- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂
တရုတ်နိုင်ငံ ဒုသမ္မတ H.E. Mr. Han Zheng(မစ္စတာဟန်ကျိန့်)နှင့် မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ရှိ ကျောက်ယွိထိုင်နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ရောက်ရှိနေခြင်း ဖြစ်သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့ပြင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်၍ ဆွေးနွေးခဲ့သလို တခြားသော တက်ရောက်လာသည့် နိုင်ငံတကာ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အလားတူ စက်တင်ဘာ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 371
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂
ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာလိုက်ခြင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကနေ ထုတ်ပယ်လိုက်ခြင်းလား ဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် လက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာန ကလည်း မတရားအသင်းအဖြစ် ကြေညာခဲ့သည်။
KNU သည် NCA လက်မှတ် ရေးထိုးထားသော အဖွဲ့တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့ အကြမ်းဖက်အဖြစ် ကြေညာလိုက်ခြင်းသည် NCA မှ ထုတ်ပယ်သည်ထက် ခေတ္တရပ်ဆိုင်းလိုက်သည့် သဘောဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA စာချုပ်ထဲမှာတော့ သူ အကြမ်းဖက်ခဲ့သည်ဖြစ်စေ၊ မခဲ့သည်ဖြစ်စေ စာချုပ် member အဖြစ်ကနေ ပျက်ပြယ်ပြီဆိုတာ မပါဘူး။ ဒီအကြမ်းဖက် ဖြစ်သွားလို့ရှိရင် စာချုပ်က ပျက်တယ်ဆိုတာလည်း စာချုပ်စာတမ်း ပြောရရင်တော့ ဘယ်ဥပဒေမှ မပါသေးဘူး။ ဒါက လက်ရှိပစ္စုပန် လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်ပြီးတော့ ဆုံးဖြတ်တာဖြစ်တယ်။ သူ့ကို ပျက်ပြယ်တယ်လို့လည်း ပြောလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်တော့ ဥပဒေသဘောတရား အရ သွားတွေ့ရတယ်။ တကယ်လို့ သူကနေပြီးတော့ ဒါတွေ စွန့်လွှတ်ပါမယ် NCA ထဲကို ပြန်ဝင်မယ်ဆိုရင်လည်း ပဲ NCA ထဲကို အသစ်ပြန်ချုပ်ဆိုစရာလည်း မလိုဘူး။ သူကရှိပြီးသားပေါ့ ဒီသဘောတော့ သွားတွေ့ပါတယ်။ ခဏ ယာယီ suspend လုပ်တဲ့ပုံစံမျိုးလို့ ပြောမယ်ဆိုရင်တော့ ပိုမှန်တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးခြင်း အခမ်းအနားတွင် KNU ခေါင်းဆောင်နဲ့ ဝန်ကြီးဦးအောင်မင်း စာချုပ်လဲလည်နေစဉ်
KNU အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်များကို နိုင်ငံတော်အတွင်း အခြေပြု၍ အကြမ်းဖက် ကျူးလွန်လျက်ရှိခြင်း၊ နိုင်ငံတော် တရားဥပဒေ စိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများ ပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက် အန္တရာယ်ဖြစ်စေခြင်းတို့ကြောင့် အကြမ်းဖက်နှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
KNU သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် NCA မှ နှုတ်ထွက်ကြောင်း ပြောထားသည်။
လက်ရှိအချိန်မှ အကြမ်းဖက်အဖြစ် ကြေညာခြင်းက KNU ဘက်မှ ထုတ်ပြန်သည့်စာနှင့် အင်တာဗျူးတို့သည် သဘောထား တင်းမာသည့်ပုံစံ များပြားလာသောကြောင့် တုန့်ပြန်သည့် သဘောဟု ယူဆ၍ရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် NCA သည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသား တရားဝင် အထောက်အထား ဖြစ်သည့်အတွက် ပါဝင် လက်မှတ် ထိုးထားသူများ အနေဖြင့် မိမိသဘောဖြင့် ထွက်၍ရသလို ပြန်ဖျက်၍လည်းရကြောင်း၊ သို့သော် NCA က ပျက်မသွားကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်းကို တွေ့ရစဉ်
၎င်းက “ပြည်ထောင်စုလွှတ်တော်ကနေ rectification လို့ခေါ်တာပေါ့။ အတည်ပြုပြီးသား Legal Document ဖြစ်နေပြီ။ Legal Document မှာ ပါဝင် လက်မှတ်ထိုးသူတွေက သူ့သဘောနဲ့သူ ထွက်လို့ရတယ်။ သူ့ဟာသူ၊ သူ့ကိုယ်သူ ပြန်ဖျက်လို့ရတယ်။ သို့သော် NCA က မပျက်သွားဘူး။ ဒါကြောင့် NCA က သတ်မှတ်ချက်တွေ၊ ပြဋ္ဌာန်းချက်တွေက မှန်ပါသေးတယ်။ လိုက်မလုပ်ကြတာ တစ်ခုပါပဲ။ ဒါကြောင့် KNU က NCA က ထွက်တယ်၊ တကယ်တော့ NCA ကနေ ထွက်ပြီး ကတည်းကိုက မတရားအသင်းနဲ့ အကြမ်းဖက် အဖွဲ့စည်း သတ်မှတ်ချက်က ပျက်ပြယ်ပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အစိုးရက မကြေညာဘဲနဲ့ ဒီတိုင်းထားတာက NCA ပျက်ပြီလို့ ပြောတဲ့အုပ်စုနဲ့ NCA အတိုင်းလိုက်နာ လုပ်ဆောင်တဲ့ အုပ်စုကလည်း KNU ထဲမှာ ရှိနေတယ်။ ဥပမာဆို တပ်မဟာ ၇ ဆို တိုက်ပွဲ မဖော်ရဘူး။ NCA ပြဋ္ဌာန်းချက်အတိုင်းပဲ ငြိမ်းချမ်းစွာ အဖြေရှာမယ် စသဖြင့်ပေါ့။ နောက်ပြီး တချို့ခေါင်းဆောင်တွေက ကရင် ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ ဝင်ထွက်သွားလာတာတွေ ရှိတဲ့အခါကြတော့ KNU အပေါ်မှာ သက်တောင့်သက်သာပဲ ဆက်ဆံတာတွေ့ရတယ်။ အခု ရွေးကောက်ပွဲနီးတဲ့ အချိန်မှာတော့ ရွေးကောက်ပွဲ အပေါ်မှာ ပြင်းပြင်းထန်ထန် ဆုံးဖြတ်တိုက်ခိုက် ဆန့်ကျင်လာတဲ့ သဘောထားတွေကို ထုတ်လာတဲ့အခါကြတော့ အကြမ်းဖက် အဖွဲ့အစည်းနဲ့ မတရားအသင်းဥပဒေကို ပြန်ပြီး သတ်မှတ်လိုက်တယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲသည် “စစ်တပ်အတွက် အကျိုးရှိမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ဖြစ်သဖြင့် ကရင်လက်နက်ကိုင်အဖွဲ့ များ၊ ကရင်နိုင်ငံရေး အင်အားစုများ၊ ကရင်ပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးသည် အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်ကြရန် KNU က ဩဂုတ် ၂၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်ကြေညာပြီးနောက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရခြင်းဖြစ်သည်။
တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် KNU တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 321
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(NLD CWC)သည် တော်လှန်ရေးကာလထဲ အုပ်စုဖွဲ့အာဏာရှင်စရိုက်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ပြောရေးဆိုခွင့်ရှိသူ ကိုစည်သူမောင်က ပြောသည်။
NLD CWC အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီပုံမှန်အစည်းအ ဝေး ကျင်းပ၍ ကိုစည်သူမောင်အား ပါတီဝင် အဖြစ်မှ ယာယီရပ်ဆိုင်းရန်နှင့် နီးစပ်ရာ နိုင်ငံလုံးဆိုင်ရာညီလာခံ (သို့)ဗဟိုကော်မတီ အစည်းအဝေးသို့ အယူခံဝင်နိုင်ကြောင်း အသိပေးရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မည်သည့်အချက်ကြောင့် ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားရသည် လဲဆိုခြင်းမှာ မရှင်းလင်းကြောင်းနှင့် ယခုထိလည်း တရားဝင် ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးဘူးဟု ကိုစည်သူမောင်က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းက “ ကျနော်ရေးတဲ့ NLD CWC ရဲ့ ၄ နှစ်တာ ကာလအတွင်း ဖြစ်ရပ်တွေကို အပိုင်းလိုက် ထောက်ပြသုံးသပ်ခဲ့ လို့ ဒီလို အရေးယူတယ်ဆိုရင်တော့ ပြန်လည်ရှင်းလင်းဖို့ မကြိုးစားဘဲ တုံ့ပြန်အရေးယူဖို့ပဲ ကြိုးစားမယ်ဆိုရင် တော့ Political Tolerance ပျောက်နေတယ်လို့ပဲ ယူဆရလိမ့်မယ်။ ငါတို့ကို မဝေဖန်နဲ့ မထောက်ပြနဲ့ ငါတို့ လုပ်ရပ်တွေ မှန်မှန်မှားမှား မင်းအလုပ် မဟုတ်ဘူး၊ ဝေဖန်ရင် အုပ်စုဖွဲ့ပြီး ပါတီအစည်းအဝေးတွေမှာ ပါတီဝိတ်နဲ့ လုပ်ပြမယ်ဆိုတဲ့ စရိုက်မျိုးက ဒီတော်လှန်ရေးကာလထဲ အုပ်စုဖွဲ့အာဏာရှင်စရိုက်ပဲ”ဟု ပြောသည်။
NLD CWC အမည်ခံ အုပ်စုအနေဖြင့် လုပ်ပိုင်ခွင့်မရှိသလို အရေးယူ ဆောင်ရွက်ခွင့်လဲ မရှိကြောင်း၊ NLD ပါတီဝင် အဖြစ် CWC ဆီလျောက်ထား၍ ပါတီဝင်ဖြစ်ခဲ့ခြင်း မဟုတ်ကြောင်း ကိုစည်သူမောင်က ပြန်လည် တုံ့ပြန်ခဲ့သည်။
၎င်းက “ နိုင်ငံရေးပါတီတစ်ခုမှာ အရေးယူတယ်ဆိုတာ စည်းကမ်းထိမ်းသိမ်းရေးက ကာယကံရှင်ကို စစ်ဆေးရ တယ်။ စစ်ဆေးပေါ်ပေါက်လို့ အပြစ်ရှိရင် CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ရတယ်။ ခု CWC အမည်ခံ အုပ်စုအနေနဲ့ အဲလို လုပ်ပိုင်ခွင့်လည်း မရှိသလို ဒီလိုအရေးယူ ဆောင်ရွက်ခွင့်လည်း ရှိမနေဘူး။ ဒီချုပ်ပါတီဝင်အဖြစ် CWC ဆီလျောက်ထားပီး ပါတီဝင်ဖြစ်ခဲ့တာ မဟုတ်ပါ။ ဘာကြောင့် ဒီလိုအရေးယူ ဆောင် ရွက် ခဲ့ရတယ်ဆိုတာ ဒီအောက်ကလင့်စ်တွေမှာ အပိုင်းအလိုက် ဖော်ပြထားတဲ့ စာတွေကြောင့်ပဲ ဖြစ်နိုင်ခြေရှိ တယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ရန် မျှဝေလိုက်ပါသည်”ဟု ပြောသည်။

ကိုစည်သူမောင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ကိုယ်စားပြု ဝင်ရောက် အရွေးချယ်ခံခဲ့သူဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
အဆိုပါ နိုင်ငံရေး အပြောင်းအလဲနှင့်အတူ မြန်မာ့တပ်မတော်ကို ဆန့်ကျင်၍ ဖြုတ်ချနိုင်ရေး ကြိုးပမ်းသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တွင် ပါဝင်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုယူထား သည်။
တခြားတစ်ဖက်မှာတော့ NLD CWC တွင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားသည့် ဦးအောင်ကြည်ညွန့်၊ ဒေါ်မေဝင်းမြင့်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာခင်ဆောင် တို့ပါဝင် ကြသည်။
NLD ၏ ပါတီဖွဲ့စည်းပုံအရ NLD CWC ဖွဲ့စည်းခြင်းသည် တရားမဝင်ကြောင်း ပါတီစည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူခဲ့သူ ဦးတိုးလွင်က ထုတ်ဖော် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ အား စေလွှတ်သွားမည်ဖြစ်ကြောင်း လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Renaissance Tianjin Lake ဟိုတယ်တွင် ၎င်းတို့ နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့စဉ် လာအိုသမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ အစိုးရ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ လာအိုသမ္မတနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးစဉ်
ထို့နောက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ် မည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများနှင့် အခြား ကဏ္ဍပေါင်းစုံ ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အပိုင်း(၁)အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန် ကြေညာထားသလို ရွေးကောက်ပွဲမှာ ပူးပေါင်း ဆောင်ရွက်သူများကို အရေးယူသွားမည်ဟုလည်း ထုတ်ပြန် ကြေညာထားသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်ပြားအောင်လုပ်ခြင်း၊ လူသေ ဆုံးခြင်း၊ လူသေအောင်လုပ်ခြင်း စသည့် တစ်ခုခုအား ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်အထိ ပေးနိုင်သော ရွေးကောက်ပွဲဆိုင်ရာ အကာအကွယ်ပေးရေး ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုး ပြဋ္ဌာန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 254
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး(SCO) ထိပ်သီး အစည်းအဝေးကို တက်ရောက်နေသည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ရုရှားသမ္မတ ပူတင်တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကုန်သွယ်မှု၊ ဓာတ်မြေဩဇာ၊ အာကာသ၊ လုံခြုံရေးနှင့် ယဉ်ကျေးမှု အပါအဝင် ကဏ္ဍအားလုံး တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန် ပြောကြားခဲ့သည်။

၎င်းက “ ကုန်သွယ်မှု၊ ဓာတ်မြေသြဇာ၊ အာကာသ၊ လုံခြုံရေးနှင့် ယဉ်ကျေးမှု အပါအဝင် ကဏ္ဍအားလုံးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အမြင်ချင်းဖလှယ် ခဲ့ကြပါတယ်”ဟု ပြောသည်။
ထို့နောက် မိမိတို့၏ ထူးခြားသော မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအတွက် အရေးကြီးသော မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
အိန္ဒိယနှင့် ရုရှားသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး(SCO) အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 282
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်နှင့် မြန်မာယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တရုတ်နိုင်ငံ၊ တီယန် ကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-လာအို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တက်ရောက် နေကြခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးသည် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နှင့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် တရုတ် ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1230
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
တရုတ်နှင့်အိန္ဒိယသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအကြို နိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေများကို တာဝန်ယူ အာမခံပေးထားပုံရှိသည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
ထို့နောက် သမ္မတရှီကျင့်ဖျင်နှင့်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ၍ မြန်မာ့အရေး၊ ရွေးကောက်ပွဲကိစ္စ၊ လုံခြုံရေးကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စ စသည့်အရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်နှင့်သာမက အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်ပါ တွေ့ဆုံခဲ့မှုက မြန်မာ့နိုင်ငံရေးကို နိုင်ငံကြီးနှစ်ခုက လက်ခံပေးသည့် အပြုအမူမျိုး ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကို ရောက်လာစဉ်
၎င်းက “ရွေးကောက်ပွဲ အကြိုကာလရော၊ ရွေးကောက်ပွဲ အလွန်ကာလရော ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို တိုင်းပြည်ကြီး နှစ်ခုပေါ့။ အိန္ဒိယရော၊ တရုတ်ရော ကြိုတင်ပြီးတော့တောင်မှ လက်ခံထားပေးတဲ့ အပြုအမူမျိုး ဖြစ်နေတာပေါ့။ အဲဒီလိုမျိုး နိုင်ငံရေးအရပေါ့လေ။ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်တော့ ရွေးကောက်ပွဲ မတိုင်မီ လက်ရှိ အခြေအနေဖြစ်စေ၊ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အခင်းအကျင်းဖြစ်စေ၊ အားလုံးကို ဒီနိုင်ငံကြီး နှစ်နိုင်ငံက တာဝန်ယူထားပေးတဲ့ အာမခံထားပေးတဲ့ ပုံသဏ္ဍာန်ရောက်တယ်လို့တော့ ပြောကြတာ ပေါ့” ဟု ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နှင့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် တရုတ် ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖိတ်ကြားခဲ့သည်။
ထို့နောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ရောက်ရှိခဲ့သည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နောင်အနာဂတ် လုပ်ငန်းစဉ်များအတွက် အများကြီး မျှော်လင့်ချက်ပေး၍ရ ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်ထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

တီယန်ကျင်းဆိပ်ကမ်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေ့လာနေစဉ်
၎င်းက “အဲဒါကတော့ ကျနော်တို့ ဟိုးတုန်းကတည်းက ဆွေးနွေးပြောထားပြီးသားပါ။ တရုတ်နဲ့ မြန်မာကြားမှာ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုအပ်တယ်။ ရှိလည်း ရှိခဲ့ပြီးသားပဲ။ ဒါပေမယ့် ရှိခဲ့ပြီးသားဟာက အခြေ အနေ၊ အကြောင်းအရာ တစ်ခုခုကြောင့် ဝေးကွာသွားတယ်လို့ ထင်ရတာပေါ့လေ။ ဒါပေမယ့် တကယ်တမ်းက မြန်မာနဲ့တရုတ်ရဲ့ လက်ရှိ ပထဝီနိုင်ငံရေးအရ ဘယ်လိုမှ ဒါတွေကို လျစ်လျူရှုပစ်လိုက်လို့ရတဲ့ အနေအထား မရှိ ဘူး။ ဒါမျိုးတွေနဲ့ပဲ သွားရမှာဖြစ်တဲ့ အတွက်ကြောင့် တရုတ်ကိုသွားတွေ့တဲ့ ခရီးစဉ်ပေါ့။ အဲဒီခရီးစဉ်ကနေ အများ ကြီး နိုင်ငံရဲ့ နောင်အနာဂတ် လုပ်ငန်းစဉ်တွေအတွက် အများကြီး မျှော်လင့်ချက် ပေးလို့ရပါတယ်။ အဓိက,က ကျနော်တို့ အစကတည်းက ပြောထားပြီးသားပဲ” ဟု ပြောသည်။
ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ယခင် နစက လက်ထက် ၂၀၂၄ ခုနှစ်ကလည်း မော်စကိုမြို့တွင် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ဖူးသကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးတွင်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့ဖူးကြသည်။
သို့သော် ယခုအကြိမ်သည် သီးသန့်တွေ့ဆုံမှု ပုံစံဖြစ်နေပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာ နိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေး ငလျင် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး(SCO) အဖွဲ့ဝင် နိုင်ငံဖြစ်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်း မြေရှားသတ္တုတူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍများမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 654
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁
မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရာမှာ မြေရှားသတ္တုတူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍများမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးချုပ် မိုဒီက “မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒနှင့် အိမ်နီးချင်း ဦးစားပေး ရေး မူဝါဒများ၏ အရေးပါတဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေး၊ စွမ်းအင်၊ မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အလားအလာ ကောင်းများရှိကြောင်း ကျွန်ုပ်တို့နှစ်ဦး သဘောတူညီခဲ့ကြပါသည်”ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့နောက် အိန္ဒိယသည် မြန်မာနိုင်ငံ၏ အခြေအနေအား ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန်သာ အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင် ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယက အားပေးသည်ဟု မိုဒီ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အိန္ဒိယ- မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေး အခြေအနေများ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တုကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၌ တူးဖော်လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ က အဓိက တူးဖော်နေခြင်းဖြစ်သည်။

အဆိုပါ မြေရှားသတ္တု တူးဖော်နေသော နယ်မြေများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)က ထိန်းချုပ်ထားပြီး မြန်မာ့ တပ်မတော်၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။
အလားတူ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင်လည်း မြန်မာ့ တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် နယ်စပ် တည်ငြိမ်အေးချမ်းမှု မရှိသလို ကုန်သွယ်ရေးများ ရပ်တန့်နေသည်။
ထို့နောက် အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသော ကသည်းနှင့် နာဂလက်နက်ကိုင်များသည် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံအတွင်းက နယ်မြေများမှာ အခြေစိုက်လှုပ်ရှားနေခြင်းကြောင့် အိန္ဒိယအစိုးရသည် လုံခြုံရေးစိုးရိမ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 370
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး-၂၀၂၅ (Shanghai Cooperation Organisation - SCO SUMMIT 2025)ကို တက်ရောက်ကြမည့် နိုင်ငံတကာမှ ခေါင်းဆောင်များအား တရုတ်သမ္မတ ရှီကျင့်ဖျင်က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါ ဂုဏ်ပြု ညစာစားပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က Tianjin Meijiang Covention Center မှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025)ကို ထျန်းကျင်းမြို့မှာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင် များ တက်ရောက်ကြမည်ဖြစ်သည်။
ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ရောက်ရှိခဲ့သည်။

ထို့နောက် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်လည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဩဂုတ် ၃၁ ရက်နေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကိုလည်း တက်ရောက်မည်ဖြစ်သည်။
