- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲပေါ် ပြည်သူလူထုက လှုပ်လှုပ်ခတ်ခတ် ဖြစ်ခြင်းမျိုး သိပ်မတွေ့မိဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ယခု ကျင်းပမည့် ရွေးကောက်ပွဲအပေါ် လက်ရှိအချိန်ထိ ပြည်သူလူထု စိတ်ဝင်စားမှုသည် လျော့နည်းနေသေး ကြောင်း၊ ရွေးကောက်ပွဲ အတွက်ကို လှုပ်လှုပ်ခတ်ခတ် မတွေ့မိသေးဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက် အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ အခု ဘာပဲဖြစ်ဖြစ် ၂၀၁၀ ရွေးကောက်ပွဲပေါ့၊ ရွေးကောက်ပွဲ ကြီးတွေပဲလေ။ ကြားဖြတ် ရွေးကောက်ပွဲကို ဖယ်ပြီးတော့မှ ကြည့်လိုက်မယ်ဆိုရင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အခု ၂၀၂၅ ပေါ့၊ ဒီအချိန်မှာ ဒီရှေ့က ရွေးကောက်ပွဲ သုံးခုနဲ့ ယှဥ်လိုက်လို့ရှိရင် ကျနော်တို့ လူထုစိတ်ဝင်စားမှုက တော်တော်ကို လျော့နေတယ်လို့ ပြော လို့ ရတယ်ပေါ့၊ ပြောလို့ရတယ်။ အခုချိန်ထိကိုလည်း လှုပ်လှုပ်ခတ်ခတ် ဆိုတဲ့ဟာမှာ တစ်ခုတော့ ရှိပါတယ်။ ပြော ရရင်လည်း ဘာလဲဆိုတော့ ကော်မရှင်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကလည်း အင်မတန်ကို များတယ်ပေါ့။ စည်းမျဥ်း စည်းကမ်းများတယ် စည်းမျဥ်းစည်းကမ်း တော်တော် ကြပ်ထားတာတွေပါတယ်။ ပြီးရင် နောက်တစ်ခုက ဘာလဲ ဆိုတော့ တစ်မြို့နယ် တစ်မြို့နယ်နဲ့လည်း သိပ်ပြီးတော့မှ တချို့မြို့နယ်မှာ ဒီလို ကိစ္စမျိုးက ရပေမယ့် တချို့ မြို့နယ်မှာ အဲ့လိုမရဘူးဆိုတဲ့ ဟာမျိုးတွေလည်း တွေ့ရတယ်၊ တွေ့ရတဲ့အခါကျတော့ နိုင်ငံရေးသမားတွေအနေနဲ့ ပါတီတွေအနေနဲ့လည်း လုပ်ရကိုင်ရတာ နည်းနည်းတော့ အကျပ်အတည်းလေးတွေ ရှိနေတုန်းတော့ တွေ့ရတယ် ပေါ့လေ။ ခါတိုင်း ရွေးကောက်ပွဲ သုံးခုနဲ့ ယှဥ်လိုက်လို့ရှိရင်တော့ အခုဒီ ရွေးကောက်ပွဲ တော်တော်လေး ငြိမ်ငြိမ် သက်သက်ကြီး ဖြစ်နေတာကို မြင်ရတယ်ပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲပေးစက်ကို လူထုက လေ့လာနေစဉ်
ထို့ပြင် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ရွေးကောက်ပွဲသည် နိုင်ငံ့အတွက် ကောင်းမွန်သည့် လမ်းစဖြစ်သည်ကို ပြည်သူများ နားလည် သဘောပေါက်စေရန် အားသွန်ခွန်စိုက် လှုံ့ဆော်နိုင်ရန် လိုအပ်သည်ဟု ဦးထက်အောင် ကျော်မှ ထောက်ပြသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ နားလည်နိုင်မှု လွဲမှားနေသည့် အချိန်တွင် သဘောထားအမြင် မှတ်ချက် အမျိုးမျိုး ထွက်လာနိုင်ကြောင်း၊ ရွေးကောက်ပွဲ၏ အလေ့အထများကို နားလည်နိုင်ရန် အရေးကြီးသည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,က ရွေးကောက်ပွဲ လမ်းကြောင်းပေါ်ကို ပြန်ရောက်ဖို့အတွက် ပထမဆုံးစတင် ကျင်းပရတဲ့ ရွေးကောက်ပွဲမျိုး အဲ့အချိန်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနဲ့ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးပေါ့၊ ခုနကပြောတဲ့ (Free and Fair Election) ဆိုတာပုံမှန်ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေမှာ အဲဒီအပေါ်မှာ အခြေခံပြီး ပြောဖို့ လိုပေမယ့် ဒီလိုမျိုး ကြားထဲမှာ ကြားဖြတ်ကျင်းပရတဲ့ နေရာမျိုးမှာတော့ (Free and Fair) အော်တာက နေရာတကာ စွတ်ပြီး တော့ အော်လို့မရဘူး၊ အဲ့ပြဿနာရှိတယ်။ အဲ့တော့ Free and Fair အော်လို့မရလို့ Free and Fair မဟုတ်ဘူး လား ဆိုတော့လည်း အဲ့လိုပြောလို့မရဘူး။ Free and Fair ဖြစ်ဖို့အတွက် ကျနော်တို့က အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားရမှာ ဆိုလိုတာက နေရာတိုင်းမှာတော့ Free and Fair ဆိုတဲ့ဟာကြီးကို ပုံသေကြီးသွား ကိုင်ပြီးတော့ Free and Fair ဖြစ်မှ ငါတို့ ဒါကို လက်ခံမယ်ဆိုတဲ့ဟာမျိုး သဘောထားလို့ မရဘူးလို့ ဆိုလိုချင်တာ။ ဒါသည် (Transitional) ပြီးတော့မှ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် လိုအပ်ချက်တွေ ရှိပါလိမ့် မယ်။ ဒါပေမယ့် အဲဒီ လိုအပ်ချက်တွေကို နောက်ထပ် ဆက်တိုက် ကျော်ဖြတ်ဖို့အတွက် ကျနော်တို့က ရွေးကောက် ပွဲ ပုံမှန် ကျင်းပနိုင်ဖို့နဲ့ အဲ့ရွေးကောက်ပွဲ အလေ့အထတွေ အကုန်လုံး နားလည်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီလိုမျိုး နားလည်မှု လွဲမှားနေတဲ့ အချိန်မှာတော့ ဒီလိုမျိုး သဘောထားအမြင် မှတ်ချက်တွေ မျိုးစုံထွက်ပါလိမ့်မယ် အဲတော့ အထွေအထူး ပြောရမလားဆိုရင်တော့ ပြောစရာတော့ မရှိပါဘူး။ ရွေးကောက်ပွဲရဲ့ သဘောသဘာဝကို နားလည်မှု လွဲနေတဲ့အတွက်ကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ပဲ သုံးသပ်ပါလိမ့်မယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဆန္ဒမဲပေးရန်အတွက် အခက်အခဲများ ကြုံတွေ့နေရပြီး မဲစာရင်းပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် ၎င်းတို့၏ အိမ်ထောင် စု စာရင်း အချက်အလက်များ ရှိနေခြင်းကြောင့် ပြဿနာရှာ မည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေး၊ မပေးရန် စဥ်းစားနေကြသူများလည်း ရှိနေသည်။
အလားတူ ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ်ကို ဖွဲ့စည်းသည့်အခါမှာလည်း တပ်မတော်နှင့် USDP ပါတီက ဦးဆောင်လာနိုင်ခြင်းကြောင့် မည်သည့် အပြောင်းအလဲမှ မဖြစ်နိုင်ဘူးဆိုကာ ပြည်သူလူထုများက ယူဆထား၍ လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
သို့သော် ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့ကို ဦးသိန်းစိန် အစိုးရလက်ထက်၌ ဖွဲ့စည်းခဲ့သော အစိုးရပုံစံမျိုး ဖြစ်လာ မည်ဆိုပါက အပြောင်းအလဲဖြစ်နိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယုံကြည်အားကိုးသူအား သမ္မတ တင်မြှောက်၍ အစိုးရဖွဲ့လာမည်ဆိုပါကလည်း အနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း၊ သို့မဟုတ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် သမ္မတလုပ်ကာ အစိုးရကိုဖွဲ့စည်းပြီး လက်ရှိမူဝါဒအတိုင်း သွားမည်ဆိုပါက အပြောင်းအလဲ ဖြစ်ရန် ခက်ခဲနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 500
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံတွင် နိုင်ငံရေးကို လုပ်စားနေသူများကြောင့် မြန်မာ့နိုင်ငံရေးလောကသည် နာမည်ပျက်နေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြလာကြသည်။
ပြည်သူလူထုသည် နိုင်ငံရေးသမားများအား ယုံကြည်မှု ပျောက်နေခြင်း မဟုတ်ကြောင်း၊ ကြောက်လန့်နေခြင်း ဖြစ်ပြီး နိုင်ငံရေးကို လုပ်စားနေသည့် သူများကြောင့် နိုင်ငံရေးသည် နာမည်ပျက်နေခြင်းဖြစ်ကြောင်း လသာမြို့ နယ် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မယုံကြည်နေတာတော့ မဟုတ်ဘူး၊ လူထုက အကြောက်တရားတွေနဲ့ ဖြစ်နေတာ၊ အကြောက်တရား တွေ ဖြစ်နေတာတွေရှိတယ်။ နောက်တစ်ခုက ၂၀၂၁ နောက်ပိုင်းမှာ ဖြစ်သွားတဲ့ အရေးအခင်းကိစ္စတွေ၊ ဒီနိုင်ငံရေး သမားတွေ၊ တော်လှန်ရေးသမားဆိုတဲ့ လူတွေရဲ့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းတွေ အကုန်လုံးက လူထုကို ကြောက်လန့်စေတယ်၊ နိုင်ငံရေးကို ကြောက်လန့်စေတယ်။ မတို့မထိ ရဲလောက်အောင်ကို ကြောက်စရာ ကောင်း လောက်တဲ့ အဖြစ်ဆိုးကြီးတွေနဲ့ လူထုက ကြုံတွေ့ရတာလေ။ ဒါကြောင့်မို့လို့ လူထုရဲ့ ကြည့်ရတဲ့ဟာက ယုံကြည် မှု မရှိတာထက် ကြောက်လန့်နေတာလို့ ကျမကမြင်တယ်။ ယုံကြည်မှု မရှိတာတော့ မဟုတ်ဘူး၊ နိုင်ငံတိုင်းမှာ နိုင်ငံရေးသမားတွေ ဆိုတာရှိတယ်။ နိုင်ငံရေးသမားတွေထဲမှာ ကောင်းတဲ့လူဆိုတာရှိတယ်၊ ဆိုးတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးကို လုပ်စားတဲ့ လူတွေလည်းရှိတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေကို ယုံကြည်မှု ပျောက် နေတာ မဟုတ်ဘူး။ ကြောက်လန့်နေတာ နိုင်ငံရေးကို လုပ်စားနေတဲ့ လူတွေကြောင့် နိုင်ငံရေးဟာ နာမည်ပျက်နေ တာလို့ ကျမက ပြောချင်တယ်” ဟု ပြောသည်။

ဒေါ်စန္ဒာမင်း၊ ဦးထက်အောင်ကျော်တို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လျက်ရှိသည်။
အဆိုပါ အခြေအနေတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနှင့် လက်နက်ကိုင် အင်အားစုများသည် ပြည်သူ လူထု၏ အသက်သွေးချွေးများကို ချနင်း၍ ကိုယ်ကျိုးစီးပွားများကို ရှာဖွေ တည်ဆောက်လာကြကြောင်း၊ ပြည်သူ လူထု ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကိုတော့ ဖြေရှင်းမပေးနိုင်သလို ကာကွယ်မပေးနိုင်ဘဲ ရွေး ကောက်ပွဲကာလ မဲလိုချင်သည့်အခါမှ ပြည်သူလူထုဆိုသော စကားကို ပါးစပ်ဖျားက မချဘဲ စည်းရုံးလာနေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
နိုင်ငံရေးလုပ်မည်ဆိုသည့် စိတ်ဆန္ဒသည် ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်စေ၊ ဆိုးသည့် ရည်ရွယ် ချက်နှင့်လုပ်သည်ဖြစ်စေ တရားဥပဒေများကို မထိခိုက်လာသ၍ ခွင့်ကိုခွင့်ပြုရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ လက်ရှိ တကယ့်အမှန်တရားပဲ ဘာဖြစ်လို့လဲဆိုတော့ ပါတီထောင်ထားမယ်၊ နိုင်ငံတော်ပွဲတွေ တက်ရတယ်။ တက်ရရင် ဒီအာဏာရ အသိုင်းအဝိုင်းနဲ့ရင်းနှီးတယ်။ အဲ့အပေါ်မှာ ခင်မင်မှုတွေကို အခွင့်ကောင်းယူ ပြီးတော့မှ ဟိုဟာဒီဟာဆိုတဲ့ ဟာမျိုးတွေက အများကြီးရှိတာကို တချို့တလေက ဟိုဟာလိုချင်တာ မဟုတ်ဘူး။ နိုင်ငံရေး လူထုကို ကိုယ်စားပြုချင်တာလည်း မဟုတ်ဘူး၊ ဒီတိုင်းပြည်ကြီးကို ဘယ်လို လုပ်လိုက်မယ်ဆိုတဲ့ ဟာလည်း ရှိတာမဟုတ်ဘူး၊ တချိုဟာတွေလည်း ရှိနေတာ။ ရှိနေတဲ့အတွက်ကြောင့် ဒီအပေါ် ကြည့်ပြီးတော့မှ နိုင်ငံရေးက လုပ်စားတဲ့ကောင် တအားများတယ်ကွာဆိုတဲ့ အမြင်မျိုးကိုလည်း ဘာမှကန့်ကွက်စရာ မရှိဘူး။ ဒါကတော့ လူထုကပဲ ဆုံးဖြတ်ပြီးတော့မှ ဘယ်သူသည် ဘယ်လိုဟာမျိုးဆိုတဲ့ဟာက သူ့ဟာသူ ဇကာတိုက် သွားပါလိမ့်မယ်၊ နိုင်ငံသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်၊ နိုင်ငံရေးပါတီ တည်ထောင်တယ်တို့ နိုင်ငံရေး လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒတို့ဆိုတာ သူ့ဟာနဲ့သူ ဘာရည်ရွယ်ချက်နဲ့ လုပ်သည်ဖြစ်စေ ကောင်းမွန်သော ရည်ရွယ် ချက်နဲ့ လုပ်သည်ဖြစ်စေ၊ ဆိုးတဲ့ရည် ရွယ်ချက်နဲ့ လုပ်သည်ဖြစ်စေ၊ တရားဥပဒေတွေကို မထိခိုက်လာသ၍ကတော့ ဒါခွင့်ကို ခွင့်ပြုရမယ်ဆိုတဲ့ဟာပေါ့နော်။ ဒီလူကတော့ စီးပွားရေး လုပ်မဲ့သူမို့လို့ နိုင်ငံရေးပါတီ ပေးမထောင်သင့် ဘူး ဆိုတဲ့ဟာကို ဘယ်လို အချက်အလက်တွေနဲ့တိုင်းပြီး သူ့ကိုခွင့်ပြုသင့်တယ်၊ ခွင့်မပြုသင့်ဘူးဆိုတဲ့ဟာက လုပ်လို့ မလွယ်ဘူးလေ”ဟု ပြောသည်။

USDP ပါတီ မဲဆွယ်နေစဉ်
နိုင်ငံရေးလုပ်စားသူများ လက်ထဲရောက်မသွားစေရန် ပြည်သူများ နိုင်ငံရေးသိရန် လိုအပ်ကြောင်း သူရဦးရွှေမန်း က ပြောကြားခဲ့ဖူးသည်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး လေးနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အညွှန်းကိန်း သတ် မှတ်ချက်တွင် အဆိုးဆုံး နိုင်ငံများစာရင်း၌ ပြန်လည် စာရင်းဝင်လာ၍ စိုးရိမ်စရာ အခြေအနေ ဖြစ်လာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ရင်းနှင့် ရာထူး၊ နေရာရလာသည့်အခါ မထိန်းနိုင်ဘဲနှင့် ဖောက်ပြန်လာကြကြောင်း နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါက် တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဖျက်သိမ်းခံရတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲဝင်ဖို့လုပ်နေတဲ့ပါတီတွေကိုတွေ့ရစဉ်
၎င်းက “နိုင်ငံရေးကို လုပ်စားတယ်ဆိုတာ အဲ့တာက နိုင်ငံတိုင်းမှာရှိတဲ့ကိစ္စပဲ။ လူဆိုတာက အတ္တသားကောင် ဆိုတော့ နိုင်ငံရေး ဝါသနာပါရင် နိုင်ငံရေးကို လုပ်တယ်၊ နိုင်ငံရေးက အမှန်တိုင်းပြောရင် နိုင်ငံရေးက ဒီလောက် လည်း မပျက်ပါဘူး။ ဘာမှပျက်စရာလည်း မရှိပါဘူး၊ လုပ်စားတဲ့လူက လုပ်စားဆဲပါပဲ။ တစ်ခုတော့ရှိတယ် စေတနာ မမှန်ပဲနဲ့ နိုင်ငံရေး လုပ်တယ်လို့ ပြောရင်တော့ မှန်တာပေါ့နော်။ လုပ်စားတယ်ဆိုတာတော့ မဟုတ်ဘူး ပေါ့နော်၊ အားလုံးက သူ့ဟာသူ လုပ်ကြတာပါပဲ။ လုပ်ရင်းနဲ့ ရာထူးနဲ့ နေရာရလာတဲ့ အခါကြတော့လည်း မထိန်း နိုင်ပဲနဲ့ ဖောက်ပြန်ကြတာပေါ့။ လုပ်စားတယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အဲ့လိုကတော့ မဟုတ်ပါဘူး၊ အဲ့တာ ခေတ်အဆက်ဆက်က အဲ့တာကို မလုပ်တက်လို့ဖြစ်တာ ဗမာတွေ တိုင်းပြည် မအုပ်ချုပ်တတ်ဘူးတို့ လုပ်လို့မရ အောင် လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားတယ်၊ စနစ်ကောင်းတယ်ဆို ဒါလုပ်မရဘူးလေ။ အခုက စနစ်မကောင်း လို့ ဖြစ်တာ။ တပ်က အာဏာသိမ်းတဲ့အချိန် အာဏာထိန်းတဲ့ အချိန်ကတော့ထား ဒါသူ့ကို ထိန်းမဲ့လူမရှိဘူး ဒါက တော့ ဒါ သူ့သဘာဝအရပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ အလွန်ဖောင်းပွနေပြီး ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခြင်းမရှိသော ပါတီ များ အများအပြားရှိနေကြောင်း၊ သို့သော် ပါတီထောင် အစည်းအဝေးတက်ကာ အာဏာပိုင် အဖွဲ့အစည်းများဖြင့် ရင်းနှီးမှုယူ၍ ကိုယ်ကျိုးစီးပွားရှာလာကြကြောင်း၊ နိုင်ငံရေးပါတီ ထူထောင်၍ နိုင်ငံရေး ဆွေးနွေးပွဲများကို တက် နေသည့်တိုင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို ကောင်းစွာ နားမလည်သူများ အများအပြားရှိနေကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 444
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာ့တပ်မတော်တို့ကြား ဆက်ဆံရေးမှတဆင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် ဘယ်လိုဖြစ်လာနိုင်လဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ဘယ်လာရုစ်သမ္မတသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ သည်။
ထိုခရီးစဉ်သည် သမ္မတ လူကာရှန်ကို၏ ပထမဆုံးအကြိမ်ဖြစ်ကာ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးကာ စစ်ဘက် ဆိုင်ရာ အရာရှိများအတွက် ပညာတော်သင်ကို ရုရှားနိုင်ငံသို့ စေလွှတ်နေရာမှ ၂၀၂၃ ခုနှစ်မှ စတင်ကာ ဘယ်လာရုစ်ကိုပါ စေလွှတ်လာသည်ကို တွေ့ရသည်။
ယခုကဲ့သို့ တပ်မတော်နှင့် ဘယ်လာရုစ်နိုင်ငံကြား ချိတ်ဆက်မှုသည် တပ်ပိုင်းဆိုင်ရာ အားကောင်းရန်အတွက် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ကိုတွေ့ရစဉ်
၎င်းက “အဓိက,ကတော့ တောက်လျှောက် ကျနော်တို့ လေ့လာကြည့်တယ်။ နှစ်ခေါက်လောက်ရှိပြီနော် စစ်ခေါင်း ဆောင် ကိုယ်တိုင် ဘယ်လာရုစ်ကို သွားတာ။ အဓိက,ကတော့ စစ်ရေး အကူအညီရဖို့လေ။ အဲဒီရုရှားတို့၊ ဘယ်လာရုစ်တို့ သွားပြီး နောက်ပိုင်းမှာ စစ်ကောင်စီကလည်း အင်အားပြန်လည် ကြီးထွားလာတယ်။ ဥပမာ TNLA တို့ အားအရမ်း ကောင်းနေပါတယ်ဆိုတဲ့ အဖွဲ့ကနေတောင်မှ နောင်ချိုတို့၊ ကျောက်မဲတို့၊ သီပေါတို့ အဲဒီဒေသက တောင်မှ သူတို့က ခုခံနိုင်တဲ့ အနေအထား မရှိဘဲနဲ့ တပ်ဆုတ်ရတဲ့ အနေအထား ဖြစ်သွားတယ်ပေါ့နော်။ အဲဒါ ကြောင့်မို့လို့ သူကတော့ စစ်ရေးအားကောင်းဖို့ပဲ အပြန်အလှန် လုပ်ကြမယ်။ အဓိက,ကတော့ လက်နက်စက်ရုံ တည်ဆောက်တဲ့ နေရာမှာ နောက်ပြီးတော့မှ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဆိုတဲ့ နေရာကနေပြီးတော့မှ လက်နက်အထိတောင်မှ လုပ်လာနိုင်မလားဆိုတဲ့ စဉ်းစားချက်ရှိတာပေါ့။ အဲဒါကြောင့်မို့လို့ စစ်ကောင်စီကတော့ ဘယ်လာရုစ်နဲ့ ချိတ်ဆက်တဲ့ဟာကတော့ တပ်ပိုင်းဆိုင်ရာ အားကောင်းဖို့လို့ပဲ လေ့လာမိပါတယ်” ဟု ပြောသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို BRICS အဖွဲ့ဝင် နိုင်ငံဖြစ်စေရေးနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)အဖွဲ့ဝင် နိုင်ငံဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ဘယ်လာရုစ်နိုင်ငံမှ ဆက်လက် ထောက်ခံ ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် စစ်ဘက် နည်းပညာဆိုင်ရာ စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ကျင်းပမှာဖြစ်ပြီး ယခုကဲ့သို့ လာရောက်ခြင်းသည် ဘယ်လာရုစ်သမ္မတ၏ နောက်၌ ရုရှားက ထောက်ခံ သည့် သဘောလည်းပါကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါက အပြန်အလှန်ပါ။ ဘယ်လာရုစ်က ရုရှားကနေတဆင့်မှ ရုရှားနဲ့ရရှိတဲ့ မဟာမိတ် ရင်းနှီးမှုအပေါ် မူတည်ပြီးတော့ ဘယ်လာရုစ်က ဝင်လာတာပေါ့။ ဘယ်လာရုစ်နဲ့ ရုရှားကတဆင့် သိလာပြီး ရုရှားကိုယ်တိုင် မလာနိုင်ရင်လည်း ဘယ်လာရုစ်က လာတယ်ဆိုတာက ရုရှားက သူ့နောက်ကနေ ထောက်ခံတဲ့သဘော ပါတာ ပေါ့။ အဲဒါကြောင့် သူတို့အချင်းချင်း အပြန်အလှန် အားပေးကြတဲ့ သဘောပေါ့။ ရွေးကောက်ပွဲ ကပ်ပြီးတော့ လာတယ်ဆိုတော့ ဆက်လက် ပြုလုပ်မယ့် ရွေးကောက်ပွဲကိုတော့ ထောက်ပံ့ကူညီပံ့ပိုးတဲ့သဘော၊ ထောက်ခံတဲ့ သဘောပြတဲ့ ခရီးစဉ်ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
ဘယ်လာရုစ်သမ္မတ အနေဖြင့် ၂၀၂၅ ခုနှစ်သည် နှစ်နိုင်ငံအတွက် အမှတ်တရများစွာရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲသည် မြန်မာ အတွက် အရေးပါကြောင်း ပြောဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံ ကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် နားလည်မှု စာချွန်လွှာများကိုလည်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 355
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
ယာယီသမ္မတ ဦးမြင့်ဆွေ (ကွယ်လွန်) ပိုင်ဆိုင်သည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက် အမှတ် (မ-၅၉)၊ ပိုင်အမှတ်(၃၁)၊ ဧရိယာ ၀ ဒသမ ၁၁၀၂ အကျယ်ရှိ မြေကွက်ကို သားမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက ရောင်းချခဲ့သည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေ(ကွယ်လွန်)၏ ဇနီးဖြစ်သူ ဒေါ်ခင်သက်ဋ္ဌေးက နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း၍ ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။
အထက်ပါ မြေကွက်သည် ယာယီသမ္မတ ဦးမြင့်ဆွေ (ကွယ်လွန်) အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်ဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ အမွေစား အမွေခံ ပေးကမ်းခြင်း၊ လွှဲပြောင်းထားခြင်း မရှိကြောင်း၊ ထိုမြေကွက် ၏ ဂရန်သက်တမ်း ကုန်ဆုံးခဲ့သဖြင့် သက်တမ်းတိုး ဆောင်ရွက်ရန်အတွက် ဦးတာယာမြင့်ဆွေကို ကိုယ်စားလှယ် လွှဲစာ လွှဲအပ်ပေးခဲ့ကြောင်း၊ ထိုကိုယ်စားလှယ်လွှဲစာကို အသုံးပြုကာ ရောင်းချခဲ့ကြောင်း သတင်စားမှာ ဖော်ပြ ထားသည်။

အဆိုပါ မြေကွက် ရောင်းချမှုကို ဒေါ်ခင်သက်ဋ္ဌေးနှင့် သားဖြစ်သူတို့ အပါအဝင် အခြား မိသားစုဝင်များ မသိရှိ ကြောင်း၊ ၎င်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဦးတာယာမြင့်ဆွေနှင့်အတူ ပူးပေါင်းပါဝင် ပတ်သက်သူများသည် ယခု သတင်းစာ ကြေညာသည့်နေ့မှ ၇ ရက်အတွင်း လာရောက်ဖြေရှင်းရန်၊ မဖြေရှင်းဘဲ ရှောင်တိမ်းပျက်ကွက်နေခဲ့ ပါက တည်ဆဲဥပဒေအရ ပါဝင်ပတ်သက်သူများ အားလုံးအပေါ် အရေးယူသွားမည်ဟု သတင်းစာမှာ ကြေညာထား သည်။
ဦးတာယာမြင့်ဆွေသည် ယာယီသမ္မတ ဦးမြင့်ဆွေ(ကွယ်လွန်)နှင့် ဒေါ်ခင်သက်ဋ္ဌေးတို့၏ သမီးဖြစ်သူ ဒေါ်ခင်သက်ထားဆွေ၏ ယောကျ်ားဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 474
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းအပ် မလုပ်နိုင်ရင် ထိုအစိုးရသစ် နောက်နေ့ ပြုတ်ကျမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် ၂၇ ရက်များက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် USDP ပါတီ ထောက်ခံသူ များနှင့် တွေ့ဆုံ၍ နိုင်ငံရေးမဲဆွယ် စည်းရုံးရေး ဟောပြောစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးခင်ရီက “ အသဲကြားက မဲတစ်ပြားဆိုတာထက် ဦးနှောက်ထဲကလာတဲ့ မဲကို ကျနော်တို့က ပိုတန်ဖိုးထားတယ်၊ ဘယ်လို လူမျိုးကို ပေးသင့်လဲဆိုတာ စဉ်းစားရမယ်။ အဲတော့ ဘယ်သူ့ကို မဲပေးမလဲ ကြိုက်တဲ့လူကိုပေး။ သို့သော် ခင်ဗျားတို့ စဉ်းစားရမယ့် အချက်တွေတော့ ရှိတယ်။ နံပါတ်တစ် ကျနော်တို့ နိုင်ငံမှာ အကြမ်းဖက် သောင်းကျန်းသူ က တော်တော်များသာဗျ။ အစိုးရသစ်သည် တပ်မတော်နဲ့ ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်ဘူးဆိုရင် သေချာတယ် ဒီအစိုးရ နောက်နေ့ ပြုတ်ကျသွားမယ်။ ဒါကို စံထားပြီး ရွေးရမယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လာခဲ့ရာ ယနေ ၂၀၂၅ ခုနှစ်အထိပင် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသလို တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ထို့နောက် မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က ပြိုင်ဘက်ကောင်းမရှိဘဲ အနိုင်ရရှိမည့် ပါတီဖြစ်နေကြောင်း၊ သို့သော် ရွေးကောက်ပွဲ အလွန် အစိုးရ သစ်ကို USDP က ဦးဆောင် ဖွဲ့စည်းခွင့်မရဘဲ တပ်မတော်မှ ဦးဆောင်ဖွဲ့စည်းလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 522
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
လူမှုဘဝ အလွန်နိမ့်ကျနေသော မြန်မာနိုင်ငံကို တိုးတက်အောင်အတွက် နိုင်ငံရေးသမားနှင့် စီးပွားရေးသမားတို့ ပူးပေါင်း၍ နိုင်ငံလုံးခြုံ စီးပွားရေးစနစ်ကြီး တစ်ခုကို ထူထောင်၍ လုပ်ဆောင်သင့်ကြောင်း စီးပွားရေးနှင့်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးသမားနှင့် စီးပွားရေးသမား ကင်းသည့်နိုင်ငံ မရှိကြောင်း၊ အရေးကြီးသည်က ၎င်းတို့၏ စဥ်းစားချက်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးသမားနှင့် စီးပွားရေးသမား ပူးပေါင်း၍ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲ့တာက တစ်ခုရှိတယ် မှန်မှန်ကန်ကန် ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားနဲ့ ကင်းတဲ့နိုင်ငံ တစ်နိုင်ငံမှမရှိဘူး။ အဲ့တော့ ဘာက အရေးကြီးလဲဆိုတော့ သူတို့ရဲ့ စဉ်းစားချက်က အရေးကြီးတာ။ ဥပမာ-ပြောရမယ် ဆိုရင်တော့ ကျနော်တို့မှာလည်း ဒီလိုပဲရှိခဲ့တာပဲလေ၊ ဟိုတလောကတွေ့တဲ့ ဥပမာ တစ်ခုပေးမယ် ပတ်ချုံဟီးက ခရိုနီမွေးတယ်၊ ဘာလို့ တိုင်းပြည်ပျက်သွားတာလဲ သဘောက မြန်မာပြည်မှာ ခရိုနီမွေး တယ်။ ဘာဖြစ်လို့ အဲ့ ခရိုနီအားလုံးသည် international level ကို မရောက်သလဲ၊ မောင်းပုံမောင်းနည်းက အရေး ကြီးတာပေါ့၊ တစ်ခုတော့ ရှိတာပေါ့။ စီးပွားရေးသမားသည် အမြတ်ကိုကြည့်တာ တိုင်းပြည် တိုးတက်ဖို့သည် နိုင်ငံ လုံးခြုံ စီးပွားရေး စနစ်ကြီးကို ကြည့်ရမှာ။ ဒီဥစ္စာ သူတို့အတွက် အများကြီးရပေမယ့်လို့ နိုင်ငံလုံးခြုံ စီးပွားရေး စနစ်ကြီးကို ထိခိုက်စေမယ်ဆိုရင် ဒါက မလုပ်သင့်ဘူးပေါ့။ တိုင်းပြည်ပျက်သွားတာ အကုန်လုံးသည် ဒါ ကျနော် အာမခံပြီး ပြောရဲတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ အဓိက ဒီမိုကရေစီ အရွေ့ခေါ်တယ်၊ အဲ့တာကို သဘော ပေါက်ဖို့ လိုတယ်။ အဲ့တော့ ဒီမိုကရေစီယန္တရားသည် ဘယ်လောက် နိုင်ငံလုံးခြုံ စီးပွားရေးစနစ်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကို ဘယ်လောက်ထိ နားလည်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် သူတို့နိုင်ငံရေးသမားကို နားလည်အောင် ရှင်းပြနိုင်လဲဆိုတာ အရေးကြီးတာပေါ့။ တကယ်တမ်းကြတော့ အတွေ့အကြုံ တကယ်ရှိခဲ့တာ မဟုတ်ဘူး။ ကျနော်တို့မှာ အားနည်းချက်ရှိတယ်။ နားထောင်တဲ့ အလေ့အကျင့်နည်းတယ်။ အများစုရဲ့ ပြဿနာပါ။ တိုင်းပြည်ရဲ့ မျက်နှာကို ရှေ့မူပြီး စဉ်းစားတဲ့ စဉ်းစားချက်ပါလို့ ခိုင်ခိုင်မာမာနဲ့ နိုင်ငံရေးသမားကို နားလည်အောင် ပြောပြပေးနိုင်ဖို့တော့ လိုတာပေါ့”ဟု ပြောသည်။

အခြေခံ လူတန်းစားများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် အစိုးရတစ်ရပ် တက်လာတိုင်း ခရိုနီအုပ်စုတစ်စုက ခေါင်းထောင်လာတတ်သလို အမေရိကန် Sanction ကြောင့် စီးပွားပျက်သွားသည့် ခရိုနီနှင့် ယိမ်းယိုင်သွားသော စစ်အာဏာရှင် တစ်ယောက်မျှ မရှိသော် လည်း ပြည်သူများကမူ Sanction ၏ဒဏ်ကို သွယ်ဝိုက်ပြီး ခံစားရသည်။
ထို့ပြင် တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးတွင်လည်း တစ်ဆင့်ခံ အခြေအနေများနှင့် လုပ်ခဲ့ရ၍ နစ်နာပြီးရင်း နစ်နာနေသည့် အခြေအနေ ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ချင်လျှင် မိမိနိုင်ငံအား မည်မျှပင် ချစ်စေကာမှု အမှီမရှိလျှင် ဘာမှလုပ်မရဘူးဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာပြည်မှာက နိုင်ငံရေးပါတီ လုပ်ချင်တယ်ဆိုရင် ဘယ်လောက်ပဲ နိုင်ငံကို ချစ်နေပါစေ။ အမှီမရှိရင် ဘာမှလုပ်လို့ မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်လာတယ်။ အဲ့တာကြတော့ ကျနော်တို့ နိုင်ငံရေးပါတီက တချို့ကြ နိုင်ငံ ရေးအရ လုပ်နေတာတွေရှိတယ်။ သူက ငွေလိုတဲ့ အခါကြတော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ပေါင်းမယ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပေါင်းတဲ့အခါကြတော့ စီးပွားရေးလုပ်ငန်းရှင်က သူ့အပေါ်မှာ အကျိုးအမြတ်မရှိရင် ကူညီမှာ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်က တစ်ဖက်ကနေ အကျိုးအမြတ်နဲ့ ကူညီမယ် ကူညီတဲ့အခါကြတော့ ဟိုနိုင်ငံရေးသမားကို ကြိုးချည်ပြီးသား ဖြစ်သွားပြီလေ။ ဒါဆိုနိုင်ငံပျက်ရုံကလွဲရင် ဘာမှမရှိဘူး”ဟု ပြောသည်။

လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ပြဋ္ဌာန်းခဲ့ပြီး ပြည် ထောင်စုအဆင့် ပါတီဖြစ်ပါက မြို့နယ် ၁၀၀ ကျော်မှာ ပါတီရုံးခန်းဖွင့်ရမည်ဖြစ်ပြီး ပါတီဝင် အင်အား ၅၀,၀၀၀ စုစည်းနိုင်ရမည်နှင့် ပါတီထူထောင်ခြင်း သိန်း ၁၀၀၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ ပေးသွင်းရ မည်ဟု သတ်မှတ်ခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သည့်အခါမှာလည်း ကိုယ်စားလှယ်လောင်း များအတွက် မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်များ ရှိလာပြန်သည်။
အဆိုပါ အခြေအနေများကြောင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် စီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့ပေးမှုများကို လိုအပ်လာကာ အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့ကြရသည့်အတွက် နိုင်ငံရေးပါတီများ အား စီးပွားရေးသမားများက ချုပ်ကိုင်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 366
CNI News
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃
ပြည်သူလူထုများအနေဖြင့် မိမိကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို ချစ်ဟန်ဆောင်သည့် လူများအား မဲမပေး မိရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
နိုင်ငံရေးသမားဆိုသည်က ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် အကျိုးအမြတ် ရှိမည်ဆိုလျှင် မည်သူနှင့်မဆို ပေါင်းသင်း ဆက်ဆံနိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် ပြည်သူကို ချစ်ဟန်ဆောင်ပြီး ကိုယ်ကျိုး ရှာနေသူများကို မဲမပေးမိဖို့ လိုအပ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးသမားဆိုတာတော့ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတာလေ အဲ့ခါကျတော့ ခုနကတုန်းက ပြောတဲ့ စကားလုံးလေးတွေကတော့ ဒါက ရန်သူလည်း မဟုတ်ဘူး၊ ကျနော်တို့ကတော့ တိုင်းပြည်အတွက်ကို ရှေးရှုပြီးတော့ မည်သူနဲ့မဆို တည့်အောင်ပေါင်းမှ တိုင်းပြည်နဲ့ ပြည်သူလူထု မျက်နှာကို ကြည့်ပြီး အလုပ်လုပ်တဲ့ သူကိုတော့ မဲပေးရွေးချယ် စေချင်တယ်ပေါ့နော်။ ပြည်သူလူထုအနေနဲ့ ဘာကြောင့်လို့လဲဆိုတော့ ယနေ့အချိန်က တိုင်းပြည်က အရမ်းကြီးကို နာသွားတဲ့ အခါကျတော့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ကြလိမ့်မယ် တချို့ တွေ ကျတော့လည်း တိုင်းပြည်နဲ့ ပြည်သူကိုတော့ ချစ်ဟန်ဆောင်ပြီးတော့ ကိုယ်ကျိုးရှာတဲ့ လူတွေကိုလည်း မပေးမိဖို့ လိုအပ်တာပေါ့။ ဒါကတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရတော့ အများကြီး ကြုံခဲ့ဖူးပြီ နိုင်ငံရေးသမားဆိုတာ နိုင်ငံကောင်းအောင် တည်ဆောက်ရမယ် နောက်ပြီးတော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် အတွက် အကျိုးအမြတ် ရှိမယ်ဆို မည်သူနဲ့မဆို ပေါင်းသင်း ဆက်ဆံနိုင်ရမယ်ဆိုတဲ့ ကဏ္ဍလေးတွေတော့ ရှိသင့် တာပေါ့။ အဲ့တာကြောင့် ခုနကပြောတဲ့ တပ်မတော်နဲ့လည်း သဟဇာတဖြစ်တဲ့လူတို့ ဘာတို့ ဆိုတာထက်ကို တပ်မတော်အနေနဲ့ တိုင်းပြည်ကို ချစ်တာရှိတယ် ချစ်ကြတာချင်း တူကြရင်တော့ အားလုံးက တိုင်းပြည် တည် ဆောက်ရေးကို စုပေါင်းညီညာစွာနဲ့ လုပ်သွားကြမှာပဲ” ဟု ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အတွက် မဲပေးရာတွင် တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာ စောင့် ထိန်းနိုင်သူ၊ တပ်မတော်နှင့် သဟဇာတဖြစ်ပြီး လက်တွဲဆောင်ရွက်နိုင်သူများအား ရွေးချယ် ဆန္ဒမဲပေးရန် လိုအပ် သည်ဟု ပြောသည်။
တိုင်းပြည်၏ အကျိုးစီးပွားကို ရှေးရှု၍ တပ်မတော် တစ်ခုတည်းသည်သာ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ စသည့် အဖွဲ့အစည်းများ အားလုံးတို့သည် ညီညီညွတ်ညွတ် မျှမျှတတ ဖြစ်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “တပ်မတော်နဲ့ သဟဇာတ မတည့်တဲ့ အဖွဲ့အစည်းဆိုတာ ဘာပဲဖြစ်ဖြစ်က တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ် ကြပြီဟေ့ဆိုလို့ရှိရင် တပ်မတော်ဆိုတဲ့ဟာက (တိုင်း)ပြည့်လက်ရုံးပေါ့နော်၊ (တိုင်း)ပြည့်လက်ရုံးဖြစ်တာပေါ့။ လက်ရုံးနဲ့ ဒီ ဦးနှောက်နဲ့ ဟိုဟာနဲ့က မတည့်ကြဘူးဆိုလို့ရှိရင်က သိပ်အဆင်မပြေဘူးပေါ့လေ။ အားလုံးက ညီညီညွတ်ညွတ် နဲ့ တစ်ခုနဲ့တစ်ခုနဲ့ တပ်မတော်နဲ့မှ မဟုတ်ဘူး၊ ကျနော် ပြောချင်တာလေ တကယ့်ကို ကုန်သည်စီးပွား စက်မှု လုပ်ငန်းရှင် အားလုံး ဒါကလည်း အကုန်အဆင်ပြေ ချောမွေ့ရမယ်။ တစ်ခုနဲ့တစ်ခု အားလုံးက မျှမျှတတပေါ့။ အားလုံးသည် တိုင်းပြည် အကျိုးစီးပွားကို ရှေးရှုပြီးတော့မှ အားလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်တဲ့ ပုံသဏ္ဍာန်မျိုးကို သွားတဲ့ ဟာမျိုးပေါ့လေ။ အားလုံးက မျှမျှတတ ညီညီညွတ်ညွတ် ဖြစ်နေရမှာပေါ့၊ ညီညွတ်တယ်ဆိုတာလည်း မျှတမှ ညီညွတ်တာကို။ အကုန်လုံး တစ်ဖက်စောင်းနင်းကြီး ဖြစ်နေရင်လည်း ညီညွတ်စရာ အကြောင်းမရှိဘူးလေ အားလုံးမျှတရမယ်၊ ညီညွတ်ရမယ်။ အကုန်လုံး အဖွဲ့အစည်း အသီးသီး အဲ့သလိုသွားလို့ရှိရင်တော့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ဖို့က သိပ်တော့ မကြာဘူးလို့ ကျနော်တော့ ယုံကြည်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းကို ဖြစ်စေမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သူများကို ရွေးချယ်ကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 544
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရန် ကြိုးစားနေသည့် သဘောရှိ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာမှာ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့်အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာသည့် တိုးတက်မှု များကို တွေ့ရသည်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံသားများအတွက် ပေးထားသည့် ယာယီနေထိုင်ခွင့် (TPS)ကို ရုပ်သိမ်းကြောင်း အမေရိကန်၏ အမိမြေလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပြောင်းဖို့ ကြိုးစားနေတဲ့သဘော။ ပြောင်းတော့ မပြောင်းသေးပါဘူး။ အခြေခံကတော့ မပြောင်းဘူး။ သို့သော် အခုလက်ရှိ လုပ်ပုံကိုင်ပုံလေး၊ ရွေးကောက်ပွဲ ပေါ်လာပုံလေး ကြည့်လိုက်တော့ နိုင်ငံရေး ဘောင်ကို ပြန်ပြီးတော့ ချဲ့နေတဲ့သဘောမျိုး တွေ့တော့ အမေရိကန်က စောင့်ကြည့်ချင်တဲ့ သဘောနဲ့ သဘော ထား ပြောင်းသင့်၊ မပြောင်းသင့် စောင့်ကြည့်ချင်တဲ့သဘောနဲ့ ထုတ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အခြေအနေမှာ မြန်မာနိုင်ငံသားများ ဘေးကင်းစွာ နေရပ်သို့ ပြန်နိုင်လောက်အောင် တိုးတက်လာပြီ ဖြစ်သောကြောင့် ယာယီအကာအကွယ်ပေးထားသည့် အခြေအနေကို အမေရိကန်က ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာခဲ့သလို အရေးပေါ် အခြေအနေ ကြေညာထားမှုလည်း ရပ်စဲသွားပြီးဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ အတွက် စီမံချက်များလည်း လုပ်ဆောင်နေပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အောင်မြင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ပိုမိုကောင်းမွန်သော ဒေသန္တရအုပ် ချုပ်ရေးကြောင့် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ တိုးတက်လာကြောင်း အမေရိကန်အစိုးရက ပြောသည်။

အမေရိကန်က မြန်မာကို TPS ရပ်ဆိုင်းကြောင်း ကြေညာချက်ကို တွေ့ရစဉ်
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံသားများ နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်သည့် အခြေအနေသို့ တိုးတက်လာပြီဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။
လက်ရှိ အမေရိကန်နိုင်ငံတွင် ယာယီနေထိုင်ခွင့် (TPS) ဖြင့် နေထိုင်နေသည့် မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိကြောင်း၊ ထို့နောက် သက်တမ်းတိုးခွင့် မရှိတော့ခြင်းကြောင့် TPS ခွင့်ပြုချက်ဖြင့် အမေရိကန်မှာ နေထိုင်သူများ သည် ရက်ပေါင်း ၆၀ အထိသာ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ခိုလှုံခွင့် (Asylum) မလျှောက်လိုသူများသည် ယာယီနေထိုင်၍ရစေရန် TPS လျှောက်ထားကြပြီး TPS အထောက်အထားရှိရုံဖြင့် တရားဝင် အလုပ်လုပ်ခွင့်ကဒ်နှင့် အလုပ်လုပ်ခွင့်ရကြောင်း သိရသည်။
ထို TPS သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် အမေရိကန်သို့ ရောက်နေ သည့် မြန်မာနိုင်ငံသားများကို သမ္မတဟောင်း ဂျိုးဘိုင်ဒန် အစိုးရလက်ထက်၌ ယာယီအကာအကွယ်ပေးသော အခြေအနေ ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအား တည်ငြိမ်သည် ဟု ယူဆခြင်းက မြန်မာ့တပ်မတော်ကို တည့်တည့်ကြီး လက်ခံသည့်ပုံ မပေါက်သော်လည်း ရွေးကောက်ပွဲ ပြီးနောက် အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု တွက်ဆထားပုံရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “တည့်တည့်ကြီး လက်ခံတဲ့ပုံ မပေါက်တာတောင်မှ အခုလုပ်မယ့် ရွေးကောက်ပွဲကတော့ အလှည့် အပြောင်း တစ်ခု ဖြစ်လာနိုင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း တည်ငြိမ်မှု တစ်စုံတစ်ရာရှိတယ်။ ရွေးကောက်ပွဲ ပြီးရင် ဥပဒေပြုလွှတ်တော်တို့၊ အစိုးရတို့ သီးခြားပေါ်လာမယ်။ အဲဒါတွေကို မှန်းပြီးတော့ တစ်စုံ တစ်ရာ တည်ငြိမ်မှု ရလာတယ်လို့ ပြောတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟိုမှာ ယာယီသဘောမျိုး ခိုလှုံခွင့် ပေးထား တာတွေကို ပြန်ရုတ်သိမ်း လိုက်တယ်ဆိုတာက ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အခင်းအကျင်းကို အပြောင်း အလဲ ရှိမယ်ဆိုပြီး အကောင်းဘက်ကို ဦးတည်မယ်လို့ တွက်ဆပြီးတော့ အဲဒီ ရုတ်သိမ်းလိုက်တဲ့ လူတွေက ကိုယ့်နိုင်ငံကိုယ် ပြန်ချင်လည်း ပြန်လို့ရအောင် ခွင့်ပြုလိုက်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အပြောင်းအလဲ ဖြစ်စေမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ဆန္ဒမဲပေးကြစေလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် သူများနှင့် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ပေးမည့်သူများကို ရွေးချယ်ပေးစေလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေးကိုသာ ဆောင်ရွက်တော့မည်ဟုလည်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် လူထုနည်းနှင့် ဆန္ဒပြသင့်လျှင် ပြရမှာဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်သည့်အခါ အစိုးရအသစ် အပြောင်းအလဲဖြစ်တိုင်း လူ၊ မူ၊ အဖွဲ့အစည်းများပါ ပြောင်းလဲသွားကာ ယခင် အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သော အခင်းအကျင်းများသည် ယုံကြည်မှုပျောက်၍ ထစ်ဆို့မှုများ ပေါ်ပေါက်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများထံမှ ငြိမ်းချမ်းရေး မယူနိုင်လျှင် လူထုနည်းနှင့် ဆန္ဒပြသင့်လျှင်ပြရ မည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အ မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ အစိုးရ၊ နိုင်ငံရေးပါတီတွေ ဆွေးနွေးနေကြစဉ်
၎င်းက “ဒီအဖွဲ့အစည်းကို ငြိမ်းချမ်းရေး မယူနိုင်ဘူးဆို ဆန္ဒပြသင့်ရင် ပြရမှာပေါ့၊ ဒါအစိုးရဘက်ကနေ စေတနာ မှန်ဖို့ပဲ လိုပါတယ်။ ဒါငြိမ်းချမ်းရေး ရလိုချင်စိတ်ကတော့ သူတို့ ရင်ထဲမှာရှိဖို့ လိုအပ်ပါတယ် တချို့ပါးစပ်ကနေမှ ငြိမ်းချမ်းရေးလို့ စကားပြောနေပြီးမှ ငြိမ်းချမ်းရေး မရချင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဖွဲ့အစည်းတွေလေ ဘာလို့လဲဆိုတော့ သူတို့အတွက် ငြိမ်းချမ်းရေး မရလေ။ စီးပွားရေးက ကောင်းကောင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရလေ၊ ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ သူတို့အနေနဲ့ သူတို့အမြင်မှာတော့ world great ပေါ့ စစ်ဘုရင် ကြီးတွေ ဖြစ်နေကြတာ တကယ်လို့ ငြိမ်ချမ်းရေးရသွားရင် သူတို့ဥပဒေအောက်မှာ နေရမယ်ဆိုတဲ့ အခါကြတော့ မယူချင်တဲ့ အဖွဲ့အစည်းတွေ ရှိနေတာပေါ့။ ဒါလူထုက ဒီချိန်မှာ ညီညီညွတ်ညွတ် ရှိကြဖို့ လိုအပ်တယ်။ အဲ့ဒီ အခက်အခဲကို ကျော်ဖြတ်ဖို့အတွက်က ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒါလူထုနည်းနဲ့ ဆန္ဒပြရင် ပြရမှာပေါ့ ဗျာ”ဟု ပြောသည်။
ငြိမ်ချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် သမိုင်းနောက်ခံ အဖြစ်အပျက် များ၊ ဝါဒရေးရာ အငြင်းပွားမှုများ၊ နိုင်ငံရေး ခံယူချက်များကို ထည့်မစဉ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်မ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာပြည်တွင် ထာဝရငြိမ်းချမ်းရေး ရရှိအောင် လူမှုစီးပွားဘဝနှင့် ကိုင်တွယ်ရလိမ့်မည်ဟု တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုနေကြစဉ်
၎င်းက “ကျနော်တို့ ငြိမ်းချမ်းရေးက လူထုနည်းနဲ့ပဲ သွားလိမ့်မယ်လို့ ထင်တယ်။ လူမှုစီးပွား ဘဝထက်ကို ကျနော်တို့ ငြိမ်းချမ်းရေးက ၈၉ က စယူတာပေါ့၊ ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ယူခဲ့တယ်။ အဲ့ချိန်တုန်းက ဘာနဲ့ပဲ ပြောခဲ့လည်းဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးယူအောင်က လောလောဆယ် ငြိမ်းချမ်းရေးယူ၊ စီးပွားရေးလုပ်ပေါ့နော်။ ဒီနိုင်ငံရေးကိစ္စကို နောက်တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးဆိုတဲ့ အခါကြတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မြို့ပေါ်တက်ပြီး စီးပွားရေး လုပ်လာတယ်။ မြို့နဲ့တောနဲ့ ဆက်စပ်လာတယ်၊ နောက်ရတနာတွေ၊ တူးခွင့်တွေ၊ အထူးဒေသတွေကိုပေးတယ်။ အဲ့အခါကြတော့ လက်နက်ကိုင်အဖွဲ့အစည်း လက်နက်ကိုင်လာမှ စီးပွားရေး ကောင်းကောင်း လုပ်ရတယ်ဆိုတဲ့ အခါကြတော့ လူထု ကလည်း ဘာမြင်လာလဲဆိုတော့ ငါတို့လည်း လက်နက်ကိုင်မှဖြစ်မှာ သူတို့လက်နက်ကိုင်တွေက အခွင့်ထူးခံတွေ ငါတို့က အခွင့်ထူး မခံရဘူးဆိုတော့ လက်နက်ကိုင်ဖို့အတွက် ပြန်ကြိုးစားတယ် သူတို့က ဘာလဲဆိုတော့ လက်နက်ပဲ ထပ်ဝယ်တယ်၊ လူအင်အားစုတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ပြဿနာကြီးက ဒီအချိန် ငြိမ်းချမ်းရေး ကိစ္စကြောင့်ပေါ့နော် အခုကျနော်တို့က ထာဝရ ငြိမ်းချမ်းရေးရအောင်က လူမှုစီးပွားဘဝနဲ့ပဲ ကိုင်ရလိမ့်မယ်”ဟု ပြောသည်။
တခုတည်းသော တပ်မတော် ထားရှိရမည်ဆိုသည့် စဉ်းစားချက်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အသိ အမှတ်ပြုရမည်ဆိုသည့် စဉ်းစားချက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ သတ်မှတ်ပေးရမည်ဆိုသည့် စဉ်းစားချက် များသည် “လုံခြုံရေး ရှုထောင့်”ကို အခြေခံသည့် စဉ်းစားချက်များ ဖြစ်၍ အချိန်အတိုအတွင်း မပြီးနိုင်သည်ကို လည်း စဉ်းစားရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
