- By CNI
- Category: နိုင်ငံရေး
- Hits: 425
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲ ကျင်းပမည့် နေရာများ အားလုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုသည်ဟု နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံစဥ် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲ ကျင်းပမည့် ရောများအားလုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများ ပြုလုပ်၍ မရနိုင်သည့် မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်”ဟု ပြောသည်။
ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစနစ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင် အောင် ဆောင်ရွက်သွားရမည့် လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှီသူများ အနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လို ကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန်ကန်အောင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ ပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန် ပင်ဖြစ်သည်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲအနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးကိုသာ လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
တခြား တစ်ဖက်မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတချို့၊ NUG နှင့် နွေဦးတော်လှန်ရေး အင်အားစုများက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ကြေညာထားသလို ရွေး ကောက်ပွဲ ပူးပေါင်းပါဝင်သူများကိုလည်း ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 537
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသစ် တစ်ရပ်အနေဖြင့် မည်သည့် မူဝါဒများကို ဖြေလျှော့သွားသင့်သလဲ ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ဆွေးနွေးလျက်ရှိနေသည်။
ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရသည် လူမှုဘဝ ပြန်လည်ထူထောင်ရာတွင် နိုင်ငံရေး တည်ငြိမ်မှုရှိရန် လိုအပ်သည့်အတွက် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဦးစားပေး လုပ်ဆောင်သွားသင့်သလို အမျိုးသားညီညွတ်ရေး အစိုးရ အသွင်သဏ္ဍာန်မျိုး ဖွဲ့စည်းပါက နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေး ပါတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ထွန်းလာမည့် အစိုးရသစ် တစ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ အရေးကြီးသည့် ပုဒ်မများအား ညှိနှိုင်းပြင်ဆင်ခြင်း၊ NCA မထိုးထားသည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး ညှိနှိုင်းဆွေးနွေးခြင်းများ လုပ်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(ANP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာမယ့် အစိုးရသည် အသွင်မတူတဲ့ အသွင်ကူးပြောင်းတဲ့ အစိုးရပေါ့၊ အမျိုးသားညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ ဘက်ပေါင်းစုံ ကျနော်တို့ သုံးသပ်တာက မတူကွဲပြားတာတွေကို စုဖွဲ့ထားတဲ့ ပျော့ပြောင်းသလို သံတမန်ရေးအားဖြင့် ပျော့ပြောင်းသလို ခိုင်မာအားကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ထွန်း ပုံဖော် လာနိုင်တာပေါ့။ အဲသလိုပဲ ခုနကကဏ္ဍပေါ့၊ အမျိုးသားညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးသိန်းစိန် ခေတ်ကထက် နှစ်ဆလောက် ပိုမိုကြိုးစားပြီးမှ ခုနလို ပြည်တွင်းစစ် ရပ်စဲအောင် ၅ နှစ်ကာလမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ပုဒ်မတွေ ညှိနှိုင်း ပြင်ဆင်တာမျိုး လက်နက်ကိုင်ပဋိပက္ခမှာ ထည်ထည်ဝင်ဝင် ပါနေကြတဲ့ NCA မထိုးထားတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆွေးနွေးတိုင်ပင်တာမျိုး ညှိနှိုင်းတာမျိုးပေါ့။ လိုအပ်တဲ့ ပြုပြင်မှုမျိုးအထိ ရှေ့ဆက်သွားနိုင်တယ်။ အဲသလိုပဲ လက်ရှိကာလ အခင်းအကျင်း မှာ ပေါ်ထွန်းလာမယ့် အစိုးရဟာ ပြည်တွင်းစစ် သံသရာက ရုန်းထွက်သလိုပေါ့၊ အမျိုးသားညီညွတ်ရေးကို အခိုင် အမာ တည်ဆောက်သွားမယ့် လူထုကို သက်သေ တစ်ခုခု ပြနိုင်မယ်လို့ ထင်တယ်။ အဲဒီလို ပြနိုင်အောင်လည်း ကြိုးစားမယ့် အစိုးရမျိုး ဖြစ်ဖို့များတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရွေးကောက်ပွဲအလွန် အစိုးရသစ် တစ်ရပ်အား ပထမဦးဆုံး တိုက်တွန်းရမည့် ကိစ္စရပ်မှာ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးရရှိရေး စသည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမဦးဆုံး တိုက်တွန်းရမယ့် ကိစ္စတွေကတော့ ကျနော်တို့ ကုန်စျေးနှုန်း ကျဆင်းရေးပေါ့၊ နောက်ပြီး တော့ ကျနော်တို့က ဒီတိုင်းပြည်ရဲ့ကာကွယ်ရေး ကဏ္ဍပေါ့။ ကုန်စျေးနှုန်း ကျဆင်းရေး ဆိုတာကျတော့ Budget Policy တို့၊ အစိုးရရဲ့ Import/ Export Policy တို့ အကုန်လုံးကို ကျနော်တို့က ညှိနှိုင်းပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ ဒါတွေကတော့ အများကြီးပေါ့။ လက်ရှိ အစိုးရလည်း ကြိုးစားနေတာပဲပေါ့။ ဒါပေမယ့် ကုန်စျေးနှုန်း ကတော့ ကျမလာဘူးပေါ့နော်။ အဲ့အတွက် ကျနော်တို့ကတော့ အဲ့ကိစ္စကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လို ကိုင်တွယ်ရင် ရမလဲဆိုတာ Idea တော့ ရှိကြပါတယ်” ဟု ပြောသည်။
ထို့နောက် သွင်းကုန်ပို့ကုန် လုပ်ငန်းများ တင်းကြပ်နေသည့် မူဝါဒများ ဖြေလျှော့ပေးရန် လိုအပ်သလို ဗဟိုဘဏ်သို့ ၂၅ ရာခိုင်နှုန်းအား တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရောင်းပေးရမည့် မူဝါဒကို ဖျက်သိမ်းသင့်ကြောင်း စီးပွားရေးလုပ် ငန်းရှင်များက ထောက်ပြကြသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်းကောင်း ကျင်းပရန် စီစဥ်၍ နိုင်ငံတည်ငြိမ်အောင် ကြိုးပမ်းလျက်ရှိနေသည်။
ပြည်သူလူထုသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကို ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို တကယ် လုပ်ဆောင်မည့် ကိုယ်စားလှယ်လောင်းနှင့် နိုင်ငံရေးပါတီများကို ရွေးချယ်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက အကြံပြုကြသည်။
တစ်ဖက်တွင်လည်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး အင်အားစုများက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော်ထားသလို ရွေးကောက်ပွဲ ပူးပေါင်း ပါဝင်သူများကိုလည်း အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 467
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် အမျိုးသားရင်ကြားစေ့ရေးကို ကနဦး ဦးစားပေး လုပ်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက အကြံပြု ပြောကြားခဲ့ကြသည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင် ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၏ အာဆီယံအထူး ကိုယ်စားလှယ် မစ္စတာခစ်တခွန်နှင့် တွေ့ဆုံစဉ် ဇန်နဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရှိစေရေး တပ်မတော် အနေဖြင့် အခိုင်အမာ ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ မတိုင်မှီ ၅၀၅ (က) လို နိုင်ငံရေးအမှုနှင့်ပတ်သက်ပြီး လွတ်ငြိမ်းခွင့်ပေးတာကို တွေ့ရသည့်အတွက် ဒီမိုကရေစီ ရွေးကောက်ခံအစိုးရ ပေါ်လာလျှင် အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်လာနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ လက်နက်ကိုင်၊ တပ်မတော် ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “ဒီရွေးကောက်ပွဲဆိုတဲ့ အရွေ့တစ်ခုကို ဒါရွေးကောက်ပွဲ မရှိဘူးဆိုလို့ရှိရင် ဒါ ကျနော်တို့ နိုင်ငံရေးအရ ပဋိပက္ခတွေ အပေါ်မှာ စတင်ပြီးတော့ ရွေ့လျားမှုမရှိဘူးလို့ သုံးသပ်လို့ရတယ်။ ဒီရွေးကောက်ပွဲ အရှေ့မှာ ဘာဖြစ် သွားလဲဆိုတော့ ၅၀၅ (က) တွေပေါ့ဗျာ၊ နိုင်ငံရေးမှုပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ကျနော်တို့ တွေ့ရတယ်ပေါ့၊ ကနဦး ဒါ ဘာပဲပြောပြော နိုင်ငံရေးသမားတွေ အပေါ်မှာ ဖြေလျှော့မှုတစ်ခု ဖြစ်တယ် ပေါ့။ ဒါကလည်း ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီးတော့မှ အခင်းအကျင်း တစ်ခုဖြစ်တယ်၊ နောက်ဆက်တွဲ ရွေးကောက်ပွဲ အလွန်ပေါ့။ ဒီလိုနိုင်ငံရေး ဖြေလျှော့မှုတွေ ရှိတယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးကို ကွဲပြားနိုင်မှု အပေါ်မှာ သဘောထား ပျော့ပြောင်းတဲ့ ကိုင်တွယ်မှုတွေ ဒီမိုကရေစီ ရွေးကောက်ခံအစိုးရ ပေါ်လာလို့ရှိရင် ဒါ ပေါ် ပေါက် လာနိုင်တယ်လို့ ဒါ ကနဦး ကျနော် သုံးသပ်မိတယ်ပေါ့။ နိုင်ငံတကာက လက်ခံတဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခု ပြန်လည် ပေါ်ပေါက်လာနိုင်တယ်။ ရေရှည်မှာ ငြိမ်းချမ်းရေးပွဲတွေ ပြန်လည် အထမြောက် လာနိုင်တယ်၊ ရွေးကောက်ပွဲအလွန်မှာ တိုင်းရင်းသားတွေရယ် အစိုးရနဲ့ကြား ၊ နိုင်ငံရေးသမားတွေနဲ့ အစိုးရနဲ့ကြား ၊ နိုင်ငံရေး သမားတွေရော အစိုးရတွေရော အလွှာအသီးသီး၊ ပညာရှင် အသီးသီးရော တိုင်းရင်းသားတွေရော ပါဝင်ပြီးတော့ ဆွေးနွေးတဲ့ဟာက အခု ပဋိပက္ခဖြစ်နေတဲ့ ကာလမှာ ဆွေးနွေးမှုက သိပ်အရာ မရောက်ဘူးလို့ မြင်ပေမယ့် ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ တပ်မတော်နဲ့အစိုးရနဲ့ ကွဲပြားသွားမယ် ပေါ့။ အဲ့လိုကွဲပြား သွားတယ်ဆိုလို့ရှိရင် ဒီလိုမျိုး နိုင်ငံရေး အခင်းကျင်းတွေနဲ့ ကိုယ့်ရဲ့နိုင်ငံရေး ယူဆချက်တွေကို ဆွေးနွေးတဲ့အခါမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ရလဒ်ကောင်းတွေ ပိုပြီးတော့မှ ဖြစ်နေတဲ့ အခြေအနေတွေထက် ပိုပြီးတော့ သာလွန်လာနိုင်တဲ့အတွက် ကျနော်က အမျိုးသားရင်ကြားစေ့ရေးအတွက် ဒါက ကနဦး ခြေလမ်းတွေ ဖြစ်တယ်”ဟု ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေး တိမ်းရှောင်နေသောကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အမိန့်အမှတ် ၁၂/၂၀၂၅ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
မြန်မာ့နိုင်ငံရေးလောကတွင် အမျိုးသားရင်ကြားစေ့ရေးကို ပြီးခဲ့သည့် လက်ထက်များတွင် လုပ်ဆောင်ခဲ့ကြသော် လည်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာန သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ လက်နက်ကိုင်၊ တပ်မတော် ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “လက်နက်ကိုင်ပဋိပက္ခ မြင့်မားနေတဲ့ အချိန်မှာ ဒီသေကြေ ပျက်စီးမှုတွေကလည်းများတော့ နှစ်ဖက် စိတ်ခံစားမှုတွေကလည်း တော်တော် ပြင်းထန်တယ်။ အဲ့ဒီ အခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ရတာက သာမာန် အခြေအနေထက်တော့ ခက်ခဲတာအမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးမရှိပဲ တည်ငြိမ်ရေးမရှိပဲ။ ကျန်တဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့ ဘာတို့ဆိုတဲ့ကိစ္စလည်း မလွယ်ဘူး။ ဟိုဘယ်လောက်ပဲ ထိခိုက်ပျက်စီးမှုတွေ နာကျင်မှုတွေရှိရှိ ငြိမ်းချမ်းရေးကတော့ ဦးစားပေး လုပ်ရမယ်လို့ မြင်ပါတယ်။ အရင်ဆုံးတော့ ငြိမ်းချမ်းရေးပေါ့၊ အမျိုးသား ရင်ကြား စေ့ရေးဆိုတာက ဒါပြီးခဲ့တဲ့ လက်ထက်တွေမှာလည်း လုပ်ခဲ့ကြတာပဲ သို့သော် ဟိုအောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ အဲ့တာက ဘာလဲဆိုတော့ အဓိက အခက်အခဲ ဖြစ်နေတာက ပြီးခဲ့တဲ့ အစိုးရလက်ထက် နှစ်ဆက် မှာ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေကို ဆောင်ရွက်တာမှာ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်နိုင်ခဲ့ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလနောက်ဆုံးပတ်တွင်အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ခွင့် ရရှိရေး ဦးတည် ဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပ ခဲ့သော အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1801
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာ့တပ်မတော် အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ထိန်းညှိချင်ပါက ရှမ်းနီပြည်သူ့စစ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးသင့်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗန်းမောက်ဒေသ ကာကွယ်ရေးကတော့ ကျနော့် အမြင်ကတော့လေ ကျနော်တို့ ကချင်ပြည်နယ်မှာ KIA အနေနဲ့ ဆွေးနွေးညှိနှိုင်းမှု ရပြီဆိုရင်တော့ သူရဲ့မွေးထားတဲ့ ကလေးတွေလိုပဲလေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF တွေ တော်တော်များများကတော့ ဒီဘက်က KIA ကိုပဲ အဓိကကိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီဘက်က ငြိမ်းငြိမ်းချမ်း ချမ်း ဖြစ်သွားအောင် ဆိုရင်လည်း ရှမ်းနီဒေသမှာရှိတဲ့ ရှမ်းနီလူမျိုးတွေကို ရှမ်းနီလူမျိုးတွေကတော့ နိုင်ငံတော်ကို လည်း ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး။ နိုင်ငံတော်ပျက်ဆီးမယ့် အရေးကိုလည်း ဘယ်တော့မှ လုပ်ခဲ့ဖူးတဲ့ လူမျိုးမဟုတ်ဘူး။ အဲဒီအခါကြတော့ KIA ကို ထိန်းညှိချင်တယ်ဆိုရင် ရှမ်းနီလူမျိုးတွေက ပြည်သူ့စစ်ရှိမယ်၊ SNA ရှိမယ်။ အဲဒါလေးကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးမှ လုပ်ပေးခဲ့မယ်ဆိုရင် KIA ကို နိုင်ငံရေး၊ စစ်ရေးအရ တော့ အများကြီး ထိန်းညှိသွားနိုင်မယ်လို့ ကျနော်ပြောချင်တယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို KIA-PDF-ကတူး ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် မြို့နယ်ဆေးရုံ၊ ရဲစခန်း၊ ထွေအုပ်ရုံး အစရှိသည့် ဌာနဆိုင်ရာများကို ထိန်းချုပ်ထားဖြစ်သည်။

စစ်ကိုင်းတိုင်းထဲမှာ KIA ထိန်းချုပ်ထားတဲ့ မြို့တွေကို တွေ့ရစဉ်
ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားတပ်မတော်(SNA)တို့ ပြန်လည် ဝင်ရောက်လာလျက်ရှိကာ ဟိုတယ်များ ရှိသည့်နေရာအထိ SNA ဘက်မှ ပြန်လည်ရယူထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့များသည် တပ်ဆုတ်ကြရာတွင် အဆောက်အဦများကို မီးရှို့၍ တပ်ဆုတ်ကြသည့် အတွက် ဗန်းမောက်မြို့သည် ပြာပုံတစ်ခုသဖွယ် ဖြစ်တော့မည်ဟုလည်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံငြိမ်းချမ်းရေးအတွက် ရှမ်းနီလူမျိုးများအား လက်နက် တပ်ဆင်ပေးမည်ဆိုပါက အများ ကြီး အကျိုးရှိနိုင်ကြောင်း ၎င်းက ပြောသည်။
၎င်းက “အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ် အဲဒီလိုမျိုး။ ၉၄ ငြိမ်းချမ်းရေး မယူခင်ပေါ့။ ရှမ်းနီလူမျိုးတွေကို လက်နက်တပ်ဆင်ပေးတဲ့ အတိုင်းအတာလေးတွေ လုပ်ပြီးတော့မှ KIA နဲ့ ငြိမ်းချမ်းရေး စကားပြောတဲ့ အတိုင်း အတာလည်း ရှိခဲ့ဖူးတယ်ဆိုတဲ့ အခါကြတော့ ယနေ့အချိန်မှာ ရှမ်းနီတွေလည်း သူအင်အား ရှိသင့်သလောက် ရှိလာပြီ။ ဒါပေမယ့် လိုအပ်တာတော့ လက်နက်ပဲ။ နိုင်ငံတော်က ရှမ်းနီကို လက်နက်တပ်ဆင် ပေးမယ်ဆိုရင်တော့ နိုင်ငံငြိမ်းချမ်းရေးအတွက်ကို အများကြီး အကျိုးရှိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ရန်တိုက်ပေးတာတော့ မဟုတ်ဘူး။ နိုင်ငံငြိမ်းချမ်းရေး အတွက်ကတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော် ပြောချင်တယ်။ နိုင်ငံရေး ကတော့ ကျနော်တို့ သူတို့ကို စကားအများကြီး ပြောလို့ရပါတယ်။ လက်နက်က အပြည့်အစုံ ရှိသွားပြီဆိုရင် ပိုလို့ ပြောအားရှိတာပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းကနေ အနောက်မြောက်ဒေသတစ်လျှောက် ဆက်စပ်မှုကိုတွေ့ရစဉ်
လက်ရှိတွင် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည်ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ရှိသည်။
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်၊ ရွှေပြည်အေး၊ ခမ်း ပတ် စသည့် မြို့နယ်များကို KIA-PDF က ထိန်းချုပ်ထားပြီး ထိုမှတဆင့် ဟုမ္မလင်း၊ ကသာ၊ ဖောင်းပြင်၊ ထီးချိုင့်၊ ကောလင်း စသည့် မြို့များကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်လျက်ရှိနေသည်။
ဟုမ္မလင်းမြို့ကို ထိန်းချုပ်နိုင်ပါက KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တစ်ကြောလုံးကို ထိန်းချုပ်သွား နိုင်မည်ဖြစ်သလို ကသာမြို့အား ထိန်းချုပ်နိုင်ပါက ကောလင်း၊ ထီးချိုင့်၊ ကန့်ဘလူကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်း လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့နောက် KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြသည်။
SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်က အားမကောင်းခဲ့သော်လည်း ယခု မျက်မှောက်ခေတ်မှာတော့ အင်အားကြီးလာသလို နယ်မြေတော်တော်များများလည်း လှုပ်ရှားလာနေ နိုင်သည်ကို တွေ့ရသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
လက်ရှိတွင် SNA သည် တပ်မဟာ (၅)ခုကို ဖွဲ့စည်းထားသည်။ တပ်မဟာ ၇၅၃ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ရွှေပြည်အေးမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက် မင်းကင်းအစပ်ထိ လှုပ်ရှားသည်။
တပ်မဟာ ၉၇၂ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်- နမ့်တောစံပြကျေးရွာမှ ဥရုချောင်းတစ် လျှောက်၊ ဆယ်ဇင်း-ဖားကန့်၊ အင်းတော်ကြီးတစ်လျှောက်၊ ကားမိုင်းဒေသ စသည့် နယ်မြေများတွင် လှုပ်ရှား သည်။
တပ်မဟာ ၈၉၁ သည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၊ သောင်သွတ်၊ ချင်းတွင်းတစ်ဖက်ကမ်း သနန့်မြို့ သစ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ အိန္ဒိယနယ်စပ်တို့တွင် လှုပ်ရှားသည်။
တပ်မဟာ ၆၁၄ သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဝန်သိုအစပ်နှင့် အထက် ကချင်ပြည်နယ် သံလမ်းရိုးတစ်လျှောက် လှုပ်ရှားသည်။
တပ်မဟာ ၅၆၅ သည် ကချင်ပြည်နယ်၊ မိုးညှင်း-မိုးကောင်းနှင့် အင်းတော်ကြီးဒေသတို့မှာ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 523
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်မဲပေးမှု မည်သည့် အခြေအနေရှိသလဲ ဆိုသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အောက်ပါအတိုင်း CNI သတင်းဌာနသို့ ပြန်လည် ဖြေကြားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံတွင် လွှတ်တော်နှင့်အစိုးရသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားဖြစ် နိုင်ငံတော် အုပ်ချုပ်စီမံ လေ့ရှိသည့်အတွက် လွှတ်တော်သည် အစိုးရကို ထိန်းကျောင်းရန်လား သို့မဟုတ် ကာကွယ်ရန်လားဆိုသည့် မေး ခွန်းများ ထွက်ပေါ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
ထိုရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် မြန်မာ့ တပ်မတော်နှင့် USDP ပူးပေါင်း ဦးဆောင် မည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်သလို လွှတ်တော်ကိုလည်း တပ်မတော် နှင့် USDP က လွှတ်တော်အမတ် အများဆုံးဖြင့် ထိန်းကျောင်းသွားမည့် အခြေအနေရှိနေသည်။
ထို့ကြောင့် လွှတ်တော်သည် အစိုးရကို ထိန်းကျောင်းရန် တာဝန်အစား အစိုးရကို ကာကွယ်ပေးမည့် လွှတ်တော် ပုံစံဖြစ်လာမည်ကို အများစုက စိုးရိမ်နေကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်သည် အစိုးရနှင့် တစ်လုံးတည်း ဖြစ်နေသည့် ပုံစံမျိုးဖြင့်သွား လျှင် မပီပြင်သည့် အရွေ့ဖြစ်သွားနိုင်ကြောင်း၊ ထိုကိစ္စက စိုးရိမ်ရမည့် အချက်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာန သို့ ပြောသည်။

လွှတ်တော်နိုင်ငံရေးကို ကျောခိုင်းပြီး လက်နက်ကိုင်နိုင်ငံရေးကို ကူးပြောင်းသွားခဲ့သော ကွယ်လွန်သူ ရခိုင်လွှတ်တော်အမတ် ဦးဦးလှစောကို တွေ့ရစဉ်
၎င်းက “ဒီရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာတဲ့ အစိုးရက အာဏာတာဝန် ယူထားတဲ့လူက တစ်ဦးလက်ထဲ မှာပဲ ရှိသလိုဖြစ်တာပေါ့။ အာဏာကြီး သုံးရပ်လုံးက အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာရယ်၊ ဥပဒေပြု ရေး အာဏာက တစ်ဦးထဲ ဆုံးဖြတ်နေရသလို ဖြစ်တာပေါ့။ အကယ်၍ လွှတ်တော် ပေါ်ပေါက်လာမယ်ဆို ဥပဒေ ပြုရေးမဏ္ဍိုင်ကလည်း ပြန်လည်ရှင်သန်လာတဲ့ သဘောတရား ရှိသွားတာပေါ့။ အစိုးရကနေပြီးမှ သွားနေတဲ့ လမ်း ကြောင်းတွေပေါ်မှာ လွဲမှားမှုတွေရှိတယ်ဆိုလို့ရှိရင် ဒီလွှတ်တော် ကနေပြီးတော့မှ ထိန်းကျောင်းလို့ ကျနော်တို့ အရေးဆို လို့ ရနိုင်မှာပေါ့။ အရပ်သားတွေကို ပိုမို ကိုယ်စားပြုနိုင်တဲ့ သူတွေရောက်လာမယ်၊ တိုင်းရင်းသားတွေကို ကိုယ်စား ပြုခွင့်ရှိတဲ့သူတွေက အနိုင်ရရှိလာမယ်ဆိုရင် ဒီအသံတွေက ပိုမိုကျယ်လောင်လာမှာပေါ့။ လွှတ်တော်ထဲက အသံ က လူထုအသံဖြစ်တဲ့အတွက် အစိုးရကနေပြီးမှ တချို့ကိစ္စတွေမှာ ဇွတ်အတင်းလုပ်လို့ မရပဲနဲ့ ဒါညှိနှိုင်း ဆောင် ရွက်ပြီးမှ အဖြေရှာရမဲ့ကိစ္စတွေ ပေါ်ပေါက်လာမယ်ပေါ့။ ဒါပေမယ့် လွှတ်တော်ကြီးကလည်း အစိုးရနဲ့ တစ်လုံး တည်း ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားရင်တော့ ဒါကတော့ မပီပြင်တဲ့ အရွေ့ဖြစ်သွားမှာပေါ့။ ဒါကတော့ စိုးရိမ် ရမယ့် အချက်ပေါ့။ အစိုးရနဲ့ လွှတ်တော်နဲ့ ကျနော်တို့ ကွဲပြားဖို့လိုတယ်။ တာဝန်ပိုင်ခြားမှုတွေမှာ ကျနော်တို့ တိကျဖို့ လိုတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ ပေါ်ပေါက်ခဲ့သော အစိုးရနှင့်လွှတ်တော်များသည် အပြန်အလှန် အကာအကွယ်ပေးသည့် ပုံစံမျိုးပေါ်ပေါက်ခဲ့ကြခြင်းကြောင့် ဗမာ မဟုတ်သော လူမျိုးစုနိုင်ငံရေးပါတီများက လွှတ်တော်အမတ်များ၏ လွှတ်တော်အပေါ် စိတ်ပျက်မှုများ ကြုံတွေ့ခဲ့ ရသည်။
ထို့နောက် လွှတ်တော်ကို စိတ်ကုန်၍ ကျောခိုင်းကာ လက်နက်ကိုင် တော်လှန်ရေးကို ဝင်ရောက်သွားသည့် လွှတ်တော်အမတ်များပင် ရှိခဲ့သည်။
မြန်မာနိုင်ငံ၌ အစိုးရကို ကာကွယ်သည့် လွှတ်တော်မဖြစ်အောင် နိုင်ငံ့အကြီးအကဲများ နိုင်ငံရေးတွင် အမျှော် အမြင်ရှိသည့် နိုင်ငံရေးခေါင်းဆောင်များက ကြိုတင်ပြင်ဆင်ကြရန် လိုသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည် ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဝင်းမြင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တုန်းက တွေ့ရစဉ်
၎င်းက “အမှန်လွှတ်တော်ရဲ့ တာဝန်က သုံးခု အမှန်မှန်ရှိတာပေါ့။ လွှတ်တော်ရဲ့ တာဝန်ဆိုတာ ဥပဒေပြုရမယ်၊ အစိုးရကို ထိန်းကျောင်းရမယ်၊ ပြည်သူလူထုကို ကိုယ်စားပြုရမယ်ပေါ့။ အစိုးရကို ထိန်းကျောင်းဖို့ တာဝန်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဓိကကျတဲ့ တာဝန်တစ်ခုဖြစ်တယ်ပေါ့။ လွှတ်တော်က အစိုးရကို ကာကွယ်ဖို့ တော့ တာဝန်မရှိဘူး၊ ထိန်းကျောင်းဖို့ပဲ တာဝန်ရှိတာ။ အစိုးရကို ကာကွယ်တဲ့ အလုပ်ကို အစိုးရလုပ်လိမ့်မယ်၊ သူ့ ဝန်ကြီး ဌာနရှိတယ်၊ ပြန်ကြားရေးဝန်ကြီးဌာနတွေ ကာကွယ်လိမ့်မယ်။ လွှတ်တော် အနေနဲ့ကတော့ အစိုးရကို ထိန်းကျောင်းဖို့ပဲ တာဝန်ရှိတယ်။ ကာကွယ်ဖို့ တာဝန်မရှိဘူး။ အဲ့လို အစိုးရကို ကာကွယ်တဲ့ လွှတ်တော် မဖြစ် အောင်လည်းပဲ နိုင်ငံ့အကြီးအကဲတွေ နိုင်ငံရေးမှာ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ကြိုတင် ပြင်ဆင်ကြဖို့လိုတယ်။ အစိုးရကို ထိန်းကျောင်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူက ရွေးချယ် တင် မြှောက်ဖြစ်ဖို့ လိုတယ်။ ကိုယ်က ရွေးချယ်တင်မြှောက်ပြီးရင် အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်ကို စဉ်ဆက်မပြတ် ဆက်ပြီး ကြည့်ဖို့လိုတယ်၊ ကိုယ့်ကို ကိုယ်စား မပြုဘူးထင်ရင် သူ့ကို ပြန်ပြီး ထိန်းကျောင်းတာတွေ ပြည်သူလူထုက လုပ် သင့်တယ်။ ပြည်သူလူထုက ဆန္ဒပြလို့ရမယ် သူတို့က သက်ဆိုင်ရာ ပါတီတွေကို တိုင်လို့ရမယ်။ ဒီကိုယ်စားလှယ် မဟုတ်မမှန်တာ လုပ်လို့ရှိရင် ပြောရမယ်ပေါ့၊ ဒါမျိုးတွေတော့ ရှိသင့်တာပေါ့။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူကထပ်ပြီးထိန်းကျောင်းဖို့ လိုတယ်”ဟု ပြောသည်။
NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို အရေးပေါ် လွှတ်တော်ခေါ် ဖြေရှင်းပေးဖို့ တောင်းဆိုမှု များရှိခဲ့သော်လည်း လွှတ်တော်တွင် NLD ပါတီက အားကောင်းခဲ့သလို လွှတ်တော်ဥက္ကဋ္ဌများက လည်း NLD ပါတီဝင်ဖြစ်နေ၍ တောင်းဆိုမှုကို လစ်လျူရှုကာ အစိုးရအား ကာကွယ်ပေးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာ ရယူခဲ့သည်။
မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ ရယူပြီးနောက် လွှတ်တော်နိုင်ငံရေး ပျောက်ဆုံးကာ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စသည့် အာဏာ ၃ ရပ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးထံမှာ စုစည်း ထားခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများသည် ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်နိုင်ငံရေးကို ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 509
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲ အခင်းအကျင်းမျိုး ဖြစ်လာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ ရေး အကဲခတ်များကြား သုံးသပ်နေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၁) ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲအလွန် အစိုးရသစ် တစ်ရပ်ကိုတော့ တပ်မတော်နှင့် USDP ပါတီကသာ ဦးဆောင်ဖွဲ့စည်းလာနိုင် ခြင်းကြောင့် မည်သည့် အပြောင်းအလဲမှ မဖြစ်နိုင်ဘူးဆိုကာ ပြည်သူလူထု အများစု ယူဆထားကြပြီး ရွေးကောက် ပွဲအပေါ် စိတ်ဝင်စားမှု နည်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ပထမဆုံး ကွင်းဖွင့်ကစားပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲအလွန် ပေါ်ထွန်းလာသည့် လွှတ်တော်နှင့်အစိုးရသည်လည်း ညှိနှိုင်း တိုင်ပင်ပြီးမှ နိုင်ငံ့ အပြောင်းအလဲ ဖော်ဆောင်နိုင်ခြင်းဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(ANP)မှဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “၂၀၁၀ အခင်းအကျင်းထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် ရည်ရွယ်ချက်ပါတဲ့ ခြေလှမ်းဖြစ်နိုင်တယ်ပေါ့၊ တနည်းအားဖြင့် ပြုပြင်ပြောင်းလဲမှုနဲ့အတူ အသွင်ပြောင်းမှုတွေပါမယ်။ ၂၀၂၅ ရွေးကောက်ပွဲအလွန် အခင်း အကျင်းကလည်း ခုနလို အခင်းအကျင်းထက် ပိုပြီးတော့ ကျနော်တို့ သုံးသပ်ထားတာ။ ပါတီကြီး တစ်ခုတည်း သွားတာထက် အမျိုးသားညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေးကို ဇောက်ချလုပ်မယ့် နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ် သံသရာက ရုန်းထွက်တဲ့ ငြိမ်းချမ်းတဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကို ဦးတည်တဲ့ တစ်နည်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ခြေလှမ်းမှန် တည်ဆောက်သွားတဲ့ အနေ အထားကို သွားမယ့် ၂၀၂၅ လို့ ကျနော်တို့ကတော့ မျှော်မှန်းတာပေါ့၊ အဲဒီလို ဖြစ်ဖို့လည်း ယူဆယုံကြည်တာပေါ့” ဟု ပြောသည်။
လက်ရှိ ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများဖြင့် နှိုင်းယှဥ်လျှင် ငြိမ်ငြိမ်သက်သက် ဖြစ်နေကြောင်း၊ ပြည်သူလူထု မဲများများ လာပေးလျှင် ၂၀၁၀ အခင်းအကျင်းထက် ပိုနိုင်သည့် အနေအထားမျိုး မျှော်လင့်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ နီးလာလို့ရှိရင်လည်း အပြောင်းအလဲတွေတော့ ရှိနိုင်တယ်ပေါ့၊ အကယ်၍ ပြည်သူလူထုက မဲများများ ထွက်ပေးတယ်ဟေ့ ဆိုရင်တော့ အတိုက်အခံ အင်အားစု ထိုက်သင့်သလောက်နိုင်မယ်။ နိုင်မယ်ဆို လို့ရှိရင် ကျနော်တို့က ၂၀၁၀ ထက်ကို ပိုပြီးတော့မှ ပိုသာတဲ့ အခင်းအကျင်း တစ်ခုကို ကျနော်တို့ မျှော်လင့်လို့ ရနိုင်တယ်ပေါ့။ ၂၀၁၀ အခင်းအကျင်းကျတော့ ကျနော်တို့က တကယ်အရှေ့မှာ ဘာဖြစ်မှန်းကိုမသိဘူး။ ဒီလိုပဲ အပြောင်းအလဲ တစ်စုံတစ်ရာတော့ ရှိသွားနိုင်ကောင်းပါရဲ့ဆိုတဲ့ စိတ်ကူးနဲ့ပဲ ကျနော်တို့က ဝင်ခဲ့ရတာကို ဒီတစ်ခေါက်ကျတော့ ဘယ်လောက်ထိ ဖြစ်နိုင်တယ်။ ဘယ်လောက်ထိ မဖြစ်နိုင်ဘူးဆိုတဲ့ အခင်းအကျင်းကို ကျနော်တို့က တိတိကျကျ သိထားပြီးသားပေါ့နော်။ တိတိကျကျ သိထားပြီးသားဖြစ်တယ်။ ဘယ်လောက်ထိ ကျနော်တို့က သွားပြီးတော့မှ အဖြစ်နိုင်ဆုံးကိစ္စတွေကို ဘယ်လောက်ထိ တွန်းနိုင်မလဲဆိုတဲ့အပိုင်းကျတော့ အတိုက် အခံ အင်အားစုတွေ ဘယ်လောက်ထိ ရွေးကောက်ပွဲမှာ နိုင်သလဲဆိုတဲ့ အပေါ်မှာလည်း သွားပြီး ချိတ်ဆက်နေတာ ပေါ့လေ။ အဲ့တာနဲ့ မူတည်နေတဲ့ အခါကျတော့ ပြည်သူလူထု မဲများများ လာပေးမယ်ဆိုလို့ရှိရင် ၂၀၁၀ အခင်း အကျင်းထက် ပိုတဲ့ အနေအထားမျိုး ကျနော်တို့ တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းကို ဖြစ်စေမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ရွေးကောက်ပွဲအလွန် အစိုးရကို မြန်မာ့တပ်မတော်နှင့် USDP က ဦးဆောင်သည့် အစိုးရပုံစံဆိုသည့် တိုင် အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းပေါ်ပေါက်လာစေလိုကြောင်း ပြည်သူလူထုက ထောက်ပြကြသည်။
တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသည် ပြင်းထန် ကျယ်ပြန့်နေသော လက်နက်ကိုင်ပဋိပက္ခအတွင်း အုပ်ချုပ်ရေးယန္တရားကို အာဏာာသက်ရောက်အောင် မဖော်ဆောင်နိုင်ပါက တပ်မတော်ကို တဖန်ပြန်လည် အားကိုးရမည့် အခြေအနေ ရောက်ရှိနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာ့တပ်မတော် အနေဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အခင်းအကျင်းအပေါ် ပြန်လည် ပြင်ဆင် သည့် အနေဖြင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်လျှောက်ကာ လက်တွေ့ပြသနိုင်မှ လူထုယုံကြည်စိတ် ရှိလာမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲမှာ တက်လာမယ့်အစိုးရက အဓိကအားဖြင့် နိုင်ငံရေး အပြောင်းအလဲပေါ့။ ပြုပြင်ပြောင်းလဲ ရေးကို လုပ်ချင်စိတ် တကယ်ရှိတယ်ဆိုတာကို မဖော်ပြနိုင်ရင် ပြည်သူလူထုရဲ့ စိတ်ထဲမှာ ယုံကြည်မှု၊ ထောက်ခံမှု ကလည်း ရမှာမဟုတ်ဘူး။ ပြည်သူလူထု ထောက်ခံမှု ဘယ်လောက် အရေးကြီးသလဲဆိုတာကို ပြီးခဲ့တဲ့ ၂၀၁၂ ဦးသိန်းစိန် အစိုးရလက်ထက်က သမိုင်းမှာပြခဲ့ပြီးပြီ။ သိပ်အရေးကြီးတယ်။ ပြဿနာလေးတစ်ခုကိုပဲ ပြည်သူလူထု ထောက်ခံတဲ့ အစိုးရက လုပ်တာနဲ့ ပြည်သူလူထု မထောက်ခံတဲ့ အစိုးရက လုပ်တာနဲ့ မတူဘူး။ ပြည်သူလူထုရဲ့ တုန့်ပြန်တဲ့ သဘောထားက မတူဘူး။ ပြည်သူလူထု ထောက်ခံတဲ့အစိုးရက လျှပ်စစ်မီတာခတွေကို မဖြစ်သင့် လောက်အောင် နိမ့်နေတယ်။ အဲဒါတွေ တိုးမယ်ဆိုပြီး NLD အစိုးရလက်ထက်က လုပ်တဲ့အခါ ဘာမှ ပြဿနာမရှိ ဘူး။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ လုပ်တဲ့အခါကြတော့ ဆန္ဒပြပွဲတွေ၊ မကျေမနပ် ဆူပူတာတွေဖြစ် တယ်။ ဒါကသက်သေပဲ။ အခု လက်နက်ကိုင် တိုက်နေတယ်ဆိုတာကလည်း စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်း လိုက်လို့ဖြစ်တာ။ ဖြစ်တာဆိုတော့ သူက အဲဒါကို ပြင်ဆင်မယ်ဆိုရင် သူက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ကို ပြန်လျှောက်မှ၊ လျှောက်တယ်ဆိုတာကို လက်တွေ့ပြနိုင်မှ ပြည်သူလူထုက ယုံကြည် စိတ်ရှိလာမှာ” ဟု ပြော သည်။
လက်ရှိတွင် ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်ပြီး သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအတိုင်း အာဏာသုံးရပ်ကို ရယူနိုင် ကြောင်းလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူများက ယူဆနေကြသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ သို့မဟုတ် လက်ရှိဝန်ကြီးချုပ် ဦးညိုစောသည် သမ္မတဖြစ်နိုင်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက် ရယူထား နိုင်သည်ဆိုသည့် အချက်ကိုလည်း ၎င်းတို့က ယူဆနေကြသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် USDP ဥက္ကဋ္ဌ ဦးခင်ရီတို့ နှစ်ဦးလုံးသည် ဦးသိန်းစိန်ကဲ့သို့ သဘော ထား မပျော့ပြောင်းသကဲ့သို့ ပြုပြင်ပြောင်းလဲရေးကိုလည်း တက်ကြွစွာ လုပ်ဆောင်မည်ဟု မထင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ရှုမြင်နေကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ရွေးကောက်ပွဲအလွန် ကာလတွင် အာဏာအားလုံးကို တစ်ဦးတည်း ချုပ်ကိုင်ထားမည်ဆိုပါက လွှတ်တော်သည်လည်း ၎င်းလက်ခုပ်ထဲမှ ရေဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “အခု အနေအထားကတော့ အဲဒီတုန်းက ဒီကာလမှာဆိုရင် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘယ်သူက သမ္မတ တက်ဖြစ်မလဲ ဆိုတဲ့ကိစ္စက တော်တော်များများ ခန့်မှန်းပြီးသွားပြီ။ လက်တွေ့လည်း ဖြစ်လာတယ်။ ဦးသိန်းစိန် အစိုးရပေါ့။ ဒါပေမယ့် အခုရွေးကောက်ပွဲက တစ်လလောက်အလိုမှာ စစ်တပ်က ဦးစီးလုပ်တဲ့ ရွေးကောက်ပွဲက ဘယ်သူက သမ္မတတက်ဖြစ်မလဲဆိုတဲ့ဟာက ဘယ်သူမှမသိဘူး။ အများအားဖြင့် ခန့်မှန်း နေကြတာက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ပဲ နိုင်ငံတော်သမ္မတ တက်လုပ်မယ်၊ ကာချုပ်လည်း သူပဲယူမယ်၊ နောက်ပြီးတော့ ဝန်ကြီးချုပ်လည်း သူ့နေရာမှာပဲဆိုတော့ ဒါက တစ်ဦးတစ်ယောက် တည်းပေါ့။ ဦးသန်းရွှေ တုန်းကတောင် သူက ကိုယ်တိုင် ဝင်မကဘူးလေ။ အာဏာကို ချုပ်ကိုင်ထားပေမယ့် ဦးသိန်းစိန်ကို လွှဲပေးတယ်။ သူက တစ်ဘို့တည်း မင်းသားမလုပ်ဘူး။ ဒါပေမယ့် အခုအနေအထားကြတော့ တစ်ယောက်တည်းပဲ အကုန်လုံး ကိုင်မယ့် အနေအထားဆိုတော့ ဒါက တော်တော်လေး စိုးရိမ်တဲ့ အနေအထား ပေါ့နော်။ လေ့လာ သိရှိရသလောက်တော့။ ဒါကြောင့် လွှတ်တော်က ဘယ်လောက်ပဲ ပြောင်းလဲလာတယ်လို့ ပြောပြော အဓိက,ကတော့ စစ်ခေါင်းဆောင်ရဲ့ လက်ခုပ်ထဲက ရေပဲဆိုတော့ အဓိက,ကတော့ ဦးသိန်းစိန် ခေတ် တုန်းကလောက် ၅၀ ရာခိုင်နှုန်းလောက်တောင် ပြောင်းလဲလာပါ့မလား သုံးသပ်ချက်လည်း ရှိနေတယ်” ဟု ပြော သည်။
ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရ တက်လာမည့် ဆိုပါကလည်း လက်ရှိ ကျယ်ပြန့်နေသည့် လက်နက် ကိုင် ပဋိပက္ခများအကြား အုပ်ချုပ်ရေးယန္တရားကို ပုံမှန် ဆောင်ရွက် မကျင့်သုံးနိုင်ပါက တပ်မတော်ကို အာဏာ ပြန်အပ်သည့် အခင်းအကျင်း တစ်ဖန် ပြန်လည်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၌လည်း ကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးအပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 442
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံ ဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မှာ ၎င်းက ပြောသည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြား နိုင်ငံများ၏ ပုံစံကို ပုံတူ ကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏အနှစ်သာရဖြစ် သည့် အများဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ ဆန္ဒကိုလည်း အလေးထားရန် လိုအပ်ကြောင်း ၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်ပြီး ၎င်း၏ အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတ ဖြစ်မှုတို့ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးတယ်” ဟု ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မဖြစ်မနေ လုပ်ရမည့် လုပ်ငန်းစဉ် ဖြစ်ခြင်းကြောင့် ပြည်သူလူထု အများစု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပပေးသွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယခု ပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် ယခင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် မတူညီသည့် အချက် ၃ ချက် ရှိကြောင်း၊ ပထမအချက်မှာ အနိုင်ရသူအကုန်ယူ(FPTP)စနစ်အပြင် PR စနစ် ပေါင်းစပ်ရောနှောထားခြင်း၊ ဒုတိယအချက်မှာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ခလုတ်နှိပ်ပေးရခြင်း၊ တတိယအချက်မှာ လုံခြုံ ရေးနှင့် စီမံခန့်ခွဲမှုအပေါ် မူတည်ပြီး အပိုင်းလိုက် ကျင်းပခြင်း တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က နိုင်ငံတော်ကာကွယ် တာဝန်ကိုသာ ထမ်းဆောင်သွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
