- By CNI
- Category: နိုင်ငံရေး
- Hits: 517
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
တရုတ်သည် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ အများအပြား ဖော်ဆောင်နေခြင်းက စီးပွားရေးအရ ချဉ်းကပ်နေခြင်းလား သို့မဟုတ် မဟာဗျူဟာ အကျိုးစီးပွားအတွက် ချဉ်းကပ်နေခြင်းလား ဆိုသည့် အပေါ် ပြည်သူလူထုအကြား မေးခွန်းများထုတ်နေကြသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ၇၅ နှစ်မြောက်ရှိပြီးဖြစ်ကြောင်း၊ တရုတ်၏ မြန်မာနိုင်ငံအပေါ် သဘော ထားကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်က ကြိုဆိုလက်ခံထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲသွားသည့် မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး အခင်း အကျင်းတွင် တရုတ်နိုင်ငံသည် ထည်ထည်ဝင်ဝင် ပါဝင် ပတ်သက်လာပြီး သြဇာလွှမ်းမိုးလျက် ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံရေး၊ စစ်ရေး မငြိမ်မသက် ဖြစ်နေသရွေ့ တရုတ်-မြန်မာ စီးပွားရေးသည် လုပ်ဆောင် ၍ မရကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး အခွင့်အလမ်း ဆိုသည်ထက် မဟာဗျူဟာ အခွင့် အလမ်းဖက်ကို ပိုနေသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ခရီးစဉ်တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဗမာပြည်ထဲမှာ အချင်းချင်းတွေ သပွတ်အူ ဖြစ်နေသရွေ့ကတော့ တရုတ်ရဲ့ အနောက်တံခါးကပွင့်မှာ မဟုတ်ဘူးလေ၊ သူ့ရဲ့ စီးပွားရေးတွေ လုပ်လို့ရမှာ မဟုတ်ဘူး။ သူက အနောက်တံခါးက သဘောက ရှမ်းမြောက်ကို ဖြတ်ရမယ်။ စစ်ကိုင်း၊ မကွေး ဖြတ်ရမယ်၊ နောက်တစ်ခါ ရခိုင်ဖြတ်ရမယ်၊ အနောက်တံခါးက ဒီထဲမှာ ဘယ်လို ခေါ်မလဲ သပွတ်အူ ဖြစ်နေသရွေ့က သူ့အလုပ်က လုပ်လို့မရဘူး။ လုပ်လို့မရဘူးဆိုတာ သူ့အတွက်က ကျတော့ စီးပွားရေး အခွင့်အလမ်းဆိုတာထက် မဟာဗျူဟာ အခွင့်အလမ်းက ကျနော့် အမြင်က တရုတ်က ပိုတာပေါ့။ စီးပွားရေး အခွင့်အလမ်းဆိုတာက တရုတ်ရဲ့ Total Investment Volume နဲ့ Data တွေတော့ မမှတ်မိတော့ဘူး ဒါပေမယ့် မှတ်မိတာ တစ်ခုရှိတာက တရုတ်ရဲ့ (Total Investment, Oversea investment Total Investment) နဲ့ ဗမာပြည်ထဲမှာ တရုတ်လုပ်ထားတဲ့ Investment နှိုင်းယှဥ်လို့ရှိရင် ဒီထဲမှာ ဘာမှမရှိဘူး၊ အဓိက,ကတော့ လောလောဆယ် Business အကျိုးစီးပွား၊ Economy အကျိုးစီးပွားလည်း ပါတော့ပါတာပေါ့။ အဓိကကတော့ (Strategic) အကျိုးစီးပွားပေါ့။ သူကတော့ ပြောချင်တာက short to the point ပြောရင်တော့ တရုတ်က ဗမာ ပြည်ထဲမှာ အလုပ်လုပ်လို့ရတဲ့ အနေအထား ဖြစ်ချင်တာပေါ့၊ ဒါမှ သူလက်ရှိ ရွှေ့လို့ရမှာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်သည် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်သုံးဖွဲ့(MNDAA, AA, TNLA)ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး ဖိအားပေး၍ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေသလို မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှ မြို့များ မြန်မာ့တပ်မတော်ထံ ပြန်လွှဲပေးရန်လည်း ဖိအားပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အားကိုးစရာဆိုသည်မှာ တရုတ်သာ ရှိသည့်အတွက် တရုတ်နိုင်ငံဘက်မှ မည်သည့် အကူအညီတောင်းတောင်း လိုက်လျောနေရသည့် အခြေအနေ ဖြစ်နေသည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကို TNLA က စောင့်ကြည့်နေစဉ်
၎င်းက “လိုက်လျောပေးရမှာပဲလေ၊ သူ့မှာ တခြား ဘယ်သူရှိလို့လဲ အဲ့ယူနန်ပြည်နယ်က ထုတ်တဲ့ စာရင်းဇယား တွေကလေ ကျမလည်း တော်တော်အံ့အားသင့်တယ်၊ ယူနန်က ဗီယက်နမ်နဲ့လုပ်တဲ့ ကုန်သွယ်ရေး စာရင်းဇယား နော်၊ ပြီးရင် ယူနန်က လာအိုနဲ့လုပ်တဲ့ စာရင်းဇယား၊ ဗမာပြည်ရဲ့ ၁၀ ပုံ ၁ ပုံလောက်၊ ၅ ပုံ ၁ ပုံ လောက်တွေပဲ ရှိ တယ်။ ဗမာပြည်နဲ့လုပ်တဲ့ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးက နည်းတဲ့စီးပွားရေး မဟုတ်ဘူး။ ဖြစ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ ဗမာပြည်မှာ အားကိုးစရာ တရုတ်ပဲရှိတာကို ဗီယက်နမ်တို့ လာအို့တို့ကျတော့ တခြားနိုင်ငံနဲ့လည်း လုပ် နိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့က ယူနန်ကို ကုန်သွယ်ရေးမှာ ဂရုစိုက်တာပေါ့။ ဗမာပြည်ကျတော့ သူတို့ရဲ့ အသက်ရှူပေါက် ချောင်စရာက ယူနန်ပဲ ယူနန်နဲ့ ဆက်ဆံရေးကောင်းဖို့ပဲ ဖြစ်တာကို။ ဒါကြောင့်မို့လို့ တောင်း သမျှ ပေးနေရသလို ဖြစ်တာပေါ့။ တရုတ်က ဘာအကူအညီ တောင်းတောင်း ပေးနေရသလို ဖြစ်တာပေါ့။ အဲ့တော့ တရုတ်ကလည်း ဒါကြောင့်မလို့ ဗမာပြည်ကြီး အေးချမ်းမှ ငြိမ်းချမ်းမှ ပြည်သူတွေငြိမ်မှ သူတို့ရဲ့ စီမံကိန်းတွေက ကောင်းနိုင်မှာ ဖြစ်တာကို” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တန့်ထားရသည်။
ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၊ တရုတ်၏ စီမံကိန်းများ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လုံခြုံစိတ်ချစေရန် ဆောင်ရွက်ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံတွင် ယခုလမှာ ကျင်းပမည့် ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးကျော်ထက်သည် ရွေးကောက်ပွဲ အနိုင်ရပါက မည်သည့် အရေးကိစ္စများလုပ်ပေး သွားမလဲဆိုသည့်အပေါ် ပြည်သူလူထုက စောင့်ကြည့်နေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလ နောက်ဆုံးအပတ်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပမည်ဖြစ်သည်။
မိမိသည် ပြည်သူ့လွတ်တော်က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ဒေသတွင်း မြို့နယ်အတွက် လိုအပ် ချက်များကို လွတ်တော်ထဲတွင် တိုက်တွန်းဆောင်ရွက် သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

မဲပုံး ချိတ်ပိတ်နေစဉ်
၎င်းက “ကျနော်တို့က ပြည်သူ့လွတ်တော် ဆိုပေမယ်လည်း ဒေသတွင်းက မြို့နယ်အတွက် လိုအပ်ချက်လို့ ပြောရ မှာ ကျနော်တို့ကတော့ ၁၄ ရက်ကွက်ရှိတဲ့ နေရာမှာ ဟိုဘက် ၄ ရက်ကွက်၊ ၅ ရက်ကွက်လောက် က ရေပေါ့၊ ရေဖြူရေသန့် ခက်ခဲတာရှိတယ်။ အစိုးရရဲ့ ဂျိုးဖြူတို့ ဟိုဟာတို့ ဂျိုးဖြုစီမံကိန်း ရေချို၊ ရေသန့် ရရှိဖို့ အတွက်ကို တိုက်တွန်းဖို့လိုတယ်။ ပြီးရင် ကျနော်တို့ဆီမှာ အိမ်ခြေတွေက ထူထပ်များပြားလာတယ်၊ များလာတဲ့ အချိန်အခါမှာ ရွေ့ ပြောင်း အခြေချနေထိုင်သူတွေ အပါအဝင် စစ်ဘေးရှောင်တွေ အပါအဝင် ရောက်ရှိလာတာ လေ့လာ တွေ့ရှိရတယ်ပေါ့။ အဲ့တော့ သူတို့က ဘာလိုအပ်လဲဆိုရင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အငှါးအိမ်ယာတွေ လိုအပ်တယ်။ ပြီးတဲ့အခါကျတော့ ကျနော်တို့ဒေသက ရေတက်တယ်၊ လူတွေရဲ့ စွန့်ပစ်ရေတော့ ငမိုးရိပ်ချောင်းတို့၊ ပုဇွန်တောင်ချောင်းတို့ ဒီပုဇွန်တောင် ချောင်းထဲမှာရှိတဲ့ ရေတွေက အရင်ထက်စာလို့ရှိရင် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိဘူး။ အဲ့လိုဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်မှုတွေ ရှိနိုင်တယ်ပေါ့။ ဒါတွေ ကျနော်တို့ စနစ်တကျလုပ်ဖို့လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၉၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အမည်စာရင်း တင်သွင်းလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

မဲပေးကြစဉ်
ရွေးကောက်ပွဲ အနိုင်ရသွားပြီးနောက် လူထု၏ အကျိုးကို မစွမ်းဆောင်နိုင်၍ လူထုက ပြန်လည် ဖြုတ်ချခွင့်ရှိသော ဥပဒေကို ပြဋ္ဌာန်းနိုင်အောင် ကြိုးပမ်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးအရ ပြောချင်တယ်ဆိုရင်တေ့ ပြည်သူလူထု လိုအပ်တဲ့ ဥပဒေတွေပေါ့ဗျာ၊ ပြည်သူလူထု ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာတို့၊ ပယ်ဖျက်တာတို့၊ လွှတ်တော်ထဲမှာ လုပ်ဆောင်သွားမယ်။ ပြည်သူလူထု အတွက် လိုအပ်တဲ့ ဥပဒေတွေကို အသစ်ပြဋ္ဌာန်းတာ၊ တင်သွင်းတာ၊ မေးခွန်းတွေမေးတာ ဒါတွေ ကျနော်တို့ ဆောင်ရွက်သွားမယ်ပေါ့။ အကြိုက်ဆုံးနဲ့ နောက်ဆုံးပြောချင်တာက လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က မိမိ ဒေသမှာ တာဝန်မကျေဘူးလို့ ထင်လို့ရှိရင် ကိုယ့်ဒေသခံတွေ ကနေပြီးတော့မှ ပြန်လည်ပြီးတော့ ဖြုတ်ချခွင့် ခေါ်ယူ ခွင့်ရှိတဲ့ Right to recall ဥပေဒကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါပြီးသားဖြစ်တယ်။ ဒါပေမယ့် နည်းဥပဒေ မပေါ် သေးဘူး။ ဒါကို နည်းဥပဒေ ပေါ်သည့် လွတ်တော်ထဲမှာ တောင်းဆိုသွားမယ်၊ ပြီးရင် ကျနော် တာဝန် မကျေ ဘူးလို့ လူထုကနေထင်လို့ ဆင်းပေးပါဆိုလို့ရှိရင် ကျနော် ဆင်းပေးမယ် ဆင်းပေးရဲတဲ့ သတ္တိရှိတယ်”ဟု ပြော သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုအတွင်းသာ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ၉၅ ဦး ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 533
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံတွင် လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာမည့် အစိုးရအဖွဲ့၏ ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား အမျိုးမျိုးသော သုံးသပ်မှုများ ရှိနေကြ သည်။
လက်ရှိတွင် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ချက် (၃) မျိုးရှိနေကြောင်း၊ ထိုထဲကမှ ပထမအချက် သည် ဦးသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရန် ဆန္ဒပြင်းပြသည့် အစိုးရမျိုး တက်လာနိုင်ပြီး တိုင်းပြည်ပြန်လည် ကောင်းမွန်သွားနိုင်သည်ဆိုသည့် သုံးသပ်ချက်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ်နှစ်ကတော့ ဦးမင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင် မတက်ဘဲနဲ့ သူကတပ်ချုပ် ဆက်လုပ်နေမယ်။ ပြီးတော့ သူယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စား အစိုးရဦးဆောင်သူအဖြစ် တင်မြှောက်မယ် ဆိုရင် လည်း ဒီဥစ္စာလည်း တစ်နည်းတစ်လမ်းတော့ ကောင်းနိုင်တယ်ပေါ့။ ဒါပေမယ့် ပထမ နည်းလောက်တော့ မကောင်းဘူး။ ဒုတိယနည်းက နည်းနည်းတော့ ကောင်းနိုင်တယ်။ ဒါပေမယ့် စိတ်မချရဘူးပေါ့။ နံပါတ်သုံးကတော့ ဦးမင်းအောင်လှိုင် ကိုယ်တိုင် တက်ပြီးတော့မှ အစိုးရ ဦးဆောင်မှု လုပ်တာပေါ့။ အဲဒီလိုဆိုရင်တော့ သူက တစ်ဖက် ကလည်း တပ်ကို ဆက်ပြီးတော့မှ ကိုင်ထားတယ်၊ တစ်ဖက်ကလည်း အစိုးရကို ဦးဆောင်တယ်ဆိုတော့ ကျနော် တို့ရဲ့ တော်လှန်ရေးဘက်ကတော့ ဆက်ပြီးတော့မှ သွားမှာပဲ။ အများစုကတော့ ကျနော်တို့ တော်လှန်ရေးတွေဟာ ကိုယ့်ကိုယ်ကို ပိုပြီးတော့မှ အားထားရမယ့် အခြေအနေမျိုး ဖြစ်လာတာပေါ့။ အရင်ကလို ကိုယ့်ရဲ့ နိုင်ငံခြား ရောက်နေတဲ့ ပြည်သူက ကူညီထောက်ပံ့တာလည်း လျော့လာတယ်၊ နောက်ပြီး နိုင်ငံခြားအကူအညီလည်း မရနိုင် ဘူး၊ အသိအမှတ်ပြုမှုလည်း မရနိုင်ဘူးဆိုရင်တော့ အများကြီး အကျဉ်းအကြပ်တွေ့မှာပေါ့။ ဒါတွေကို ဦးမင်းအောင်လှိုင် တို့ကလည်း တွက်ဆထားပုံရပါတယ်။ သူအောင်ပွဲရနိုင်အော င်ဆိုပြီးတော့မှလည်း မင်္ဂလာ ပြုတဲ့အနေနဲ့ ဘယ်လာရုစ်သမ္မတကြီးကို ဖိတ်ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စမှာ ပထမနည်းလမ်း ဖြစ်ပါစေ လို့တော့ ဆုတောင်းတာပေါ့။ နှစ်နဲ့ သုံးတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းတာပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
အဆိုပါ အချက် (၃) ချက်ထဲကမှ နောက်ဆုံး အချက်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ အစိုးရနှင့် တပ်မတော် နှစ်ခုလုံးကို ဦးဆောင်သည့် အခင်းအကျင်း ဖြစ်သွားခဲ့ပါက မြန်မာနိုင်ငံသည် ဆက်လက်၍ ရုန်းကန် သွားရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီက အစိုးရဖြစ်ပြီး တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းအပ် မလုပ်နိုင်လျှင် ထိုအစိုးရသစ် နောက်နေ့ ပြုတ်ကျမည် ဖြစ်ကြောင်း၊ ထိုကိစ္စရပ်ကို စံထား၍ ရွေး ကောက်ပွဲမှာ USDP ကို မဲထည့်ရမည်ဟု ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မဲဆွယ်စည်းရုံးစဉ် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အရပ်သားအစိုးရအနေဖြင့် ကျယ်ပြန့်နေသည့် လက်နက်ကိုင်ပဋိပက္ခ များအကြား အုပ်ချုပ်ရေးယန္တရားကို ပုံမှန် ဆောင်ရွက် မကျင့်သုံးနိုင်ပါက တပ်မတော်ကို အာဏာပြန်အပ်နိုင် သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက တွက်ဆထားကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ၌ အများဆုံး အနိုင်ရလေ့ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် လာမည့်ရွေးကောက်ပွဲ၌ မပါဝင်သကဲ့သို့ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီနှင့် သက်ဆိုင်သူများကို ရွေးကောက်ပွဲ မပြီးခင်အထိ လွတ်လပ်ခွင့်ပေးမည်ဟု မမြင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုပ်သင့်တာကတော့ ကျနော်တို့ ပြောစရာမလိုတော့ဘူး။ ဦးသိန်းစိန် လုပ်ခဲ့ပြီးပြီပဲ။ သို့သော်လည်း အခု လောလာဆယ် ဖြစ်နိုင်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်ခဲ့သလိုပဲ ရွေးကောက်ပွဲပြီးတဲ့အခါမှ ဒေါ်စုကို လွှတ်ပေးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ မပြီးခင် လွှတ်ပေးလိုက်ရင် ဒီရွေးကောက်ပွဲက ရုန်းရင်း ဆန်ခတ်များ ဖြစ်သွားနိုင်လား ဒါမှမဟုတ် ပျက်သွားနိုင်လား ဒါမျိုးလည်းဖြစ်နိုင်တာပေါ့။ အခုဆိုရင် ပိုပြီးတော့မှ ဆိုးတာပေါ့။ ဒါကြောင့် အခုလောလောဆယ်ကတော့ ဒေါ်စုနဲ့ NLD ကို ရွေးကောက်ပွဲ မပြီးခင်မှာ ဘာမှ လွတ်လပ် ခွင့် ပေးမယ်လို့ မမြင်ကြဘူး။ အခုရွေးကောက်ပွဲကတော့ ဘယ်နည်းနဲ့မဆို တပ်မတော်က ဦးဆောင်တဲ့ပါတီက အနိုင်ရဖို့က သေချာပေါက်ပေါ့။ ယုံမှားစရာမရှိဘူး” ဟု ပြောသည်။
ယခင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ဦးသိန်းစိန်ဦးဆောင် သည့် အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေး ခဲ့သလို နိုင်ငံရေး အပြောင်းအလဲများလည်း များစွာရှိခဲ့သည်။
လာမည့် ရွေးကောက်ပွဲ ပြီးနောက်တွင် ထိုအခင်းအကျင်းမျိုး ဖြစ်ပေါ်လာစေရန်လည်း စစ်ရေးနှင့်နိုင်ငံရေးအကဲ ခတ်များက မျှော်လင့်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 305
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
အဂတိလိုက်စားမှု မရှိစေရေး သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်ပြီး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားတွင် ၎င်းက Video Message ပေးပို့၍ ပြောကြားခဲ့သည်။
အဂတိလိုက်စားမှုကို လုံးဝ လက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သော အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ ဟန်ချက်ညီညီ ချဉ်းကပ်ပြီး အလေးထား ဆောင်ရွက်သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ အများအကျိုးဆောင်ရွက်ခြင်းနဲ့ ကိုယ်ကျိုးရှာခြင်းတို့အကြား မှန်ကန်စွာ ခွဲခြားနိုင်စေရေးနဲ့ အကျင့်ပျက် ခြစားမှုတွေ မရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ ပြည်သူလူထု အားလုံးက ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့” ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များကို သွေဖည်၍ အဂတိလိုက်စားမှု ကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမှာဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
သတင်းမီဒီယာသမား တစ်ဦးက “ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ မီဒီယာသမားတွေနဲ့ ပြည်သူလူထု ပူးပေါင်းဖို့ ပြောတာ ကောင်းပါတယ်။ ထောက်ခံ ကြိုဆိုပါတယ်။ အဓိက တကယ် အရေးယူ ဆောင်ရွက်ပေးမယ့် လွတ်လပ် တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့ရမယ်။ အခု မြန်မာပြည်မှာ ဖွဲ့ထားတဲ့ အဖွဲ့က ရုပ်ပြသက်သက်ပါ။ နောက်တစ်ခုက မီဒီယာသမားတွေက ဘယ်သူ အဂတိလိုက်စားတယ်၊ ဘယ်သူနဲ့ဘယ်သူ ဘယ်လို လာဘ်ပေး လာဘ်ယူလုပ်ပြီး စီးပွားရေးနဲ့ အခွင့်အလမ်းကို ရှာသွားတယ် သိကြပါတယ်။ ဒါကို ထောက်ပြ ရေးသားရင်တောင် အရေးယူမှု မရှိတဲ့အခါကျတော့ ဘာမှ အရာမရောက်ဘူးလေ။ အောက်ခြေကို ထိတွေ့ပြီး တကယ်လိုက်စုံစမ်း အရေးယူမယ်ဆိုရင် ပြည်သူလူထုက သတင်းပေးချင်တာမှ ပြည့်နေတာပဲ၊ မီဒီယာသမားကလည်း ပြောပြလိုက် ချင်တာမှ အဆင်သင့်ပါပဲ။ တကယ် ပြောတဲ့အတိုင်း အလုပ်လုပ်ဖို့လိုပါတယ်။ အလုပ်နဲ့ပဲ အရင် သက်သေပြလိုက် ပါ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် အလွန်ကြီးထွားနေပြီ နိုင်ငံ၏ လူမှုဘဝနှင့် စီးပွားရေးကိုပါ ထိခိုက် ပျက် စီးလာခဲ့သည်။
အစိုးရဝန်ထမ်းများနှင့် ဌာနဆိုင်ရာများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် အရေးယူ ပြသင့်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 998
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း စာရင်းမှ ဦးတင်ထူးအောင်သည် ပယ်ဖျက်ခံရကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတစ်ခု မှ CNI သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
၎င်းအား ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ စာပေးပို့ အကြောင်းကြားထားခြင်းဖြစ်သည်။
ထို ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် ဦးတင်ထူးအောင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် အမှတ် (၁) တွင် လေဘာပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်လည်း ပါဝင်သည်။
၎င်းတို့ နှစ်ဦးသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC မှ ပေးပို့သည့် စာအရ သိရသည်။

ပုဒ်မ ၁၀(ဎ) ဆိုသည်မှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့အစည်း ဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသူသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟူ၍ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ဦးတင်ထူးအောင်သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ရခိုင်တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားပြီးမှ ယခုကဲ့သို့ ပယ်ဖျက်ခံလိုက်ရခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ငြိမ်းချမ်းရေး အကျိုးဆောင် ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇ ဦးတို့က ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယခုအခါမှာမူ ၆ ဦး သာ ဝင်ရောက်ယှဉ်ပြိုင်မည့် အနေအထားဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 898
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
တပ်မတော်အနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းမကြီးအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။
မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် အဓိက နေရာများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိသည်။
မန္တလေး -လားရှိုး- မူဆယ် ကားလမ်းမကြီးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ပြုသည့် အဓိက လမ်းမကြီးဖြစ်ရာ လက်ရှိအချိန်တွင် MNDAA၊ KIA၊ TNLA အဖွဲ့အစည်းတို့ လှုပ်ရှားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းမှာ ရပ်တန့်ထားရသည်။
TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် ထိုလမ်းမကြီးရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် နောက် အဆင့်များအနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-မဲခေါင်သတင်း)
၎င်းက “ဒါကတော့ တစ်ဆင့်ချင်း သွားမယ်နဲ့တူပါတယ် (Step By Step) ပေါ့၊ အောက်တိုဘာ ၂၉ မှာရတဲ့ သဘော တူညီချက်က နိုဝင်ဘာ ၂၉၊ ၃၀ မှာ အပြီး ဆောင်ရွက်တယ်၊ နောက်အဆင့်တွေ ရှိအုံးမယ်ထင်တယ် ကျနော် ထင်တာ။ နောက်အဆင့်တွေက မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပြန်ပွင့်ဖို့အတွက် တပ်ချရမယ့် တပ်ထိုင်ရမယ့် ကိစ္စတွေ နောက်ပိုင်းမှာ သူနယ်မြေအတွက် ပူးပေါင်းပါဝင်ရမယ့်ကိစ္စတွေ တဖြေးဖြေး တဆင့်ပြီး တဆင့် လာမယ်လို့တော့ ကျနော် ယူဆတယ်။ မဖြစ်ဖြစ်အောင်တော့ ဖွင့်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ ကိုးကန့် နဲ့လည်း ညှိထားပြီးပြီလေ၊ “ဝ”ဆိုတာလည်း နဂိုထဲက တပ်မတော်ရဲ့ မဟာမိတ်ဖြစ်နေတယ်။ တရုတ်ကလည်းပဲ လမ်းဖွင့်ဖို့က ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့နဲ့ အလုပ်တွေ ဆက်စပ်ဖို့က ဒီလမ်းက အရေးကြီးနေတဲ့ အခါကျ တော့ တရုတ်ရဲ့ (Interest) ရော၊ ဗမာပြည်ရဲ့ (Interest) ရော၊ တပ်မတော်ရဲ့ အကျိုးစီးပွားရော အားလုံး ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဟာတွေ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။
မန္တလေး - မူဆယ် ကုန်သွယ်ရေး လမ်းမကြီး အနေဖြင့် မကြာမီ ပြန်ပွင့်လာနိုင်ကြောင်း၊ စီးပွားရေးကဏ္ဍ အနေဖြင့် တစ်စုံတစ်ရာ အသက်ရှူ ချောင်နိုင်ခြေရှိသည်ဟု တရုတ်- မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ထွက်လာတဲ့ ကုန်ကားကို TNLA က ကြည့်နေစဉ် (ဓာတ်ပုံ-မဲခေါင်သတင်း)
၎င်းက “ပြန်ပွင့်ကောင်းပွင့်မယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အခု တရုတ်က သူ့နယ်စပ်ဂိတ်တွေ အကုန်ဖွင့်ပေးလိုက် တာကို၊ KIA ဘက်မှာလည်း သူတော်တော် ဖွင့်ပေးလိုက်ပြီ။ ၅ ဂိတ်စလုံး ဖွင့်ပေးလိုက်တယ်။ အဲ့တော့ ခုနက ကျမ ပြောတဲ့ ယူနန်ပြည်နယ်ရဲ့ Strategy မှာလည်း ဒါတွေပါတယ်။ ဒီနယ်စပ်ဂိတ်တွေ ကနေပြီးတော့ ဗမာပြည်တွင်း က စက်မှုလက်မှု Value added လို့ ခေါ်တာပေါ့နော်။ တန်ဖိုးမြှင့်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ယူနန်ပြည်နယ် ဘက်ကို သယ်ပြီး ယူနန်ပြည်နယ်မှာ စက်ရုံတွေဘာတွေ ဆောက်ပြီးတော့ ဒါကို ပိုပြီးတော့ အဆင့်မြှင့်တဲ့ဟာတွေ လုပ်ရေး ဘာရေး အများကြီးပဲဗျာ၊ သူ့ရဲ့ Strategy မှာပါတယ်။ ဒါပေမယ့်လို့ ကျမကြည့်တာ တစ်စုံတစ်ရာတော့ စီးပွားရေးအရ နည်းနည်း အသက်ရှူတော့ ချောင်ရင်ချောင်သွားမယ်၊ သို့သော်လည်း ဒီစစ်တပ်ရဲ့ အခြေခံ စိတ်နေ စိတ်ထားကိုက ပြည်သူလူထု အကျိုးအတွက် လုပ်တာမဟုတ်တော့ အခုကြားနေရသလိုပဲပေါ့ဗျာ လက်လီ/ လက္ကားကိစ္စ ဘာကိစ္စ ညာကိစ္စနဲ့ လူထုရဲ့ မကျေနပ်မှုနဲ့ကတော့ ဘာမှသိပ်ထူးခြားမယ်လို့ မထင်ဘူးဗျ။ လတ်တ လော အားဖြင့် စီးပွားရေးလေးဘာလေး တစ်စုံတစ်ရာ တည်ငြိမ်သွားတာလေးတော့ ဖြစ်ချင်ဖြစ်နိုင်တာပေါ့ဗျာ” ဟု ပြောသည်။
တပ်မတော်အနေဖြင့် မန္တလေး- မူဆယ်လမ်းမကြီးအား ထိန်းချုပ်နိုင်ခြင်းသည် ရှမ်းမြောက်ဒေသ တစ်ခုလုံးကို သာမက တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကို တရုတ်နှင့်တပ် မတော်ဘက်က ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီထားသည်။
သို့သော်လည်း TNLA က ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကုန်ကားများကို အခွန်ကောက်လိုကြောင်း သဘော ထား ရပ်တည်ထားပြီး တရုတ်နှင့်တပ်မတော်ဘက်က အခွန်ကောက်ခွင့် မပြုလိုကြောင်း သဘောထား ရပ်တည် ထား၍ ညှိနှိုင်းနေဆဲဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 538
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားများသည် ပြည်သူလူထု အများစု၏ အသံများကို နားထောင်နိုင်စွမ်း လျော့နည်းပြီး ၎င်းတို့ ပြောချင်ရာနှင့် လုပ်လိုရာများကိုသာ လူထုကို နားထောင်ခိုင်းခြင်းကြောင့် လူထု၏ ယုံကြည်မှုနှင့်အားကိုးမှုများ ဆုံးရှုံးလာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ များက ထောက်ပြကြသည်။
နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနား နီးလာသောအခါမှသာ ပြည်သူလူထုအား တွေ့ဆုံ၍ လူထုသဘောထားကို အနည်းငယ်သာ နားထောင်ကြောင်း၊ သို့သော် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်အမတ် ဖြစ်သွားသည်ဖြစ်စေ မဖြစ်ဘဲ ဖြစ်စေ ပြည်သူလူထု၏ အသံကို လာရောက်နားထောင်မှု မရှိ တော့ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ဆန့်ကျင်ဘက် ခွဲခြားမှုများနှင့် သည်းခြေကြိုက် နိုင်ငံရေးများကို ကျော်လွန်ပြီး ရွေးချယ်စရာ အယူအဆအမျိုးမျိုး ဖြစ်ထွန်းပေါ်ပေါက်သည်ထိ တရွေ့ရွေ့ ချီတက်ရမည့် ခရီးရှည်ကြီးတစ်ခု ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
နိုင်ငံရေးသမားများ နားထောင်နိုင်စွမ်း လျော့နည်းသည်ဆိုသည့် ပြဿနာပေါ်လာသည်က မြန်မာနိုင်ငံတွင် တံခါး ပိတ်ဝါဒ ကျင့်သုံးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

PP ပါတီ မဲဆွယ်နေစဉ်
၎င်းက “အန်တီတို့နိုင်ငံမှာက များသောအားဖြင့်က နိုင်ငံရေးယဉ်ကျေးမှုက ကျောင်းပညာရေးမှာ ငယ်ငယ်ထဲက နိုင်ငံရေး ယဉ်ကျေးမှုရဲ့ ကောင်းတဲ့လက္ခဏာတွေ နိုင်ငံရေး ယဉ်ကျေးမှုကောင်းတစ်ခုဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေ ကို လေ့ကျင့်ပေးတဲ့ ကျောင်းတွေလည်း ကောင်းကောင်းမွန်မွန် သိပ်မရှိခဲ့ဘူး။ အထူးသဖြင့် နိုင်ငံရေးလောကမှာက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ အများကြီး ထွန်းကားခဲ့တယ်။ အဲ့လိုပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ် ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးသမားတွေ သည်းခံနိုင်စွမ်း မရှိတဲ့ကိစ္စက ပေါ်လွင်ထင်ရှားမှု မရှိခဲ့ဘူး။ အရင်တုန်းက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာခဲ့တဲ့ အချိန်ကစပြီးတော့ နိုင်ငံရေးသမားတွေက ပြည်သူလူထု ရဲ့ အသံတွေကို နားထောင်နိုင်စွမ်း လျော့နည်းတယ်ဆိုတာကို တွေ့လာရတယ်။ အန်တီတို့ နိုင်ငံက တံခါးပိတ် ဝါဒကို ကျင့်သုံးခဲ့တာ ဒါရာစုနှစ် သုံးစုနီးပါး တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့တာ ဖြစ်တဲ့အတွက် အကျိုးဆက် အနေနဲ့ နိုင်ငံရေးသမားတွေပဲ နိုင်ငံကို အုပ်ချုပ်မင်းလုပ်တဲ့ လူတွေမှာလည်းပဲ ဒီလိုနားထောင်နိုင်စွမ်း အထူးသဖြင့် ပြည်သူလူထု အများစုအပေါ်မှာ နားထောင်နိုင်စွမ်း လျော့နည်းတယ်ဆိုတဲ့ ပြဿနာပေါ်လာတာ အခုတော့ ရွေးကောက်ပွဲ နား နီးလာတော့ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့ ကာလဖြစ်နေ တော့ ဒါတွေက ပိုပြီးတော့ ထင်ရှားလာတဲ့ သဘောမှာ ရှိနေတယ်”ဟု ပြောသည်။
ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင်များ ပြည့်ဝစေရန်အတွက် ပြည်သူလူထု ကိုယ်တိုင်က ကြိုးစားဖြည့် ဆည်းကြရန်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် နိုင်ငံရေး အသိအမြင် မှန်ကန်ရေး၊ ကြွယ်ဝ ပြည့်စုံရေး ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် မိမိတို့ အကျိုးစီးပွား တစ်ခုတည်းအတွက် ဆောင်ရွက်ရာ ရောက်မည်သာမက နိုင်ငံတော်၏ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သော နိုင်ငံရေးစနစ် ပေါ်ပေါက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာလည်း ရောက်မည်ဖြစ်သည်။
နိုင်ငံရေးသမားများသည် ကိုယ်ဖြစ်ချင်တာကို လုပ်နေပြီး သူများကို အလှည့်မပေးခြင်း၊ ငါနှင့်မတူ ငါ့ရန်သူဟု သ ဘောထားသည့် တဖက်ပိတ်နေသည့် လစ်ဘရယ် အရေခြုံများဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်နေကြစဉ်
၎င်းက “နိုင်ငံရေးသမား နားထောင်တဲ့ အလေ့အကျင့်ရှိမရှိ ဆိုတာကတော့ အဓိက ကိုယ်ဖြစ်ချင်တာကိုပဲ လူတွေက လုပ်နေကိုင်နေတော့ သူများကို အလှည့်မပေးဘူး၊ လေးစားမှု မရှိဘူးဆိုတဲ့ သဘောပေါ့။ အဲ့ဒီလက္ခဏာကို အခုဒီ NUG နဲ့ PDF တွေမှာ သွားတွေ့ရတယ်။ အဲဒီက ဘာလဲဆိုတော့ ပေါ်တင်ကြီး ပြောနေကြတာတွေ ကြားနေမရှိဘူး။ ရန်သူနဲ့ မိတ်ဆွေရှိတယ်၊ ကြားနေတဲ့လူရဲ့ အသံကို နားမထောင်ဘူး။ လက်မခံနိုင်ပဲနဲ့ ဟိုဘက်ကလား ဒီဘက်က လားဆိုတာ ပြောတာပေါ့။ ဒါက အဓိက ဒါကိုသွားပြနေတာ ပြောရမယ်ဆိုရင် လစ်ဘရယ် သမားတွေ မထွန်းကား ဘူး။ သူတို့ပြောနေတဲ့ လစ်ဘရယ်၊ လစ်ဘရယ် အစစ်မဟုတ်ဘူး၊ ဒီလူတွေက တဖက်ပိတ်နေတဲ့ လစ်ဘရယ် အရေခြုံတွေ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားတဲ့ သူတွေက ဘယ်လိုလုပ် လစ်ဘရယ် ဟုတ်မလဲ။ အဲ့ဒီ စိတ်ဓာတ်ကြောင့် ပါတီတွေကွဲ များတာ။ စကားနားမထောင်ဘူး။ ငါ့စကားပဲ နားထောင်ရမယ်၊ မင်းအယူအဆ ငါလက်မခံဘူးဆိုတဲ့ National character ကြီးလို ဖြစ်လာတယ်ပေါ့။ အဓိကတော့ ပုဂ္ဂိုလ်ရေး အဓိကထားလို့ ဖြစ်တာ။ နောက်ပြီးတော့ သည်းညင်းမခံလို့ လစ်ဘရယ်အတုမို့လို့ အဲ့လိုဖြစ်တာ”ဟု ပြောသည်။
ယခုလို ပါတီစုံကျင့်သုံးသည့် ဒီမိုကရေစီခေတ်ကျမှ တစ်စိတ်ရှိ အမျိုးသားနိုင်ငံရေးဆိုသည့် စကားလုံးများနှင့် ၎င်းတို့သာလျှင် မြန်မာနိုင်ငံကောင်းစားရေးကို ကိုယ်ကျိုးစွန့်လွှတ် လုပ်ဆောင်နေသယောင် ပုံဖော်နေကြသည် ကိုလည်း သတိထား ဆင်ခြင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် လူထု မဲဆွယ်စည်းရုံးရေး များ ပြုလုပ်လျက်ရှိနေသည်။ ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် လူထုနှင့် ကင်းကွာသွားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 719
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
အမေရိကန်နိုင်ငံဘက်မှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရှုမြင်မှု ထွက်ပေါ်လာသော်လည်း တရုတ်အနေဖြင့် မြန်မာ့တပ်မတော်သည် အနောက်အုပ်စုဘက် ပါသွားမှာကို မစိုးရိမ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့်အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာသည့် တိုးတက်မှုများကို တွေ့ရသည်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံသားများအတွက် ပေးထားသော ယာယီနေထိုင်ခွင့် (TPS)ကို ရုပ်သိမ်းကြောင်း အမေရိကန်၏ အမိမြေလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်မှ ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ရာဇသတ် ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ကြားနာစစ်ဆေးဆဲ အမှုများအား ပိတ်သိမ်းကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမေရိကန် ၏ ထင်မြင်ချက်ကို ထောက်ခံသည့်သဘော ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ် ကြသည်။

မြန်မာနဲ့ အမေရိကန် အလံကို တွေ့ရစဉ်
အမေရိကန်က ၎င်းအကျိုးစီးပွားအတွက်ကြောင့် TPS ကို ရုပ်သိမ်းခြင်း ဖြစ်သည့်အတွက် မြန်မာ့တပ်မတော် သည် အမေရိကန်နှင့် အနောက်နိုင်ငံအုပ်စုဘက်သို့ ပါသွားမည်ကို မစိုးရိမ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကလည်း အဲဒီလောက်ကြီး မအ ဘူးလေ။ ခုနက ပြောသလို သူလည်း သဘောပေါက်တယ်။ ဘာကြောင့်တုန်းဆို ထရမ့်က အခုမြန်မာနိုင်ငံမှာလုပ်တဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ် ဆိုတာမျိုးကြ မပြောဘူး။ ရွေးကောက်ပွဲကို ထောက်ခံပါတယ်။ ရွေးကောက်ပွဲက မှန်တယ်။ ဒီမိုကရေစီ ပြန်သွားဖို့အတွက် အရေးကြီးတယ် ဘာညာဆိုတာမျိုးပေါ့။ အဲဒါမျိုးက မပြောဘူး။ တရုတ်တို့ ဟိုဟာတို့ ပြောသလိုမျိုး မပြောဘူး။ သူက သူ့ အကျိုးစီးပွားအတွက် သူပိတ်ချင်လို့မို့လို့ အကြောင်းပြချက် တစ်ခုအနေနဲ့ အခြေအနေက ပုံမှန်ဖြစ် သွားပြီ။ ဒါကြောင့် စကစ,က အမေရိကန်နောက် လိုက်သွားလိမ့်မယ်။ အနောက် ပါသွားလိမ့်မယ်လို့လည်း သူ မစိုးရိမ်ဘူး။ သူက တထစ်ချ ယုံကြည်ပြီးသား။ သူ့ကို မချစ်သော်လည်း အောင့်ကာနမ်း ပေါင်းနေပေမယ့် ဒီကောင် ဘယ်တော့မှ အမေရိကန်နဲ့ တည့်မှာမဟုတ်ဘူးဆိုတာ သူကသိပြီးသား။ ဒါကြောင့်မို့လို့ သိပ်ပြီးတော့ စိတ်မပူဘူး” ဟု ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရန် ကြိုးစားနေသည့် သဘောရှိ ကြောင်း၊ တပ်မတော် အနေဖြင့် အမေရိကန်၏ လှုပ်ရှားမှုအပေါ် တစ်ပြိုင်နက် အပြုသဘောပြသည့် လှုပ်ရှားမှုမျိုး လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၌ တော်လှန်ရေး အင်အားစု များကို အမေရိကန် ပါဝင်သည့် အနောက်အုပ်စုမှ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး တပ်မတော်နှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင်များအကြား ပြေလည်စေရန် တရုတ်က ကြားဝင်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
တရုတ်သည် မြန်မာမြေပေါ်တက်၍ မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်နေသဖြင့် အမေရိကန်ဘက်မှ ထိုသို့ ပြောဆို လာမှုအပေါ် ဂရုမစိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်က ဘာမှမရှိပါဘူး။ ဒီလောက်နဲ့ တရုတ်က မပျော့ဘူး။ တရုတ်ကတော့ ကိုယ်တိုင်ကိုယ်ကြ ဝင်နေ တာကို။ ကျောက်ဖြူကိစ္စ၊ လားရှိုးကိစ္စ တရုတ်က ဗမာမြေပေါ်မှာကို တက်ပြီးတော့ ခြယ်လှယ်နေတဲ့ အခါကြတော့ အမေရိကန်ရဲ့ ဒီလောက် လေသံလောက်လေးကိုတော့ တရုတ်က ဂရုမစိုက်ပါဘူး။ သူ့အလုပ် မပျက်ပါဘူး” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည်ဖြစ် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1704
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် စစ်ကိုင်းတိုင်းကို သိမ်းပိုက်ရယူနိုင်ခြင်းအပြင် အခြား မည်သည့် မဟာဗျူဟာများ ရှိသေးလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
လက်ရှိတွင် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည် ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်၊ ရွှေပြည်အေး၊ ခမ်း ပတ် စသည့် မြို့နယ်များကို KIA-PDF က ထိန်းချုပ်ထားပြီး ထိုမှတဆင့် ဟုမ္မလင်း၊ ကသာ၊ ဖောင်းပြင်၊ ထီးချိုင့်၊ ကောလင်း စသည့်မြို့များကို ဆက်လက် တိုက်ခိုက်နိုင်သည့် အခင်းအကျင်းတွင် ရှိနေသည်။
ဟုမ္မလင်းမြို့ကို ထိန်းချုပ်နိုင်ပါက KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တစ်ကြောလုံးကို ထိန်းချုပ်သွား နိုင်မည်ဖြစ်သလို ကသာမြို့အား ထိန်းချုပ်နိုင်ပါက ကောလင်း၊ ထီးချိုင့်၊ ကန့်ဘလူကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်း လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
KIA သည် စစ်ကိုင်းတိုင်း အဆင့်လောက်နှင့် ရပ်တန့်မသွားနိုင်ဘဲ ချင်းနှင့်ရခိုင်တို့မှတဆင့် အိမ်နီးချင်းနိုင်ငံ သာမက အနောက်နိုင်ငံတို့ဖြင့်ပါ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးများအထိ လုပ်ဆောင်နိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

KIA သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းထဲက မြို့တွေကို ပြသထားစဉ်
၎င်းက “သူက စစ်ကိုင်းတိုင်းကို ထိန်းနိုင်မယ်ဆိုရင် တစ်ဖက်ကလည်း အိန္ဒိယနဲ့ ပိုနီးသွားတာပေါ့။ အိန္ဒိယနဲ့ ပိုနီး ရုံတင် မကဘူး။ စစ်ကိုင်းတိုင်းကနေတဆင့်၊ ချင်းကနေတဆင့်၊ ရခိုင်ကနေတဆင့် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ ရော၊ နိုင်ငံခြား ဆက်သွယ်ရေးမှာရော သူ့အတွက် ကောင်းသွားနိုင်တာပေါ့။ သူလည်း ကုန်းတွင်းမှာ ပိတ်မိနေတဲ့ ပြည်နယ်တစ်ခုပဲ ရှမ်းလိုပဲပေါ့။ အဲဒါကြောင့် စစ်ကိုင်းတိုင်းလောက်နဲ့ပဲ သူပြီးမယ်လို့ မထင်ပါဘူး။ ဆက်ပြီးတော့ ဆက်သိမ်းမယ်လို့ မဆိုဘူးပေါ့။ ဒါပေမယ့်လည်း ဆက်ပြီးတော့မှ ဆက်ဆံရေး အဆင်ပြေအောင် ဩဇာလွှမ်းမိုး နိုင်အောင်တော့ ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စတွေက KIA က သူက ကျွမ်းကျင်တာက ဒီလိုမျိုး နိုင်ငံရေးကိစ္စမှာ သူက သတိရှိရှိနဲ့ ရိုးရိုးလုပ်ရုံတင်မကဘူး၊ သံတမန်ရေးရာမှာလည်းသူက ကျနော်တို့ အများအား ဖြင့် ကျွမ်းကျင်တယ်လို့ ပြောလို့ရတာပေါ့။ အဲဒါကြောင့်မို့လို့ ဒီသံတမန်ရေးမှာ ကျွမ်းကျင်တယ်ဆိုရင် တစ်ဖက် တရုတ်ကိုလည်း ဒီဆက်ဆံရေးမှာ ဆက်လက် ထိန်းသိမ်းထားပြီးတော့မှ အိန္ဒိယတို့၊ အမေရိကန်တို့ တခြားနိုင်ငံ တွေနဲ့လည်း ဆက်လက်ပြီးတော့မှ ဆက်သွယ်နိုင်တယ်ဆိုရင် သူ့ရဲ့အခြေအနေကလည်း ကောင်းနိုင်တာပေါ့။ ကျနော်တို့ဆိုရင် ကချင်ကို မနာလိုဖြစ်မယ့်အစား အားကျပြီးတော့မှ သူ့နည်းသူ့ဟန်ကို အတုခိုးဖို့ သင့်ပါတယ်။” ဟု ပြောသည်။
KIA သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးထဲက တော်လှန်ရေးအင်အားစုများကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ လိုအပ်သည့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲများ ဖော်ဆောင်၍ မြို့များ သိမ်းပိုက် ထိန်းချုပ်လျက် ရှိနေသည်။
KIA သည် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ NLD အစိုးရကို ဖြုတ်ချ လိုက်ခြင်းကြောင့် ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ အင်အားကို ပိုမို ကြီးထွားအောင် တည်ဆောက်နိုင်ခဲ့သလို ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးကနေ ဆက်စပ် နယ်မြေတွေကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အိန္ဒိယနယ်စပ် ထွက်ပေါက် ၂ ပေါက်ရှိကာ တစ်ပေါက်သည် တမူး-မိုရေးဖြစ်ပြီး ကျန်တစ်ပေါက်သည် ပန်ဆောင်(နာဂဒေသ)ထွက်ပေါက် ဖြစ်သည်။
ထိုထွက်ပေါက် ၂ ပေါက်အနက် တမူး-မိုရေး နယ်စပ်ထွက်ပေါက် ရရှိရေးအတွက် ကူကီး၊ PDF တို့ကို လက်နက် ခဲယမ်း ထောက်ပံ့ပေးပြီး အကောင်အထည်ဖော်နေသလို ပန်ဆောင်(နာဂဒေသ)ထွက်ပေါက်ကိုတော့ NSCN-K/YA နှင့် NSCN-K/AM အဖွဲ့ကို စည်းရုံးခြင်း နည်းလမ်းဖြင့်လည်းကောင်း အရှေ့နာဂအမျိုးသားများ ကာကွယ်ရေး တပ်မတော် (ENDA/ENNO)ကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း အကောင်အထည် ဖော် လျက် ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၂၀၀၈ အခြေခံဥပဒေက ပေးထားသည့် နယ်မြေဒေသ ထက် ကျော်လွန်သိမ်းပိုက်ပြီး မိမိကိုယ်ပိုင်ဒေသအဖြစ် လုပ်ဆောင်လာမည်ဆိုပါက TNLA ကြုံရသကဲ့သို့ အချင်း ချင်း သွေးကွဲခြင်းများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်မြေတွေ သိမ်းပြီးတဲ့အခါကြတော့ အဲဒီနယ်မြေတွေ သူတို့ဒေသ သူတို့ ပြည်နယ်ဆိုပြီးတော့ အဲဒီလို သိမ်းပိုက်မယ်ဆိုရင် အဲဒီပုံစံမျိုး လက်တွေ့ ကျင့်သုံးလာမယ်ဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ကာလက TNLA ကြုံရတဲ့ဟာမျိုးပေါ့။ အချင်းချင်း သွေးကွဲတာတွေ ဖြစ်လာနိုင်တာပေါ့။ အမှန် က ဒီဟာတွေက ၂၀၀၈ အခြေခံဥပဒေမှာ သတ်မှတ်ထားတယ်။ ယေဘူယျအားဖြင့် မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်သူ အများစုကလည်း ဒီဒေသ၊ ဒီဒေသဆိုပြီးတော့ အခြေခံဥပဒေက သတ်မှတ်ထားတဲ့အတိုင်း ကိုးကန့်ဒေသ၊ ပလောင်ဒေသ၊ KIA က ကချင်ဒေသ ကချင်ပြည်နယ် စသဖြင့် လက်ခံထားပြီးသား ဖြစ်တာကို။ ဖြစ်တော့ သူတို့က အဲဒီဘက်မှာ နယ်မြေတွေ သိမ်းပိုက် ရရှိခဲ့လို့ရှိရင်လည်း TNLA မှားခဲ့တဲ့ အမှားမျိုး ကျူးလွန်လို့ရှိရင် အချင်းချင်း ပဋိပက္ခတွေ ပြန်ပြီးပြင်းထန်လာနိုင်တာပေါ့။ ဘာလို့ဆို သူတို့ကကြတော့ ညီနောင်သုံးဖွဲ့က AA, MNDAA, TNLA ရယ်က ဖက်ဒရယ်စနစ်ကို မပြောဘူး။ သူတို့ဒေသ သူတို့ သိမ်းပိုက်ပြီး အုပ်ချုပ်ခွင့်ရရင် “ဝ” လို သူတို့က သွားချင် တာ။ တစ်ပါတီ၊ တပ်မတော်တစ်ရပ် သဘောမျိုးနဲ့ သွားချင်တာ ဖက်ဒရယ်စနစ်ကို လက်ခံတယ်လို့ မပြောဘူး။ KIA ကလည်း အရင်ကတော့ လက်ခံမလို သဘောထားရှိပြီးတဲ့ အခါကြတော့ NCA စာချုပ်ကို ဝင်ဆွေးနွေးခဲ့တဲ့ ပွဲတွေမှာ ပါခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း သူ လက်မှတ် မထိုးတော့ဘဲ နှုတ်ထွက်သွားတဲ့အခါမှာ အခုလို ၁၀၂၇ စစ်ဆင်ရေးကြီးနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေအောက်မှာ သူလည်း သဘောထား ပြောင်းသွား နိုင်တာပေါ့။ အဲဒီတော့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်၊ တစိုက်မတ်မတ် စွဲကိုင်ထားတယ်ဆိုရင်တော့ NUG, PDF တွေနဲ့ ဆွေးနွေးရတာ မခက်ဘူးပေါ့။ ပြဿနာ သိပ်ကြီးကြီးမားမား မရှိနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KIA ၏ စစ်ကိုင်းတိုင်းဒေသကြီး ထိန်းချုပ်နိုင်ရေးအတွက် အတားအဆီး ဖြစ်နေသည်မှာ ရှမ်းနီလူမျိုး များနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
KIA သာ စစ်ကိုင်းတိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်မည်ဆိုပါက ၎င်း၏ အင်အားသည် ယခုထက် ပိုမိုကျော်လွန်ကာ အားကောင်းသွားနိုင်သဖြင့် KIA ၏ မဟာဗျူဟာနှင့် နည်းဗျူဟာသည် စစ်ကိုင်းတိုင်းဒေသကြီးကို လက်တွေ့ ထိန်းချုပ်နိုင်ရေး အကောင်အထည် ဖော်နိုင်မလားကိုမူ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်နေကြ သည်။
