- By CNI
- Category: နိုင်ငံရေး
- Hits: 486
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခြင်းကြောင့် ရက်ပေါင်း ၉၀ အတွင်း မြန်မာ့တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်းတချို့ နယ်မြေများကို သူ့အုပ်ချုပ်ရေး နယ်မြေဖြစ်အောင် လုပ်လာနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ စုစုပေါင်း မဲဆ န္ဒနယ် ၁၂၁ နေရာတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲသည် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအား အာဏာအပ်နှင်းပြီးသည့်နောက် ရက် ၉၀ အတွင်း တွင် မိမိအုပ်ချုပ်ရေးနယ်မြေဖြစ်အောင် လုပ်မည်ဆိုသည့် သဘောဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကိုပြောသည်။
၎င်းက “ရွေးကောက်ပွဲလုပ်မယ့် ရက်က ဒီဇင်ဘာ ၂၈ မှ လုပ်မှာနော်၊ အဲတော့ နစက,က ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို အာဏာအပ်နှင်းပြီးတဲ့နောက်မှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသည် ကာကွယ်ရေးဦးစီးချုပ်ကို သီးသန့် အာဏာအပ်နှင်းတာရှိတယ်။ အဲဒါက ၆၃ မြို့နယ်နဲ့ ပတ်သက်လို့ စစ်အုပ်ချုပ်ရေး ကြေညာထားတယ်။ တိုင်းမှူးတွေကို အာဏာအပ်နှင်းထားတာ ဖြစ်တယ်။ အဲတော့ အဲလို အာဏာအပ်နှင်းထားတဲ့ ရက်က ၉၀ အန်ကယ်တို့ နားလည်သလောက်ပဲ။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြည့်မယ် အခုရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲမှာ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့ မြို့နယ်တွေ ပါတယ်ဆိုရင် အဲမြို့နယ် တွေကို ခုနကပြောတဲ့ ရက် ၉၀ အတွင်းမှာ မိမိအုပ်ချုပ်ရေး နယ်မြေဖြစ်အောင် လုပ်မယ်ဆိုတဲ့သဘော ပထမ တစ်ချက် ဒီလိုပဲ သုံးသပ်လို့ရတာပေါ့။ သို့မဟုတ် အနှေးအမြန်ရအောင်ကို လုပ်မယ်ဆိုတဲ့ စီမံနော်၊ ဒါသူတို့ရဲ့ အစီအစဉ်ထဲမှာပါမှာပေါ့”ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားသော မြို့နယ်များ လုံခြုံရေးအတွက် တော်လှန်ရေးအင်အားစုများကို ထိုးစစ်ဆင် တိုက်ခိုက်ကာ နယ်မြေ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
ထို့ကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ပြင်းထန်နေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ် စသဖြင့်ရှိကြောင်း သိရသည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် ၁၀၂ မြို့နယ်မှာ စတင်ကျင်းပမည် ဖြစ်သည်။
ထို့နောက် ဇန်နဝါရီလတွင် ကျန်ဒေသများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 442
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားများ၏ မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံရပ်တည်ပေးမှုသည် တန်ဖိုး မဖြတ်နိုင်သည့် အိမ်နီးချင်း ညီအစ်ကို စိတ်ဓာတ်များဖြစ်၍ မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က ကျရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ မွေးနေ့ဆုတောင်း ပေးပို့သော ရုပ်သံဖိုင်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အဆွေတော်အနေနဲ့ အိန္ဒိယနိုင်ငံအတွက် နိုင်ငံတာဝန်အဆင့်ဆင့် စတင် တာဝန် ထမ်းဆောင်စဉ်ကစပြီး အိန္ဒိယ ပြည်သူတွေရဲ့ လူမှုစီးပွားတိုးတက်အောင် အိန္ဒိယနိုင်ငံကြီးကို ကမ္ဘာထိပ် တန်း နိုင်ငံဖြစ်အောင် ပိုပြီးစည်းလုံး ညီညွတ်တဲ့ အိန္ဒိယနိုင်ငံကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်မှု ပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း ဝမ်းမြောက်စွာ ဂုဏ်ပြု အပ်ပါတယ်။ အဆွေတော် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံ များ ဖြစ်တဲ့အပြင် ရှေးအစဉ်အဆက် နှစ်ထောင်ချီပြီး ဆက်သွယ်ဆက်ဆံမှု သမိုင်းရှိခဲ့တဲ့ နိုင်ငံများဖြစ်ပါတယ်။ အစိုးရအချင်းချင်း ဆက်ဆံရေးသာမက အိန္ဒိယနိုင်ငံသားများနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးဟာ မိတ်ဆွေရင်းခြာ နိုင်ငံများ ဖြစ်ကြပါတယ်။ အဆွေတော် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်း အလဲတွေ သဘာဝဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဆွေတော်နဲ့ အိန္ဒိယနိုင်ငံသားများရဲ့ စာနာနားလည်မှု မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံ ရပ်တည်ပေးမှုတို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အိမ်နီးချင်း ညီအစ်ကို စိတ်ဓာတ်များ ဖြစ်တဲ့ အတွက်ကြောင့် ကျနော့်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တရုတ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တွေ့ဆုံစဉ်
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်တွင် မွေးဖွားခဲ့ပြီး ယနေ့၌ အသက် ၇၅ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှား၊ ဗြိတိန် နိုင်ငံတို့နှင့်အတူ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် မွေးနေ့ဆုတောင်းစကားများ ပေးပို့ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေး တက်ရောက်စဉ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး တိုးတက်လာသလို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 507
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိစစ်သည်များသည် အပြန်အလှန် ချစ်ကြည်ရေးခရီးသွားကြကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

မြန်မာ့တပ်မတော်ဘက်က ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည် စုစုပေါင်း ၁၂၀ ဦး ပါဝင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ စက်တင်ဘာ ၁၆ ရက် ထွက်ခွာသွားခဲ့သည်။
အလားတူ အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 520
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
နိုင်ငံရေးပါတီ အဖြစ်ကနေ ဖျက်သိမ်းခံလိုက်ရသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ပါတီဝင်များ သည် လာမည့် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့်သူများရှိ ကြောင်း NDF ပါတီတွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်သည်။
ထို့နောက် NDF ပါတီသည် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ခဲ့သော်လည်း ပါတီဝင် အင်အား ၅၀၀၀၀ မပြည့်မှီသည့်အတွက်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် NDF ပါတီဝင်များ အနေဖြင့်လည်း တစ်ဦးချင်းဆန္ဒဖြင့် နိုင်ငံသားအခွင့်အရေး အရသော်လည်းကောင်း ဒီမိုကရေစီ အခွင့်အရေး အရသော်လည်းကောင်း တစ်သီးပုဂ္ဂလ (သို့မဟုတ်) နိုင်ငံရေးယုံကြည်ချက် တူညီသော နိုင်ငံရေးပါတီ များမှ ပါဝင်ယှဉ်ပြိုင်ရန် NDF ထုတ်ပြန်ခဲ့သည်။

NDF ပါတီကို တွေ့ရစဉ်
မိမိတို့ ပါတီမှ ပါတီဝင် ရာဂဏန်းလောက် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန်ရှိကြောင်း၊ မိမိကို လည်း ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းနေကြကြောင်း၊ မိမိ အနေဖြင့် ရွေးကောက်ပွဲ မပြိုင်တော့ရန် ဆုံးဖြတ်ထား ကြောင်း NDF ပါတီတွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုချိန်မှာတော့လေ ပါတီတွင်းမှာ ဆုံးဖြတ်ချက်ချပြီးတော့မှ တစ်သီးပုဂ္ဂလကိုက,ကတော့ ဘယ်သူတွေ ဝင်ကြ ပါဆိုတဲ့ ဟာမျိုးကိုတော့ ပြောထားတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ကျနော်တို့ ကိုမျိုးဆက်သွေးတို့တော့ မဝင် ဘူးပေါ့နော်။ ဒီဘက်ကဟာကို ကူမယ်ဆိုတဲ့ ဟာမျိုးတော့ ပြောထားတယ်။ သို့ပေမယ့်လည်း အခုချိန်ထိက တော့ အားလုံးက ဝိုင်းပြီး တိုက်တွန်းနေဆဲပေါ့လေ။ ဘာပဲဖြစ်ဖြစ် လုပ်သင့်တယ်ဆိုပြီး ပြောနေတဲ့ဟာကလည်း ရှိတယ် ပေါ့။ ဒါပေမယ့် ကျနော်ကတော့ အခုချိန်ထိတော့ မဝင်ဘူးလို့ဘဲ ဆုံးဖြတ်ထားတာပေါ့လေ။ ဒီအောင်နိုင် ရေးပေါ့လေ။ အဲဒါကိုပဲ ဂရုစိုက်ပြီးတော့ လုပ်လိုက်ဖို့ပဲ ကျနော်တွေးထားတယ်ပေါ့။ ပါတီဝင်တွေ အနေနဲ့ ကိုယ့် နိုင်ငံရေး ယုံကြည်ချက်တူတဲ့ အဆက်ဆက်ချင်း တူတဲ့ နေရာတွေကနေမှ ဝင်ပြိုင်တာ ပြန်လည် ပြိုင်ပေါ့။ တစ်သီး ပုဂ္ဂလ ပြိုင်ရင်လည်း ပြန်လည်ပြိုင်ပါဆိုပြီးတော့ ထားထားပါတယ်။ အဲဒီလိုပဲ အကုန်လုံးကတော့ တစ်သီးပုဂ္ဂလ အနေနဲ့ပြိုင်မယ့် သူတွေလည်းရှိတယ်။ အဲလိုနီးစပ်ရာ ဝင်တဲ့ဟာကလည်း ရှိတယ်ပေါ့နော်။ ပြီးတော့ ပါတီပြန် တည်ထောင်တာကိုပဲ စောင့်ပါမယ်ဆိုတဲ့လူတွေလည်း ရှိတယ်ပေါ့။ ရှိမှာပါ ရှိပါတယ် ရာဂဏန်းလောက်တော့ ရှိမယ်ထင်တယ်”ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

NDF ပါတီကို တွေ့ရစဉ်
လွှတ်တော်ထဲတွင် ဒီမိုကရေစီအင်အားစုများ အများကြီး မဟုတ်လျှင်တောင်မှ အထိုက်အလျှောက် အားလျော်စွာ ပါသွားရန်လိုသည်ဟု NDF ပါတီတွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က ပြောသည်။
၎င်းက “အခု အဲဒီလိုစဉ်းစားတာပေါ့လေ။ ကိုယ့်လူတွေအတွက်ကို training ပေးတာကတော့ တစ်ပိုင်းပေါ့လေ။ အောင်နိုင်ရေးတွေ လိုက်လုပ်ပေးတာကလည်း တစ်ပိုင်းပေါ့။ ဒါမျိုးအကုန်လုံး ဝိုင်းဝန်းပြီးတော့မှ ဒီမိုကရက်တစ် အင်အားစုတွေလည်း လွှတ်တော်ထဲ အများကြီး မဟုတ်ရင်တောင်မှ အထိုက်အလျှောက် အားလျော်စွာလေး ပါသွားဖို့ လိုတယ်ပေါ့။ မဟုတ်ရင်က check and balance က မရှိလို့မရဘူးလေနော်။ လွှတ်တော်က အဓိက,က check and balance က အရေးကြီးတာ ဖြစ်တဲ့အတွက်ကြောင့် check and balance ကို အကောင်းဆုံး လုပ်နိုင်ဖို့ ဆိုပြီးတော့မှ ဒါကိုကြိုးစားတယ် သို့ပေမယ့် ဒီအတိုင်း မဖြစ်ဘူးဆိုရင်တော့လည်း နောက်ထပ် တစ်နည်းပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ပါတီ မှတ်ပုံတင်ထားသော်လည်း NDF ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့ကို UEC က ဖျက်သိမ်းလိုက်သည့်အတွက် ၆ ပါတီသာ ကျန်တော့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ ၆ ပါတီသည် မဲဆန္ဒနယ် ၄၁၇ နယ်ကို အနည်းဆုံး ဝင်ပြိုင်ရမည်ဖြစ် သည့်အတွက် ကိုယ်စားလှယ် ၄၁၇ ဦး အမည်စာရင်း မတင်သွင်းနိုင်ပါက ဖျက်သိမ်းခံရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 440
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
မြန်မာ့တပ်မတော်အနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်ကာလတွင် ထိုးစစ်ဆင်ရာတွင် နေရာဒေသ၊ အဖွဲ့အစည်း တစ်ခု သတ်မှတ်၍ စစ်ဆင်ရေးကြီး လုပ်ရန်မရှိဘဲ ရွေးကောက်ပွဲလုံခြုံရေးအတွက် အဓိကထားလုပ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် အလယ်ပိုင်းဒေသ အပါအဝင် အချို့ဒေသများ၌ ပြင်းထန်စွာထိုးစစ်ဆင် တိုက်ခိုက် နေမှုများသည့် ရွေးကောက်ပွဲ အပိုင်း (၁) အဖြစ် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်မြေ ၁၀၂ မြို့နယ် အတွက် လုံခြုံ ရေး ခြံစည်ရိုးလိုက်ကာသည့် သဘောတွေ့ရကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ရွေးကောက်ပွဲ မတိုင်ခင်ကတော့ စစ်မျက်နှာပြင်ကို ကျုံ့နိုင်သလောက် ကျုံ့ပြီးတော့ လုံခြုံတဲ့ pocket ဧရိယာလေးတွေဖန်တီးပြီးတော့ ရွေးကောက်ပွဲကို လုပ်သွားချင်တဲ့သဘောလို့ယူဆပါတယ်။ ဒါကြောင့် အခုက လိုက်ပြီးတော့ ရှင်းနေတာက ခြံစည်းရိုးကာတဲ့သဘောပေါ့။ ရွေးကောက်ပွဲလုပ်မယ့် ဂွင်တွေမှာ အနှောင့်အယှက် မရောက်အောင် ခြံစည်းရိုးလိုက်ကာတဲ့ သဘောမျိုးလို့ တွေ့ရပါတယ်။ တစ်ဖက် တစ်ဖက်ကို ခြေမှုန်းပြီးတော့ စစ်ဆင်ရေးကြီး လုပ်မယ့်ပုံတော့ မရှိပါဘူး ကြည့်ရတာတော့။ မဲဆန္ဒနယ်မြေ ၁၀၀ ကျော်မှာ လုပ်မယ်ဆိုတော့ အဲဒီ မဲဆန္ဒနယ်မြေ လုံခြုံဖို့အတွက် နည်းနည်းလေး ကာထားတဲ့သဘောမျိုးတွေ လုပ်နိုင်တာ ပေါ့။ အဓိက,ကတော့ ရွေးကောက်ပွဲလုပ်မယ့် မဲဆန္ဒနယ်မြေတွေကတော့ ဦးစားပေးပြီးတော့ ပြန်လည်သိမ်းပိုက် နေတဲ့ သဘောလို့ ယူဆပါတယ်” ဟု ပြောသည်။

PDF တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်အနေဖြင့် လက်လွှတ်ဆုံးရှုံးထားသည့် ဒေသများထဲကမှ နောင်ချို၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကိုင်၊ ကော့ကရိတ်- သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး ဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီး အပါအဝင် ဒေသအချို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး အထက်ပိုင်းတို့တွင်လည်း မြန်မာ့တပ်မတော်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များအကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
မြန်မာ့တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်လာမှု အခင်းအကျင်းများအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ တည်ငြိမ်အေးချမ်းသွားရန်မှာ မဝေးတော့ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမော်ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ထားစဉ်
၎င်းက “ပြောရရင်တော့ ပြောက်ကျားမှာက ကျနော်တို့ general ဥပဒေသ ရှိပါတယ်။ အဲဒါကတော့ ကျနော် ပြောလို့ရတာပေါ့နော်။ ဒါကတော့ ပြောက်ကျား ဆိုတာက အောင်မြင်လို့ရှိရင် ဝုန်းခနဲကျနော်တို့ ထိုးတက်တယ်။ ကျလို့ရှိရင် ဝုန်းခနဲ ကျတယ်ပေါ့။ ဒါက မှန်ကန်ချက်ပေါ့။ ပြောရမယ်ဆိုရင်တော့ အခု နိုင်ငံရေးစစ်ရေး အားလုံး ချွတ်ခြုံကျသွားတဲ့ အနေအထားမှာ အထူးသဖြင့် အလယ်ပိုင်းဒေသတွေက မြန်မြန်ကြီး အေးချမ်းသွားဖို့က မဝေး ဘူးလို့ ကျနော်တို့ မြင်တယ်လေ။ ဝုန်းခနဲထိုးကျမှာပါ” ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲ မကျင်းပခင် ကာလအထိ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေဒေသများ ထဲကမှ ၎င်းတို့ ရနိုင်သမျှ နယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ပြန်လည်ရယူလာနိုင်ပြီး ရွေးကောက်ပွဲကို လုပ်ဆောင်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိသည်။
ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်ရာတွင်လည်း လေကြောင်းသာမက မြေပြင်တပ်များဖြင့်ပါ တန်ပြန်ထိုးစစ်ဆင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်ခင်ကာလအထိ စစ်ရေးမှာ ပိုမိုကျယ်ပြန့် လာနိုင်ဖွယ်ရှိကြောင်းလည်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 951
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် အသိုင်းအဝန်းနှင့် အာရက္ခတပ်တော်/ရက္ခိုအမျိုးသားအဖွဲ့ချုပ်(AA/ULA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်ကို ရခိုင်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် KIA ဌာနချုပ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ကနေ ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာပြီး ဒေသခံများ၊ မွတ်စလင် အသိုင်းအဝန်းများဖြင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် AA က ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 400
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင် သော အခြေအနေနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်ဦးအနေဖြင့် မိမိ နေထိုင်ရာ အရပ်ဒေသကနေ မဲပေးနိုင်မည့် အခြေအနေနှင့် မဲပေးပိုင်ခွင့် ရရှိနိုင်ရေး ဆောင်ရွက်ရမည့် အခြေအနေများကို UEC က ထုတ်ပြန် ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1486
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမောက်မြို့ သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
KIA-PDF ပူးပေါင်း၍ ဗန်းမောက်မြို့ အောင်ကမ္ဘာသိန်းဟိုတယ်ဘက်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်။
ဗန်းမောက်မြို့ဒေသခံက “ဗန်းမောက် အခြေအနေ တိုက်ပွဲဖြစ်နေတုန်းပဲ။ KIA-PDF ပူးပေါင်းပြီးတော့ ထိုးစစ်ဆင် တိုက်နေတာ၊ KIA ဘက်က ဗန်းမောက်မြို့ကို ၃ ရက်နဲ့ သိမ်းမယ်။ မရရင် ၁ ပတ်အတွင်း သိမ်းမယ်ဆိုတဲ့ အမိန့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ပြောသံကြားရတယ်။ ဗန်းမောက်က အင်းတော်နဲ့ ဗန်းမော်ကို တပ်မတော်က စစ်ကူပို့ ထိုး စစ်ဆင်ဖို့အတွက် အဓိက အချက်အချာနေရာဖြစ်နေတော့ အဲဒီလမ်းကြောင်းကို ဖြတ်ဖို့လာတော့ မသိဘူးပေါ့။ ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်တာလည်း ပါမယ်ထင်ပါတယ်”ဟု ပြောသည်။
ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်အစပ်မှာ တည်ရှိနေသည့်အတွက် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါသော မြို့ဖြစ်သလို သစ်မှောင်ခိုသမားများ၏ စီးပွားရေးစျေးကွက် တည်ရှိရာ နေရာလည်း ဖြစ်သည်။

KIA-PDF မြို့သိမ်းတိုက်ပွဲဖော်နေတဲ့ ဒေသတွေနဲ့ ထိန်းချုပ်ထားပြီး ဒေသတွေကို ပြသထားစဉ်
အလားတူ မန္တလေး-ဗန်းမောက်-ကချင်ပြည်နယ် ကုန်သွယ်ရေးအတွက်လည်း အရေးပါသော နေရာမှာ ဗန်းမောက် မြို့က ပါဝင်နေသည်။
KIA-PDF ပူးပေါင်း၍ ဗန်းမောက်မြို့သိမ်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့်အတူ အင်းတော်(ပကဖ)က အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် တခြားသော လမ်းများအားလုံးကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ဗန်းမောက်မြို့ အနီးရှိ အင်းတော်မြို့ကို KIA-PDF က ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်က သိမ်းပိုက်ထားသလို ဗန်းမော်မြို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
အင်းတော်(ပကဖ)က အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် တခြားသော လမ်းများအားလုံးကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်
ဗန်းမောက်မြို့ကို KIA-PDF က သိမ်းပိုက်ရရှိပါက တစ်ဆက်တည်း အနေဖြင့် ဟုမ္မလင်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်ရန်လည်း ရှိကြောင်း ဒေသတွင်း စစ်ရေးအခြေအနေကို လေ့လာနေသူများက ပြောသည်။
လက်ရှိတွင် KIA-PDF ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ အနီးရှိ အင်းတော်၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ ရွှေပြည်အေး စသည့် ဒေသများကို ထိန်းချုပ်ထားခြင်းကြောင့် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ကိုပါ ဆက်လက် ထိန်းချုပ်သွားနိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းနှင့်အထက်ပိုင်းအား ထိန်းချုပ်သွားနိုင် မည်ဖြစ်သည်။
ထို့နောက် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတစ်လျှောက်ကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
နီပေါနိုင်ငံအတွင်း Gen Z ၏ ဆန္ဒပြမှုများမှ ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများကို လေ့လာ၍ မြန်မာနိုင်ငံ အနေဖြင့် သင်ခန်းစာယူစရာများ အများအပြားရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
နီပေါနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆူပူမှုများအပေါ် လေ့လာ၍ မိမိတို့နိုင်ငံအတွက် သင်ခန်းစာယူ ဖော်ထုတ် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် ကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နီပေါဖြစ်စဉ်တွင် ဆန္ဒပြခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ စစ်တပ်၏ ပြဿနာအား ကိုင်တွယ် ဖြေရှင်းပုံ နည်းလမ်းကို အတုယူသင့်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် ကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ်
၎င်းက “ယေဘုယျ သဘောပြောရရင်တော့ အန်တီတို့လည်း ဒီလိုပဲ တွေးမိပါတယ်။ ဒါပေမယ့် နီပေါ ဖြစ်စဉ်မှာ လည်း အန်တီတို့က နမူနာ ယူစရာတွေရှိတယ်ပေါ့။ အထူးသဖြင့် တပ်ရဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ နည်း လမ်းကို နီပေါတပ် အနေနဲ့ ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးတာတွေပေါ့နော်။ တိုင်းပြည်ရဲ့ အကျိုး စီးပွားအတွက် စေ့စပ်ဆွေးနွေးညှိနှိုင်းတဲ့ စိတ်ဓာတ်ရှိလာအောင် ဆွဲဆောင်စည်းရုံးနိုင်တယ်ပေါ့။ အဲဒါဟာ အန်တီ တို့ အတုယူစရာဖြစ်တယ်ပေါ့။ အန်တီတို့လည်း ဒီဟာကိုကြည့်ပြီးတော့ မြန်မာပြည်သူလူထု အနေနဲ့ သင်ခန်းစာ ယူသင့်တယ်လို့ တွေးမိပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ်တွေ ဆုံးရှုံးတာဟာ ပြည်သူလူထုရဲ့ ဆုံးရှုံးမှုနဲ့ အတူတူပဲပေါ့နော်။ တိုင်းပြည်မှာ လက်ပေးလက်ယူမှုတွေ များနေတယ် နိုင်ငံရေးသမား တွေရဲ့ အာဏာအလွဲသုံးစားမှုတွေ အကြီးအကျယ် ဖြစ်နေတဲ့ အချိန်မှာပေါ့နော်။ တိုင်းပြည်ရဲ့ နောင်ရေးပေါ့နော် မျိုးဆက် သစ်တွေရဲ့ နောင်ရေးအတွက်ကိုလည်းပဲ စစ်တပ်ထဲမှာ သက်ဆိုင်ရာ ခေါင်းဆောင်တွေပေါ့နော် ထည့်သွင်း စဉ်းစားကြ ရမှာ ဖြစ်တယ်ပေါ့။ နီပေါ စစ်တပ်ရဲ့ တွေးခေါ်ပုံ၊ တွေးခေါ်နည်းနဲ့ စေ့စပ်ဆွေးနွေးနိုင်တဲ့ အရည်အချင်းကို အန်တီ ကတော့ သဘောကျတယ်။ အတုယူဖို့လည်း ကောင်းတယ်လို့ ပြောချင်တယ်ပေါ့”ဟု ပြောသည်။
နီပေါဖြစ်စဉ်မှ နိုင်ငံရေးသမားများ အကျင့်ပျက် ခြစားမှု ပုံသဏ္ဍာန်ကို အနည်းနှင့်အများ ထိန်းကျောင်း လိုက်နိုင်သည့် တော်လှန်ရေးဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
၎င်းက “တိုင်းပြည်ရဲ့ ဒီလို အရေးတော်ပုံတွေ တော်လှန်ရေးတွေ မငြိမ်မသက်မှုတွေ အကျပ်အတည်းတွေ ဖြစ်တိုင်းမှာပေါ့။ ဒီသက်ဆိုင်ရာ ပါဝင်သူတွေ အနေနဲ့က တိုင်းပြည်ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထည့်သွင်း စဉ်းစား သင့်တယ်ပေါ့နော်။ စိတ်လိုက်မာန်ပါပေါ့ အခုလိုမျိုး တစ်ဖက်သား ရှုံးနိမ့်တဲ့ သူတွေအပေါ်မှာ လူသားချင်း စာနာရာ မရောက်တဲ့ ရိုက်ပုတ်မှုတွေ မောင်းနှင်မှုတွေ အဲတာတွေကလည်းပဲ နမူနာယူစရာ မဟုတ်ဘူးပေါ့။ ဒီနီပေါ ဖြစ်စဉ်ကနေ မှန်တယ်၊ နိုင်ငံရေးသမားတွေ အကျင့်ပျက်ခြစားမှု ပုံသဏ္ဍာန်ကို အနည်းနဲ့အများတော့ ထိန်းကျောင်းလိုက်နိုင်တဲ့ တော်လှန်ရေးဖြစ်တယ်၊ ဒါကြောင့် မြန်မာ့တပ်မတော်မှာ ဆိုရင်လည်းပဲ ကိုယ်လေ့ကျင့် သင်ကြားထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ပေါ့နော်။ ဖောက်ထွက် စဉ်းစားနိုင်တဲ့ ခေါင်းဆောင်တွေ လိုအပ်ဖို့ အန်တီတို့ လူ့အဖွဲ့အစည်းမှာ တအားအရေးကြီးတယ်။ မြန်မာ့တပ်မတော်မှ မဟုတ်ဘူး အရပ်သား နိုင်ငံရေး ခေါင်းဆောင်တွေထဲမှာ လိုအပ်တယ်။ တစ်ခါ တိုင်းရင်းသား ခေါင်းဆောင်တွေ ထဲမှာလည်း လိုအပ်တယ်။ အထူး သဖြင့် မြန်မာ့တပ်မတော် အပါအဝင် နိုင်ငံရေးသမားတွေ အပါအဝင်ကလည်း မိမိရဲ့ စဉ်းစားတွေးခေါ်ပုံတွေကို ပြန်ပြီးတော့ update လုပ်ဖို့လိုတယ်။ အန်တီတို့ရဲ့ leadership style ကို မြန်မာ့တပ်မတော် အပါအဝင် ဘက်အသီးသီးက ခေါင်းဆောင်တွေ အနေနဲ့က ပြန်ပြီးတော့ ပြောင်းလဲစဉ်းစားရမယ့် အခြေအနေ ရောက်ပြီးလို့ တော့ အန်တီက တွေးမိတယ်”ဟု ပြောသည်။
နီပေါနိုင်ငံတွင် ဆိုရှယ်မီဒီယာ ပလပ်ဖောင်းများ ပိတ်ပင်ခြင်းနှင့် အဂတိတရား ကြီးထွားနေခြင်းကြောင့် Gen Z က ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီးနောက် အစိုးရနှင့် Gen Z ကြား အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
ထို့နောက် နီပေါဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အများစု နုတ်ထွက်သွားခဲ့ကြပြီး နီပေါစစ်တပ်နှင့် Gen Z ကြား ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြသည်။
နီပေါဖြစ်စဥ်က သင်ခန်းစာ ယူသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၁ ကတည်းက ဖြစ်ပြီးသွားခဲ့ပြီဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနကို ပြောသည်။
၎င်းက “အဲတာကတော့ဗျာ သင်ခန်းစာ ယူသင့်တာပေါ့၊ ပြောရရင်တော့ ဟိုနီပေါ စစ်တပ်က ဟိုဟာဖြစ်တာ တာဝန်မဲ့တာပေါ့။ ဒါမျိုးအထိကို ကျနော်တို့ မဖြစ်သင့်ဘူးလေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတော့ အာဏာအပ်နှင်းတာမျိုးနော်၊ အမိန့်ထုတ်တာမျိုး လိုအပ်တဲ့ ဥပဒေ အကာအကွယ်တွေကို လုပ်ခဲ့ကြသလားဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ နီပေါဖြစ်စဥ်ကြီးက ဗမာက ဖြစ်ပြီးပြီလေ ၂၀၂၁ ကတည်းက ဒါဖြစ်ပြီးသွားခဲ့ပြီပဲပေါ့နော်။ အဲထဲက ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာ ကျနော်တို့ လုပ်သွားတာပဲပေါ့။ နီပေါလို မဖြစ်အောင် ဘာညာဆိုတာ ဒါမျိုးကတော့ အခုလက်ရှိ အစိုးရဘက်ကနေပြီးတော့ ကျနော်တို့ ဘာချို့ယွင်းချက်ရှိတယ် ညာ ချို့ယွင်းချက် ရှိတယ်ဆိုတာမျိုး ဖြစ်သွားမယ်လေ။ ဒါမျိုး ကျနော်လည်း မပြောချင်ဘူး လက်ရှိမှာလည်းပဲ အားလုံး က ကျနော်တို့ အခွင့်အရေးပိုင်းအရ ဘာမှပိုယူထားတာမရှိဘူးလေ။ ဟိုကိစ္စ ဒီကိစ္စတော့ ရှိမှာပေါ့နော်။ တစ်ဦးချင်းစီ အကျင့်ပျက်တာတွေကတော့ ရှိမှာပေါ့နော်။ ဒါတွေကတော့ ပြောစရာမလိုဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးအပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)အား ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ ပြီး၍ အနိုင်ရသော နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
