- By CNI
- Category: နိုင်ငံရေး
- Hits: 1713
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
“ဝ” ကိစ္စတွင် ဗဟိုအစိုးရအနေဖြင့် တရုတ်နှင့်ဆက်ဆံရေး အဆင်မပြေပါက “ဝ” ဒေသသည် ပဲ့ထွက်သွားနိုင် ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
“ဝ” သည် ဗဟိုအစိုးရ၏ သြဇာအာဏာ မသက်ရောက်သည့်အဆင့်အား ရောက်နေပြီဖြစ်ကြောင်း၊ ဗဟိုအစိုးရ အနေဖြင့် တရုတ်နှင့်ဆက်ဆံရေး ကောင်းမွန်ပါက တရုတ်သည် နိုင်ငံပဲ့အောင် လုပ်မည်မဟုတ်ကြောင်း ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ဝ ကိစ္စက ဗဟိုအစိုးရက တရုတ်နဲ့ ဆက်ဆံရေးသာ အဆင်မပြေဘူးဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ ကက်ရှ်မီးယား ဒေသလိုမျိုး ပဲ့ထွက်သွားနိုင်တယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ “ဝ” မှာ သုံးစွဲနေတဲ့ ကိစ္စတွေ အားလုံးက တရုတ်နဲ့ ဆက်စပ်တယ်၊ နယ်ခြားမှာ တရုတ်နိုင်ငံအတွင်းမှာလည်း “ဝ” တွေက အများကြီး နေထိုင် ကြတယ်လေ၊ အဲဒီအခါကျတော့ အခု “ဝ” ဆိုရင်တော့ ဗဟိုအစိုးရ သြဇာအာဏာ ဘာမှမသက်ရောက်တဲ့ အဆင့် ကို ရောက်သွားပြီ၊ ဗဟိုအစိုးရနဲ့ တိုက်ပွဲတွေတော့ မဖြစ်ဘူး၊ နှစ်ပေါင်း ၃၀ ကျော် တိုက်ပွဲမဖြစ်ဘူး၊ “ဝ” ဒေသ တိုးတက်အောင် လုပ်ခဲ့တယ်၊ တည်ငြိမ်အောင် သူတို့လုပ်တယ်၊ လုပ်တဲ့အခါကျတော့ “ဝ” ဒေသ ဖွံ့ဖြိုးတိုးတက် နေတယ်၊ တိုးတက်နေတဲ့ အခါကျတော့ တကယ်တမ်း ဗဟိုအစိုးရနဲ့ စစ်ပွဲကြီးတွေ ဖြစ်ကြမယ်ဆိုရင်တော့ ပြည်သူလူထုက “ဝ” ဒေသရဲ့ ဟိုဖက်ကို ပဲ့သွားနိုင်တယ် တရုတ်ကလည်း အသိအမှတ် ပြုတယ်ဆိုရင်ပေါ့ဗျာ။ ဗဟိုအစိုးရကနေပြီးမှ တရုတ်နဲ့ ကောင်းကောင်းမွန်မွန် အဆင်ပြေနေတယ် ဆိုရင်တော့ တရုတ်က ဒီကိစ္စတွေကို တော့ နိုင်ငံကြီးပဲ့အောင်တော့ သူလုပ်မှာ မဟုတ်ဘူးလို့ မြင်လို့ပါ” ဟု ပြောသည်။

UWSA ရဲဘော်နဲ့ ပန်ဆန်းမြို့ကို တွေ့ရစဉ်
UWSP/UWSA ခေါင်းဆောင်များသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များ အပါအဝင် ရွေးကောက်ခံ အစိုးရတိုင်း ကို တွေ့ဆုံသည့်အခါမှာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအား “ဝ”ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို လျက် ရှိနေသည်။
UWSP/UWSA တောင်းဆိုသည့် “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသားပြည်နယ်အဖြစ် တည်ထောင်ရန် တောင်းဆိုချက်အား မူဝါဒအားဖြင့် သဘောတူကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
သို့သော်လည်း နောင်မှာ ပါတီစုံဒီမိုကရေစီအရ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်အခင်းအကျင်း ဖြစ်ပေါ်လာ ပြီးနောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထား သည်။
တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်စနစ်တစ်ရပ်အား ရေးဆွဲနိုင်ပါက တရုတ်အနေဖြင့်လည်း ဆန့်ကျင်ကန့်ကွက်စရာ မရှိကြောင်း၊ လက်ရှိ အစိုးရဖြစ်ဖြစ် နောက်တက်လာမည့် အစိုးရဖြစ်ဖြစ် ဖက်ဒရယ် စနစ်အား ထူထောင်မည်ဆိုခြင်းကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ UWSA ကို တွေ့ရစဉ်
၎င်းက “တရုတ်ကတော့ သူက တိတိလင်းလင်း ကြေညာပြီးသားပဲ၊ သူများနိုင်ငံရဲ့ အတွင်းရေးကို ဝင်မစွပ်ဖက်ပါ ဘူး၊ သူတို့က မူ ၅ ချက်ကို အတိအကျ လိုက်နာတယ်ဆိုတာတစ်ခု ပြောပြီးသွားပြီ၊ ကျနော်တို့က တရုတ်ကို ဒီမူတွေအတိုင်း လိုက်ပါလို့ ဝိုင်းဝန်းအားပေး တိုက်တွန်းဖို့လိုပါတယ်၊ အရေးကြီးတာကတော့ ကျနော်တို့ ဗမာ ဘက်က အရေးကြီးပါတယ်၊ ကျနော်တို့ဘက်က နေပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ် တစ်ရပ်ကို ကျနော်တို့ သတောတူနိုင်ကြတယ်၊ ရေးဆွဲနိုင်တယ် ဆိုလို့ရှိရင် “ဝ” ပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဒါကို လက်ခံ နိုင်အောင် ကျနော်တို့ လုပ်နိုင်မယ်၊ ဒီလိုလုပ်မယ်ဆိုလို့ရှိရင်လည်း တရုတ်ကလည်း ဘာမှ ဆန့်ကျင်ကန့်ကွက်စရာ မရှိပါဘူးလို့ ယုံကြည်ပါတယ်၊ အခုလောလောဆယ်က အခြေအနေက တိတိပပ ဘာမှမရှိဘူး၊ ဘာမှမရှိတဲ့ အခြေအနေမှာ “ဝ” ကနေပြီးတော့မှ သူ့စစ်တပ်နဲ့သူ၊ သူ့ရဲ့စနစ်နဲ့သူ သွားနေတာမှာ ကျနော်တို့က အခုလောလော ဆယ်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျနော်တို့ဘာမှ ပြောလို့မရဘူးပေါ့၊ အရေးကြီးတာက အဓိက ကတော့ ကျနော်တို့ တက်လာမယ့်အစိုးရ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ အခုလက်ရှိ အစိုးရပဲဖြစ်ဖြစ် ကျနော်တို့ဟာ တကယ် ဖက်ဒရယ်စနစ်ကို ထူထောင်မယ်ဆိုတာကို နှုတ်နဲ့ပြောရုံ မကဘဲ လက်တွေ့လုပ်ဆောင်နေဖို့ လိုပါတယ်၊ ဒါကိုလုပ်ဆောင်တယ် ဆိုရင်လည်း တဖြည်းဖြည်း ဖြစ်လာမှာပါ” ဟု ပြောသည်။
UWSA သည် ပြည်နယ်အဆင့် ရယူလိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်အဆင့်အတန်းမျိုးသာ ရရှိ မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာများကို ဗဟိုအစိုးရက ထိန်းချုပ်ထားသည့်အတွက် လက်ရှိတွင် UWSA သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာများကို ကျင့်သုံးနေခြင်းကြောင့် ၂၀၀၈ ထက် ကျော်လွန်နေသည်။
ထို့ကြောင့် UWSA သည် မည်သည့် အဆင့်အတန်းမျိုးရှိသော ပြည်နယ်ကို တောင်းဆိုနေခြင်းလဲဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ ပြည်နယ်ပေးခွင့်မရှိသည့် အခြေအနေကို ဘယ်လို ဖြေရှင်းမလဲဆိုသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 492
၂၀၂၅ ခုနှစ်၊ မေလ ၃၀
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး သူ၏ သဘောထားများကို ထုတ်ဖော် ပြောကြားထားသည်။

အဆိုပါ ပြောစကားများအနက် တချို့သော စကားများကို စုစည်း၍ အပိုင်းလိုက် CNI သတင်းဌာနက ထုတ်နုတ် ဖော်ပြလိုက်ပါသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 777
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ဖက်ဒရယ်ဥပဒေနှင့်အညီ ပြန်သွားမည်ဆိုပါက နိုင်ငံရေးအခွင့်အရေး တန်းတူမှုအား ပြန်ပေးရမည်ဖြစ်ပြီး နိုင်ငံရေး အခွင့်အရေး တန်းတူမှုမရှိလျှင် ဖက်ဒရယ်မဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များ ယခုရရှိထားခြင်းများသည် ဥပဒေကြောင်းနှင့်အညီ မဟုတ်သေးဘဲ အဆင်ပြေ သလို နားလည်မှုပေးရသည့် အဆင့်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဝင်ဖြစ်သည့် အချိန်တွင် တန်းညှိရ မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိအချိန်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကမောက်ကမ အချိန်ပေါ့ဗျာ၊ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ ကမောက်ကမ အချိန်ပေါ့၊ ဒါကြောင့် ကမောက်ကမ အချိန် ဖြစ်တဲ့အတွက် အခုရထားတဲ့ တချို့က အခွင့်အရေး ခပ်များများ ရထားတယ်၊ တချို့ကတော့ ဘာမှမရသေးဘူး တိုက်နေတယ်၊ အဲဒါတွေအားလုံးကို ပြန်ပြီးတော့ တန်းညှိရမှာပေါ့ဗျာ၊ တရားဝင်ဖြစ်တဲ့ အချိန်မှာ တန်းညှိရမှာပေါ့၊ အခုရထားတာတွေက ဥပဒေ ကြောင်းအရ တရားဝင်တယ်လို့ ပြောလို့မရသေးဘူးလေ၊ ဥပဒေကြောင်းနဲ့အညီ မဟုတ်သေးဘူးပေါ့၊ အဆင်ပြေသလို နားလည်မှုပေးရတဲ့ အဆင့်တွေမှာပဲ ရှိကြပါတယ်၊ ဒါကြောင့် အဆင်ပြေသလို နားလည်မှု ပေးရတဲ့ အဆင့်ကလည်း ထာဝရတော့ မဟုတ်ပါဘူး၊ တကယ်တော့ ဥပဒေနဲ့အညီ ပြန်သွားမယ်ဆိုရင် ဖက်ဒရယ်ဥပဒေပေါ့ဗျာ၊ ပြန်ညှိမယ်ဆိုရင်တော့ နိုင်ငံရေးအခွင့်အရေး တန်းတူမှုကိုတော့ ပြန်ပေးရမှာပေါ့၊ ဒါက ဖက်ဒရယ်ရဲ့ အနှစ်သာရပါ၊ ဒါကြောင့် နိုင်ငံရေးအခွင့်အရေး တန်းတူမှုမရှိရင်တော့ ဖက်ဒရယ်မဖြစ်နိုင်ပါဘူး၊ အခုလက်ရှိ အခြေအနေကတော့ ကမောက်ကမ အခြေအနေဆိုတော့ နိုင်ငံရေးအခွင့်အရေး တန်းတူမှု မရှိဘူးဆို တာတော့ သေချာတာပေါ့” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပအပြီးတွေ့ရစဉ်
မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ-တပ်မတော်ကြား သဘောတူထားကြသလို နိုင်ငံရေးပါတီများ ကလည်း လက်ခံထားကြသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကြောင့် တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်စနစ်ထက် ကျော်လွန်၍ ကွန်ဖက်ဒရေး ရှင်း သို့မဟုတ် သီးခြား လွတ်လပ်သော နိုင်ငံသစ် ထူထောင်ရေးဆိုသော ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား လာခဲ့ကြသည်။
ပြည်ထောင်စုအစိုးရသည် အားကောင်းရန်လိုကြောင်း၊ ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အား မပေးဘဲ ဖက်ဒရယ်အဆင့်ကိုပဲ ပေးမည်ဆိုပါက တပြေးညီပေးရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုအစိုးရသည်လည်း ဖက်ဒရယ်ထက် ကျော်လွန်နေသည့် ကိစ္စများအား ညှိနှိုင်းရန်လိုကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒီဖက်ဒရယ်လို့ တောင်းဆိုလာတာကတော့ ဒီ ၆၂ နောက်ပိုင်းပေါ့နော်၊ ဒါပေမယ့်လည်း ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီးတဲ့ အခါကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးလိုက်တယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးလိုက်တဲ့ အခါကျတော့ အဓိက,ကတော့ “ဝ”ပေါ့ဗျာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးတဲ့ထဲမှာ ဆိုရင်တော့ သူက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက်ကို ကျော်လွန်ပြီးတော့ ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်ဖြစ်သွားတယ်၊ ဖြစ်သွားတဲ့အခါကျတော့ အခုတိုင်းရင်းသားတွေကလည်း “ဝ” ကို စံနမူနာ ထားပြီး မှ သူတို့က ကွန်ဖက်ဒရိတ်အဆင့်ကို လိုချင်ကြတာ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့နော်၊ ဒါပေမယ့် ပြည်ထောင်စုအစိုးရမှာ အားကောင်းဖို့တော့လိုတယ်၊ ဒါကြောင့် ကွန်ဖက်ဒရိတ်ကို မပေးဘူး၊ ဖက်ဒရယ် အဆင့်ကိုပဲ ပေးမယ်ဆိုရင် တပြေးညီပေးဖို့တော့ လိုအပ်တာပေါ့၊ ပြည်ထောင်စုအစိုးရကနေပြီးမှ အခုလိုမျိုး ကျော်လွန်နေတဲ့ ကိစ္စတွေကို သူတို့က ညှိနှိုင်းရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပေးထားချက် အတိုင်းကိုပဲ ပေးကြရမှာဖြစ်ပါတယ်၊ ဒီထက်ကျော်လွန်ပြီး ပေးမယ်ဆိုရင်တော့ တိုင်းရင်းသားတွေက တစ်ဆင့်ပြီးတစ်ဆင့် တောင်းဆိုလာကြမယ်လို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အာရက္ခတပ်တော်(AA)က “ဝ” ထက် မနိမ့်သော နိုင်ငံရေး အဆင့်အတန်းမျိုးကိုယူမည် သို့မဟုတ် ကွန်ဖက်ဒရေး ရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဟု ထုတ်ဖော် ပြောကြား ထားသည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များသည် ကိုယ်ပိုင် နယ်မြေများ ရရှိရေး ကြိုးပမ်းနေကြ၍ စစ်ပွဲဆက် ဆင်နွှဲရမည်ဟုလည်း ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 557
၂၀၂၅ ခုနှစ်၊ မေလ ၂၉
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး သူ၏ သဘောထားများကို ထုတ်ဖော် ပြောကြားထားသည်။

အဆိုပါ ပြောစကားများအနက် တချို့သော စကားများကို စုစည်း၍ အပိုင်းလိုက် CNI သတင်းဌာနက ထုတ်နုတ် ဖော်ပြလိုက်ပါသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 739
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် မလေးရှားအနေဖြင့် အခြားအလှည့်ကျ အာဆီယံ နိုင်ငံများထက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အရွေ့တစ်ခု ပိုရောက်အောင် တွန်းနိုင်မလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟက်ဆန်က မလေးရှားအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် ပါဝင်နေသည့် သက်ဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းများ၏ သဘောထားများကို သိရှိပြီးဖြစ်ကြောင်း မေလ ၂၅ ရက်၌ ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးပွဲအပြီးတွင် ပြောကြား ခဲ့သည်။
သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ၏ သဘောဆန္ဒကို သိရှိပြီး ထိုအကြောင်းအရာကို နစကထံ လာရောက် ပြောပြ၍ နစက၏ တုံ့ပြန်မှုအပေါ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခင် အာဆီယံအလှည့်ကျ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မလေးရှားနိုင်ငံသည် ပို၍ထင်သာမြင်သာ ရှိသည့်အပြင် တွန်းတွန်းတိုက်တိုက်လည်း ရှိသောကြောင့် ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် အားပြုစရာ တစ်ခုအဖြစ် မျှော်လင့်ကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
၎င်းက “သက်ဆိုင်သူ အားလုံးပါဝင်တဲ့ စကားပြော အခင်းအကျင်း ပေါ်ပေါ်က်လာဖို့အတွက် မလေးရှားနိုင်ငံရဲ့ ကြိုးပမ်း ဆောင်ရွက်မှုကတော့ ပြီးခဲ့တဲ့ အလှည့်ကျ ကိုယ်စားလှယ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးတွန်းတွန်းတိုက်တိုက် ရှိလာတယ်။ ပိုပြီးတော့ ထင်သာမြင်သာ ရှိလာတဲ့အပေါ်မှာ အဲဒီကနေ အစပြုပြီးမှ တစ်ခုအနေနဲ့ အားပြုပြီးတော့ စေ့စပ်ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းတွေ ပေါ်ပေါက်လာဖို့အတွက် လမ်းစပြုနိုင်ဖို့ အခင်းအကျင်း ပေါ်ပေါက် လာဖို့ မျှော်လင့်ချင်ပါတယ်။ ကျနော်တို့ လူတွေ ကိုယ်တိုင်လုပ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့ အဲဒါကို လူတွေ ကနေ ပြန်လည်ပြီးတော့ လျှော့ချနိုင်ဖို့ ပြေပျောက်နိုင်ဖို့အတွက်က အခုလိုမျိုး နိုင်ငံတကာတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ရှိလာတဲ့အချိန်မှာ မလေးရှားက အလှည့်ကျ ကိုယ်စားလှယ်ကနေ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာ တဲ့ အချိန်မှာကတော့ မျှော်လင့်တော့ မျှော်လင့်တာပေါ့။ သို့သော် ကျနော်တို့ရဲ့ အခြေအနေက တော်တော်လေး ကို ခက်ခဲနက်နဲတဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့် တစ်ခုချင်းလုပ်ဖို့ကြ အခက်အခဲရှိမယ်။ သို့သော်လည်း အဲဒီတစ်ပုဒ်ချင်း ကျနော်တို့ ကျော်လွှားနိုင်မယ့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ အတွက်ကတော့ ဒါအစပျိုး မှု တစ်ခုပဲလို့ အားပြုစရာ အကောင်းမြင်လို့တော့ မရှိမဲ့ ရှိမဲ့ အခြေအနေမှာ မျှော်လင့်ချင်တာပေါ့” ဟု ပြောသည်။
မလေးရှားသည် ကွာလာလမ်ပူက အာဆီယံ အစည်းအဝေးပွဲများ မတိုင်ခင်တွင် မြန်မာနိုင်ငံဘက်မှ NCA ထိုးထား သည့် လက်နက်ကိုင်အဖွဲ့များအပြင် KNU, KNPP, CNF, ABSDF အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံထားသည်။

နစကဥက္ကဋ္ဌ၊ ထိုင်း-မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ရစဉ်
ထို့ပြင် မေလ ၂၆ ရက်က စတင်ကျင်းပသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပွဲ ပထမနေ့တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တိုးတက်မှု တစ်စုံတစ်ရာရပြီဟု မလေးရှား ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။
မည်သည့် တိုးတက်မှုမျိုး ရသည်ကို အသေးစိတ် ပြောဆိုသွားခြင်း မရှိခဲ့ပေ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် မလေးရှားအနေဖြင့် လုပ်ငန်းတာဝန်များကို ဆက်လက် လုပ်ဆောင် နေမှာဖြစ်ပြီး ထိရောက်မှုရှိမှာ မဟုတ်ကြောင်း၊ ၎င်း၏ လာရောက်ပြောဆိုမှုကို နားထောင်ရန်မှာ နစကဥက္ကဋ္ဌ တစ်ဦးတည်းဖြင့် မရကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “engagement ကို သူက continue ဆက်လုပ်နေမှာပဲ ဒါပါပဲ။ အဲဒါက ဘာမှ သိပ်ပြီးထိရောက်မှာလည်း မဟုတ်ဘူး။ ဒီကလည်း နားထောင်မှာလည်း မဟုတ်ဘူး။ ဒီကနားထောင်ဖို့ဆိုတာက ဒီကခေါင်းဆောင် တစ်ယောက်တည်း တပ်မတော်ခေါင်းဆောင် တစ်ယောက်တည်းနဲ့ မရဘူးလေ။ သူ့အပေါ်မှာ အရောင်ထင်နေတဲ့ နိုင်ငံရေး နောက်ခံတွေက အများကြီးရှိတာပေါ့။ ပါတီတွေရှိတယ်။ public opinion ရှိတယ်။ လူထုရဲ့ သဘောထား ရှိတယ်။ ဒါတွေက အများကြီး ထည့်စဉ်းစားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက နောက်အစိုးရ တက်ပြီဆို လူထု အစိုးရ တက်လာတော့မှ ရွေးကောက်ပွဲပြီးမှပဲ ဒါတွေက ထိရောက်မယ့် သဘောရှိတယ်။ အခုသူကတော့ လာပြော တဲ့ သဘောပဲ ရှိမှာပဲ။ ဘာမှဒါက လုပ်လို့မရဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားသည်။
ထို့ပြင် ၂ ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် နစကအနေဖြင့် ၎င်းတို့ကိုယ်တိုင် သဘောတူထားသည့် အချက် ၅ ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း မလေးရှားဘက်မှ ပြောကြားခဲ့သလို မြန်မာနိုင်ငံထဲမှ လက်နက်ကိုင် ပဋိပက္ခများ ရပ်ရန် ကြေညာချက် ထုတ်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 720
CNI News
၂၀၂၅ ခုနှစ်၊ မေ ၂၈
မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများပြားနေသည့် အနေအထားတွင် ပါတီစုံစနစ်သည် အစွန်းတစ်ခုသို့ တွန်းပို့နေလားဆိုသည်ကို စဥ်းစားရန်လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် လူမျိုးတစ်မျိုး၏ လွတ်လပ်မှု၊ လူမျိုးတစ်မျိုး၏ နိုင်ငံအဖြစ် ပြန်လည်ထူထောင်မှုနှင့် အစိတ်စိတ် အမွှာမွှာကွဲရန် တွန်းပေးနေလား ဆိုခြင်းကိုလည်း စဥ်းစားရန်လိုကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “မိမိနိုင်ငံရဲ့ မိမိလူမျိုး လက်နက်ကိုင်ပဋိပက္ခ ထူပြောတဲ့ အနေအထားမှာ ပါတီစုံစနစ် သည် အစွန်းတစ်ခုကိုများ တွန်းပို့နေသလား၊ လူမျိုးတစ်မျိုးရဲ့ လွတ်လပ်မှု၊ လူမျိုးတစ်မျိုးရဲ့ နိုင်ငံအဖြစ် ပြန်လည် တည်ထောင်မှုနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအောင်များ ဖန်တီးဖို့ တွန်းပေးနေသလားဆိုတာလည်း စဥ်းစားဖို့လိုတာ ပေါ့၊ အဲဒီတော့ ကျနော်တို့တွေက ဒီမိုကရေစီရဲ့ အတွေ့အကြုံ မရင့်ကျက်ကြသေးတဲ့ အခါမှာလေ။ ၂၀၀၈ ဖွဲ့စည်းပုံအရတက်တဲ့ အစိုးရ ၂ ရပ်ကိုပဲ ကြည့်ဗျာ၊ ပထမအစိုးရ ဦးသိန်းစိန် အစိုးရလက်ထက်က စာချုပ်စာတမ်း တွေနဲ့ ကတိကဝတ်တွေကို NLD အစိုးရလက်ထက်မှာ လိုက်နာသလားပေါ့ဗျာ၊ ပယ်ချပြီးမှ မထီမဲ့မြင်လုပ်သလား၊ မသိကျိုးကျွံ လုပ်သလားပေါ့၊ မြန်မာ့တပ်မတော်နဲ့ ပတ်သက်လို့ ဒါမျိုးစဥ်းစားရမှာပေါ့၊ ဥပမာ အဲဒီကာလတုန်းက ချုပ်ခဲ့တဲ့ စာချုပ်စာတမ်းတွေကို NLD အစိုးရလက်ထက်မှာ ထပ်ပြီးတော့ ထောက်ပံ့သလားပေါ့ဗျာ၊ ဒါလေးတွေက ကွာခြားပါတယ်၊ အဲဒီတော့ အဲဒါကြီးက ပါတီစုံဒီမိုကရေစီစနစ်မှာ မရင့်ကျက်သေးတဲ့အခါမှာ ငါအုပ်ချုပ်မှ၊ ငါသာ လျှင်၊ ငါ့ပါတီသာလျှင်ဆိုတဲ့ ဥစ္စာနဲ့ အတိုက်အခံကို ရစရာမရှိအောင် ချိုးနှိမ်ပြောတာပေါ့ဗျာ၊ အဲဒီတော့ ပါတီစုံ ဒီမိုကရေစီစနစ် ကတော့ဖြင့် တိုင်းရင်းသားတွေများတဲ့ နေရာမှာ လိုအပ်ချက်တစ်ခုတော့ ဖြစ်တာပေါ့၊ အမျိုးသား ရေး အယူအဆကို အစွန်းတစ်ခုကို တွန်းပို့နိုင်တာလည်းပဲ ခုနလို ပါတီစင်(PARTYSIM) ပဲဗျ၊ အဲဒီတော့ အထိန်းအကွပ်လေးတွေ က လိုတာပေါ့” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
၁၉၆၂ ခုနှစ်က မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ မဆလပါတီကို ဖွဲ့စည်းကာ မြန်မာနိုင်ငံအား တစ်ပါတီစနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။
ထို့နောက် ပြည်သူလူထု တစ်ရပ်လုံး၏ ကြီးမားကျယ်ပြန့်သော အုံကြွဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ရပြီး သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးလည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် ခေါင်းဆောင်သော မြန်မာ့တပ်မတော်မှ အာဏာရယူခဲ့ကာ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ကြရာမှ လက်ရှိအချိန်အထိ ပါတီစုံစနစ်ကိုသာ ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတိုင်းပြည်၏ အခြေအနေများသည် ပါတီစုံကြောင့်ဖြစ်နေခြင်း၊ တစ်ပါတီကြောင့်ဖြစ်နေခြင်း ဆိုခြင်းများ ထက် နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် အရင်းအမြစ်များအား သေသေချာချာ ကုစားနိုင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ မဲထည့်နေစဉ်
၎င်းက “အဓိက ကျနော်တို့ လက်ရှိဖြစ်နေတဲ့ ဟာတွေက ဒီဟာကြောင့်မို့လို့ ပါတီစုံကြောင့်မို့လို့ ကွဲပြဲတယ်တို့၊ တစ်ပါတီကြောင့် ဘာဖြစ်တယ်တို့ ဆိုတာမျိုးထက် စာလို့ရှိရင် ကျနော်တို့ တကယ့် အရင်းအမြစ်ပေါ့နော် တကယ့် ကျနော်တို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်နေတဲ့ အရင်းအမြစ်တွေကို ကျနော်တို့က သေသေချာချာ ကုစား နိုင်ဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်မှာ ကျနော်တို့ ပါတီစုံရှေ့မှာ ပါတီစုံတစ်ခါ သွားဖူးတယ်၊ နောက် ဒီပါတီစုံမဖြစ်နိုင်ဘူး၊ မဟုတ်ဘူးဆိုပြီးတော့မှ တစ်ပါတီစနစ်နဲ့ သွားကြည့်ခဲ့ဖူးပြီးပြီ၊ အဲဒီတစ်ပါတီစနစ်ကိုပဲ ကျနော်တို့ အဆင်မပြေခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဒါ ၈၈ အရေးတော်ပုံဆိုတာ ပေါ်ပေါက်လာပြီးတော့မှ ဒီဘက် ခေတ်ဖက် အခင်းအကျင်းတွေ ထပ်ဖြစ်ရတယ်ဆိုတဲ့ အနေအထားရှိတာကိုး၊ ဆိုတော့ ကျနော်တို့က ပါတီစုံတို့၊ တစ်ပါတီတို့ဆိုတဲ့ အနေအထားမျိုးထက် စာလို့ရှိရင် တိုင်းပြည်မှာရှိနေတဲ့ အတူတကွ ဖန်တီး တည်ဆောက် ပုံဖော်သွားကြမယ့် တိုင်းရင်းသားလူမျိုးတွေအားလုံး အချင်းချင်း ဘယ်လို ကြေကြေလည်လည် ညှိနှိုင်းမှာလဲ ဆိုတဲ့ဟာက အဓိကကျတာပေါ့၊ နို့မို့ဆိုလို့ရှိရင် ပါတီစုံကြောင့်တို့၊ တစ်ပါတီကြောင့်တို့ ဆိုတာထက် တစ်ပါတီလုပ် လည်း ကျနော်တို့ အဲဒီပြဿနာကို မဖြေရှင်းထားနိုင်လို့ရှိရင် ဒီလက်နက်ကိုင် တော်လှန်ရေးနဲ့ ဒီစစ်ပွဲတွေက ပြီးမှာမှ မဟုတ်တာ” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ပြီး ကဏ္ဍကောစ မလုပ်ဘဲ ပူးပေါင်း ဆောင်ရွက်မှုသာလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုလည်း ပြောကြားထားသည်။
နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 574
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
လအလိုက် ဖမ်းဆီးရမိမှုများတွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်က ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေး အခြေအနေအရ နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်တန့် နေသည့်အချိန်တွင် တရားမဝင် ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှုပါ များပြားလာကြောင်း ၎င်းက ပြော သည်။
ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တရားဝင် လမ်းကြောင်း ရပ်သွားကာ စျေးကွက်ကြီးတစ်ခုလုံးမှာ တရားမဝင် ကုန်သွယ်မှုဖြစ်သွားကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး လုပ်နေစဉ်
၎င်းက “ဒါကတော့ သူကစစ်ပွဲတွေ ဖြစ်နေတာကို နယ်မြေမလုံခြုံ၊ မငြိမ်းချမ်းဘူး။ စစ်ဖြစ်နေတဲ့ ပြည်နယ်တွေက အခြေအနေအရ ကျနော်တို့ ဒီဘက် ကနယ်မြေ မငြိမ်းချမ်းဘူးဆိုရင် ကုန်သွယ်မှုတွေကလည်း သွားလို့မရတော့ ဘူးပေါ့။ ကားတွေ ကုန်ကားတောင်မှ ငှားမရတော့ဘူး အဲတော့ နှစ်ဆသုံးဆ မြင့်လာတယ် ကျနော်အခုကြုံရတဲ့ ကိစ္စ(ပြဿနာ)လေးတစ်ခု ပြောပြမယ်နော်၊ အရင်တုန်းက မူဆယ်တို့ မြဝတီတို့ လမ်းပေါ်မှာဖမ်းတာကတစ်ပိုင်း အခုကအဲလို မဟုတ်တော့ဘူး ရန်ကုန်-မန္တလေးသွားတဲ့ လမ်းပေါ်မှာတောင်မှ ဖမ်းတယ်။ တကယ်လို့ သူက ပစ္စည်း တန်ဆာ တင်ရင် ဘောင်ချာပြရင်ပြ မပြနိုင်ရင် ဒီဟာကို တရားဝင် သွင်းထားပါတယ်ဆိုတဲ့ အထောက်ထားပြပေး ရတယ်။ မပြနိုင်ဘူးဆိုရင် ဒီမှာရှိတဲ့ ဥပမာ မန္တလေးဆိုလည်း မန္တလေးမှာရှိတဲ့ ထုံးဖိုဂိတ်တို့ ဘာတို့မှာ ဖမ်းခံရတာ ရှိတယ်။ ပြီးတော့ မိတ္ထ္တီလာဂိတ်၊ ဘာဂိတ်မှာ အဲလိုမျိုးတွေမှာ အများကြီး ပျက်သွားတာပေါ့။ အရင်တုန်းကဆို နယ်စပ်တွေမှာဘဲ ထိန်းချုပ်ထားတာပေါ့ နယ်စပ်တွေ လွတ်သွားပြီဆိုရင် ကုန်သွယ်မှုက စီးဆင်းနေတာ အခု ကတော့ ဒီလမ်းဟောင်းတွေရော ရန်ကုန်-မန္တလေးမြို့ အဝင်အထွက်တွေမှာပါ အဲဒီ ဒီဟာကဖမ်းတဲ့ သဘော တော့ ရှိတယ်။ အခုကတော့ ပိုပြီးများလာတော့ တော်တော်များများတော င်မျက်လုံးပြူးကုန်တယ် Expect ကား တွေကအစဖမ်းတာ အခြားအဲဒီ ကုန်သည်နဲ့ ကုန်တင်ကားတွေနဲ့သွားတဲ့ ကားတွေဆိုရင် သိပ်မဖမ်းဘူး ဒါကတော့ ကျနော်သိထားတာကို ပြောပြတာ”ဟု ပြောသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး လုပ်နေစဉ်
တရားမဝင် ကုန်သွယ်မှုကို ထိရောက်စွာ တိုက်ဖျက်ရန် နစက လက်ထက်တွင် ၂၀၂၂ ခုနှစ်မှ စတင်၍ ပြင်ဆင် ဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ (၁၉)ကြိမ် ရှိပြီဖြစ်ကြောင်း ၊(၁၈)ကြိမ်အထိ ဆုံးဖြတ်ချက် (၆၁၉)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ၃ နှစ်နှင့် ၄ လတာ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၂၂,၁၉၈ မှု၊ တန်ဖိုးအားဖြင့် ငွေကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံရှိကြောင်း၊ လအလိုက် အနေဖြင့် ယခု ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖမ်းဆီးရရှိမှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။
၃ နှစ်နှင့် ၄ လတာ ကာလအတွင်း ဖမ်းဆီးရရှိမှုများအနက် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် အများဆုံး ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် သွင်းကုန်ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်း များနှင့် အခြားလူ အသုံးအဆောင် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 834
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံအစိုးရအနေဖြင့် “ဝ”ဒေသမှ ထွက်ရှိနေသည့် မူးယစ်ဆေးဝါးနှိမ်နင်းမှုကို ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်လျှင် မိမိတို့ ကိုယ်တိုင်စီမံမှရမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် “မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ရှုထောင့်များနှင့် စိန်ခေါ်မှုများ ရေရှည် တည်တံ့ခိုင်မြဲသော အဖြေများ”ဆိုသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲကို မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကော်မတီရုံးတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
သက်ဆင်က “ ဝ ဒေသက မူးယစ်ဆေး အရင်းအမြစ်ကို ထောက်ပြခဲ့တယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးက ကောင်းမွန်ပေမယ့် သူက ဘာမှမလုပ်နိုင်ဘူး။ သူက လေးနက်တဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုမှုကို မလုပ်နိုင် ဘူး။ မြန်မာနိုင်ငံက မထိန်းချုပ်နိုင်ဘူးဆိုရင် ငါတို့ကိုယ်တိုင် စီမံမှရမယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာနေသော မူးယစ်ဆေးဝါးများ၏ အဓိက အရင်းအမြစ်အများစုသည် “ဝ”ဒေသမှ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုမရှိပါက မိမိတို့ ကိုယ်တိုင် စီမံမှရတော့မည်ဟု ၎င်းက ပြောသည်။

UWSA ကို တွေ့ရစဉ်
သက်ဆင်က “ အသက်ရှင်နေတဲ့ အဘိုးအိုတစ်ယောက်ဖြစ်ပေမယ့် ငါတို့နိုင်ငံနဲ့ ဒီဆက်ဆံရေးတွေကို ဆောင်ရွက်ဖို့ ငါ့မှာဆန္ဒရှိနေတုန်းပဲ။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အလေးအနက် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုသင့်ပြီလို့ ထင်ပါတယ်။ မြန်မာနိုင်ငံက လူနည်းစုမို့ စီမံလို့မရဘူးလို့ ပြောရင် ကိုယ်တိုင်စီမံခွင့် တောင်းရ ကောင်း တောင်ရလိမ့်မယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာဘက်ခြမ်းကနေ မူးယစ်ဆေးဝါးများ အလုံးအရင်းဖြစ် ဝင်ရောက်နေသလို ထိုင်းလုံခြုံရေး တပ်ဖွဲ့သည် မူးယစ်မှောင်ခိုအဖွဲ့များဖြင့် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်နေသည့် မူးယစ်ဆေးဝါး အများစုသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ နယ်မြေကဖြစ်ကြောင်း ထိုင်းအစိုးရက စွပ်စွဲနေသော်လည်း UWSA ကတော့ မိမိတို့မဟုတ်ကြောင်း ပြောသည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးဖြစ်သလို “ဝ” ဒေသ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပြဋ္ဌာန်းခွင့်ရရှိထားကြောင်း၊ မြန်မာအစိုးရသည် “ဝ”ဒေသ၏ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု များကို တစ်စုံတစ်ရာ ဝင်ရောက်စွပ်ဖက်ပိုင်ခွင့်မရှိဘဲ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 982
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံတွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်နေခြင်းနှင့် သဘောထား ကွဲလွဲမှုများ များပြားနေ သော နိုင်ငံအား စုစည်းနိုင်ရေးအတွက် တစ်ပါတီစနစ်ဖြင့် သွားပါက ဖြေရှင်းနိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က စဉ်းစား၍ ချပြလာခဲ့သည်။
နိုင်ငံရေးတည်ငြိမ်ရန် လက်နက်ကိုင်လာရသည့် အကြောင်းအရင်းအား ရှာမည်ဆိုပါက တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုလက်နက်ကိုင်အဖွဲ့အစည်းအား ထိန်းချုပ်နိုင်သည့် ပါတီတစ်ခုလိုအပ်ကြောင်း၊ ထိုပါတီတွင် ပြည်မနှင့် တိုင်းရင်းသားများ အားလုံးပါဝင် ရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အား အခြေခံဥပဒအရ ရနိုင်စေရန် ဖွဲ့စည်းစည်းနှောင်ထားပြီးဖြစ်သောကြောင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းနိုင်ကြောင်း၊ ထိုသို့ စဥ်းစားမိပါက တစ်ပါတီစနစ်သည် မြန်မာ့နိုင်ငံရေးတွင် စဥ်းစားသင့်သည့် ဦးစားပေးတစ်ခု ဖြစ်လာမည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “ကျနော်တို့ ဦးတည်ချက်က ကျနော်တို့ စဥ်းစားတာက နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲနဲ့ လက်နက်ကိုင်ပဋိပက္ခ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံဟာ ဒီအတိုင်းဖြစ်နေမှာပဲ၊ အဲဒီတော့ နိုင်ငံရေး တည်ငြိမ်အောင် လက်နက်ကိုင်လာရတဲ့ အကြောင်းအရင်းကို ရှာပြီးတော့ အဲဒီအကြောင်းအရင်းကို အဖြေရှာမယ်ဆိုရင် တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရမယ်၊ အဲဒီတစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းကို စည်းနှောင်အား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်တဲ့ တစ်နည်းအားဖြင့် ထိန်းချုပ် နိုင်တဲ့ ပါတီကြီးတစ်ခု လိုအပ်တယ်၊ အဲဒီပါတီက အားလုံးပါဝင်ရမယ်၊ တိုင်းရင်းသားအားလုံး ပါဝင်ရမယ်၊ ပြည်မ ကလည်း ပါဝင်ရမယ်၊ အဲဒီလို ပါတီမျိုးဖြစ်အောင် ကျနော်တို့ ညှိနှိုင်းနိုင်မှာလား၊ အဲဒီတော့ အမျိုးသားညီညွတ်မှု တစ်ခုကိုရရင် နိုင်ငံရေးတည်ငြိမ်မှုရမယ်၊ နိုင်ငံရေးတည်ငြိမ်မှုရရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ခြေလှမ်းကို လှမ်းနိုင်တယ်၊ အဲဒီလိုမျိုး စဥ်းစားမယ်ဆိုရင် နိုင်ငံအသစ်ကြီးတစ်ခု ပဋိပက္ခ မေ့တာပေါ့ဗျာ၊ တိုင်းရင်းသားများရဲ့ Self-Determination ဆိုတာက အခြေခံဥပဒေအရ ရနိုင်အောင် ကျနော်တို့က ဖွဲ့စည်း စည်းနှောင်ထားပြီးပြီလေ၊ အဲဒီလိုဆိုရင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းမှာလား၊ ဒါစဥ်းစားသင့်တယ်ဆိုတဲ့ ဥစ္စာမျိုး စဥ်းစားမိရင် တစ်ပါတီ စနစ်သည် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ စဥ်းစားသင့်တဲ့ ဦးစားပေးတစ်ခု ဖြစ်လာမှာပေါ့” ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်
တစ်ပါတီစနစ်ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး(လမ်းစဉ်)အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခု တည်းမှ အုပ်ချုပ်သည့် စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည် အာဏာအား ဆုပ်ကိုင်ထားကာ အုပ်ချုပ်ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြု ပြောဆိုထားသည့်အပြင် ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောထား၍ တစ်ပါတီစနစ် ဖြစ်လာနိုင်စရာ မရှိကြောင်း လည်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။
ပါတီစုံဒီမိုကရေစီကို ပြည်သူက တောင်းဆိုခြင်းဖြစ်ပြီး မိမိတို့ တောင်းဆိုခြင်းမဟုတ်ကြောင်း၊ ဒီမိုကရေစီကို သွားမည်ဆိုလျှင် တည်ငြိမ်ဖို့လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
အားလုံးပါဝင်သည့် ပါတီကြီးတစ်ခုအား စုစည်းနိုင်ရန် ညှိနှိုင်းနိုင်မည်လား၊ ပြည်ထောင်စုကြီး တစ်ခုလုံးအား ဦးဆောင်မည့် ပါတီတစ်ခုအောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးအား ထိန်းချုပ်ထားသည့် ပါတီအသီးသီးသည် ပါနိုင်မည်လား ဆိုခြင်းများကို စဥ်းစားပြီးမှ နိုင်ငံအသစ်တစ်ခုသို့ သွားရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ၃၂ ပါတီ တွေ့ဆုံ ဆွေးနွေးနေစဉ်
၎င်းက “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် စုစည်းနိုင်မှာလား၊ ၂၀၀၈ ဖွဲ့စည်းပုံကတော့ ပါတီစုံကိုပဲ အားပေးတယ်၊ ဒါပေမယ့် ကျနော်တို့ ပြန်သုံးသပ်ဖို့၊ ညှိနှိုင်းဖို့ လိုတာပေါ့၊ ဥပမာ “ဝ” UWSP ရှိမယ်၊ UWSA ရှိမယ်။ UWSP နဲ့ကျနော်တို့ စုစည်းပြီးမှ အားလုံးပေါ့ဗျာ၊ မြန်မာနိုင်ငံတစ်ခုလုံးကို စုစည်းနိုင်တဲ့ ပါတီကြီးတစ်ခုကို အားလုံး ပါဝင်တဲ့ ပါတီကြီးတစ်ခုကို စုစည်းနိုင်အောင် ညှိနှိုင်းနိုင်မှာလား၊ လက်နက်ကိုင်တွေလည်းပဲ အကုန်ပူးပေါင်းပြီးမှ ပြည်ထောင်စုကို ကာကွယ်တဲ့ တပ်မတော်တစ်ခုဖြစ်အောင် ပူးပေါင်းနိုင်မှာလား၊ ဘာနဲ့ပူးပေါင်းနိုင်မှာလဲ၊ အမျိုးသားညီလာခံကြီးတစ်ခု သွားမှာလား၊ ညှိနှိုင်းဆွေးနွေးမှုကြီး တစ်ခုကို သွားမှာလား၊ “ဝ” သည် ပါတီတစ်ခု ပါတယ် အဲဒီပါတီကိုပဲ ကျနော်တို့ ပြည်ထောင်စုကြီး တစ်ခုလုံးကို ဦးဆောင်မယ့် ပါတီကြီးတစ်ခုအောက်မှာ “ဝ” သည် ပါနိုင်မှာလား၊ မိုင်းလားသည် ပါနိုင်မှာလား၊ ကိုးကန့်သည် ပါနိုင်မှာလား၊ ပလောင်သည် ပါနိုင်မှာလား၊ AA သည် ပါနိုင်မှာလား၊ မွန်သည် ပါနိုင်မှာလား၊ ဒါတွေစဥ်းစားပြီးမှ ကျနော်တို့ နိုင်ငံအသစ်တစ်ခုကို သွားဖို့လိုတာ ပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှစကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) တစ်ပါတီတည်းက အုပ်ချုပ်ခဲ့သဖြင့် တစ်ပါတီစနစ်ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။
ထို့နောက် ၈၈ အရေးအခင်း ပေါ်ပေါက်လာပြီး မဆလ ဖျက်သိမ်းခဲ့ရသလို ဦးနေဝင်းလည်း ရာထူးမှ ဆင်းသွားခဲ့ ကြောင်း၊ အလားတူ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပျက်သွားခဲ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်ကာ အာဏာတည်ဆောက်မှုများပြုလုပ်ပြီး အုပ်ချုပ်ရေးထူထောင်နေကြ၍ ပါတီစုံဒီမိုကရေစီ စနစ်နေရာမှာ စစ်ဘုရင်ဝါဒများ ထွန်းကားလာမည်ကို စိုးရိမ်နေကြသည်။
