- By CNI
- Category: နိုင်ငံရေး
- Hits: 706
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ပြီးဖြစ်သည့် လွှတ်တော်ကိုယ်စား လှယ် စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၇၃၉ ဦး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)က ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၃၉ ဦး၊ ပြည်သူ့ပါတီ(PP)က ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)က ၁၈ ဦး စသဖြင့် အသီးအသီး အနိုင်ရရှိခဲ့သည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊ နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦး၊ ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီက ၇ ဦး၊ ဇိုမီးအမျိုးသားပါတီက ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ၆ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီက ၆ ဦး၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ၅ ဦး၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ၅ ဦး၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၄ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီက ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၃ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ထိ အပိုင်း(၃)ပိုင်း ခွဲ၍ ကျင်းပခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင် ယူစနစ်(FPTP)မဲဆန္ဒနယ် ၇၃ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၂၅၅ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်တွင် ကျင်းပခဲ့သည်ဟု UEC က ထုတ်ပြန် ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 658
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေ အမှတ်၊ ၃ / ၂၀၂၆ ဖြင့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြဋ္ဌာန်းလိုက်သည်။
အဆိုပါ ဥပဒေတွင် အခန်း (၄) ခန်းပါဝင်ပြီး ပုဒ်မ ၁၁ ခု ပါဝင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃
လက်နက်ကိုင်အဖွဲ့အစည်းများကို ဥပဒေလမ်းကြောင်းဖြင့် မဖြစ်ဖြစ်အောင် ထိန်းကျောင်းသွားသင့် သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့တိုးလာတိုင်း ပြည်သူများ အနေဖြင့် ဝန်ထုပ်ဝန်ပိုး တစ်ခု တိုးလာရ ကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် လွှမ်းမိုးနေသည့် ကိစ္စရပ်ကို ဥပဒေလမ်းကြောင်းဖြင့် မဖြစ်ဖြစ် အောင် ထိန်းကျောင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
စိုင်းဋ္ဌေးအောင်က “ရှမ်းနီပြည်သူလူထုတွေကတော့ တစ်လျှောက်လုံး နှစ်ပေါင်း ၆၀ ကျော် KIA ရဲ့ ဖိနှိပ်မှု အောက်မှာ အသက်ရှင်သန်ခဲ့ရတာ ယနေ့ နိုင်ငံရေး အပြောင်းအလဲမှာလည်း လက်နက်ကိုင်တိုက်ပွဲတွေ ဒီလောက်ထိ ဖြစ်နေတဲ့ အခါကျတော့ ရှမ်းနီတွေအနေနဲ့ လက်နက်ကိုင်ပြီးမှ ပြန်တိုက်မယ်ဆိုတဲ့ ကဏ္ဍ မျိုးတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ရှမ်းနီအဖွဲ့ထဲမှာလည်း ပေါ်လာတာပေါ့။ အဲ့ဒီလိုပေါ်လာ တဲ့ အခါကျတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ အခါတုန်းကလည်း ပြောခဲ့တာတွေ ရှိပါတယ်။ လက်နက်ကိုင်တစ်ဖွဲ့ တိုးတိုင်းတိုးတိုင်း ပြည်သူမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးရတယ်။ အဲဒီအတွက်ကြောင့် မို့လို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားမယ်။ ကြိုးစားမယ်ဆိုတဲ့ အခါ ကျတော့ အခု ရှမ်းနီလူမျိုးတွေ နစ်နာနေကြတယ်။ အခုကျနော်တို့ သယံဇာတထွက်တဲ့ ဒေသတွေ အားလုံးကလည်း ကိုယ့်ဒေသမှာ သယံဇာတ ထွက်ပေမယ့် ဒေသက ဘာမှ မစံစားရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ အကုန်လုံး သူတို့တူးဖော်၊ သူတို့ အကျိုးစီးပွားတွေ အတွက်ပဲ လုပ်သွားကြတာတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဥပဒေနဲ့ ကာကွယ်နိုင်အောင်၊ ဥပဒေစောင့်ရှောက်မှုအောက်ကို ရောက်နိုင်အောင်၊ ကျနော်တို့ လူမျိုးကိုလည်း ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်နိုင်အောင်၊ ဥပဒေထဲမှာ အေးအေးချမ်းချမ်းနေနိုင်အောင် ဆောက်ရွက်မယ်။ ဒါဖြစ်ဖို့အတွက်ကို ကြိုးစားရမှာလည်း အများကြီးပါ။ လက်နက်ကိုင်လွှမ်းမိုးနေတဲ့ ကိစ္စကြီးကို ဥပဒေစကား သွားပြောတယ်ဆိုတဲ့ အခါကျတော့ ယနေ့အချိန် ပြောရင်တော့ အရူးလို့တောင် ပြောရင်ပြောမှာပေါ့။ မဖြစ်ဖြစ်အောင်တော့ ကျနော်ကြိုးစားပါမယ်” ဟု ပြောသည်။

KIA ခေါင်းဆောင်ကို တွေ့ရစဉ်
KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင် နိုင်ရေးတို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် စစ်ဆင်ရေးများ တွင်လည်း ပူးပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
လက်ရှိ KIA ဌာနချုပ်တွင် AA၊ နာဂလက်နက်ကိုင်(ENDA/ENNO)၊ NUG၊ NUCC၊ CNF၊ ABSDF၊ PDF၊ များ အခြေချ စုဖွဲ့လျက်ရှိကြောင်း နီးစပ်သူများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများအပြင်း အထန် ဖြစ်ပွားနေကြပြီး စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။
လွှတ်တော်ပေါ်ပေါက်လာပြီး ပထမခြောက်လပတ်တွင် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များနှင့် ပတ်သက်၍ ထူးထူးခြားခြား ဖြစ်လာဦးမည် မဟုတ်ကြောင်း၊ ထိုခြောက်လအပတ် ကျော်မှသာလျှင် နိုင်ငံအတွက် တစ်စုံတစ်ရာ တိုးတက်မှု အပြောင်းအလဲများ တွေ့နိုင်မည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

စိုင်းဋ္ဌေးအောင်ကို တွေ့ရစဉ်
၎င်းက “ဥပဒေလမ်းကြောင်းလို့ ပြောတာက လွယ်တယ်လေ။ အဲဒီဥပဒေကို ပေါ်လာမယ့် လွှတ်တော် အသစ်က ပြဋ္ဌာန်းရမှာကိုဗျ။ ဥပဒေကိုပြဋ္ဌာန်းမှ အဲဒီဥပဒေအတိုင်း လုပ်ရမှာကို။ ဒါကြောင့် လွှတ်တော် အသစ်ရဲ့ ပေါ်လစီတွေနဲ့ လွှတ်တော်သစ် ပြဋ္ဌာန်းပေးမယ့် ဥပဒေတွေက လက်ရှိ အခြေအနေကိုတော့ အပြောင်းအလဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော်က ပထမဆုံး ဥပဒေပြဋ္ဌာန်း ရမယ်ဆိုတော့ ဒီ ၂၀၂၆ ရဲ့ ပထမ ခြောက်လပတ်မှာတော့ ဘာမှ ဖြစ်ဦးမှာ မဟုတ်ဘူး။ အဲဒီ အစိုးရဖွဲ့တာနဲ့ သမ္မတရွေးတာ ရယ်၊ အစိုးရဖွဲ့တာရယ် နောက်ပြီးတော့ လိုအပ်တဲ့ ဥပဒေတွေထပ်မံ ပြဋ္ဌာန်းတာရယ်၊ မလိုအပ်တဲ့ ဥပဒေ တွေကို ရုတ်သိမ်းတာရယ်၊ ဒါတွေက လွှတ်တော်က လုပ်ရအုံးမယ်။ ဒါကြောင့် ပထမခြောက်လပတ် က တော့ ကျနော်ထင်တယ်။ အဲဒီအကြောင်းအရာတွေ ပေါ်မှာမဟုတ်ဘူး။ ဒုတိယခြောက်လပတ် ရောက်မှ ကျနော်တို့ တိုက်နေတဲ့ အဖွဲ့တွေကို ပြန်လည်ဖိတ်ခေါ်တာတို့ နိုင်ငံခြားရောက်နေတဲ့လူတွေ ပြန်လည် ဖိတ်ခေါ်တာတို့ တဖြည်းဖြည်း ဖြေလျှော့မှုတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။ တစ်ဖက်က အစိုးရက ဖြေလျှော့မှုတွေ လွှတ်တော်ကလည်း ဥပဒေတွေ ပြဋ္ဌာန်းလာမှသာလျှင် နိုင်ငံတကာကလည်း စောင့် ကြည့်ပြီးတော့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို ဘယ်လို ရုတ်သိမ်းမလဲဆိုတာ တဖြည်းဖြည်း ဖြစ်သွားလိမ့်မယ်လို့ ထင်တယ်ဗျ အကောင်အထည်ကလေ။ ဒါကြောင့် ဒီခြောက်လအကျော်မှ အပြောင်း အလဲ လေးတွေ တိုးတက်မှုလေးတွေ တွေ့နိုင်မယ်လို့ ယူဆပါတယ်" ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ရွေးကောက်ပွဲအလွန် အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာသည့်အခါတွင် နိုင်ငံရေး၊ စစ်ရေး အခြေအနေ မည်သို့ ပြောင်းလဲမှုများ ရှိလာနိုင်မလဲဆိုသည်ကို နိုင်ငံလေ့လာသူများနှင့် ပြည်သူများက စိတ်ဝင်စားမှုများရှိနေကြသည်။
မြန်မာနိုင်ငံတွင် မတ်လ၌ လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလမှာတော့ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 796
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံတွင် မတ်လ၌ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန်ရှိသော လွှတ်တော် အမတ်များ၏ လုံခြုံရေးကို ဆောင်ရွက်ထားရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရိပ်သာများပြင်ဆင် ဆောင် ရွက်ထားရှိရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများအဆင် ပြေစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိရေး၊ လွှတ် တော်အစည်းအဝေးများကျင်းပစဉ်နှင့် ရပ်နားစဉ် ကာလတို့တွင်
လွှတ်တော်ဝန်း အတွင်း/ အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် နေရာများတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိရေး၊ လွှတ်တော် ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်များ၊ သွားလာရေး အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များကိုလည်း စနစ် တကျ ဆောင်ရွက်ထားရှိရေး ဆောင်ရွက်ကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။

ဦးညိုစော ဦးဆောင်သည့် လွှတ်တော်ဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးမှာ အရေးကြီးကြောင်း၊ လက်နက်ကိုင်များ ပေါများနေသည့် အချိန်၌ လာမလုပ်ဘူးလို့ ပြောမရကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမှန်တကယ်ကတော့ ဒီချိန်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကတော့ တော်တော် အရေးကြီးတယ် ဘာလို့ဆိုတော့ လူထုအကျိုးတွေ၊ လွှတ်တော် စတာနဲ့ လူထုအကျိုးတွေ ဆောင်ရွက်ရမယ်၊ ပြော ကြ ဆိုကြရတော့မယ်။ သူတို့လုံခြုံရေးကိုတော့ ဒါအစိုးရကနေပြီးမှ တိတိကျကျ ခိုင်ခိုင်မာမာလေး လုပ်ပေးသင့် တယ်ပေါ့။ ဘာကြောင့်လဲ လူထုအကျိုးပြု လုပ်ငန်းတွေ ပြောတဲ့အခါကြလို့ရှိရင် အခုက လက်နက်ကိုင်တွေ ပေါ များနေတဲ့ အချိန်ကျတော့ လာမလုပ်ဘူးလို့လည်း ပြောမရဘူး။ အဲ့ဒီအခါကြတော့ ကျနော်တို့ အနေနဲ့ ဒါ လွှတ်တော် ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ်နဲ့ ပြောနိုင်ဆိုနိုင်အောင်တော့ ဒါလုံခြုံရေးကတော့ အင်မတန် အရေးကြီးတယ်လို့တော့ ကျနော် မြင်ပါတယ်ဗျ။ လုံခြုံရေးဆိုတာကတော့ မြန်မာနိုင်ငံမှာတော့ သတင်းပေါ့။ သတင်း လက်ဦးမှု ရယူဖို့တော့ အရေးကြီးပါတယ်။ အဲ့ဒီတော့ သတင်းရတာနဲ့ရသလို သူတို့ချိတ်ဆက် ဆောင်ရွက်ဖို့ အတွက် အချိတ်အဆက်တွေတော့ သူတို့လုပ်ထားကြရမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်၊ သတင်းဆိုတာ ပြည်သူကြားထဲကနေ လာလိမ့် မယ်၊ အဲ့ဒီ ပြည်သူတွေ သတင်းပို့လာရင် ချက်ချင်း အဲ့ဒီသက်ဆိုင်ရာကို အကြောင်းကြားပေါ့နော်။ အဲ့ဒီလို ပူးပေါင်း ဆောင်ရွက်ကြရမှာပေါ့။ ဒီနည်းနဲ့ပဲကျွန်တော်တို့ရှိတာပါ။ တခြားနည်းကတော့ ကျနော်တို့လည်း သိပ်မစဥ်းစားတတ်ဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ထိ အပိုင်း(၃) ပိုင်း ခွဲ၍ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိ သည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဝန်ကြီးချုပ် ဦးညိုစောနဲ့ယာယီသမ္မတကို တွေ့ရစဉ်
လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးကတော့ နိုင်ငံတော်တွင် အဓိက တာဝန်ရှိပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်ပေးလိမ့်မည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကာလက လွှတ်တော်ကိုယ်စားလှယ်တွေက အန္တရယ်ရှိတယ်ပေါ့။ နေရာအားလုံးမှာ မဟုတ်ပေမယ့် တချို့ နေရာမှာတော့ သူတို့ရဲ့ လုံခြုံရေးအတွက် လိုတာပေါ့။ အဲ့ဒါတော့ မရှိမဖြစ် လိုအပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီဆိုရင် သူရဲ့လုံခြုံရေးက နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်သွားပြီလေ။ အခုကျတော့ လွှတ်တော်ကို ယ်စားလှယ်တွေ ဖြစ်လာပြီဆိုတော့ ဦးတို့ပါတီကတော့ ထုံးစံအတိုင်းပဲ မိမိရဲ့လုံခြုံရေးကို လုံခြုံရေး သတိရှိဖို့ပေါ့။ တကယ် တာဝန်ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြီဆိုရင် နိုင်ငံတော်ရဲ့ တာဝန်က အဓိက ပိုကျသွားပြီပေါ့။ ဒီလွှတ်တော် ကိုယ်စားလှယ်တွေကို လုံခြုံရေးသတိ ကိုယ်ဘာသာကိုပဲထားဖို့ လိုတာပေါ့ နော်။ မလိုအပ်ရင် အရမ်းခရီးတွေ သွားတာတွေ ဘာတွေ မလုပ်ဖို့ပေါ့။ လုံခြုံရေးအတွက်ကို သူတို့ကြိုတင်ပြီး တော့ ပြင်ဆင် ထားပေးသင့်တယ်လို့ ထင်တာပေါ့နော်။ ဟိုဟာ လွှတ်တော် မတက်ခင်ရော၊ လွှတ်တော် တက်ပြီး တော့ရော၊ လွှတ်တော် မတက်ခင် ကြားကာလမှာတွေရော ဒါသက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒီနိုင်ငံတော်နဲ့ ပတ်သက်တဲ့၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့တာဝန်တွေကို ဆောင်ရွက် ပေးလိမ့်မယ်လို့တော့ ဦးတို့တော့ ထင်ပါတယ်”ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်အားလုံး ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ကြရမှာဖြစ်ကြောင်း၊ လုံခြုံရေးတွင် ပုံစံအမျိုးမျိုးရှိ ကြောင်း၊ လုံခြုံရေးဆိုသည်က မတူညီသည့် ပုံစံများ အများကြီးရှိကြောင်း၊ ကိုယ်စားလှယ်အားလုံးကို လုံခြုံမှုပုံစံ တစ်ခုထဲ သတ်မှတ်၍ မရကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးစန်းလွင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို ရ ယူခဲ့သည်။
မြန်မာ့တပ်မတော်က ဦးဆောင်ပြီး ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ နှင့် အမျိုးသာညီညွတ်ရေးအစိုးရ(NUG)တို့က အတုအယောင် ရွေးကောက်ပွဲဟု ပြောဆိုထားပြီး ပြည်သူများကြား တွင်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြောင်း စောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။
ထို့နောက် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဟု NUG၊ PDF နှင့် တိုင်းရင်း သားလက်နက်ကိုင် တချို့က ထုတ်ပြန် ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 511
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
မကြာခင် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန တစ်ခုခု ဖော်ဆောင်သင့် သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက် ကော်မတီတစ်ရပ် အနေဖြင့်သာ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်ကို တွေ့ရသည်။
ထို့ကြောင့် လက်ရှိ စိန်ခေါ်မှု အခက်အခဲ များပြားသည့် အခင်းအကျင်းတွင် ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခု အမှန်တကယ် လိုအပ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကော်မတီတွေ ဘာတွေဖွဲ့တယ်။ ပူးတွဲကြိုးပမ်းပြီးတော့ လုပ်ဆောင်ကြတာတွေ ရှိပါတယ်။ သို့သော် လည်းပဲ ဒါအစိုးရတစ်ရပ်အနေနဲ့ ဒီနိုင်ငံရဲ့ အရေးအရာ ကိစ္စရပ်များအားလုံးကို လုပ်ကိုင် ဆောင်ရွက်နေတဲ့ အစိုးရ တစ်ရပ်အနေနဲ့ ဒီနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ issue တစ်ခုအတွက် သပ်သပ်မတ်မတ် အဖွဲ့တစ်ခု၊ သပ်သပ်မတ်မတ် တာဝန်ပေးအပ်မှုတစ်ခု ရှိတယ်ဆိုရင်တော့ ဒါပိုပြီးတော့ အရင်တုန်းက ကော်မတီတွေထက် ဆိုရင်တော့ ထိရောက်မှု ရှိနိုင်မယ်လို့တော့ ကျနော်ကတော့ အဲဒီလိုမျိုးပဲ နားလည်တယ်။ နောက်ပြီးတော့လည်း ကျနော်တို့ အမြဲတမ်း ပြောပါတယ် 7 EAO မှာလည်း အစိုးရတွေကို အမြဲတမ်း တိုက်တွန်းပါတယ်။ ကျနော်တို့ အတွက် ငြိမ်းချမ်းရေးက အမှန်ကို တကယ်ပဲ လိုအပ်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အခုလုပ်နေတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဘာတွေက မပြည့်မစုံ၊ စနစ်တကျ မရှိဘဲနဲ့ သွားနေရတဲ့ အခင်းအကျင်းထက် စနစ်တကျ အခင်း အကျင်းတစ်ခု ဖြစ်မြောက်ဖို့အတွက်ဆိုရင် ခုနက တကယ်လို့ အစိုးရကနေပြီးတော့ ဝန်ကြီးဌာန တစ်ခုခု အနေနဲ့ ပေါ့လေ။ ဝန်ကြီးဌာနလား ဘာလားတော့ မသိဘူးပေါ့လေ၊ ဒါသူတို့လုပ်ရမယ့်အလုပ်။ သေချာတာကတော့ ကျနော်တို့လည်း တောင်းဆိုခဲ့တာ ရှိတယ်။ အစိုးရတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ပေါ်လစီတွေကို ချမှတ်ဖို့သင့်တယ်။ ပြီးတော့ အဲဒီငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် စနစ်တကျ ဖွဲ့စည်းထား တဲ့ ယန္တရားတစ်ခု သပ်သပ်မတ်မတ် ရှိသင့်တယ်၊ ရှိဖို့လည်း လိုအပ်တယ်” ဟု ပြောသည်။

တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ငြိမ်းချမ်းရေးအတွက် အစိုးရမဟုတ်သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ ဖွဲ့စည်းရန် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် Peace Forum 2025 ၌ ဆွေးနွေးခဲ့ကြသေး သည်။
လက်ရှိ မြန်မာ့တပ်မတော်မှာ နိုင်ငံကို အုပ်ချုပ်စဉ် ကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ဖိုရမ်များ ပြုလုပ် သည့် အခါ၌ NSPNC က ဦးဆောင် လုပ်ဆောင်ရခြင်း ဖြစ်သော်လည်း အခြားသော ဝန်ကြီးဌာနများမှ ဝိုင်းဝန်း စီစဉ်ကာ ကူညီပေးရခြင်းများရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အစိုးရမှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဝန်ကြီး ဌာန သီးသန့် တစ်ခုအဖြစ်လည်းရှိသင့်ပြီး NSPNC ကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း နိုင်ငံတော် ဗဟိုအဆင့် ရှိသင့်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ၎င်းတို့နှစ်ခု တစ်ပြိုင်တည်း သွားသင့်ကြောင်း ၎င်းက ပြောသည်။
၎င်းက “ကျနော်တို့ ဘယ်လိုလူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသင့်လဲဆိုရင် ၂၀၁၀ NCA လမ်းကြောင်းပေါ်မှာ စတင်ပြီး တော့မှ နိုင်ငံရေးအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့လူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ရင်းနှီးတဲ့လူ တွေ၊ ပုဂ္ဂိုလ်တွေရှိတယ်။ ဆက်စပ်မှုရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ငြိမ်းချမ်း ရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိတာပေါ့။ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ NCA ၁၀ ဖွဲ့ဆိုတာရှိတယ်။ နောက်ပိုင်း ပြန်ပြီးတော့ နိုင်ငံရေး အခြေအနေအရ လျော့သွားတာတွေရှိတယ်။ အဲဒီလို အဖွဲ့တွေထဲက လူတွေကို လည်း ပါဝင်ခွင့်ပေးပြီးတော့ လုပ်မယ်ဆိုရင်တော့ အမျိုးသားရင်ကြားစေ့ရေးပေါ့။ ငြိမ်းချမ်းရေးအပေါ်မှာ အားလုံး က ပိုပြီး လက်ခံလာတဲ့ သဘောတရား ဖြစ်လာနိုင်တယ်။ အဲဒီမှာဆိုရင် ဝန်ကြီးကို အစိုးရထည့်သလို ဒုဝန်ကြီးကို လည်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲက တိုင်းရင်းသား ခေါင်းဆောင်တွေကို ထည့်သွင်းတဲ့ ပုံစံမျိုး အဲဒီလို ဖွဲ့မယ်ဆိုရင်လည်း ကောင်းပါတယ်။ ပိုပြီးတော့ လှတာပေါ့။ အဲဒီအပြင်ကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ ကလည်း ရှိသင့်တယ်။ နိုင်ငံတော် ဗဟိုအဆင့်ပေါ့။ အဲဒါလည်း ပြည်ထောင်စုအဆင့်ကလည်း ရှိသင့် တယ်။ ဒီဘက်က ဝန်ကြီးဌာနကလည်း လုပ်ငန်းတွေ ဖော်ဆောင်တဲ့ နေရာမှာ သမ္မတရဲ့ အထူးအာဏာ လွှဲအပ် ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုတာပေါ့။ ဥပမာ အရင်တုန်းကဆိုရင် ဦးအောင်မင်းတို့ လုပ်ခဲ့တဲ့ ပုံစံမျိုးပေါ့။ အဲဒါ မျိုးလေးတွေ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ငြိမ်းချမ်းရေးဝန်ကြီးကနေ ဦးဆောင်ပြီးတော့ အရင် ဆုံး ကနဦး ဆွေးနွေးရတာတွေရှိတယ်။ အဲဒီလိုဆွေးနွေးပြီးတော့မှ အချောသတ် ပြန်ဆွေးနွေးဖို့ကို စားပွဲဝိုင်းပေါ် မှာ ပြန်ဆွေးနွေးကြတာတွေ ရှိတယ်။ အဲဒီလိုရှိတော့ ဝန်ကြီးဌာန လုပ်လိုက်ခြင်းအားဖြင့်တော့ သူ့ရဲ့ ဝန်ကြီး၊ သူ့ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကြောင့် ပိုပြီးတော့မှ ရှေ့ရောက်မယ့် ပုံစံမျိုး ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူများကိုတွေ့ရစဉ်
လက်ရှိတွင် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့ပြီး လာမည့်မတ်လ၌ လွှတ်တော် ခေါ်ယူမည်ဖြစ်ကာ အနိုင်ရသူကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲ ဖြစ်သည့်အတွက် NCA သဘောတူညီ ချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဇန်နဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လာမည့် အစိုးရသစ် လက်ထက်တွင် NCA အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းသွားရန် စဉ်းစားမှုများရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်နေသူများဖြင့် နီးစပ်သူများထံကနေ သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် တောင်-မြောက် နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဆိုကာ သီးသန့် ဖွဲ့စည်း၍ ကြိုးပမ်းမှုများ ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 327
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN) တည်ထောင်ခြင်း(Rising Day) ၄၆ နှစ်ပြည့် အခမ်းအနားကို NSCN-K/AM အဖွဲ့က ၎င်းတို့၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ဆက်ဆံရေးရုံးမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ခန္တီးမြို့ရှိ ဆက်ဆံရေးရုံးကို NSCN-K/AM အဖွဲ့ကတော့ အပစ်အခတ်ရပ်စဲရေးရုံးဟု ခေါ်လျက်ရှိသည်။
NSCN ကို ၁၉၈၀ ပြည့်နှစ်က ကပ္ပလန်၊ အိုက်ဇက်ရှီချီဆူ၊ ဗွီးဗာတို့ ပူးတွဲ၍ ဖွဲ့စည်းခဲ့သည်။ သို့သော် သဘောထား တိုက်ဆိုင်မှု ကွဲလွဲခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် NSCN-K နှင့် NSCN-IM ဆို၍ ၂ ခြမ်းကွဲသွားခဲ့သည်။

NSCN-K ကို မြန်မာနာဂ ဦးကပ္ပလန်က ဦးဆောင်ခဲ့ပြီး NSCN-IM ကိုတော့ အိန္ဒိယနာဂ ဦးအိုက်ဇက်ချီရှီဆူနှင့် ဦးမွီးဗာတို့က ဦးဆောင်ခဲ့ကြသည်။
အဆိုပါ နာဂလက်နက်ကိုင် ၂ ဖွဲ့အနက် NSCN-IM သည် ၁၉၉၇ ခုနှစ်က အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူ၍ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးမူဘောင်တစ်ခုကို အတူတကွ ပူးပေါင်းရေးဆွဲကာ အကောင်အထည်ဖော်လျက်ရှိပြီး NSCN-K ကမူ ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 572
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ပြန်လည် ထိန်းချုပ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ဗန်းမောက်မြို့ကို KIA-PDF-ကဒူးတပ်ဖွဲ့တို့က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် မြို့သိမ်းတိုက်ပွဲ စတင် ဆင်နွှဲခဲ့ပြီး စက်တင်ဘာ ၂၀ ရက်၌ ထိန်းချုပ်ခဲ့သည်။
ထို့နောက် SNA သည် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ဗန်းမောက်မြို့ အားလုံးနီးပါးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် အေးသာကုန်း တစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 675
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာ သွားကြသည့် နိုင်ငံ့ဝန်ထမ်းများကို အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှောပေးကြောင်း အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်း အချို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားသည့်အတွက် အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်နေပြီး ရှောင်တိမ်းနေကြရသည်။

အဆိုပါ ဝန်ထမ်းများအနေဖြင့် မိမိတို့ ရောက်ရှိနေသည့် နေရာတွင်ရှိသော ယခင် တာဝန် ထမ်းဆောင်ခဲ့သည့် ဌာန ၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ပြန်လည် သတင်းပို့၍ အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ခွင့်တောင်းဆိုနိုင်ကြောင်း သိရသည်။
ထို့နောက် ဆက်သွယ်လာသူများကို စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသည့် ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူများအား အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ပေး လျက်ရှိသည်ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်နှင့် စွပ်စွဲ ချက်များမှာ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးရန် အချက် ၃ ချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးကိုကိုလှိုင်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် တောင်းဆိုခဲ့သည်။
ယခု မိမိအနေဖြင့် တရားရုံး၏ စည်းမျဉ်းဥပဒေ ပုဒ်မ ၆၀၊ အပိုဒ် ၂ အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကိုယ်စား အောက်ဖော်ပြပါ အဆိုလွှာအတိုင်း စီရင်ဆုံးဖြတ် ကြေညာပေးနိုင်ပါရန် အပြည်ပြည်ဆိုင်ရာ တရားရုံးအား လျှောက်တင်အပ်ပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုအဆိုလွှာ အချက်များမှာ (၁) လူမျိုးသုဥ်း စေမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို ဖောက် ဖျက်ကြောင်း ဂမ်ဘီယာနိုင်ငံက တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့် အချက် အလက်ပိုင်းအရ ခိုင်မာမှု မရှိသည့်အတွက် ပယ်ချပေးရန်၊ (၂) တရားရုံးက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ချမှတ်ခဲ့သော ကြားဖြတ် စီမံဆောင်ရွက်ချက်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာနိုင်ငံက တရားရုံးသို့ အဆိုပြု သည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးရန် တောင်းဆိုခဲ့သည်။
အချက် (၃) ဂမ်ဘီယာက အဆိုပြုသည့် နစ်နာကြေးပေးရန်အပြင် အခြား အဆိုပြုချက်အားလုံးမှာ ဥပဒေကြောင်း အရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှု မရှိသည့်အတွက် ပယ်ချပေးရန်ကို ဝန်ကြီး ဦးကိုကိုလှိုင်က တောင်းဆိုခဲ့သည်။

၂၀၁၆-၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အကြမ်းဖက်အဖွဲ့ အာဆာ(ARSA)က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သလို ဟိန္ဒူ အပါအဝင် ရခိုင်လူမျိုးနှင့် တခြားသော လူမျိုးများကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာ ဘင်္ဂါလီလူမျိုး ၇ သိန်းဝန်းကျင်သည် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။
အဆိုပါ အခြေအနေကို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှ လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ၍ ICJ မှာ တရားစွဲဆိုခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပြန်လည် ဖြေရှင်းနေရခြင်းဖြစ်သည်။
ထို့ကြောင့် ICJ မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်အပေါ် ကြားနာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
