
- By CNI
- Category: နိုင်ငံရေး
- Hits: 443
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဩဇာလွှမ်းမိုးလာနေသည်ဆိုသော အမြင်မျိုး မမြင်သင့်ဘဲ နှစ်ဖက်အကျိုးစီးပွား ဖြစ်ထွန်းအောင် ပူးပေါင်းဆောင်ရွက်နေသည်ဟု ရှုမြင်သင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
တရုတ်နိုင်ငံသည် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ရပ်တန့်သွားရန်အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့(MNDAA-AA-TNLA)ကို တိုက်ပွဲများ ရပ်တန့်ရန်နှင့် သိမ်းထားသော မြို့များ ပြန်လည် ပေးအပ်ရန် ဖိအားပေးလျက်ရှိသည်။
တရုတ်နှင့်မြန်မာသည် ရှည်လျားသော နယ်နိမိတ်ထိစပ်လျက်ရှိသလို နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းသိမ်းလိုခြင်း ကြောင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရှုမြင်သင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ မြန်မာနဲ့တရုတ်သည် ရှည်လျားတဲ့ နယ်နိမိတ်ရှိတယ်။ ကျနော်တို့သည် ကောင်းမွန်ခိုင်မာတဲ့ အလွတ်သဘော ဆက်ဆံရေး တည်ဆောက်နိုင်ဖို့လိုတယ်။ နှစ်ဦးနှစ်ဖက် စီးပွားရေးအရ win win situation ပေါ့၊ သူလည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေဆိုတဲ့ အခြေအနေမျိုး တည်ဆောက်နိုင်ဖို့ လိုအပ်တယ်။ ပြီးရင် ကမ္ဘာရေးရာ တွေမှာရော ဒီတိုင်းပဲ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အပိုင်းမှာရော ဆိုလို တာက ရင်းနှီးတဲ့ ချိတ်ဆက် ဆက်ဆံရေး တည်ဆောက်ဖို့က အဓိကအရေးကြီးတယ်။ အဲဒါသွားခြင်းအားဖြင့် နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက ကောင်းမွန်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးရော နိုင်ငံရဲ့ရှေ့ရေးအတွက်ရော အများကြီး အဆင်ပြေသွားပါမယ်။ ဆိုလိုတာက တရုတ်အောက် ရောက်ချင်း မရောက်ချင်းဆိုတာကတော့ ဘယ်လို ခေါ်မလဲ။ ပြင်ပကမြင်တဲ့သူ အဲမှာ အနောက်နိုင်ငံက မြင်ရင် တစ်မျိုးမြင်လိမ့်မယ်။ အာဆီယံကမြင်ရင် တစ်မျိုးမြင်မယ်။ ဥပမာ တရုတ်နဲ့ diplomatic အရ သိပ်အမြင်မကြည်တဲ့ အိန္ဒိယဆို အိန္ဒိယကတစ်မျိုး မြင်လိမ့် မယ်ဆိုတာက အမြင်တွေက မျိုးစုံဖြစ်လာနိုင်တယ်။ ဒါပေမယ့် အဓိက အကျဆုံးအချက်က မြန်မာနိုင်ငံက ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲဆိုတာ အရေးကြီးတယ်။ ကျနော်တို့က ကိုယ့်ကိုယ်ကို အဓိက မြင်တတ်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကို မမြင်တတ်တော့လည်း သူများမြင်ခံတာကို လိုက်ခံလို့မရဘူးပေါ့နော်။ အဲတော့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်ပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ဖို့ လိုအပ်ပါတယ်။ တရုတ်အောက် ကျခြင်းမကျခြင်း ဆိုတာဟာ ကျနော်တို့အတွက် အဓိကအရေးကြီးတဲ့ ခေါင်းစဉ်မဟုတ်ဘူး”ဟု ပြောသည်။
MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်ထားသည် လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)ကို ၂၀၂၅ ခုနှစ်၊ ဧပြီလက မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသလို သိန္နီမြို့ကိုလည်း ပြန် လည်ပေးရန် ပြင်ဆင်နေကြောင်း၊ တအာင်းတပ်ဖွဲ့(TNLA)သည် ၎င်းတို့ ထိန်းချုပ်ထားသော ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုး ကုတ်၊ နမ့်ခမ်း မြို့များကိုလည်း မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးရန် ဖိအားများ ရင်ဆိုင်နေရသည်။
တရုတ်သည် မြန်မာနိုင်ငံကို ဩဇာလွှမ်းမိုးရေးဆိုတာထက် ဗဟိုအစိုးရပြိုကွဲပြီး ဘေးပတ်ဝန်းကျင် နိုင်ငံများပါ ရိုက်ခတ်လာနိုင်ခြင်းကြောင့် ဝင်ရောက် ကူညီနေခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဒု-ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဩဇာလွှမ်းမိုးမှု ဆိုတာမျိုးထက်က အဓိက,ကတော့ အခုဖြစ်နေတဲ့ ကျနော်တို့ တိုင်းပြည်မှာ အခုဖြစ်နေ တဲ့ ပြဿနာတွေကို ဒါက ကူညီဖြေရှင်းတာပေါ့။ အိမ်နီးချင်း တစ်ယောက်အနေနဲ့ ဒါထိုင်းဆိုလည်း ဖြေရှင်းပေး တာပဲ။ အိန္ဒိယဆိုလည်း ဝင်ဖြေရှင်းပေးတာပဲနော်။ ပြီးတော့ ဒီတရုတ်လည်း ဝိုင်းဖြေရှင်းပေးတာပေါ့။ ကျနော်တို့ ဒါဒီတိုင်းပြည် ပြိုကွဲသွားလို့ မရဘူးဆိုတဲ့ ဟာနဲ့ပေါ့နော်။ ဒါဗဟိုပြိုကွဲလို့ရှိရင် ဘေးပတ်ဝန်းကျင် တိုင်းပြည်တွေ ကလည်း အကုန်လုံး ထိခိုက်တဲ့အတွက်ကြောင့် ဝိုင်းဖြေရှင်းပေးတာ ဖြေရှင်းပေးတဲ့အခါမှာ တရုတ်သည် အင်အား ကြီးတဲ့အတွက်ကြောင့် တရုတ်သည် အင်အားကြီးနိုင်ငံဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ကလည်း တကယ့်ကို အင်မတန် ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ အခါကြတော့ ဒီတရုတ်ရဲ့ Back up ရလို့ရှိရင် နစကအနေနဲ့ ဟိုဟာဖြစ်မယ် ဆိုတဲ့ ဟာမျိုးကြောင့် ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဓိက,ကတော့ တိုင်းပြည်မှာ ကိုယ့်ရဲ့ ကိုယ်ခံအား ကောင်းဖို့ လိုတာပေါ့။ ကိုယ်ခံအားကောင်းရင် ကျန်တဲ့ဟာ သိပ်ပြီးတော့ ပြဿနာမရှိပါဘူး ဘယ်ဟာမှ လုပ်လို့မရ ဘူး။ ဘယ်နိုင်ငံမှလာပြီး လွှမ်းမိုးတယ်ဆိုတာ မရပါဘူး။ အဓိက,ကတော့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကိုယ်ခံအား ကောင်းအောင်လုပ်ဖို့ပဲ လိုအပ်ပါတယ်”ဟု ပြောသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား နိုင်ငံတစ်ဝန်း တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေပြီး စစ်စခန်းပေါင်း ရာနှင့်ချီ အပါအဝင် မြို့ပေါင်း ၉၀ ကျော်နှင့် တိုင်းစစ်ဌာနချုပ်တချို့ကို မြန်မာ့တပ်မ တော်က လက်လွတ်ဆုံးရှုံးထားရသည်။
အလားတူ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် ကုမ္ပဏီများ ထိခိုက်ဆုံးရှုံးနေရသလို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၊ တရုတ်စီမံကိန်းများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှု များ လုံခြုံစိတ်ချစေရန် ဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
အဆိုပါ အခြေအနေများနှင့်အတူ နစကသည် တရုတ်၏ ဖိအားများကို ရင်ဆိုင်ခဲ့ရပြီးနောက် တရုတ်အကျိုးစီးပွား အား ကာကွယ်နိုင်ရေးနှင့် တရုတ်လုံခြုံရေးအဖွဲ့များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာနိုင်ရေးအတွက် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ပြဋ္ဌာန်းကာ လမ်းဖွင့်ပေးခဲ့ရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 635
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် တရုတ်၏အကျိုးစီးပွားက ထပ်တူကျနေသည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ၇၅ နှစ်မြောက်ရှိပြီးဖြစ်ကြောင်း၊ တရုတ်၏ မြန်မာနိုင်ငံအပေါ် သဘော ထားကို နစက,က ကြိုဆိုလက်ခံထားသည်။
တရုတ်နှင့်မြန်မာ ဆက်ဆံရေးသည် ပို၍နီးကပ်လာသလို နှစ်နိုင်ငံ အကျိုးစီးပွားအားလုံးသည် ထပ်တူကျနေ သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် တွေ့ဆုံ ဆွေးနွေးနေစဉ်
၎င်းက “ဦးမင်းအောင်လှိုင်နဲ့ ခုလက်ရှိ မစ္စတာရှီကျင့်ဖျင်တို့ရဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး သံခင်းတမန်ခင်း အောင်မြင်မှုကို ဆက်ပြီး carry ယူသွားရမှာပေါ့၊ နောင်သားစဉ်မြေးဆက်။ အဲဒီတော့ ပိုပြီးတော့ နီးစပ် ပိုပြီးတော့ ဆက်ဆံရေးက စိပ်လာမှာပေါ့။ အဲဒီရဲ့ လက္ခဏာ အနေနဲ့လည်း ရှမ်းမြောက် အနေအထား လားရှိုးအနေအထား၊ တောင်ခမ်း အနေအထားကနေ ကျောက်ဖြူအထိပေါ့ဗျာ။ မစ္စတာတိန့်ရှီးကျွင်းနဲ့ ရှမ်းမြောက်အဖွဲ့တွေ တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့ဗျာ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တွေ့ကြတယ်။ ပြုကြတယ်ဆိုတာ အားလုံးက ရပ်တည်ချက် တစ်ခုပေါ်မှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တရုတ်အကျိုးစီးပွားတွေ အားလုံးက ထပ်တူကျနေတယ်ဆိုတော့ အဲဒါတွေ အားလုံး က ခဏက ရှရှားမှာ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့ တွေ့ကြတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အာမခံတာတို့ အသိမှတ်ပြုတာတို့ မြန်မာနိုင်ငံ ပြိုကွဲမသွားဖို့အတွက် ငြိမ်းချမ်းမှုဖြစ်စဥ် လိုအပ်တာတို့ အဲဒါတွေနဲ့ ဆက်စပ်ပြီးမှ တရုတ်သည် အနီးကပ်ဆုံး အိမ်နီးနားချင်းဖြစ်တဲ့ အခါကြတော့ မြန်မာနိုင်ငံတော် နိုင်ငံသားတွေ အတွက် ကောင်းကြိုးလိုရာ ရောက်ဖို့အတွက် သံခင်းတမန်ခင်း အောင်မြင်မှုလို့ ပြောလို့ရတာပေါ့”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ် ပြောင်းလဲသွားသည့် မြန်မာနိုင်ငံရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံသည် ထည်ထည်ဝင်ဝင် ပါဝင် ပတ်သက်လာပြီး ဩဇာလွှမ်းမိုးလျက်ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။
မြန်မာနိုင်ငံသည် တရုတ်၏ အရှိန်ဝါကို နဂိုထဲက စိုးရိမ်စိတ် ရှိထားပြီးသား ဖြစ်သောကြောင့် တချို့အပိုင်းများတွင် တရုတ်က တော်တော်လေး ထည်ထည်ဝင်ဝင် လွမ်းမိုးလာတာကတော့ အမှန်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် တွေ့ဆုံ ဆွေးနွေးနေစဉ်
၎င်းက “မြန်မာပြည်က တရုတ်ရဲ့လွှမ်းမိုးမှုကို သမိုင်းအစဥ်အဆက်အရ လွှမ်းမိုးမခံရအောင်တော့ တတ်နိုင်သမျှ ကြိုးစားခဲ့တာပေါ့။ ဒါပေမယ့် တရုတ်ကိုတော့ မွန်ဂိုတရုတ်ပဲဖြစ်ဖြစ်၊ ဟန်တရုတ်ပဲဖြစ်ဖြစ်၊ မန်ချူးပဲဖြစ်ဖြစ်ပေါ့ တရုတ်ကိုတော့ ကျနော်တို့က ကိုယ့်ထက် အင်အားကြီးတယ်လို့ အမြဲတမ်း ကျနော်တို့က ယူဆထားလို့ပေါ့။ အဲတော့ တရုတ်ရဲ့အရှိန်ဝါကိုတော့ ကျနော်တို့က အစတည်းက စိုးရိမ်စိတ်က ရှိထားပြီးသား ဖြစ်တယ်ပေါ့နော်။ တချို့အပိုင်းလေးတွေမှာတော့ တော်တော်လေး ထည်ထည်ဝင်ဝင် လွှမ်းမိုးလာတာကတော့ အမှန်ပါပဲ တရုတ် ကလေ။ ကျနော်တို့ ရှောင်ဖို့ နည်းလမ်းက တစ်ခုပဲရှိတယ်၊ အဲတာက ဘာလဲဆိုရင် ပြည်တွင်းအားကို တည်ဆောက်ရမယ်။ အခု မူဝါဒပိုင်းဆိုင်ရာ လွဲနေ တာတွေတော့ အများကြီး သွားတွေ့ရတယ်။ အဲတာဘာလဲဆို ပြည်တွင်းအားကို မတည်ဆောက်ဘူး။ ကိုယ့်နိုင်ငံ ရေး ခွဲခြားမှုတွေကို ပြန်ပြီးတော့ စည်းလုံးညီညွတ်အောင် ပြည်သူတွေ မကျေနပ်တာတွေက ဘာတွေလဲ နောက် တိုင်းရင်းသားတွေ မကျေနပ်တာတွေက ဘာတွေလဲ ဒါတွေကို ကျနော်တို့က အဖြေရှာရမယ်။ အဖြေ ရှာပြီးတော့ တရုတ်ပြည်ကို တန်းတူညီတူ ဆက်ဆံမယ်။ အဲလိုမဟုတ်ဘူး ကွဲပြားနေလို့ကတော့ ကျနော်တို့က တော့ ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာ ဆိုပြီးတော့ မျက်နှာချိုသွေးနေရမယ့် သဘောမှာသွားရှိတယ်။ ချစ်ချစ် မချစ်ချစ် မုန်းမုန်း မမုန်းမုန်း တရုတ်ကိုတော့ အလေးထားပြီး ဆက်ဆံရမယ်လို့ သဘောတော့ ပေါက်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာလည်း တရုတ်ကို ထည့်တွက်ရမယ်။ တော်ရုံတန်ရုံလောက်ကိုလည်း အလျှော့ပေးရမယ်လို့ ကျနော်တို့ လက်ခံထားတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်သည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA)ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး ဖိအားပေး၍ ကြားဝင်စေ့စပ်ညှိနှိုင်း ပေးနေသလို မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ မြန်မာ့တပ်မတော်ထံ ပြန်လွှဲပေးရန်လည်း ဖိအားပေးလျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများ၊ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၊ တရုတ်စီမံကိန်းများ၊ တရုတ် ရင်းနှီးမြှုပ်နှံမှုများ လုံခြုံစိတ်ချစေရန် ဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 543
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့မှာ ကျောင်းဆရာ/ဆရာမများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ် မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူထားရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြဖစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ကောင်းမွန် ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေ လိုသည်”ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်း ထားသည်။
နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသော စကားရပ်သည် ပြင်ဆင်သင့်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် ပါတီတစ်ခုခုတွင် ပါတီဝင်မဖြစ်ရဆိုသော ပြဋ္ဌာန်းချက်သာဖြစ်သင့်ကြောင်း၊ သို့မဟုတ်ပါက နိုင်ငံ့ဝန်ထမ်း များသည် ပါတီတစ်ခုခုမှ ပါတီဝင် အမျိုးသား/အမျိုးသမီးများဖြင့် အိမ်ထောင်ပြုရန်ပင် မရသည့် အခြေအနေ ဖြစ် သွားနိုင်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
ထို့နောက် မြန်မာ့တပ်မတော်မှ စစ်သည်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး မည်သည့်အတွက်ကြောင့် လွှတ်တော် အတွင်းမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားရသနည်း မေးခွန်းထုတ်စရာဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 546
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့သို့ ရောက်ရှိစဉ် ပညာရေးဝန်ထမ်းများနှင့် ပညာသင်ကြားနေသော ကလေးငယ်များဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမို ဖြစ်ပွားသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေသည်”ဟု ပြောသည်။
ထို့ကြောင့် ဆရာ/ဆရာမ များအနေဖြင့် မိမိတို့ သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာ သင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဟု ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စာရင်း ကောက်ယူထားရှိသည့် ကိန်းဂဏန်းအချက်အလက်များ မိမိတို့ နိုင်ငံအနေဖြင့် ပညာရေးအားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာရှိနေဆဲဖြစ်ပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ခန့်မှာ ပညာရေးအားနည်းလျက်ရှိနေသည်”ဟု ပြောသည်။
၂၀၂၅-၂၆ ပညာသင်နှစ်အတွက် မူလတန်းကျောင်းအပ်နှံမှု ၄ သန်းကျော် (၄,၁၄၆,၂၅၁ ဦး)၊ အလယ်တန်း ကျောင်းအပ်နှံမှု ၁ သန်းကျော် (၁,၃၄၄,၂၃၆ ဦး)၊ အထက်တန်းကျောင်းအပ်နှံမှု ၆ သိန်းကျော် (၆၂၈,၇၇၃ ဦး) စုစုပေါင်း ကျောင်းအပ်နှံမှု ၆ သန်းကျော် (၆,၁၁၉,၂၆၀ ဦး)ရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိပြီး ကျောင်းနေအရွယ် လူငယ်များမှာ သန်း ၂၀ ကျော်ရှိနိုင်သည့် အခြေအနေမှာ လူဦးရေ ၆ သန်းကျော်သာ ကျောင်းအပ်နှံနိုင်ခြင်းကို နှိုင်းယှဉ်ကြည့်ပါက အနာဂတ်အတွက် စိုးရိမ် စရာကောင်းကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းတွင် တိုက်ပွဲများဖြစ်ပွားနေသလို နယ်မြေမတည်မငြိမ်မှုများကြောင့် တရားဥပဒေ စိုးမိုးမှုများ အားနည်းလျက်ရှိသည့်အတွက် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးမှာလည်း အားနည်းလျက်ရှိနေ သည်။
အဆိုပါ တိုက်ပွဲများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လာ
သည့် နောက်ပိုင်းမှာ စတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့်နစကကို ဖြုတ်ချရေး NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော် အမတ်များ ဦးဆောင် ဖွဲ့စည်းထားသည့် CRPH၊ NUG၊ လက်နက်ကိုင်အဖွဲ့များ အပါအဝင် လူငယ်များဖွဲ့စည်းလာသည့် PDFs နှင့် LPDFs များက လက်နက်ကိုင်တိုက်ခိုက်လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 476
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ၎င်းတို့လိုချင်သည့် ပုံစံ မဖြစ်မချင်း ပြောင်းလဲနေမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌအနေဖြင့် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် ကျင်းပပြုလုပ်မည်ဟု ပြည်တွင်း၊ ပြည်ပ များသို့ အသိပေး ကတိပြု ပြောကြားထားသည်။
ယခုကဲ့သို့ ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းသည် နိုင်ငံတကာထံမှ တရားဝင်မှုကို လိုချင်၍ လုပ်ခြင်းသာဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ရွေးကောက်ပွဲကော်မရှင်ကို သူတို့ကြိုက်တဲ့ လူတွေနဲ့ဖွဲ့စည်းတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန် တယ်။ ပါတီတွေ မှတ်ပုံတင်ခြင်းဥပဒေ ဘာညာဆိုတယ်။ ဒါပေမယ့် အဲဒီ ဥပဒေကိုယ်တိုင်က သူတို့အခု အုပ်ချုပ် နေစဉ် ကာလမှာ အကြိမ်ကြိမ် ပြောင်းတယ်။ သူတို့လိုချင်တဲ့ပုံစံ မဖြစ်မချင်း ပြောင်းနေတယ်။ ဒီဟာကလည်း ပုံစံ မဟုတ်ဘူးလို့ မြင်တယ်။ ကိုယ်တို့ အားသာမယ်ဆိုတော့ ပုံစံတစ်မျိုးနဲ့ ပြဋ္ဌာန်းတယ်။ အားနည်းတယ်ဆိုတဲ့ အခါ တော့ လျော့ပေးတယ်ပေါ့ အပေါ်စီးရအောင်။ တစ်နည်းအားဖြင့်ပြောရင် ကိုယ်မနိုင်မချင်း ဥပဒေကို လိုသလို လျော့လိုက်၊ တင်းလိုက်လုပ်တဲ့ ဟာကိုက တော်တော်လေး သိက္ခာမဲ့တဲ့ အတုအယောင်ဖြစ်တယ်။ နောက် ရွေးကောက်ပွဲစနစ်၊ သူတို့ ဘယ်လိုနည်းနဲ့ အပေါ်စီးရနိုင်မလဲ၊ အလုပ် ဖြစ်နိုင်မလဲ၊ ထွက်ပေါက်ရမလဲ ဆိုတာကိုပဲ စဉ်းစားတာ ဖြစ်တယ်။ တိုင်းပြည်ရဲ့မျက်နှာ၊ ပြည်သူ့ရဲ့မျက်နှာ တစ်မျက်နှာမှ ကြည့်တာမဟုတ်ဘူး။ ဒီတိုင်းသွား နေတာထက်စာရင် ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲလုပ်လိုက်ရင် နိုင်ငံတကာကနေ တရားဝင်မှုကို လိုချင်လို့ သူတို့လုပ်တာပဲဖြစ်တယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီ တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲ ကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြော သည်။
နယ်မြေဒေသအခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း သိရသည်။
ထို့ပြင် ရွေးကောက်ပွဲကို ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျကိုယ်စားပြု စနစ်(PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ် သိရှိရမည်ဖြစ်သည်ဟု UEC က ပြောသည်။
နစကတာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်တို့ အနေဖြင့် ယခင်က နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံကာ ဥပဒေအကြောင်း ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် မရှိကြောင်း သိရသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီ တွေ့ဆုံစဉ်
ထို့ကြောင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေကို မထုတ်ပြန်ခင် နိုင်ငံရေးပါတီများအား ဖိတ်ခေါ်ကာ အကြမ်းဖျင်း ချပြသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေကြတော့ သူတို့တွေက အရန်သင့်ဖြစ်ပြီလို့ ပြောတာပဲ။ ဟိုတုန်းက တော့ နိုင်ငံရေးပါတီတွေကို ခေါ်ပြီးမှ တွေ့ဆုံဆွေးနွေးတာတော့ ရှိတယ်။ အခုနောက်ပိုင်း ထုတ်ခါနီးကြရင်လည်း နိုင်ငံရေးပါတီတွေခေါ်ပြီးမှ ကော်မရှင် အစည်းအဝေးမှာပဲဖြစ်ဖြစ် ဥပဒေက ဘယ်လိုရှိတယ်ဆိုတဲ့ အကြောင်းလေး တွေကို အကြမ်းဖျင်း ချပြသင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တာပေါ့။ သူတို့ပြောထားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲလို့ ပြောထားတဲ့ အခါကြတော့ အဆုံးစွန်ထိ လုပ်လိမ့်မယ်လို့တော့ မမြင်ဘူး။ အခုအခြေအနေအရ ကျနော်ပြန်သုံးသပ်ကြည့်တော့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားရေးရာက အင်မတန် အရေးကြီးပါတယ်။ တိုင်းရင်းသားပါတီက တိုင်းရင်းသားလူမျိုးတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်မှ ဒီစည်း ကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ်လို့ မြင်တာပေါ့” ဟု ပြောသည်။
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးစက်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ စံချိန်စံညွှန်း ဥပဒေ (၂၀၁၄) နှင့်အညီ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း UEC က ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 454
CNI News
၂၀၂၅ ခုနှစ်၊ ဇွန် ၁၀
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွား နေသည့် စစ်ရေးသည် တရုတ်အပေါ်တွင်သာ မူတည်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်အားလုံး၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ ရှိနေကြောင်း၊ တရုတ်မှ ကျောက်စိမ်းမှောင်ခို ဈေးကွက်ကို အားမပေးခဲ့ပါက မြန်မာနိုင်ငံရေး တစ်ဝက်ခန့် ငြိမ်းအေးသွားနိုင် ကြောင်း ၎င်းက ပြောသည်။
စိုင်းဋ္ဌေးအောင်က “အဲဒီ စစ်ရေးက အကျိုးစီးပွားကို ထိခိုက်နေတဲ့ အခါကြတော့ KIA ကလည်း KIA အကျိုးစီးပွား ကို ထိခိုက်တယ်။ ကျယ်ပြန့် လာနိုင်တယ်ဆိုတာက အဲဒီ ဖားကန့်ဒေသမှာက ကျနော်တို့ မြန်မာနိုင်ငံ လက်နက် ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ဆိုကြပါစို့။ သူတို့ စစ်တိုက်နေတာ စိတ်မကောင်းပါဘူး။ အဲဒီမှာ တရုတ်နိုင်ငံရဲ့ အကျိုး စီးပွားက တော်တော် ကြီးကြီးမားမား ရှိပါတယ်။ ရှိတဲ့အခါကြတော့ တရုတ်အနေနဲ့ ကျယ်ပြန့်အောင် လုပ်မလား၊ မကျယ်ပြန့်အောင် လုပ်မလားဆိုတာတော့ သူ့အပေါ်မှာပဲ သွားမူတည်တာပေါ့။ အခု ပြောရမယ်ဆိုရင် ဖားကန့်က ထွက်တဲ့ ကျောက်စိမ်းစျေးက ၂၀၂၃ တုန်းက မြန်မာပြည်မှာ ကျပ်ငွေ ဘီလျံ ၆၆ ပဲ ရရှိတယ်။ တရုတ်မှာဆိုရင် US ဒေါ်လာ ၂၁ ဘီလျံရတယ်။ ဒါကိုနှိုင်းယှဉ်ခြင်းအားဖြင့် မြန်မာ့ကျောက်စိမ်းတွေဟာ တရုတ်ဈေးကွက်မှာ ဘယ် လောက် ကောင်းနေတယ်ပေါ့။ အဲဒီဥစ္စာတွေကလည်း မြန်မာနိုင်ငံကနေ တရားဝင် ထွက်သွားတာ မဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆီကနေ မှောင်ခိုထွက်သွားတာပေါ့။ အဓိက,ကတော့ ကျောက်စိမ်းဖော်တဲ့ လုပ်ကွက် အားလုံးရဲ့ နောက်ကွယ်မှာ တရုတ်ရှိတယ်ဆိုတာကိုလည်း သတိထားရမှာပေါ့။ တရုတ်က အိမ်နီးချင်း ကောင်း ပီသတယ်ဆိုရင် ဗဟိုအစိုးရနဲ့ပါ ချိတ်ဆက်သင့်ပါတယ်။ မှောင်ခိုအားမပေးခဲ့ဘူးဆိုရင် ဒါလည်း မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေး တစ်ဝက်လောက်ကို ငြိမ်းအေးသွားနိုင်ပါတယ်” ဟု ပြောသည်။
ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်နေမှုကို တွေ့ရစဉ်
မြန်မာ့တပ်မတော်အနေဖြင့် ဖားကန့်ဒေသတွင် လက်လွှတ်လိုက်ရသည့် နေရာများအား ပြန်လည်ရယူရန် ကြိုးပမ်းနေကြောင်း၊ မေလကုန်ပိုင်းက ဖားကန့်မြို့ထဲသို့ စစ်ကြောင်းဝင်ရောက်ကာ စစ်အင်အားဖြည့်တင်း နေကြောင်း ဒေသတွင်း သတင်းဌာနများမှ ဖော်ပြထားကြသည်။
ထို့နောက် ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင် KIA နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြကြောင်း သိရသည်။
KIA သည် ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး နယ်မြေထိစပ်နေသည့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် နယ်စပ်များတွင်လည်း တိုက်ပွဲများ ဖော်ဆောင်နေသည်။
ဖားကန့်ဒေသသည် စီးပွားရေးအရ အလွန်အရေးပါသည့် ဒေသဖြစ်သောကြောင့် မြန်မာ့တပ်မတော်အနေဖြင့် အကြီးအကျယ် တိုက်ပွဲဝင်မှာဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်နေမှုကို တွေ့ရစဉ်
၎င်းက “စစ်တပ်ကလည်း အကြီးအကျယ် တိုက်မှာပဲ။ ဒါပေမယ့် ကျမ ကြည့်တယ်။ စစ်တပ်က သိပ်လွယ်မယ် တော့ မထင်ဘူး။ ဒါပေမယ့် ဗန်းမော်တို့ ဘာတို့မှာလည်း တော်တော်တော့ ခံနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံ လက်နက် ဘာညာကတော့ သူတို့ဘက်က ပိုများတော့ အဲဒါတွေလည်း ဖြစ်မယ်ထင်ပါတယ်။ ကြာနိုင် တယ်။ ဗန်းမော်မှာ ဖြစ်နေသလိုပဲ ရေရှည်ကြီး ဖြစ်ကောင်းဖြစ်နိုင်တယ်ထင်တယ် ကြည့်ရတာ” ဟု ပြောသည်။
ဖားကန့်ကို မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ခြင်းသည် ဗန်းမော်ကဲ့သို့ စစ်ရေးအရ အရေးပါသောကြောင့် မဟုတ်ဘဲ သယံဇာတကြောင့်ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့နောက် KIA ကလည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှာ စတင်ကာ ဗန်းမော်မြို့သိမ်း တိုက်ပွဲကို ဆင်နွှဲနေပြီး ယနေ့အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဒေသတစ်ခုလုံးအား သိမ်းပိုက် ထားသည်။
လက်ရှိတွင် ကချင်ပြည်နယ်ရှိ မြို့နယ်များ၌ သယံဇာတ တူးဖော်မှုများမှာ ပိုမိုဆိုးရွားလာကြောင်းလည်း ဒေသတွင်း သတင်းဌာနများမှ ဖော်ပြထားကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 394
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နစကအတွက် ထွက်ပေါက်ဆိုခြင်းထက် ပြည်သူလူထု၏ ထွက်ပေါက်ဖြစ်သည်ဟု ကရင်ပြည်သူ့ပါတီ(KPP)ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
ပြည်သူလူထုသည် တိုက်ပွဲများကြား ညှပ်နေပြီး တန်ဆာခံဖြစ်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြီး အစိုးရတစ်ရပ် ပေါ်လာမှသာလျှင် ရှေ့ဆက်နိုင်မည်ဖြစ်၍ ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ်သည်ဟု ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
ဒေါ်နန့်ခင်အေးဦးက “တချို့ကတော့ နစကအတွက် ထွက်ပေါက်ပေါ့နော် အဲလိုပြောတယ်။ ကျမတို့ကတော့ နစကအတွက် ထွက်ပေါက်ဆိုတာထက် ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ်မယ်လို့ ယူဆတယ်။ ဘာကြောင့် လဲဆိုတော့ အခုပြည်သူလူထုက အခု လက်နက်ကိုင်အဖွဲ့တွေ ချနေကြတဲ့ဟာကို လက်နက်ကိုင်အဖွဲ့ အချင်းချင်း ချနေတာက ပြဿနာမဟုတ်ဘူးပေါ့နော်။ ပြည်သူလူထုက ကြားကနေ တန်ဆာခံဖြစ်နေတာက ပြဿနာပေါ့။ အဲတော့ အဲဒါကို ဒီရွေးကောက်ပွဲ တစ်ခုလုပ်ပြီးတော့ ခဏကလည်း တရားဝင်မဟုတ်ဘူးလို့ ပြောထားတော့ တရားဝင် အစိုးရတစ်ခုပေါ်လာမှ အရပ်ဘက် အရပ်သားအစိုးရတစ်ခု ပေါ်လာမှ ဒါတွေက ရှေ့ဆက်ပြီးလုပ်ရမဲ့ ဟာတွေပေါ့။ အခုလာမဲ့ Peace Forum ဇွန်ထဲမှာလုပ်မဲ့ လကုန်ပိုင်းမှာ လုပ်မယ့်ဟာဆိုရင် နိုင်ငံတော်ကို ဘယ်လို ပြန်တည်ဆောက်ကြမလဲ၊ ရွေးကောက်ပွဲကို ဘယ်လိုငြိမ်းချမ်းသာယာအောင် လုပ်မလဲဆိုတာကို ဆွေးနွေးကြမှာ လေ။ အဲဒါတွေ လုပ်ရင်းနဲ့မှ အဖြေက တဖြေးဖြေး ပေါ်လာမယ်လို့ ယူဆတယ်။ ကျမတို့အနေနဲ့က ကြိုပြီးပြောဖို့ ကတော့ ခဲယဉ်းတယ်လို့ ထင်တယ်”ဟု ပြောသည်။
ရွေးကောက်ပွဲသည် ပြည်သူအတွက် ထွက်ပေါက်မဟုတ်ဘဲ နစကအတွက် ထွက်ပေါက်ဖြစ်သည်ကို အငြင်းပွား စရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
ထို့နောက် နစကသည် နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါက်ရှာနေခြင်းကြောင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ရမည်ဟု လက်နက်ကိုင်များနှင့် ဒီမိုကရေစီအရေး လှုပ်ရှား သူများက ပြောကြသည်။
သို့သော် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ မှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီများက တော့ လာမည့် ရွေးကောက်ပွဲသည် နစကအတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ မရှိပါက မြန်မာ့တပ်မတော်၏ အရေးပေါ် ပြဋ္ဌာန်းချက်အောက်မှာ ဖြတ်သန်းနေရမည်ကို သတိချပ်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
လက်ရှိ မြန်မာပြည်သူလူထုသည် စစ်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ရောဂါဘေး စသည့် ကပ်ဘေးများကို ရင်ဆိုင်ကျော်ဖြတ်နေရသလို လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေး တို့မှာ လည်း အလွန်နိမ့်ကျလာခြင်းကို ရင်ဆိုင်နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 995
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်သာ သိမ်းပိုက်ရန် ကျန်ရှိသည့် အာရက္ခတပ်တော်(ULA/AA)၏ မြို့သိမ်းတိုက်ပွဲ၌ ဖိအားများရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ တွင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သည့် AA အနေဖြင့် တည်မြဲအောင် ထိန်းထားနိုင်ရေးနှင့် အုပ်ချုပ်ရေး အပါအဝင် အခြားလုပ်စရာများ ရှိနေသေးသည့် အတွက် ဖိအားများကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်း “AA ဆိုတာက တော်လှန်ရေး အရဆိုရင် အခုမှ လူလားမြောက်ကာစ အရွယ်လေးပဲ ရှိသေးတယ်လေ။ ဒီတော့ ဒီအချိန်မှာ နေပြီးတော့ သူတို့ဟာ လူငယ်တွေ၊ လူလတ်ပိုင်းတွေ အများကြီး သူတို့ကြိုးစားတယ်။ အလုပ် လုပ်နိုင် တယ်။ သူ့နယ်မြေတွေကိုလည်း သူရအောင် သိမ်းနိုင်တယ်။ ဒါက ရခိုင်တွေရဲ့ အိပ်မက်ပေါ့ နှစ်ပေါင်း ၂၀၀ ကျော် အိပ်မက်မက်ခဲ့တဲ့ ရှေ့ကလည်း တော်လှန်ရေးတွေ ခေတ်အဆက်ဆက်မှာ လုပ်ခဲ့တယ်။ ဒါပေမယ့် ULA/AA က တော့ အချိန်တိုအတွင်းမှာ ဒီလောက် လုပ်နိုင်တယ်ဆိုတဲ့အခါမှာ အဲဒီလိုမျိုး ဖြစ်အောင်အတွက် သူတို့လည်း ပေး ဆပ်ရတဲ့ အရင်းအနှီးတွေ များပါတယ်။ ဒီဟာတွေကလည်း ဖိအားတွေပေါ့။ ပြည်သူတွေ၊ ရဲဘော်တွေရဲ့ အသက် တွေ အများကြီး စတေးပြီးတော့ ရလာတာလေ။ နောက် ဒီနေရာတွေကို တည်မြဲအောင် ထိန်းထားနိုင်ဖို့ဆိုတာက လည်း နိစ္စဒူဝ ဖိအားပဲ။ ဒီနေရာတွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့်ပေါ့။ အများကြီးပဲ လုပ်စရာတွေက။ အဲဒီတော့ ဒီဟာတွေ အကုန်လုံးက ဖိအားတွေများတယ်။ နောက်တခါ အခုကျန်နေ တဲ့ နေရာတွေမှာ အိန္ဒိယနဲ့ ကုလားတန်စီမံကိန်း၊ တရုတ်ရဲ့ကျောက်ဖြူ SEZ၊ နောက် Sino ပိုက်လိုင်း ဒီဟာတွေ အကုန်လုံးဟာ တကယ်တော့ တရုတ်ဆိုတာဟာလည်း ကမ္ဘာပေါ်မှာ မဟာအင်အားကြီးနိုင်ငံလေ။ ဒီဟာတွေရဲ့ ဖိအားကလည်း သူ့အပေါ်မှာ ရှိတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
AA ၏ မေလ ၂၂ ရက်က ရခိုင်ဒေသအတွင်းမှ နေရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းနေသည့် ဒေသနေ ပြည်သူများ အား အသိပေးတားမြစ်ချက် ထုတ်ပြန်သည့်အထဲတွင် မပြီးပြတ်သေးသော မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ် ဖြင့် ဆင်နွှဲနေရကြောင်း ပြောကြားထားသည်။
၂၀၂၅ ခုနှစ်၊ မေလအထိ AA အနေဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့မှ အပ ပလက်ဝ အပါအဝင် မြို့ပေါင်း ၁၅ မြို့ကို ထိန်းချုပ်ထားသည်။
လက်ရှိတွင် AA သည် ကျန်ရှိနေသည့် စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်တို့ထဲကမှ တရုတ်စီမံကိန်း တည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြန်မာ့တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။
သို့သော် မြို့သိမ်းတိုက်ပွဲများအတွက် အကန့်အသတ် ဖြစ်နေခြင်းသည် တရုတ်ဖိအားကြောင့် ဖြစ်နိုင်သကဲ့သို့ ၎င်းတို့ကိုယ်တိုင် တိုက်ရန် အခက်အခဲများ ရှိနေခြင်းလည်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့ကို တွေ့ရစဉ်
၎င်းက “စစ်တိုက်တယ်ဆိုတာ၊ မြို့တွေကို သိမ်းတယ်ဆိုတာ လွယ်တယ်။ ပြီးတော့ အဲဒီဟာကို ထိန်းထားဖို့က ခက်တယ်။ အဲဒါကြောင့် ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားနေတာဖြစ်မယ်။ နောက်တစ်ခုက မြို့တွေကို မတိုက် တာက သူတို့အခြေအနေ၊ အခိုင်အမာ၊ အခုကသူက အများကြီးဖြန့်ပြီးတော့ ကာကွယ်နေရတာဖြစ်တော့ မြို့ကြီး တွေ တိုက်ပြီး ထပ်ထိန်းဖို့ဆိုတာ လွယ်ချင်မှလွယ်မယ်။ နောက်တစ်ခုက မြို့တိုက်ပြီးရင် ရန်သူကို target ပေး လိုက်သလို ဖြစ်တာပေါ့။ အဲဒီမြို့ကို အကြီးအကျယ် လာဗုံးချသွားကြမှာ။ အဲဒါတွေလည်း တွက်ချက်တယ် ထင် တယ် ကြည့်ရတာ။ ဒါကြောင့်မို့လို့ မတိုက်သေးတာ ထင်တယ်။ သူက တရုတ်နဲ့လည်း ဆက်ဆံရေး ကောင်းအောင် လို့။ ဒါကြောင့်မို့လို့ AA က ထုတ်လိုက်တဲ့ဟာတွေဆို ဖတ်ကြည့်ပါလား။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများကို သူ ကာကွယ်ပေးရမယ်၊ မထိခိုက်စေရပါဘူး။ ဒါက အမြဲပါနေတာပဲ။ တရုတ်ရဲ့ ဖိအားကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သို့မဟုတ် သူတို့ကိုယ်တိုင်က တိုက်ဖို့ အခက်အခဲတွေ ကျနေတာလည်း ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
ထို့နောက် အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းများလည်း ရှိနေခြင်းကြောင့် AA သည် တရုတ်၊ အိန္ဒိယတို့၏ ဖိအား များ ရှိနေနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အာရက္ခတပ်တော်(AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသား၊ အမျိုးသမီးများကို ရခိုင်ပြည်နယ်ထဲက ထွက်ခွာခွင့် ပိတ်လိုက်ကြောင်း ထုတ်ပြန် ထားသည်။
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိ အမျိုးသမီး များ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ အမျိုးသားများအပေါ် ရခိုင်ပြည်နယ် ပြင်ပထွက်ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။
AA ၏ ရခိုင်ပြည်နယ်တွင် တကျော့ပြန်ထိုးစစ် စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရခိုင်ပြည်နယ်ရှိ မြို့များအား မြန်မာ့တပ်မတော်မှ ဖြတ်လေးဖြတ်စနစ် ကျင့်သုံးခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 462
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ့တပ်မတော်ထံမှ စစ်တိုက်၍ ရယူထိန်းချုပ်ထားသော နယ်မြေများကို အုပ်ချုပ်နိုင်ဖို့ တအာင်းပြည်ကောင်စီ (Ta’ang Land Council-TLC)ကို ဖွဲ့စည်းကြောင်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ(TPCC)က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ တအာင်းအမျိုးသားပါတီ(TNP)၊ တအာင်း အရက်ဖက် အစုအဖွဲ့များ ပါဝင်သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၃ ရက်ထိ ကျင်းပခဲ့ကြသည်။
ထို့နောက် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ(TSCDC) ရေးဆွဲထားသည့် “တအာင်း ပြည် တော်လှန်ရေးကာလအစိုးရအစီအမံ”ကို လက်ခံအတည်ပြုကြပြီး “တအာင်းပြည်ကောင်စီ”ကို တအာင်းပြည် ၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ ကြသည်။
ထိုအစီအမံအရ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ဖွဲ့စည်းတာဝန်ယူခဲ့သည့် TPCC အား တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော အဓိက မဏ္ဍိုင်ကြီး (၃)ခုကို ထိန်းကျောင်းကြပ်မတ် ဦးဆောင်နိုင်ရန်အတွက် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု TPCC က ထုတ်ပြန်ခဲ့သည်။
တအာင်းပြည်ကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် တအာင်းပြည်ကောင်စီ-TLC ကို ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း (TNLA ဥက္ကဋ္ဌ)၊ လွေးမိုးခမ်း၊ တားအေးမောင်၊ ဗိုလ်ချုပ် တားခူလန်း(TNLA ဒုဥက္ကဋ္ဌ-၂)၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်၊ လွေးပိုး ကမေဲ;ခြိူဝ်း၊ ဗိုလ်ကြီး လွေးယေ(TNLA)တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း TPCC က ထုတ်ပြန်ခဲ့သည်။
တအာင်းပြည်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြီးတွင် TNLA နှင့် မဟာမိတ်များ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ သော နယ်မြေများကို အခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို အစုအဖွဲ့(၃)ဖွဲ့၏ ခေါင်း ဆောင် ကိုယ်စားလှယ်များအပြင် သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆက် လက် ဖွဲ့စည်းနိုင်ရန်အတွက် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစတင်၍ AA၊ MNDAA၊ KNDF၊ PLA၊ PDFs၊ MDY-PDF၊ BNRA၊ DPLA တို့ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းငေါ့၊ မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း၊ သီပေါ စသည့် မြို့နယ်များကို ထိန်းချုပ်နိုင်ခဲ့သည်။