CNI News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
“ဝ” ကိစ္စတွင် ဗဟိုအစိုးရအနေဖြင့် တရုတ်နှင့်ဆက်ဆံရေး အဆင်မပြေပါက “ဝ” ဒေသသည် ပဲ့ထွက်သွားနိုင် ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
“ဝ” သည် ဗဟိုအစိုးရ၏ သြဇာအာဏာ မသက်ရောက်သည့်အဆင့်အား ရောက်နေပြီဖြစ်ကြောင်း၊ ဗဟိုအစိုးရ အနေဖြင့် တရုတ်နှင့်ဆက်ဆံရေး ကောင်းမွန်ပါက တရုတ်သည် နိုင်ငံပဲ့အောင် လုပ်မည်မဟုတ်ကြောင်း ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ဝ ကိစ္စက ဗဟိုအစိုးရက တရုတ်နဲ့ ဆက်ဆံရေးသာ အဆင်မပြေဘူးဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ ကက်ရှ်မီးယား ဒေသလိုမျိုး ပဲ့ထွက်သွားနိုင်တယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ “ဝ” မှာ သုံးစွဲနေတဲ့ ကိစ္စတွေ အားလုံးက တရုတ်နဲ့ ဆက်စပ်တယ်၊ နယ်ခြားမှာ တရုတ်နိုင်ငံအတွင်းမှာလည်း “ဝ” တွေက အများကြီး နေထိုင် ကြတယ်လေ၊ အဲဒီအခါကျတော့ အခု “ဝ” ဆိုရင်တော့ ဗဟိုအစိုးရ သြဇာအာဏာ ဘာမှမသက်ရောက်တဲ့ အဆင့် ကို ရောက်သွားပြီ၊ ဗဟိုအစိုးရနဲ့ တိုက်ပွဲတွေတော့ မဖြစ်ဘူး၊ နှစ်ပေါင်း ၃၀ ကျော် တိုက်ပွဲမဖြစ်ဘူး၊ “ဝ” ဒေသ တိုးတက်အောင် လုပ်ခဲ့တယ်၊ တည်ငြိမ်အောင် သူတို့လုပ်တယ်၊ လုပ်တဲ့အခါကျတော့ “ဝ” ဒေသ ဖွံ့ဖြိုးတိုးတက် နေတယ်၊ တိုးတက်နေတဲ့ အခါကျတော့ တကယ်တမ်း ဗဟိုအစိုးရနဲ့ စစ်ပွဲကြီးတွေ ဖြစ်ကြမယ်ဆိုရင်တော့ ပြည်သူလူထုက “ဝ” ဒေသရဲ့ ဟိုဖက်ကို ပဲ့သွားနိုင်တယ် တရုတ်ကလည်း အသိအမှတ် ပြုတယ်ဆိုရင်ပေါ့ဗျာ။ ဗဟိုအစိုးရကနေပြီးမှ တရုတ်နဲ့ ကောင်းကောင်းမွန်မွန် အဆင်ပြေနေတယ် ဆိုရင်တော့ တရုတ်က ဒီကိစ္စတွေကို တော့ နိုင်ငံကြီးပဲ့အောင်တော့ သူလုပ်မှာ မဟုတ်ဘူးလို့ မြင်လို့ပါ” ဟု ပြောသည်။
UWSA ရဲဘော်နဲ့ ပန်ဆန်းမြို့ကို တွေ့ရစဉ်
UWSP/UWSA ခေါင်းဆောင်များသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များ အပါအဝင် ရွေးကောက်ခံ အစိုးရတိုင်း ကို တွေ့ဆုံသည့်အခါမှာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအား “ဝ”ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို လျက် ရှိနေသည်။
UWSP/UWSA တောင်းဆိုသည့် “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသားပြည်နယ်အဖြစ် တည်ထောင်ရန် တောင်းဆိုချက်အား မူဝါဒအားဖြင့် သဘောတူကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
သို့သော်လည်း နောင်မှာ ပါတီစုံဒီမိုကရေစီအရ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်အခင်းအကျင်း ဖြစ်ပေါ်လာ ပြီးနောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထား သည်။
တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်စနစ်တစ်ရပ်အား ရေးဆွဲနိုင်ပါက တရုတ်အနေဖြင့်လည်း ဆန့်ကျင်ကန့်ကွက်စရာ မရှိကြောင်း၊ လက်ရှိ အစိုးရဖြစ်ဖြစ် နောက်တက်လာမည့် အစိုးရဖြစ်ဖြစ် ဖက်ဒရယ် စနစ်အား ထူထောင်မည်ဆိုခြင်းကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ UWSA ကို တွေ့ရစဉ်
၎င်းက “တရုတ်ကတော့ သူက တိတိလင်းလင်း ကြေညာပြီးသားပဲ၊ သူများနိုင်ငံရဲ့ အတွင်းရေးကို ဝင်မစွပ်ဖက်ပါ ဘူး၊ သူတို့က မူ ၅ ချက်ကို အတိအကျ လိုက်နာတယ်ဆိုတာတစ်ခု ပြောပြီးသွားပြီ၊ ကျနော်တို့က တရုတ်ကို ဒီမူတွေအတိုင်း လိုက်ပါလို့ ဝိုင်းဝန်းအားပေး တိုက်တွန်းဖို့လိုပါတယ်၊ အရေးကြီးတာကတော့ ကျနော်တို့ ဗမာ ဘက်က အရေးကြီးပါတယ်၊ ကျနော်တို့ဘက်က နေပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ် တစ်ရပ်ကို ကျနော်တို့ သတောတူနိုင်ကြတယ်၊ ရေးဆွဲနိုင်တယ် ဆိုလို့ရှိရင် “ဝ” ပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဒါကို လက်ခံ နိုင်အောင် ကျနော်တို့ လုပ်နိုင်မယ်၊ ဒီလိုလုပ်မယ်ဆိုလို့ရှိရင်လည်း တရုတ်ကလည်း ဘာမှ ဆန့်ကျင်ကန့်ကွက်စရာ မရှိပါဘူးလို့ ယုံကြည်ပါတယ်၊ အခုလောလောဆယ်က အခြေအနေက တိတိပပ ဘာမှမရှိဘူး၊ ဘာမှမရှိတဲ့ အခြေအနေမှာ “ဝ” ကနေပြီးတော့မှ သူ့စစ်တပ်နဲ့သူ၊ သူ့ရဲ့စနစ်နဲ့သူ သွားနေတာမှာ ကျနော်တို့က အခုလောလော ဆယ်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျနော်တို့ဘာမှ ပြောလို့မရဘူးပေါ့၊ အရေးကြီးတာက အဓိက ကတော့ ကျနော်တို့ တက်လာမယ့်အစိုးရ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ အခုလက်ရှိ အစိုးရပဲဖြစ်ဖြစ် ကျနော်တို့ဟာ တကယ် ဖက်ဒရယ်စနစ်ကို ထူထောင်မယ်ဆိုတာကို နှုတ်နဲ့ပြောရုံ မကဘဲ လက်တွေ့လုပ်ဆောင်နေဖို့ လိုပါတယ်၊ ဒါကိုလုပ်ဆောင်တယ် ဆိုရင်လည်း တဖြည်းဖြည်း ဖြစ်လာမှာပါ” ဟု ပြောသည်။
UWSA သည် ပြည်နယ်အဆင့် ရယူလိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်အဆင့်အတန်းမျိုးသာ ရရှိ မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာများကို ဗဟိုအစိုးရက ထိန်းချုပ်ထားသည့်အတွက် လက်ရှိတွင် UWSA သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာများကို ကျင့်သုံးနေခြင်းကြောင့် ၂၀၀၈ ထက် ကျော်လွန်နေသည်။
ထို့ကြောင့် UWSA သည် မည်သည့် အဆင့်အတန်းမျိုးရှိသော ပြည်နယ်ကို တောင်းဆိုနေခြင်းလဲဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ ပြည်နယ်ပေးခွင့်မရှိသည့် အခြေအနေကို ဘယ်လို ဖြေရှင်းမလဲဆိုသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။