- By CNI
- Category: နိုင်ငံရေး
- Hits: 932
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြို့နယ်များအနက် မည်သည့်ဒေသကိုမဆို မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
အထူးသဖြင့် ကျောက်ဖြူမြို့ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ ဒေသများဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ဦးမျိုးကျော်က “အဲဒါကတော့ တစ်နိုင်ငံလုံး အခြေအနေနဲ့လည်း ဆိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာက တစ်ဖက်မှာ အပစ်ရပ်တယ်ဆိုရင် တစ်ဖက်ကို ထိုးစစ်ဝင်လေ့ရှိတယ်။ ဥပမာ ကချင်နဲ့အပစ်ရပ်ရင် ကရင်ကို တိုက်တယ်ပေါ့။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့နိုင်ငံရဲ့ ဒီအရှေ့ဘက်ခြမ်းတွေမှာ အပစ်တွေ ရပ် သွားမယ် ဆိုရင်တော့ အနောက်ဘက် စစ်မျက်နှာမှာ ထိုးစစ်တွေ ကြီးကြီးလာနိုင်ခြေရှိတာပေါ့။ ရခိုင်ဒေသမှာ သူတို့ ဘယ်ဒေသကိုမဆို စစ်ရေးအခြေအနေ သူတို့က စစ်တိုက်တယ်ဆိုတာထက် လက်နက်အားသာမှုပေါ့နော်။ လေကြောင်းတို့၊ ရေကြောင်းတို့ကနေပြီး အဝေးကပစ်ပြီးတော့ အရပ်သားပြည်သူတွေ၊ တစ်နည်းအားဖြင့် အဲဒီမှာ ရှိတဲ့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ အိုးအိမ်တွေကို အဲဒါမျိုးတွေ ဖျက်ဆီးတာတွေ၊ ခြေမှုန်းတာတို့ ဒါမျိုးကတော့ အများကြီးရှိနိုင်တယ်။ နောက် ပွဲလမ်းသဘင် အခမ်းအနားတွေ၊ လူစုစုဆိုတဲ့ဟာမျိုး တွေကို သူတို့အနေနဲ့ ဒီဟာတွေကို မြင်ပြီးတော့ ခြေမှုန်းတာတို့ ဒါတွေအများကြီး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းတာ ပေါ့။ ဒေသကတော့ ဘယ်ဒေသမဆို ဖြစ်နိုင်ပါတယ်။ ရသေ့တောင်မှာလည်း ဖြစ်နိုင်တယ်။ ပေါက်တောလည်း ဖြစ် နိုင်တယ်၊ မြေပုံလည်း ဖြစ်နိုင်တယ် စသဖြင့် ပုဏ္ဏားကျွန်း၊ အထူးသဖြင့် ကျောက်ဖြူ ပတ်ဝန်းကျင် ဒါမျိုးတွေမှာ ဖြစ်နိုင်တယ်။ ဂွ၊ တောင်ကုတ် ဘယ်နေရာမဆို ဖြစ်နိုင်တယ်လို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။

မြန်မာ့တပ်မတော် အမျိုးသမီးစစ်သည်များကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ရှမ်းမြောက်၌ TNLA နှင့် အပစ်ရပ်စဲပြီးနောက် ရခိုင်ပြည်နယ်၌ အာရက္ခ တပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ကျောက်ဖြူ မြို့မှာ စစ်ရေးပြင်းထန်နေကြောင်း သိရသည်။
မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်ထဲသို့ မြေပြင် ထိုးစစ်ဆင်ရေးအတွက် ချင်းပြည်နယ်လမ်းကြောင်းမှ တဆင့် ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေသည်။
အောက်တိုဘာလကုန်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ဘက်မှ ထွက်လာသည့် စစ်ကြောင်းသည် ဝေဘူလမှတဆင့် ဖလမ်းမြို့သို့ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့မှလာသည့် စစ်ကြောင်း တစ်ခုကလည်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှတဆင့် တီးတိန် – ဖလမ်း နယ်စပ်သို့ စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။
နိုဝင်ဘာလဆန်းတွင် ကလေး-တီးတိန်လမ်းပေါ်ရှိ အချက်အချာကျသည့် ကနေဒီတောင်နှင့် ချင်းပြည်နယ် ဝင်ပေါက် ဖြစ်သည့် သိုင်းငင်းရွာတို့ကို မြန်မာ့တပ်မတော်က ထိန်းချုပ်လိုက်နိုင်သော်လည်း ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြေပုံကိုတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနောင်း)
သို့သော် မြန်မာ့တပ်မတော် အနေဖြင့် ချင်းပြည်နယ်ဘက်မှ ရခိုင်သို့ ဝင်ရောက်မည်ဆိုပါက မဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဲဒီဟာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာတွေကို ပြန်ပြီးသိမ်းဖို့ဆို တဲ့ဟာက အဲဒီဘက်က လမ်းပန်းဆက်သွယ်ရေးလည်း အင်မတန်ခက်ခဲသလို စစ်ရေးဗျူဟာ အရကလည်း သူတို့ ဆုတ်သွားပြီးရင် ပြန်ဝင်ဖို့က မလွယ်ဘူး။ တစ်ဖက်မှာလည်း စစ်ရေး အပါအဝင် အဲဒီမှာရှိတဲ့ ချင်းတော်လှန်ရေး အင်အားစုတွေရဲ့ အင်အားကလည်း ရှိနေတယ်။ အလွယ်တကူနဲ့ အဲဒီဘက်က ပြန်ဝင်လာဖို့ ဆိုတာကတော့ ခက်ပါ လိမ့်မယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
ရခိုင်ပြည်နယ်ရှိ လက်ကျန်မြို့များဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် ရေကြောင်းကို အသုံးပြုကာ လက်နက်ခဲယမ်းများနှင့်အတူ စစ်အင်အား ဖြည့်တင်းနေကြောင်းလည်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 702
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူအား စဉ်းစားရွေးချယ်၍ ဆန္ဒမဲ ပေးကြစေလို သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့ အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြို တင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုလည်း ဥပဒေ နှင့်အညီ ဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် တိုင်းပြည်နှင့် ဒေသအကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး အမြင်ရှိသူများကို စဉ်းစားရွေးချယ်၍ ဆန္ဒမဲပေးကြစေလိုတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေး ထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်း သည် မဲဆန္ဒရှင်များ၏ ဆန္ဒပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိ သည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ဒို့တာဝန်အရေးသုံးပါးမှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကတည်းက ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ပြည်တွင်းစစ် ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် ပိုမို ပြင်းထန်သော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား လာနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားနေပြီး ပြည်ထောင်စု ပြိုကွဲရေး အခြေ အနေသို့ ရောက်ရှိလာနေသည်ကို သတိပြုကြရန် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 450
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များသည် တရားမဝင် ကုန်သွယ်မှုများ၌ ပါဝင်ပတ်သက်ဖို့ မဖြစ်နိုင်ဘူးဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု မရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက် ရှိသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နစက လက်ထက်မှ လက်ရှိအချိန်ထိ အစိုးရဌာနဆိုင်ရာများနှင့် လက်နက် ကိုင်ဆောင် ထားသည့် အဖွဲ့အစည်းများ အားလုံးသည် ကိုယ်ကျိုးစီးပွားကို ပိုမိုလုပ်ဆောင်လာကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်နက်ကိုင်များ NCA ထိုးနေကြစဉ်
တရားမဝင် ကုန်သွယ်မှု ကိစ္စရပ်များသည် အဓိကအားဖြင့် နယ်ခြားစောင့်တပ်(BGF)များနှင့် ၎င်းတို့၏ သက်ဆိုင် ရာ အဖွဲ့အစည်းများက ပို၍ သက်ဆိုင်သည်ဟု ယူဆ၍ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီတကယ်တော့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေက ဒီလောက် မဟုတ်ပါဘူး။ ကျနော် ကတော့ ကျနော်တို့ အဓိက,ကတော့ မစွပ်စွဲပါဘူး။ ကျနော်တို့ အထူးသဖြင့် ဒီနယ်စပ်မှာ လုပ်ပိုင်ခွင့်ရနေတာက နယ်ခြားစောင့်တပ်တွေ ဖြစ်နေတာကို နယ်ခြားစောင့်တပ်တွေကတော့ ပိုပြီးတော့ အခွင့်ရေး ပိုရတာပေါ့ဗျာ။ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေက တကယ်ပဲ ငြိမ်းချမ်းရေး ယူထားတာထက်ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေး လက်မှတ် ထိုးထားတာပဲဗျ။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေး ထိုးထားတဲ့ အဖွဲ့တွေက (Dialogue Partner) လို့ ခေါ်တာပေါ့။ ဆွေးနွေးဖက်တွေအဖြစ်ပဲ ရှိပါသေးတယ်။ NCA စာချုပ်အရ ကျွန်တော်တို့ ပြည်သူလူထုကို ထိခိုက်နစ်နာတဲ့ဟာတွေ ဘာမှလုပ်လို့မရဘူးဆိုတာပါတော့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေက မူအားဖြင့်တော့ လုပ်လို့မရဘူး လုပ်လို့လည်း မဖြစ်နိုင်ဘူးပေါ့၊ အဲ့ဒီလို တင်ပြ ချင်တာ” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များ အနေဖြင့် ၎င်းတို့ အင်အားတောင့်တင်းလာသည့် အချိန်တွင် နိုင်ငံတော်အစိုးရအပေါ် ပြန်လည် ခုခံတိုက်ခိုက်မည့် အနေအထားမျိုး လုပ်ဆောင်နေသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံတကာသံမတန်များကို တွေ့ရစဉ်
၎င်းက “သူတို့အားလုံးရဲ့ အဲလို ရည်ရွယ်ချက်တွေက ဒီကာလမှာဆိုရင် အလုပ်လုပ်ပြီးတော့ ပိုက်ဆံရှာမယ်၊ ပိုက်ဆံရှာပြီးလို့ရှိရင် သူအားရှိလာတဲ့ တစ်နေ့ကျလို့ရှိရင် သူတို့လိုချင်တာ တောင်းဆိုမယ်၊ မရလို့ရှိရင် တိုက်ဖို့ အတွက် အသင့်ဆိုတဲ့ အနေအထားမျိုး လုပ်ကြတာကို။ တကယ့် တကယ်ကျတော့ ဒါမျိုးက ကျနော်တို့က ရေရှည် မှာတော့ ဒါက ခွင့်မပြုသင့်ဘူး၊ ခွင့်မပြုသင့်ဘူးဆိုတော့ ကိုယ့်ဘက်ကလည်း ပြောရလို့ရှိရင်တော့ နိုင်ငံရေးအရ အဖြေရှာနိုင်ပြီးတော့ ကုဖို့ မျှော်မှန်းရတာပေါ့။ လူထုက နိုင်ငံရေးစစ်ရေး နှစ်ဖက်စလုံးက ထောက်ခံမှု ရတယ်ဆို ရင်တော့ ဒီလူတွေကို ကိုယ့်ထဲကို ဆွဲဆောင်ရင် ဆွဲဆောင်၊ မဆွဲဆောင်လို့ရှိရင်တော့ ကျနော်တို့က စစ်ရေးနည်းနဲ့ ပဲပေါ့နော်၊ ဒီလိုပဲဖြစ်မှာပေါ့။ အဲဒီလိုဖြစ်မှပဲ ဒီကိစ္စတွေက ပျောက်မှာလေ။ အခုဟာက ဒီ တရားမဝင်တဲ့ နည်းလမ်း တွေနဲ့ပဲ ငွေရှာနေကြတာကို အချင်းချင်းပေါ့နော်၊ တရားဥပဒေစိုးမိုးရေးအရ ကျနော်တို့က မလုပ်နိုင်တဲ့ အခါကျ တော့ ဒါကတွေ့နေရမှာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများ ယခင်ထက် ပိုမို ပေါများလာသည့်အပြင် ၎င်းတို့ တပ်စွဲရာဒေသ များ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော်ခွင့်ပြုခြင်း၊ လက်နက် ရောင်းချ ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် အခြားသေား အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာ နေကြ သည်။
လက်ရှိ NCA ထိုးထားသော လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 657
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြည်သူလူထု အများစုက စိတ်ဝင်စားပြီး မဲပေးကြမည်ဆိုလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အတွက် အန္တရာယ်ရှိ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲကတော့ အခုဟာက ပြည်သူလူထုက တော်တော်များများက ရွေးကောက်ပွဲကို စိတ်မဝင် စားကြဘူး။ စိတ်ဝင်စားတဲ့ သူဆိုရင်လည်း ပြည်ခိုင်ဖြိုး ထောက်ခံတဲ့လူ၊ စစ်တပ် ထောက်ခံတဲ့ လူလောက်ပဲပေါ့။ ပြည်ခိုင်ဖြိုးကို ဝိုင်းပြီးတော့ မဲထည့်ပြီးတော့ အားပေးမယ့် လူလောက်ပဲ စိတ်ဝင်စားကြတာ တွေ့ရတယ်။ အဲဒီ တော့ အများစုကတော့ ပြောနေကြတာက အဲဒီလို သိပ်စိတ်မဝင်စားတာက ပြည်ခိုင်ဖြိုးအတွက် ကောင်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့တုန်းဆို အဲဒါဆိုရင် သူတို့နိုင်မယ်။ လာပေးတဲ့ မဲတွေက သူတို့မဲတွေပဲ ဖြစ်မယ်။ ရွေးကောက်ပွဲကို ပြည်သူလူထုက အများစုက စိတ်ဝင်စားတယ်၊ တက်တက်ကြွကြွ လာမဲပေးတယ်ဆိုရင် သူတို့ အတွက် အန္တရာယ်ရှိတယ်။ အဲဒီလို အများစုက တက်တက်ကြွကြွနဲ့ မဲလာပေးမယ်ဆိုရင် အဲဒါက သူတို့ကို ဆန့်ကျင် ပေးမယ့်မဲတွေ ဖြစ်ဖို့များတယ်ပေါ့နော်။ NLD ပါဝင်တဲ့အချိန်နဲ့ မပါဝင်တဲ့အချိန် ကွာခြား ပုံမျိုးပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ၄ နှစ်ကျော်အကြာတွင် ရွေးကောက်ပွဲ အပိုင်း (၁) အား ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း (၂) ကို ကျင်းပမည်ဖြစ်ပြီး နှစ်ပတ်အကြာတွင် အပိုင်း (၃) အား ကျင်းပသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။

USDP ပါတီကို တွေ့ရစဉ်
ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ်နောက်ပိုင်း မြန်မာမှ ကျင်းပခဲ့ဖူးသော မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) တစ်မျိုးတည်းဖြင့် ပြုလုပ်မည် မဟုတ်ဘဲ ရွေးကောက်ပွဲ စနစ် ၂ မျိုးကို ရောနှော ကျင်းပမည်ဖြစ်သည်။
ထိုစနစ် ၂ မျိုးမှာ FPTP စနစ်နှင့် PR ဟုခေါ်သည့် အချိုးကျကိုယ်စားပြုစနစ် တို့ကို ရောနှောကျင်းပမှာ ဖြစ်သည်။
ယခုနှစ်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာ၌ အရွေ့တစ်ခုကို လှမ်းနိုင်မည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။
သို့သော် ရွေးကောက်ပွဲသည် ကျယ်ပြန့်နေသည့် လက်နက်ကိုင် ပဋိပက္ခများအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
၎င်းက “ရွေးကောက်ပွဲကတော့ လက်နက်ကိုင်ပဋိပက္ခအပေါ်မှာ အကျိုးသက်ရောက်မှု သိပ်ရှိမယ်လို့ မထင်ဘူး။ အဓိက,ကတော့ လက်နက်ကိုင်ပဋိပက္ခတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တာက တရုတ်ရဲ့ စွက်ဖက်မှုပဲ။ တရုတ်ရဲ့ စွက်ဖက်မှုကြောင့် အခု ညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ နယ်မြေ အများအပြားကို သိမ်း ယူနိုင်တဲ့ TNLA, MNDAA,AA တို့ကြားနဲ့ NUG-PDF တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ နိုင်ငံရေးအရ သဘောထား ကွဲမှုတွေ၊ လက်တွေ့ လုပ်ဆောင်ချက်တွေမှာ စည်းလုံးညီညွတ်မှု ပြိုကွဲမှုတွေ အဲဒါမျိုးကို ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲကြောင့် လက်နက်ကိုင် ပဋိပက္ခတွေအပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ရှိလိမ့်မယ်ဆိုတာမျိုး တော့ ကျနော်တော့ သိပ်မထင်ဘူးပေါ့” ဟု ပြောသည်။
ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၀၂၃ ဦးအနက် ဥပဒေနှင့် မကိုက်ညီသဖြင့် ပယ်ဖျက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိသည်။
အဆိုပါ ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု အားကောင်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့ မပါဝင်ပေ။
ထို့ကြောင့် ပြည်သူလူထုသည် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိသလို မဲပေးရန်လည်း စိတ်အား ထက်သန်မှု မရှိခြင်းကြောင့် USDP က အားသာလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 455
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများအပေါ် ပြည်သူလူထုက ယုံကြည်မှု ပျောက်ဆုံးနေခြင်းက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာစောင့်ကြည်သူများကြား မေးခွန်းထုတ်လျက်ရှိနေသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းအား ဖြေရှင်းရန်အတွက် နည်းလမ်းများစွာ ရှိသော်လည်း ရွေးကောက်ပွဲ နည်းလမ်းကသာ အထိအခိုက် အနည်းဆုံး နည်းလမ်းဖြစ်ကြောင်း နိုင်ငံရေးပါတီများက ယူဆနေ ကြသည်။
သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား မဲစာရင်း အငြင်းပွားမှုများကို အကြောင်းပြကာ ဖျက်သိမ်းခဲ့ခြင်းကြောင့် ပြည်သူလူထုသည် လာမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားနည်းပြီး စိတ်ဝင်စားမှု မရှိဘဲဖြစ်နေသလို လူထု မထောက်ခံသော ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကိုလည်း ယုံကြည်မှု မရှိဘဲဖြစ် နေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူများက ထောက်ပြသည်။
နိုင်ငံရေးပါတီတစ်ခုသည် လူထုကို ကိုယ်စားပြုပြီး လူထု အခက်အခဲကို ထုတ်ဖော်ပြောနိုင်မည့် ပါတီဖြစ်မှသာ မိမိတို့ကို ကိုယ်စားပြုသည့် ပါတီဆိုပြီး အသိဝင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ရှင်းရှင်းလေးပဲ နိုင်ငံရေးပါတီတစ်ခု လုပ်တယ်ဟေ့ ဆိုလို့ရှိရင် လူထုကို ကိုယ်စားပြုရမှာ ဖြစ်တယ်ပေါ့။ လူထု ကိုယ်စား မပြုနိုင်ရင် လူထုကလည်း ဘယ်လိုလုပ် ကြိုက်ပါ့မလဲပေါ့နော်။ လူထုကို ကိုယ်စား ပြုနိုင်မယ့် လူထုရဲ့ လူထုဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ရဲရဲရင့်ရင့်နဲ့ ပြောနိုင်ရမယ်၊ ပြောရဲရမယ်။ အဲ့လို လူမျိုး တွေ များများရှိတဲ့ ပါတီကြီးမှသာ လူထုကလည်း ဪ ဒါ ငါတို့ကို တကယ် ကိုယ်စားပြုပါလား၊ ငါတို့ဘက်ကနေ တကယ် ရပ်တည်နေတဲ့ ပါတီပါလားဆိုတဲ့ဟာမျိုး အသိဝင်ပြီးတော့မှ သူကလည်း ဒါတော့ ငါတို့ ပါတီပဲဆိုတဲ့ ဟာမျိုး ဖြစ်သွားမှာ အခုဟာက ဒီလိုမျိုး ပြောတဲ့လူနည်းနေတယ်။ အဲ့အတွက်ကြောင့်မို့လို့ လူထုကလည်း ဒါတွေ ကို သိပ်မယုံကြည်ဘူးဆိုတဲ့ အနေအထား ဖြစ်တာပေါ့”ဟု ပြောသည်။

အခြေခံ လူတန်းစားများကို တွေ့ရစဉ်
ပြည်သူလူထုသည် စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် နေ့စဉ် ရုန်းကန်နေရခြင်းကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိပေ။
အလားတူ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ပြီး ရွေးကောက်ပွဲ ပူးပေါင်းပါဝင်သူများကို အရေးယူ မည်ဟု နွေဦးတော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားခြင်းကြောင့်လည်း ပြည်သူလူထုသည် ရွေးကောက်ပွဲ နှင့်ဝေးဝေး နေလာကြသည်။
ပြည်သူလူထုသည် နိုင်ငံရေးသမားများအား ယုံကြည်မှု ပျောက်နေခြင်း မဟုတ်ကြောင်း၊ ကြောက်လန့်နေခြင်း ဖြစ်ပြီး နိုင်ငံရေးကို လုပ်စားနေသည့် သူများကြောင့် နိုင်ငံရေးသည် နာမည်ပျက်နေခြင်းဖြစ်ကြောင်း လသာမြို့ နယ် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မယုံကြည်နေတာတော့ မဟုတ်ဘူး၊ လူထုက အကြောက်တရားတွေနဲ့ ဖြစ်နေတာ၊ အကြောက်တရား တွေ ဖြစ်နေတာတွေရှိတယ်။ နောက်တစ်ခုက ၂၀၂၁ နောက်ပိုင်းမှာ ဖြစ်သွားတဲ့ အရေးအခင်းကိစ္စတွေ၊ ဒီနိုင်ငံရေး သမားတွေ၊ တော်လှန်ရေးသမားဆိုတဲ့ လူတွေရဲ့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းတွေ အကုန်လုံးက လူထုကို ကြောက်လန့်စေတယ်၊ နိုင်ငံရေးကို ကြောက်လန့်စေတယ်။ မတို့မထိ ရဲလောက်အောင်ကို ကြောက်စရာ ကောင်း လောက်တဲ့ အဖြစ်ဆိုးကြီးတွေနဲ့ လူထုက ကြုံတွေ့ရတာလေ။ ဒါကြောင့်မို့လို့ လူထုရဲ့ ကြည့်ရတဲ့ဟာက ယုံကြည် မှု မရှိတာထက် ကြောက်လန့်နေတာလို့ ကျမကမြင်တယ်။ ယုံကြည်မှု မရှိတာတော့ မဟုတ်ဘူး၊ နိုင်ငံတိုင်းမှာ နိုင်ငံရေးသမားတွေ ဆိုတာရှိတယ်။ နိုင်ငံရေးသမားတွေထဲမှာ ကောင်းတဲ့လူဆိုတာရှိတယ်၊ ဆိုးတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးကို လုပ်စားတဲ့ လူတွေလည်းရှိတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေကို ယုံကြည်မှု ပျောက် နေတာ မဟုတ်ဘူး။ ကြောက်လန့်နေတာ နိုင်ငံရေးကို လုပ်စားနေတဲ့ လူတွေကြောင့် နိုင်ငံရေးဟာ နာမည်ပျက်နေ တာလို့ ကျမက ပြောချင်တယ်” ဟု ပြောသည်။

USDP မဲဆွယ်စည်းရုံးနေစဉ်
လက်ရှိတွင် ပြည်သူလူထုသည် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ငွေကြေးဖောင်းပွနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ ပြည်ပထွက် အလုပ်လုပ်ခွင့်များ တားမြစ်ပိတ်ပင်ခံနေရခြင်း၊ စစ်မှုထမ်းဥပဒေအရ တရားမဝင် ဖမ်းဆီး ခံရခြင်းနှင့် ငွေကြေး တောင်းခံနေရခြင်း၊ တရားဥပဒေ စိုးမိုးမှုကြောင့် ခိုးဆိုးလုနှိုက်များ ခံနေရခြင်း၊ လုံခြုံရေး အားနည်းခြင်းကြောင့် ပြည်တွင်း ခရီးသွားလာမှု မလုံမခြုံဖြစ်ပေါ်နေခြင်းတို့ ကြုံတွေ့နေကြရသည်။
ထို့ပြင် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း၊ သွင်းအားစုများ ဈေးကြီး၍ လယ်ယာ လုပ်ငန်းများ မလုပ်ကိုင်နိုင်ခြင်း၊ စစ်ပွဲများကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များ မြင့်မားနေခြင်း စသည့် အခြေအနေများကိုလည်း ပြည်သူလူထုများက ရင်ဆိုင်နေကြရသည်။
နိုင်ငံရေးပါတီများသည် ပြည်သူလူထု ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ကာကွယ် ဖြေရှင်း မပေးဘဲ ရွေးကောက်ပွဲကာလ မဲလိုချင်သည့်အခါမှ မဲဆွယ်စည်းရုံးရေး စကားများပြောလာခြင်းအပေါ် လူထုက ယုံကြည်မှု မရှိဘဲ ဖြစ်လာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
နိုင်ငံရေးပါတီများသည် လူထုအကျိုးစီးပွားနှင့် ပါတီအကျိုးစီးပွား ယှဉ်ပြိုင်သည့်အခါ ပါတီအကျိုးစီးပွားကို ကာကွယ်နေကြခြင်းကြောင့်လည်း ပြည်သူလူထုက နိုင်ငံရေးပါတီများအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းကိုသာ ရွေးချယ်၍ ယုံကြည်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 519
CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်ဖြင့် သွားမည်ဆိုပါက အပေးအယူ အလျှော့အတင်း သေချာလုပ်ပြီးမှသာ ဖက်ဒရယ် ပြည်ထောင်စုအား တည်ဆောက်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်အား ဆောင်ရွက် မည် ဖြစ်ကြောင်း၊ လူကို အခြေခံသည့် ဖက်ဒရယ်စနစ်အား မကျင့်သုံးဘဲ ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ် ကို ကျင့်သုံးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လူမျိုးစုများကို အခြေခံသည့် ပြည်နယ်များ ဖြစ်နေသည့် အတွက်ကြောင့် စိတ်ဝမ်းကွဲမှုများ ဖြစ်သည်ဟု ယူဆခြင်း ကြောင့် ဒေသအလိုက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် စဉ်းစားခြင်းဖြစ်နိုင်ကြောင်း၊ ဖက်ဒရယ်စနစ်ကို သွားသည့် အခါ အားလုံးကကျေနပ်နိုင်သည့် အပေးအယူ၊ အညှိအနှိုင်း၊ အလျှော့အတင်း သေချာစွာလုပ်ပြီးမှ သွားသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယသံရုံးက ကျင်းပသည့် ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေသည် ဖက်ဒရယ်စနစ်ကျင့်သုံးမှ အဆင်ပြေ တော့ မယ်ဆိုတဲ့ဟာကို အားလုံးက ယုံယုံကြည်ကြည် ဖြစ်နေကြပြီပေါ့။ တပ်မတော် အပါအဝင် အားလုံးက ဒီစနစ် ကို သွားကြမှ ဖြစ်မယ်ဆိုတဲ့ဟာကို အားလုံးက သဘောတူညီမှုရှိကြပြီပေါ့။ ဒါပေမယ့် ဘယ်လိုပုံစံသွားမှာလဲ ဆိုတဲ့ ဟာကျတော့ ဒီအပေါ်မှာ စကားပြောစရာရှိလာပြီ။ တစ်ခါတစ်လေကျတော့ ကျနော်တို့က ဒီလိုလေး ကောင်းမယ် လို့ တစ်ဖက်ကထင်ပြီး လုပ်လိုက်တဲ့အခါမှာ တစ်ဖက်က ဒီဟာမျိုးကို လက်မခံနိုင်တဲ့ ဟာမျိုးဖြစ်ပြီးတော့ ပေါ့စေ ချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး တယ်ဆိုတဲ့ စကားပုံလို ဖြစ်သွားမှာလည်း စိုးရိမ်ရတယ်ပေါ့။ ဒီအတွက် ကြောင့်မို့လို့ ကျနော်တို့က တိုင်းပြည်ရဲ့ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါကျလို့ရှိရင် သေသေချာချာ တကယ့်ကို ဖိတ်ခေါ်တာတွေ ပါဝင်ပြီးတော့မှ နည်းနည်း ကြာရင်ကြာပါလေ့စေကွာ တကယ်ကို အားလုံးသဘောတူ လက်ခံ နိုင်တဲ့ အနေအထား တစ်ခုရောက်အောင် ဆွေးနွေးပွဲတွေကို ကြိမ်ဖန်များစွာ အချိန်ယူရင် ယူရပါလေ့စေ။ ဒါမျိုးကို သေသေချာချာလုပ်ပြီး အားလုံးကျေနပ်တယ်ဆိုတဲ့ အနေအထားတစ်ခုထိ ရောက်အောင် ဆွေးနွေးပြီးတော့မှပဲ ကျင့်သုံးဖို့ သင့်တယ်လို့ ကျနော်က ယူဆတယ်။ ဒီအတွက်ကြောင့်မို့လို့ အားလုံးက ကျေနပ်နိုင်တဲ့ အပေးအယူ အညှိအနှိုင်း အလျှော့အတင်း အားလုံး သေသေချာချာ လုပ်ပြီးတော့မှ သွားသင့်တယ်လို့ မြင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု အားလုံးက ဖြေဆိုဆွေးနွေးနေကြသော်လည်း မည်သည့် ဖက်ဒရယ်စနစ်မျိုးကို အကောင်အထည် ဖော်မှာလဲဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း ချမပြနိုင်ကြပေ။
မြန်မာ့တပ်မတော်ဘက်ကတော့ အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ကို အဆိုပြုသော်လည်း တိုင်းရင်းသား လက်နက် ကိုင်များကတော့ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျာမနီနိုင်ငံများတွင် ကျင့်သုံးနေသော ဖက်ဒရယ်စနစ်အား အဆိုပြုလျက်ရှိသည်။

အိန္ဒိယသံရုံးက ကျင်းပသည့် ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများကို တွေ့ရစဉ်
ဖက်ဒရယ်ဆိုသည့် သဘောသည် ဥပဒေများပြဋ္ဌာန်းပြီး စီမံအုပ်ချုပ်မှုပိုင်းများ လုပ်ကြသည့်အတွက် ဒေသအလိုက် နှင့်သာ သက်ဆိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖက်ဒရယ်ဆိုတဲ့ သဘောကိုက သူ့ဒေသ အလိုက်ပေါ့၊ ကျနော်တို့ ဥပဒေတွေ ပြဋ္ဌာန်းကြမယ် အုပ်ချုပ်မှု ပိုင်းတွေ လုပ်ကြတယ်ဆိုတဲ့ အခါကျတော့ ဒေသအလိုက်နဲ့ သွားတိုက်ဆိုင်တယ်။ လူပေါ်မှာ အခြေခံပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် အဲဒီလူတွေရဲ့ Mind Set တွေပေါ်မှာပဲ မူဝါဒတွေ ဖြစ်သွားတာကျတော့လည်း ဒါသဘာဝ ကျခြင်း မကျခြင်းဆိုတာ စဥ်းစားလို့ ရပါတယ်။ ပြောချင်တာကတော့ ဖြစ်ပေါ်နေတဲ့ နယ်မြေရဲ့ အခြေအနေပေါ်မှာ အခြေခံပြီးတော့ စဥ်းစားတဲ့ဟာသည် လိုက်ဖက်တဲ့ ဖက်ဒရယ်စနစ်ကို ဖြစ်သွားလိမ့်မယ်လို့ ဒီလိုမြင်ပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)မှာတော့ မြန်မာနိုင်ငံကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များ မှတဆင့် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုအား တည်ဆောက်မည်ဟု သဘောတူထားကြ သည်။
သို့သော် ယနေ့အချိန်ထိ ဖက်ဒရယ်စနစ်ကိုဖြစ်စေ၊ ဒီမိုကရေစီစနစ်ကိုဖြစ်စေ တစ်စုံတစ်ရာ တိတိကျကျ သဘော တူညီချက်များ မရရှိသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 533
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
မကြာခင် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အနိုင်ရရှိသော ပါတီတစ်ခုတည်းက အစိုးရဖွဲ့ခြင်းထက် ပါတီအသီးသီးမှ တော်သည့်လူပုဂ္ဂိုလ် အသီးသီးကို စုစည်း၍ ညီညွတ်ရေးအစိုးရပုံစံသွားသင့်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလ နောက်ဆုံးအပတ်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပမည်ဖြစ်သည်။
အနိုင်ရသည့်ပါတီမှ အစိုးရဖွဲ့သွားခြင်းထက် ပါတီအသီးသီးက တော်သည့်သူများ စုစည်းပြီး ညီညွတ်ရေးအစိုးရ ပုံစံမျိုး နိုင်ခဲ့သည့်ပါတီက လုပ်ပေးလျှင် တစ်မျိုးစဥ်းစား၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မဲဘယ်လောက် လာပေးအောင် လူထုကို ဘယ်လောက်အထိ လှုံ့ဆော်နိုင်မလဲပေါ့။ လူထုကို လှုံ့ဆော်နိုင် တယ်၊ မဲများများ လာပေးတယ် ဆိုလို့ရှိရင် ဒါအတိုက်အခံ ပါတီတွေ ပိုပြီးတော့မှ နိုင်ဖို့ ဒါမျိုးလေး မျှော်လင့်လို့ရ တယ်။ အဲ့ဒီပေါ်မှာ မူတည်ပြီးတော့မှပဲ ဘာဖြစ်မလဲ၊ ဘယ်လောက်ထိ လုပ်လို့ရသလဲဆိုတဲ့ဟာကို ဆက်ပြီး မျှော် လင့်လို့ ရမှာပေါ့။ တစ်ခုတော့ရှိတယ် လက်ရှိ ဒီအတိုင်း ဆိုလို့ရှိရင် ဒါတိုင်းပြည်ရဲ့ အကျပ်အတည်းကပဲ ပြောင်း စရာရှိတော့ အနိုင်ရတဲ့ ပါတီတစ်ခုထဲ အနေနဲ့ အစိုးရဖွဲ့သွားတာမျိုး ထက်စာလို့ရှိရင် ပါတီအသီးသီးက တော်တဲ့လူ တွေကို စုစည်းပြီးတော့မှ ညီညွတ်ရေးပေါ့နော်။ ညီညွတ်ရေးအစိုးရ ပုံစံမျိုး လုပ်ပြီးတော့မှ တိုင်းပြည်ရဲ့ ဘက်က နေ အားလုံး ဝိုင်းဝန်းဖြေရှင်းကြမယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးကို နိုင်ခဲ့တဲ့ပါတီက လုပ်ပေးတယ်ဆိုရင်တော့ ဒါ တစ်မျိုး စဥ်းစားလို့ ရတယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က နိုင်ငံရေး အခြေအနေနှင့် ဥပဒေလမ်းကြောင်းများအရ အသာစီးကနေ ရရှိနေကြောင်း၊ အစိုးရအဖွဲ့ သစ်ကို USDP နှင့် မြန်မာ့တပ်မတော်က ဦးဆောင် ဖွဲ့စည်းသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ များက ထောက်ပြကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများ အပါအဝင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ကျော်လွှားနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုး ဖွဲ့စည်းသင့်ကြောင်း ၎င်းတို့က အကြံပြုလျက်ရှိနေသည်။
ပြည်သူ့အသံ များများပြောပေးနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြည်သူ့ကိုယ်စားပြု ပြောပေးနိုင် မည့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲ များများရောက်သွားရန် လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အ မျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “အခုလက်ရှိ အခြေအနေထက်ကတော့ အများကြီး ကောင်းလာမယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ခုရွေးကောက်ပွဲ နည်းဗျူဟာလည်း နိုင်ငံတကာကအတိုင်း ရွေးကောက်ပွဲ လေ့လာရေးတွေ ဖိတ်ခေါ် ထားတယ်၊ ရွေးကောက်ပွဲက လုပ်တဲ့စနစ်တွေ ရှိ/မရှိ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ရှိ/မရှိ လာ ရောက် စောင့်ကြည့်ဖို့ပေါ့။ အဲ့အခါကြတော့ ရွေးကောက်ပွဲ ပြီးသွားပြီဆိုရင်တော့ လူထုတင်မြှောက်တဲ့ အစိုးရ တစ်ရပ် ဖြစ်နိုင်တယ်။ လွှတ်တော် ပေါ်လာပြီဆိုရင် ပြည်သူတွေရဲ့ အသံတွေကို ကျနော်တို့ ပြောနိုင်မှာ ဖြစ်ပါ တယ်။ ယနေ့ အချိန်ကတော့ ပြည်သူ့အသံတွေ ပျောက်နေတာ ၅ နှစ်ရှိပါပြီ။ လွှတ်တော်ပေါ်လာရင် ပြည်သူ့အသံ တွေ ပေါ်လာမယ်၊ ပြည်သူ့အသံတွေ ပေါ်လာပြီဆိုရင်တော့ ကျနော်တို့တွေ အနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ လွှတ်တော်ထဲမှာ များများပြောနိုင်ပြီဆိုရင် နိုင်ငံတော်က တဖြေးဖြေးနဲ့ တည်ငြိမ် အေးချမ်းလာမယ်လို့တော့ ကျနော် မြင်တယ်။ ပြည်သူ့အသံ များများထွက်နိုင်အောင်ဆိုရင် ပြည်သူကို ကိုယ်စားပြု ပြောပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ များများရောက်သွားဖို့ လိုအပ်ပါတယ်၊ အဲ့တာမှပဲ ပြည်သူ့အသံ အစစ်အမှန်တွေ ကြားရမှာ ဖြစ်ပါတယ်။ ဘယ်သူက ပြည်သူ့အသံ များများ ဖတ်ပေးနိုင်လဲ ဆိုတာ စဥ်းစားချင့်ချိန် တိုင်ပင်ဆွေးနွေးပြီးမှ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ပြည်သူလူထုသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်များကို သေချာစိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ ပြည်သူအကျိုး၊ နိုင်ငံအကျိုးကို တကယ် လုပ်ဆောင်မည့် ကိုယ်စား လှယ်လောင်းနှင့် နိုင်ငံရေးပါတီများအား ရွေးချယ်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက အကြံပြုကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 372
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
လာမည့် ရွေးကောက်ပွဲသည် တိုင်းပြည်၏ အလှည့်အပြောင်းဖြစ်မည့် ရွေးကောက်ပွဲဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က ကျင်းပခဲ့သော ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်း သဘင် အခမ်းအနားမှာ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်အစိုးရက နိုင်ငံရေး တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲများ စနစ်တကျ အောင်မြင်အောင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူများ အနေဖြင့်လည်း တိုင်းပြည်၏ အလှည့်အပြောင်းဟု ဆိုရမည့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန် အဖြစ် ပါဝင်ကူညီပေးကြရန်နှင့် မိမိတို့ နိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနှင့် ပိုမို ကောင်းမွန်သည့် အနာဂတ်ကို မျှော်တွေးကြိုးပမ်းကြရန် တိုက်တွန်းလိုသည်”ဟု ပြောသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက် တစ်ဆက်တည်း ကျင်းပသွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက် ပွဲ မပြုလုပ်နိုင်သည့် မြို့နယ်များကိုလည်း ကျင်းပနိုင်သည့် အချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကာလ နီးကပ်လာသည့်နှင့်အမျှ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်လည်း အဓိကကျကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ နှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ရေးတို့အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ ပြည်သူအားလုံး ဒီမိုကရေစီ အလေ့အထကောင်းများ ရရှိ အောင်၊ အသိဥာဏ်ပညာများ ပြည့်ဝအောင်၊ ခေတ်မီ ဗဟုသုတများ ဆည်းပူးနိုင်အောင် စာပေဖြင့် ထိန်းကျောင်း လေ့ကျင့်ပေးရမည်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း(၂)အား မြို့နယ် ၁၀၀ မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပမည်ဖြစ်သည်။
လက်ရှိ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ပြိုင်ဘက်ကောင်း မရှိသည့်အတွက် ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့ရန် အရေးသာနေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် လက်ရှိ စုဖွဲ့မှုနှင့်မူဝါဒအတိုင်း သွားမည်ဆိုပါက တိုင်းပြည်အပြောင်းအလဲမှာ သိပ်မျှော်လင့်၍ မရကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး အပါအဝင် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှု လွတ်ကင်းရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲ ဖြစ်ဖို့အတွက် ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းရန်လိုအပ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 424
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
အနိုင်ရသည့် ပါတီနှင့် ကိုယ်စားလှယ်လောင်း စာရင်းများအား ရွေးကောက်ပွဲ အပိုင်းအားလုံးပြီးမှသာ ကြေညာ မည်ဖြစ်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “မကြေညာဘူး။ မေးထားပြီးပြီ အဲဒါကတော့။ မကြေညာသေးဘူး။ အကုန်လုံးပြီးမှပဲ ကြေညာမယ်လို့ ပြောတယ်။ အန်ကယ်တို့ အပိုင်း (၁)၊ အပိုင်း (၂)၊ အပိုင်း (၃) ပါရှိရင် အပိုင်း (၃) အကုန်လုံးပြီးမှ အနိုင်ရသူကို ကြေညာမယ်လို့ ပြောတယ်။ အားလုံးပေါ့ ရွေးကောက်ပွဲလုပ်နိုင်မယ့် အနေအထားမျိုးပေါ့။ ဥပမာ အပိုင်း (၂) နဲ့ပဲ တော်လိုက်ပြီဆိုရင်တော့ ဆက်ပြီးတော့ အပိုင်း (၃) မလာတော့ဘူးဆိုရင်တော့ ကြေညာလိုက်မယ်ဆိုတဲ့ သဘော မျိုးပေါ့။ အပိုင်း (၃) ဆက်လုပ်ဖို့ ရှိသေးတယ်ဆိုရင်တော့ အပိုင်း (၃) ပြီးမှပဲ ကြေညာမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပမည်ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထား သည်။

ရွေးကောက်ပွဲ မဲပေးစက်ကို တွေ့ရစဉ်
ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း (၂) ကို ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြီး နှစ်ပတ်အကြာတွင် အပိုင်း (၃) အား ကျင်းပသွားမည်ဟု အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့်နေသည့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပြည်မပါတီ ကြီးများထက် တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၌ အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အနေဖြင့် အာဏာရခြင်းထက် တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ လွှတ်တော်ထဲတွင် ပြောဆိုနိုင်ခွင့် ရရှိစေရန် ရွေးကောက်ပွဲ ဝင်ရခြင်း ဖြစ်ကြောင်း KNDP ပါတီ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲကတော့ ကျနော်တို့က ပါတီတော့ ပါတီငယ်ပဲ။ ဒါပေမယ့် ကျနော်တို့ကို ဖိအားပေးတဲ့ အပိုင်းပေါ့။ ခုနက ရွေးကောက်ပွဲ မဝင်နဲ့ ဘာညာ အဲဒီလိုတော့ ရှိတယ်။ ကျနော်တို့ ပါတီထောင်ကတည်းကိုက ကျနော်တို့ရဲ့ တိုင်းရင်းသားတွေအတွက် ပြောရေးဆိုခွင့်၊ ပြောပိုင်ဆိုပိုင်ခွင့် လွှတ်တော်မှာ ရရှိအောင် စဉ်းစားထား တယ်။ ဆိုတော့ အဲဒီလိုရည်ရွယ်တဲ့ အလျောက် ပါတီထောင်လိုက်တယ်။ ပါတီထောင်ပြီးမှတော့ ရွေးကောက်ပွဲဝင် ရတော့မယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့ ပါတီထောင်တာဟာ အလကားပဲပေါ့နော်။ ဆိုတော့ ကျနော်တို့ပြောချင် တာက ရွေးကောက်ပွဲ ဝင်လိုက်တာဟာ အာဏာရဖို့ထက်ကို အာဏာမရချင်လို့တော့ မပြောဘူး။ အာဏာလည်း ရချင်တယ်၊ အာဏာရဖို့ထက်ကို ခုနက ပြောရေးဆိုခွင့်၊ ပြောနိုင်ဆိုနိုင်၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်၊ တန်းတူ ညီမျှပိုင်ခွင့်ပေါ့၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း ဆိုတဲ့ဟာတွေ ရရှိအောင် ကျနော်တို့ လွှတ်တော်မှာ ပြောနိုင် ဆိုနိုင်ခွင့်၊ ပြောပိုင် ဆိုပိုင်ခွင့်ရအောင် ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်တယ်၊ ပါတီ ထောင်ရခြင်း ဖြစ်တယ်ဆိုတာကိုတော့ သက်ဆိုင်သူတွေ အားလုံးကို ပြောချင်ပါတယ်” ဟု ပြောသည်။
နယ်မြေအခြေအနေများကြောင့် ပါတီကြီးများ အနေဖြင့် မဲဆွယ်စည်းရုံးရေး၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် များ စိုက်ထူခြင်းတို့ကို ကောင်းမွန်စွာ ပြုလုပ်နိုင်သည်ကို တွေ့ရသည်။
သို့သော် အချို့သော တိုင်းရင်းသား ပြည်နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းရင်းသားပါတီများ အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကန့်ကွက်မှုများအကြား ယနေ့အထိ မည်သည့် လှုပ်ရှားမှုမျိုးမှ ကောင်းမွန်စွာ မပြု လုပ်နိုင် ကြသေးကြောင်းလည်း သိရသည်။
