- By CNI
- Category: နိုင်ငံရေး
- Hits: 580
CNI News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၂၃
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့သည့် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲတွင် ရရှိခဲ့သည့် အကြံပြုချက်များ လက်တွေ့ အကောင်အထည် ဖော်နိုင်မလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်ထိ နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဆွေးနွေး အကြံပြုချက် ၁၀၁ ချက် ရရှိခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲ၌ နိုင်ငံရေးကဏ္ဍတွင် အကြံပြုချက် ၄၈ ချက်နှင့် စီးပွားရေး ကဏ္ဍမှာတော့ အကြံပြုချက် ၅၃ ချက် ရရှိခဲ့သည်ကြောင်း သိရသည်။
ထိုအကြံပြုချက်များအား အလုံးစုံ မဟုတ်ဘဲ သုံးပုံတစ်ပုံသာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ပါက မြန်မာ့အရေးအတွက် သိသာသည့် အကျိုးဆက်များစွာရှိသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပစဉ်
၎င်းက “ဒီအကြံပြုချက်တွေကပေါ့နော် အများကြီး လုပ်စရာမလိုဘူး၊ တစ်ဝက်လောက်ပဲ လုပ်ကြည့်အုံး တစ်ဝက် မလုပ်နိုင်ရင်တောင် သုံးပုံတစ်ပုံလောက် လုပ်ကြည့် သိသာထင်ရှားတဲ့ အကျိုးဆက်တွေ အများကြီး ခံစားရမှာ ဖြစ်တယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းမှာက မလုပ်ဖြစ်တာက များတယ်လေ၊ ဒါကြောင့်မို့လို့လည်း အန်တီတို့က တော့ လုပ်ဖြစ်အောင်တော့ အန်တီတို့ လူကြီးတွေ တိုက်တွန်း လှုံ့ဆော်တာတွေတော့ ရှိပါတယ်ပေါ့။ ဒါပေမယ့် အခု အစိုးရအဖွဲ့က မကြာခင် အပြောင်းအလဲ ဖြစ်မယ်ဆိုတော့ လက်ရှိ အစိုးရအဖွဲ့ကို မူတည်ပြီး အခု နည်းနည်း ပါးပါးတော့ သီးသီးခြားခြား ပြောင်းလဲပြီးတော့ပေါ့။ လုပ်မယ့်ပုံတော့မရှိဘူး အဓိကကတော့ နောင်တက်လာမယ့် အစိုးရအဖွဲ့ပေါ့။ အခုဆွေးနွေး အကြံပြုချက်တွေက နောင်တက်လာမယ့် အစိုးရအဖွဲ့အတွက် လုပ်ရမယ့် လုပ်ငန်း လမ်းစဥ်တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ နောင်တက်လာမယ့် အစိုးရအဖွဲ့တွေက အစိုးရအဖွဲ့ ခေါင်းဆောင်တွေက ပြည်သူလူထုနဲ့ ပညာရှင်များက နိုင်ငံအတွက် စီးပွားအတွက် ပြောထားတာ ဖြစ်တဲ့အတွက် နောက်အစိုးရအဖွဲ့က ဆောင်ရွက်မယ်လို့တော့ မျှော်လင့်ရတာပဲပေါ့” ဟု ပြောသည်။
“ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိခဲ့သော ဆွေးနွေးချက် ၁၀၁ ချက် ကို လက်ရှိ အုပ်ချုပ်ရေးအဖွဲ့က အကောင်အထည်ဖော်မှာလား၊ ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အစိုးရ အဖွဲ့သစ်က အကောင်အထည်ဖော်မှာလား ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထို့ပြင် လွှတ်တော်က အကောင်အထည်ဖော်မှာလား သို့မဟုတ် လွှတ်တော်ကို တင်ပြ အတည်ပြုချက် ရရှိပြီးမှ အကောင်အထည် ဖော်ခွင့်ရှိမှာလား၊ တခြားသော ဆွေးနွေးချက်များ ရရှိပြီး တစ်စုံလုံး အတည်ပြုချက်ရပြီးနောက် ပိုင်းမှ အကောင်အထည်ဖော်ခွင့် ရှိသည်လား စသဖြင့် မေးခွန်းများ ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ က ထောက်ပြကြသည်။
အလုပ်ရုံဆွေးနွေးပွဲမှ ရရှိခဲ့သော အကြံပြုချက် အများစုသည် လွှတ်တော်ထဲ၌ လုပ်ဆောင်ရမှာ မဟုတ်ဘဲ အစိုးရ အဖွဲ့ ခေါင်းဆောင်များကသာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဒေါက်တာညိုညိုသင်းက ပြောသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပစဉ်
အဆိုပါ အကြံပြုချက်များကို အစိုးရက အကောင်းဆုံး ပြင်ဆင်သွားသည်နှင့်အမျှ လက်နက်ကိုင် ဆန့်ကျင်လိုသည့် စိတ်များ လျော့ကျသွားနိုင်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “အကျိုးသက်ရောက်မှုက ရှိမှာသေချာပါတယ်။ ဘာပဲပြောပြော တိုင်းရင်းသားတွေ ဘက်ကလည်း ကျေနပ် မှာပေါ့။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရလာမှာပေါ့။ ဘာပဲပြောပြော တိုင်းပြည်ရဲ့ အနေအထားက အတိုင်းအတာတစ်ခုထိ ကောင်းလာမှာပေါ့။ ဒါကောင်းသွားမှာပေါ့ ဘာလို့လဲဆိုတော့ အစိုးရအတွက် ဒီအုပ်ချုပ် ရေးစနစ် ပတ်ဝန်းကျင်ကြီး တစ်ခုကို အကောင်း ဖန်တီးပေးလိုက်တယ် ဆိုလို့ရှိရင်တော့ ဒါက ကျနော်တို့က ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေးမှာ အတိုင်းအတာ တစ်ခုထိ ကျနော်တို့က အကောင်းပေါ့။ အစိုးရအပေါ် အကောင်းမြင်သွားတာနဲ့အမျှ လက်နက်ကိုင် ဆန့်ကျင်လိုတဲ့ စိတ်တွေလည်း လျော့ကျသွားမှာ ဖြစ်တယ်လို့ ကျနော်တို့ မြင်ရတယ်ပေါ့”ဟု ပြောသည်။
နေပြည်တော်မှာ ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိခဲ့သော အကြံပြုချက်များတွင် အစိုးရသစ် ပေါ်ပေါက် ပြီးနောက် ရက် ၁၀၀ အတွင်း ဆောင်ရွက်သင့်သည့် နိုင်ငံရေး-စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ အကြံပြု ချက်များ ပါဝင်သလို အနာဂတ်နိုင်ငံတော်အတွက် လိုအပ်နေသော အရပ်သား ခေါင်းဆောင်များ ပိုမို ပါဝင်လာ နိုင်စေရန် အခြေအနေများ ပါဝင်ကြောင်း တက်ရောက်ခဲ့သူများက ပြောသည်။
မြန်မာနိုင်ငံတွင် ဦးသိန်းစိန် လက်ထက် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ”နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက် “၂၁ ရာစု ပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” တို့မှ ရရှိခဲ့သော ပြည်ထောင်စုသဘောတူညီချက်များသည် လွှတ်တော်က အတည်ပြုထားသည့်တိုင် ယနေ့ထိ အကောင်အထည် ဖော်ဆောင်ခြင်း မရှိသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 616
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃
“ဝ”ပြည်နယ် ရလိုပါက လွှတ်တော်ထဲ ဝင်ရောက်ရန် ပြောကြားမှုများနှင့် ပတ်သက်ပြီး “ဝ” ပြည်သွေးစည်း ညီ ညွတ်ရေးတပ်မတော် (UWSA) အနေဖြင့် ပြည်နယ်အဆင့် ရရှိရေးအတွက် လွှတ်တော်ထဲသို့ ဝင်ရောက်လာနိုင် ဖွယ် ရှိလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
UWSA အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ပြည်နယ် လိုချင်ပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ထဲ၌ တောင်းဆိုရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ၌ ပြောကြားခဲ့သည်။
UWSA အနေဖြင့် “ဝ”ပြည်နယ် ပေါ်ပေါက်ရေးကို လွှတ်တော်ထဲ ဆုံးဖြတ်မည်ဆိုပါက မလွယ်ကူသည်ကို သိထား သဖြင့် UWSA ခေါင်းဆောင်များမှ ထိုကိစ္စကို လက်ခံရန် ခက်သွားခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို တွေ့ရစဉ်
၎င်းက “ဒါကတော့ သူက ၂၀၀၈ ဥပဒေအရ ပြောသွားတာပဲဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ၂၀၀၈ ဥပဒေအရ ဆိုရင် သူက လွှတ်တော်ထဲမှာ ဆုံးဖြတ်ရုံတင်မကဘူး။ လူထုဆန္ဒ ကောက်ယူပွဲတွေလည်း လုပ်ရတယ်။ အဲဒီတော့ ဒီကိစ္စမှာဆိုရင် “ဝ”က သူကပြောသွားတာက လာပြီးတော့မှ နားထောင်တဲ့ “ဝ” ခေါင်းဆောင်တွေကတော့ သဘောပေါက်ပါတယ်တဲ့။ ဒါပေမယ့် သူတို့ရဲ့ခေါင်းဆောင်က လက်မခံဘူးလို့ ပြောတယ်။ ဒါကလည်း စဉ်းစား စရာ ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရှမ်းပြည်နယ်မှာဆိုရင် “ဝ”က လူဦးရေနည်းတယ်၊ “ဝ” ကိုယ်စားလှယ်ကလည်း နည်းနေတယ်။ ဒီတော့ “ဝ” ပြည်နယ်ပေါ်ရေးကို လွှတ်တော်ထဲမှာ ဆုံးဖြတ်ဖို့ဆိုရင် သူ က မလွယ်ဘူးပေါ့။ ဒီဥစ္စာကလည်း တစ်ခုဖြစ်တယ်။ အဲဒါကြောင့်မို့လို့ “ဝ” ခေါင်းဆောင်အနေနဲ့ ဒီကိစ္စကို လက်ခံ ဖို့ ခက်သွားတာ ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
ယခင် သမ္မတဦးသိန်းစိန်နှင့် NLD အစိုးရလက်ထက်က UWSA ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရွေးကောက် ပွဲ ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း UWSA က တောက်လျှောက် ငြင်းဆိုခဲ့ခြင်းဖြစ်ပြီး ယခု မြန်မာ့တပ်မတော် က ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ကျင်းပခွင့် ပြု၊ မပြုဆိုသည့်အပေါ် မသိရသေးပေ။
လက်ရှိတွင် ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) နယ်မြေစာရင်းတွင် UWSA ထိန်းချုပ်ဒေသ ဟိုပန်မြို့ မပါဝင်သည်ကို တွေ့ရသည်။
သို့သော် လာမည့် ရွေးကောက်ပွဲကို UWSA အနေဖြင့် အားပေးထောက်ခံကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ထုတ်ဖော်ပြောဆိုထားသည်။
NSPNC ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် ဒေသများ ပိုမိုကျယ်ဝန်းလာစေရန် ကြိုးစားသည့် ပုံစံဖြစ်နေကြောင်း၊ UWSA အနေဖြင့်လည်း တပ်နှင့် ဆက်ဆံရေး ကောင်းအောင်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့ ပြောသည့်အတိုင်း လုပ်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

“ဝ”ဒေသ ပန်းဆန်းမြို့ကို UWSA တပ်ဖွဲ့က လုံခြုံရေးယူထားစဉ်
၎င်းက “သူတို့က လောလောဆယ်တော့ ဝင်မယ့်ပုံတော့ မရှိပါဘူး။ သူတို့ နားထောင် နေလိမ့်မယ်ထင်တယ် ကျမ ကြည့်ရတာလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုရှိတယ်။ သူတို့ပြောတိုင်းလည်း ဟိုဒင်းက (“ဝ”က) လိုက်မယ်လို့ တော့ မထင်ဘူး။ အဲဒါကြောင့်မို့လို့။ အခုစစ်တပ်ကလည်း လုပ်နေတဲ့ပုံကလေ သူတို့ရွေးကောက်ပွဲကို တရားဝင်မှု ရှိဖို့အတွက်ပေါ့ အကြီးအကျယ် ကြိုးစားနေပုံရပါတယ်။ သူတို့နိုင်တဲ့ ဒေသတွေပေါ့နော် သူတို့ပြောနိုင်ဆိုနိုင်တဲ့ ဒေသတွေမှာ တရားဝင်မှုရှိဖို့အတွက် သူတို့ရွေးကောက်ပွဲ ဝင်မယ့်နေရာတွေက နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့ ဖြစ်ဖို့ လိုသေးတယ်လေ။ အဲဒါကြောင့်မို့လို့ သူက ရနိုင်သမျှ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကြိုးစားနေခြင်းဖြစ်တယ်။ ဒါပေမယ့် “ဝ”ကလည်း လုပ်မယ်လို့တော့ ကျမ မထင်ဘူး။ သူတို့ဘက်ကတော့ နေရာ များများမှာ ရွေးကောက်ပွဲများများ လုပ်နိုင်ဖို့၊ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ဒေသ နည်းနည်း ကျယ်ဝန်းစေဖို့ပေါ့။ အဲဒါကို ကြိုးစားတာနဲ့ တူပါတယ်။ အဲဒီတော့ ဟန်တွေပန်တွေ ပြပြီးတော့ လုပ်နေတာပေါ့။ သူတို့သာလျှင် တိုင်းပြည်ရဲ့ အချုပ်အခြာကို ပိုင်တယ်ဆိုတာ ပေါ်အောင်လို့ လုပ်နေတာပါပဲ။ “ဝ” ကလည်း ဆက်ဆံရေး ကောင်းအောင်သာ ဆက်ဆံတာပါ။ သူတို့ပြောတဲ့အတိုင်း မလုပ်ပါဘူး” ဟု ပြောသည်။
လက်ရှိ UWSA ထိန်းချုပ် ဒေသများတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် အခြေအနေများမှာ ဗဟိုအစိုးရထိန်းချုပ်မှုအောက် မရှိဘဲ UWSA ၏ ထိန်းချုပ်မှု အောက်မှာသာ ရှိနေခြင်းဖြစ်သည်။
UWSA ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး ချုပ်ဆိုခဲ့ပြီးနောက် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင်နှစ်ခုခွဲကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးခံခဲ့ရသည်။
သို့သော် UWSA သည် အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ပြည်ထောင်စုအဆင့် ချုပ်ဆိုထားသော်လည်း NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 409
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
ငါတို့အားလုံးသည် မြန်မာ(We are Myanmar)ဆိုသည့်စိတ် မွေးရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-1) ၌ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)မှ ကျောင်းသား/သူများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မောင်တို့မယ်တို့ တိုင်းရင်းသားများသည် မြန်မာစိတ်မွေးပြီး ငါတို့အားလုံး သည် မြန်မာ(We are Myanmar)ဆိုသည့်စိတ်၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်သည့် အမျိုးသားစိတ် ဓာတ်များဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက် ကြရန် လိုသကဲ့သို့ ဒေသအသီးသီးက တမည့်ကျောင်းသား လူငယ်များကိုလည်း အကောင်းမြင်စိတ်၊ ပူးပေါင်းပါဝင် ဆောင်ရွက်လိုစိတ်၊ စည်းလုံး ညီညွတ်မှုစိတ်၊ ရိုင်းပင်းကူညီစိတ် စသည့် စိတ်ဓာတ်များ ရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့် ပျိုးထောင်ပေးကြရန် မှာကြားလိုတယ်”ဟု ပြောသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်းကာကွယ်ရေးသည် ပြည်ထောင်စုသား အားလုံး မွေးရာပါ တာဝန်ဖြစ်ခြင်းကြောင့် နိုင်ငံသူ/သား အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စု စိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်း ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားကြရန်လိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်တည်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေး စသည့် အရင်းခံ အကြောင်းတရားများကို မဖြေရှင်းနိုင်သည့်အတွက် ပြည်တွင်းစစ် ဖြစ်ပွားလာသည်မှာ ယနေ့ထိဖြစ်သည်။
ထို့ကြောင့် လူမျိုးရေး အမြင်များ တည်ရှိလာပြီး “We are Myanmar”ဆိုသည့် အခြေအနေကို တည်ဆောက်ရန် ခက်ခဲလျက်ရှိနေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်အရဆိုလျှင် မြန်မာစာနှင့် မြန်မာစကားသည် ဗမာစာနှင့်ဗမာစကား ဖြစ်နေသည့်အတွက် “မြန်မာ”သည် “ဗမာ”ဖြစ်သည်ဟု ယူဆစရာဖြစ်သွားကြောင်း၊ ထိုသို့ ယူဆချက်များကြောင့် ဗမာမဟုတ်သော လူမျိုးများသည် “We are Myanmar”ဆိုသော အခြေအနေကို လက်ခံရန် ခက်ခဲသွားနိုင်သလား စဉ်းစားရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 670
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် တပ်မတော်နှင့် ပေါင်းမှ အာဏာရ မည်ဆိုသည့်ပုံစံမျိုး လုပ်နေသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ၉၅ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီများသည် တပ်နှင့်ပေါင်းမှ မိမိတို့ အာဏာရမည်ဆိုသည့် အနေအထားမျိုးဖြင့် လုပ်ဆောင်နေကြကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တပ်မတော်ထဲမှာရှိနေတဲ့ ဗိုလ်ချုပ်ကြီးတွေကနေအစပေါ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ် တွေ အဲဒီ အရာရှိတွေ အများစုကိုပဲ ဒီမှာနေပြီး ဝင်ပြိုင်ဖို့ဆိုပြီးတော့ ပါတီထဲထည့်တဲ့ဟာလည်း တွေ့နေရတာ ပဲလေ ယူနီဖောင်း ဝတ်ထားတဲ့ကနေပြီးတော့ စစ်သားတွေပေါ့။ သူတို့ ဒီရွေးကောက်ပွဲ အခင်း အကျင်းကို ဖန်တီးတယ်၊ စီစဉ်တယ် တစ်ဖက်မှာကတော့ တိုက်ပုံဝတ်ထားတာ ကနေပြီးတော့ ဒီစစ်သားတွေပဲ ဒီအာဏာရှင်တွေပဲ သူတို့ပြန်ပြီးတော့ တစ်ဖက်လက်နဲ့ အာဏာယူဖို့အတွက် လုပ်တာပါ။ တစ်ခါ ဒီထဲမှာနေ ပြီးတော့ register လုပ်ပြီး တော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတဲ့ ဟာတွေကလည်း တပ်နဲ့ပေါင်းမှ ငါတို့အာဏာ ရမယ်ဆိုတဲ့ အနေမျိုးနဲ့ လုပ်တာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲနဲ့ ဒီမှာပါဝင်နေတဲ့ နိုင်ငံရေး အစုအဖွဲ့တွေပေါ့။ ပါတီတွေကိုက အစ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံးလုံးလျားလျားကို ဆန့်ကျင်ရလိမ့်မယ် ဘယ်လောက်ပဲ ပေးပေး တစ်မဲနဲ့ပဲရရ နှစ်မဲနဲ့ပဲရရ သူတို့အစိုးရ လုပ်ချင်လည်းလုပ်ပေါ့။ ဂုဏ်သိက္ခာမဲ့စွာနဲ့ပဲ အစိုးရလုပ်တာလို့ပဲ ကျနော်တို့ကတော့ ပြောချင်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်း၍ နိုင်ငံရေးပါတီများ ကို ပြန်လည် မှတ်ပုံတင်ခိုင်းခဲ့သလို ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်လျက်ရှိသည်။
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ခြင်းက ပြည်သူပေးမည့်မဲကို ရရှိအောင် ကြိုးစားကြခြင်းဖြစ်ပြီး အာဏာမလို ချင်သည့်ပါတီ ဒီလောကတွင် မည်သည့်ပါတီရှိလဲဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကို NCA (၁၀)နှစ်ပြည့်ပွဲမှာ တွေ့ရစဉ်
၎င်းက “နိုင်ငံရေးပါတီ တစ်ခုဆိုတာလေ နိုင်ငံတော်နဲ့ နိုင်ငံသား ကောင်းကျိုးကို သူတို့ ကောင်းကျိုးပြုချင်ကြလို့ သာ နိုင်ငံရေးပါတီ ထောင်ကြတာကို။ အဲဒီလို ကောင်းကျိုးပြုပြီးတော့ လုပ်ဆောင်ဖို့ လုပ်ပိုင်ခွင့် ရဖို့ဆိုတာက ပြည်သူအပ်နှင်းတဲ့ မဲကိုရရှိအောင်လို့ ဘယ်နိုင်ငံရေးပါတီမဆို ကြိုးစားကြမှာပဲ။ အဲလို ကြိုးစားမှုပေါ်မှာတော့ အာဏာမလိုချင်တဲ့ အနိုင်မလိုချင်တဲ့ပါတီ ဒီလောကမှာ ဘယ်ပါတီရှိလဲ။ ဘာကြောင့်လဲဆိုလို့ရှိရင် ပြည်သူ အတွက် နိုင်ငံအတွက် လုပ်မယ်ဆိုရင် လုပ်ပိုင်ခွင့်ဆိုတဲ့ဟာ ရှိမှသာလျှင် လုပ်လို့ရတယ်။ ပါတီတိုင်းဟာဆိုလို့ရှိရင် ရွေးကောက်ပွဲ အောင်နိုင်ရေး ရည်မှန်းချက်ဆိုတဲ့ဟာကို ချမှတ်ပြီးဆောင်ရွက်ကြတာ ပါတီတိုင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြားသော ဝေဖန်နေကြသောသူများ ၎င်းတို့ကိုယ်တိုင် သက်ဝင်ယုံကြည်သော ပါတီကရော ဘယ်လို ရပ်တည်ခဲ့သလဲ တပ်နဲ့ပေါင်းချင်း မပေါင်းချင်းကတေ အဓိက မကျဘူး။ ဟိုဟာနဲ့ပေါင်းတယ် ဒီဟာနဲ့ပေါင်းတယ်ဆို တာကတော့ အလကား ပြောနေကျတဲ့ လူတစ်စုရဲ့စကားသာဖြစ်တယ်။ ဒီပေါ်မှာတော့ ကြိုက်သလိုသုံးသပ် ကြိုက် သလို ဝေဖန်မှုလုပ်ကြမှပဲ ပါတီတစ်ခုက ရပ်တည်ချက် ဆောင်ရွက်နေမှုရဲ့ မူဝါဒပေါ်မှာပဲ အခြေခံတယ်”ဟု ပြော သည်။
လက်ရှိမြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြို့နယ် ၁၀၀ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လက် ကျင်းပ မည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တော် ခေါ်မည်ဖြစ်ပြီး မတ်လ၌ အစိုးရသစ်ကို ဖွဲ့စည်းကြမည် ဖြစ်သည်။
၂၀၂၆ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရကို မြန်မာ့တပ်မတော်က ဦးဆောင်ဖွဲ့စည်းသော အစိုးရတစ်ရပ်သာ ဖြစ် လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများကတော့ မြန်မာ့တပ်မတော်မှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ထဲမှာ ရွေးချယ်ခံရဖို့ စောင့်မျှော်ရမည့် အခြေအနေသာရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 541
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စက္ကူစုတ်တစ်ခုအဖြစ် မမြင်ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းလိုက်ခြင်းသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများနှင့် ရည်မှန်းချက်များကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီဖြစ်၍ စာချုပ်သည်လည်း စက္ကူစုတ်တစ်ခုအဖြစ် ရောက်သွားစေသည်ဟု NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အဖွဲ့ကွဲများ စုစုပေါင်း ၆ ဖွဲ့က အောက်တိုဘာလ ၁၃ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။
ထိုအဖွဲ့များမှာ NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့အပါအဝင် NCA ထိုးထားသည့် အဖွဲ့များထဲမှ နှစ်ခြမ်းကွဲသွားသော မွန်ပြည်သစ်ပါတီ (NMSP-AD) ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ ဖြစ်ကြသည်။
RCSS အနေဖြင့် NCA စာချုပ်ကို စက္ကူစုတ်အဖြစ် မမြင်သည့်အပြင် အလေးထား လိုက်နာကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက CNI သတင်းဌာနသို့ ပြောသည်။

RCSS မှ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ RCSS အနေနဲ့တော့ အဲဒီလိုမျိုး မမြင်ပါဘူး။ ကျနော်တို့အဖွဲ့ အနေနဲ့တော့ NCA ကို အလေး ထားပြီးတော့ စိတ်ဝင်တစား၊ စိတ်ရောကိုယ်ပါ ကြိုးစားပြီးတော့ လိုက်နာနေဆဲပဲ။ ဆောင်ရွက်နေဆဲပဲ။ အဲဒါက တော့ သူများပြောသလိုတော့ အဲဒီလိုမမြင်ပါဘူး။ တိုင်းရင်းသား လိုလားချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူး ပေါ့နော်။ အမျိုးမျိုးပဲ အဲဒါကတော့။ သူ့ဘက် ကိုယ့်ဘက်ချည်းပဲပေါ့။ အဲဒါကတော့ ဝေဖန်စရာ မလိုဘူး၊ မရှိဘူး ပေါ့” ဟု ပြောသည်။
NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် စတင်ရေးထိုးခဲ့ကြခြင်း ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်၌ (၁၀) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
သို့သော် NCA စာချုပ်၏ လုပ်ငန်းစဉ်များသည် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ ရပ်တန့်သွားသည်မှာ ယနေ့အထိဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
NCA စာချုပ်ကို KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF, NMSP နှင့် LDU တို့ စုစုပေါင်း ၁၀ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သဘောထားကွဲလွဲမှုများကြောင့် NCA လက်မှတ်ထိုးထား သည့် ၇ ဖွဲ့ဖြင့်သာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွတ်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ငြိမ်းချမ်းရေးသည် NCA မှ အခြေခံပြီး နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် စာချုပ်ပါအတိုင်း လိုက်နာမှုရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးအနေနဲ့ ပြောရမယ်ဆိုရင်တော့ NCA ကနေ အခြေခံတာပေါ့။ အဲဒီတော့ တိုင်းပြည် တည် ဆောက်တဲ့ နေရာမှာရော၊ ရွေးကောက်ပွဲကိစ္စကရော။ ဒါကတော့ ကျနော်တို့အဖွဲ့ အနေနဲ့တော့ ဘာမှမပြောလို ဘူးပေါ့။ ဒါပေမယ့် NCA အကောင်အထည်ဖော်တဲ့ နေရာမှာပဲ အရေးကြီးတယ်ပေါ့။ အဲဒါကြောင့် ခုနက ပြောသလို ပဲ နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့ စာချုပ်အတိုင်း ဆောင်ရွက်သွားဖို့လိုတယ် အဲဒီလိုပဲ ပြောလိုပါတယ်။ အဲဒီ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ဥပမာ ခြုံပြီးပြောမှာပေါ့နော်။ နှစ်ဦးနှစ်ဖက် တည်ဆောက်ထားတဲ့ သဘော တူညီမှုတွေ ရရှိထားတဲ့ NCA စာချုပ်ပါတွေအတိုင်း လိုက်နာမှုရှိရှိနဲ့ ဆောင်ရွက်သွားဖို့တော့ လိုတာပေါ့နော်။ အဲဒီ အထဲမှာ အများအားဖြင့်တော့ လွှမ်းမိုးတာတွေတော့ အများကြီး ရှိသေးတာပေါ့။ စာချုပ် သဘောတူထားသည့် အတိုင်း မဆောင်ရွက်နိုင်ခဲ့တာ အများကြီးရှိတာပေါ့။ ဒါပေမယ့် အသေးစိတ်တော့ မပြောလိုတော့ပါဘူး” ဟု ပြောသည်။
NCA စာချုပ်တွင် ပြုပြင်စရာအချက် သိပ်မရှိပဲ ပြည့်စုံသော်လည်း ယခုလက်တွေ့နှင့် အလုပ်မဖြစ်သည့် အချက် များအား သုံးသပ်၍ ပြုပြင်သင့်သည်များကို ပြုပြင်သွားရမည်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက အကြံပြုကြသည်။
လက်ရှိတွင် NCA စာချုပ်ကို ပျက်သွားပြီဟုဆိုကာ ABSDF၊ CNF၊ KNU တို့က ကြေညာ၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို PNLO၊ ALP၊ LDU၊ NMSP သည်လည်း ၂ ဖွဲ့ကွဲသွားကာ NCA ကနေ နုတ်ထွက်သူနှင့် NCA လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည်သူဆိုကာ ဖြစ်တည်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 557
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
ပအိုဝ်းနှင့် အင်းသားတို့အကြား ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်စေရေးတို့ အတွက် အပြင်းအထန် လှုံ့ဆော်ဖန်တီးနေကြသည်ကို သတိကြီးစွာထား၍ ရှောင်ရှားရုန်းထွက်ကြရန် ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က တိုက်တွန်းခဲ့သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် PNFC က (၁၀)နှစ်မြောက် အင်းသားအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ယခုလို တိုက်တွန်း ထားခြင်းဖြစ်သည်။
PNFC က “ယနေ့အချိန်အခါတွင် ပအိုဝ်းနှင့်အင်းသားတို့အကြား ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်စေရေးတို့အတွက် စစ်အာဏာရှင်များနှင့် လက်ကိုင်တုတ်များက မဖြစ်ဖြစ်အောင် အပြင်းအထန် လှုံ့ဆော်ဖန်တီးနေကြသည်ကို သတိကြီးစွာထား၍ ရှောင်ရှားရုန်းထွက်ကြပါရန် ပအိုဝ်းပြည်သူများ နှင့် အင်းသားပြည်သူများအား အလေးအနက် ပန်ကြားတိုက်တွန်းပါသည်”ဟု ပြောသည်။
ပြည်ထောင်စုအရေးသည် ပအိုဝ်းနှင့် အင်းသားတို့၏ အရေးဖြစ်သကဲ့သို့ ပအိုဝ်းနှင့်အင်းသားတို့၏ အရေးသည် လည်း ပြည်ထောင်စုအရေးဖြစ်သည်ဟု ခံယူချက် တူညီကြသူများဖြစ်ကြောင်း PNFC ၏ သဝဏ်လွှာမှာ ဖော်ပြ ထားသည်။

PNFC ၏ သဝဏ်လွှာကို တွေ့ရစဉ်
အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ အပါအဝင် အင်းသားတော်လှန်ရေး အဖွဲ့အစည်းများစုပေါင်း၍ ခိုင်မာကျယ်ပြန့် အားကောင်းသော အင်းသားနိုင်ငံရေး ကိုယ်စားပြု ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရေးသည် အင်းသား တော်လှန် ရေးနှင့်အတူ လူထုနွေဦး တော်လှန်ရေး၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟု ထိုသဝဏ်လွှာတွင် ပြေထားသည်။
ထိုဦးဆောင်မှုကို စုပေါင်းဖော်ဆောင်ကြရာတွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ အနေဖြင့် မိမိတတ်စွမ်းသမျှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု PNFC က ပြောသည်။
PNFC သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခြင်းကို ဆန့်ကျင်ရန် ဖွဲ့စည်းခဲ့သော ပအိုဝ်းလက်နက်ကိုင် ဖြစ်သည်။
PNFC ကို ဦးဆောင်သူ ခွန်မြင့်ထွန်းသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူဖြစ်သလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုး ခဲ့သူဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွင် ခွန်မြင့်ထွန်းသည် PNFC ကို ထူထောင်၍ မြန်မာ့တပ်မတော် ဖြုတ်ချရေးနှင့် စစ်အာဏာရှင် တော်လှန်ရေးဆိုကာ လက်နက်ကိုင် တော်လှန်ရေး အား ဆင်နွှဲလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 496
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
လာမည့် ရွေးကောက်ပွဲ အပိုင်း (၁)အတွက် အဝေးရောက် ကြိုတင်မဲပေးကြရန် ပုံစံ ၁၅ လျှောက်ရသည့်အခါ အထောက်အထား အပြည့်အစုံ တောင်းဆိုမှုများကြောင့် ရခိုင်တိုက်ပွဲရှောင်များ စိုးရိမ်မှုရှိနေကြသည်ဟု ရခိုင် တိုင်းရင်းသားများပါတီ(RNP)ဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင် သော အခြေအနေနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ကြိုတင်မဲ ပေးနိုင်ရေးအတွက် ပုံစံ ၁၅ လျှောက်ရသည့်အခါ ကိုယ်ရေးအချက်အလက် အပြည့်အစုံ လိုအပ်သော် လည်း လက်ရှိ အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့၏ စစ်ရေး တင်းမာမှုများကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေသည့် ရခိုင်တိုက်ပွဲရှောင်များမှာ စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။

ရခိုင်တိုက်ပွဲရှောင်များကိုတွေ့ရစဉ်
ရခိုင်တိုင်းရင်းသားများပါတီ (RNP)ဥက္ကဋ္ဌ ဦးဘရှိန်က “အခု အဝေးရောက်မဲ လူတွေကတော့ ကြိုတင်မဲလို့ ပြောကြ တယ်။ ပုံစံ ၁၅ နဲ့ အဝေးရောက်မဲ ပေးမယ့်အခါကြတော့လည်း ဒီလူတွေက ဒုက္ခသည်အနေနဲ့ပဲ ပြည်မ ရောက်နေ တာ၊ အခြားနေရာတွေ ရောက်နေတာ။ အဲဒီဒေသမှာ ပုံစံ ၁၅ နဲ့ လျှောက်မယ်လို့ဆိုတဲ့ အခါကြတော့ မှတ်ပုံတင် တောင်းတယ်၊ သူတို့တည်းခိုနေတဲ့ ဧည့်စာရင်းတွေ တောင်းတယ်၊ မိတ္တူတွေ တောင်းတယ်၊ ဟိုဟာတွေ တောင်း တယ်၊ ဒီဟာတွေတောင်းတယ်။ အဲဒီတောင်းတာကလည်း ဌာနဆိုင်ရာရဲ့ ညွှန်ကြားချက်အတိုင်း တောင်းတာတွေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အလိုလိုကြောက်နေတဲ့ လူတွေက သူတို့အကြောင်းအရာတွေကို ဘာတွေ လာတောင်း ပြန်ပြီလဲ။ ဒီလူတွေ ဘာလုပ်ကြမလဲဆိုပြီးတော့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ဖြစ်နေတယ်ဆိုတာကတော့ အန်ကယ် တို့ အဲဒီလူတွေဆီက ပြန်ပြောပြတဲ့ မိတ်ဆွေတွေဆီက သိရပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကြားကပဲ ပုံစံ ၁၅ နဲ့ ကြိုတင် မဲပေးလို့ရအောင်၊ လျှောက်တဲ့လူတွေကလည်း အသင့်အတင့်တော့ ရှိကြပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပိုင်း (၁) ကို စတင် ကျင်းပသွားမည်ဖြစ်ကြောင်း UEC က တရားဝင် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ ၂ နှစ်ပြည့်တော့မည် ဖြစ်သည်။
ထိုကာလအတွင်း AA ဘက်မှ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ထဲမှာ ၁၄ မြို့နယ်နှင့် ပလက်ဝမြို့တို့ကို သိမ်းပိုက် အုပ်ချုပ်ထားပြီး မြန်မာ့တပ်မတော်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထား နိုင်သည်။

ရခိုင်တိုက်ပွဲရှောင်များကိုတွေ့ရစဉ်
ထိုပဋိပက္ခများကြား မဲပေးကြရမည့် ရခိုင်ပြည်သူလူထု အနေဖြင့် စိတ်အားထက်သန်မှု ရှိကြရန်မှာ ခက်ခဲကြောင်း ရခိုင်တိုင်းရင်းသားများပါတီ (RNP)ဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်တောင့်သက်သာ နေရထိုင်ရတဲ့ဘဝနဲ့ ပြေးလိုက် လွှားလိုက်၊ ရုန်းလိုက် ကန်လိုက်၊ ထမင်းတစ်လုပ် စားဖို့တောင် သတိမရနိုင်၊ ဟင်းတစ်လုပ် စားဖို့တောင် သတိမရနိုင်၊ ညအိပ်တာ ဘယ်နေရာမှာ အိပ်ရမှန်းမသိတဲ့ လူတွေနဲ့ အခြေအနေခြင်း မတူကြဘူး။ အဲဒီမှာ ပဋိပက္ခတွေ၊ အခက်အခဲတွေ ရှိနေကြတဲ့နောက် မဲပေးတဲ့သူတွေ လည်း စိတ်အား ထက်ထက်သာသာ ရှိဖို့အတွက် ခက်ခဲပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုမှ မြို့နယ် ၅၆ ခုကို ကြေညာခဲ့သည်။
ထိုအထဲတွင် လက်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့ မပါဝင် သည်ကို တွေ့ရသည်။
မြန်မာ့တပ်မတော် အနေဖြင့် အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့တို့မှာ စစ်ရေးအရ အာမခံချက် ရှိသောကြောင့် ရွေးကောက်ပွဲ မကျင်းပ
- By CNI
- Category: နိုင်ငံရေး
- Hits: 666
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ လဟယ်မြို့နယ်အတွင်းရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)အဖွဲ့၏ စခန်းတစ်ခုကို အိန္ဒိယက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။
အိန္ဒိယသည် လဟယ်မြို့နယ်၊ ကမ်မော်လောရီကျေးရွာရှိ NSCN-K/YA ၏ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA ၏ အနောက်မြောက်တိုင်းမှူး ဗိုလ်ချုပ်ပီးအောင်၏ နေအိမ်ထိမှန်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ချုပ် ပီးအောင်၏ သားတစ်ဦးနှင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း၊ ထိုတိုက် ခိုက်မှုကြောင့် ဗိုလ်ချုပ်ပီးအောင်နှင့် ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
NSCN-K/YA အဖွဲ့သည် အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ်၊ ချန်လန်(Changlang)ခရိုင်၊ မန်မော်(Manmao) အုပ်စု အတွင်းရှိ ဟာ့စ်မန်(Hatman)ကျေးရွာအနီးက အာသံရိုင်ဖယ်(Assam Rifles)စခန်းကို အောက်တိုဘာ ၁၅ ရက် ရက်က တိုက်ခိုက်ခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K/YA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ၄ ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့သည်။
အိန္ဒိယသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ NSCN-K/YA၊ ULFA(I) အဖွဲ့တို့၏ စစ်စခန်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် NSCN-K/YA က အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အိန္ဒိယက NSCN-K/YA ၏ လဟယ်မြို့နယ်အတွင်းက စခန်းတစ်ခုကို အောက်တိုဘာ ၂၀ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
NSCN-K/YA သည် အိန္ဒိယ-မြန်မာ နာဂလူမျိုးများကို စုစည်း၍ လွတ်လပ်သော နာဂပြည်ထောင်စု နယ်မြေကို ထူထောင်ရန် လက်နက်ကိုင်တော်လှန်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 608
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၉
နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုသည်မှာ အစိုးရ မည်သူပဲ ပြောင်းသွားသွား မူဝါဒအားဖြင့် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စများက တစ်သမတ်တည်း ဖြစ်ရန်လိုကြောင်း ပြည်သူ့ပါတီ(PP)မှ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ အစိုးရများသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို ဖော်ဆောင်ရာတွင် ရှေ့အစိုးရလုပ်သွားသည့် ကိစ္စဖြစ်၍ နောက်တက်လာသော အစိုးရက ဖျက်သိမ်းခြင်း၊ ဆိုင်ငံ့ခြင်း၊ ပြန်လည် ဆွေးနွေးမှု အသစ်များ ပြုလုပ်ခြင်းများရှိသည်။
ထိုလုပ်ရပ်အပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက မကြိုက်နှစ်သက်ကြသလို အယုံအကြည် ကင်းမဲ့မှုများ ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန်ရှောင်လာကြသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရက နိုင်ငံတော်ငြိမ်းချမ်းရေးအား အစိုးရမည်သူပဲ ပြောင်းပြောင်း မူဝါဒအားဖြင့် တစ်သမတ်တည်းထားရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ မကြာခင်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုတော့ ကျင်းပလို့ နိုင်ငံရေး အခင်း အကျင်းအသစ် ပေါ်လာတဲ့အခါမှာ အဲဒီရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်အစိုးရ အနေနဲ့ ဒီနိုင်ငံ တော်ရဲ့ ငြိမ်းချမ်းရေး ကိစ္စဆိုတာက အစိုးရဘယ်သူပဲ ပြောင်းသွားသွား သူက မူဝါဒအားဖြင့် နောက် လုပ်သင့် လုပ်ထိုက်တဲ့ ဟာတွေက တစ်သမတ်တည်း ဖြစ်ဖို့တော့ လိုတယ်ဆိုတော့ အခုလုပ်နေတဲ့ဟာတွေက ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကြတော့ ကိုယ့်သဘောနဲ့ကိုယ် နောက်တစ်မျိုးတွေ လုပ်ရင် သူက အဆက်အစပ် သိပ်မရှိဘူး။ ဒါကြောင့်မို့လို့ ဒီလိုမျိုးရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒီကနေ အကြံပြုချက်တွေ ဆွေးနွေး ချက်တွေကို စုစည်းထားတယ်ဆိုတာက ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းအတွက်က ဆက်ပြီးတော့ သယ်ဆောင်နိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ဦးသန်းရွှေ ဦးဆောင်သော အစိုးရလက်ထက်က တရုတ်နှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဆန့်ကျင်ကွန့်ကွက်မှုများကြောင့် ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်အတူ ရွေးကောက်တင်မြှောက်ခံရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာသည့် အခါမှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ခြင်း မရှိခဲ့သလို လက်ရှိ တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်နေချိန်မှာလည်း မြစ်ဆုံ စီမံကိန်း ပြန်မစတင်နိုင်ဘဲ ရပ်ထားရသည်။
ငြိမ်းချမ်းရေးသည် ထိပ်တန်း ဦးစားပေး အနေဖြင့် ရှိနေမှာဖြစ်ပြီး ယခု လက်နက်ကိုင်ပဋိပက္ခ ဖြတ်သန်းမှုတွင် အမြင့်ဆုံး အခြေအနေဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ အဓိက,ကတော့ ဒါငြိမ်းချမ်းရေးမှာ ထိပ်တန်းဦးစားပေး ကိစ္စအဖြစ်နဲ့ ဆက်ရှိနေလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ အဲတော့ ဘာကြောင့်ဆိုတော့ ဒီလက်နက်ကိုင် ပဋိပက္ခက ပြောရရင် ကျနော်တို့ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာက အမြင့်ဆုံး အခြေနေတစ်ခုကို ရောက်လာခဲ့တယ်။ ရောက်လာခဲ့တော့ လက်ရှိ အစိုးရလက်ထက်မှာ တတ်နိုင်သလောက် ဆောင်ရွက်နေတာတွေ ရှိပေမယ့်လို့ နောက်အစိုးရ လက်ထက်မှာ ဆက်ပြီးတော့ ဒါတွေကို အရှိန်အဟုန်မြင့်ဖို့ အားကောင်းအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြို့နယ် ၁၀၀ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လက် ကျင်းပ မည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တော် ခေါ်မည်ဖြစ်ပြီး မတ်လ၌ အစိုးရသစ်ကို ဖွဲ့စည်းကြမည်ဖြစ်သည်။
