CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍမှ တာဝန်ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်(BNRA)မှ အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမည်မဟုတ်ဘဲ နားလည်မှုပေးသွားမည်ဟု BNRA က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် အစိုးရဝန်ထမ်းများ CDM လုပ်ကြရန် မလုပ်ပါက အရေးယူသွားမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ဥပဒေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်)ကျေးရွာမှာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူကို လက်နက်ကိုင်ထားသော လူတစ်စုက ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။
BNRA က “ယခင်ထက် ပိုမိုကောင်းမွန်သော တိုင်းပြည်၏ သမိုင်းကောင်းတခေတ်ကို ဖန်တီးနိုင်ရေး ကြိုးပမ်း အားထုတ်နေချိန်တွင် ကျောင်းသားလူငယ်များ၏ ပညာရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အခက်အခဲများစွာကြားမှ “ရှိတာနှင့်လှအောင်ဝတ်”ဆိုသကဲ့သို့ ဖြတ်သန်းနေကြရသည်မှာ စစ်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအသိပင်ဖြစ်ပါသည်”ဟု ပြောသည်။
ထို့နောက် “ကျောင်းသားလူငယ်များ၏ ပညာရေးနှင့် ပြည်သူလူထု ကျန်းမာရေးကဏ္ဍ”သည် တိုင်းပြည်၏ “ပစ္စုပ္ပန်နှင့် အနာဂတ်”ဖြစ်သည်ဟု BNRA က ထုတ်ပြန်ခဲ့သည်။
BNRA ရဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ ပိုမိုကောင်းမွန်သော တိုင်းပြည်၏ အနာဂတ် ကြိုးစားဖန်တီးရာတွင် အရေးပါသော ကျောင်းသားလူငယ် များ၏ ရှေ့ရေးကို မျှော်တွေး၍ “ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ”မှ တာဝန်ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)မှ အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမည်မဟုတ်ဘဲ နားလည်မှုပေးသွားမည်။ “ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ”မှ တာဝန်ထမ်းဆောင် သူများအနေဖြင့် အခက်အခဲ များ၊ ထိခိုက်မှုများ ကြုံရလျှင်လည်း လက်လှမ်းမီသမျှ၊ တတ်စွမ်းသမျှကြိုးပမ်း အားထုတ်ဖေးမသွားမည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
BNRA သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အကျပ်အတည်း နှင့်အတူ မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရန် လက်နက်ကိုင်လာသော အဖွဲ့အစည်းဖြစ်သည်။
ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ကနေ အစပြု ပေါ်ပေါက်လာသော လက်နက်ကိုင်ဖြစ်သည်။