
- By CNI
- Category: နိုင်ငံရေး
- Hits: 568
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၃၅၀ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်၌ သတင်းထုတ်ပြန်ခဲ့ သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၅ ရက် ည ၁၁ နာရီခွဲက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ နယ်မြေ (၇၆)ရှိ သန်းထွေးအောင်(ခ)ခေါကြီး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေစဉ် ၎င်းနှင့်အတူ မချောချောဦး(ခ)မစု၊ အောင်နိုင်ထွန်းဦးတို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့် ထည့်လျက် ဒေသ ကာလတန်ဖိုး ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ၎င်းတို့အား ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် ဖော်ထုတ် လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 626
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က “တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံ အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့် ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန် တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောသည်။
ထို့နောက် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်း တစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်း နိုင်ငံများဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံ တစ်ဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများနက် AA-TNLA-MNDAA တို့ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း AA-TNLA-MNDAA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံး နီးပါးနှင့် အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ သိမ်းပိုက်ခဲ့သည်။
တခြားတစ်ဖက်မှာလည်း KIA သည် PDF များနှင့်ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် KIA-AA-TNLA-MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား ကြားဝင်စေ့စပ်ပေး၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြိုးပမ်းပေးလျက်ရှိသည်။
လက်ရှိမှာတော့ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နှင့် မြန်မာ့တပ်မတော်ကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရထားပြီးဖြစ်သလို TNLA နှင့် မြန်မာ့တပ်မတော်ကြား လည်းကောင်း၊ KIA နှင့် မြန်မာ့ တပ်မတော်ကြားလည်းကောင်း ဆက်လက် ဆွေးနွေးလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာခေါင်းဆောင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က တွေ့ဆုံခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မစ္စမော်နင်းက ထုတ်ပြန်ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သော ငလျင်ဘေး ပြန်လည်ထူထောင်ရေးကို တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု သမ္မတရှီက ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေး နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးတို့ကို တရုတ်နိုင်ငံက အလေးအနက်ထားပြီး ပံ့ပိုးကူညီသွားမည်ဟု သမ္မတ ရှီက ပြောသည်။
“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်း ရာမှာ မြန်မာနိုင်ငံကို ပံ့ပိုးကူညီသွားမယ်”ဟု ပြောကြားခဲ့ကြောင်း မစ္စမော်နင်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့မှာ မေလ ၉ ရက်တွင် ကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုး ချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 413
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်က ရောက်ရှိလာသော နိုင်ငံတကာမှ ခေါင်းဆောင်များကို ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ရာမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုး ချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၊ ဗီယက်နမ်၊ ဆားဘီးယား၊ ကာဇက်စတန် အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ရန် ရောက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1100
CNI News
၂၀၂၅ ခုနှစ်၊ မေ ၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရသည့် “ဝ”တပ်ဖွဲ့ (UWSA)၏ နိုင်ငံရေးအဆင့်အတန်းသည် လွတ်လပ်ရေး မကြေညာရုံအဆင့်အထိ ကြီးမားပြီး အချုပ်အခြာအာဏာ အကုန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
“ဝ”တပ်ဖွဲ့ (UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရကာ အုပ်ချုပ်နေခြင်းဖြစ်သည်။
အခြားသော တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)၏ နိုင်ငံရေး ရည်မှန်းချက်များတွင် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုး လိုချင်ကြပြီး မရနိုင်ခဲ့ပါ အထူးဒေသအဖြစ် သတ်မှတ်ပေးရေးကို သဘောထားဆန္ဒများရှိ နေကြသည်။
“ဝ” ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာဆွန်ကော်ရှန်းကို တွေ့ရစဉ်
ဦးခွန်းဆိုင်က “ဒီဥစ္စာကတော့ “ဝ” အခြေအနေကို ကြည့်ရမှာပေါ့။ “ဝ” အခြေအနေက ဘာလဲဆိုတော့ လွတ်လပ် ရေး မကြေညာရုံ တမယ်ပဲလေ။ သူတို့မှာအကုန်ရှိနေတယ်။ အချုပ်အခြာအာဏာတွေ အကုန်ရှိနေတယ်။ ကိုယ့် တပ်နဲ့ကိုယ် ရှိနေတယ်။ အဲဒီတော့ တရုတ်ကပြောပြောနေတဲ့ တိုင်းပြည်ကတော့ တစ်ခုတည်း စနစ်ကတော့ နှစ်ခု ဆိုတဲ့ဟာမျိုး။ ကျနော်တို့နိုင်ငံက ဘာနိုင်ငံကြီးပဲဖြစ်ဖြစ် ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲဖြစ်ဖြစ် တစ်ပြည် ထောင်ပဲဖြစ်ဖြစ် သူတို့ကတော့ သီးခြားရပ်တည်မယ်ပေါ့နော်။ လွတ်လပ်ရေး မကြေညာရုံတမယ်ပဲပေါ့။ “ဝ”ဆိုရင် သူတို့ အခမ်းအနားလုပ်ရင် ကြည့်လိုက်၊ ပြည်ထောင်စုအလံလည်းရှိတယ်၊ “ဝ”အလံလည်းရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်က ဝင်လို့မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
အာရက္ခတပ်တော်(AA)သည် ၎င်း၏ အနိမ့်ဆုံး နိုင်ငံရေးအဆင့်မှာ “ဝ”ကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းကို ရလိုပြီး အမြင့်ဆုံးအနေဖြင့် သီးခြားလွတ်လပ်သော နယ်မြေထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားဖူးသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကာ တစ်နှစ် ကျော်ကြာ ကာလအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ မြို့နယ်၌ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။
“ဝ” အနေဖြင့် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် နိုင်ငံရေးအဆင့်အတန်းမျိုး ရရှိခြင်းမှာ နိုင်ငံတော်ကို ကာကွယ်ရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် ဖြစ်စဉ်များကြောင့်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
၎င်းက “အရင်တုန်းက ယိုးဒယားနဲ့ နယ်စပ်ပြဿနာဖြစ်တော့ အဲဒီတုန်းက SURA ပေါ့။ အခုတော့ ငြိမ်းချမ်းရေးယူ ထားတဲ့ ဦးယွက်စစ်တို့ ဘာတို့ သူတို့အဖွဲ့တွေနဲ့ တိုက်ကြတဲ့အချိန်မှာ “ဝ”က မြန်မာဘက်ကနေ ကာကွယ်ပြီး တော့ နယ်မြေပိုင်းဆိုင်ရာ ပြောရရင်တော့ မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဝင်ပြီးတော့ နိုင်ငံတော်ကာကွယ်ရေး အင်အားစု ချထားခဲ့ဖူးတယ်။ အဲဒီတော့ ခုနကပေးတဲ့ “ဝ” ဒေသပေးတဲ့ ကိစ္စရပ်တွေမှာ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ပေးတာရှိတယ်။ “ဝ” ရဲ့ ဖြစ်တည်လာမှုနဲ့ သူနေရာ ရထားတဲ့ ဟာတွေက အဲဒီအပေါ်မှာ မူတည်ထားတာ။ AA က “ဝ”ပုံစံမျိုး လိုချင်တယ်ဆိုတော့ ဟုတ်ပြီ။ အဲဒီတော့ နိုင်ငံ တော်ကာကွယ်ရေးအတွက် သူဘာလုပ်ထားလဲဆိုတာ ပြန်မေးရမှာ။ “ဝ”ရဲ့အဆင့်အတန်း ဘယ်လိုရှိလဲဆိုရင် နိုင်ငံတော်ကို ကာကွယ်ထားတဲ့ ကာကွယ်မှုကြောင့်၊ နဝတ၊ နယကခေတ်မှာ တစ်ခုခုတော့ ဒါကို ပြန်လည် ချီးမြှောက်မှု ရှိသင့်တယ်ဆိုတဲ့ ပုံစံနဲ့ နောက်ပိုင်းတွေ ငြိမ်းချမ်းရေးဘာညာက အသေးစိတ်ပေါ့။ အဓိက အကြောင်း အရင်း တစ်ချက်ကတော့ ဒါပါ။ အဲဒါကြောင့်မို့လို့ အခြေခံဥပဒေရေးဆွဲတဲ့အချိန်မှာ ဒါကိုထည့်ခဲ့တာ။ “ဝ”အဆင့် အတန်းထက် ကျော်လွန်ပြီး လိုချင်တယ်ဆိုရင်တော့ “ဝ” အဆင့်အတန်းမျိုး ရောက်အောင် AA က ဘာလုပ်ခဲ့လဲ ဆိုတဲ့ မေးခွန်း အရင်ဖြေဖို့လိုတယ်။ အဲဒါမဖြေနိုင်ရင်တော့ “ဝ”လို အဆင့်အတန်းမျိုး မပြောနဲ့ အခုလက်ရှိနေရာ တောင် ကောင်းကောင်း ရပ်တည်အောင် သူကြိုးစားရမယ်လို့ ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟူ၍ သတ်မှတ်ပေးထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 830
CNI News
၂၀၂၅ ခုနှစ်၊ မေ ၉
ဒီမိုကရေစီသည် လက်ရှိခေတ်ကာလတွင် အကြီးအကျယ် စိန်ခေါ်ခံနေရပြီဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က စက်မှုတော်လှန်ရေး ခေတ်မှသည် ဒီမိုကရေစီစနစ်ကို ထူထောင်ရေး ကြိုးပမ်းခဲ့သလို ယခုခေတ်သည် AI နည်းပညာခေတ်မှ ဒီမိုကရေစီစနစ် ထူထောင်ရေးဆိုကာ ပုံစံမတူဘဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း နိုင်ငံရေးသမား များက ထောက်ပြကြသည်။
လူ့အဖွဲ့အစည်း အနေဖြင့် ဒီမိုကရေစီသည် အာဏာအပြောင်းအလွှဲ မဟုတ်ဘဲ ကျင့်စဥ်ဖြစ်ကြောင်းကို မှန်မှန် ကန်ကန် နားလည်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
၎င်းက “ကျနော်တို့က ဒီမိုကရေစီဆိုတာကို မှန်မှန်ကန်ကန် နားလည်ဖို့ လိုမယ်လို့ မြင်တယ်၊ ဒီမိုကရေစီဆိုတာက အာဏာအပြောင်းအလွှဲ မဟုတ်ဘူးဗျ၊ ကျင့်စဥ်။ ကျင့်စဥ်ဆိုတာ ၅ နှစ် သက်တမ်းနဲ့လည်း ဒီမိုကရေစီ ချက်ချင်း ဖြစ်မသွားဘူး၊ အမေရိကန်တို့လိုမျိုး ဥရောပတွေ နိုင်ငံတွေမှာ ဒီမိုကရေစီ အခုအခြေအနေ ရောက်လာတယ်ဆို တာ နှစ်ပေါင်းရာနဲ့ချီပြီးတော့ ဆယ်စုနှစ်ပေါင်းများစွာ တဖြည်းဖြည်းနဲ့ လေ့ကျင့်လာခဲ့ရတာ၊ ဒါတောင်မှ သူတို့ ကိုယ်တိုင် ဒီမိုကရေစီ အသွင်ပြောင်းလာတဲ့ကိစ္စကို နိုင်ငံတိုင်းမှာ ရင်ဆိုင်နေရတယ်၊ ကျနော်တို့ စက်မှုတော်လှန် ရေးခေတ်က ဒီမိုကရေစီနဲ့ AI ခေတ်က ဒီမိုကရေစီနဲ့ဟာ အများကြီးပုံစံတွေ ပြောင်းသွားပြီ၊ အဲဒီတော့ ပြောရရင် နည်းပညာရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို လူ့အဖွဲ့အစည်းက အမီမလိုက်နိုင်ဘူး၊ အထူးသဖြင့် ဥပဒေ အဆောက် အအုံတွေ၊ တရားဥပဒေစိုးမိုးရေး အဆောက်အအုံတွေကအစ နည်းပညာကိုမီအောင် မလိုက်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီကိုယ်၌က ဒီကာလမှာ အကြီးအကျယ်ကို စိန်ခေါ်ခံနေရပြီလို့ မြင်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီအား ပြန်လည် ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်မျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့် အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒိမိုကရေစီ၏ သဘောသဘာဝအား မျက်ကွယ်ပြုထား ကြကာ ပြည်ထောင်စုပြိုကွဲစေရန် ဦးတည်ဆောင်ရွက်နေကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖြစ်ချင်သည်များ၊ ဖြစ်သင့်သည်များအား ချင့်ချိန်စဥ်းစားပြီး ပြည်ထောင်စုအကျိုးအား မျှော်ကိုးကာ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်ကြောင်း၊ ပန်းတိုင်ကို သွားရာလမ်းတွင် အသုံးပြုသည့် စနစ်တစ်ခုသာဖြစ် ကြောင်း၊ ထိုစနစ်အား ပန်းတိုင်လုပ်နေသောကြောင့် မဖြစ်သင့်သည့် ပြဿနာများ ဖြစ်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
၎င်းက “ကျနော်တို့ ဒီမိုကရေစီဟာ မြန်မာနိုင်ငံဒီမိုကရေစီမှ မဟုတ်ဘူး၊ ကမ္ဘာကြီးမှာပါ စိန်ခေါ်ခံနေရတာပေါ့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆိုတဲ့ဟာကို ပြောကြပြီဟေ့ ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အနေနဲ့ ကျနော်တို့က ဒီမိုကရေစီကို ပန်းတိုင်လုပ်နေတယ်၊ ဒီမိုကရေစီဟာ ပန်းတိုင်မဟုတ်ဘူး၊ ကျနော်တို့ရဲ့ ပန်းတိုင်သို့သွားရာ သွားတဲ့ နေရာမှာ အသုံးပြုတဲ့ယာဥ်ပေါ့ဗျာ၊ အမှန်တကယ်က ကျနော်တို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ အားလုံး သာတူညီမျှနဲ့ အကုန်လုံး ဝပြောတဲ့ တိုင်းပြည်ကြီးဆိုတဲ့ အနေအထားမျိုးကြီးတစ်ခုကို ဘယ်လိုအေးချမ်း သာယာ ဝပြောတဲ့ တိုင်းပြည်ကြီး တစ်ခုဆိုတဲ့ဟာက ပန်းတိုင်ဖြစ်ရမှာ၊ အဲဒီဟာကို ကျနော်တို့က ဘာနဲ့သွားမှာလဲ ဆိုတော့ ဒီမိုကရေစီနဲ့သွားမှာပေါ့၊ တရုတ်ပြည်ဆို သူကကွန်မြူနစ်စနစ်နဲ့ သွားတယ်ပေါ့၊ ဒီပန်းတိုင်ကို ခေါ်ဆောင်သွားမယ့် ယာဥ်ကို ကျနော်တို့က ပန်းတိုင်ကိုမေ့ပြီးတော့မှ ဒီဟာကြီးကို ယာဥ်ကို ကျနော်တို့က ပန်းတိုင်လုပ်နေတယ်၊ အဲဒီ မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာတွေက မဖြစ်သင့် မဖြစ်ထိုက်တာတွေက ဖြစ်နေတာပေါ့နော်” ဟု ပြော သည်။
အတူယှဥ်တွဲနေထိုင်ကြသည့် လူအဖွဲ့အစည်း တစ်ခုအတွင်း၌ ကြုံတွေ့လာသည့် ပြဿနာများအား ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများအား ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် မြန်မာ့တပ်မတော်မရှိလျှင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမည့် တိုင်းပြည် မဟုတ် ကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
လက်ရှိတွင် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီနစ်အား မလိုချင်တော့ဘဲ တစ်ပါတီစနစ်၊ တစ်ပြည်ထောင်စနစ်များဖြင့်သာ သွားကြရန် ဆန္ဒရှိနေကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr.Kassym-Jomart Tokayev နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကာဇက်စတန်သမ္မတက မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ အပေါ် မြန်မာအစိုးရ၊ ပြည်သူလူထုတို့နှင့် တပ်တူ စိတ်မကောင်းဖြစ်ရကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်၍ ကျော်ဖြတ်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြော ကြားခဲ့သည်။
နစကဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း သဝဏ်လွှာပေးပို့ခြင်းမှုကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကို မြို့သို့ ရောက်ရှိနေသည်။
အဆိုပါ အခမ်းအနားကို မေလ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 653
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါ ကလည်း ငလျင်နှင့်နယ်မြေ မတည်ငြိမ်မှုများကြောင့် လွှတ်တော် ကျင်းပနိုင်ခြေ ရှိ/မရှိဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံနှင့် အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားခဲ့သည်။
ထို့ပြင် နယ်မြေမတည်ငြိမ်မှုများ ရှိနေသည့်တိုင် နစကဥက္ကဋ္ဌမှ နိုင်ငံတကာထံ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလ အစောဆုံး ကျင်းပပေးမည်ဟု ကတိကဝတ် ပြုထားသောကြောင့် လွှတ်တော် ကျင်းပရေးမှာ မလွယ်ကူနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမျိုးသားလွှတ်တော်ဆိုတာက ပြည်နယ်တစ်ခု၊ တိုင်းဒေသကြီး တစ်ခုကနေပြီးတော့ ကိုယ်စားလှယ် အနေနဲ့ စေလွှတ်ရတဲ့ဟာမျိုး သူတို့သတ်မှတ်ထားတာပေါ့။ ဆိုတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အဲဒီလို ဒေသ တစ်ခုက ၁၂ ဦးစီနဲ့ သူတို့သတ်မှတ်ထားတယ်။ ဆိုတော့ အဲဒီမှာ ဥပမာ ရခိုင်ပြည် ဘယ်လိုလုပ်ပြီးတော့ ရွေးကောက်ပွဲ လုပ်မလဲ။ အဲဒီတော့ ဘယ်လိုလုပ်ပြီးတော့ အဲဒီအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို အချိုးချ ပေးရမလဲ၊ နောက်ပြည်နယ်တစ်ခုလုံး အနေနဲ့လည်း ပြည်သူ့လွှတ်တော်က ဘယ်ကလာမလဲ။ စောစောက ပြော သလို ပြည်နယ်လွှတ်တော် ဘယ်လိုကျင်းပမလဲ။ ကိုယ်စားလှယ်မပြောနဲ့ ရွေးကောက်ပွဲ နေရာကို မရှိတာ။ ဘယ်လိုမှ ရွေးကောက်ပွဲကျင်းပဖို့ တစ်ပြည်နယ်လုံးကိုမှ ဖြစ်နိုင်ခြေ အကြောင်းမရှိဘူး။ တိုင်းပြည်က မကွေးတိုင်း တို့၊ စစ်ကိုင်းတိုင်းတို့လိုဟာမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပနိုင်မလဲ။ ကိုယ်စားလှယ်တွေ ဘယ်လိုရပ်မလဲ။ အဲဒီဒေသတွေမှာ ကိုယ်တိုင်က လုံခြုံမှုမရှိတဲ့ အတောတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရော ပါတီမဲဆွယ်စဉ် ကတည်းကကို ပြဿနာတွေ အများကြီး ဖြစ်လိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
ငလျင်ကြောင့် ထိခိုက်တဲ့ လွှတ်တော်အဆောက်အအုံကို နစကဥက္ကဋ္ဌ သွားလေ့လာစဉ်
ငလျင်ဘေးသင့်သွားသည့်အတွက် အစိုးရယန္တရားနှင့် အဆောက်အအုံများ ပြန်လည်တည်ဆောက် လည်ပတ် ရန်မှာ ကြာနိုင်သည့်အတွက် နစကအနေဖြင့် ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲအား ကျင်းပနိုင်မှု ရှိ၊မရှိ ဝေဖန်သုံးသပ်မှု အမျိုးမျိုးရှိနေကြသည်။
လက်ရှိတွင် နေပြည်တော်၌ အခြေစိုက်ထားသည့် အစိုးရဌာနဆိုင်ရာ ယန္တရားအချို့ကို ရန်ကုန်သို့ ပြောင်းရွှေ့နေ ရကြောင်း၊ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပြီးနောက် လွှတ်တော်ခေါ်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး၌ လွှတ်တော်တစ်ခုတည်းသာရှိ၍ လွှတ်တော်ကို မည်သို့ ကျင်းပမလဲ မေးခွန်းရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လွှတ်တော်သည် ခမ်းခမ်းနားနားဖြစ်ရန် မလိုသည့်အတွက် လွှတ်တော်ပေါ်ထွန်းရေး တစ်နည်းနည်း လုပ်ဆောင် နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ လိုရင်ကြံဆ နည်းလမ်းရပါပဲ။ ဒါကို မပြောနိုင်ဘူးပေါ့။ တဲရုံဆောက်ပြီး လွှတ်တော်ကို လုပ်တာလည်း ဖြစ်နိုင်တယ်။ ခမ်းခမ်းနားနား မလုပ်ထားလို့ လွှတ်တော် မဟုတ်ဘူးဆိုတာကတော့ မဖြစ်နိုင် ပါဘူးလို့။ရွေးကောက်ပွဲကတော့အခုထိငြင်းခုန်နေကြတုန်းပဲ။ တချို့က ၂၀၂၆ မှ ဖြစ်မယ်၊ ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူးလို့ ပြောနေကြတယ်။ သို့သော်လည်းပဲ ဖြစ်နိုင်မယ်လို့ ပြောနေတဲ့လူတွေကတော့ ရွေးကောက်ပွဲဥပဒေမှာ လူဘယ်နှယောက် မဲထည့်မှ တရားဝင်တယ်၊ မဝင်ဘူးဆိုတာ ဒါမျိုးမရှိဘူးလို့။ မရှိတော့ လူတစ်သောင်းရှိတဲ့နေရာမှာ လူ ၁၀၀ ပဲ မဲထည့်လည်း ဒီ ၁၀၀ က ရွေးလို့ရှိရင် သူက အတည်ဖြစ်တယ်။ အဲဒီတော့သူက လုပ်နိုင်တာပဲ။ ကြားရတာကတော့ ဒီဇင်ဘာလမှာ ၂ ပတ် ပေါ့။ ၁ ပတ် တစ်ကြိမ်၊ ၁ ပတ် တစ်နေရာပေါ့နော်။ လုပ်မယ်။ ဇန်နဝါရီလမှာလည်း နောက်ထပ် ၂ ကြိမ်လုပ်မယ်။ ၁ ပတ် ၁ နေရာလုပ်မယ် ဆိုတာမျိုးလည်း ကြားရပါတယ်။ ဦးနု ခေတ်တုန်းက ၁၉၅၀-၅၁ တုန်းကလည်း လုပ်ခဲ့ တာပဲ ၈ လလုပ်ခဲ့တယ်။ ၈လက ၃ ကြိမ် ၃ ခါ လုပ်ခဲ့ပြီးတော့မှ မဲပေးတဲ့လူက ၁၈ ရာခိုင်နှုန်းပဲရှိတယ်။ ၁၈ ရာခိုင်နှုန်းပဲ ရှိပေမယ့်လည်း ရလဒ်ကို အတည်ပြုခဲ့တာပဲ။ သို့သော် ကွာတာကတော့ အဲဒီတုန်းက ပြည်တွင်းစစ် ဖြစ်နေတယ် ဆိုပေမယ့်လည်း အစိုးရပါတီက အင်မတန်မှ လူကြိုက်များတယ်ပေါ့။ အခု ကျနော်တို့ဆီမှာတော့ လူကြိုက်များတဲ့ ပါတီမပါကြဘူးပေါ့” ဟု ပြောသည်။
ငလျင်ကြောင့် လွှတ်တော်ထိခိုက်ပျက်စီးနေစဉ်
နိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင် အသစ်လျှောက်ထားလိုပါက မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကာ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် က ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
နစက စီစဉ်ထားသော ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့ပါက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို မည်သည့် နေရာတွင်ထား၍ ဆောင်ရွက်မည်လဲ မေးခွန်းထုတ်စရာရှိနေသလို တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များကို မည်ကဲ့သို့ ကျင်းပမည်လဲဆိုသည်မှာလည်း မေးခွန်းထုတ်စရာရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 902
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းအား သွားရာတွင် လက်ရှိမှာ လက်နက်ကိုင် ဖက်ဒရယ်ပုံစံမျိုး ဖြစ်နေပြီး လက်နက်နှင့် ဖက်ဒရယ်တွဲနေသည့် အခြေအနေသည် အန္တရာယ်ကြီးမားကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ဒီမိုကရေစီမရှိဘဲ ဖက်ဒရယ်သည်လည်း မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်သည် မျှမျှတတ တွဲ၍သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ စကားလုံး ဝေါဟာရက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသောပြည်ထောင်စု၊ နောက်တော့ ဒီမိုကရေစီ ဖက်ဒရယ်မဟုတ်ဘူး၊ ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့ တစ်ခါစကားလုံးရှေ့နောက် ပြောင်းကြတယ်၊ အဲဒီတော့ အခုလက်ရှိ အခြေအနေကတော့ ပြောရရင်တော့ Military Federal ဖြစ်သွားပြီ၊ လက်နက်များများရှိရင် နယ်မြေ များများ သိမ်းနိုင်လို့ရှိရင် ကိုယ့်နယ်ကို ကိုယ်စိတ်ကြိုက် လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေ ရောက်သွားတော့ ဒီမိုကရေစီက ပျောက်သလိုဖြစ်သွားပြီ၊ အဲဒီတော့ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီ မရှိဘဲနဲ့ ဖက်ဒရယ် ဆိုတာလည်း မဖြစ်နိုင်ဘူး၊ အဲဒီတော့ ဖက်ဒရယ်မပါဘဲနဲ့ များတဲ့လူက နိုင်ပြီးတော့ သူစိတ်ကြိုက် လုပ်ချင်တာ လုပ်မယ်ဆိုရင်လည်း ဖက်ဒရယ်ရဲ့ အနှစ်သာရ ပျက်စီးမယ်၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ မျှမျှတတ နဲ့ တွဲပြီးသွားဖို့လိုတယ်၊ အဲဒီလို မဟုတ်ရင်တော့ အခုအခြေအနေက ဒီမိုကရေစီက ပျောက်သလောက်ကို ဖြစ်သွား ပြီ၊ အဲဒီတော့ လက်နက်နဲ့ ဖက်ဒရယ်နဲ့ တွဲနေတဲ့ အခြေအနေဟာ သိပ်အန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ဦးကိုကိုကြီးနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးမူမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့်သွားရန် သဘောတူညီချက် ၄ ချက်အား ချမှတ်နိုင်ခဲ့ကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။
ထို့နောက် လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် နယ်မြေသိမ်းပိုက်ရေး ဆင်နွှဲလျက်ရှိကြောင်း၊ ထိုနယ်မြေများကို စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနှင့်ဖက်ဒရယ်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျှင် အသင့်တော်ဆုံးဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် က ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း၊ တိုင်းရင်း သား လက်နက်ကိုင်များသည် ကိုယ်ပိုင်နယ်မြေများ ရရှိရေး ကြိုးပမ်းနေကြ၍ စစ်ပွဲဆက် ဆင်နွှဲရမည်ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
NCA (၈)နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်လာသူများကိုတွေ့ရစဉ်
လက်နက်ကိုင်ရှိသမျှ ကာလပတ်လုံး ဖက်ဒရယ်လည်း မရနိုင်သလို ဒီမိုကရေစီလည်း မရနိုင်ကြောင်း၊ ဖက်ဒရယ် စနစ်အား လက်နက်ကိုင်လမ်းစဥ်ဖြင့် အတင်းအကြပ် လုပ်ယူနေပါက ဖက်ဒရယ်နှင့် ဝေးနေမည်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပဒေဘောင်ထဲကနေ ရှိတဲ့လက်နက်ကိုင်လောက်ပဲ ထားသင့်တယ်၊ ဖက်ဒရယ်ကိစ္စမှာ အခုပြည်နယ်ရဲတို့ ဘာတို့ပေါ့၊ အခုလက်နက်ကိုင်ရှိတာတော့ ကြည့်ပါလား စည်းမရှိ၊ကမ်းမရှိ လက်နက်ကိုင်ရှိနေသမျှ ကာလပတ် လုံးကတော့ ဖက်ဒရယ်လည်း မရနိုင်ဘူး၊ ဒီမိုကရေစီလည်း မရနိုင်ဘူး။ ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့ တပြိုင်နက် ကျနော်တို့က ဘာရမလဲဆိုတော့ ကိုယ့်ပြည်နယ်နဲ့ကိုယ် စီမံခန့်ခွဲခွင့်တွေရမယ်၊ နောက်ဗဟိုအစိုးရနဲ့ ချိတ်ဆက်ပြီး မှ ကျနော်တို့လုပ်မယ်၊ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်တွေ ရလာတာပေါ့နော်၊ ဗဟိုရဲ့ ခွဲတမ်းတစ်ခုပဲ မဟုတ်ဘဲနဲ့ ပြည်နယ် ရဲ့ လုပ်ပိုင်ခွင့်တွေ တော်တော်များများ ရခဲ့ကြမှာပါ ဖက်ဒရယ်လို့ ပြောလိုက်ပြီဆိုရင်တော့။ အဲဒါကို လက်နက် ကိုင် အဖွဲ့အစည်းတွေက အတင်းအကြပ်လုပ်နေတယ် ဆိုရင်တော့ ဖက်ဒရယ်နဲ့လည်း ဝေးမှာပါ။ အဓိက အဲဒီ လက်နက်ကိုင် ဖြစ်နေသမျှကာလပတ်လုံး ကျနော်တို့ အာဏာရှင်အောက်မှာပဲ နေကြရမှာ ဖြစ်ပါတယ်” ဟု ပြော သည်။
ဖက်ဒရယ်သည် အဖြေတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် ဖက်ဒရယ်စနစ်အတိုင်း သွားကြရန် လုပ်ဆောင်နေကြကြောင်း၊ သို့သော် ထိုနည်းလမ်းအား ကျော်လွန်၍ စဥ်းစားမည်ဆိုလျှင် ပြည်ထောင်စု ပြိုကွဲမည် ဖြစ်ကြောင်း၊ ထိုအကျိုးသက်ရောက်မှုသည် ပြည်တွင်းရေးတွင်သာမက အရှေ့တောင်အာရှ တစ်ခုလုံးပင် ပြဿနာ တတ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သည်။
တချို့သော တိုင်းရင်းသားလက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များ အထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် “ဝ”တပ်ဖွဲ့(UWSA)နှင့် မိုင်းလားတပ်ဖွဲ့ (NDAA)တို့သည် လက်နက်ကိုင်တော်လှန်ရေးက နေ ဖက်ဒရယ်ထက်ကျော်လွန်သော ကွန်ဖက်ဒရေးရှင်းအဆင့်ကို ရရှိထားပြီ အုပ်ချုပ်လျက်ရှိနေသည်။
အလားတူ ကိုးကန့်တပ်ဖွဲ့(MNDAA)ကလည်း ၂၀၀၉ ခုနှစ်က လက်လွတ်ခဲ့ရသော အထူးဒေသ(၁)ကို လက်နက် ကိုင် တော်လှန်ရေးနည်းလမ်းဖြင့် ပြန်လည် ရယူထားပြီဖြစ်သည်။
ထို့နောက် TNLA၊ AA၊ KIA၊ CNF စသည့် လက်နက်ကိုင်များကလည်း လက်နက်ကိုင် တော်လှန်ရေးကနေ ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်တစ်ခုကို ရရှိအောင် ကြိုးပမ်းလျက်ရှိနေသည်။