- By CNI
- Category: နိုင်ငံရေး
- Hits: 478
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းနှင့်အတူ တိုင်းရင်းသားများ လိုလားသည့် နိုင်ငံရေးအဆင့်အတန်းများ အသီးသီး ထွက်ပေါ်လာခဲ့ခြင်းကြောင့် မွန်တိုင်းရင်း သားများ သွားချင်သည့် နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုမျိုးလဲဆို သည့်အပေါ် မွန်နိုင်ငံရေးသမားများကြား သုံးသပ်မှုများ ရှိနေကြသည်။
မွန်လူမျိုးများသည် အခြားတိုင်းရင်းသားများနှင့် မတူညီသည်မှာ ၎င်းသည် ပြည်နယ်အဆင့် ရရှိထားခြင်းဖြစ်ပြီး အုပ်ချုပ်မှုပိုင်းတွင်မူ ဖက်ဒရယ်ကို အခြေခံသည့် ဒီမိုကရေစီစနစ်မျိုး မဖြစ်နေကြောင်း မွန်နိုင်ငံရေးသမားများက ထောက်ပြကြသည်။
မွန်လူမျိုးများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ကို ကိုယ်ပိုင် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရရှိရေး လိုလားကြောင်း မွန်နိုင်ငံရေးသမားဟောင်း ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သွားချင်တဲ့ နိုင်ငံရေး အခင်းအကျင်းကတော့ ကျနော်တို့ မွန်တွေရဲ့ ဆွေးနွေးညှိနှိုင်းမှု အရဆိုရင်တော့ ဘုံ သဘောတူထားတဲ့ တစ်ချက်ကတော့ ဖက်ဒရယ်အရေးကိုတော့ အကုန်လက်ခံတယ်။ တစ်နည်းအားဖြင့် ပြောရင် ဖက်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ကို လိုလားတယ်ပေါ့။ အဲဒီတော့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ဆိုတာက ဖက်ဒရယ်ယူနစ်လို့ပြောတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေက သူ့သက်ဆိုင်ရာ သက်ဆိုင်ရာအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တွေ၊ ကိုယ်ရဲ့အုပ်ချုပ်မှုကို ကိုယ်ပိုင်ရွေးချယ် တင်မြှောက်ပိုင်ခွင့်တွေ အဲဒါတွေက လိုလားတယ်။ ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းက အဲဒါပဲ။ အဲဒါတွေအပြင်ကို ပြောရရင်တော့ ဥပဒေပြဋ္ဌာန်းပိုင်ခွင့်တွေကလည်း ကိုယ့်ဆီမှာ များရမယ်ပေါ့။ ပြည်ထောင်စုကနေ ခွဲဝေပေးလိုက်ပြီးတော့မှ ကိုယ်ရတဲ့ အခွင့်အရေးထက် တရားဝင် ကိုယ့်ဘက်ကနေပြီးတော့ ရေးသားပိုင်ခွင့်၊ ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ ဥပဒေပုံစံ မျိုးတွေ၊ လုပ်ထုံးလုပ်နည်းပုံစံမျိုးတွေ ပိုပြီးတော့ လိုလားတယ်။ ပြောချင်တာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ကို လိုလားတာပေါ့” ဟု ပြောသည်။

လက်နက်ကိုင် မွန်ပြည်သစ်ပါတီကို တွေ့ရစဉ်
၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ လက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၁) အဖြစ်လည်းကောင်း၊ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၂) အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် တနင်္သာရီတိုင်းအမှတ် (၁) ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် မွန်လူမျိုးတို့သည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများစုနေထိုင်ပြီး မြန်မာနိုင်ငံ တဝန်းလုံးတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ကျေးရွာများ အလိုက် နေထိုင်ကြပြီး မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

မွန်တိုင်းရင်းသားများကို တွေ့ရစဉ်
ပြည်နယ်ရရှိထားသည့် မွန်တွင် အုပ်ချုပ်မှု၌ ဖက်ဒရယ်စံနှုန်းနှင့် ကိုက်ညီသည့် ဒေသန္တရအုပ်ချုပ်ရေးကို အကောင်းဆုံး အကောင်အထည် ဖော်ရန်လိုကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိ နိုင်သန်းရွှေ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,က ကျနော်တို့ ဒီရွေးကောက်ပွဲမှာလည်း အဓိက,က ဖက်ဒရယ်ပါ့။ ကျနော်တို့ ဖက်ဒရယ်ကို ပုံဖော်တဲ့ နေရာမှာ အစိုးရအဆင့်ဆင့်ပေါ့။ အဓိက,က အုပ်ချုပ်ရေးပိုင်းမှာပေါ့။ အထူးသဖြင့် ဒေသန္တရအစိုးရတို့ကို ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ စံနှုန်းနဲ့ အကောင်အထည်ဖော်ရင် ဒီအုပ်ချုပ်ရေးက ကိုယ်ပိုင်အုပ်ချုပ်ရေးပဲပြောပြော လူထုအတွက် ပိုပြီးအကျိုးရှိတဲ့ လောလောဆယ် ကျနော်တို့ အုပ်ချုပ်ရေးကို ကြည့်လို့ရှိရင် မြို့နယ်တစ်မြို့နယ်မှာ မြို့နယ်နေလူထုက ရွေးချယ်တာ မဟုတ်ဘဲနဲ့ တခြား ထွေ/အုပ် ဌာနတို့က အုပ်ချုပ်ရေးမှူး သွားဖြစ်နေတယ်ဆို တော့ တခြားသူတွေက ဝန်ထမ်းတွေပေါ့။ အစိုးရဌာန ဖြစ်တယ်ဆိုတော့ ကျနော်တို့ ဒီဒေသန္တရအစိုးရပေါ့။ သူ့ နယ်ကို သူမအုပ်ချုပ်ရတဲ့ အခါကြတော့ သူ့နယ်ကိုသူ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့ဟာက ဒေသ ခံတွေက လုပ်ပိုင်ခွင့် မရှိဘူးပေါ့။ အထူးသဖြင့်တော့ ဒေသန္တရအုပ်ချုပ်ရေးကို အကောင်းဆုံး အကောင်အထည် ဖော်ဖို့ လိုတယ်ပေါ့။ ဒါဖက်ဒရယ် စံနှုန်းနဲ့လည်း ကိုက်ညီတယ်ပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် မွန်ပြည်သစ်ပါတီ(NMSP)တွင် မွန်ပြည်သစ်ပါတီ- အာဏာရှင် တိုက်ဖျက်ရေး(NMSP-AD) ဟူသည့် အဖွဲ့တစ်ခု ခွဲထွက်သွားသည်။
ထို့နောက် မွန်လက်နက်ကိုင် ၄ ဖွဲ့ လည်း ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ဖြစ်ကြသည်။
အဆိုပါ မွန်လက်နက်ကိုင် ၄ ဖွဲ့သည် မွန်တပ်တော်ကို ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြကာ ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် NUG လက်အောက်ခံ PDFများလည်း လှုပ်ရှားလျက်ရှိကြသည့် မွန်ပြည်နယ် သည် လက်ရှိတွင် အခြားပြည်နယ်များထက် ငြိမ်သက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 873
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် နိုင်ငံ့အခင်းအကျင်းတွင် နိုင်ငံတော်သမ္မတဖြစ်ရန် ရာခိုင်နှုန်းများသည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ များစွာ အတွေ့အကြုံရှိသူ၊ လက်ရှိငါးနှစ်တာကာလ၏ ဆောင်ရွက်သမျှ အားလုံးကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်အောင် စွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာဖြစ်နိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ပြောသည်။
၎င်းက “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းအားဖြင့် များဝာာပေါ့။ သူ့အတွေ့အကြုံက သမ္မတကြီးဦးသိန်းစိန် လက်ထက်တည်းက ကာကွယ်ရေးဦးစီးချုပ် ပွင့်ပွင့်လင်းလင်းပြောရင် နယက ဥက္ကဋ္ဌကြီး ဦးသန်းရွှေအလွန်ပေါ့ဗျာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် သက်တမ်းရင့်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ့ဗျာ။ အစိုးရ နှစ်ဆက် ဒါ ဖြတ်သန်းခဲ့ဖူးတာပေါ့။ ကိုယ်ကိုယ်တိုင်လည်းပဲ နိုင်ငံကိုဦးဆောင်တဲ့ ငါးနှစ်တာ ကာလအထိ ရောက်လာပြီ။ အဲဒီတော့ ဘယ်လိုပုံသဏ္ဍာန်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မှာလဲဆိုတာကို အခြေခံ ဥပဒေအရ စဉ်းစားကြည့်ဖို့ လိုအပ်တာပေါ့။ ပထမတစ်ချက်က နိုင်ငံတော်သမ္မတကြီးအဖြစ်ဆိုရင် သူသည် ကာကွယ်ရေးဦးစီးချုပ် တာ၀န်ကို တခြား သတ်မှတ်ထားပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို လွှဲအပ်မှာလား အရပ်သားတစ်ဦးအနေနဲ့ သမ္မတကြီးအဖြစ် တာ၀န်ယူမှာလားပေါ့။ ဒါတစ်ချက် ဒုတိယတစ်ချက်က သူ့စိတ်ကြိုက် သမ္မတကြီးတစ်ဦးကို တင်ပြီးမှ သူကိုယ်တိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားတဲ့အတိုင်း ကာကွယ်ရေးကောင်စီဆိုတာမျိူးနဲ့ နိုင်ငံကို နောက်ပိုင်းကနေ လုံခြုံရေးရော ကာကွယ်ရေးရောကို အကာကွယ် တစ်ခုပေးပြီးမှ နိုင်ငံကို ရှေ့ဆက်သွားမှာလားပေါ့။ လက်ရှိ အနေအထား အခင်းအကျင်း မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံအရ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး production ကို မြှင့်ဖို့လုပ်နေတဲ့ ဥစ္စာတွေသည် ပညာရေးမြှင့်ဖို့ လုပ်နေတဲ့ဥစ္စာတွေကို သုံးသပ်ရင် လက်ရှိ ငါးနှစ်တာ ကာလရဲ့ ဆောင်ရွက်သမျှ အားလုံးကို နောက်ငါးနှစ်ကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်အောင် စွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ်ကို သုံးသပ်လို့ရှိရင် သူပဲဖြစ်နေတာပေါ့ဗျ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
နိုင်ငံရေးမှာ မဖြစ်သေးတာပဲရှိသည့်အတွက် ရွေးကောက်ပွဲ အလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်း သည် မည်သို့သော ပုံစံမျိုးဖြင့် ဖြစ်ပေါ်လာမည်ကို ခန့်မှန်းရခက်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ပြောသည်။
၎င်းက “နိုင်ငံရေးမှာ မဖြစ်သေးတာပဲ ရှိတယ်၊ မဖြစ်နိုင်တာ မရှိဘူးဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ပေါ်လာမလဲဆိုတာ ခန့်မှန်းဖို့ခက်တာပေါ့။ အကယ်၍ တရား၀င် သမ္မတကြီး တာ၀န်ယူမယ်ဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်တို့လို သမ္မတကြီး ဦး၀င်းမြင့်တို့လို ဦးထင်ကျော်တို့လို တပ်ကထွက်ပြီးတော့ အရပ်သားတော့ ဖြစ်သွားရမှာပေါ့။ Civilian တစ်စိတ်တစ်ပိုင်းတော့ဖြစ်မှ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ သမ္မတဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် တပ်ကနေ ထွက်မယ် နားမယ် လက်လွှဲ လက်ပြောင်းလုပ်မယ်ဆိုလဲ ဘယ်လိုပုံစံနဲ့လုပ်မလဲပေါ့။ အဲဒါ သေသေချာချာနဲ့စဉ်းစားဖို့လိုတယ်။ နောက်ပြီးတော့ သမ္မတကို ရွေးတာတို့ သမ္မတကို အာမခံပေးတာ လွှတ်တော်ဖြစ်တာ အထူးသဖြင့်က ၂၀၀၈ ဖွဲ့စည်းပုံအရကနေ ပြည်သူ့လွှတ်တော်က တော်တော် အရေးကြီးတယ်။ ပြည်သူ့လွှတ်တော်က တော်တော်အရေးကြီးတော့ ပြည်သူ့လွှတ်တော်မှာ အများစုအနိုင်ရတဲ့ နိုင်ငံရေးပါတီက သမ္မတနာမည်စာရင်း တင်သွင်းရမှာကိုးဗျ။ အဲဒီလို တင်သွင်းမယ်ဆိုရင် အမျိုးသား လွှတ်တော်က တစ်ယောက်၊ ပြည်သူ့လွှတ်တော်က တစ်ယောက်၊ တပ်ကတစ်ယောက်ပေါ့။ အားလုံးသုံးယောက် သမ္မတလောင်းဖြစ်လာတဲ့အခါမှ အဲ့တစ်ယောက်ကို လွှတ်တော်က အတည်ပြုရမှာပေါ့ အဲဒီ အခင်းအကျင်းမှာ Power Struggles လဲရှိနိုင်တယ်။ နောက် Distribution of power ဘယ်လောက် အချိုးကျမလဲ ဘယ်လောက် ပုံစံကျကျဖြစ်မလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ ခက်နေတာပေါ့ဗျာ အခုချိန်မှာတော့ ဖြစ်နိုင်ခြေတွေက အများကြီးဖြစ်နေတယ်ဗျ။ Option တွေက သိပ်များနေတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
လက်ရှိတွင် ရွေးကောက်ပွဲအလွန်တက်လာမည့် အစိုးရအဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်ပြီး သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်လျက်ရှိကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအတိုင်း အာဏာသုံးရပ်ကို ရယူနိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ယူဆနေကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမှာဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားထားသည်။
တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအလွန် တက်လာမည့် အရပ်သားအစိုးရအနေဖြင့်လည်း လက်နက်ကိုင် ပဋိပက္ခများကြား အုပ်ချုပ်ရေးယန္တရားကို ပုံမှန် ဆောင်ရွက်မကျင့်သုံးနိုင်ပါက တပ်မတော်ကို အာဏာပြန်အပ် သည့် အခင်းအကျင်း တစ်ဖန် ပြန်လည်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 872
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
လက်ရှိမြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာသည်နှင့်အမျှ လက်နက်ကိုင်များ နိုင်ငံရေးထဲမပါရန် တပ်တစ်ခုတည်းကိုသာ ပြော၍မရကြောင်း၊ လက်နက်ကိုင်ထားသူအားလုံးကို ပြောရမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ပြောသည်။
“မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်”ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။
ထိုပြောဆိုမှုသည် တပ်မတော်က နိုင်ငံရေးထဲ၌ အမြဲတမ်းပါဝင်နေရမည်ဆိုတာက ထာဝရ အမှန်တရား မဟုတ်ဘူးဆိုသည်ကို လက်ခံသည့်သဘောဟု မြင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ပြောသည်။
၎င်းက “ဒီပြောကြားချက်ကိုကြည့်လို့ရှိရင် တပ်မတော်ကနိုင်ငံရေးထဲမှာ အမြဲကြီးပါဝင်နေရမယ်ဆိုတာက ထာဝရအမှန် တရားမဟုတ်ဘူးဆိုတာကို လက်ခံတဲ့သဘောလို့မြင်တယ်။ တပ်ကနိုင်ငံရေးထဲမှာပါနေရတယ်ဆိုတာကို၌က ပုံမှန်ဖြစ်နေတဲ့အခြေအနေမှာဆို ဒါမလိုအပ်ဘူး။ အဲဒီတော့ အခုဟာက လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာတာနဲ့အမျှ ဒီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့အခန်းကဏ္ဍကကြီးမားလာတာ။ အဲဒီတော့ ကျနော်တို့နိုင်ငံရေး တစ်လျှောက်လုံးမှာ နိုင်ငံရေး ပြသာနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကို ရောက်သွားတယ်။ လက်နက်ကိုင် လှုပ်ရှားမှုတွေကြီးထွားလာတာနဲ့အမျှ စစ်တပ်ရဲ့အခန်းကဏ္ဍက ကြီးမား လာတယ်။ မင်းဆုတ်မှ ငါဆုတ်မယ်ဆိုတာမျိုးထက်စာရင် နှစ်ဖက်စလုံးဆုတ်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ နိုင်ငံရေးထဲမှာ မပါဝင်ဖို့ဆိုတာ စစ်တပ်တစ်ခုထဲကိုပြောလို့မရဘူး။ လက်နက်ကိုင်ထားတဲ့ သူတွေ အားလုံးကိုပြောရမှာ။ လက်နက်ကိုင်ထားတဲ့ သူတွေအားလုံး နိုင်ငံရေးမျက်နှာစာကိုထွက်လာနိုင်ဖို့ ပါဝင်နိုင်ဖို့ အတွက်လည်း အခင်းအကျင်းတွေပြင်ပေးရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီတိုင်းရင်းသား လက်နက်ကိုင်တွေအပါအဝင် လက်နက်ကိုင်စရာမလိုဘဲနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်တွေကို ကျနော်တို့ဒီဘက်ကလည်းဖြေရှင်းဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှသာ တပ်မတော်အနေဖြင့် လွှတ်တော်ထဲ ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုမှုသည် အကြောင်းပြချက် မခိုင်လုံ ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ ပြောဆိုမှုသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် လွှတ်တော်နိုင်ငံရေး၌ တပ်မတော်က အမြဲတမ်းပါမည်ဟု ပြောခြင်း နှင့်တူကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အသီးသီး အပါအဝင် ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်တို့မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ရရှိထားသည်။

လက်နက်ကိုင်များကိုတွေ့ရစဉ်
အဆိုပါ ကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထွက်ခွာပေးရန် သို့မဟုတ် အဆင့်တစ်ခု လျှော့ချပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက တောင်းဆိုထားကြသည်။
နိုင်ငံရေးတွေ့ဆုံနည်းနှင့်အဖြေရှာကာ ဖြေရှင်းရမည်ကို အကုန်လုံးနားလည်မှုရှိပြီး၊ သက်ဆိုင်သည့်သူများ အားလုံး လက်ခံသဘောတူသည့် အခင်းအကျင်းတစ်ခုကို ရှာဖွေဖော်ထုတ်ရန်လိုအပ်မည်ဟု 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးနည်းလမ်းကတော့ဟုတ်ပါတယ်။ စစ်ရေးနဲ့နိုင်ငံရေး ဒွန်တွဲနေပါတယ်။ ပကတိအခြေအနေ ပေါ်မှာလည်း အခြေခံရမယ် ထင်ပါတယ်။ လက်နက်မကိုင်ဘဲနဲ့ ဖြေရှင်းလို့ရတဲ့နည်းလမ်းကတော့ ဒီချိန်မှာ ကတော့ စဥ်းစားရ တော်တော်ကျပ်မယ်ထင်ပါတယ်။ ကျနော်တို့နိုင်ငံမှာလည်းသိတဲ့အတိုင်းပဲလေ ဟိုးအရင်တုန်းကဆို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ဟို ၂၀ ကျော်ရှိတယ်။ အခုဒီလွန်ခဲ့တဲ့ ၅ နှစ် ၄ နှစ်ကျော်ကဆိုရင် ပေါ်ပေါက် လာတဲ့ အသစ်တွေလည်းအများကြီးရှိတယ်လေ။ ဒီချိန်မှာကတော့ လက်နက်မကိုင်ဘဲနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ့် အလုပ်ကတော့ စိန်ခေါ်မှုတွေအများကြီးရှိမှာပါ အခက်အခဲတွေ အများကြီးရှိမှာပါ။ ဒီအချိန်မှာ ကတော့ ဒါယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ကတော့ အများကြီးလုပ်ရဦးမယ်လေ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာရမယ် ဖြေရှင်းရမယ်ဆိုတာ အကုန်လုံး နားလည်မှုရှိပါတယ်။ အဓိကတော့သက်ဆိုင်တဲ့ သူတွေ အားလုံးကနေပြီးတော့ တွေ့ဆုံစကားပြောနိုင်တဲ့ အခင်းကျင်းတစ်ခုကို သက်ဆိုင်တဲ့သူတွေအားလုံးက လက်ခံသဘောတူတဲ့အခင်းအကျင်းတစ်ခုကို ကျနော်တို့ရှာဖွေဖော်ထုတ်ဖို့လိုအပ်မယ်ထင်ပါတယ်”ဟု ၎င်းကပြောသည်။
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ် ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အချိန်တန်ပြီဖြစ်ဟု နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
အိန္ဒိယနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက် ထွက်ပေါ်လာခြင်း သတင်း သည် အိန္ဒိယ-မြန်မာ-တရုတ် သုံးပွင့်ဆိုင် ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်သော်လည်း အိန္ဒိယက ထိုအခြေ အနေ ရောက်အောင် လုပ်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
အလားတူ KIA နှင့်တရုတ်ကြား ပဋိပက္ခဖြစ်စေရန်လည်း ရည်ရွယ်ကာ လွှင့်သည့်သတင်းမျိုး ဖြစ်နိုင်ကြောင်း ၎င်း က ပြောသည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက် တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် လုပ်ဆောင်နေချိန်တွင် မြေရှားသတ္တုများအား တူးဖော်ရေးအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။

KIA နဲ့ မြေရှားသတ္တုကို တွေ့ရစဉ်
မြေရှားသတ္တုများသည် တူးဖော်ရရှိပြီးပါက ချက်ချင်းသုံး၍ ရသည်မျိုးမဟုတ်ဘဲ လုပ်ဆောင်ရသည့် လုပ်ငန်းစဉ် များ ရှိသေးကြောင်း၊ ထိုလုပ်ငန်းစဉ် တစ်ခုလုံးကိုလည်း တရုတ်က တာဝန်ယူကာ လုပ်နေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်တော့ အဲဒီမြေရှားဆိုတာ တချို့နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဥပမာ အမေရိကလည်း အများကြီး ရှိတယ်။ ဒါပေမယ့် process လုပ်လို့ရှိရင် ပတ်ဝန်းကျင်ထိခိုက်လို့ သူတို့က မလုပ်တာ။ တရုတ်ကတော့ အထိ ခိုက် ခံပြီးတော့ လုပ်တာပေါ့။ လုပ်ပြီးတော့ ဒါကို Leverage သူကိုင်ထားနိုင်တဲ့ ပစ္စည်းအဖြစ်နဲ့ ပြန်သုံးတာပေါ့။ အဲဒီတော့ ဒီမြေရှားက ဘယ်လိုပဲ KIA နဲ့ လက်မှတ် ထိုးထိုး၊ ဘာထိုးထိုး ကျမ ကြည့်တာတော့ KIA ကို နည်းနည်း အနှောင့် အယှက် ပေးတယ်နဲ့ထင်တယ် ဘက်စုံကလေ။ တချို့က KIA သူ့ဘာသာသူ ဟိုဒင်းလေးဖြစ်နေတာကို KIA နဲ့ တရုတ်ကြားမှာလည်း အစားထိုးချင်တာပေါ့နော်။ တကယ်တော့ KIA က သူ့မြေရှားတွေ များသောအားဖြင့် တရုတ် ကို အကုန်လုံးလောက်နီးနီး တရုတ်ကိုပဲ ရောင်းနေတာ ကျမ သိသလောက်တော့။ တရုတ်ကုမ္ပဏီတွေပဲ သွားပြီး တော့ လုပ်နေတာပဲလေ။ အကုန်လုံး တရုတ်ကုမ္ပဏီတွေချည်းပဲ။ အဲဒီတော့ တရုတ်နဲ့ KIA တို့ကြားမှာ ပဋိပက္ခ ဖြစ်စေချင်လို့များ ဒီသတင်း လွှင့်လားမသိဘူး။ ဒါပေမယ့် သူတို့မသိတာက အိန္ဒိယနဲ့ တရုတ်နဲ့က တော်တော် အဆင်ပြေနေပြီ။ သူတို့နှစ်နိုင်ငံပေါင်း သေနင်္ဂဗျူဟာ ဘာဆိုလဲ အဲဒါတောင် စဉ်းစားနေကြတယ်။ တော်တော် အဆင်ပြေ နေပါတယ်။ အဲဒါကြောင့် အိန္ဒိယလည်း ဗမာအစိုးရနဲ့ရော တရုတ်နဲ့ရော ပဋိပက္ခဖြစ်မယ့်ဟာ လုပ်မယ် လို့တော့ မထင်ဘူး။ ကုမ္ပဏီတွေအနေနဲ့ ဆွေးနွေးတာတွေ ရှိနိုင်တယ်။ ဒါပေမယ့် အစိုးရတစ်ရပ် အနေနဲ့တော့ ဖြစ်နိုင်မယ်မထင်ဘူး။ အိန္ဒိယကုမ္ပဏီတွေက ဒီလိုတော့ရှိတယ်။ အိန္ဒိယကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ Joint Venture တွေတော့ အများကြီး လုပ်နေတာတွေရှိတယ်။ အဲဒီတော့ အဲဒီကုမ္ပဏီတွေ ကနေ တဆင့်လုပ်သလား တော့ မပြောတတ်ဘူး” ဟု ပြောသည်။
အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှု စာချုပ် ချုပ်ဆိုထားသည် ဆိုသည့်သတင်းမှာ မဟုတ်မမှန်သည့် သတင်းဖြစ်ကြောင်း KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ဖြေကြားထားသည်။
သို့သော် အိန္ဒိယဖြစ်စေ၊ KIO/KIA ဖြစ်စေ လျှို့ဝှက်သဘောတူညီမှု စာချုပ်ချုပ်ဆိုထားပါသည်ဟု ဝန်ခံရ လောက်အောင်ထိ နိုင်ငံရေး အားမနည်းခြင်းကြောင့် အားလုံးက ငြင်းကြသည်မှာ မထူးဆန်းကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time ကတော့ ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက် လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာအရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်နှင့်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့် ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြား ထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။

အိန္ဒိယသံအမတ်ကြီးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တွေ့ရစဉ်
မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။
အိန္ဒိယနှင့် KIA ကြား ပြောဆိုဆက်ဆံမှုများရှိသော်လည်း လျှို့ဝှက်သဘောတူချက် ရ/မရ မသေချာကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ ပြောဆိုဆက်ဆံတာတော့ ရှိပါတယ်။ လျှို့ဝှက် သဘောတူချက် ရ/မရ ဆိုတာတော့ မသေချာ သေးပါဘူး ကျနော့် အမြင်ပေါ့လေ။ သူတို့ ညှိနှိုင်းတာတော့ ရှိကောင်း ရှိပါလိမ့်မယ်။ နောက်ပြီးတော့ နဂိုကတည်း က KIA မှာက အိန္ဒိယနယ်စပ်အတွက် သူတို့ Rawka I လား ဖွဲ့ထားတာ ရှိတာကို အရင်ကတည်းက။ Rawka ဆိုတာ ကချင်နိုင်ငံခြားရေးဌာနပေါ့။ အိန္ဒိယနဲ့ ပတ်သက်ပြီးတော့ တစ်ဖွဲ့ ဖွဲ့ထားတာရှိတယ်။ Rawka T ဆိုတာ ရှိတယ်။ Rawka I ဆိုတာရှိတယ်။ Rawka T ကတော့ Thailand ပေါ့။ Rawka I ကတော့ အိန္ဒိယပေါ့။ အဲဒီ Rawka I နဲ့ ပြောဆိုဆွေးနွေးတာလည်း ဖြစ်နိုင်တာပေါ့လေ ကျနော်ထင်တာကတော့” ဟု ပြောသည်။
မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက် နေသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အိန္ဒိယကြား လျှို့ဝှက်သဘောတူစာချုပ် ချုပ်ဆို ထားကြောင်း သတင်းထွက်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဘေး တာကူးရ်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့ သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် နယ်မြေသိကျွမ်းမှုအားနည်းသည့်အတွက် စည်းရုံးခွင့်များတွင် အခက်အခဲ၊ အကျပ်အတည်းများရှိကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) မှ ဧရာဝတီ တိုင်းဒေသကြီး၏ အတွင်းရေးမှူး ဦးဇော်ဝေထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကအခက်အခဲကတော့ ကျနော်တို့က ဧရာဝတီတိုင်းမှာဆိုရင် ဟိုပြည်သူ့ရှေ့ဆောင်ပါတီက ၂၀၂၀ တုန်းက တော့ ၈ မြို့နယ်ပဲဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံနိုင်ခဲ့တာပေါ့နော် ယှဉ်ပြိုင်နိုင်ခဲ့တာပေါ့။ အခုကတော့ ၇ မြို့ နယ်ပဲ ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ခဲ့တာ အခုကတော့ ၂၆ မြို့နယ်ပေါ့နော်။ ပါတီအနေနဲ့ပြောရင် သက်တမ်း လည်း နုတယ်၊ ဧရာဝတီတိုင်းထဲမှာဆိုရင် ပါတီအသစ်တစ်ခုလည်းဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ ကျနော်တို့ တွေက စည်းရုံးရတာတော့ခက်ခဲတယ် နယ်မြေသိကျွမ်းမှုအားနည်းတဲ့အခါကြတော့ ဟိုလိုက်ပြီးတော့မှ စီတန်းလှည့်လည်တာလည်းမရဘူး။ ပုံစံမျိုးစုံပေါ့နော် ပုံစံမျိုးစုံနဲ့ စည်းရုံးခွင့်တွေက အခက်အခဲတွေ အကျပ်အတည်းတွေတော့ ရှိတယ်”ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)အား မြို့နယ် (၁၀၂) မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သြ ဂုတ် ၂၀ ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။

ဧရာဝတီတိုင်းမှ PPP ပါတီဝင်များကိုတွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာ၊ ဟင်္သာတ စသည့် (၈)မြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်ကြောင်း သတ်မှတ်ကြေညာထားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အဓိကကြုံတွေ့ရသည့် အခက်အခဲသည် UEC၏ စည်းကမ်းတင်းကျပ်မှုဖြစ်ပြီး လုပ်ရကိုင်ရခက်ကြောင်း ပြည်သူရှေ့့ဆောင်ပါတီ(PPP)မှ ဧရာဝတီ တိုင်းဒေသကြီး၏ အတွင်းရေးမှူး ဦးဇော်ဝေထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “online ကိုတော့ အဓိကထားပြီးထိုးဖောက်တယ်။ သို့သော်လည်းပဲ online campaign ထိုးဖောက်တော့လည်းပဲ ဧရာဝတီတိုင်းက ကျေးလက်ဒေသတွေကျတော့ လူကိုယ်တိုင်သွားမှရတာပေါ့နော်။ လူကိုင်တိုင်သွားမှရတယ် ဒီအပြင်ကိုမှ ကျနော်တို့က သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့ကအိမ်ရှင်ထောက်ခံချက်၊ ရပ် ကွက်အုပ်ချုပ်ရေးမှုးထောက်ခံချက် စသဖြင့် ဒါလေးတွေယူပေးရတဲ့အခါကြတော့ ကျနော်တို့က ရွာတစ်ရွာကို ဆင်းမယ်ဆိုရင်နှစ်ခါသွားရသလိုရှိတာပေါ့။ ပထမတစ်ခါကကျနော်တို့ ဒါမဲဆွယ်စည်းရုံး ဟောပြောလို့ရမယ့် အိမ်အရင်ရှာရတယ် အိမ်ရပြီဆိုတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံစာ၊ အိမ်ရှင်ထောက်ခံစာလုပ်ပြီးတော့ ကော်မရှင်ကိုတင်ရတယ်။ ကော်မရှင်ကိုတင်ပြီးတော့မှ ကျနော်တို့ကတစ်ခါပြန်ဆင်းရတယ်။ အဲ့လိုမျိုးလေးတွေ တော့ အခက်တော့ရှိတယ်။ မဲဆန္ဒရှင်ပြည်သူတွေဘက်ကတော့ လက်ခံပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအားလုံး ကတော့ ကျနော်တို့ကိုတက်ညီလက်ညီနဲ့ပူးပေါင်းဆောင်ရွက်ကြပါတယ်။ အဓိက,ကတော့ ကော်မရှင်ရဲ့ စည်းကမ်း တင်းကျပ်မှုပါပဲ။ နည်းနည်းလေး ကျနော်တို့ပါတီအနေနဲ့လုပ်ရကိုင်ရခက်တာလေးတစ်ခုပဲပေါ့”ဟု ပြောသည်။

ဧရာဝတီတိုင်းမှ PPP ပါတီဝင်များကိုတွေ့ရစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိဘောမိကျေးရွာအုပ်စုနှင့် မကျီးဇင် ကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း၊အလားတူ အပိုင်း (၂) တွင် သာပေါင်း မြို့နယ်ရှိ ကျွန်းလျှားကြီးကျေးရွာအုပ်စုနှင့်သစ်ဖြူကျေးရွာအုပ်စုတို့၌ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 555
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူလူထုများ မဲလာပေးမှု အားနည်းလျှင် နိုင်ငံအခင်းအကျင်း သည် မျှော်လင့်ထားသလို အမှန်ပြောင်းလဲလာနိုင်ပါ့မလား ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများအကြား သုံးသပ်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲအလွန် နိုင်ငံ့အခင်းအကျင်းအတွက် နိုင်ငံရေးပါတီများသည် ရန်ဘက်ထက် မိတ်ဖက်ပိုများကြောင်း၊ မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ၏ ရလဒ်သည် နိုင်ငံအတွက် ကောင်းမွန်သည့်ဘက်ကို သွားနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ဆုံး အချက်အနေနဲ့ ဘယ်လိုပင်ပေါ့ဗျာ၊ ပြည်ခိုင်ဖြိုးက အမတ်များမယ်၊ တပ်မတော်က အမတ်များ မယ်၊ တခြားပါတီတွေက အမတ်က သူတို့လောက် မများသည်ထားအုန်း။ ကျနော်တို့ နားလည်ယုံကြည်နေတာက လာမယ့် ကာလ ၅ နှစ်တာသည် အခုကာလအထိပေါ့။ လွတ်လပ်ရေး ခေတ်ဦးကနေ အခုကာလအထိ ပြည်တွင်း စစ် ဆိုးကျိုးသံသရာကနေ ကနဦး ရုန်းထွက်ဖို့ ခြေလှမ်းပြင်တဲ့ မြန်မာ့လူဘောင်ရဲ့ ငြိမ်းချမ်းတည်ငြိမ်ဖို့ ဖွံ့ဖြိုး တိုးတက်ဖို့ကို သွားမယ့် အနာဂတ်နိုင်ငံတော်သစ်ရဲ့ ကနဦး ၅ နှစ်လို့ ယုံကြည် လက်ခံထားတာပဲ။ အဲဒါကြောင့် အားလုံးပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ပေါ်ထွန်းလာနိုင်တဲ့ အခင်းအကျင်း နိုင်ငံရေး တွန်းအား ကတော့ ရှိနေတယ်။ ယုံကြည်မှုကတော့ ရှိနေတယ် အဲဒီအမျိုးသား ညီညွတ်တဲ့ အစိုးရတစ်ရပ်ကို ပါတီတစ်ခုထဲနဲ့ ဖွဲ့စည်းလို့မရဘူး။ တပ်မတော်သားတွေနဲ့ချည်းပဲ ဖွဲ့စည်းလို့မရဘူး။ ဘက်ပေါင်းစုံ တိုင်းရင်းသားတွေပါတဲ့ အမျိုး သား ညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးမှ ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကို ဒီ ၅ နှစ်အတွင်းမှာ ခြစ်ကုတ်ခြစ်ခဲ ကျနော်တို့ အောင်မြင်အောင် ကြိုးစားရမယ့် နိုင်ငံရေးအရ ကျနော်တို့ကို တာဝန် ပေးအပ်ထားတဲ့ ကာလတစ်ခု သတ်မှတ်ယုံကြည်နေကြတဲ့ ကာလဖြစ်တယ်”ဟု ပြောသည်။

USDP ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးရလဒ်ကို ထွက်အောင်ကြိုးစားရမည့် လာမည့် ၅ နှစ်ဟု ယုံကြည်သည် ဆိုပါက ပြည်သူလူထု ပေးမည့်မဲတိုးပွားလာနိုင်ကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
၎င်းက “ အဲဒါကြောင့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအားဖြင့် ရလဒ်ကို ထွက်အောင် ကြိုးစားမယ့် ကနဦးငါးနှစ်လို့ အားလုံးက ယုံကြည်တယ်ဆိုရင် ပြည်သူရဲ့ ပေးတဲ့မဲကလည်းပဲ တိုးလာနိုင်တယ်။ အဲဒီလိုပဲ အဲဒီလို အခင်းအကျင်း မျိုးဖြစ်အောင် ပြည်ခိုင်ဖြိုးသော်လည်းကောင်း၊ တပ်မတော် ဘက်ကသော်လည်းကောင်း ဦးဆောင်ပြီးဒီအခင်းအကျင်းကို ဖန်တီးလာနိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီများဟာ လာမယ့် အခင်းအကျင်း အတွက် ပွင့်ပွင့်လင်းလင်းပြောရင် ရန်ဘက်ထက် မိတ်ဖက်ပိုများတယ်။ နိုင်ငံကိုအားလုံးပါဝင်ပြီး အားလုံးလက်တွဲပြီး ပြန်လည်ပြီးတော့ အနာဂတ်နိုင်ငံတော်သစ်ရဲ့ ကနဦးခြေလှမ်းအစပြုတဲ့ ငါးနှစ်ကို တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ ချထားကြတဲ့ကာလလို့ ကျွန်တော်ယုံကြည်တယ် " ဟု ပြော သည်။
လက်ရှိတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုသည် ဆန္ဒမဲပေးရန်အတွက် ယခင်လို ဝေဝါးနေသည့် အခြေအနေမျိုး မရှိတော့ကြောင်း၊ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု မဲပေးမှု အားနည်းမည့် အခြေအနေဖြစ်မည် မထင်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပရောက် လူတွေကလည်း တစ်လျှောက်လုံး ပြည်တွင်းက အဖြစ်မှန်တွေကို နဂိုထဲကိုကလည်း မသိ တာကို သိရင်လည်း မသိချင်ယောင် ဆောင်တဲ့သူက ခပ်များများလေ။ ပြည်ပကနေ ပြောနေတာတွေကို အဟုတ် ကြီး ထင်နေတာကို အဟုတ်ကြီး ထင်နေတယ်။ ဒါကြောင့်မို့လို့လည်း မဲမပေးနဲ့တို့ ဘာတို့ သူတို့မဲပေးမှ ဒီရွေးကောက်ပွဲကြီးက အောင်မြင်သွားမှာမှ မဟုတ်တာ၊ ပြည်တွင်းမှာ မဲပေးမယ့်လူကလည်း နည်းနည်းလေးပဲ ရှိမှာမဟုတ်ဘူးလေ၊ မဲပေးမယ့်လူက ရှိထားပြီးသား။ လူတွေဟာ နဂိုတုန်းကတော့ မဲမပေးရဘူးတို့ ဘာတို့ ပြောနေပေမယ့် ပြောတာကို ယောင်တာတွေလည်း ရှိတာပေါ့နော်။ ယောင်နေတယ်ဆိုတာ တကယ်ပဲ ဟုတ်ရ တော့ မလိုလို ဘာလိုလိုနဲ့ အဲ့တာမျိုး ယောင်တဲ့ပုံစံရှိပေမယ့် အခုကတော့ ရွေးကောက်ပွဲ နီးလာတယ်ပေါ့နော်။ နီးလည်းနီးလာပြီဖြစ်တဲ့ အခြေအနေမှာ ယောင်နေတယ်ဆိုတဲ့ဟာတွေက သိပ်မရှိတော့ဘူးဆိုတဲ့ ဟာမျိုးပေါ့နော်။ ခုနက မပေးဘူးလို့ ပြောတဲ့ဟာတွေလည်းရှိမှာပေါ့။ ဒါပေမယ့် အများစုကတော့ အစ်မမြို့နယ်မှာပဲ အစ်မရဲ့ လသာ မြို့နယ်မှာပဲ အစ်မကြည့်တယ် အဲ့လို ယောင်တဲ့လူက သိပ်မရှိတော့ဘူးလို့ တွေ့ရတယ်ပေါ့နော် မဲပေးတာက နည်း လိမ့်မယ်လို့ အစ်မကမထင်ဘူး”ဟု ပြောသည်။

NLD ပါတီ ခေါင်းဆောင်တွေကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ပွဲ ကျင်းပစဉ် မဲပေးသူ မည်မျှ အရေအတွက်ရှိမှ ရွေးကောက်ပွဲ အောင်မြင်အထမြောက်ကြောင်း သတ်မှတ်ချက် ပြဋ္ဌာန်းချက် မရှိသည့်အတွက် လူတစ်ဦး မဲပေးလျှင်လည်း အထ မြောက်ကြောင်း ကိုယ်စားလှယ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ပူးပေါင်း ပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် တချို့၊ NUG နှင့် PDF များက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ပြည်သူလူထုသည် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကြီးကို ပြောင်းလဲရန်အတွက် ရွေးကောက်ပွဲက အရေးပါသော်လည်း တရားမျှတသည့် ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ဖြစ်မနေခြင်းနှင့် ရွေးကောက်ပွဲ လုံခြုံရေး အပေါ် စိုးရိမ်မှုများဖြစ်ကာ မဲပေးရေး မပေးရေးကို ဝေးဝါးနေကြသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
အလားတူ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုရှိခြင်းနှင့် ရွေးကောက်ပွဲများမှာ မဲအများဆုံး အနိုင်ရလေ့ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP) တို့ မပါခြင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တစ်ဖက် သတ် အနိုင်ရရှိရေး ဖြစ်နေသော ရွေးကောက်ပွဲ အခင်းအကျင်းကြောင့် ပြည်သူလူထု အများစုက မဲပေးရန် စိတ်ဝင်စားမှု အားနည်းနေသည်။
တခြားတစ်ဖက်မှာတော့ ပြည်သူလူထု မဲပေးမှု အားနည်းလျှင် အလယ်အလတ်ရှိသော နိုင်ငံရေးပါတီများ အနိုင် ရရှိမှု အားနည်းသွားပြီး USDP က အပြတ်အသတ် အနိုင်ရကာ အစိုးရသစ်နှင့် လွှတ်တော်ပေါ်လာမည်ဆိုလျှင် အတိုက်အခံမရှိသည့် နိုင်ငံရေး အခင်းအကျင်းဖြစ်သွားနိုင်ကြောင်း၊ ထိုအခင်းအကျင်းဆိုလျှင် ပြည်သူလူထု မျှော်လင့်ထားသော နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာရန် မလွယ်ကူကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 470
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နန်းယွန်းမြို့ပေါ်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးကို အမည်မသိ လူတစ် စုက ဗုံးဖောက်ခွဲ၍ နာဂဒေသ၏ ငြိမ်းချမ်းရေးအား ဖျက်ဆီး၍ မတည်ငြိမ်အောင် လုပ်ဆောင်နေသည်ဟု နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၄ နာရီခန့်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးကို အမည်မသိ လူတစ်စုက ဗုံးပစ်ခတ် တိုက်ခိုက်ခဲ့သည်။ သို့သော် မည်သည့် အဖွဲ့အစည်းက လုပ်ကြောင်း မသိရသေးသလို ဗုံးဖောက်ခွဲခဲ့သူ များကလည်း မိမိတို့ ဘယ်သူဘယ်ဝါဆိုတာ ဝန်ခံထုတ်ပြန်ထားခြင်း မရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ထိုဖြစ်စဉ်ကြောင့် လူထု၏ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့ ကို လက်လွတ် ဆုံးရှုံးခဲ့ရကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM အဖွဲ့က “ဤကဲ့သို့ လူမဆန်သည့်၊ တာဝန်မဲ့သည့် လုပ်ရပ်သည် ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချိုးဖောက်ရန်နှင့် နာဂဒေသများကို ထပ်မံ၍ အရေးပေါ် အခြေအနေများနှင့် မတည် ငြိမ်မှုအတွင်း ဆွဲချရန် ရည်ရွယ်ထားသော လှုံ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း NSCN-K မှ မြင်မြင်သာသာ သတ်မှတ် ထားပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ အားထုတ်မှုများကို အန္တရာယ်ပေးသည့် ထိုတိုက်ခိုက်မှုကို အပြင်း ထန်ဆုံး စကားလုံးများဖြင့် လုံးဝရှုတ်ချပါသည်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က ဗုံးပစ်တိုက်ခိုက်ခံရတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသများအားလုံးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် အစုလိုက် အပြုံလိုက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သော မည်သည့် လုပ်ရပ်မဆို နာဂလူမျိုးတို့၏ အနာဂတ်နှင့် မျှော်လင့်ချက်များကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွင်း တရားဝင် ပါဝင်ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံရှိ နာဂလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ကောင်းမွန်သော အနာဂတ် တစ် ရပ်ကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
နာဂဒေသတွင် NSCN-K/AM၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန်ရှီရမ်ဆမ်(NSCN-IM/HS)၊ အရှေ့နာဂအမျိုးသားအစည်းအရုံး(ENNO/ENDA)၊ နာဂ PDF တို့ အပါအဝင် ကသည်းနှင့် အာသံ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားလျက်ရှိသည်။
ထိုအထဲမှ NSCN-K/AM သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိပြီး ENNO/ENDA၊ NPDF တို့ကတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်နက်ခဲယမ်း ထောက်ပံ့မှုဖြင့် မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
အလားတူ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS အပါအဝင် ကသည်းနှင့်အာသံ လက်နက်ကိုင်များကတော့ အိန္ဒိယအစိုးရကို တော်လှန်နေသော အဖွဲ့အစည်းများဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 573
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေး ခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုအား မထောက်ခံခြင်းပင်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က မင်းဘူးမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စား နှင့်မလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင် များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက “ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ် ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုသည်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲအပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲအပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲအပိုင်း (၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင် တချို့၊ NUG နှင့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများက မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသလို ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူ များအား အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မဲဆန္ဒရှင် ပြည်သူများသည် ဘေးကျပ်နံကျပ်ဖြစ်ကာ မဲပေးရေး မပေးရေးကို ဝေခွဲမရဘဲ ဖြစ်နေကြ ကြောင်း၊ လက်ရှိ အခြေအနေကိုလည်း ပြောင်းလဲလိုသော ဆန္ဒများ ရှိနေကြကြောင်း နိုင်ငံရေးလေ့လာစောင့် ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်တော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 573
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်မှုထမ်းဥပဒေကို စနစ်တကျဖြစ်အောင် မည်ကဲ့သို့ ထိန်းကျောင်းသင့် သလဲဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြ သည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး လက်ရှိအချိန်၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် ၂၀ အထိရှိပြီ ဖြစ်သည်။
စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အလွဲသုံးစားလုပ်နေသည့် အာဏာပိုင်များ များစွာရှိနေကြောင်း၊ လွှတ်တော် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းလုပ်ငန်းစဥ်သည် စနစ်တကျ ပြန်လည်ပြင်ဆင်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကိုတွေ့ရစဉ်
၎င်းက “ဒါကတော့ အန်တီတို့တွေ မကြာခဏ ပြောနေတဲ့ ကိစ္စတွေဖြစ်တယ်၊ စစ်မှုထမ်းဥပဒေဟာ ဒုချုပ်ကြီး ပြောနေသလိုလည်း ဖြစ်မနေဘူး ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသလိုလည်း အောက်ခြေမှာ ဖြစ်မနေဘူး။ ဒီစစ်မှု ထမ်းဥပဒေကို အလွဲသုံးစားလုပ်တဲ့ အာဏာပိုင်တွေ အများကြီး ရှိနေတယ်၊ ဒါကြောင့်မို့လို့ တိုင်ပါတိုင်ပါဆို တိုင်တာပဲလေ။ တိုင်ပေမယ့် တိုင်ရင်လည်းပဲ အဲ့နေရာက ခဏပဲ တစ်လ၊ နှစ်လ၊ သုံးလ ငြိမ်သွားမယ်။ ပြီးရင် နောက်လေးလမြောက် ငါးလမြောက်ကျရင် ပြန်ပြီး ပိုက်ဆံကောက်ကြမယ်၊ ပိုက်ဆံကောက်ပြီးတော့ ပြည်သူ လူထုက ပိုက်ဆံတွေ စုပြီးတော့ လူဝယ်ရတယ်။ အခုဆို သိန်း ၈၀ တို့ သိန်း ၉၀ တို့တောင် တချို့နေရာတွေမှာ ပေါက်နေတယ် လေ၊ အဲတော့ ဒါတွေက ငြင်းလို့မရဘူး။ လူတွေကြားထဲကို တကယ်ဆင်းနိုင်ရင် ငြင်းလို့ကိုမရဘူး ငြင်းလို့မရတဲ့ ကိစ္စတွေဖြစ်တယ်ပေါ့နော်။ အဲလိုပြောလို့ အရေးယူမှုတွေ မရှိဘူးလားဆို ရှိတာပဲ။ အရေးယူမှု ရှိသလောက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စတွေ ပပျောက်သွားလားဆို မပပျောက်ဘူး။ ဒါကြောင့်မို့လို့ စနစ်တကျ ဒီကိစ္စက စစ်မှုထမ်းကိစ္စက ရွှေ့ဆိုင်းနိုင်ရင် ရွှေ့ဆိုင်း မရွှေ့ဆိုင်းနိုင်လို့ ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ထားရှိအုံးမယ်ဆိုရင် ကောက်ခံတဲ့စနစ် ကောက်ယူတဲ့စနစ် စုဆောင်းတဲ့စနစ်က ပြင်ကိုပြင်ရမှာ ဖြစ်တယ်။ ဒီထက်ပိုပြီးတော့ တာဝန် ယူမှု တာဝန်ခံမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်ပေါ့၊ ပြင်ကိုပြင်ဆင်ရမယ့် လုပ်ငန်းစဥ် တစ်ရပ်ဖြစ်တယ်ပေါ့။ လွှတ်တော်ပေါ်လာတာနဲ့ တစ်ပြိုင်နက်ထဲ ဒီဟာက လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဥ်ဖြစ်တယ်”ဟု ပြောသည်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းသည် နိုင်ငံ၏ ကျူးကျော်စစ်များ ဖြစ်လာသည့်အချိန်တွင် နိုင်ငံသားတိုင်းသည် စစ်သားတစ်ယောက်သဖွယ် ခံယူချက်ရှိသင့်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း၊ လွှတ်တော်တွင် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ အားလုံး စုပေါင်းဆွေးနွေးပြီး ပြုပြင်ပြောင်းလဲသင့်သည်ဟု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဒေါ်စန္ဒာမင်းမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမတို့ တုန်းကတော့ ဒီလိုမျိုး အဖျက်သဘောပြောနေတဲ့ အဖျက်သဘော အမြင်ဆောင်နေတဲ့ ကိစ္စမျိုး တွေတော့ မရှိဘူးပေါ့။ ဒီလို လော်ဘီလုပ်နေတဲ့ ဟာတွေက မရှိတဲ့အခါကျတော့ လူတွေက အဲဒီလိုမျိုး မတွေး ချင်လာဘူး၊ ဒါပေမယ့် အခုကျတော့ အဖျက်သဘောဘက်ကပဲ တအားပြောတဲ့ဟာမျိုးတွေ ရှိလာတဲ့အခါကျတော့ ဒီနေ့ပဲ စစ်မှုထမ်းထဲကို ရောက်တယ်၊ မနက်ဖြန်ပဲ သေတော့မလိုလိုနဲ့ ဒီလိုမျိုးတွေ ဖြစ်နေတဲ့ အခါကျတော့ ကျမ တို့က ဒီဥပဒေကတော့ ဒါကြီးကို ဟာ ဖျက်သိမ်းလိုက်ပါတို့ ဘာတို့ ပြောလို့တော့မရဘူး။ အဲလိုပြောရမယ့် အခြေ အနေလည်း မဟုတ်ဘူး။ သို့သော်လည်း လွှတ်တော်ထဲမှာ ပညာတတ်တွေ အများကြီး ရောက်လာမှာ ဖြစ်တယ်။ အဲတော့ အဲဒီလူတွေ အကုန်လုံးနဲ့ စုပေါင်းညှိနှိုင်းပြီးတော့ ရလာတဲ့အဖြေ တစ်ခုနဲ့တော့ တစ်ခုခုတော့ တိုင်းပြည် အတွက်ကို ကိုယ့်တိုင်းပြည်ကို ကျူးကျော်လာတဲ့ အခါတိုင်း ဖြစ်လာတဲ့ အခါကျလို့ရှိရင် ခုခံနိုင်အောင်ပဲဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲနိုင်အောင်ပဲဖြစ်ဖြစ်၊ ကျမတို့က အဆင့်သင့် ဖြစ်နေနိုင်အောင်တော့ အားလုံး စု ပေါင်းပြီးတော့ တစ်ခုခုတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုတော့ ပြုပြင်ပြောင်းလဲသင့်တယ်ဆို တဲ့ ဟာကိုတော့ ကျမတို့မှာလည်းရှိတယ်၊ ကျမမှာရှိသလို လွှတ်တော် ကိုယ်စားလှယ်တိုင်းမှာလည်း ရှိတယ်။ အဲတော့ အားလုံးစုပေါင်းပြီးတော့ ဆွေးနွေးရင်တော့ အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ကျမထင်တယ်” ဟု ပြော သည်။

စစ်မှုထမ်းမည့် သူများကို ကြိုဆိုနေကြစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာ သွားကြသလို စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခံရခြင်းများကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေမှာ လျော့ကျလာကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့နောက် လူဦးရေ လျော့ကျလာခြင်းနှင့်အတူ အလုပ်သမား ရှားပါးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာ ခြင်း၊ လူဦးရေ လျော့ကျခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာရခြင်း စသည့် အခြေအနေများကိုလည်း ရင်ဆိုင် လာနေရကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်စလုံးက စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီး ခြင်းများ အရှိန်မြှင့် လုပ်ဆောင်နေကြသည်။
ထို့ကြောင့် လက်နက်ကိုင်ထားကြသော အဖွဲ့အစည်းများ၏ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများ ရပ်တန့်နိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအကဲခတ်များက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်။
