှိစေရန်အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကာ ပိုမို ကျယ်ပြန့်ပြီး ပိုမိုတည်ငြိမ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် ကူညီပေးနိုင်မည်ဟု ယုံကြည် ပါသည်။ ထို့ပြင် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမြန်ဆုံး ပြန်လည်ရရှိစေရန် အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ပါသည်”ဟု ပြောသည်။
ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပနေသည့် အချိန်ကာလ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မန္တလေး၊ ကသာ၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ လွိုင်ကော်၊ မြဝတီ၊ မြစ်ကြီးနား၊ ညောင်ဦး၊ မတ္တရာ၊ မြင်းခြံ စသည့် မြို့နယ် ၁၁ မြို့နယ်မှာ ဒရုန်းဗုံးများ၊ ရှော့တိုက်ဒုံးများ အပါအဝင် လက်နက်ကြီး-လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ(USDP)မှ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် နေရာအားလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ရခိုင်ပါတီများနှင့် မွန်ပါတီများက အများဆုံးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
သို့သော် USDP သည် ကြိုတင်မဲများနှင့် မဲပေးမှု စာရင်း ရှုပ်ထွေးမှုများကနေ အသာစီးရယူ၍ အနိုင်ရသွားခြင်း ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက် ကျင်းပမည်ဖြစ်သည်။
