
- By CNI
- Category: နိုင်ငံရေး
- Hits: 1304
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
တရုတ်စီမံကိန်းတည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ ကြား ဖြစ်ပွားနေသည့် တိုက်ပွဲသည် အရှေ့နှင့် အနောက်နိုင်ငံတို့၏ အားပြိုင်မှုဖြစ်စေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
မြို့နယ် ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် ၁၄ မြို့နယ်အား သိမ်းပိုက်ထားနိုင်သည့် AA အနေဖြင့် ကျောက်ဖြူ မြို့၌ မြို့သိမ်းတိုက်ပွဲ ဆက်လက် ဖော်ဆောင်နေသည်။
မြန်မာ့တပ်မတော်ဘက်တွင် အကျိုးစီးပွားကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ်များမှ တွဲ၍ခုခံနေနိုင်ကာ AA ဘက၌ အနောက်ဘက်မှ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူ တိုက်ပွဲတွင် အရှေ့နှင့် အနောက် အားပြိုင်မှု ဖြစ်သွားကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ NCA-S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNIသတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကစီးပွားရေးကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့များ ဥပဒေဆိုတာ ထုတ်ပြန်ထားတယ်လေ။ အဲဒီလုံခြုံရေး ဆိုင်ရာဥပဒေကို နေပြည်တော်က ထုတ်ပြန်ပြီးတဲ့နောက်မှာ မှတ်ပုံတင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရောက် လာတာပေါ့။ အဲဒီလုံခြုံရေး တပ်ဖွဲ့တွေကတော့ သူ့အကျိုးစီးပွားကိုသူ စောင့်ရှောက်မယ်၊ ကာကွယ်မယ်၊ ရသ လောက်လုပ်မယ်၊ နည်းမျိုးစုံနဲ့ လုပ်မယ်ပေါ့။ ဒါကြောင့် ကျောက်ဖြူလို ကိစ္စမျိုးတွေကြတော့ အရှေ့နဲ့ အနောက် အားပြိုင်သလိုတော့ နည်းနည်းဖြစ်သွားတယ်။ ဒီဘက်မှာ လုံခြုံရေးတပ်တွေက တရုတ်ကိုယ်တိုင်ပါပြီးတော့ လက်ရှိ နေပြည်တော်တပ်တွေနဲ့ တွဲပြီးတော့ သူ့ရဲ့စီးပွားရေးကို ခုခံနေတယ်။ ဟိုဘက်ကလည်းပဲ သူ့နောက်မှာ အနောက်ဘက် တစ်နည်းနည်းနဲ့ လှည့်ပတ်ပြီးတော့ ပါနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီပွဲတွေက အင်အား ကြီးနိုင်ငံတွေရဲ့ လက်မည်းကြီးတွေ ရှိတယ်လို့ ပြောရင်လည်း မမှားဘူးပေါ့။ အရှေ့မှာ ကျုံးနေတဲ့လူတွေချည်းပဲ ကြည့်လို့မရဘူးပေါ့။ လက်မည်းကြီးတွေလည်း ရှိတယ်ဆိုတာ သုံးသပ်လို့ရတာပေါ့” ဟု ပြောသည်။
AA ကို တွေ့ရစဉ်
ထို့ပြင် ငလျင်နောက်ဆက်တွဲအရ နှစ်ဖက်အင်အားစုများအကြား အပစ်ရပ်သက်တမ်း တိုးမြှင့်ထားကြသော်လည်း မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြသည်။
ရခိုင်ပြည်နယ်တွင် ကျန်ရှိသည့် မြို့နယ် ၃ မြို့နယ်၌ တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူမြို့တွင် AA ဘက်မှ ထိုးစစ် အရှိန်မြင့်လာကြောင်း၊ မေလ ၂၉ ရက်က ကျောက်ဖြူ၊ မဒေးကျွန်းရွာမှာရှိသည့် တရုတ်အစိုးရပိုင် သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ (Power China) နားက ကင်းစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ကျောက်ဖြူတိုက်ပွဲများမှာ တရုတ်အစိုးရပိုင် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံနှင့် နီးကပ်လာသဖြင့် တရုတ်လုံခြုံရေးများ ထပ်ဖြည့်ထားကြောင်းလည်း ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။
နစကသည် လက်နက်ကိုင်ပဋိပက္ခအတွင်း လက်လွှတ်ထားရသည့် နယ်မြေ အများအပြား ရှိနေချိန်တွင် ပြည်တွင်း/ပြည်ပ လုံခြုံရေးကုမ္ပဏီများ လက်နက်ကိုင်ဆောင်နိုင်သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြဋ္ဌာန်းထားသည်။
တရုတ်လုံခြုံရေးကုမ္ပဏီမှ တပ်သားများသည် စစ်သားဟောင်းများဖြစ်ကြကာ တရုတ်အကျိုးစီးပွားကို ကာကွယ် ရန်အတွက် ကျောက်ဖြူ၌ တရုတ်လုံခြုံရေးတပ် အများအပြား ရောက်နေသည်ဟု ကြားသိရကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်က မဒေးကျွန်းစီမံကိန်းကို တွေ့ရစဉ်
၎င်းက “ကျမ ကြားတာတစ်ခုက တရုတ်က လုံခြုံရေးကုမ္ပဏီတစ်ခုက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ကာကွယ် ဖို့အတွက် တော်တော်များများ ရောက်နေတယ်လို့ ကြားဖူးတယ်။ ဒီလို လုံခြုံရေးတွေကတော့ ရှိကောင်းရှိမယ်။ ဘာဖြစ်လို့လဲဆို တရုတ်က နိုင်ငံတိုင်းကို ထွက်ပြီးတော့ စီးပွားရှာနေတာဆိုတော့ အဲဒီကုမ္ပဏီက ငှားတာဖြစ်နိုင် တယ်။ လုံခြုံရေးကုမ္ပဏီတွေဆိုတာက တရုတ်ပြည်မှာ စစ်သားဟောင်းတွေပေါ့။ တရုတ်က ၂ နှစ် တချို့ဆို ၅ နှစ် စစ်တပ်ထဲမှာနေပြီးရင် ထွက်လို့ရတယ်။ အဲဒီလူတွေက အပြင်ထွက်လာတဲ့ အခါမှာ စစ်တပ်ထဲမှာ တော်တော် သင်တန်းတွေက ကြမ်းတာကို။ အဲဒီကထွက်လာတဲ့ အများအပြားက လုံခြုံရေးကုမ္ပဏီတွေ ထောင်တယ်။ သူဋ္ဌေး တွေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ သူတို့သက်တော်စောင့်တွေ အဖြစ်နဲ့လည်း တစ်ဦးချင်း ငှားတာတွေရှိတယ်။ စစ်ကောင်စီက အဲဒါနဲ့ပတ်သက်လို့ ဥပဒေတောင် တင်ထားပြီးတာပဲ။ တရုတ်စစ်သားတွေ၊ တရုတ်လုံခြုံရေး တပ်သားတွေရှိတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
နစကသည် ကျောက်ဖြူမြို့နယ်ထဲက စီမံကိန်းများမှ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိနေကြောင်း ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့(AOW)၏ ဧပြီ ၂၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွှေသဘာဝဓာတ်ငွေ့ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၅၀ သန်းနှင့် တရုတ်ကိုပို့သည့် ရေနံပိုက်လိုင်း မှတဆင့် ရေနံဖြတ်သန်းတင်ပို့ခ အမေရိကန်ဒေါ်လာ ၂၅ သန်းဝန်းကျင် ရနေကြောင်း AOW က ခန့်မှန်းထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်ထဲတွင် စစ်ရေးတင်းမာမှုများ ရှိလာခဲ့သော်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 408
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ကောင်စီ(MTC/MDF)က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း ပထမအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၁ ရက်အထိ ကျင်းပခဲ့ကြသည်။
ထို့နောက် မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေး အပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့်ဆိုင်သော အဆိုပေါင်း ၂၀ ကို ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြပြီး မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ စစ်မှုထမ်းရမည့် အဆိုလည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်ဟု MTC/MDF က ထုတ်ပြန်ခဲ့သည်။
မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC)အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး နှင့် မရာပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည့်ဝလုံခြုံသော နိုင်ငံရေးစနစ်တစ်ခုရရှိရန် ဆက်လက်ကြိုးစားအား ထုတ်မည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မရာလူမျိုးများသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းက မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်တို့ မှာ နေထိုင်လျက်ရှိကြသည်။
Maraland Defense Force (MDF)ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှ ၃၀ ရက်ထိ အိန္ဒိယ- မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပခဲ့သော ပထမအကြိမ် မရာပြည်သူ့ညီလာခံကနေ Chinland Defense Force အဖွဲ့နှင့် Mara Army အဖွဲ့တို့ကို ပေါင်းစည်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
MDF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အကျပ်အတည်းမှသည် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါဝင်လာခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး လက်နက် ကိုင် တိုက်ခိုက်လျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1219
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
မြန်မာနိုင်ငံ သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်နေ သံအမတ်ကြီး (ငြိမ်း) ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော စက်ဘီးအား စန်းထက်အောင်(ခ) ပဲခူးသားက သုံးဘီးယာဉ်ဖြစ်သယ်ဆောင်သွားစဉ် မေလ ၂၃ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်မှာ စက်ဘီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ထောက်ပို့အဖြစ် ဆောင်ရွက်ခဲ့သည့် ဝင်းသူ(ခ) ကုလားလေးကိုလည်း မြောက်ဥက္ကလာပမြို့နယ်မှာ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဦးချိုထွန်းအောင်ကို မျိုးကိုကို(ခ) ဇင်မင်းထက်(ခ) လင်းလက်ဇော်နှင့် ချစ်ကိုကို(ခ)ကျော်ကြီးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားခံ မျိုးကိုကိုနှင့် ဇနီး ပြုံးပြုံး၊ သမီးဖြစ်သူ လင်းလက်ရွှေတို့အား မေလ ၂၅ ရက်တွက် ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းတွင် ဖမ်းဆီးရမိခဲ့သလို လိုက်ပါ ပို့ဆောင်ပေးခဲ့သူ အောင်ဆန်းဟိန်းနှင့် ချိတ်ဆက်ပေးသူ ညီညီလှိုင်တို့ကိုတော့ မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဖမ်းဆီးရ မိခဲ့သည်ဟု နစက,က ထုတ်ပြန်ခဲ့သည်။
အလားတူ ဖမ်းဆီးရန်ကျန်နေသော တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး၏ ဇနီး မြင့်မြင့်ထွေး၊ အောင်ကိုကိုချစ်၊ ဇင်မောင်မောင်(ခ)အာနိုးတို့နှင့် ထွက်ပြေးတိမ်းရှောင်ရန် ကူညီပေးသူ ဖြိုးဝေအောင်(ခ)အရှည်ကြီးတို့ကို မေလ ၂၆ ရက် ပဲခူးမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် Scout ကြည့်ရှုပေးသူ မင်းစည်သူ(ခ)အငယ်လေး၊ ကျော်ဇင်သန့်(ခ) လွင်ကြီး (ခ) ကျော်ဇင်၊ ဟန်လင်းအောင် တို့ကို မေလ ၂၉ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဦးချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်စဉ် သေနတ်ကျည် ပေါက်ထွက်၍ ဘယ်ဘက် ခြေထောက် ဒဏ်ရာ ရရှိခဲ့သော မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်ကို ဆေးကုသပေးခဲ့သော သာကေတာမြို့ နယ်မှ “လင်း”အထူးကုဆေးရုံပိုင်ရှင် ဒေါက်တာရဲလင်းစိုးနှင့် DCS ဆရာဝန် ဇော်ကိုကိုတို့ကို မေလ ၂၆ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု နစက,က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဦးချိုထွန်းအောင် လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်အတွင်း ပါဝင် ပတ်သက်သူ ကျား ၁၃ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု နစက,က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ချင်းမိုင်မြို့မှာ ဖွဲ့စည်းခဲ့သော Golden Valley Warrior အဖွဲ့ခေါင်းဆောင် ကိုထက်၏ စေခိုင်းမှုကြောင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 733
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ ထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော် ၃ ဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်က အလင်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာခဲ့သော PDF ရဲဘော်သုံးဦး၏ ဘတ်တံဆိပ်တစ်ခုတွင် ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဟု ရေးသားထားသည်ကို တွေ့ရသည်။
SNA ထံ အလင်းဝင်လာတဲ့ PDF ရဲဘော်သုံးဦးကို တွေ့ရစဉ်
ထိုသို့ အလင်းဝင်လာသည့် PDF ရဲဘော်သုံးဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ပေးခဲ့ကြောင်း SNA ဘက်ကနေ ပြောသည်။
ဗန်းမောက်မြို့နယ်အတွင်းမှာ KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် မြန်မာဘက်မှ တိုက်ပွဲရှောင်များသည် အလုပ်အကိုင် ရှားပါး ကာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြကြောင်း ပလက်ဝကောင်စီမှ လူသားချင်စာနာကူညီရေးဌာနမှူး ဆလိုင်းစိုးထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မီဇိုရမ်ပြည်နယ်ရှိ မြန်မာတိုက်ပွဲရှောင်များသည် ကမ္ဘာ့စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေး အဖွဲ့များထံမှ ထောက်ပံ့ မှုများ မရှိသည့်အပြင် ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုမှာလည်း တစ်ခါတစ်ရံမှသာ ရောက်ရှိတတ်သောကြောင့် ကိုယ်ထူကိုယ်ထ လုပ်ကိုင်စားသောက် နေကြရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆလိုင်းစိုးထွန်းက “အခက်အခဲကြတော့ အကုန်လုံးကို ခြုံပြီးပြောရရင် စားဝတ်နေရေး ခက်ခဲမှုရှိတယ်။ ပံ့ပိုးမှုက နယ်နယ်ရရ မရှိဘူး။ ပုံမှန်မရှိဘူးပေါ့။ ဒီဘက်မှာ ကမ္ဘာ့စားနပ်ရိက္ခာလည်း မရတဲ့အခါကြတော့ အလုပ်အကိုင် အခွင့်အလမ်းကလည်း ရှားပါးတယ်။ စားဝတ်နေရေး အဆင်မပြေဘူးပေါ့။ အလုပ်အကိုင် အဆင်မပြေဘူးပေါ့။ အဖွဲ့အစည်း အကြီးကြီးကနေ ပုံမှန်လေး ဝန်ဆောင်မှု လုပ်ပေးတာမရှိဘူး။ အရင်နေ့တွေက မီဇိုရမ်အစိုးရကနေ လုပ်ပေးခဲ့တဲ့ဟာတွေကြတော့ ရှိတယ်။ တစ်ခါတစ်လေကြမှပေါ့ ပုံမှန်မဟုတ်တဲ့ အခါကြတော့ အခက်အခဲ အများ ကြီး ကြုံရတယ်လို့ ပြောလို့ရပါတယ်။ ဝင်ငွေမရှိတဲ့အခါ ကျန်းမာအရေး အတွက်လည်း အခက်အခဲ ရှိသွားတာ ပေါ့။ တချို့ စစ်ရှောင်စခန်းတွေဆို မြို့နဲ့ အရမ်းအလှမ်းဝေးတယ်။ အလှမ်းဝေးတဲ့အခါ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူး။ နောက် ဆေးကုသမှု ခံယူဖို့အတွက် ငွေရေးကြေးရေး မတတ်နိုင်တဲ့ဟာတွေရှိတယ်။ အဲဒါကြောင့် ကျန်းမာအရေးအတွက် အခက်အခဲလည်းရှိတယ်။ မိုးတွင်းကြရင် မြေပြိုတာတို့၊ လမ်းပိတ်တာတို့ ကြုံရတယ်။ အလုပ်အကိုင်က မိုးတွင်းကြရင် ပိုပြီးရှားပါးတဲ့ အခါကြတော့ စားဝတ်နေရေးအတွက် အရမ်းပဲ အခက်အခဲရှိတယ်” ဟု ပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် မြန်မာတိုက်ပွဲရှောင်များ အခက်အခဲဖြစ်နေစဉ်
ယခုမိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒင်းနှင့် ကာကီရွာ ရှိ ပလက်ဝတိုက်ပွဲရှောင်အချို့၏ နေအိမ်များ နစ်မြှုပ်ပျက်စီခဲ့ကြောင်း သိရသည်။
အိန္ဒိယအစိုးရ၏ မှတ်တမ်းများအရ မီဇိုရမ်ပြည်တွင် ခိုလှုံနေထိုင်နေသည့် မြန်မာဒုက္ခသည်ပေါင်း ၃၃,၀၂၃ ဦးရှိပြီး ၎င်းတို့အနက် ကလေးငယ် ၁၂,၆၆၁ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်မှ တိုက်ပွဲရှောင်လာကြသည့် ဒုက္ခသည် အများစုမှာ မီဇိုလူမျိုးနှင့် လူမျိုးစု ဆက်နွှယ်သည့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ ချင်းလူမျိုးများ ဖြစ်သည်။
နယ်စပ်လုံခြုံရေးများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရဘက်မှ တစ်ခါတစ်ရံ တင်းကြပ်မှုများရှိတတ်ကြောင်း၊ ကူညီထောက်ပံ့ပေးမှုများ မရှိခြင်းမှလွဲ၍ ကျန်သည့်အရာများမှာ လွတ်လပ်စွာရှိကြောင်း ပလက်ဝကောင်စီ၊ လူသားချင်းစာနာကူညီရေးဌာနမှူး ဆလိုင်းစိုးသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တင်းကြပ်တာတို့ကတော့ နယ်စပ်တို့ဘာတို့မှာ တစ်ခါတစ်လေကြရင် လုံခြုံရေး အခြေအနေအရ တင်းကြပ်တာတို့ ဘာတို့ရှိတယ်။ အဲဒီအချိန်ကြရင် တချို့က refugee ကဒ် ထုတ်ပေးထားတာတွေရှိတယ်။ အဲဒီအထောက် အထားလေးနဲ့ သွားရတဲ့ဟာတွေရှိတယ်။ အဲဒီလိုမရှိဘူးဆိုရင်လည်း အာဏာပိုင်ရဲ့ အုပ်ချုပ်ရေးမှူး ရဲ့ ထောက်ခံစာနဲ့ သွားလာရတဲ့ အပိုင်းတွေလည်း ရှိတယ်။ ပုံမှန်တော့ မဟုတ်ဘူးပေါ့။ သူတို့ရဲ့ လုံခြုံရေးအရ တစ်ခါတစ်လေ တင်းကြပ်ရတဲ့ အချိန်တွေကြရင် အဲဒီလိုမျိုးတွေရှိတယ်။ ကျန်တဲ့အပိုင်းတွေမှာ ကူညီထောက်ပံ့ ပေးမှုကလွဲရင် ကျန်တဲ့အားလုံးကတော့ လွတ်လွတ်လပ်လပ်လို့ ယူဆပါတယ်၊ များသောအားဖြင့် ကျေးရွာတွေမှာ ဆိုရင် တောင်ယာခင်း၊ ဥယျာဉ်ခင်းတွေရှိမယ်။ နောက် အိမ်ဆောက်တာတို့ ဘာတို့မှာ ပန်းရံတို့ဘာတို့ အဲဒီလိုမျိုး ပုံမှန် မဟုတ်ဘူးပေါ့ နေ့စားလုပ်ကြတယ်။ တချို့ဆို ကျနော်တို့ဘက်က ချင်းဘက်ကဆိုရင် တောင်ယာနဲ့မစိမ်းတဲ့ အခါကြတော့ မြေကွက်ရရင် သူတို့ခွင့်ပြုပေးတဲ့ မြေကွက်လေးမှာ သီးနှံလေးတွေစိုက်တယ်။ အနည်းစု လုပ်တယ် အများစုအတွက်တော့ မြေကွက် မရနိုင်ဘူးပေါ့။ တစ်ခါတစ်လေ အကူအညီပေးတဲ့လူတွေရဲ့ ဟာတွေကို ခြွေတာ ပြီးမှပဲ နေရတဲ့အနေအထားပေါ့။ ပုံမှန်အလုပ်လည်း မရှိပါဘူး” ဟု ပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်းက မြန်မာတိုက်ပွဲရှောင်စခန်းကို တွေ့ရစဉ်
အဆိုပါ ချင်းလူမျိုးများထဲတွင် ပလက်ဝနှင့် ထန်တလန်တို့မှ အများဆုံးဖြစ်ကြကြောင်း၊ ထို့ပြင် တိုက်ပွဲရှောင်များ၌ ရခိုင်နှင့် ဗမာလူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။
ထိုချင်းလူမျိုးများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီးကတည်းက မီဇိုရမ် ပြည်နယ်၌ ခိုလှုံနေထိုင်ခဲ့သူများဖြစ်ကာ ယခုနောက်ပိုင်းတွင် ပလက်ဝဘက်မှ တိုက်ပွဲရှောင်များ ပိုမိုတိုးလာ ကြောင်း သိရသည်။
လက်ရှိတွင် ပလက်ဝမှ မီဇိုရမ်ပြည်နယ်သို့ တိုက်ပွဲရှောင်လာသူ ဦးရေမှာ ၄၀၀၀ ကျော်ခန့် ရှိပြီဖြစ်ကြောင်း ပလက်ဝကောင်စီ၊ လူသားချင်းစာနာကူညီရေး၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယနိုင်ငံ ဗဟိုအစိုးရအဖွဲ့မှ နိုင်ငံထဲသို့ တရားမဝင် ကျုးကျော်ဝင်ရောက်သည့် သူများ အား ဖမ်းဆီးပြီး ၎င်းတို့ ဝင်ရောက်ခဲ့ရာ လမ်းကြောင်းအတိုင်း နယ်နှင်မောင်းထုတ်ရမည်ဟု အမိန့်ထုတ်ပြန်ထား သည်။
အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးတွင်လည်း တရားမဝင် ကျူးကျော်ဝင်ရောက်သူများအား ထိန်းသိမ်း ထားရန် အကျဉ်းစခန်း အလုံအလောက် ဆောက်ထားကြရန်လည်း ကြေညာချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 528
CNI News
၂၀၂၅ ခုနှစ်၊ ဇွန် ၄
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့များ အများအပြားရှိသဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခနှင့်နယ်မြေလုမှုများ ယခုထက် ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပွားလာကြသလို နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများလည်း ပို၍ များပြား လာသည်။
SSPP/SSA နှင့် MNDAA တို့ကြားလည်းကောင်း၊ KIO/KIA နှင့် TNLA တို့ကြားလည်းကောင်း၊ SSPP/SSA နှင့် TNLA တို့ကြားလည်းကောင်း၊ MNDAA နှင့် TNLA တို့ကြားလည်းကောင်း စသဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်း ပဋိပက္ခများရှိသည့်အပြင် တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသည်။
ယခုကဲ့သို့ တပ်ဖွဲ့များအကြား အသေးအမွှားကိစ္စများမှာ ဆက်တိုက်ရှိလာနေမှာဖြစ်ပြီး အဖွဲ့အသီးသီးအနေဖြင့် ပြဿနာဖြစ်လာပါက စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းရန် ပေါ်လစီ ချမှတ်ထားသောကြောင့် ကြီးမားလာနိုင်ဖွယ် မရှိကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တိုက်ပွဲ အသေးအမွှားတွေပါ။ သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ချင်း ဟိုဘက်ဒီဘက် ကပ်နေရင် ဒီလိုပဲ ပြဿနာတွေ ဖြစ်တတ်တယ်။ ကျမတို့ ပန်ဆန်းမှာ နေတုန်းကလည်း ကျမတို့ ကွန်မြူနစ်တပ် အချင်းချင်းတောင် စကားများတာ၊ ပစ်တာခတ်တာတွေရှိတယ်။ သေတာကြေတာအထိတော့ မရောက်ဘူးပေါ့။ မိုးပေါ်ထောင်ပစ်ဘာပစ် ဒါမျိုးတွေ ရှိတတ်တယ်။ အခုကျမ ကြားနေတာတော့ သက်ဆိုင်ရာ အဖွဲ့တွေက တတ်နိုင်သမျှ စားပွဲပေါ်မှာ ဆွေးနွေးကြဖို့ အမြဲတမ်းပြောနေတာပဲလေ။ သိပ်ကြီးကျယ်လာနိုင်မယ် လို့တော့ မထင်ဘူး။ အသေးအမွှားလေးတွေကတော့ တောက်လျှောက်ရှိမှာပဲ။ တအာင်းနဲ့ KIA တို့လည်း ဖြစ်နေ တာပဲ။ KIA နဲ့ SSA တို့လည်း ဖြစ်နေတာပဲ။ ဒီဟာတွေကတော့ ရှေ့လျှောက် ကြပ်လာနိုင်စရာတွေ ရှိပါတယ်။ အသေးအမွှားတွေပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
MNDAA ကို တွေ့ရစဉ်
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားလာသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့အကြား ဇွန်လ ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြသေးသည်။
ထိုတိုက်ပွဲအတွင်း MNDAA ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် လပိုင်းက MNDAA နှင့် SSPP တို့အကြား စစ်ရေးတင်းမာမှုကို နှစ်ဖက် ဗဟိုအဆင့် ခေါင်းဆောင်များမှ ပန်ဆန်းမြို့တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း MNDAA ဘက်မှ နယ်မြေတောင်းမှုကြောင့် ပြေလည်မှုမရခဲ့ကြ ကြောင်း သိရသည်။
TNLA အနေဖြင့်လည်း မဟာမိတ် KIA နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်၌ ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှုများအပေါ် တွေ့ဆုံ ဆွေးနွေး ဖြေရှင်းမှုများရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသသည် တောင်ပိုင်းဒေသထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ပိုမိုပေါများ ကာ လူမျိုးလည်း များပြားသဖြင့် ပဋိပက္ခမှာ တောင်ပိုင်းဒေသထက် ပိုမိုတွေ့ရသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
UWSA-NDAA-SSPP ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ရှမ်းပြည်ရဲ့ ဖွဲ့စည်းပုံကလည်း လွတ်လပ်ရေး မရခင်ကတည်းက ဖက်ဒရယ် state ၊ စော်ဘွား ၃၃ မျိုးနဲ့ နယ် ၃၃ နယ်ကိုခွဲပြီး အုပ်ချုပ်လာတဲ့ စနစ်ရှိတယ်။ ဒီဟာမျိုးကို ဘယ်ပုံစံမျိုးနဲ့ ပြန်လည် အသက်သွင်းမလဲ ဆိုတဲ့ ဟာမျိုးပေါ့။ အဲဒီဘက်မှာက ပြည်သူ့စစ်တွေ နေရာတိုင်း၊ မြို့တိုင်း၊ ရွာတိုင်းမှာ ပြည်သူ့စစ်တွေဖွဲ့ပြီး အပိုင်စားတွေနဲ့စီးပွားရေး လုပ်ကြတာတွေရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာ ရှမ်းပြည်ထဲမှာပဲ စုနေ တာ။ တစ်နည်းအားဖြင့်ပြောရင် ရှမ်းပြည်ကို အစိတ်စိတ်အပိုင်းပိုင်း ဥပဒေအရကိုက ပိုင်းခြားပေးထားတယ်ဆိုတဲ့ ဟာမျိုးတွေ ဖြစ်လာတယ်။ အဲဒါတွေကြောင့် ဒီလိုပြဿနာတွေကို မီးမွှေးပေးထားတာဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အဲဒီမှာများနေတာဖြစ်ပါတယ်” ဟု ပြော သည်။
ရှမ်းပြည်နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက် တစ် အစည်းအရုံး(LDU)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PDFs)များ စသည့် လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံရှိနေသည်။
အလားတူ မြန်မာ့တပ်မတော်၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့(ပသစ)၊ ပျူစောထီး(ပစထ)၊ နယ်ခြားစောင့် တပ်ဖွဲ့(BGF) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 643
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကို ကြေညာလိုက်ခြင်းသည် ၎င်း၏နိုင်ငံရေးအရ “ဝ” ကို ချနင်းသည့် သဘောဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုကို တိုက်ဖျက်မည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကြေညာခဲ့သည်။
ထိုင်းနိုင်ငံအတွင်း၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထောက်ခံမှု ကျဆင်းနေမှုအား ယခုကဲ့သို့ “ဝ”ကို မူးယစ် ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကြေညာခြင်းဖြင့် ထောက်ခံမှုရရှိရန် ပြန်လည်ကြိုးစားသည့်သဘော ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ NCA-S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းမှာ သူ့ရဲ့ထောက်ခံမှု ကျနေတယ်။ ကျနေတဲ့အခါကြတော့ သူ့ရဲ့ ဟိုးအရင် ထောင်ကျရမယ့်ဟာကို ရဲဆေးရုံမှာ အေးဆေးသွားနေရတဲ့ ထောက်ခံစာတွေ ဘာတွေလိုက်တော့ သူနဲ့မတည့်တာက သူ့ကိုအာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေပေါ့။ ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ အဖွဲ့တွေနဲ့ က မတည့်ကြဘူး။ မတည့်ကြတော့ အင်အားပြိုင်ဆိုင်မှု ဖြစ်လာတာပေါ့။ သူ့သမီးဝန်ကြီးချုပ် ဖြစ်တုန်းမှာ ထိုင်း စစ်ဗိုလ်တွေ၊ ထိုင်းတပ်တွေ မလုပ်နိုင်တဲ့ဟာကို တိုင်းပြည်အန္တရာယ်ရှိနေတယ်။ ဒါကို ထိုင်းတပ်တွေကမလုပ်ဘူး၊ ထိုင်းတပ်တွေက နားလည်မှု ရှိနေတယ်ဆိုပြီးတော့ ထိုင်းတပ်တွေကို local politics ပေါ့ ကိုယ့်ရဲ့ အတွင်းနိုင်ငံရေး အရ “ဝ” ကို ချနင်းမယ့်သဘောပါ။ အဲဒါကြောင့် သူက အဲဒါတွေကို လျှောက်ပြောပြီးတော့ “ဝ” ကို တိုက်မယ်ပြု မယ်၊ ရန်ရှာမယ်ပြောတာက သူ့ကိုထောက်ခံမှုရအောင် ပြန်ကြိုးစားလာတဲ့ သဘောပါတယ်။ နောက်တစ်ဖက် သူ့ရဲ့ အတိုက်အခံ ဗိုလ်ချုပ်ဟောင်းတွေ၊ ဗိုလ်ချုပ်တွေကိုလည်း နင်တို့မလုပ်ဘူး ဟုတ်လားဆိုတဲ့ဟာမျိုး challenge ခေါ်တာမျိုးဖြစ်နေတယ်။ “ဝ” က သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးရဲ့ ရိုက်ခတ်မှုကို “ဝ” က ခံရတာပေါ့။ “ဝ” အဖွဲ့အစည်း အနေနဲ့ကတော့ မူဝါဒက ရှင်းရှင်း ရှိပြီးသားဖြစ်တာကို တချို့ပြဿနာတွေက “ဝ” အဖွဲ့အစည်းနဲ့ တိုက်ရိုက် ဆိုင်၊ မဆိုင်ဆိုတာ ပြောစရာရှိတာပေါ့” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုတွေ့ရစဉ်
UWSA သည် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုအတွက် တာဝန်ရှိသည်ဟု ဝန်ကြီးချုပ် ဟောင်း သက်ဆင်က စွပ်စွဲခဲ့ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် UWSA ကို နှိမ်နှင်းရန် မြန်မာနှင့် မကြာမီ အစီအမံများ ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်
ထို့ပြင် သက်ဆင်သည် မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုဝန်ကြီးချုပ်တို့ဖြင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း ကြွားဝါခဲ့ပြီး ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး တင်ပို့မှုရပ်တန့်ရန် ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ရှာဖွေနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကာ လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်သည် အစိုးရ၏ ထိန်းချုပ်မှု ကင်းမဲ့နေကြောင်း သက်ဆင်က ထောက်ပြခဲ့သည်။
သက်ဆင်၏ ယခုကဲ့သို့ တုံ့ပြန်မှုသည် ၎င်းတို့မှာရှိနေသည့် ပြည်တွင်းပြဿနာများကို အာရုံလွှဲစေရန် “ဝ” ကို မူးယစ်ဆေးဝါး ကိစ္စနှင့်ပတ်သက်၍ ခြိမ်းခြောက်ပြောဆိုမှု လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
“ဝ”တပ်ဖွဲ့ UWSA ခေါင်းဆောင်ကိုတွေ့ရစဉ်
၎င်းက “ကျမ ကြည့်တာလေ တချို့ကိစ္စတွေဘာတွေမှာ သက်ဆင်တို့က ပြည်တွင်းက ပြဿနာတွေကို အာရုံလွှဲ ဖို့များ လုပ်သလားမသိဘူး။ သူတို့ “ဝ”ကို အခုမှ တိုက်ဖို့ခြိမ်းခြောက်တာ မဟုတ်ဘူး။ တိုက်ဖူးတယ် အရင်တုန်း ကတည်းက။ “ဝ”တွေ ထိုင်းနယ်စပ်ကို ရောက်သွားတဲ့အတွက် တိုက်ဖူးတာပဲ။ သူတို့တပ် ဘယ်လိုခံခဲ့ရလဲ သိတာ ပဲ။ အခုခြိမ်းခြောက်ရုံ ခြိမ်းခြောက်တာ။ သူ့ပြည်တွင်းမှာ သက်ဆင်တို့ကိုလည်း တော်တော် မကြိုက်ကြတာတွေ ရှိတယ်လေ ကြည့်ရတာ ထိုင်းပြည်တွင်း နိုင်ငံရေးအရလေ။ သူတို့ကလည်း အဲဒါကို တော်တော်ကောင်းမွန်အောင်၊ တော်တော်ခိုင်မာအောင် လုပ်နေရတာ။ အဲဒီမှာ လူတွေရဲ့အာရုံကို လွှဲဖို့အတွက် မူးယစ်ဆေးဝါးကိစ္စ ဘက်လှည့်ပြီး တော့ “ဝ” ကိုပြောတာပါ။ မတိုက်ပါဘူး” ဟု ပြောသည်။
သက်ဆင်သည် ၂၀၀၃ ခုနှစ်ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ ကြေညာခဲ့ဖူးကာ ထိုစစ်ဆင်ရေးအတွင်း ဥပဒေမဲ့သတ်ဖြတ်မှု ၂၈၀၀ ကျော်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင်လည်း မူးယစ်စစ်ပွဲသစ် ထပ်မံ ကြေညာခဲ့သည်။
သက်ဆင်က မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ရှာဖွေရန်အတွက် လူအုပ်စုလိုက် စစ်ဆေးမှုများ ပြုလုပ်ခွင့် ရရှိရန် ၎င်း၏သမီးဖြစ်သူ လက်ရှိဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ပေတုန်တန်ထံမှ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းသွားမည်ဟုလည်း ပြောဆိုထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 381
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး သူ၏ သဘောထားများကို ထုတ်ဖော် ပြောကြားထားသည်။
အဆိုပါ ပြောစကားများအနက် တချို့သော စကားများကို စုစည်း၍ အပိုင်းလိုက် CNI သတင်းဌာနက ထုတ်နုတ် ဖော်ပြလိုက်ပါသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 835
CNI News
၂၀၂၅ ခုနှစ်၊ မေ ၃၀
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များကို မည်ကဲ့သို့သော နိုင်ငံရေး အဆင့်အတန်းမျိုးကို ပေးသင့်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။
နှစ် ၇၀ ကျော်ကြာ မြန်မာ့နိုင်ငံရေးတွင် ခေတ်အဆက်ဆက် အာဏာပိုင်များမှ လက်ဝါးကြီးအုပ်လာကြခြင်း ဖြစ်ပြီး ပင်လုံစာချုပ်ကို ဖောက်ဖျက်ခဲ့သည်မှာလည်း မှန်ကန်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် တိုင်းရင်းသားများအား လက်ရှိအနေအထားထက် နိုင်ငံရေးအဆင့်အတန်းကို တိုးမြင့်ပေးရမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ဘာသာစာပေ ယဉ်ကျေးမှုများကိုလည်း လွတ်လပ်ခွင့်ပေးသင့်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ဒါကြောင့် တိုင်းရင်းသားတွေက မကျေနပ်တာပါ။ ကျနော်တို့က “ဝ” လိုပုံစံမျိုးတော့ ပေးလို့မရဘူး။ ဒါပေမယ့် ကျနော်တို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားမျိုး လက်ရှိ အနေအထားထက်တော့ တိုးမြင့်ပေးရမယ်။ သူတို့ရဲ့ ဘာသာစာပေတွေကို လွတ်လပ်ခွင့်ပေးရမယ်။ တရုတ်ကျင့်သုံးနေသလိုပေါ့။ culture independent ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်ခွင့်တော့ ပေးဖို့သင့်တယ်လို့ ပြောချင်တယ်။ “ဝ” လိုမျိုး စစ်တပ် ထောင်လို့မရဘူး။ နောက် တစ်ခုကတော့ ပြည်နယ်အတွင်းမှာဖြစ်တဲ့ ပြဿနာတွေက ပြည်ထောင်စုကို မထိခိုက် ဘူးဆိုရင် ပြည်နယ်ထဲမှာပဲ ဆုံးဖြတ်ခွင့်ပေးရမယ်။ နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေပေါ့။ ပြည်နယ်ဝန်ကြီး ချုပ်ပေါ့။ အဲဒီစကားကတော့ ကျနော်က မကြိုက်ဘူး။ ပြည်သူ့လွှတ်တော်ထဲ ရောက်လာရင် အဲဒါတွေပြင်မှာပေါ့။ ပြည်နယ်အုပ်ချုပ်ရေးမှူးပေါ့။ ဒီပြည်နယ်အုပ်ချုပ်ရေးမှူးတွေမှာ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့် ပေးတာမျိုးအထိ။ အထွေထွေအုပ်ချုပ်ရေးမှာ သူတို့ဘာသာသူတို့ ဆုံးဖြတ်နိုင်တဲ့ ရုံးအဖွဲ့နဲ့ ဆိုတာမျိုးအထိကို ကျနော်တို့က ဖြစ်သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
UWSA နဲ့ NDAA ခေါင်းဆောင်များကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ရောက်သည့်အခါမှာ အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တို့ အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ကြသလို ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA ကို အပြီးသတ် နှစ်ဖက်သဘောတူ ရေးဆွဲနိုင်ခဲ့ကြသည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့ဖြစ်သည့် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ NCA လက်မှတ်ရေးထိုးခဲ့ကြပြီး NLD အစိုးရ လက်ထက်၌ NMSP နှင့် LDU တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။
လက်ရှိ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဘက်ပေါင်းစုံမှ အသာစီးရရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးအဆင့်အတန်းသည် ယခင်ထက် ပိုမိုမြင့်မားသည့် လိုလားချက်၊ တောင်းဆို ချက်များ ရှိလာသည်ကို အပြစ်ပြော၍ မရကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “အဲဒီအချိန်တုန်းက ကျနော်တို့ အားလုံးရဲ့ အာသီသ၊ စိတ်ဆန္ဒထဲမှာကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီရဲ့ အမျိုးသားတန်းတူညီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်ရေး အာမခံချက်ရှိတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ နဂိုတည်းက အတူတူ နားလည်မှုတွေ ရှိခဲ့တယ်။ အတူတူ အာသီသတွေရှိခဲ့တယ်။ သို့သော် ဒီ ၄ နှစ်ကျော်ကြာ အခင်းအကျင်းမှာ ဖြစ်ပေါ် လာတဲ့ ကျနော်တို့ နိုင်ငံရဲ့ အခင်းအကျင်းတောင် တိုင်းရင်းသားတွေ ကြားထဲမှာလည်း နောက်ထပ် အခြေအနေ အရ လိုလားမှုတွေ၊ တောင်းဆိုမှုတွေက ရှိကောင်းရှိလာနိုင်တယ်။ ဒါ လက်ခံပေးရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ဟိုးအရင်ကတည်းက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အတူတူ နားလည်မှုရှိခဲ့ရဲ့ သားနဲ့ ဒီပုံမှန်အနေအထား မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း ၄ နှစ်ကျော်ကြောင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း စဉ်းစားချက်တွေက အသစ်အသစ်တွေ ပေါ်ထွက်လာတာကိုလည်း အပြစ်ပြောလို့တော့ မရပါဘူး။ အကြောင်းတရားရှိလို့ အကျိုးတရား ဖြစ်ပေါ်လာတာကြောင့် ပြည်ထောင်စု အကျိုးကို ရှေးရှုပြီးတော့ အကုန်လုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်လာနိုင်မယ်ဆိုရင် ဒီနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ အကိုက်အညီဆုံး အနေအထားတစ်ခုကို ပြန်လည်ပြီး ဖော်ဆောင်လို့ရနိုင်မယ်လို့ အဲဒီလိုပဲ ယုံကြည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တော်လှန်ရေး ဆင်နွှဲနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုသည် “ဝ” ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းမျိုးကို လိုချင်ကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သို့သော် “ဝ” ကဲ့သို့သော နိုင်ငံရေး အဆင့်အတန်းမျိုးအား ၎င်းတို့ကို ခွင့်ပြုပေးလိုက်ရန်မှာ မြေပြင် အနေအထား နှင့် သမိုင်းကြောင်းများအရ မဖြစ်နိုင်ကြောင်းလည်း ထောက်ပြကြသည်။