
- By CNI
- Category: နိုင်ငံရေး
- Hits: 463
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာနိုင်ငံအနေဖြင့် အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံကြားထဲတွင် ရှိနေသည့်အတွက် တိုင်းရင်းသား အင်အားစု အချို့ကိုဖယ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသွားရန် မဖြစ်နိုင်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။
ဒေါက်တာညိုညိုသင်းက “မြန်မာနိုင်ငံမှာက တိုင်းရင်းသားပေါင်းစုံရဲ့ ညီညွတ်ရေးကို မရဘူးဆိုရင် မြန်မာ့နိုင်ငံရေး အခြေအနေက ကောင်းမွန်လာဖို့ခက်ခဲတယ်။ ဒါကြောင့် တိုင်းရင်းသားပေါင်းစုံက စည်းလုံးညီညွတ်ရေးရဖို့ သိပ် အရေးကြီးတယ် ဒီနိုင်ငံအတွက်လေ။ တိုင်းရင်းသားတွေကို ချန်ထားပြီးတော့ တကယ့် အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံက အင်မတန် အားကောင်းတဲ့ အင်အားကြီးတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြားထဲမှာ နေရတာဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသား အင်အားစုအချို့ကို ဖယ်ထားပြီးတော့ ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသွားဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့က တော်တော်ကို စိတ်ရှည်သည်းခံ ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခုထက်ပိုပြီး အားစိုက်လုပ်ဆောင်သင့်တယ်။ အင်မတန်လည်း အရေးကြီးတယ်” ဟု ပြောသည်။
တိုင်းရင်းသား မျိုးနွယ်စုကိုတွေ့ရစဉ်
မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းထားကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးကြီး ၈ မျိုးနှင့် မျိုးနွယ်စုကွဲပေါင်း အပါအဝင် စုစုပေါင်း ၁၃၅ မျိုးဖြင့် စုဖွဲ့ထူထောင်ထားခြင်း ဖြစ်သည်။
ထိုသို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ ထူထောင်ထားသော နိုင်ငံဖြစ်သည့်အတွက် အားလုံးက တန်းတူညီတူ ဖြစ်ရမည် ဖြစ်သော်လည်း နိုင်ငံကို အုပ်ချုပ်နေသူများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကြောင့် တိုင်းရင်းသားများကြား စိတ်ဝမ်းကွဲကာ မညီညွတ်မှုဘက်ကို ဦးတည်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ခေတ်အဆက်ဆက် အစိုးရလက်ထက်များတွင် တိုင်းရင်းသားအင်အားစုများ၏ ရသင့်ရထိုက်သော အခွင့်အရေး များကို မရခဲ့ကြသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များမှ လက်နက်ကိုင်ကာ တိုက်ပွဲဝင်၍ ၎င်းတို့၏ အခွင့်အရေး များအား ရယူနေကြခြင်းဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
ထို့ပြင် ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအတိုင်းသာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကာ ထိုသို့ တစ်ဖက်သတ် လုပ်နေမည်ဆိုပါက မြန်မာနိုင်ငံသည် ဘယ်သောအခါမှ ငြိမ်းချမ်းမှာ မဟုတ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
NCA လက်မှတ်ထိုးပွဲ အခမ်းအနားကိုတွေ့ရစဉ်
၎င်းက “လူဦးရေများတာ နည်းတာက အဓိက မဟုတ်ပါဘူး။ အဓိက,ကတော့ ကျနော်တို့က ဗမာပြည်အားလုံးရဲ့ တစ်ဝက်ကျော်ကျော် ဧရိယာမှာရှိနေတာကို။ အရေးကြီးတာပေါ့။ လွတ်လပ်ရေး ရပြီးကတည်းက အခုထိက ကျနော်တို့က သဘောတူညီချက် လုပ်ထားတာတွေကို အကောင်အထည် မဖော်ခဲ့ဘူး။ ကျနော်တို့က ဖက်ဒရယ်ကို လုပ်မယ်ပြောခဲ့ပေမယ့် တကယ်လုပ်တဲ့ အခါမှာတော့ လုပ်တာဟာ တစ်ပြည်ထောင်ပဲလုပ်ခဲ့တယ်။ အခုဆိုရင် လည်း တစ်ပြည်ထောင် မလုပ်တော့ဘူး ဖက်ဒရယ်လုပ်မယ်ဆိုပြန်တော့လည်း ဗဟိုက ပိုပြီးတော့မှ အာဏာရှိရ မယ်ဆိုပြီး လုပ်တယ်။ အဲဒီလို တစ်ဖက်သတ် လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရက အစောပိုင်း၌ ပင်လုံစာချုပ်ပါ အချက်ကို လိုက်နာခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပင်လုံစာချုပ်၏ အခြေခံမူ လမ်းစဉ်ကို သွေဖယ်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို NCA လက်မှတ်ရေးထားသည့် အဖွဲ့များနှင့်သာ ပြုလုပ်နေသဖြင့် မြန်မာ့နိုင်ငံရေးသည် တစ်စုံတစ်ရာ ထူးခြားပြောင်းလဲသွားမည် မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု လုပ်ရာတွင် လက်ရှိ မြေပြင်၌ တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက် ကိုင် အင်အားစုများ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ပြီး ဆွေးနွေးဆောင်ရွက်မှသာလျှင် ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံ ရေးအတွက် အရွေ့တစ်ခု ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 468
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာ၌ ကြားခံ တတိယအင်အားစု မပါဘဲ တွေ့ဆုံဆွေးနွေးပါက ပြေလည်ရန် မလွယ်ကူဘူးဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် တရုတ်၊ အိန္ဒိယ၊ အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တိုက်တွန်းထားသလို ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများနှင့် NCA ထိုးထား သော လက်နက်ကိုင် ၇ ဖွဲ့ကလည်း တိုက်တွန်းလျက်ရှိနေသည်။
မြန်မာ့အရေးကို မြန်မာနိုင်ငံသားများကသာ ဦးဆောင် ဖြေရှင်းရမည်ဟု နိုင်ငံတကာက ပြောနေသည့်တိုင် မြန်မာနိုင်ငံသားများပဲ သီးသန့် ဖြေရှင်းလျှင် အဖြေမထွက်နိုင်ကြောင်း၊ ကြားခံတတိယ အင်အားစုတစ်ခု ပါဝင်မှ အဖြေထွက်နိုင်မည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲတာက အာဆီယံက ပြောနေကြစကားပဲလေ အာဆီယံ အခုလက်ရှိ မလေးရှားက ပြောတာက Myanmar Lead Myanmar Own မြန်မာနိုင်ငံသားတွေပဲ ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံသားတွေပဲ ပိုင်ဆိုင်တဲ့ ပြဿနာ ဖြေရှင်းရေးပေါ့လေ။ အဲတာကို လုပ်ရမယ်လို့ သူတို့က ပြောနေတယ်။ သို့သော် ဒီပွဲမှာ ထိပ်တိုက်တွေ ဖြစ်နေတဲ့ အခါကျတော့ ကြား တတိယအင်အားစု မပါဘဲနဲ့တွေ့ဆုံဖို့၊ ဆွေးနွေးဖို့၊ ပြေလည်ဖို့ဆိုတာတော့ မလွယ် ဘူး။ ဒီမြန်မာပြည်ရဲ့ အနေအထားပေါ့။ မြောက်ပိုင်းမှာတောင်မှ တရုတ်နိုင်ငံက ကြားဝင်ပြီးတော့ ညှိနှိုင်းဖြေရှင်း ပေးတဲ့အတွက် မြောက်ပိုင်းအဖွဲ့ တချို့နဲ့ လက်ရှိ စစ်ကောင်စီနဲ့က ပြေလည်ရာပြေလည်ကြောင်း ဖြစ်သွားတာ လေးတွေရှိတယ်။ ထို့အတူပဲ တခြား ပဋိပက္ခတွေမှာလည်း ဒီလိုပါပဲ အခု မလေးရှားကိုယ်စားလှယ်လည်း ချင်းမိုင် ရောက်ပြီးတော့ နယ်စပ်က အဖွဲ့တွေနဲ့ တွေ့တယ်လို့ ကြားပါတယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးကို အဖြေရှာနိုင်ရေးကို ဦးတည်စေချင်တဲ့ သဘောနဲ့ မလေးရှား အထူးကိုယ်စားလှယ်လည်း လာတယ်လို့ သိရပါတယ်၊ သို့သော် မြန်မာ ကြီးပဲ သက်သက်တော့ ပြေလည်ဖို့ မလွယ်ဘူး တွေ့ဖို့တောင် မလွယ်ဘူး ယုံကြည်မှုက မရကြဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုမရှိဘဲ တွေ့ဆုံတယ်ဆိုတာက ဘာမှအဖြေရမှာ မဟုတ်ဘူး။ ဒါကြောင့် ယုံကြည်မှုရဖို့က အာမခံပေးတဲ့ ကြားခံပေါ့။ နိုင်ငံကြီးတစ်ခုခု သော်လည်းကောင်း၊ နိုင်ငံအစုအဖွဲ့ပေါ့ ဒီအာဆီယံသော်လည်းကောင်း၊ ဒီကုလသမဂ္ဂ သော်လည်းကောင်း အဲလို ပါဝင်ပတ်သက်ပြီးတော့ ထိန်းကျောင်းပေးမှ သက်သေလုပ်ပေးမှ ဆွေးနွေးပွဲတွေက အောင်မြင်မယ့် သဘောရှိပါတယ်”ဟု ပြောသည်။
လက်နက်ကိုင် အင်အားစုကိုတွေ့ရစဉ်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်မည်ဆိုလျှင် လက်နက်ကိုင်ပဋိပက္ခ အားလုံး ချုပ်ငြိမ်းအောင် အပေးအယူ လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး ပြဿနာကို မြန်မာနိုင်ငံသားများ ကိုယ်တိုင် ဖြေရှင်းမှရမည်ဟု ရခိုင့် ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ အကျဉ်းအကျပ်ကို ဘယ်လိုကျော်ဖြတ်မှာလဲ၊ နစကသည် ထပ်ပြီးတော့ ဘယ်လောက်ထိ ထပ်ပြီးတော့ တာဝန်ယူစေချင်သလဲ။ လူထုရဲ့ အကျဉ်းအကျပ်ပေါ့ဗျာ။ စစ်ဘေးဒဏ် လချီရှိနေကြပြီ အများကြီးပဲ။ အဓိက နိုင်ငံပြန်လည်ထူထောင်မှု ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပေါ့ဗျာ။ နိုင်ငံရေးအရ နောက်လုံခြုံရေးအရ တည်ငြိမ်မှု အဲဒီဥစ္စာမရရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့အောင် ဘယ်လိုပြန်လုပ်မှာလဲ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းအောင် အပေးအယူတွေနဲ့ဘယ်လို ညှိနှိုင်းကြမှာလဲ အိမ်နီးနားချင်း ကျောချင်းနံကပ် ချိတ်ဆက်နေတဲ့ နိုင်ငံတွေက ဘယ်လိုပံ့ပိုးကူညီကြမှာလဲ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်မှုမှာ အိန္ဒိယရှိမယ်၊ ဘင်္ဂလားဒေ့ရှ်ရှိမယ်၊ ထိုင်းရှိမယ်၊ လာအိုရှိမယ်၊ တရုတ်ရှိမယ် အဲဒီနိုင်ငံတွေလောက် အမေရိကားက ကိုယ်ချင်းမစာနိုင်ဘူး ဩစတြေးလျ ကိုယ်ချင်းမစာနိုင်ဘူး။ အဝေးမှာဘာမှ လုပ်နိုင်ကိုင်နိုင်တာ မဟုတ်တဲ့ ကုလသမဂ္ဂ ဘာမှမသိဘူး၊ ဘာမှမလုပ်နိုင်ဘူး။ အာဆီယံလည်း ဘာမှမလုပ်နိုင်ဘူး အဲတော့ မြန်မာလူထုရဲ့အနေအထားက မြန်မာနိုင်ငံရေးပြဿနာကို မြန်မာလူထုက ကိုယ်တိုင် ဖြေရှင်းမှရမယ်။ တစ်ဖက်က အာဆီယံရဲ့ လက်ရှိ ဘာခေါ်မလဲ ဟိုတုန်းက သွားနေတဲ့ high point consistent နဲ့ လက်ရှိသွားတဲ့ ရွေးကောက်ပွဲ နောက်ဆုတ်ပါဆိုတဲ့ဥစ္စာသည် အလွန်တရာ လက်ရှိနိုင်ငံရေး လိုအပ်ချက်နဲ့ ပြောင်းပြန်ဖြစ်တယ် ဒီလိုပဲ သုံးသပ်လို့ရမယ်ထင်တယ်”ဟု ပြောသည်။
လက်နက်ကိုင် ပဋိပက္ခကြောင့် နေအိမ်များ မီးလောင်နေစဉ်
အာဆီယံနှင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များကို သီးသန့်စီ ခန့်အပ်၍ မြန်မာ့နိုင်ငံ ရေး အကျပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ရှာဖွေလျက်ရှိနေသည်။
ထို့နောက် ပြည်တွင်း/ပြည်ပရှိ အတိုက်အခံ အင်အားစုများဖြင့်လည်းကောင်း၊ နစကဥက္ကဋ္ဌ အပါအဝင် နစက၏ လက်အောက်ခံ ကိုယ်စားလှယ်များဖြင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးလျက်ရှိနေသည်။
သို့သော်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား လက်နက် ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေပြီး လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။
အလားတူ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ရွေးကောက်ပွဲ ကျင်းပမည် ဟု နစကဥက္ကဋ္ဌက ပြောကြားထားသလို အတိုက်အခံ အင်အားစုများကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲ ကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 621
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရမည်ဟု ပြည်တွင်း/ပြည်ပ ပြောဆိုနေသည့်တိုင် မြန်မာ့တပ်မတော်ဘက်က နစကကိုယ်စားပြုထားသော်လည်း ၎င်း၏ ဆွေးနွေးဘက်က မည်သူဖြစ်သလဲဟု မေးခွန်းထုတ်မှုများရှိလာခဲ့သည်။
ဆွေးနွေးညှိနှိုင်းရာတွင် ကိုယ်စားပြုမှု မရှင်းလင်းလျှင် ပို၍ရှုပ်ထွေးသွားနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်း အမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲတာကတော့ ကျနော်တို့ NCA လက်မှတ် ထိုးကတည်းကိုက ပေါ်လစီရှိပြီးသားပါ။ ပါဝင်သင့် ပါဝင်ထိုက် သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကသာ သဘောတူချက်ကသာလျှင် တိုင်းပြည်ကို တွေ့ဆုံဆွေးနွေး နိုင်မယ် ယုံကြည်မှု တည်ဆောက်နိုင်မယ်၊ အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကလည်း တစ်ပြိုင်နက်ထဲနဲ့ အားလုံး စုပြုံပြီး တော့ ရည်ရွယ်ချက် မတူဘူး၊ နောက်ခံ background မတူတဲ့ အဖွဲ့တွေပါဖို့က မလွယ်ဘူး။ ဥပမာ တိုင်းရင်းသား တွေက လက်နက်ကိုင်တော်လှန်လာတာ နှစ် ၇၀ ရှိပြီ အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ လိုချင်နေတာကိုလည်း အားလုံးသိတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေကို ပဏာမညှိနှိုင်းဆွေးနွေးမလား၊ ဥပမာမြောက်ပိုင်း ၇ ဖွဲ့ရှိ တယ်၊ တောင်ပိုင်းမှာလည်း ၇ ဖွဲ့ရှိတယ်၊ အဲလိုအဖွဲ့တွေနဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့တွေရှိတယ် မဟာမိတ်ပြုထားတဲ့ အဖွဲ့တွေရှိတယ်။ အဲလိုအဖွဲ့တွေနဲ့ အရင်ညှိမလား ညှိပြီးတော့ ရတဲ့အဆင့် တစ်ခုပေါ်မှာမှ တခြားသော လက်နက် ကိုင် တော်လှန်ရေး အင်အားစုတွေပေါ့။ ဥပမာ NUG အပါအဝင် ကျနော်တို့ PDF အင်အားစုတွေ နာမည်ပေါင်းစုံနဲ့ ပြန့်ကျဲနေတဲ့ လက်နက်ကိုင်တွေ အဲတာတွေ အားလုံးကလည်း တစ်စုတစ်စည်းထဲ မဟုတ်နေတဲ့ အခါကြတော့ ဒီကိုယ်စားပြုမှုမှာ ကျနော်တို့ ပြဿနာရှိနိုင်တယ်။ ကိုယ်စားပြုမှု မရှင်းလင်းရင် ဘယ်သူက ကိုယ်စားပြုတယ် ဘယ်နယ်မြေ၊ ဘယ်အင်အားစုကို ကိုယ်စားပြုတာကို မရှင်းလင်းရင် ပိုပြီးတော့ ရှုပ်ထွေးတာပဲ ဖြစ်တတ်ပါတယ်။ ဝင်ဆွေးနွေးတဲ့ဘက်ကလည်း ကိုယ်စားပြုမှု ခိုင်လုံရမယ်၊ တစ်ဖက်ကလည်း အာမခံချက်ရှိရမယ်။ သဘောတူ ထားပြီးပြီဆိုရင် ကိုယ်သဘောတူထားတဲ့အတိုင်း လိုက်လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိရမယ်ပေါ့လေ။ အဲလိုရှိမှ ကိုယ်စားပြုမှု အားကောင်းကောင်းနဲ့ ဆွေးနွေးပွဲထဲ ပါလာနိုင်မယ်ဆိုတော့ ကိုယ်စားပြုမှု မခိုင်မာရင်တော့ ထည့်လို့တော့ မရသေးဘူး။ ဒီဆွေးနွေးပွဲမှာ အဲလို ကျနော်တွက်ပါတယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကို တွေ့ရစဉ်
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေးကြရန် အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂတို့က တိုက်တွန်းလျက်ရှိသည်။
သို့သော်လည်း ယနေ့ထိတိုင် မြန်မာ့တပ်မတော်/နစကနှင့် အတိုက်အခံ အင်အားစုများကြား တွေ့ဆုံ ဆွေးနွေးနိုင် ခြင်းမရှိသေးသလို တွေ့ဆုံဆွေးနွေးကြမည့် ကိုယ်စားပြုမှုများကလည်း မရှင်းလင်းဘဲ ဖြစ်နေကြသည်။
၂၀၂၂ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ကန့်ကွက်မှုများရှိခဲ့ကြသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လာရောက်၍ မြန်မာ့အရေး ဆွေးနွေးခဲ့မှု ရှိသော်လည်း အာဆီယံသည် နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးမှုကို မျက်ကွယ်ပြုနေကြောင်း ရခိုင့်ဦးဆောင်ပါ တီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
Peace Talk 2025 ဆွေးနွေးပွဲကို တွေ့ရစဉ်
၎င်းက “နစက,ကတော့ သူသွားတဲ့လမ်းကြောင်းကို သူသွားမှာပေါ့လေ၊ အဲတော့ ကြောင်နေတာက အာဆီယံဗျ ကမ္ဘောဒီးယားလက်ထက်မှာ အဲလို ထည်ထည်ဝင်ဝင် လာရောက်ပြီး တွေ့ဆုံတာရှိတယ်။ ပရတ်ဆိုခွန်တို့ပေါ့ဗျာ။ ဒုတိယဝန်ကြီးချုပ် သူဦးဆောင်တာ အဲလိုထည်ထည်ဝင်ဝင် တွေ့မှဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးအားဖြင့် ဆွေးနွေးမှုဆို တာကို အာဆီယံက မျက်ကွယ်ပြုပါတယ် ။ပထမအကြိမ် တွေ့တယ် အဲဒီမှာ 5 point Consensus ကို ရှာတယ်။ သူတို့ဘက်က အမေရိကန်ရဲ့ ဖိအားအများကြီးပါမှာပေါ့။ ဒါဘက်နှစ်ဘက်ကို စဥ်းစားတဲ့အခါကျတော့ နစကသည် သူသွားမဲ့လမ်းကြောင်းအတိုင်း သွားမှာဘဲ အာဆီယံဘယ်လိုပဲပြောပြော သူလက်ခံတာရှိမယ်၊ သူလက်မခံတာ ရှိမယ် တွေ့ဆုံဆွေးနွေးပွဲကို သူဖွင့်ထားမှာဘဲ အာဆီယံရဲ့ သူကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ကလာတွေ့ပေါ့ဗျာ။ ဒါပဲရှိမှာ ပေါ့။ အာဆီယံ လုပ်ရမဲ့ဟာတွေ အာဆီယံလုပ် အာဆီယံမလုပ်နိုင်ရင် ASEAN+3 ဒါမျိုးနဲ့ ချဥ်းကပ်ပေါ့ဗျာ။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှလုပ်ပေးတဲ့ပုံ မပေါက်ဘူး။ တနည်းအားဖြင့် Burma Act နဲ့ မြန်မာ့နိုင်ငံရေး ထဲမှာ proxy ဖြစ်အောင်ပဲ သွေးမြေကျအောင်ပဲ အများကြီးလုပ်ခဲ့တယ်။ ညှိနှိုင်းတာမရှိခဲ့ဘူး။ အဲသလိုပဲ ကုလသမဂ္ဂ ဘာလုပ်ပေးလဲ၊ ဘာလုပ်နိုင်လဲ ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်(တဲ့)။ ကမ္ဘာစစ်တွေမှာလည်း ဘာမှ မလုပ်နိုင်ဘူး အသံပဲရှိတာ ပြည်တွင်း အချုပ်အခြာ အာဏာကို ထိဖို့လောက်ပဲ ကုလသမဂ္ဂသည် အာဏာလေး ပြရုံပဲရှိတာ တကယ့်တကယ် နိုင်ငံကြီးတွေနဲ့ ပတ်သက်လို့ ဘာမှလုပ်နိုင်စွမ်းမရှိဘူး။ တစ်ဖက်နိုင်ငံကြီးများရဲ့ စိုးမိုးမှု တိုက်ရိုက်ပတ်သက်နေတယ်၊ အဲဒီ လွှမ်းမိုးမှုကို လျှော့နိုင်မှ ဒီအာဆီယံသည် ပုံမှန်ပေါ့ဗျာ ကျနော်တို့ ဟိုးတုန်းက သွားခဲ့တဲ့လမ်းကြောင်းပေါ့ဗျာ။ အဲဒီ ဥစ္စာကို ပြန်ရောက်မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာ၍ နစကမှ အုပ်ချုပ်လျက်ရှိနေသည်။
ဒီမိုကရေစီ တောင်းဆို ဆန္ဒပြနေကြစဉ်
ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် ဒီမိုကရေစီအင်အားစုများ၊ လက်နက် ကိုင် တပ်ဖွဲ့များ၊ တခြားသော နိုင်ငံရေးပါတီများ ပူးပေါင်း၍ မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက် ကိုင် တော်လှန်လျက်ရှိနေသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ PDFs၊ LPDFs၊ KIA၊ AA၊ MNDAA၊ TNLA၊ CNF၊ KNU၊ KNPP၊ KNDF တို့ အပါအဝင် တခြားသော လက်နက်ကိုင် အင်အားစုများ စုပေါင်း၍ ဖော်ဆောင်နေကြသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာရမည်ဆိုပါက မြန်မာ့တပ်မတော်ကို နစက,က ကိုယ်စားပြုနိုင်သော်လည်း နစကနှင့် ဆွေးနွေးမည့် အတိုက်အခံများဘက်က မည်သူက ကိုယ်စားပြုနိုင်ပါသလဲ မေးခွန်းထုတ်လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 613
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လူနည်းစုဖြစ်ကြသည့် တိုင်းရင်းသားများ၏ကဏ္ဍကို ဆက်လက်၍ သေးသိမ် အောင် လုပ်နေမည်ဆိုပါက တိုင်းပြည်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဖက်ဒရယ်စနစ်ကို သွားမည်ဟု သဘောတူခဲ့ကြသော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်စနစ် လုပ်ခဲ့ကြ ကြောင်း၊ လက်ရှိတွင် တစ်ပြည်ထောင်စနစ်အစား ဖက်ဒရယ်စနစ်ကို ပြန်လည်တည်ဆောက်မည်ဆိုသော်လည်း ဗဟိုတွင် ပို၍အာဏာရှိရမည်ဟုဆိုကာ လုပ်ဆောင်နေကြောင်း၊ ယခုကဲ့သို့ တစ်ဖက်သတ် လုပ်နေမည်ဆိုပါက မြန်မာနိုင်ငံသည် မည်သည့်အခါမှ ငြိမ်းချမ်းမှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကိုသာ သီးသန့်ထားကာ ပင်လုံကို လျစ်လျူရှုပြီး အမည်ပဲ ယူထား မည်ဆိုပါက နိုင်ငံရေးသည် ယခုထက် ပို၍ရှုပ်ထွေးသွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေ သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်တုန်းက ကျနော်တို့နိုင်ငံက ရောဂါမရှိတဲ့ နိုင်ငံဖြစ်တယ်။ ရောဂါမရှိတဲ့ဟာကို တစ်ခါတည်း ဆေး လာပေးတာက မှားတဲ့ဆေးကြီး လာပေးတော့ အနာတခြား၊ ဆေးတခြား။ ကျနော်တို့လိုတာ ဖက်ဒရယ်ဆေးကြီး၊ လာပေးတာက တစ်ပြည်ထောင်ဆေးဖြစ်တဲ့ အခါကြတော့ အနာက မပျောက်ဘဲ ပိုဆိုးလာတယ်။ ပိုဆိုးလာလေ တစ်ပြည်ထောင်ဆေးကို ပေးလေဆိုတဲ့ အခါကြတော့ ရောဂါက ဆိုးသထက်ပိုဆိုးလာတာ အခုထိပေါ့။ အခု အခြေအနေမှာတော့ ပင်လုံလောက်နဲ့ပဲ ကုစားလို့ မရတော့ဘူး။ ခွဲစိတ်ကုသတဲ့ အဆင့်ထိတောင် ရောက်လာနိုင် တယ်။ ဒါကို ကျနော်တို့အားလုံးက သဘောထားကြီးကြီးနဲ့ မလုပ်ဘူးဆိုရင် ကျနော်တို့က အနာတခြား၊ ဆေး တခြား ဆက်လုပ်မယ်ဆိုရင် ဒီလူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေကဏ္ဍကို ဆက်လက်ပြီးတော့မှ သေးသိမ်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်။ သူများနိုင်ငံအောက် ရောက်သွား မယ်။ ဒီလိုရောက်သွားမယ်ဆိုရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကျနော်တို့ အားလုံးရဲ့ အပြစ်ပဲ။ အနာတခြား၊ ဆေး တခြားလုပ်ခဲ့တဲ့အပြစ်ပဲ” ဟု ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ-၂၀၂၅ ကို ကျင်းပခဲ့ကြစဉ်
ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရက အစောပိုင်း၌ ပင်လုံစာချုပ်ပါအချက်ကို လိုက်နာခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပင်လုံစာချုပ်၏ အခြေခံမူ လမ်းစဉ်ကို သွေဖယ်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားများသည် လူနည်းစုများဖြစ်ကြသော်လည်း မြန်မာနိုင်ငံ၏ ဧရိယာထက်ဝက်ကျော်တွင် နေထိုင် လျက် ရှိကြသည်။
တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် လွတ်လပ်ရေး မရခင်ကာလကတည်းက မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ ကြခြင်းဖြစ်ကာ လက်ရှိ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေးတွင်လည်း စစ်ရေးအရသာမက နိုင်ငံရေးတွင်လည်း အရေးပါကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားပါတီများထဲမှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲ ပိုမို ဝင်ရောက်နိုင်ပါက တိုင်းရင်းသားအရေးကို ပိုမိုဆွေးနွေး၍ ရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလူမျိုးစုများကိုတွေ့ရစဉ်
၎င်းက “ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပေါ့။ တကယ်လို့ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ် ရောက်သွားရင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြလို့ လွှတ်တော်မှာ အောင်မြင်ခဲ့ပြီဆိုရင်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူတို့စဉ်းစားလာပါလိမ့်မယ်။ လက်နက်ကိုင် ပြီးတော်လှန်တာ ထိရောက်သလား၊ လွှတ်တော်နိုင်ငံရေးက ထိရောက်သလားဆိုတဲ့ဟာမျိုးပေါ့။ လွှတ်တော် နိုင်ငံရေးအရ ပုဒ်မ ၂၆၁ လိုမျိုး နိုင်ငံတော်အစိုးရနေပြီးမှ ဖြေလျှော့ပေးလိုက်မယ်၊ ပြည်ထောင်စုအစိုးရ ဖြေလျှော့ ပေး လိုက်မယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးချယ်ရမယ်၊ သမ္မတက အတည်ပြုရမယ်။ အဲဒါ မျိုးလေးတွေနဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကအစ အားကောင်းမောင်းသန်နဲ့ ပြင်ကြမယ် ဆိုကြမယ်ဆိုရင် ပြင်လည်းပြင်ခဲ့ကြပြီဆိုရင် မြန်မာ့နိုင်ငံရေးကတော့ တော်တော်လေး ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားတွေက သူတို့အခွင့်အရေးအတွက် သူတို့ စစ်တိုက်နေကြတာလေ” ဟု ပြော သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို NCA လက်မှတ်ရေးထားသည့် အဖွဲ့များနှင့်သာ ပြုလုပ်နေသည်ကို တွေ့ရသည်။
သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ဟန်ပြသက်သက်သာဖြစ်နေပြီး မြန်မာ့နိုင်ငံရေးကို ဖြေရှင်းနိုင်မည့် သဘောတူညီချက်များကို ရအောင် မယူနိုင်ကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူ များ ပါဝင်မှုမရှိသည့်အတွက် ဆွေးနွေးမှုများသည် ကိုယ်စားပြုမှုမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆို ဆွေးနွေးခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာသည့်အခါမှာတော့ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် နိုင်ငံထူထောင်ရေး ဆိုသော အဆင့်အတန်းထိ မျှော်မှန်း၍ တောင်းဆိုတိုက်ပွဲဝင်လာနေကြသည်။
လက်ရှိတွင် နစကဥက္ကဋ္ဌ အနေဖြင့် ၄ နှစ်ကျော်ကြပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 498
CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာ့နိုင်ငံရေးကို ပြည်ပရှိ အာဆီယံ အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာသည် ထည်ထည်ဝင်ဝင် မသိကြဘူး ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံနှင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ ခန့်အပ် တာဝန်ပေးထားသော်လည်း ၎င်းတို့သည် မြန်မာ့နိုင်ငံရေးကို ထည်ထည်ဝင်ဝင် သိရှိနားလည်ပုံ မပေါက်ဘူးဟု ပြည်တွင်းရှိနိုင်ငံရေးပါတီများက ထောက်ပြကြသည်။
ထိုကိစ္စကို အာဆီယံကိုယ်တိုင်လည်း ထည်ထည်ဝင်ဝင်နားလည်ပုံမပေါက်သောကြောင့် နားလည်နိုင်သည့်ဘက် ကိုပြန်ကြည့်လျှင် အိမ်နီးနားချင်းနိုင်ငံများကပိုနားလည်သည်ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးကို အာဆီယံ၊ ကုလသမဂ္ဂနှင့် အနောက်အုပ်စုနိုင်ငံများထက် အိမ်နီးချင်း နိုင်ငံများက ပိုနားလည် သိရှိနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌနဲ့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ လာအိုနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
၎င်းက“အာဆီယံတို့ ဘာတို့ တခြားကုလသမဂ္ဂဆိုတဲ့ အင်အားကြီး ပွင့်ပွင့်လင်းလင်းပြောရင်ဗျာ၊ အလွှမ်းမိုးခံ နိုင်ငံတွေ အုပ်စုဘက်ကတော့ မြန်မာ့နိုင်ငံရေးကို ထည်ထည်ဝင်ဝင် သိပုံမပေါက်ဘူး။ ဂျူလီဘစ်ရှော့ ကိုယ်တိုင် သိပုံ မပေါက်ဘူး၊ အာဆီယံကိုယ်တိုင်လည်း ထည်ထည်ဝင်ဝင် နားလည်ပုံ မပေါက်ဘူး။ အဲတော့ နားလည်နိုင်တဲ့ ဘက်ကို ပြန်ကြည့်ရင် အိမ်နီးနားချင်းနိုင်ငံတွေက ပိုနားလည်တာပေါ့ သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွားနဲ့ ယှက်နွယ်တာပေါ့။ ထိုင်းဆိုရင် မြဝတီဖြစ်ပျက်မှုနောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးကို ဝင်ပါမှဖြစ်မယ်ဆိုတဲ့ ခုနကလို့ သူ့ရဲ့ အကျိုးစီးပွားပေါ့ဗျာ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းနိုင် ဆက်နေတဲ့နိုင်ငံအချင်းချင်းမရနိုင်ဘူး။ အဲလိုပဲ အိန္ဒိယလည်း ဒီတိုင်းပဲ တရုတ်လည်း ဒီတိုင်းပဲဆိုတော့ အိမ်နီးနားချင်းနိုင်ငံတွေ ကုန်းမြေ ချင်း ဆက်နေတဲ့နိုင်ငံတွေကတော့ဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာကို သူတို့ဘက်က အဖြေရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် အာဆီယံဆိုတဲ့ ဝိုးတိုးဝါးတားတွေကတော့ဖြင့် သိပုံမပေါက် ဘူး။ ဟိုမှာ interview လုပ်၊ ဒီမှာ interview လုပ်ပေါ့ဗျာ။ အဲဒါကတော့ ဒီမိုကရေစီဘက်က ပြက်လုံးထုတ်သလို ဖြစ်တာပေါ့ဗျာ။ အဲတော့ ထည်ထည်ဝင်ဝင် မြန်မာ့နိုင်ငံရေးကို နားလည်ပုံ မပေါက်ဘူး ဩစတြးလျဆိုတာ အဝေး ကြီးပဲ ပွင့်ပွင့်လင်းလင်းပြောရင် မြန်မာ့နိုင်ငံရေးကို ဖြေရှင်းဖို့အတွက် ခန့်အပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်တွေ အများကြီးရှိသေးတယ်။ သိပ်ထည်ထည်ဝင်ဝင် ရှိခဲ့ပုံမပေါက်ဘူး” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့အရေး ကိုင်တွယ် ဖြေရှင်းဖို့ အာဆီယံက မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုလည်းကောင်း၊ ကုလသမဂ္ဂက ဩစတြးလျနိုင်ငံသူ ဂျူလီဘစ်ရှော့ကိုလည်းကောင်း မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပက သေသေချာချာ သိရှိနားလည်မရှိဘဲ တလွဲသိရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနကို ပြောသည်။
ပစ္စတာ ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂ ရက်က တွေ့ဆုံစဉ်
၎င်းက “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကို အပြင်က သေသေချာချာ မသိဘူး ဆိုတာကို လက်ခံတယ်။ သေသေချာချာ မသိဘူးဆိုတာထက် တလွဲသိနေတာပေါ့။ အလွဲသိနေတာ ဘယ်လိုအလွဲတွေ သိနေသလဲဆိုတော့ အဓိက,က တစ်ဖက်က မြန်မာနိုင်ငံ မီဒီယာတွေပေါ့လေ။ မီဒီယာတွေမှ တစ်ခါတည်းကို ကိုယ်ရဲ့ ဒီမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တလွဲတချော် ပုံဖော်သွားတာတွေရှိတယ်။ ပြီးတော့ ကိုယ့်ဆီကနေပဲ ပြန်ထွက်သွားတဲ့လူတွေ ကိုယ်တိုင်ကိုက ဒါတလွဲ ပုံဖော်ပေးနေတာတွေ ရှိတယ် အဲဟာတွေ ကြောင့်မို့လို့ သူတို့သိတဲ့အသိက မြန်မာပြည့်ရဲ့ပြည်တွင်းထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မျိုးနဲ့တော့ မနီးစပ်ဘူး ဖြစ်တာပေါ့လေ။ ဒါက ဟိုဘက်က သူ့ဟာသူလုပ်တဲ့ကိစ္စ ဒီဘက်က ကျနော်တို့ ပြည်တွင်းထဲမှာ ရှိနေတဲ့ အစိုးရကိုယ်တိုင်ကိုက ကိုယ့်ရဲ့ ကိုယ့်တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ဟာကို ဘယ်လိုမှ ပြန်ပြီးတော့မှ သူက counter လည်းမလုပ်နိုင်ဘူး။ ဟိုဘက်က ပုံဖော်သမျှကို ဒီတိုင်းပဲ ငုတ်တုတ်ခံနေရသလို ဖြစ်နေတယ်။ ဒီဘက်က ပြန်ပုံဖော်တာကလည်း တချို့ဟာတွေကပြောရရင် သိပ်မထိရောက်ဘူးပေါ့နော်။ ရှေးခေတ် လွန်ခဲ့တဲ့ ခေတ်တွေ က ပုံဖော်သလိုပဲ များများပြောရင် မှန်တယ်လို့ ထင်တဲ့အပေါက်မျိုးနဲ့ ပြောနေတဲ့ အခါကြတော့ သိပ်ထိရောက်မှု အားနည်းတာပေါ့။ နည်းနည်းခေတ်နောက်ကျ နေတဲ့သဘောရှိတယ်”ဟု ပြောသည်။
ထို့နောက် ပြည်ပနိုင်ငံက မြန်မာ့နိုင်ငံရေးကို သိရှိနားလည်ရေးထက် မိမိတို့သည် ပြည်တွင်းက ပြည်သူလူထု ကိုယ်တိုင် မှန်မှန်ကန်ကန် သိနိုင်ဖို့ ကြိုးစားပုံဖော်နေသည်ဟု ဦးထက်အောင်ကျော်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို တိုက်ပွဲ ရှောင်နေရသူ ၃ သန်းကျော်ရှိနေကြောင်း သိရသည်။
ထို့နောက် CDM မလုပ်သူများကို အရေးယူမည်ဆိုသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်ပြီးနောက် ပညာရေးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ သတ်ဖြတ်ခံရမှုများ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာနေသည်။
အလားတူ မြန်မာ့တပ်မတော်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်သားစုဆောင်းမှုများနှင့် လက်နက်ကိုင်များ၏ စစ်သားစုဆောင်းမှုများကြောင့်လည်း ပြည်တွင်းရှိ လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာလာပြီး လူသားအရင်း အမြစ်များ ဆုံးရှုံးကာ လုပ်ငန်းခွင်များတွင် လုပ်သား လိုအပ်ချက်များဖြင့် ရင်ဆိုင်နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 701
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
မြန်မာနိုင်ငံတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်တွင်းနိုင်ငံရေးသမားများနှင့် ပြည်ပနိုင်ငံများကြား ရှုမြင်ပုံ မတူညီဘဲ သဘောထားကွဲလွဲနေကြသည်ကို တွေ့ရသည်။
နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများအား ဖမ်းဆီးထားပြီး နစကမှ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင် နေခြင်းသည် တိုင်းပြည်မတည်ငြိမ်မှုကို ဦးတည်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘီစ်ရှော့က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ် သဘော ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
မြန်မာ့နိုင်ငံရေး၏ လက်ရှိအနေအထားသည် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဆိုသည့်ကိစ္စကြောင့် ပေါ်ပေါက် လာခြင်းဖြစ်ပြီး လူထုသည် အဓိက ဆုံးဖြတ်ပေးရမည့် တာဝန်နေရာ၌ ရှိနေသည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
AFP ပါတီသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ မှတ်ပုံတင်ထားသည်။
ရွေးကောက်ပွဲ မဲရလဒ်ကို ရေတွက်နေစဉ်
ဒေါက်တာအေးမောင်က “ အများအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီကို ကိုင်စွဲတဲ့ နိုင်ငံတော်တော်များများကတော့ NLD ရဲ့ လွှမ်းမိုးခံ ဖြစ်သွားတာပေါ့၊ အာဆီယံလည်း ဒီလိုဘဲ နှစ်ဖွဲ့ကွဲနေတဲ့ပုံပေါက်တယ်။ အာဆီယံဒေသမှာလေ လစ်ဘရယ်ဘက်က သြဇာရှိတဲ့အခြမ်း၊ နောက်ဒီဘက်က ကုန်းမြေဆက်စပ်တဲ့အခြမ်း အခု ဒါအကြမ်းဖျင်း သုံးသပ် လို့ ဒီလိုပဲ ရမယ်ထင်တယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် စိုးရိမ်စိတ်က အရေးကြီးပါ တယ် နောက်ကုလသမဂ္ဂ ဆိုတာလည်း လက်ဝေခံသက်သက်ပဲ အဲတော့ မြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအနေအထား အကျဥ်းအကျပ်က ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဆိုတဲ့ဥစ္စာကြောင့် ပေါ်ပေါက်လာတာလို့ အခြေခံဥပဒေကို အခြေပြုပြီးမှ အာဏာရယူခဲ့တဲ့ နစက,က ဒီတိုင်းပဲ ရပ်တည်တာ။ အဲတာကြောင့် မငြိမ်မသက်မှုတွေ ဖြစ်တယ် ကိုယ်ဘက်စွဲ၊ သူ့ဘက်စွဲ နောက်ဆုံး လူထုသည် အနီးကပ်ခံရတာပေါ့။ ဆိုတော့ လူထုသည် အဓိက ဆုံးဖြတ်ပေး ရမယ့် နေရာမှာရှိတာပေါ့”ဟု ပြောသည်။
ထို့ပြင် လူထု၏ အခြေအနေကို ပြန်လည် လေ့လာကြည့်ပါက မြန်မာ့နိုင်ငံရေးကို မြန်မြန် ထွက်ပေါက်ရှိလာစေ ချင်သည့် ဆန္ဒရှိနေကြကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “ လူထုရဲ့ အနေအထားကို ပြန်ကြည့်တဲ့အခါမှာ ကမ္ဘာတစ်ခုလုံးမှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေ၊ ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခတွေ ဆိုးကြိုးတွေပေါ့ဗျာ။ အဲတော့ ပြန်ကြည့်ရင် ထွက်ပေါက်ရှာကြတာပေါ့။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အကျဥ်းအကျပ်ကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတဲ့ အယူအဆလေးတွေ ဟိုဘက်ဒီဘက် သွားဆွဲကြတာပေါ့။ ဥပမာ စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ တခြားနော် ငလျင်ဘေးကြောင့် ဖြစ်ဖြစ်နော် အကျပ်အတည်းတွေ စီးပွားရေး၊ လူမှုရေး၊ ဒုက္ခတွေ၊ နောက်ဆက်တွဲ ပါလာတဲ့ ပိတ်ဆို့မှုတွေ၊ ပြည်တွင်းပဋိပက္ခ တွေ ဒီလို ဒုက္ခအားလုံးရဲ့ဒဏ် ခံရတဲ့အခါကြတော့ လူထုဘက်ကို ပြန်အာရုံစူးစိုက်ပြီး မေးမြန်းရမှာပေါ့။ လူထု သည် လက်ရှိအကျပ်အတည်းကို ရုန်းထွက်လိုစိတ် ရှိ/မရှိ တည်ငြိမ်အေးချမ်းပြီးမှ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ရယူချင်စိတ် ရှိ/မရှိ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်လက်ခံသလား လက်မခံဘူးလား။ ဒါလည်း ကျနော်တို့ မသိနိုင်ဘူး ဝါဒဖြန့်တဲ့ အင်အားစုတွေကြား ရောက်နေတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အကျပ်အတည်း မြန်မာ အကျပ်အတည်း ဒီတစ်ခုရဲ့ ထွက်ဖို့ ထွက်လမ်းဆိုတာကို လူထုသည် စဥ်းစားနေလောက်ပြီထင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ပြည်ပနိုင်ငံများနှင့် ပြည်ပရောက် နိုင်ငံရေး အင်အားစုများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲသည် နစက၏ နိုင်ငံရေးထွက်ပေါက်သာ ဖြစ်ကြောင်း ယူဆလျက်ရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေး ဟန်ပြတစ်ခုသာဖြစ်ပြီး ရွေးကောက်ပွဲအစား အကြမ်းဖက်မှုများ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကိုသာ ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ပြောကြားထားသည်။
ကရင်ပြည်သူ့ပါတီ(KPP)ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲသည် နစက၏ ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ်သည်ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၇ မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
သို့သော် နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူလူထုက မဲမထည့်ဘဲ No Vote ဖြစ်မည်ကို နိုင်ငံရေးပါတီ များက စိတ်ပူလျက်ရှိနေသည်။
တခြားတစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့တချို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြေညာထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 904
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(Joint Coordination Body-JCB)မှာ ပါဝင်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင် ဦးဆောင်ဆွေးနွေးမည့် မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို သံလွင်အင်စတီကျူ့က ဦးဆောင် ကျင်းပခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့(JCB)မှ စိုင်းညွန့်လွင်နှင့် စိုင်းကျော်ညွန့်တို့က ဦးဆောင်ဆွေးနွေးကြမည်ဟု သိရသည်။
ထို့နောက် နစကကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေ၊ JCB ၏ ဦးတည်ချက်နှင့် ဖွဲ့စည်းဖြစ်ပုံ အခြေအနေများ ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
JCB ကို ပြည်တွင်းက နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က ငွေဆောင်မှာ တွေ့ဆုံ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့တွင် SNLD မှ စိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမြအေး၊ ဦးဒေးဗစ်လှမြင့်တို့ ပါဝင်ကြသည်။
JCB ရဲ့ ငွေဆောင် သဘောတူညီချက်ကိုတွေ့ရစဉ်
JCB သည် (၁) အရပ်သားပြည်သူပဓာနဥပဒေသ (ဝါ) စစ်တပ်ကို နိုင်ငံရေးနဲ့ ခွဲခြားထားသည့် အစိုးရ ထူထောင် ခြင်း၊ (၂) ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလမ်းညွှန် အခြေခံမူများ၊ (၃) ပြန်လည်သင့်မြတ် ရေးနဲ့ စစ်တပ်၏ တာဝန်ယူမှု- တာဝန်ခံမှု၊ (၄) ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသည့် ပဋိပက္ခဖြေရှင်းရေးသို့ ဦးတည်သည့် လုပ်ငန်းစဉ်(၉)ဆင့် တို့ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
သို့သော် ချင်းမိုင်မြို့မှာ ဇွန်လ ၁၇ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲကို ဦးဆောင်သည့် သံလွင်အင်စတီကျူ့က တော့ မြန်မာနိုင်ငံသူ/သားများအတွက် ပြည်သူ့ရေးရာပေါ်လစီများကို သုတေသနပြုရေး သင်တန်းများပေးနေ သည့် အဖွဲ့အစည်းဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 615
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား စနစ်နှစ်မျိုးဖြင့် ပြုလုပ်ရာတွင် မည်ကဲ့သို့ ဖြစ်သင့်သည်ဆိုသည့်အပေါ် နိုင်ငံရေးသမားများကြား သုံးသပ်ဆွေးနွေး လျက်ရှိကြ သည်။
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောသည်။
မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) ကို ကျင့်သုံးခဲ့သော်လည်း အာဏာသိမ်းမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်(PR) ကို လွှတ်တော်နှစ်ရပ်တွင် စမ်းသပ်လုပ်ဆောင်ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီမှု ရှိမလားဆိုသည့်အပေါ် မျှော်လင့်ချက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲထည့်နေစဉ်
၎င်းက “ကျနော်တို့ FPTP ကိုလည်း ကျင့်သုံးခဲ့ကြပြီးပြီလေ။ ၂၀၀၈ အခြေခံဥပဒေအရ အာဏာမသိမ်းရအောင် အခု အာဏာသိမ်းတဲ့ ကိစ္စတွေကအစ ပေါ်ပေါက်လာတာလေ။ PR စနစ်နဲ့ကျင့်သုံးမယ်ဆို အချိုးကျကိုယ်စားပြု စနစ်နဲ့သွားကြမယ်ဆိုရင်တော့ ဘယ်လိုပုံစံ ဖြစ်လာနိုင်လဲဆိုတာ စတင်ကျင့်သုံးတဲ့ ပုံစံလေးတွေလို့ ပြောလို့ ရတာပေါ့။ မြို့နယ်တွေမှာ ၂ ဦးဖြစ်တဲ့ အခါကြတော့ PR နဲ့လုပ်ရင် ပိုအဆင်ပြေတယ်ပေါ့။ PR ဆိုတဲ့ အမျိုးက ၂ ဦးရှိရင်တော့ ကျင့်သုံးလို့ရပြီလေ။ ပြည်သူ့လွှတ်တော်ကတော့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ PR ကျင့်သုံးလို့ သိပ်မရဘူးလို့ ကျနော်အနေနဲ့မြင်တယ်။ ဘာကြောင့်ဆို သူက လူဦးရေ အခြေခံ၍သော်လည်း ကောင်း၊ မြို့နယ်အခြေခံ၍သော်လည်းကောင်း ၂၀၀၈ မှာ ပြဋ္ဌာန်းထားတဲ့ အခါကြတော့ အဲဒါကတော့ သူက FPTP ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ အမျိုးသားလွှတ်တော်ကြတော့ တိုင်းနဲ့ပြည်နယ်တစ်ခုမှာ ၁၂ ယောက်နှုန်းဆိုတော့ မဲဆန္ဒနယ် ကျယ်ကျယ်ဝန်းဝန်း ကျင်းပလိုက်ရင်တော့ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုကို မဲဆန္ဒနယ် တစ်ခုစီပေါ့ နော် အဲဒီလို သတ်မှတ်လိုက်မယ်ဆိုရင်တော့ အဲဒါလေးကလည်း PR ကျင့်သုံးလို့ရတာပေါ့။ တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်ကြတော့ FPTP နဲ့ သွားရပါလိမ့်မယ်။ အဆင်ပြေတာ မပြေတာထက် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ကိစ္စလေးတော့ လုပ်ရင်းလုပ်ရင်းနဲ့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲ ကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြော သည်။
နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း သိရသည်။
အသေးစိတ်ကိုမူ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက သိရှိရမည်ဖြစ်ကြောင်း UEC က ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
နိုင်ငံတစ်ဝှမ်း နယ်မြေမတည်ငြိမ်မှု အများအပြား ဖြစ်ပွားနေသည့် ကာလတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲ သည် ပြည်သူအားလုံးအပေါ် မည်သည့် အတိုင်းအတာအထိ ကိုယ်စားပြုသလဲဆိုသော မေးခွန်းများစွာရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကြောင့် သူတို့မှာ စနစ်လည်း ခိုင်ခိုင်မာမာ မရှိဘူး။ ဘယ်နယ်မြေမှာ လုပ်မလဲ။ ပထမနေပြီး တိုင်းပြည်ရဲ့ နိုင်ငံတစ်ဝက်မှာလုပ်မယ်။ နောက်ပိုင်း ၁၁၀ လုပ်မယ်။ နောက် ရက်ပိုင်းကနေပြီး ၈၀ လောက် လုပ်မယ်တဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောတယ်။ အခုတစ်ခါ ၂၀၀ ကျော် ၂၆၀ ဘာညာဆိုပြီး သတင်းတွေ ထွက်တယ်။ ဘယ်လိုလုပ်လို့ရမလဲ။ ဒီနေ့နိုင်ငံမှာ ကျနော်တို့ တိုင်းပြည်ထဲမှာ ဒီအာဏာရူးတွေ ဘယ်လောက် အထိ သူတို့ အာဏာကို တကယ်စိုးမိုးထားတဲ့နယ်မြေ ဘယ်လောက်ရှိလဲ၊ ဘယ်နှစ်မြို့နယ်ရှိလဲ ပြန်ပြီးရှာရမယ်။ မြို့နယ်ဆိုတဲ့ဟာမှာ မြို့နယ်ရော၊ ရပ်ကျေးရော၊ ကျေးရွာတွေရော အဲဒီဟာတွေ အကုန်လုံးကို ဆိုလိုတာ ဖြစ် တယ်။ သူတို့တပ်ချထားတဲ့ နေရာနဲ့ ကွက်ကွက်လေးကို ပြောတာမဟုတ်ဘူး။ အဲဒီတော့ ပြည်သူကို ဘယ်လောက် ထိ ကိုယ်စားပြုလဲဆိုတဲ့ မေးခွန်းတွေက အများကြီး ဒီကိစ္စတွေရဲ့ အနောက်မှာရှိတယ်” ဟု ပြောသည်။
FPTP စနစ်၏ သဘောကတော့ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ်နေရာများကို အချိုးကျ ခွဲဝေရရှိနိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ မဲအများဆုံးရသူ အနိုင်ရစနစ် ကျင့်သုံးသည့် နိုင်ငံပေါင်း ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံနှင့် အခြားစနစ်များကျင့်သုံးသည့် နိုင်ငံ ၈ နိုင်ငံရှိ ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 443
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄
ကရင့်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုသည် ကရင်လူမျိုးတို့၏ ရည်မှန်းချက်နှင့် အိပ်မက်ဖြစ်သော ကော်သူးလေနိုင်ငံ ထူထောင်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကော်သူးလေနေ့၌ ပြောကြားသည့် မိန့်ခွန်းမှာ KNU ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်များ ရန်ကုန်မှ ဆုတ်ခွာရပြီးနောက်တွင် အချို့သော ခေါင်းဆောင်များက ထိုကဲ့သို့ လိုအပ်ချက်များသည် အရေးပေါ်လိုအပ်ချက်အဖြစ် ရှုမြင်ခဲ့ကြသောကြောင့် ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို တောင်ငူမြို့၌ ခေါ်ယူခဲ့ကြကြောင်း၊ ထိုအစည်းအဝေးတွင် တော်လှန်ရေး၏ အခြေအနေကို လေ့လာသုံးသပ်ပြီး ကော်သူးလေအစိုးရကို ဖွဲ့စည်း၍ အုပ်ချုပ်ရေး စီမံမှုများ ပြန်လည်ချမှတ်ခဲ့ ကြောင်း၊ ကော်သူးလေအစိုးရ ဖွဲ့စည်းတည်ဆောက်ပုံလည်းရှိခဲ့ကြောင်း၊ ကော်သူးလေအစိုးရ၏ အစည်းအဝေး ပထမဦးဆုံးတစ်ကြိမ်ကို ၁၉၅၀ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့ပြီး ကော်သူးလေအစိုးရဖွဲ့စည်း တည်ထောင်ခဲ့သော ဇွန်လ ၁၄ ရက်ကို ကော်သူးလေနေ့ အဖြစ်သတ်မှတ်ခဲ့ကာ ယနေ့ထိ ကျင်းပခဲ့ကြောင်း ၎င်းက ပြောသည်။
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “ ကရင့်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုသည် ကရင်လူမျိုးတို့၏ ရည်မှန်း ချက်နှင့် အိပ်မက်ဖြစ်သော ကော်သူးလေနိုင်ငံထူထောင်ခြင်းဖြစ်သည်။ ကရင်လူမျိုးအားလုံး၏ စိတ်နှလုံးတွင် ကော်သူးလေနိုင်ငံသည် စွဲမြဲရှိနေသည်မှာ ငြင်းပယ်လို့မရပေ။ ကော်သူးလေနိုင်ငံထူထောင်ခြင်းနှင့် ကော်သူးလေ အစိုးရဖွဲ့စည်းခြင်းကို ကြေညာခဲ့သည်မှာ ၇၆ နှစ်ပြည့်ခဲ့ပြီဖြစ်သည်”ဟု ပြောသည်။
သို့သော် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကော်သူးလေဟူသည့် အသိအမှတ်ပြုခြင်းကို ယခုအချိန်ထိ မရရှိသေးကြောင်း၊ ကော်သူးလေ တည်ထောင်ခြင်းသည် လိုအင်ဆန္ဒတစ်ခုတည်းဖြင့်သာ တည် ဆောက်၍မရသည်ဟု အတွေ့အကြုံများလည်း ရှိခဲ့ပြီးဖြစ်ကြောင်း၊ ဖြစ်ပေါ်တိုးတက်လာသော နိုင်ငံရေး အခြေအနေနှင့် မိမိလူမျိုး၏ အခြေအနေနှင့်ကိုက်ညီ၍ လက်တွေ့ကျသော တည်ဆောက်မှုရှိရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။
KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးစဉ်
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “ ကောင်းမွန်သော ခေါင်းဆောင်မှု၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလိုအပ် ချက် ဖြည့်ဆည်းမှု၊ လူထုလုံခြုံရေး၊ စီးပွားရေးနှင့် အခြားသော ရေးရာများကို ဖြည့်ဆည်းပေးနိုင်မှုတို့ အပေါ် မူတည်၍ နိုင်ငံတစ်နိုင်ငံ ထူထောင်ခြင်း၊ တည်ငြိမ်မှု၊ တိုးတက်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ဖော်ဆောင်နိုင်မည်ဖြစ် သည်”ဟု ပြောသည်။
KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တခြားသော လက်နက်ကိုင် ၇ ဖွဲ့ဖြင့်အတူ လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူကာ အုပ်ချုပ်နေသည့်အတွက် မြန်မာ့တပ်မတော်နှင့်နစကအား ပြန်လည်ဖြုတ်ချရေး တခြားသော လက်နက် ကိုင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် ပူးပေါင်းပြီး KNU က တိုက်ခိုက်လျက်ရှိနေသည်။
KNU သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ စုစုပေါင်း တပ်မဟာ ၇ ခုဖြင့် လှုပ်ရှားနေသလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနေသည်။