- By CNI
- Category: နိုင်ငံရေး
- Hits: 585
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ လဟယ်မြို့နယ်အတွင်းရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)အဖွဲ့၏ စခန်းတစ်ခုကို အိန္ဒိယက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။
အိန္ဒိယသည် လဟယ်မြို့နယ်၊ ကမ်မော်လောရီကျေးရွာရှိ NSCN-K/YA ၏ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA ၏ အနောက်မြောက်တိုင်းမှူး ဗိုလ်ချုပ်ပီးအောင်၏ နေအိမ်ထိမှန်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ချုပ် ပီးအောင်၏ သားတစ်ဦးနှင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း၊ ထိုတိုက် ခိုက်မှုကြောင့် ဗိုလ်ချုပ်ပီးအောင်နှင့် ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
NSCN-K/YA အဖွဲ့သည် အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်(Changlang)ခရိုင်၊ မန်မော်(Manmao) အုပ်စု အတွင်းရှိ ဟာ့စ်မန်(Hatman)ကျေးရွာအနီးက အာသံရိုင်ဖယ်(Assam Rifles)စခန်းကို အောက်တိုဘာ ၁၅ ရက် ရက်က တိုက်ခိုက်ခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K/YA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ၄ ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့သည်။
အိန္ဒိယသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ NSCN-K/YA၊ ULFA(I) အဖွဲ့တို့၏ စစ်စခန်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA က အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အိန္ဒိယက NSCN-K/YA ၏ လဟယ်မြို့နယ်အတွင်းက စခန်းတစ်ခုကို အောက်တိုဘာ ၂၀ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
NSCN-K/YA သည် အိန္ဒိယ-မြန်မာ နာဂလူမျိုးများကို စုစည်း၍ လွတ်လပ်သော နာဂပြည်ထောင်စု နယ်မြေကို ထူထောင်ရန် လက်နက်ကိုင်တော်လှန်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 547
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၉
နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုသည်မှာ အစိုးရ မည်သူပဲ ပြောင်းသွားသွား မူဝါဒအားဖြင့် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စများက တစ်သမတ်တည်း ဖြစ်ရန်လိုကြောင်း ပြည်သူ့ပါတီ(PP)မှ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ အစိုးရများသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို ဖော်ဆောင်ရာတွင် ရှေ့အစိုးရလုပ်သွားသည့် ကိစ္စဖြစ်၍ နောက်တက်လာသော အစိုးရက ဖျက်သိမ်းခြင်း၊ ဆိုင်ငံ့ခြင်း၊ ပြန်လည် ဆွေးနွေးမှု အသစ်များ ပြုလုပ်ခြင်းများရှိသည်။
ထိုလုပ်ရပ်အပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက မကြိုက်နှစ်သက်ကြသလို အယုံအကြည် ကင်းမဲ့မှုများ ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန်ရှောင်လာကြသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရက နိုင်ငံတော်ငြိမ်းချမ်းရေးအား အစိုးရမည်သူပဲ ပြောင်းပြောင်း မူဝါဒအားဖြင့် တစ်သမတ်တည်းထားရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ မကြာခင်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုတော့ ကျင်းပလို့ နိုင်ငံရေး အခင်း အကျင်းအသစ် ပေါ်လာတဲ့အခါမှာ အဲဒီရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်အစိုးရ အနေနဲ့ ဒီနိုင်ငံ တော်ရဲ့ ငြိမ်းချမ်းရေး ကိစ္စဆိုတာက အစိုးရဘယ်သူပဲ ပြောင်းသွားသွား သူက မူဝါဒအားဖြင့် နောက် လုပ်သင့် လုပ်ထိုက်တဲ့ ဟာတွေက တစ်သမတ်တည်း ဖြစ်ဖို့တော့ လိုတယ်ဆိုတော့ အခုလုပ်နေတဲ့ဟာတွေက ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကြတော့ ကိုယ့်သဘောနဲ့ကိုယ် နောက်တစ်မျိုးတွေ လုပ်ရင် သူက အဆက်အစပ် သိပ်မရှိဘူး။ ဒါကြောင့်မို့လို့ ဒီလိုမျိုးရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒီကနေ အကြံပြုချက်တွေ ဆွေးနွေး ချက်တွေကို စုစည်းထားတယ်ဆိုတာက ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းအတွက်က ဆက်ပြီးတော့ သယ်ဆောင်နိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ဦးသန်းရွှေ ဦးဆောင်သော အစိုးရလက်ထက်က တရုတ်နှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဆန့်ကျင်ကွန့်ကွက်မှုများကြောင့် ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်အတူ ရွေးကောက်တင်မြှောက်ခံရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာသည့် အခါမှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ခြင်း မရှိခဲ့သလို လက်ရှိ တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်နေချိန်မှာလည်း မြစ်ဆုံ စီမံကိန်း ပြန်မစတင်နိုင်ဘဲ ရပ်ထားရသည်။
ငြိမ်းချမ်းရေးသည် ထိပ်တန်း ဦးစားပေး အနေဖြင့် ရှိနေမှာဖြစ်ပြီး ယခု လက်နက်ကိုင်ပဋိပက္ခ ဖြတ်သန်းမှုတွင် အမြင့်ဆုံး အခြေအနေဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ အဓိက,ကတော့ ဒါငြိမ်းချမ်းရေးမှာ ထိပ်တန်းဦးစားပေး ကိစ္စအဖြစ်နဲ့ ဆက်ရှိနေလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ အဲတော့ ဘာကြောင့်ဆိုတော့ ဒီလက်နက်ကိုင် ပဋိပက္ခက ပြောရရင် ကျနော်တို့ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာက အမြင့်ဆုံး အခြေနေတစ်ခုကို ရောက်လာခဲ့တယ်။ ရောက်လာခဲ့တော့ လက်ရှိ အစိုးရလက်ထက်မှာ တတ်နိုင်သလောက် ဆောင်ရွက်နေတာတွေ ရှိပေမယ့်လို့ နောက်အစိုးရ လက်ထက်မှာ ဆက်ပြီးတော့ ဒါတွေကို အရှိန်အဟုန်မြင့်ဖို့ အားကောင်းအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြို့နယ် ၁၀၀ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လက် ကျင်းပ မည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တော် ခေါ်မည်ဖြစ်ပြီး မတ်လ၌ အစိုးရသစ်ကို ဖွဲ့စည်းကြမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 541
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၈
ကိုကိုးကျွန်းသည် မိမိတို့နိုင်ငံအတွက် ပထဝီ အနေအထားအရ အရေးပါသည့် နေရာတွင် တည်ရှိသောကြောင့် လုံခြုံရေးသတိရှိကြရန် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် ကိုကိုးကျွန်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကိုကိုးကျွန်းသည် မိမိတို့နိုင်ငံအတွက် ပထဝီ အနေအထားအရ အရေးပါသည့် နေရာတွင် တည်ရှိသောကြောင့် ကိုကိုးကျွန်း တပ်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် များသာမက မိသားစုဝင်များ အနေဖြင့်လည်း အမြဲ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်လိုသည်” ဟု ပြောသည်။

တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်သည့် အဖွဲ့အစည်းဖြစ်ပြီး အဆင့်အလိုက် တာဝန်ထမ်းဆောင် နေကြသူများ အားလုံးက ကာကွယ်ရေး အမြင်များ ရှိရန်လိုကြောင်း၊ တပ်မတော်သားများ ဖြစ်သည်နှင့်အညီ အမြဲ တိုက်ပွဲဝင် အသင့်ဖြစ်စေရေး ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်းများကို ဆောင်ရွက်နေရမည် ဟု ၎င်းက ပြောသည်။
မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
ရွေးကောက်ပွဲကို မကြာမီ အချိန်အတွင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နိုင်ငံ တစ်ခုကို တည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အရာ ရှိ၊ စစ်သည် မိသားစုများ အနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 497
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းက ကဒူးတိုက်ပွဲရှောင် ၂၀၀ ကျော်ကို ရှမ်းနီအမျိုး သားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ကယ်ထုတ်လာခဲ့ ကြောင်း သိရသည်။
ဗန်းမောက်မြို့ကို KIA,PDF,ကဒူးတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပြီးနောက် အောက်တိုဘာ ၂၀ ရက်၌ မြို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့အနီးရှိ သခွက်သာ၊ ခိုနန်းကျေးရွာမှ ကဒူးတိုက်ပွဲရှောင် ၂၀၀ ကျော်သည် တိုက်ပွဲ အတွင်း မိတ်ပိနေသည့်အတွက် SNA ဘက်က သွားရောက်ကယ်ထုတ်၍ ဘေးလွတ်ရာသို့ ခေါ်ဆောင်လာကာ စောင့် ရှောက်ပေးလျက်ရှိသည်။

KIA,PDF,ကဒူးတပ်ဖွဲ့တို့၏ ဗန်းမောက်မြို့သိမ်း တိုက်ပွဲရှောင် ဒေသခံ စုစုပေါင်း ၅၀၀၀ ကျော် တိုက်ပွဲရှောင်နေကြ ရပြီး SNA သည် အများစုကို စောင့်ရှောက်ထား၍ စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသည်။
သို့သော် တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်လျက်ရှိ သည်။
အဆိုပါ တိုက်ပွဲရှောင်များအတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတို့မှ တစ်စုံတစ်ရာ အကူအညီ ပေးခြင်းမရှိ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 560
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို မြန်မာ့တပ်မတော်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်ထဲကနေ ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သီပေါမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တိုက်ခိုက် သိမ်းပိုက်ထားရာ မြန်မာ့တပ်မတော်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 338
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
နိုင်ငံတကာက မိမိတို့ နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြော ကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လူမှု စီးပွား ဘဝ တိုးတက်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံအောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ နိုင်ငံတကာကလည်း မိမိတို့ နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ သို့မှသာ ခိုင်မာသည့် အစိုးရ တစ်ရပ်အနေဖြင့် ပြည်သူလူထုအနေဖြင့် အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာဖြင့် ယုံကြည့်စွာဖြင့် ဆောင်ရွက်နိုင်မည်”ဟု ပြောသည်။

ထို့ကြောင့် အရေးကြီးဆုံး အချက်ဖြစ်သည့် နိုင်ငံတော်၏ လူမှုစီးပွား မြှင့်တင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင် ပေးကြရမည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ၎င်းက ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ စီးပွားရေး တိုးတက်ရေး အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 605
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ အလွန်တွင် မြန်မာနိုင်ငံ၌ မည်ကဲ့သို့သော စုဖွဲ့မှုမျိုးဖြင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်သလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ စိတ်ဝင်တစား စောင့်ကြည့်နေ ကြသည်။
ပြည်တွင်း/ပြည်ပ သံမတန်များကတော့ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် အမည်ခံ သက်သက်သာ ဖြစ်ပြီး မည်သည့် ရလဒ်ထွက်လာပါစေ တပ်မတော်က ဦးဆောင်သည့် အစိုးရ ပုံစံတစ်ရပ်သာ ထွက်လာမည်ဖြစ်ကြောင်း ထောက်ပြကြသည်။
လာမည့် ရွေးကောက်ပွဲပြီးလျှင် တပ်မတော်မှ နိုင်ငံရေးအတွက် မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန် ထမ်းဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကို အသိပေးထားသည်။
ယခုတက်လာမည့် အစိုးရက ပျော့ပြောင်းညင်သာ ပြတ်သားရန်လိုအပ်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအား ထဲထဲဝင်ဝင် လုပ်ရန်လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာထက်ကို အခုရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရကပေါ့နော် အစိုးရက ပျော့ပြောင်းညင်သာစွာနဲ့ ပြတ်ပြတ်သားသား ရှိဖို့တော့ လိုအပ်တာပေါ့။ အဲဒီ ပျော့ပြောင်း ညင်သာ ပြတ်ပြတ် သားသားရှိမှသာ နိုင်ငံအတွက်ကို ရေရှည်တည်တံ့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မှာ ဒါတင်စားပြီးပြောရင် ထာဝရငြိမ်းချမ်းရေး ဖြစ်သွားနိုင်မှာပေါ့။ ဒါကျနော်တို့ သင်ခန်းစာ ယူတာလည်း နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီ ဒါလက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံ များများလာတဲ့ အခါကြတော့ လက်နက်ကိုင်အဖွဲ့အစည်း တိုက်ကြခိုက်ကြ ဆို ပြည်သူ့ပဲ ဒုက္ခရောက်ကြရတယ်ဆိုတာလည်း ယနေ့ချိန်မှာ အားလုံးက သိသွားကြပြီဆိုတဲ့ အခါကြတော့ ဒီတက်လာမယ့် အစိုးရကတော့ ဒီကိစ္စကို ထဲထဲဝင်ဝင် လုပ်ဖို့တော့ လိုအပ်တာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့ နယ်တွင် ကျင်းပမည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ မြို့နယ် ၁၀၀ မြို့နယ်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရကမူ လွှတ်တော်တွင် တိုင်းရင်းသားပေါင်းစုံပါသည့် လွှတ်တော် ဖြစ်မည်ဟု လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုတက်လာမယ့် အစိုးရကတော့ ဒီတစ်ခေါက် ဖြစ်မယ့်အစိုးရက ကျနော်တို့ လွှတ်တော်မှာကတော့ တိုင်းရင်းသားပေါင်းစုံပါတဲ့ လွှတ်တော်ဖြစ်မယ်၊ အစိုးရကျတော့ ကျနော်တို့ ဒီဟိုဟာပေါ့။ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်နိုင်တဲ့ ပါတီပဲဖြစ်ဖို့ များပါတယ်”ဟု ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ တွင် အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က အများဆုံးအနိုင်ရကာ အစိုးရ ဖွဲ့စည်းမည်ဖြစ်ပြီး အစိုးရအဖွဲ့ကိုတော့ တပ်မတော်က ဦးဆောင် ဖွဲ့စည်းလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲ ခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 474
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်မှု (All inclusive) ဆိုသည်က နားထောင်၍ကောင်းသော်လည်း လူမျိုးကြီးဝါဒဆန်သွားလျှင် သိပ်အဆင်မပြေနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုများ အမျိုးမျိုးရှိကြောင်း ပြောသည်။
အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် NCA (၁၀)နှစ်ပြည့် အခမ်းအနား၌ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် တကယ့်ကို ငြိမ်းချမ်းလိုသည့် ဆန္ဒဖြင့်သွားမှ ဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အားလုံးပါဝင်မှု (All inclusive) ဆိုသော်လည်း ဒေသအသီးသီး၊ လူမျိုးအသီးသီး၊ ဒေသ အသီးသီးက ဒေသခံများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များက လိုအပ်ချက်များ တူချင်မှတူမည်ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများပါတီ (RNP)ဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

NCA ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်
၎င်းက “အန်ကယ် အမြဲတမ်းပြောလေ့ရှိတယ် အားလုံးပါဝင်မှု (All inclusive) ဆိုတာ စကား လုံးလှတယ် လူနားထောင်လို့ ကောင်းတယ်။ ဒါပေမယ့် တစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ တစ်ယောက်လိုအပ်ချက် မတူဘူး။ ဗမာပြည်မှာလည်း ဒေသအသီးသီး၊ လူမျိုးအသီးသီး ကွဲပြားခြားနားနေကြတယ်၊ ဒီဒေသ အသီးသီးက လူတွေ၊ ဒီဒေသ အသီးသီးက ဒေသခံတွေရဲ့လိုအပ်ချက်တွေ ဒေသအသီးသီးမှာ လက်နက်ကိုင်ပြီးတော့ ပဋိပက္ခကို ရှောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ ဒီလူတွေရဲ့ သမိုင်း၊ ဒီလူတွေရဲ့လိုအပ်ချက်၊ ဒီလူတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက် ဒါပဲမဟုတ်ဘူး တခြားမျှော်မှန်းချက် ဘာလဲဆိုတာ တူချင်မှတူကြမယ်။ အဲတော့ နိုင်ငံ တော်မှာ ခေါင်းဆောင်တဲ့လူတွေ၊ တာဝန်ရှိတဲ့လူတွေက ဒီလိုကွဲပြားခြားနားတဲ့ အခြေအနေတွေကို အသေးစိတ် discriminationလို့ ခေါ်မှာပေါ့။ နောက် အဲလို ခွဲခြမ်းစိတ်ဖြာပြီးတော့ သုံးသပ်ဖို့လည်း လိုအပ်မယ်လို့ အန်ကယ် ကတော့ အမြဲတမ်း စဥ်းစားတယ်ပေါ့။ All inclusive ဆိုတာ လူမျိုးကြီးဝါဒဆန်သွားရင် သိပ် အဆင်မပြေလောက်ဘူး။ ဒါပေမယ့် အထောက်အပံ့ မဖြစ်ဘူးလားဆို အထောက်အပံ့ဖြစ်ပါတယ်”ဟု ပြောသည်။
နိုင်ငံရေးတွင်လည်း ကွက်လပ်မရှိရန် ကြိုစားဆောင်ရွက်မည်ဖြစ်သလို ငြိမ်းချမ်းရေးတွင်လည်း ကွက်လပ်မရှိရန် မိမိတို့ ကြိုးစားဆောင်ရွက်ကြောင်း၊ နိုင်ငံရေး၌ ကွက်လပ် မရှိရန်အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည် အကောင် အထည် ဖော်နိုင်ရန် ရွေးကောက်ပွဲ ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လူအုပ်ကြီးများနှင့် ငြိမ်းချမ်းရေးကို လုပ်၍မရကြောင်း ပြောဖူးကြောင်း၊ ယခုလို ပွဲလုပ်သည့်အတွက် အိန္ဒိယနိုင်ငံ ၏ အရှေ့မျှော်ဝါဒကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးများ ရလာကြောင်း RNP ပါတီဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
၎င်းက “ဒီလောက် အုတ်အော်သောင်းတင်း လူအုပ်ကြီးဝါဒ၊ လူအုပ်ကြီးတွေနဲ့ ငြိမ်းချမ်းရေးကို လုပ်လို့ရမလားလို့ အဲလိုပြောဘူးတာရှိတယ်။ အခုဒီပွဲလုပ်တဲ့ အတွက်ကြောင့် နိုင်ငံတကာကလည်း ဒီနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို ပိုပြီးတော့ စိတ်ဝင်တစား သတိထားမိကြမှာပါ။ နောက်ပြီးတော့ နိုင်ငံခြား တိုင်းပြည်တွေက ပညာရှင်တွေကလည်း လူထုအမြင်၊ လူထုရှုထောင့်က လာပြီးတော့ ပြောကြဆိုကြ တင်ပြကြရာတွင် တစ်စုံ တစ်ရာတော့ အထောက်အပံ့ပြုမှာပါ။ အထူးသဖြင့်တော့ ဒီအိန္ဒိယနိုင်ငံက ပရော်ဖက်ဆာ ပြောသွားတဲ့ အိန္ဒိယ နိုင်ငံရဲ့ အရှေ့မျှော်ဝါဒကို အကြောင်းပြုပြီးတော့ အရှေ့မြောက်ပြည်နယ် ၇ ခုမှာ တခြားပြည်နယ်တွေထက် ပိုမို သာလွန်တဲ့ ဖွံ့ဖြိုးရေး အပါအဝင် ဒေသတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရ လို့ပဲခေါ်ခေါ်၊ ပြင်ပအစိုးရလို့ပဲခေါ်ခေါ် အိန္ဒိယအစိုးရက ဒီကိစ္စကို ဆောင်ရွက်လိုက်တဲ့အခါ ငြိမ်းချမ်းရေးတွေ ရ လာတယ် အဲတာတွေကို ဒီမြန်မာနိုင်ငံမှာလည်း ဒီလိုပဲ ဒေသအသီးသီးမှာ လက်နက်ကိုင် ပဋိပက္ခတွေက ပြည်သူ မှာ ရှိနေကြတဲ့အခါ ပြည်ထောင်စုအစိုးရ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ စဥ်းစားဆင်ခြင်ပြီးတော့ ဘယ်လိုပညာ ရှိတွေနဲ့၊ ဘယ်လို အတွေးအခေါ်တွေနဲ့၊ ဘယ်လို နိုင်ငံရေးသမားတွေနဲ့ ဒီလုပ်ငန်းစဥ်တွေကို အောင်မြင်နိုင် မလဲဆို တာ သူတို့ စဥ်းစား သူတို့အတွက် အထောက်အပံ့ ဖြစ်မယ်လို့တော့ ထင်တာပဲ”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်၌ အားလုံးပါဝင်ရေး ကြိုးပမ်းရမည်ဟု သဘောထား ရပ်တည်လျက်ရှိသည်။
သို့သော် လက်တွေ့မှာတော့ အားလုံးပါဝင်ရေး မရှိသေးသလို ခွဲခြား ဆက်ဆံမှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များသည် ထစ်ဆို့မှုများ ကြုံတွေ့နေရကြောင်း ထောက်ပြလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 690
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အားကောင်းသည့် အတိုက်အခံပါတီများကို မတွေ့ရသေးကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိ အခြေအနေတွင် အတိုက်အခံ ကောင်းသည့်ပါတီ မတွေ့သေးကြောင်း၊ သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အားအကောင်းဆုံး ပါတီဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုဟာပေါ့ အခုလက်ရှိ အခြေအနေမှာတော့ ဟိုလိုမျိူး ဒီတအားကြီး အတိုက်ခံကောင်းမယ့် ပါတီကတော့ မတွေ့သေးဘူး။ ဒါပေမယ့် လက်ရှိတော့ ပြည်ခိုင်ဖြိုးကတော့ အားအကောင်းဆုံး ပါတီ ကြီးပေါ့။ ကျနော်တို့က တော့ အဲလိုမြင်တယ်ပေါ့။ ဒါပေမယ့်လည်း ကျနော်တို့ ဒီအစိုးရအဖွဲ့ထဲမှာ ဟိုတခြား ပါတာတွေ မပါတာတွေ ကပြဿနာမဟုတ်ဘူးပေါ့။ ဥပမာ လွှတ်တော်ကတော့ အရေး ကြီးတယ်။ အဲတော့ အစိုးရကို ထိန်းကြောင်းမယ့် လွှတ်တော်က လွှတ်တော်အင်အားကောင်းဖို့ လိုတယ်။ လွှတ်တော်မှာ တိုင်းရင်းသား တွေရော တခြားပါတီတွေ ရော မျှပြီးမှ သူတို့ ပါသွားမယ်ဆိုရင် ဒီအစိုးရက ဥပမာ ပြောမယ်ဆိုရင် သူရဲ့ဆန္ဒတစ်ခုတည်းနဲ့ ဖော်ဆောင်လို့ မရတဲ့အခါကြတော့ တက်လာမယ့် အစိုးရ ကတော့ မျှတမယ်လို့တော့ မြင်တယ်ပေါ့”ဟု ပြောသည်။

NCA (၁၀) နှစ်ပြည့်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဦးသိန်းစိန် အစိုးရအဖွဲ့ လက်ထက်တွင် အားကောင်းသည့် အတိုက်အခံပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့ ရှိခဲ့ကြသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ လက်ထက်မှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ USDP တို့ရှိခဲ့ကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရက အတိုက်အခံထက် နိုင်ငံတည်ဆောက်ရေးအတွက် စုပေါင်း အားနှင့် သွားရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်၊၊

NCA (၁၀)နှစ်ပြည့် အခမ်းအနား တက်လာတဲ့ နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
၎င်းက “ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့ လက်ထက်တုန်းက အတိုက်အခံရယ်လို့တော့ ခေါ် ခဲ့ကြတာ ပေါ့။ ယနေ့ ကျနော်တို့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အစိုးရကတော့ အတိုက်အခံထက်ကို နိုင်ငံ တည် ဆောက်ရေး အတွက်ကို စုပေါင်းအားနဲ့ သွားကြမယ်လို့တော့ ကျနော့် အနေနဲ့မြင်တာပေါ့။ ဒါကျနော် အမြင်ပေါ့ လေ။ ဒါအခု ကျနော်တို့ ရွေးကောက်ပွဲမှာ တင်ကြတဲ့ အခါကြတော့ သုံးသပ်ကြည့်ရတယ်။ နိုင်ငံရေးပါတီတွေ ငြိမ်းချမ်းရေးကဏ္ဍ ဆွေးနွေးကြတဲ့အခါ စိတ်သဘောထားချင်းက အားလုံးတူညီကြတယ်။ နိုင်ငံကြီးကို ကောင်း အောင် ဘယ်လို တည်ဆောက်ကြမလဲဆိုတာ ဖြစ်တဲ့အခါကြတော့ ကျနော် ဒါအတိုက်ခံအနေနဲ့ မဟုတ်ပဲနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ပေါ့။ အတိုက်အခံဆိုတာ ဒီမိုကရေစီမှာရှိသင့်တာမဟုတ်ဘူး အစိုးရ လုပ်ဆောင်ထားချက်တွေ အဆင်မပြေဘူးဆိုရင် သဘောမကျဘူးဆိုရင် ပြည်သူ့ဘက်ကို သဟဇာတ မဖြစ်ဘူးဆို လွှတ်တော်ကနေပြီးတော့ ပြောဆိုကြမှာပေါ့။ လွှတ်တော်မှာလည်း အဲအတိုင်းပဲ သဘောထား ကွဲမူတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် စေ့စပ်ဆွေးနွေးမှုနဲ့ နိုင်ငံကြီးကို တည်ဆောက် သွားကြမယ်လို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ် ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့ နယ်တွင် ကျင်းပမည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ မြို့နယ် ၁၀၀ မြို့နယ်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။
