- By CNI
- Category: နိုင်ငံရေး
- Hits: 385
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များ ဖြစ်ကြသည့် တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အိန္ဒိယတို့အပြင် အခြားသော နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၌ စုစည်း တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းလားဟု နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေ ကြသည်။
ကော်မရှင်ဥက္ကဋ္ဌသည် ဩဂုတ် ၃၁ ရက်မှ စတင်ကာ စက်တင်ဘာ ၃ ရက်နေ့အထိ ကြာမြင့်ခဲ့သည့် တရုတ်ခရီးစဉ် အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့နှင့် တွေ့ဆွေးနွေးခဲ့သည်။
ထို့ပြင် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၊ ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက်စ် ရှက်ဘာ ရှာရီစ်၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို၊ အာဆီယံအတွင်းရေးမှူး၊ ကာဇက်စ္စတန်သမ္မတ အပါအဝင် အခြားသော နိုင်ငံတကာ ခေါင်းဆောင်များဖြင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ စုစည်းတွေ့ဆုံခဲ့မှုသည် အခွင့်အလမ်း အနည်းနှင့်အများ ပေါ်လာနိုင်သော်လည်း ကြီးကြီးမားမား ရရန် အခြေအနေမှာ မရှိသေးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်
၎င်းက “ဘာလို့ဆို သူ့ကို ဖိတ်တဲ့ဟာကလည်း ဖဲရိုက်တယ်ဆိုရင် အိမ်ပြည့်အောင် ဖိတ်တာ(တဲ့)ပုံစံမျိုးဖြစ်တာကို။ အဲဒီတော့ သူ့ကိုပဲ ပုံပြီးတော့မှ အလေးထားပြီးတော့မှ တွေ့တယ်လို့ မမြင်ရဘူးပေါ့။ သို့သော်လည်း တစ်ဖက်က လည်း ဗမာပြည်ဟာ တရုတ်ပြည်အတွက် အိန္ဒိယသမုဒ္ဒရာကိုထွက်ဖို့ ထွက်ပေါက်ဖြစ်တဲ့ အတွက်ကြောင့် ဘယ် နည်းနဲ့မဆို သူက အထိုက်အလျောက် အလေးထားတာတော့ သေချာတာပေါ့။ ဒါကို တပ်ချုပ်ကြီးကလည်း ကြိုးစားပြီးတော့မှ သူ့အကျိုးအတွက်ဖြစ်အောင် လုပ်နေပုံရတယ်။ တစ်ဖက်ကလည်း သူက လုပ်ရမှာက ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ဖို့ပဲ။ ဒါကိုဖြစ်နိုင်တယ်ဆိုရင် သူ့အတွက်က အကူအညီက ပိုပြီးတော့မှ ရနိုင်တယ် ပေါ့။ သူ့အတွက် အားကောင်းတဲ့ အချက်တစ်ခုက ဘာလဲလို့ထင်လဲဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ စပြီးတော့မှ လုပ်ခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာ သူက အဲဒါကိုနည်းနည်း ရပ်တည်နေတယ်လို့ ကြေညာနေတာပဲ။ ဒါဟာ အိမ်နီးနားချင်း နိုင်ငံတွေအတွက် အသက်ရှူချောင်စေတဲ့ ရပ်တည်ချက်လို့ ပြောရမှာပေါ့။ အတိုက်အခံတွေဘက် ကတော့ ဒီလိုရပ်တည်ချက်မျိုး ကြေညာတာ မတွေ့ရသေးတဲ့ အခါကြတော့ ဒါဟာလည်း အားနည်းချက် တစ်ခု ဖြစ်တာပေါ့။ အားနည်းချက်ကို ဝိုင်းဝန်းပြီးတော့ အားသာချက်ဖြစ်အောင် လုပ်ဖို့ လိုပါလိမ့်မယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာ ၃ ရက်တွင် ဘေကျင်းမြို့မှာ ကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား ကို တက်ရောက်ခဲ့ကာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုအခင်းအကျင်းအရ နိုင်ငံတကာ စာမျက်နှာသစ်တွင် မြန်မာနိုင်ငံအနေဖြင့် တော်တော်လေး လှုပ်ရှားနိုင်ပြီး အရေးပါ အရာရောက်သည့် ကိစ္စရပ်များ ဖြစ်လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့တွေ့ဆုံစဉ်
၎င်းက “ဒေသတွင်းချင်း ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ဒါတွေအကုန်လုံးကို ပေါင်းစည်းအောင် လုပ်ကြတာပေါ့လေ။ ပိုဆိုးတာက အမေရိကန်မှာ ဒေါ်နယ်ထရမ့် တက်လာပြီးတဲ့နောက် တခြားနိုင်ငံတွေကို အခွန်စည်းကြပ်တာ ဘာတို့နဲ့အတူ လိုက်လုပ်တော့ အဲဒီအချိန်မှာ အဲဒီကိစ္စရပ်ကို တမင်သက်သက် အနိုင်ကျင့် တယ်လို့ ထင်ကြတဲ့သူတွေ၊ နောက်တစ်ခုက ဖြေရှင်းလို့ ရရဲ့သားနဲ့ တမင်သက်သက် အကြပ်ကိုင်တယ်လို့ ထင်ကြ တဲ့ သူတွေပေါ့။ ပြောရရင် အဲဒီအကြပ်ကိုင်မှုကို လက်မခံကြဘူး အဆင်မပြေကြဘူးဆိုတဲ့ နိုင်ငံတွေ စုပေါင်းပြီး တော့ ကမ္ဘာကြီးမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရေး ဘယ်လိုသွားကြမလဲဆိုတဲ့ အဖြေရှာကြတာပဲလေ။ ဒီလိုမျိုးပူးပေါင်း ဆောင်ရွက်မှု ကောင်းလာခြင်းအားဖြင့် မြန်မာနိုင်ငံသည်လည်း နောင်အနာဂတ်မှာ နိုင်ငံတွေ ကြားထဲမှာ ဆက်ဆံရေးတွေ ပိုကောင်းလာမယ်။ နောက်တစ်ခုကတော့ နိုင်ငံတကာ စာမျက်နှာပေါ့။ အရင်တုန်းက နိုင်ငံတကာ စာမျက်နှာဆိုတာက အနောက်ဥရောပနဲ့ မြောက်အမေရိကတိုက်ဆိုပြီးတော့ ပြောရမလိုတောင် ဖြစ် တဲ့ အနေအထား။ ဒါပေမယ့် အခု တကယ့် နိုင်ငံတကာဆိုတဲ့ စာမျက်နှာသစ်ကတော့ အခုဖြစ်လာမှာပေါ့။ အဲဒီ တော့ နိုင်ငံတကာ စာမျက်နှာ သစ်မှာတော့ မြန်မာနိုင်ငံအနေနဲ့လည်း တော်တော်လေးကို လှုပ်ရှားနိုင်ပြီးတော့ အရေးပါ အရာရောက်တဲ့ အရာတွေ ရောက်လာပါလိမ့်မယ်” ဟု ပြောသည်။
ထိုခရီးစဉ်၌ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်၊ အိန္ဒိယ၊ လာအို အပါအဝင် တခြားသော နိုင်ငံများက ထောက်ခံကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင် နိုင်ငံဖြစ်လာစေရေး ဆွေးနွေးခဲ့ ကာ တရုတ်-မြန်မာ-အိန္ဒိယ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။
လီဒိုလမ်း ပြန်လည်ပြုပြင်ရေး၊ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေး၊ လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူ နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး၊ အိန္ဒိယ-မြန်မာ မြေရှားသတ္တု တူးဖော်ရေး နှင့် လုံခြုံရေးကဏ္ဍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 395
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ ပျက်ပြားအောင် လူမှုကွန်ရက် စာမျက်နှာ၌ ရေးသား ဖြန့်ဝေခဲ့ခြင်း ကြောင့် အမျိုးသား ၁ ဦးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိ ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း နေပြည်တော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁)ရပ်ကွက်တွင် နေထိုင်သော အသက် ၃၆ နှစ် ရှိသည့် နေသွေး (ခ) ဦးအောင်ခင်သည် သြဂုတ်လ ၂၅ ရက်၌ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရွေးကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်သော စာသားများကို ဖြန့်ဝေနေကြောင်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။
နေသွေး(ခ)ဦးအောင်ခင်က “ မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာ ကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲ စဥ်စား၊ အလကားနေ ဘာမှစောက်ပြစ်မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့...”စသည့် စာသားများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သည်။

နေပြည်တော်ဘက်က ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့နောက် သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူ နေသွေးအား ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၉ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် တိတိ အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဏာပိုင်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ပျက်ပြား အောင် လှုံ့ဆော်ခြင်း၊ နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းတို့ကို ပြစ်ဒဏ်များ တင်းကြပ်စွာ ချမှတ်အရေးယူနေ ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲ ဆန့်ကျင်နှောင့်ယှက်သူများနှင့် ပျက်ပြားအောင် ဖော်ဆောင်သူများကို ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအပြင် သေဒဏ်အထိပါ ချမှတ်နိုင်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေတစ်ရပ်” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ တွင် ထုတ် ပြန် ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 571
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော အထွေထွေရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ အနေဖြင့် ငွေကြေး၊ လုံခြုံရေး၊ ကိုယ်စားလှယ်လောင်း စသည့် အခြေအနေများ အခက်အခဲကြုံတွေ့နေရချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှာ အခက်အခဲမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ အပိုင်း(၁)အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု UEC က ထုတ်ပြန်ထားသည်။
ထို့နောက် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် မြို့နယ်ပေါင်း ၁၁၀ မှာ ပါတီရုံးခန်း ဖွင့်ရမည်၊ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်၏ ထက်ဝက်ကျော် ဝင်ရောက်ယှဉ်ပြိုင်ရမည်၊ ကိုယ်စားလှယ် လောင်း တစ်ဦးလျှင် ၅ သိန်းနှုန်းဖြင့် UEC သို့ စပေါ်တင်ရမည် စသည့် သတ်မှတ်ချက်များကြောင့်
ငွေကြေး အခက်အခဲများ ဖြစ်နေကြသလို နယ်မြေတည်ငြိမ်မှု မရှိခြင်းနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်းများကြောင့် လုံခြုံရေး စိုးရိမ်ရသော အခက်အခဲများ ကြုံနေကြပြီး ပါတီရုံးခန်း ဖွင့်ရန်လည်း အခက်အခဲများ ဖြစ်ပေါ်နေကြ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သည် ပါတီဝင်ကြေးနှင့် လည်တ်ပတ်နေခြင်းဖြစ်၍ အခက်အခဲ အများကြီး မရှိဘူးဟု USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

USDP ပါတီကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ပါတီအနေနဲ့ကတော့ ပြည့်မှီသွားပါပြီ။ အခက်အခဲကတော့ ကျနော်တို့ အများကြီး မရှိပါဘူး။ လတ်တလော အနေအထားကလေ ကျနော်တို့ ပါတီအနေနဲ့က ဒီကိုယ်စားလှယ် အရေအတွက်ရော ကျနော်တို့ ပါတီရုံးခန်းရော ပါတီရုံးခန်းကတော့ ကျနော်တို့ ပြည်နယ်/တိုင်းဒေသကြီး အားလုံးကလည်းပဲ ရှိထားပြီးသား ဖြစ် တယ်။ မြို့နယ် အလိုက်လည်းပဲ ကျနော်တို့ ပါတီရုံးခန်းတွေ ရှိထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့ ပါတီရုံးခန်း ကိစ္စအတွက်ကတော့ ကျနော်တို့ ပြည့်မှီပြီ။ ကိုယ်စားလှယ်ကလည်းပဲ ကျနော်တို့ ဒါမနေ့ကပဲ ကျနော်တို့ အပြီး သတ် ရွေးချယ်ပြီးတဲ့ အခါကျတော့ ကျနော်တို့ နေရာပြည့် ယူနိုင်သွားကြဖို့ရာ အတွက်ကို အားလုံး ယာထားပြီး သွားပါပြီ။ ကျနော်တို့ ပါတီကကျတော့လေ ပါတီဝင် တစ်ယောက်ကို ကျနော်တို့ ၁ ထောင်ပေါ့နော် အဲလို ကောက် ခံတယ်။ ကျနော်တို့က ပါတီဝင်ကြေးပေါ့။ အဲပါတီဝင်ကြေးနဲ့ ကျနော်တို့တတွေက လည်ပတ်ပြီးတော့ ဆောင်ရွက် တယ် ကျနော်တို့က ပါတီဝင်က များတဲ့အခါကျတော့ ပါတီဝင်ကြေး ၁ ထောင်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ တချို့သည် ကိုယ်စားလှယ်လောင်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်အနေဖြင့် ထောက်ပံ့နိုင်ရေး ဘဏ်ချေးငွေများ ယူနေရသူများရှိသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(က)တွင် ပါတီတစ်ခုသည် ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ချက်အတိုင်း ပါတီဝင် ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်း တွေ့ရှိခြင်း၊ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ သတ်မှတ် ချက်အတိုင်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း တွေ့ရှိခြင်း စသည့် အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(ခ)တွင် ကော်မရှင်သည် ပုဒ်မခွဲ(က)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။

USDP ပါတီကို တွေ့ရစဉ်
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှအောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ပါတီအနေနှင့် ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ ဖောင်တင်ခြင်းကိစ္စကို အဓိကထား ဆောင်ရွက်နေကြောင်း USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
၎င်းက “ပါတီကတော့ အခု ဒီရက်ပိုင်းကတော့ ကိုယ်စားလှယ် ရွေးချယ်မှုကို အဓိကထားတယ် ကျနော်တို့ ဒီကနေ့ ဆိုရင် ကျနော်တို့ ကိုယ်စားလှယ် မှတ်ပုံတင်တဲ့နေ့ စတယ်ပေါ့နော်။ ၁၇ ရက်နေ့ နောက်ဆုံးပေါ့ ဆိုတဲ့အခါကြ တော့ ဒီ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်းကတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ခြင်း ကိစ္စကို ဒါလုပ်နေကြတယ်။ လိုအပ်တဲ့ အချက်အလက်တွေအရ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သူတို့ အရွေးခံရမယ် လို့ သိသွားပြီဆိုတာနဲ့ သက်ဆိုင်ရာဌာနတွေမှာ ကျနော်တို့ အခွန်မှာ ဆိုလို့ရှိရင်လည်းပဲ အခွန်ကိစ္စ ကင်းရှင်း ကြောင်းတွေပေါ့။ ဒီဌာနဆိုင်ရာ ထောက်ခံချက် ရယူမှုတွေကို စုဆောင်းတယ် နောက် ဖောင်ဖြည့်တဲ့ ကိစ္စတွေကို လုပ်ကြမယ် ဒီရက်ပိုင်းကတော့ ကိုယ်စားလှယ် ရွေးချယ်ခြင်းနဲ့ ကိုယ်စားလှယ် ကျနော်တို့ ဒီဖောင်တင်ခြင်း ကိစ္စ ကို အဓိကထားပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထား သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1441
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ယခုထက် ပိုမို အင်အားကြီးလာအောင် တရုတ်ဘက်က လုပ်ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
KIA သည် ကချင်ဒေသဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ပထဝီအနေအထားအရ ဒေသအကန့်အသတ် များရှိသဖြင့် ကချင်ပြည်နယ်ရရေးအတွက်သာ ကြိုးစားမှာဖြစ်ကြောင်း၊ တရုတ်နှင့်ထိစပ်နေသည့်အတွက် အင်အားကြီးအောင် လုပ်ရန်မှာ မလွယ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာလှကျော်ဇောက “တရုတ်ကလည်း ပြတ်ပြတ်သားသား ပြောထားပြီးသား။ “ဝ” တို့၊ ကိုးကန့်တို့ကို ဒီအင်အားတွေကို မထောက်ခံဖို့ပြောတော့ သူက သူ့ဘာသာသူတောင် တော်တော်နိုင်နိုင်နင်းနင်း ဖြစ်အောင် လုပ်ရဦးမှာပါ။ ကူညီတာတော့ ကူညီမှာပေါ့။ သို့သော်လည်း အင်အားကြီး ဖြစ်လာအောင်တော့ သူလုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ သူ့ဒေသမှာတော့ အခြေခိုင်အောင်၊ ခိုင်မာအောင်၊ ခိုင်ခန့်အောင်တော့ ဆက်ကြိုးစားပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ လုပ်နိုင်ခြေရှိမယ် မထင်ဘူး။ KIA ကလည်း ဘယ်လောက်ပဲ အင်အားကြီးအောင်လုပ်ချင် လုပ် ချင် သူ့ဒေသမှာပဲ ခိုင်မာအောင် တည်ငြိမ်အောင်ပဲ လုပ်နိုင်မယ်။ ဒီထက်ပို လုပ်နိုင်မယ်မထင်ဘူး။ တရုတ်ကလည်း လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ တခြား ကိုးကန့်လို “ဝ”လိုလောက် တရုတ်က ဩဇာမရှိပေမယ့် နယ်ချင်းစပ်နေတာ လေ။ အဲဒီတော့ ကုန်သွယ်ရေးတွေဘာတွေ အားလုံးက ဆက်စပ်နေတာ။ အဲဒီတော့ တစ်စုံတစ်ရာ ထောက်ထား ရတာတွေတော့ ရှိမှာပဲ။ အင်အားကြီးအောင် လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ကိုယ်ရောက်နေတဲ့နေရာ မှာကို ခိုင်မာအောင် တော်တော်လုပ်ယူရမှာ။ သူက သူ့ကချင်ပြည်နယ် ရရေးအတွက် သူကြိုးစားမှာပဲ။ အဲဒီတော့ သူ့ကချင်ပြည်နယ်ရရေး၊ သူ့ကချင်ပြည်နယ်မှာ သူတို့ပြောတဲ့ ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဒီဟာတွေ ကို သူသွားမှာပဲ။ ဒီအတွက် သူဆက်ကြိုးစားမှာပဲ” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက လိုင်ဇာမြို့မှာ ချင်းညီနောင်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော် တွေ့ဆုံစဉ်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ယောတပ်တော်၊ မြင်းခြံ PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော်လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင် ရေးတို့ကို ထောက်ပံ့ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင် လည်း ပူးပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
လက်ရှိတွင် တရုတ်ဖိအားကြောင့် မြောက်ပိုင်း ၃ ဖွဲ့ အင်အားနည်းနေချိန်၌ KIA အနေဖြင့် စုစည်းမှုအတွက် ခရာကျသည့် အဖွဲ့အစည်းကြီး ဖြစ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက လိုင်ဇာမြို့မှာ ယောတပ်တော်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော် တွေ့ဆုံစဉ်
၎င်းက “KIA ကတော့ သူက ဝါရင့် အဖွဲ့အစည်းကြီးဖြစ်တယ်။ အတွေ့အကြုံများတယ်။ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ တာဝန်ယူနေတယ်ဆိုတော့ တစ်ချိန်တည်းမှာ မြေပြင်မှာ စစ်တိုက်နေပေမယ့် တစ်ချိန်တည်းမှာ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အနောက်နိုင်ငံဆက်ဆံရေး၊ ဥပရောပဆက်ဆံရေး၊ အရှေ့နိုင်ငံ တရုတ်-ဂျပန် ဆက်ဆံရေးလည်း အားလုံးကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါ တယ်။ ဒါကြောင့် သူ့အနေနဲ့တော့ အလွန်အကျွံ ဘယ်ဟာမှ မဆုံးဖြတ်ဘဲနဲ့၊ အလွန်အကျွံ အစွန်းရောက်ပေါ့လေ။ ဘာမှမလုပ်ဘဲနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရှိနေတဲ့ဟာက သူ့ရဲ့ နိုင်ငံရေးပါးရည်၊ နပ်ရည်ရှိမှုကို ပြနေတဲ့သဘောလို့ ယူဆပါတယ်။ ဒါကြောင့် သူက တဖြေးဖြေးနဲ့ အနိမ့်ဆုံးပေါ့လေ မြောက်ပိုင်းအဖွဲ့တွေ အားနည်းနေတဲ့အချိန်မှာ တဖြေးဖြေးနဲ့သူက စုစည်းမှုအတွက် ခရာကျတဲ့ အဖွဲ့အစည်းကြီး ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိ KIA ဌာနချုပ်တွင် AA၊ နာဂလက်နက်ကိုင် ENDA/ENNO၊ NUG၊ NUCC၊ CNF၊ ABSDF၊ PDF တို့ အခြေချ စုဖွဲ့လျက်ရှိကြောင်း နီးစပ်သူများက ပြောသည်။
KIA သည် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ကမ်းလှမ်းမှုများရှိနေသလို တွေ့ဆုံဆွေးနွေးနိုင်ရေး နေရာကို ညှိနှိုင်းနေကြကြောင်း၊ တစ်ဖက်တွင် ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တွက်ဆ၍ KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို ဆုံဆည်းစေကာ စစ်ရေးနှင့် နိုင်ငံရေးကို ပြင်ဆင်နေကြောင်း နီးစပ်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 626
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကနေထွက်သွားသည့် ဒေါ်စန္ဒာမင်း ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အပါအဝင် နိုင်ငံရေးပါတီ ၄ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းလိုက် ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
UEC က ဖျက်သိမ်းလိုက်သော နိုင်ငံရေးပါတီ ၄ ပါတီတွင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၃ ပါတီ ပါဝင်ပြီး တိုင်းဒေသကြီး/ပြည်နယ် တစ်ခုကိုသာ ဝင်ပြိုင်မည့် ပါတီ ၁ ပါတီ ပါဝင်သည်။
ထိုပါတီများမှာ NDF ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့သည် ပြည်ထောင်စုတစ်ဝန်း ပြိုင်မည့်ပါတီများဖြစ်ပြီး ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုမှာသာ ပြိုင်မည့်ပါတီဖြစ်သည်။

NDF ပါတီသည် ဒေါ်စန္ဒာမင်း၊ ဦးထက်အောင်ကျော်၊ ဒေါက်တာမျိုးဆက်သွေးတို့ ဦးဆောင်ကြပြီး DNP မှာ သမ္မတရုံးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးမောင်(ငြိမ်း) ဦးဆောင်သည်။
အဆိုပါ ပါတီများ ဖျက်သိမ်းရခြင်းမှာ သတ်မှတ် ပါတီဝင် ဦးရေ မပြည့်မီခြင်းနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေ အတွက် မပြည့်မီခြင်းတို့ကြောင့် ဖြစ်သည်ဟု UEC က ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား တင်ရန် ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ထား သည်။

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၉)နှင့်(၁၀) အရ သတ်မှတ် ရက်ဖြစ်သည့် စက်တင်ဘာ ၇ ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ပါတီဝင် ဦးရေ မပြည့်မီသည့် NDF ပါတီ နှင့် ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသော DNP၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ၉ ပါတီအနက် ၆ ပါတီသာ ကျန်ရှိတော့သည်။
အဆိုပါ ပါတီများမှာ ဦးခင်ရီ ဦးဆောင်သော(USDP)ပါတီ၊ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် (PPP)ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သော(PP)ပါတီ၊ စိုင်းအိုက်ပေါင်း ဦးဆောင်သည့် (SNDP)ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင် သော(MFDP)ပါတီ၊ တစညပါတီတို့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 590
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အယောင်ဆောင်၍ ပြည်သူလူထုထံ စာများပေးပို့ကာ ခြိမ်းခြောက် ငွေတောင်းဆိုနေသူများကို ထိရောက်စွာ အရေးယူ ချေမှုန်းသွားမည်ဟု SNA မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှက ပြောသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် လူတစ်စုက နေအိမ်များကို SNA တပ်ရင်း(၄)ဟုဆိုကာ စာများချိတ်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အတွင်း 09687167565 ကို ဆက်သွယ်၍ ကျပ်သိန်း ၃၀၀ ပေးဆောင်ရန် ခြိမ်းခြောက်စာများ ပေးပို့နေသည်။
အဆိုပါ လုပ်ရပ်များသည် ရန်သူမှ SNA အယောင်ဆောင်ပြီး လူထုအပေါ်မှာ ခြိမ်းခြောက် ငွေညှစ်နေခြင်း ဖြစ်ကြောင်း၊ SNA ကို နာမည်ပျက်အောင် တမင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လူထုကြားထဲ စိုးရိမ်ထိတ်လှန့်မှု များ မဖြစ်ကြစေလိုကြောင်း SNA မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှက ပြောသည်။

ထိုဒေသတွင် SNA တပ်ရင်း ၄ မရှိကြောင်း၊ နာမည်များ သုံးနှုန်းထားသည်မှာလည်း လွှဲမှားနေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးဆေဝမ်းဖှက “ ယနေ့အချိန်ထိ မိမိတို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် မိမိတို့ ပြည်သူ လူထုအပေါ် စိုးစဉ်းမျှ မထိခိုက် မနစ်နာစေသည့်အပြင် မည်သည့် အခါမျှ ပြည်ထောင်စုအပေါ် ဒုက္ခရောက်စေမည့် အဖွဲ့အစည်း မဟုတ်ပါဘူး။ ယခုလို SNA အယောင်အဆောင်ဖြင့် ဒေသတွင်းတွင် အမျိုးသားရေးသိက္ခာ ကျဆင်း စေရန် ဆောင်ရွက်မှုအား ပြုလုပ်သည့် ပုဂ္ဂိုလ်နှင့် နောက်ကွယ်မှ စီစဥ်ညွှန်ကြားသည့် အဖွဲ့အစည်းအား ပြင်းထန် စွာရှုံ့ချပြီး ထိရောက်စွာ အရေးယူ ချေမှုန်းသွားမည်”ဟု ပြောသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ SNA ၏ တပ်မဟာ ၅၆၅ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီလူမျိုးများ နေထိုင်သည့် အင်းတော်ကြီးဒေသကို ကာကွယ်ရေးအတွက် ကြိုးပမ်းနေရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဗန်းမောက်၊ ဟုမ္မလင်းနှင့် တမူးမြို့နယ်များ အတွင်းမှာလည်း SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်မဟာ ၅ ခုထိ ဖွဲ့စည်းထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 641
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၉
အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO) များသည် ရပ်တည်ရန် ခက်ခဲလာကြသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် PDF အမည်ခံ အဖွဲ့အစည်းများသည်လည်း နိုင်ငံတော်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု၊ ဖိအားပေးမှုများကြောင့် ပိုမိုဒုက္ခရောက်လာကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာ/လုံက “ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းနှင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာရခြင်းသည် လက်နက်ကိုင် လမ်းစဥ် ကြောင့် ဖြစ်သည်ကို အမှန်တိုင်း ရှုမြင်ကြရန် အချိန်တန်ပြီ”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
ထိုကြောင့် PDF များနှင့် လက်နက်ကိုင်အုပ်စုများ အနေဖြင့် နိုင်ငံတော်အကျိုးနှင့် ဒေသအကျိုးကို ဖော်ဆောင်ရန် ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်လမ်းစဥ်သို့ လျှောက်လှမ်းနေသော အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များနှင့် အလားတူ လိုလားကြသည် ဖြစ်သည့်အတွက် ရည်မှန်းချက်ချင်း တူညီကြသည်ဟုလည်း ၎င်းက ပြောသည်။
သို့ဖြစ်ပါ၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို မျှော်မှန်းပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြရန် ထပ်မံဖိတ်ခေါ်လိုက်ကြောင်း ကာ/လုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIA နဲ့ ယောတပ်တော် တွေ့ဆုံစဉ်
နိုင်ငံတော်၏စေတနာ အစစ်အမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အမည်ခံများ အပါအဝင် လက်နက်ကိုင် အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီး ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီခရီးလမ်း နှောင့်နှေး ကြန့်ကြာရခြင်းသည် ရွေးကောက်ခံ အစိုးရဆိုသည့် ရပ်တည်မှု မပျောက်ဆုံးရေး အတွက် အကြမ်းဖက်လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်နေကြသည့် CRPH, NUG တို့၏ နှောင့်ယှက်မှုများ ကြောင့်သာ ဖြစ်သည်ဟု ကာ/လုံက ထုတ်ပြန်ထားသည်။
ထို့ပြင် CRPH, NUG တို့သည် PDF အမည်ခံ အဖွဲ့များကို အချို့သော EAO များ လက်အောက်သို့ လက်နက်များ ရရှိရေးအတွက် သွတ်သွင်းပြီး နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးချကာ ၎င်းတို့၏ဘဝကို စတေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများ အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ဆန္ဒရှိပါက မိမိတို့ဘက်မှ ကြိုဆိုလက်ခံမည်ဟု ကာ/လုံက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 810
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဘဏ်ချေးငွေယူပြီး တစ်ဦးလျှင် ၅ သိန်းနှုန်း ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။
ကျားဖြူပါတီဟု ခေါ်သည် SNDP ပါတီသည် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ၃၃၀ မြို့နယ်ရှိသည့်အနက် မြို့နယ်ပေါင်း ၁၁၀ တွင် ပါတီရုံးခန်း ဖွင့်ရန်လိုအပ်ကြောင်း၊ ပါတီ ကိုယ်စားလှယ်လောင်း ၄၀၀ ကျော်လည်း လိုအပ်ကြောင်း၊ မဲဆွယ်စည်းရုံးရေး စရိတ်နှင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် Deposit အနေဖြင့် ၅ သိန်း တင်ရမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်ပါတီ(SNDP)သည် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ၅ သိန်း နှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း၊ ထိုသို့ ထောက်ပံ့မှုများကို ဘဏ်ချေးငွေယူခြင်းနှင့် မိမိတွင်ရှိသည့် ပိုက်ဆံလေး ဖြင့် စိုက်ထုတ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြော သည်။

စိုင်းအိုက်ပေါင်းနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ပြည့်သွားတာကြာပါပြီ အခက်အခဲကတော့ ဗဟိုလုပ်ငန်းစဥ်တိုင်းမှာတော့ အခက်အခဲက နည်းနည်း ပါးပါးတော့ ရှိတာပေါ့ဗျာ။ အခက်အခဲကြီးပဲ သွားပြောနေလို့တော့ မဖြစ်ဘူးပေါ့။ အခက်အခဲကို ကျနော်တို့ ကျော် လွှားကြတာပေါ့။ ငွေကြေး အခက်အခဲကတော့ ချေးငှားပေါင်နှံပြီးတော့ လုပ်ရတာပေါ့။ အန်ကယ်တို့ ကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ၅ သိန်း၊ ၅ သိန်း ပံ့ပိုးတာနော်။ အန်ကယ်တို့က ချေးငွေနဲ့ လုပ်တာ ဘဏ်ချေးငွေနဲ့ လုပ်လို့ရတာပဲ။ နောက်ကိုယ်ရှိတဲ့ ပိုက်ဆံလေးနဲ့ စိုက်ထုတ်ပြီးတော့ လုပ်တာပေါ့ လုပ်ချင်တာကို အဲဒီအတွက် လုပ်ချင်တယ်ဆိုတော့ နည်းနည်းတော့ စိုက်ထုတ်ရတာပေါ့။ ပါတီလုံခြုံရေးက အစိုးရတာဝန် ယူမယ် လို့ ပြောတယ်ဆိုတော့ အခုက လက်နက်ကိုင် အဖွဲ့အစည်းမှ မရှိတဲ့ဟာကြီးကို ဟိုအစိုးရလုံခြုံရေး ပေးတဲ့ဟာကိုပဲ အားကိုးရတာပေါ့။ နောက်ပြီးတော့ ဒီဟာကလေ ဒီတစ်ခါက အများအားဖြင့်ကတော့ ပါတီကိုပဲ လူကိုပဲ ကြည့်ပြီး တော့ မဲထည့်ရမှာဘဲ အခုက အွန်လိုင်းခေတ်ဆိုတော့ အန်ကယ်ကတော့ အွန်လိုင်းကိုပဲ အားကိုးပြီးတော့ လုပ်မှာပဲ လေ”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ်လောင်း ပြည့်မှီရန်ရှာဖွေရ ခက်ခဲနေခြင်း၊ ပါတီရုံးခန်း ပြည့်မှီရန် ခက်ခဲနေခြင်း၊ ငွေကြေး အခက်အခဲ ဖြစ်နေခြင်း၊ လုံခြုံရေး အခက်အခဲရှိနေခြင်း စသည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

စိုင်းအိုက်ပေါင်းနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
မိမိတို့ ပါတီအနေဖြင့် သတ်မှတ် ပါတီရုံးခန်း အရေအတွက် ဖွင့်လှစ်မှုမှာ ပြီးသလောက်ဖြစ်နေပြီ ဖြစ်ကြောင်း၊ တချို့ နေရာများတွင် နယ်မြေလုံခြုံရေး မရှိ၍ ရက်တိုးပေးပါက လုပ်ရကိုင်ရ အဆင်ပြေနိုင်ကြောင်း SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
၎င်းက “အန်ကယ်တို့ တော်တော်လေးတော့ ပြီးသလောက် ဖြစ်နေပြီ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အဲဒါတွေကတော့ တော်တော်လေး ပြီးသလောက် ဖြစ်နေပြီ၊ မွန်လည်း တော်တော်လေး ပြီးသ လောက် ဖြစ်နေပြီ။ ခရီးက နည်းနည်းဝေးတော့ တနင်္သာရီတိုင်း နည်းနည်း ဟိုဟာဖြစ်မယ်၊ ကရင်ပြည်နယ် နည်းနည်း အဲဒီ ၂ နေရာအတွက် ရက်ကတိုးပေးရင် အန်ကယ်တို့ လုပ်ရတာကိုင်ရတာ အဆင်ပြေတာပေါ့။ တနင်္သာရီတိုင်းကလည်း တော်တော်ခက်တယ်ဗျ။ နယ်မြေလုံခြုံရေးကလည်း သိပ်တချို့နေရာတွေ မရှိဘူး။ မန္တလေးတိုင်းတောင်မှ မရှိဘူးနော်။ မန္တလေးတိုင်း ဟိုနွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ အဲဒီနေရာတွေက တော် တော် သွားရလာရတာ အဆင်မပြေဘူး။ စစ်ကိုင်းတိုင်း ဆိုလို့ရှိရင် အန်ကယ်တို့ အများဆုံးဝင်လည်း ၃ မြို့နယ်ပဲ။ စစ်ကိုင်းတိုင်းကလည်း ဟိုစစ်ကိုင်း၊ မုံရွာ၊ ရွှေဘို။ ရွေဘိုတောင်မှ သွားရတာ တော်တော်ခက်တယ်။ ရွှေဘိုလည်း အန်ကယ်တို့ ကြိုးစားဆဲ။ ၂ မြို့နယ်ကတော့ ပြီးသွားပြီလေ ရုံးလည်းဖွင့်ပြီးပြီလေ။ စစ်ကိုင်းနဲ့ မုံရွာကတော့ ပြီးသွား ပြီလေ။ ဒီနေ့ကစပြီး ငွေသွင်းပြီလေ ငွေသွင်းမယ်၊ ကျမ်းသစ္စာကျိန်ဆိုမယ် လုပ်နေပြီလုပ်နေပြီ ရန်ကုန်တိုင်းလည်း ပြီးသလောက် ဖြစ်နေပြီ”ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။
ယခင်ကလည်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို လုံခြုံရေး အားနည်းမှုနှင့်နယ်မြေ တည်ငြိမ်မှု မရှိခြင်းကြောင့် ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိအပိုင်းလိုက်ခွဲ၍ ကျင်းပခဲ့ဖူး သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 540
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ရှမ်းနီ လူမျိုးများအတွက် ဘယ်လောက် အရေးပါသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
အင်းတော်ကြီးဒေသသည် ရှမ်းနီလူမျိုး အများစု နေထိုင်လျက်ရှိသော်လည်း KIA မှ ယခင်က စိုးမိုးထားခြင်း ဖြစ်သည်။
သို့သော် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ကချင်ပြည်နယ်အတွင်း လှုပ်ရှားလာပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက အင်းတော်ကြီးဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး KIA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့နောက် SNA မှ အင်းတော်ကြီးဒေသ၊ နန့်မွန်း၊ မမုံကိုင်ရွာတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
အဆိုပါ နယ်မြေကို KIA-PDF က ထိန်းချုပ်နိုင်ရေးအတွက် ရံဖန်ရံခါ ထိုးစစ်ဆင် တိုက်ခိုက်လာမှုများရှိသည်။
အင်းတော်ကြီးဒေသသည် ရှမ်းနီလူမျိုးအတွက် လူမျိုးအရေးအရ အရေးပါသည့် ဒေသဖြစ်ပြီး KIA အတွက် ကုန်သွယ်မှုအရ အရမ်းအရေးပါသည့် ဒေသဖြစ်ကာ ၎င်းတပ်ရင်းများ ပတ်ပတ်လည် ဝိုင်းထားကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

အင်းတော်ကြီး ဒေသကို တွေ့ရစဉ်
၎င်းက “အင်းတော်ကြီးဒေသကတော့ လူမျိုးရေးအရတော့ အရေးပါပါတယ်။ ကျနော်တို့ ရှမ်းနီလူမျိုးတွေရဲ့ ဘူမိနတ်သန်လို့လည်း ပြောလို့ရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စီးပွားရေး၊ စစ်ရေးနဲ့ ပြောရမယ်ဆိုရင်တော့ ဖားကန့်နဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်ခုလည်း ဖြစ်တာပေါ့။ အခုဆိုရင်တော့ ဖားကန့်မှာ KIA ထိန်းချုပ် ထားတဲ့ နောက်ပိုင်းမှာ ဖားကန့်ကို ဆီတွေပို့တာ အဲဒီလမ်းကြောင်းက အများဆုံးပါ။ နောက် ယမ်းတွေက အစရော ကျောက်စိမ်းတူးတဲ့အခါ အသုံးပြုတဲ့ ယန္တရားကြီးတွေ၊ လောင်စာဆီတွေ အင်းတော်ကြီးလမ်း၊ ဝှေခါလမ်း ကနေ တက်တယ်၊ နောက် ဆယ်ဇင်းဘက်က တက်တယ်။ KIA တပ်ရင်း ၂၆ ကလည်း အင်းတော်ကြီးဒေသမှာ စိုက်ထား တယ်။ တစ်ဖက်မှာဆိုလည်း KIA တပ်ရင်း ၄၄ ရှိတယ်။ KIA တပ်ရင်းအားလုံး ပတ်ပတ်လည် ဝိုင်းထားသလိုဖြစ် တာပေါ့။ မိုင်းတောင်ဘက်ကဆို ၃၅ ရှိတယ်။ တပ်ရင်း ၆ ရှိသေးတယ် ဖားကန့် လမ်းကြောင်းဘက်ကနေ။ တပ်ရင်းတွေ အများကြီးနဲ့ အင်းတော်ကြီးကို ဝိုင်းထားသလို သူတို့လုပ်ထားတယ်။ သူတို့အတွက်ကတော့ အင်မတန်မှ အရေးပါပါတယ်။ ကျနော်တို့ ရှမ်းနီလူမျိုး အတွက်လည်း အင်းတော်ကြီးဒေသက ဘူမိနတ်သန် ဖြစ်ပါ တယ်။ ဒီနေရာက စီးပွားရေးကို အခြေခံပြီးမှ စစ်ရေး အရေးပါသွားတယ်လို့ ကျနော့် အနေနဲ့ မြင်တာပေါ့လေ” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့က ရှမ်းနီလူမျိုးများ နေထိုင်သည့် အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူ အာရက္ခတပ်တော်(AA)က ပူးပေါင်းကာ ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)ကို တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့နောက် ဩဂုတ် ၁၇ ရက်နေ့တွင် KIA ဘက်မှ တပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
KIA အနေဖြင့် ပိုမိုအင်အား ကောင်းလာစေရန် နယ်မြေဒေသ ချဲ့ထွင်ခြင်းဖြစ်ပြီး နယ်မြေဒေသတစ်ခု အရေးပါမှု၊ မပါမှုသည် ထိုဒေသကို မည်ကဲ့သို့ အသုံးချမည် ဆိုသည့်အပေါ် မူတည်ကာ ကွာခြားချက် အများကြီး ရှိသွား ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို တွေ့ရစဉ်
၎င်းက “ဒါကတော့ အမျိုးမျိုးရှိမှာပေါ့လေ။ သမိုင်းကြောင်းတွေနဲ့ ပြန်ရှင်းပြရင်တော့ အရမ်းရှည်ပါတယ်။ အဓိက ကတော့ ရှင်းရှင်းလေးပါပဲ။ သူတို့ နယ်မြေဒေသ ပိုချဲ့ချင်တယ်။ အကုန်ပြောရရင်တော့ နယ်မြေဒေသ စိုးမိုးမှုများ လာတဲ့ အခါကြတော့ သူတို့ပိုပြီး အင်အားကောင်းလာမယ်။ အဓိက,ကတော့ အဲဒီအခြေခံပေါ်ကနေ သွားကြတာ ပါပဲ။ ဒါပေမယ့် နောက်ကွယ်မှာတော့ နောက်ထပ် အကြောင်းပြချက်တွေ၊ လိုလားချက်တွေ အမျိုးမျိုး ရှိပါလိမ့် မယ်။ အဓိက အချက်ကတော့ နယ်မြေများများရထားရင် သူ့အတွက် ပိုပြီးအားသာချက် ရှိမယ်ဆိုတဲ့အပေါ်မှာ အခြေခံထားတာပါ။ KIA ဘက်က ဘယ်လို တွေးသလဲဆိုတာရယ်၊ နောက်တစ်ခါကြတော့ အဲဒီနယ်မြေဒေသကို ရသွားရင် ဘယ်လိုအကျိုးအမြတ် ရှိမလဲဆိုတာ သူတွက်ထားမယ်။ နယ်မြေဒေသတစ်ခု အရေးပါခြင်း၊ မပါခြင်းဆို တာက အဲဒီနယ်မြေဒေသကို ဘယ်လို အသုံးချမလဲဆိုတာ အပေါ်မှာ မူတည်ပြီးတော့ အရေးပါမှု၊ မပါမှုက ကွာခြား ချက် အများကြီး ရှိသွားတာကို။ အဲဒါကြတော့ ရှုထောင့် အမျိုးမျိုးကနေ ပုံစံအမျိုးမျိုး ဖြစ်နိုင်တယ်” ဟု ပြော သည်။
KIA သည် အင်းတော်ကြီးဒေသကို စိုးမိုးထားစဉ်က ဒေသခံ ရှမ်းနီတိုင်းရင်းသားများကို အိမ်ပေါ်ထိတက်၍ ဖမ်းဆီး မှုများပြုလုပ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ငွေကြေးများ ကောက်ခံခြင်းတို့ ပြုလုပ်လေ့ရှိသလို မမုံကိုင်ကျေးရွာရှိ စာသင်ကျောင်းနှင့်ဘောလုံးကွင်းကို စီးပွားရေးလုပ်ငန်းရှင်အား ရွှေတူးဖော်ခွင့် ပေးခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် KIA သည် အင်းတော်ကြီးဒေသ၌ ရှမ်းနီလူမျိုးများအား ဖုန်းပြောသည့်အခါတွင် ရှမ်းစကားဖြင့် မပြော ခိုင်းဘဲ ဗမာစကားဖြင့်သာ ပြောဆိုရမည်ဟု ကန့်သတ်ထားကြောင်းလည်း သိရသည်။
