
- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို နစကမှ ကိုးကန့်တပ်ဖွဲ့(MNDAA)ထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့ ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြန်လည်ဆင့်ခေါ်ရာမှာ မူဝါဒချပြီးမှသာလျှင် ခေါ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်၏ဖိအားပေး ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နစကနှင့်မြန်မာ့တပ်မတော်ထံ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
ထို့နောက် နစကသည် အရပ်ဖက်ဝန်ထမ်းများကို မူလအတိုင်း ပြန်လည် တာဝန်ထမ်းဆောင်ရန်အတွက် လားရှိုးမြို့သို့ ဆင့်ခေါ်နေရာမှာ မူဝါဒတစ်ခု ချမှတ်ပြီးမှသာ ပြန်ခေါ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
လားရှိုးမြို့ကို ထိန်းချုပ်ထားချိန်က MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အားလုံးက ကစဥ့်ကလျာ ဖြစ်နေကြတဲ့အချိန် ဖြစ်တာကတစ်ခုပေါ့။ လားရှိုးမြို့မှာ တော်တော်များများ အိမ်တွေက ဗုံးကြဲသွားတာတို့၊ ဗုံးမကြဲတဲ့အိမ် ဆိုလို့ရှင်ရင်လည်း အကုန်လုံး ဖောက်ထွင်းခံရပြီးတော့ ရှိသမျှ မီးချောင်း၊ မီးကြိုးပါ မကျန်တဲ့ဟာတွေ အကုန်လုံး ခိုးခံထားရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအချိန်မှာ ပြန်လာ ပါဆိုတဲ့ အခါကျတော့ မီးလည်းမရှိ ဘာလည်းမရှိ အကုန်လုံး အစစအရာရာ ခက်ခက်ခဲခဲ ဖြစ်နေတဲ့ အနေထား ရှိတာပေါ့ ဒီအတွက်ကြောင့်မို့လို့ အစိုးရအနေနဲ့က လားရှိုးတင်မကပါဘူး။ ဒီတခေါက်က လားရှိုးပေါ့ လားရှိုးရဲ့ နောက်ပိုင်း ကျလို့ရှိရင် တဖြည်းဖြည်းလာမယ်၊ သီပေါတို့၊ ကွက်ခိုင်တို့ ဘာတွေလည်းလာအုံးမယ်။ အဲအခြေအနေ ဖြစ်တဲ့ အချိန်ကြလို့ရှိရင် ကိုယ့်ဝန်ထမ်းတွေအတွက်ကို ကြိုတင်စဥ်းစားထားပြီးတော့ ဝန်ထမ်းတွေရဲ့ ပြန်လာဖို့ လမ်းစရိတ်ကို ဘယ်လိုစီစဥ်ပေးမလဲ အပျက်အစီးတွေနဲ့ ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဝန်ကြီးဌာနတွေ ကိုယ့်ဝန်ကြီးဌာနတွေက ဘယ်လိုကူညီနိုင်သလဲဆိုတာကို နည်းနည်းကြိုပြီးတော့ အလုံးစုံ လုပ်ပေးရမယ်လို့ တော့ မဟုတ်ပါဘူး။ ဒါအကုန်လုံးကလည်း ခက်ခက်ခဲခဲ ဖြစ်နေတယ်ဆိုတာကိုတော့ သဘောပေါက်တယ်ပေါ့။ ဒီလိုအချိန်မျိုးမှာ ထိုက်သင့်အားလျော်တဲ့ တာဝန်ယူမှုလေး တစ်ခုလောက် ပါရင်ပိုကောင်းတယ်ပေါ့နော်။ ဝန်ထမ်း တွေ ကြီးငယ် မတူဘူးပေါ့နော်။ ပြန်လာတဲ့အခါကျလို့ရှိရင် ဘယ်လိုပုံစံမျိုး အစိုးရအနေနဲ့ တက်စွမ်းသ၍ တာဝန် ယူမယ် ဆိုတဲ့ဟာမျိုးကို ပေါ်လစီ တစ်ခုချမှတ်ပြီးတော့မှ ဝန်ထမ်းတွေ ဘက်မှာလည်း အခက်အခဲရှိတာပေါ့။ အဲအတွက်ကြောင့်မို့ ပျှမ်းမျှခြင်း ဘယ်လိုပုံစံမျိုးနဲ့ အစိုးရက တာဝန်ယူပြီးတော့မှ ကြေညာပြီးခေါ်တဲ့ ဟာမျိုးလေး ဆိုရင်တော့ ပိုကောင်းပါတယ်လို့ အကြံပြုချင်တာပါ”ဟု ပြောသည်။
နစကသည် လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအနက် အရာရှိကြီးများအား မေလ ၅ ရက် နောက်ဆုံးထား ပြန်လာရန် ဆင့်ခေါ်ထားသလို အလယ်အလတ် အရာရှိများနှင့် အငယ်တန်းအရာရှိများကိုတော့ မေလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လာရန် ဆင့်ခေါ်ထားကြောင်း သိရသည်။
ဌာနဆိုင်ရာ အကြီးအကဲများက လားရှိုးမြို့သို့ ပြန်လာရန် ဆင့်ခေါ်ရာတွင် မိမိအစီအစဉ်ဖြင့်သာ ပြန်လာရန် ခေါ် နေခြင်းကြောင့် အဆင်မပြေကြောင်း၊ ဝန်ထမ်းများအတွက် နေစရာအိမ်များလည်း အဆင်သင့်မဖြစ်သေးကြောင်း၊ ထို့ကြောင့် လားရှိုးသို့ ပြန်လည်သွားရောက်၍ တာဝန်ထမ်းဆောင်ရန် အခက်အခဲဖြစ်နေကြောင်း ပညာရေးဝန် ထမ်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
လားရှိုးမြို့အဝင်းကို တွေ့ရစဉ်
၎င်းက “အစတုန်းကတော့ ၁၅ ရက်နေ့ မရောက်ရင် ကိုယ့်တာဝန်ကို ကိုယ်ယူပေါ့။ သူပြောခဲ့တာ အခုကျတော့ လည်း ဘာမှတော့ ပြန်မပြောလာတော့ဘူး။ လားရှိုးက လူတွေမေးတာတော့ သူတို့ကတော့ ဓားမြတိုက်တဲ့ လူတွေ လည်း အရမ်းများတယ်ပေါ့နော်။ ဓားမြတိုက်တာအပြင်ကို လုယက်တာတွေ ပိုများတယ်။ လိုင်းကားတွေ ဘာတွေ သွားရင် ကားတောင်လုတယ်။ ကားနဲ့သွားရင်လည်း မလုံခြုံဘူးဖြစ်နေတာပေါ့။ ဆိုင်ကယ်ဆိုရင်တော့ ပြောမနေနဲ့ လုသွားတာတွေ ရှိတယ်တဲ့။ အဲဒါတွေလည်း ဘာမှမလုပ်ပေးနိုင်သေးဘူးပေါ့။ အဲလိုတော့ပြောတာပေါ့။ ဝန်ထမ်း တွေ ပြန်ခေါ်မယ်ဆိုရင် ကျောင်းနေတဲ့ ဝန်ထမ်းစာရင်းပေါ့နော်၊ တစ်ကျောင်းစီရဲ့ ဝန်ထမ်းတွေကို သူက တာဝန်ခံ ဒါမှမဟုတ်ရင် ကျောင်းအုပ်ရှိမှာပဲလေ သူတို့ဆီကမှ ကျောင်းတွေမှာ ဘယ်နှစ်ယောက်က ပြန်လာနိုင်တယ် ဘယ် နှစ်ယောက်က အခက်အခဲရှိတယ် အဲလိုစာရင်းလေး အရင်ကောက်ပြီးတော့မှ ပြန်မလာနိုင်တဲ့ ဆရာ/ဆရာမတွေ ကိုလည်း သူတို့ ရောက်ရှိနေတဲ့ နေရာမှာပဲ ဆက်လက်ပြီး တာဝန်ထမ်းဆောင်နိုင်အောင်ပေါ့။ လုပ်ပေးရင်တော့ ပိုအဆင်ပြေမှာပေါ့။ အစ်မကတော့ စာထုတ်ပြီး မခေါ်ထားတဲ့အတွက်ကြောင့် တရားမဝင်ဘူးထင်လို့ကို အခုချိန်ထိ မပြန်သေးတာပေါ့နော်။ စာထုတ်ပြီးမှတော့ ခေါ်သင့်တယ်ပေါ့”ဟု ပြောသည်။
လားရှိုးမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိ၍ စီးပွားရေးနှင့်စစ်ရေးအရ အလွန်အရေးပါ သော မြို့ဖြစ်သည်။
လက်ရှိတွင် နစကသည် လားရှိုးမြို့အား MNDAA ထံမှ ပြန်လည်လွှဲပြောင်းရယူပြီးနောက် အစိုးရလုပ်ငန်းများနှင့် အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နိုင်ရေး ပြင်ဆင်လျက်ရှိသလို မူလတာဝန်ထမ်းဆောင်ခဲ့သော အရပ်ဖက် ဝန်ထမ်းများကိုလည်း ဆင့်ခေါ်လျက်ရှိနေသည်။
သို့သော် လားရှိုးမြို့သည် စစ်ပွဲကြောင့် ပျက်စီးမှုများ ခံထားရသလို ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေခြင်း၊ ဝန်ထမ်း အိမ်ယာများ ပြန်လည် တည်ဆောက်ရန် လိုအပ်နေခြင်း၊ အစိုးရရုံးများ ပြန်လည် ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေ ခြင်း၊ လားရှိုးမြို့သို့ လာရောက်ရန် လမ်းပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းနေခြင်း စသည့် အခြေအနေများကြောင့် အရပ်ဖက်ဝန်ထမ်းများသည် လားရှိုးမြို့သို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ရန် ဝန်လေးနေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 657
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
ရွေးကောက်ပွဲ ကျင်းပရေးနှင့် နိုင်ငံရေးပါတီများ သတ်မှတ်ပြဋ္ဌာန်းဥပဒေအတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဘာပြောလဲဆိုတာကို CNI က အမေးအဖြေ အပြည့်အစုံကို တင် ဆက်ပေးလိုက်ပါသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 809
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
လက်ရှိ မြန်မာ့တော်လှန်ရေး အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ကိုင်းတိုင်းကို ဘာကြောင့် လိုချင်နေကြသလဲ ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။
စစ်ကိုင်းတိုင်းသည် တိုင်းဒေသကြီး ၇ ခုထဲတွင် အကျယ်ဆုံး တိုင်းတစ်ခုဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ယူစဉ်ကတည်းက နိုင်ငံရေးသမား အများစုရှိခဲ့ကြခြင်းဖြစ်သလို ရတနာများ ထွက်ရှိသည့်အတွက် နှစ်ဖက်အင်အားစုများအကြား လိုချင်နေကြခြင်းဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
KIA/PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဘာကြောင့် ယူထားတာလဲဆို စစ်ကိုင်းမှာကြ ရတနာတွေ တော်တော်ထွက်တယ်။ ရတနာတွေဆိုတာက သတ္တုတွေကအစပေါ့နော်။ ရွှေတွေ အဲဒီဟာအပြင်ကို နျူကလီးယားလုပ်တဲ့ ယူရေနီယမ်တွေကအစ စစ်ကိုင်းတိုင်း မှာ ထွက်ရှိတယ်လို့ သိရှိထားရတာပေါ့။ အဲဒါတွေလည်း ပါမှာပေါ့လေ စစ်ကိုင်းတိုင်းကို အရမ်းလိုချင်နေတဲ့ကိစ္စ ကတော့ အရင် နဝတ၊ နအဖ လက်ထက်တုန်းကလည်း ရွှေတိုင်းဒေသကြီးလို့ သတ်မှတ်ထားခဲ့တာလေ စစ်ကိုင်း တိုင်းကို။ စိုက်ပျိုးရေး ကတော့ နဝတ လက်ထက်က တည်ထောင်ခဲ့တာပေါ့။ အစကတော့ ရေသွင်း စိုက်ပျိုးရေး ဆိုပြီး စစ်ကိုင်းတိုင်းမှာ မရှိခဲ့ဘူးလေ နဝတလက်ထက်မှာ တော်တော်အောင်အောင်မြင်မြင် ဖြစ်ခဲ့တယ်” ဟု ပြော သည်။
စစ်ကိုင်းတိုင်းတွင် တိုင်းအတိုင်ပင်ခံကောင်စီ (သို့မဟုတ်) အစုအဖွဲ့တစ်ခု တည်ဆောက်၍ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးတို့ ဖော်ဆောင်ရန် နွေဦးတော်လှန်ရေး၌ ပါဝင်သည့် နိုင်ငံရေး အင်အားစုများနှင့် လက်နက်ကိုင်များသည် စစ်ကိုင်းဖိုရမ်ဆိုကာ စုဖွဲ့ ထားကြသည်။
ထိုသို့ နိုင်ငံရေးအရ စစ်ကိုင်းဖိုရမ်ကဲ့သို့ လုပ်ဆောင်မှုများရှိပြီး တိုင်းရင်းသားများဘက်မှ ကြည့်ပါက စစ်ကိုင်းတိုင်း သည် ဦးစားပေး မဟုတ်သော်လည်း ၎င်းတို့ဒေသများကို ကာကွယ်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ကိုင်းတိုင်းကတော့ တိုင်းရင်းသားဘက်က ကြည့်ရင်တော့ အစွန်းထွက်တဲ့ နေရာပေါ့။ ဥပမာအားဖြင့် ကချင်ဘက်ကကြည့်ရင်လည်း ကချင်ပြည်နယ်နဲ့ ကချင်ဒေသကို စစ်ကိုင်းတိုင်းမှာ သူ့ကချင်ပြည်နယ်ရဲ့ ပြင်ပ ပေါ့လေ။ အဲဒီမှာ စစ်ရေးဖော်ဆောင်ပြီးတော့ ကချင်ပြည်နယ်ကို စစ်ရေးလျော့အောင် သူလုပ်နိုင်တာပေါ့။ ထို့ အတူပဲ ချင်းတို့ဘာတို့လည်းပဲ ဒီအတိုင်းပါပဲ။ ချင်းတို့၊ ရခိုင်တို့ လုပ်နိုင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် စစ်ကိုင်း တိုင်းက ကြားဖြစ်ပြီးတော့ အဖွဲ့အစည်းအသီးသီးက စစ်ကိုင်းတိုင်းကို ဦးစားပေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လှုပ်ရှားမှု အနေနဲ့တော့ ပါလာနိုင်တာပေါ့။ သို့သော်လည်းပဲ စစ်ကိုင်းကိုယ်တိုင်က လုပ်ရမယ့် အလုပ်တွေလည်း ရှိပါတယ်။ စစ်ကိုင်းဖိုရမ်တို့ ဘာတို့လည်း တချို့ အသိအမှတ်ပြုခံရပြီးတော့ ဆွေးနွေးတာတွေ ဘာတွေတွေ့ရ ပါတယ်။ ဒါကြောင့် စစ်ကိုင်းဖိုရမ်နဲ့ နိုင်ငံရေးပုံစံပေါ့လေ။ စစ်ကိုင်း constitution ပေါ့” ဟု ပြောသည်။
BPLA တပ်ဖွဲ့ကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းထဲတွင် ဂတ်စ်၊ ရေနံ၊ ကျောက်၊ ရွှေ၊ ကြေးနီ၊ သစ်၊ ရွှေဖြူ၊ ခရိုမိုက်၊ ပလက်တီနမ်၊ ကျောက်မီးသွေး၊ သံ၊ မြေရှားသတ္တု စသည့် သယံဇာတများ ထွက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၌ ဗဟိုအစိုးရအာဏာ တိုက်ရိုက် သက်ရောက်မှု မရှိသော်လည်း မြန်မာနိုင်ငံ၏ နယ်နိမိတ်တွင်သာ ရှိပြီး ခြေ/ဥအရ ပေးထားချက် ပိုင်နက်ရှိပြီးသားဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ကိုင်းတိုင်း အရေးပါခြင်း၊ မပါခြင်းဆိုတာ အဲဒီစစ်ကိုင်းတိုင်းမှာ လောလောဆယ် ဘယ်သူက ကွပ်ကဲမှု ပေးနိုင်လဲဆိုတာ အရေးကြီးတယ်။ ဆိုလိုတာက ဗဟိုအစိုးရအာဏာချက်အရ တချို့နေရာတွေက အာဏာချက် တိုက်ရိုက် သက်ရောက်မှု မရှိဘူးဆိုပေမယ့် မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းဝိုင်းမှာ စစ်ကိုင်းတိုင်းက ရှိနေတယ်။ အဲဒီတော့ အဲဒီအချက်ကိုသာ မူတည်ပြီး ပြောမယ်ဆိုရင် စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေအောက်မှာပဲရှိတာ။ ဥပဒေရဲ့ ပေးထားချက် ပိုင်နက်ထဲမှာ ရှိပြီးသားဖြစ်တဲ့ အတွက်ကြောင့် ဗဟိုအစိုးရရဲ့ အဓိက သဘောထားပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း၌ နာဂလက်နက်ကိုင် NSCN (နာဂလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး ၆ ဖွဲ့ ရှိ)၊ ရှမ်းနီ အမျိုးသားများတပ်မတော်(SNA)၊ ကသည်းလက်နက်ကိုင် (PLA,MPA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)တို့ရှိသည်။
ထို့ပြင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA/ZRO)၊ ကူကီးအမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B)၊ NUG အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များ၊ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA-ကွန်မြူနစ်)၊ 96 soldier (ကိုဇေယျာလွင် ဦးဆောင်)၊ CNDF(ချင်းမျိုးနွယ်စုအဖွဲ့)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDFs)များ စသဖြင့် ရှိကြသည်။
အလားတူ မြန်မာ့တပ်မတော်၏ လက်အောက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့(ပသစ)များနှင့် ပျူစောထီးတပ်ဖွဲ့(ပစထ)များ လည်း ရှိကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 595
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအလွန် အစိုးရတစ်ရပ်ပေါ်ပေါက်လာပါက ပြည်တွင်းမှာဖြစ်ပွားနေသည့် နိုင်ငံရေး တည်ငြိမ်အောင် မည်သို့ လုပ်ဆောင်မည်လဲဆိုကာ မေးခွန်းထုတ်မှုများ ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးကဏ္ဍ၊ ပြည်တွင်း ငြိမ်းချမ်း ရေး ဆောင်ရွက်ရမည့်ကိစ္စများ၊ ထိုမှတဆင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအသစ်အား တည်ဆောက်ရန် စသည့် ဦးတည်ချက် ၃ ချက်သည် ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် အစိုးရအတွက် တာဝန်ကြီးမားကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ အချက် ၃ ချက်အား ဆောင်ရွက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းသည် နိုင်ငံရေးတည်ငြိမ်မှုပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့်ကာလ အစိုးရလက်ထက်များတွင် လုပ်ဆောင်ခဲ့သည်များအား နောက်လာမည့် အစိုးရအနေဖြင့် ချေဖျက်ခြင်းမျိုး မဖြစ်သင့်ဘဲ စုပေါင်းကာ ခိုင်မာသည့် အစိုးရတစ်ရပ်အား ပုံဖော်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
ဒေါက်တာအေးမောင်က “လာမယ့် ရွေးကောက်ပွဲအလွန် အစိုးရမှာ တာဝန်ကြီးတာပေါ့၊ ပထမတစ်ချက်က ကျနော်တို့ရဲ့ ပြည်တွင်းစစ်ကြီးပေါ့ဗျာ၊ ဒါကြီးကို အပစ်အခတ်ရပ်တဲ့ ကိစ္စကနေစပြီးတော့ အချင်းချင်း နိုင်ငံရေး ယုံကြည်မှုရှိအောင် ဆွဲခေါ်ယူနိုင်ရမှာပေါ့၊ ဒါကတော့ အလွန်ကြီးမားတဲ့ တာဝန်ပေါ့ဗျာ၊ လက်ငင်းမှာ မန္တလေး ငလျင်ကြီးကြောင့် ဖြစ်နေတဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍကို အင်အားအပြည့်နဲ့ ဆောင်ရွက်ကြရမှာပေါ့၊ အဲဒီ နောက်မှာ ခုနကပြောတဲ့ ဆောင်ရွက်ကြရမယ့် ပြည်တွင်းငြိမ်းချမ်းရေးပေါ့ဗျာ၊ အဲဒီကနေတဆင့် ဖွံ့ဖြိုး တိုးတက် တဲ့နိုင်ငံ အသစ်ပေါ့ဗျာ၊ ဒီဦးတည်ချက် ၃ ရပ်ကတော့ လိုအပ်တာ၊ ဆိုတော့ အဲဒီလို တာဝန်ကြီး ၃ ရပ်ကရှိနေတော့ ရွေးကောက်ခံပြီးတော့ ပေါ်ထွန်းလာမယ့် အစိုးရသည် တာဝန်ကြီးတယ် ဆိုတာတစ်ခုကတော့ အားလုံးကလည်း ဒီလိုပဲ သတ်မှတ်မယ်ထင်တယ်၊ အဲဒီတော့ အဲဒီ ၃ ခု ခုနက ဦးတည်ချက် ၃ ခုကို ဆောင်ရွက်နိုင်မယ့် တစ်ခုတည်း သော နည်းသည် နိုင်ငံရေးတည်ငြိမ်မှုပေါ့ဗျာ၊ အဲဒီလို လုပ်နိုင်ဖို့အတွက် အခု နစကရဲ့ ၅ နှစ်ပေါ့ဗျာ၊ အဲဒီမတိုင်ခင် NLD ရဲ့ ၅ နှစ်ပေါ့၊ အဲဒီမတိုင်ခင် USDP ရဲ့ ၅ နှစ်ကို ခိုင်ခိုင်မာမာ ချိတ်ဆတ်နိုင်ရမယ့် တာဝန်ကြီးတစ်ခု လာမယ့် အစိုးရမှာ ပေါ်ထွန်းလာတာပေါ့၊ ပြီးခဲ့တဲ့ကာလ လုပ်ခဲ့တာအကုန်လုံးကို နောက်အစိုးရက အကုန်ချေဖျက်တာမျိုး မဖြစ်သင့်ဘူးပေါ့၊ စုပေါင်းပြီးတော့ ခိုင်မာတဲ့ အစိုးရတစ်ရပ်ကို ပုံဖော်ရမှာပေါ့၊ အဲဒီလို ပုံဖော်ခြင်းသည် ပြည်တွင်း ပဋိပက္ခကိုလည်း ပိုပြီးတော့ တည်ငြိမ် အေးချမ်းသွားအောင် ဦးဆောင်နိုင်ရမှာပေါ့” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောကြားထားသည်။
ရွေးကောက်ပွဲအလွန် အစိုးရအနေဖြင့် လက်နက်ကိုင်ပြဿနာများအား ရှင်းကိုရှင်းရမည်ဖြစ်ကြောင်း၊ ထို့ပြင် သတိထားရမည့် အချက်သည် အင်အားကြီး နိုင်ငံတချို့၏ ပါဝင်ပတ်သက်မှုများလည်း ရှိနေသောကြောင့် နိုင်ငံတကာ ဆက်ဆံရေးအား အာရုံစိုက်ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “အဓိက,ကတော့ ပဋိပက္ခပြဿနာတွေပေါ့နော်၊ ပဋိပက္ခဆိုတာ လက်နက်ကိုင်ပဋိပက္ခ ပြဿနာတွေပေါ့၊ ဒါတွေက ရွေးကောက်ပွဲပြီးအစိုးရက ရှင်းကိုရှင်းရမှာပေါ့၊ အဲဒီတော့ ဒီပဋိပက္ခ ပြဿနာတွေက အရင်းအမြစ်တွေ လိုက်ရှာလိုက်ရင်တော့ သမိုင်းကြောင်း ဖြစ်စဥ်တွေလည်း ရှိတယ်၊ သယံဇာတ ခွဲဝေမှုကိစ္စတွေလည်းရှိတယ်၊ နိုင်ငံရေး ရပ်တည်မှုတွေလည်း ရှိတယ်။ အဲဒီအပြင် ပိုပြီးတော့မှ သတိထားဖို့ကောင်းတာက အင်အားကြီးနိုင်ငံ တချို့ရဲ့ ပါဝင်ပတ်သတ်မှုတွေ ရှိနေတယ်၊ အဲဒီတော့ ဒါတွေကို မဖြေရှင်းပဲနဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ဖို့က လည်း တော်တော်လေး ခက်လိမ့်မယ်ဆိုတော့ နိုင်ငံတကာဆက်ဆံရေးကို တော်တော်လေးကို အာရုံစိုက်ပြီး လုပ်ရလိမ့်မယ်၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက တကယ်သေချာ စဥ်းစားကြည့်ရင် အထောက်အပံ့ မပါဘဲနဲ့ ရပ်တည်လို့ မရဘူးလေ၊ လက်နက်ဆိုတာ တစ်ခုခု တစ်နေရာရာက ထောက်ပံ့နေမှ ရမှာလေ၊ အဲဒီ အထောက်အပံ့တွေ ဘယ်ကလာလဲပေါ့၊ ဒါစဥ်းစားကြည့်ရင် ရှင်းရှင်းလေးပါ၊ ဒါတွေအားလုံးက နိုင်ငံတကာကိစ္စတွေနဲ့ ပတ်သက်နေတာပဲ၊ မူဝါဒတို့ နိုင်ငံရေး ခံယူချက်တို့ဆိုတာ စားပွဲပေါ်မှာညှိရင် ရတယ်လေ၊ ညှိလို့မရတာက ထောက်ပံ့နေတဲ့ အင်အားစုတွေလေ၊ အဲဒါတွေကကျတော့ သံခင်းတမန်ခင်းနဲ့မှ ဆက်ဆံလို့ ရမှာပေါ့” ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးပြီး ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းများနှင့် လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူ များလည်း မြင့်တက်လျက်ရှိသည်။
ထို့ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများအား ဖြေရှင်းဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲအလွန် အစိုးရအနေဖြင့် နိုင်ငံရေးတည်ငြိမ်ရန် လုပ်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲအခတ်များက ထောက်ပြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 625
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၅
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တစ်ပါတီစနစ်ဖြင့် သွားမည်ဆိုပါက တိုင်းပြည် ပိုပျက်သွားနိုင် ကြောင်း နိုင်ငံရေးပါတီအချို့က ထောက်ပြကြသည်။
နိုင်ငံရေးပါတီများအကြားတွင် မြန်မာနိုင်ငံ၏ စစ်ရေးတင်းမာမှု၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့သည် ပါတီစုံ စနစ်ကြောင့်ဖြစ်ပြီး တစ်ပါတီစနစ်ဖြင့် ပြန်လည်တည်ဆောက် သွားသင့်ကြောင်း သဘောထား ကွဲလွဲမှုများ ရှိနေကြသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ ကျင့်သုံးမှုကြောင့် လက်နက်ကိုင်အဖွဲ့အစည်း ပေါများကာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိခြင်းမဟုတ်ဘဲ ယခင် တစ်ပါတီစနစ် ကျင့်သုံးခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကတည်းက လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ရှိခဲ့ခြင်းဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ယခင်ကျင့်သုံးခဲ့စဉ်ကလည်း တိုင်းပြည်တိုးတက်လာခြင်းမရှိဘဲ ဆုတ်ယုတ်ခြင်းသာရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ အခင်းအကျင်း၌ တစ်ပါတီစနစ်ဖြင့် သွားမည်ဆိုပါက တိုင်းပြည် ပိုပျက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
စိုင်းဋ္ဌေးအောင်က “ ပါတီစုံနဲ့ပဲသွားရမှာပါ။ တစ်ပါတီနဲ့ကတော့ သွားလို့မရပါဘူး။ ကျနော်တို့ အခုနေ တစ်ပါတီ နဲ့သွားရင် တိုင်းပြည် ပိုပျက်သွားပါလိမ့်မယ်။ လောလောဆယ် ပြောင်းမယ်ဆိုရင်။ မလွယ်ကူဘူး။ တစ်ပါတီစနစ်နဲ့ ပါတီစုံဆိုရင်တော့ ကျနော်တို့ စနစ်ရှိရင်တော့ ဘာမဆိုကောင်းပါတယ်။ အမေရိကန်နဲ့ တရုတ်ကိုပဲ နှိုင်းယှဉ်ကြည့် ရမယ့် ပုံစံပေါ့။ တရုတ်ကတော့ တစ်ပါတီစနစ်နဲ့သွားနေတယ်။ အခုရုရှားတို့၊ တရုတ်တို့ကကြတော့။ စည်းနဲ့ကမ်းနဲ့ မူနဲ့ဘောင်နဲ့ အားလုံးက လုပ်မယ်ဆိုရင်ကြတော့ တိုင်းပြည်တိုးတက်တာပေါ့။ အမေရိကန်လည်း ပါတီစုံစနစ်ကို ကျင့်သုံးပေမယ့်လည်း အဆင်ပြေတာပဲလေ။ ကျနော်တို့က ဆိုရှယ်လစ်ခေတ်နဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ရမယ်။ ဆိုရှယ်လစ်ခေတ်နဲ့ ယနေ့ခေတ်ကို ပြန်နှိုင်းယှဉ်ရမယ်ဆိုရင်တော့ အခုပါတီစုံက ပိုလို့လွတ်လပ်တယ်လို့ ပြောလို့ရ တာပေါ့။ ပြည်သူလူထု အနေနဲ့လည်း နိုင်ငံရေး ကောင်းကောင်းနားလည်ပြီးမှ စနစ်တကျ ဖြစ်ဖို့တော့ လိုအပ်တာ ပေါ့။ ဘယ်စနစ်မဆို လူထုက နိုင်ငံရေးနားမလည်ရင် နိုင်ငံတည်ဆောက်ရ အရမ်းခက်ပါတယ်။ မလွယ်ကူဘူး ကျနော်တို့ ကျင့်သုံးခဲ့ပြီးပါပြီ တစ်ပါတီစနစ်ကို။ ၂၄ နှစ်တာပေါ့နော်။ ၇၄ အခြေခံဥပဒေအတည်ပြုပြီးမှ ၈၈။ အဲဒါ ကျင့်သုံးခဲ့တာလည်း တိုင်းပြည်က တိုးတက်လာတာမရှိဘဲ ဆုတ်ယုတ်တာပဲ ရှိတာပေါ့” ဟု ပြောသည်။
၁၉၆၂ ခုနှစ်က မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ မဆလပါတီကို ဖွဲ့စည်းကာ မြန်မာနိုင်ငံအား တစ်ပါတီစနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ပြည်သူလူထု တစ်ရပ်လုံး၏ ကြီးမားကျယ်ပြန့်သော အုံကြွဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ရပြီး သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးလည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် ခေါင်းဆောင်သော တပ်မတော်မှ အာဏာရယူခဲ့ကာ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ မဲပေးနေစဉ်
ထို့နောက် ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ကြရာမှ လက်ရှိအချိန်အထိ ပါတီစုံစနစ်ကိုသာ ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြု ပြောဆိုထားသည့်အပြင် ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောထား၍ တစ်ပါတီစနစ် ဖြစ်လာနိုင်စရာ မရှိကြောင်း ပြည်သူ့ပါတီ(PP)၏ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆက်လက် ဆောင်ရွက်မယ်လို့ ပြောနေတဲ့အတွက်ကြောင့် တချို့ကိစ္စတွေက အငြင်းပွားစရာ မရှိဘူးလို့ မြင်ပါတယ်။ နိုင်ငံတော်က ပါတီစုံဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုတာ ပြောပြီးသားဖြစ် တယ်။ အဲဒီတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ပုံစံတကျ စနစ်တကျဖြစ်အောင် ဆောင်ရွက်ကြဖို့ လိုတယ်လို့ပဲ မြင်ပါ တယ်။ ပါတီစုံက နိုင်ငံတကာမှာ တကယ်ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာလည်း ပါတီစုံဒီမိုကရေစီစနစ်နဲ့ သွား တာပဲလေ။ တစ်ပါတီနဲ့ သွားတယ်ဆိုတဲ့ကိစ္စက ထူးခြားတဲ့အခြေအနေတွေနဲ့ အဲဒီတစ်ပါတီစနစ် ဆက်လက် တည်မြဲနေတယ်ဆိုတာကလည်း အဲဒီခေါင်းဆောင်တွေရဲ့ အမြော်အမြင်တွေက ဆင်ခြင်တုံတရား အပေါ်မှာ လည်း မူတည်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
တစ်ပါတီစနစ်ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး(လမ်းစဉ်)အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခုတည်းမှ အုပ်ချုပ်သည့် စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည်အာဏာအား ဆုပ်ကိုင်ထားကာ အုပ်ချုပ်ခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူကို ကိုယ်တိုင် ရွေးချယ်အုပ်ချုပ်စေသော စနစ် ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များအား ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်၍ ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားများက ထောက်ပြကြ သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2350
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၅
ရွေးကောက်ပွဲကျင်းပခြင်းသည် ကာ/လုံမှ အာဏာလွှဲအပ်သည့် ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်၍ ရသည့်အတွက် နစကအနေဖြင့် ၆ လသက်တမ်းတိုးမည်ဆိုပါက ရွေးကောက်ပွဲမဖြစ်ဘူးဆိုသည့် သဘောဖြစ် ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲအား ယခုနှစ်(၂၀၂၅ ခုနှစ်)ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ထောက်ခံမှုများ လည်း ရရှိထားကြောင်း၊ ရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားခရီးစဉ် ကအပြန် ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် မီဒီယာများသို့ ပြောထားသည်။
ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ယခု ၆ လ သက်တမ်းပြည့်သည့် အချိန်တွင် နစကအနေဖြင့် သက်တမ်း ထပ်မတိုးဘဲ ကာ/လုံအား အာဏာလွှဲရမည်ဖြစ်ကြောင်း သို့မဟုတ် သက်တမ်းတိုးမည်ဆိုပါက ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ မဖြစ်ဘူးဆိုသည့် သဘောဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဇင်ဘာမှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ဆိုရင် အခု ၆ လ သက်တမ်းပြည့်တဲ့ အချိန်မှာ ထပ်မတိုးတော့ဘဲနဲ့ ကာ/လုံကို လွှဲရမယ်၊ ကာ/လုံကိုလွှဲမှ ကာ/လုံက ၆ လ အတောအတွင်းမှာဆိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်မှာ ရွေးကောက်ပွဲ ကျင်းပရမယ်၊ ဒါကြောင့်မို့လို့ အခုလာမယ့် ဇူလိုင် ၃၁ ရက်ပေါ့၊ အဲဒီဟာမှာ ကာ/လုံကို လွှဲပြီဆိုရင်တော့ ပိုပြီးသေချာ သွားပြီပေါ့နော်၊ ခိုင်လုံသွားပြီပေါ့။ ဇူလိုင် ၃၁ ရက်နေ့မှာကတော့ ကာ/လုံကို လွှဲအပ် လိမ့်မယ်လို့ ခန့်မှန်းပါတယ်၊ သက်တမ်းတိုးပြီဆိုရင်တော့ အခုကျနော်တို့ ဘယ်လာရုစ်မှာ ပြောထားတဲ့အတိုင်း ဒီဇင်ဘာမှာ မလုပ်နိုင်တော့ဘူးဆိုတဲ့ သဘောသက်ရောက်တယ်၊ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ကျင်းပ တာသည် နစက,က လုပ်လို့မရဘူး၊ အဲဒီတော့ ကာ/လုံ ကနေပြီးတော့ လွှဲအပ်တဲ့ အစိုးရ၊ ရွေးကောက်ပွဲကော်မရှင် ကသာလျှင် ဆောင်ရွက်လို့ရတာ ဖြစ်တဲ့အတွက်ကြောင့် သက်တမ်းတိုးပြီဆိုရင်တော့ ရွေးကောက်ပွဲ မဖြစ်ဘူးဆို တဲ့ သဘောပဲ၊ ဒီဇင်ဘာမှာ မဖြစ်ဘူးဆိုတဲ့သဘောပဲ၊ အဲဒီလို သက်တမ်းတိုး လိမ့်မယ်လို့ ကျနော်တော့ မမြင်ပါ ဘူး” ဟု ပြောသည်။
ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
နစကအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ (၇)ကြိမ်မြောက် ၆ လ သက်တမ်းထပ်မံတိုးခဲ့သည်။
နစကအနေဖြင့် ကာ/လုံအား အာဏာအပ်ပြီး ကာ/လုံမှ နာမည်တစ်ခုပြောင်းကာ ရွေးကောက်ပွဲ ကျင်းပမည်လား သို့မဟုတ် အခွင့်အာဏာကို နစကအား ပြန်လည်အပ်နင်း၍ ရွေးကောက်ပွဲ ကျင်းပခွင့် ပြုမည်လားဆိုခြင်းကို စောင့်ကြည့်ရမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက် ၆ လဆိုတဲ့ အခါကျတော့ ကျနော်တို့က ဇူလိုင် ၃၁ ပေါ့နော်၊ ဇူလိုင် ၃၁ မှာ သက်တမ်း ထပ်တိုး ရမှာပေါ့။ သက်တမ်းမတိုးရင် ရွေးကောက်ပွဲလုပ်မယ် ဆိုလို့ရှိရင် အခြေခံဥပဒေထဲမှာပါတဲ့ အတိုင်းကတော့ ဒါကာ/လုံကို အာဏာပြန်အပ်ရမယ်ပေါ့လေ၊ ကာ/လုံကိုပြန်လွှဲ ကာ/လုံကနေမှ ရွေးကောက်ပွဲကို ဦးစီး ကျင်းပ ရမယ်ဆိုတော့ ကာ/လုံအနေနဲ့လည်း နာမည်တော့ ပြောင်းသွားမယ်လို့တော့ ကျနော်တော့ မြင်ပါတယ်၊ ဥပမာ နစက,ကနေ နာမည်တစ်ခုခု ပြောင်းပေါ့နော်၊ အဲဒီလိုမျိုး ပုံစံမျိုးနဲ့လုပ်မလား သို့တည်းမဟုတ် ကာ/လုံကနေပဲ ဆက်ပြီးယူပါ၊ ရွေးကောက်ပွဲကိုလည်း နစကအနေနဲ့ အကောင်းမွန်ဆုံး လုပ်ဆောင်ပေးပါဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ထည့် ပေးလိုက်တယ်၊ ဒါသည် ကာ/လုံရဲ့ လုပ်ပိုင်ခွင့်ပဲလေ၊ ကာ/လုံရဲ့ လုပ်ပိုင်ခွင့်ပဲဆိုတော့ ကာ/လုံအနေနဲ့ ဘယ်လို လုပ်မလဲ ဆိုတာကတော့ ၇ လပိုင်း ၃၁ ရက်နေ့ကျရင်တော့ သိရမှာပေါ့၊ ၇ လပိုင်း ၃၁ ရက်နေ့မှ အဲဒီ အစည်းအဝေး ပြန်ခေါ်ပြီးတော့မှ ဒီလိုပြန်အပ်ပြီးတော့မှ ကာ/လုံအနေနဲ့ နာမည်တစ်ခု ပြောင်းပြီးလုပ်မလား သို့တည်းမဟုတ် အခွင့်အာဏာကို နစကဆီပဲ ပြန်ပေးပြီးတော့မှ ဒီဟာကို ကျင်းပခွင့်ပြုပါတယ်ဆိုတဲ့ဟာမျိုး လုပ်မလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
နစကသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဟု ပြောကြားခဲ့သော်လည်း သာမန် အခြေအနေ မဟုတ်သည့်အတွက်ဆိုကာ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးလာခဲ့ရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိပင်ဖြစ်သည်။
ထို့ပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုလည်း ပြောကြားထားသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးခြင်း ပြည့်ပြီးဖြစ်၍ သက်တမ်း တိုး/မတိုးကိုကြည့်ကာ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအား ခန့်မှန်းနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 513
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၄
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာခြင်းနှင့်အတူ ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်နိမိတ်များ ပြောင်းလဲရေး အပါအဝင် ခွဲထွက်ရေး ကြိုးပမ်းလာနိုင်သော အခြေအနေများအတွင်းမှာ နယ်နိမိတ်များကို လက်ရှိ အတိုင်းထားရန် ဆန္ဒရှိသူပိုများသည်ဟု Blue Shirt Initiative က ထုတ်ပြန်ခဲ့သော စစ်တမ်းမှာ ဖော်ပြထားသည်။
Blue Shirt Initiative ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်နိမိတ်များကို လက်ရှိအတိုင်း ထားရန် ဆန္ဒရှိသလား၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသစ်များ ဖွဲ့စည်းခြင်းကို ခွင့်ပြုသင့်လား အပါအဝင် ခွဲထွက်ရေးကို လက်ခံလား လက်မခံဘူးလားဆိုသော မေးခွန်းများ ပါဝင်သော စစ်တမ်းတစ်ရပ်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်မှ ၂၅ ရက် အတွင်း ပြည်သူလူထု၏ သဘောထားဆန္ဒကို ကောက်ခံ၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်တမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုနှ မြို့နယ် ၂၃၅ ခုတွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ပါဝင် ဖြေဆိုသူ ၃၁၈၅ ဦးရှိကြောင်း၊ Survey Link မှ ဖြေဆိုမှု ၁၈၄၀ ခု၊ မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှု ၁၂၄၂ ခု၊ တယ်လီဖုန်းဖြင့် ဖြေဆိုမှု ၇၂ ခုရှိကြောင်း Blue Shirt Initiative က ထုတ်ပြန်ခဲ့သည်။
ခွဲထွက်ရေး ခွင့်ပြုသင့်/မပြုသင့် စစ်တမ်းအဖြေလွှာကိုတွေ့ရစဉ်
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်နိမိတ်များကို လက်ရှိအတိုင်းထားရန် ဆန္ဒရှိကြောင်း နိုင်ငံတစ်ဝန်းလုံး တွင် ၄၆ ရာခိုင်နှုန်းရှိပြီး ပြည်နယ်အသစ်များ ဖွဲ့စည်းခြင်းကို ခွင့်ပြုသင့်သည်ဟု ဆန္ဒရှိသူက နိုင်ငံတစ်ဝန်းလုံး၌ ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ မသိသူနှင့် မဖြေဆိုလိုသူက ၂၂ ရာခိုင်နှုန်းရှိသည်။
ထိုမေးခွန်းကိုပဲ ပြည်နယ်များတွင် လက်ရှိအတိုင်းထားလိုသူ ၄၂ ရာခိုင်နှုန်းရှိပြီး ခွင့်ပြုသင့်သည်ဟု ဆန္ဒရှိသူ ၃၆ ရာခိုင်နှုန်းနှင့် မသိသူနှင့်မဖြေဆိုလိုသူက ၂၁ ရာခိုင်နှုန်းရှိကြောင်း၊ တိုင်းဒေသကြီးများမှာတော့ လက်ရှိအတိုင်း ထားလိုသူ ၄၇ ရာခိုင်နှုန်းရှိပြီး ခွင့်ပြုသင့်သည်ဟု ဆန္ဒရှိသူက ၃၁ ရာခိုင်နှုန်းနှင့် မသိသူနှင့်မဖြေလိုသူက ၂၁ ရာခိုင်နှုန်းရှိသည်။
အလားတူ ရန်ကုန်မြို့မှာတော့ ၄၆ ရာခိုင်နှုန်းက လက်ရှိအတိုင်းထားလိုကြပြီး ၃၁ ရာခိုင်နှန်းကတော့ ခွင့်ပြုသင့် ကြောင်း ဆန္ဒရှိကြသလို ၂၂ ရာခိုင်နှုန်းကတော့ မသိသူနှင့်မဖြေလိုသူများဖြစ်ကြသည်။
စစ်ကိုင်းနှင့်မကွေးတိုင်းမှာတော့ ၅၁ ရာခိုင်နှုန်းက လက်ရှိအတိုင်းထားလိုကြပြီး ၃၅ ရာခိုင်နှုန်းက ခွင့်ပြုသင့်သည် ဟု ဆန္ဒရှိကြသလို ၁၄ ရာခိုင်နှုန်းက မသိသူနှင့် မဖြေလိုသူများဖြစ်ကြသည်။
မြန်မာနိုင်ငံကို ခွဲထွက်ခွင့် ပြုသင့်ကြောင်းနှင့် လက်ရှိအတိုင်း စုစည်းထားသင့်ကြောင်း ဘယ်လို ဆန္ဒရှိလဲဆိုသော မေးခွန်းကိုတော့ နိုင်ငံတစ်ဝန်းလုံးတွင် ၄၇ ရာခိုင်နှုန်းက လက်ရှိအတိုင်း စုစည်းထားသင့်ကြောင်း ဆန္ဒရှိကြပြီး ၃၃ ရာခိုင်နှုန်းကတော့ ခွဲထွက်ခွင့် ပြုသင့်ကြောင်း၊ ၂၀ ရာခိုင်နှးန်ကတော့ မသိသူနှင့်မဖြေလိုသူများဖြစ်ကြောင်း Blue Shirt Initiative စစ်တမ်းမှာ ဖော်ပြထားသည်။
ထို့နောက် ပြည်နယ်များတွင် ၄၀ ရာခိုင်နှုန်းက လက်ရှိအတိုင်း စုစည်းထားသင့်ကြောင်းနှင့် ၄၂ ရာခိုင်နှုန်းက ခွဲထွက်ခွင့်ပြုသင့်ကြောင်း ဆန္ဒရှိကြသလို ၁၉ ရာခိုင်နှုန်းကတော့ မသိသူနှင့် မဖြေလိုသူများ ဖြစ်ကြသည်။
အလားတူ တိုင်းဒေသကြီးများ၌ ၄၉ ရာခိုင်နှုန်းက လက်ရှိအတိုင်း စုစည်းထားသင့်ကြောင်းနှင့် ၃၀ ရာခိုင်နှုန်းက ခွဲထွက်ခွင့် ပြုသင့်ကြောင်း ဆန္ဒရှိကြသလို ၂၁ ရာခိုင်နှုန်းက မသိသူနှင့် မဖြေလိုသူများဖြစ်ကြသည်။
လက်နက်ကိုင် အင်အားစုကိုတွေ့ရစဉ်
ရန်ကုန်မြို့မှာတော့ ၄၄ ရာခိုင်နှုန်းက လက်ရှိအတိုင်း စုစည်းထားသင့်ကြောင်းနှင့် ၃၂ ရာခိုင်နှုန်းက ခွဲထွက်ခွင့်ပြု သင့်ကြောင်း ဆန္ဒရှိကြသလို ၂၄ ရာခိုင်နှုန်းက မသိသူနှင့် မဖြေလိုသူများ ဖြစ်ကြသည်။
စစ်ကိုင်းနှင့်မကွေးတိုင်းတွင်လည်း ၅၅ ရာခိုင်နှုန်းက လက်ရှိအတိုင်း စုစည်းထားသင့်ကြောင်းနှင့် ၃၁ ရာခိုင်နှုန်းက ခွဲထွက်ခွင့် ပြုသင့်ကြောင်း ဆန္ဒရှိကြသလို ၁၃ ရာခိုင်နှုန်းက မသိသူနှင့်မဖြေလိုသူများ ဖြစ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြားလည်းကောင်း၊ လက်နက်ကိုင် အင်အားစု အချင်းချင်းကြား၌လည်းကောင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။
အဆိုပါ တိုက်ပွဲများအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်နိမိတ်များ ပြင်ဆင်ဖွဲ့စည်းရေး၊ ခွဲထွက်ရေး၊ ကိုယ်ပိုင် အထူးဒေသများ ရရှိရေး၊ နစကနှင့်မြန်မာ့တပ်မတော် ဖြုတ်ချရေး စသည့် မတူညီသော ရည်မှန်းချက်များပါဝင်နေ ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 527
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၄
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance က ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အဆိုပြုလာခြင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမဟုတ်ဘဲ ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်ရေးကို မျှော်မှန်းနေသလားဆိုကာ မေးခွန်းထုတ်လျက်ရှိနေသည်။
7 EAO Aillance အနေဖြင့် ၎င်းတို့ပြောသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ဆိုသော အဓိပ္ပာကို နစကထံ ရှင်းရှင်းလင်းလင်း ချပြသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “အဲဒီ ကတိကဝတ်က ဒါ NCA စာချုပ်မှာလည်းပါပါတယ်။ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နေတာလို့ သုံးသပ်လို့ရပါတယ်၊ အဲဒီလို တည်ဆောက်ဖို့အတွက် နစကသည် အဆင်သင့်ဖြစ်တယ်၊ တပ်မတော်သည် အဆင်သင့်ဖြစ်တယ်ဆိုတဲ့ ဘက်နဲ့သွားနေတာ ဖြစ်ပါတယ်။ ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဆိုတဲ့ဥစ္စာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုနက ဦးတည်ချက်နော်၊ ဟို ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့အတွက် ရည်မှန်းတာလား၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီ ဖြေကြားချက်တွေ မရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံဖြစ်အောင်သွားဖို့ 7 EAO သည် ရည်မှန်းတာလားဆိုတဲ့ ဥစ္စာ ကို ရှင်းရှင်းလင်းလင်းနဲ့ နစကဘက်ကို အသိပေးဖို့ လိုပါလိမ့်မယ်။ ခုနက ရွေးကောက်ပွဲကြီး တစ်ခုကိုလုပ်မယ် ရွေးကောက်ခံ အစိုးရတစ်ရပ်ကို အခြေခံဥပဒေအရ ပေးထားချက်ဖြစ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ကျင်းပပေးမယ် အာဏအပ်နှင်းပေးမယ်”ဟု ပြောသည်။
7 EAO Aillance အဆိုပြုချက်ကို တွေ့ရစဉ်
7 EAO Aillance သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈-၂၉ ရက်များက အစည်းအဝေး တစ်ရပ်ကျင်းပ၍ အချက် ၅ ချက် ဖော်ဆောင်ရန် နစကကို အဆိုပြုခဲ့သည်။
အဆိုပါ အဆိုပြုချက် ၅ ချက်မှာ (၁) ပဋိပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိဘဲ အပစ်ရပ်ကြေညာရန်၊ (၂) သက်ဆိုင်သူများအကြား ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကတိကဝတ်ပြုရန်၊ (၃) ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ (၄) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်၊ (၅) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်ကလည်း လက်ခံထားပြီဖြစ်၍ ရွေးကောက်ပွဲ ကျင်းပပြီးနောက် လွှတ်တော်ပေါ်လာသည့်အခါမှာ ပြင်ဆင်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲလိုလျှင်လည်း လူထု ဆန္ဒခံယူပွဲလုပ်ကာ ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP )မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၈ ဖွဲ့စည်းပုံနဲ့ရွေးကောက်ပွဲသည် ဖက်ဒရယ်၊ ဒီမိုကရေစီသဘောကို ပါတယ်ဆိုရုံလေး ယောင်ယောင် လေးပဲ ပါပြီးတော့မှ တကယ့် အနှစ်သာရတွေ မပြည့်ဝဘူး။ အဲတော့ ဖက်ဒရယ်၊ ဒီမိုကရေစီ နိုင်ငံတစ်ခု သွားချင် တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ကိုပြင်ရမှာ အဲတော့ လက်ရှိ SAC နဲ့ တပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မယ်ဆိုတာ ပြောတော့ပြောနေပြီးသား သူတို့ကဘက်ကလည်း ပြင်ဆင်ရမဲ့အချက် ပြင်ဆင် ချင်တဲ့ အချက်ကို သူတို့မှာ ဒါပြုစုထားပြီးသားပေါ့နော်၊ သို့သော် ဒါတွေသည် လွှတ်တော်ပေါ်လာမှ လွှတ်တော် လမ်းကြောင်းကနေပြင်မှ အဆင်ပြေမှာပေါ့။ မဟုတ်လို့ရှိရင် တခြားနည်းလမ်းတွေနဲ့ဆို အဆင်ပြေနိုင်ဖို့ မလွယ် ဘူးလေ အဲတော့ ရွေးကောက်ပွဲလုပ် လုပ်ပြီးရင် လွှတ်တော်ပေါ်လာတဲ့ အချိန်ကျမှ ဒါဖက်ဒရယ်ပိုဆန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ပေါ့။ ဒါပြင်ချင်လည်းပြင် ဒါမှမဟုတ် အသစ်မှပြန်ရေးချင်တယ်ဆိုရင်လည်း ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ခံယူပြီးတော့မှ ပြန်ရေးပေါ့”ဟု ပြောသည်။
7 EAO ကိုတွေ့ရစဉ်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု ပြဋ္ဌာန်းထား သည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်ဟု အဆိုပြုလာသည့် 7 EAO Aillance သည် NCA ထိုးထားသော RCSS၊ PNLO၊ NMSP၊ LDU၊ DKBA၊ KNU/KNLA-PC၊ ALP (ယခု ALPR လို့ နာမည် ပြောင်းထား)တို့ဖြစ်သည်။
နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ကျင်းပသွားမည်ဟု ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 931
CNI News
၂၀၂၅ ခုနှစ်၊ မေ ၁၄
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသတို့တွင် ယခု ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးနှင့်နိုင်ငံရေးအခြေအနေ ဘယ်လိုရှိလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များကြား သုံးသပ်နေကြသည်။
မြောက်ပိုင်းဒေသသည် ညှိနှိုင်းရင်းဖြင့် သွားနိုင်ပြီး တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသတို့တွင် ပုံစံတစ်မျိုးဖြစ်လာ နိုင်ကြောင်း၊ စစ်ရေးနှင့်နိုင်ငံရေး အခင်းအကျင်းသည် ရွေးကောက်ပွဲမတိုင်ခင် ၆ လအတွင်း ဖြစ်ပေါ်လာမည့် အခြေအနေအပေါ် အဆုံးအဖြတ် ဖြစ်မည်ဟုယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNIသတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်က အကောင်းတစ်ဝက် အဆိုးတစ်ဝက် ရောထွေးနေတဲ့သဘောလို့ ယူဆပါတယ်။ မြောက်ပိုင်းတွေ ကတော့ ဘာဖြစ်ဖြစ် KIA အပါအဝင် မြောက်ပိုင်းတွေကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ သွားပြီးတော့ ဒေသခံတွေ ကလည်း ပဲ နည်းနည်းသက်သာမှာပေါ့။ အဲဒီလို ဖြစ်လာမယ့်အခါမှာ တောင်ပိုင်းကတော့ ပိုပြီးတော့ နည်းနည်းကြပ်တည်း လာနိုင်တယ်။ အနောက်ပိုင်းပေါ့ ရခိုင်နဲ့ချင်းနဲ့ကြတော့လည်း ပုံစံတစ်မျိုးဖြစ်နိုင်တယ်။ ဒါကြောင့် အကောင်း တစ်ဝက် အဆိုးတစ်ဝက် ဖြစ်နိုင်ပါတယ်။ အဲဒါကလည်း ဘယ်အပေါ် မူတည်လဲဆိုတော့ လောလောဆယ် အလယ်ပိုင်းဒေသကို ကြီးစိုးထားတဲ့ SAC အပေါ် မူတည်ပါတယ်။ SAC က ခေါင်းဆောင်တွေ အနေနဲ့ ဆင်ခြင်တုံ တရားနဲ့ ဖြစ်စေပေါ့လေ၊ ပဋိပက္ခကို ကျော်လွှားဖို့အတွက် နည်းနာရှာတဲ့ အနေနဲ့ဖြစ်စေ၊ ရွေးကောက်ပွဲမတိုင်ခင် လုပ်ရမယ့်အချိန်က ၆ လလောက် ၇ လလောက် ကျန်ပါသေးတယ်။ အဲဒီကြားမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းကတော့ အဆုံးအဖြတ် ဖြစ်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
လက်နက်ကိုင်အင်အားစု တစ်ဖွဲ့ကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
AA-TNLA-MNDAA တို့ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံး နီးပါးနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)ကိုပါ သိမ်းပိုက်ခဲ့သည်။
သို့သော်လည်း MNDAA နှင့် မြန်မာ့တပ်မတော်တို့ တွေ့ဆုံဆွေးနွေးခဲ့မှုအရ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး အား မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်း ပေးခဲ့ရသည်။
တခြားတစ်ဖက်မှာလည်း KIA သည် PDF များနှင့်ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
အလားတူ AA သည် ရခိုင်ပြည်နယ်အတွင်းက ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် အပါအဝင် ချင်းပြည်နယ်၊ပလက်ဝ မြို့ကိုလည်း ထိန်းချုပ်ထားသလို ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာလည်းဒေသတွင်း လက်နက် ကိုင်များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
TNLA လက်နက်ကိုင်ကိုတွေ့ရစဉ်
တရုတ်အနေဖြင့် ၎င်း၏ မဟာဗျူဟာအရ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် လုပ်ဆောင်သွားနိုင်သည့်အတွက် စစ်ရေးနှင့်နိုင်ငံရေး အခင်းအကျင်းကို တော်လှန်ရေးအင်အားစုများ၏ လုပ်ဆောင်နိုင်မှုအပေါ်တွင်သာ မူတည် ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ကျမတို့ ဘယ်လောက် လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျမတို့ တော်လှန်ရေး ဘက်က။ တရုတ်ကတော့ သူ့နိုင်ငံရဲ့ သူ့ရဲ့မဟာဗျူဟာကနေပြီးတော့ အပစ်အခတ်ရပ်စဲရေးတို့ဘာတို့ ဆက်လုပ် မှာပဲ။ တရုတ်က “ဝ” ဒေသတို့၊ မိုင်းလားတို့လို သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် ကူညီတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့နယ်စပ်နဲ့ကပ်နေတာ သူ့နိုင်ငံနဲ့ကပ်နေတာဖြစ်တော့ အကြီးအကျယ်ကူညီတာ။ အဲဒီလို နည်းနဲ့ သူက ပြချင်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်လို့ရှိရင် ဘယ်ဒေသမဆို ဖွံ့ဖြိုး တိုးတက်နိုင်တယ်ဆိုတဲ့ဟာမျိုး။ ကျန်တဲ့ဒေသတွေကိုလည်း သူဒီလိုပဲ ပြမယ်ထင်ပါတယ်။ ကျမတို့ကတော့ စစ်ကောင်စီဟာ အပြတ်တိုက်မှ ဖြစ်တော့မယ်ဆိုတာ ကျမတို့ဘာသာ ကျမတို့သိပြီးသား” ဟု ပြောသည်။
တရုတ်နိုင်ငံသည် KIA-AA-TNLA-MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား ကြားဝင်စေ့စပ်ပေး၍ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ကြိုးပမ်းပေးလျက်ရှိကာ TNLA နှင့် လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံဆွေးနွေး ကြမည်ဖြစ် သည်။
TNLA နှင့် ဆွေးနွေးမှု အောင်မြင်ခဲ့ပါက AA အစား KIA ကို ဦးစားပေး ဆွေးနွေးနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။