
- By CNI
- Category: နိုင်ငံရေး
- Hits: 562
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်၍ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌသည် သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးကို မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။
ရုရှားခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှား ဒူးမားလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
နစကသည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး မကြာခဏ ရုရှားသံတမန်များ မြန်မာနိုင်ငံသို့ လာရောက် လေ့ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရုရှားနိုင်ငံကို ရေနက်ဆိပ်ကမ်းစီမံကိန်းအား လုပ်ပိုင်ခွင့်ပေးအပ်သော သဘောတူညီ ချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 428
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ပါတီစုံဒီမိုကရေစီအစား တစ်ပါတီစနစ်ဖြင့် သွားမည်ဆိုပါက အကွဲကွဲအပြားပြားဖြစ်နေသည့် လက်ရှိကာလမျိုး၌ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
တစ်ပါတီစနစ် ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး (လမ်းစဉ်) အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခုတည်းမှ အုပ်ချုပ်သည့်စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည်အာဏာအား ဆုပ်ကိုင်ထား၍ အုပ်ချုပ်ခြင်းဖြစ်သည်။
လက်ရှိ ဒီမိုကရေစီစနစ်တွင် ကျင့်သုံးသည့်အတိုင်း လွှတ်တော်၊ တရားရုံးချုပ် အစရှိသည့် အဆောက်အဦးများ၊ လုပ်ငန်းတာဝန်များအားလုံး ပြည့်စုံစွာ ပါဝင်သော်လည်း အစစ်အမှန် အာဏာရှိသူမှာ တိုင်းပြည်ကို အုပ်ချုပ်နေ သည့် ပါတီသာဖြစ်သည်။
SNLD မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော်တို့ကတော့ ပါတီစုံဒီမိုကရေစီဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ လူတွေပဲ။ လက်ရှိ အခြေအနေအတိုင်း ကြည့်လိုက်ရင် တစ်ပါတီစနစ်ဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုလက်ရှိ အခြေအနေ က ဒီလောက် အကွဲကွဲအပြားပြား သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ ကာလမျိုးမှာ တစ်ပါတီတည်းဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှစကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီတည်းက အုပ်ချုပ်ခဲ့ သဖြင့် တစ်ပါတီစနစ်ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။
မြန်မာနိုင်ငံမှ ပြည်သူလူထုသည် တစ်ပါတီစနစ်၏ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းအောက်တွင် နေထိုင်ခဲ့ ရဖူးသည့်အတွက် ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြကြောင်း၊ ဒီမိုကရေစီအနှစ်သာရကို ခံစားရသည်မှာ သိပ်မကြာသေးကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး အားလုံး သဘောတူထားပြီးဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် ပြည်သူ့မျက်နှာကြည့်၍ အလုပ်လုပ်စေချင်ကြောင်း ၎င်းက ပြောသည်။
ဦးစိုင်းဋ္ဌေးအောင်က “တစ်ပါတီရဲ့ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ပြီး ပါပြီ။ ဒါကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အင်မတန်မှ နောက်ကျခဲ့ပါတယ်။ စနစ်မှားတာလား လုပ်ဆောင်တဲ့ လူ မှားတာလားဆိုတာ မပြောလိုဘူးပေါ့။ နောက် ပါတီစုံ ရောက်လာတဲ့အခါကြတော့ ပါတီတွေ ဒီမိုကရေစီ အရသာကို ၂၀၁၀ ကနေ ၂၀၂၀ အထိကို ပြည်သူလူထုက ၁၀ နှစ်တာအတွင်းမှာ ဒီမိုကရေစီအရသာလေးကို စပြီး မြည်းစမ်းကြည့်ရုံလေးမှာ လွတ်လပ်မှုတွေ ပိုပြီး ပေါ်လာတာပေါ့။ ပြည်သူပြည်သူလို့ ပြောပေမယ့် နိုင်ငံရေးသမား တွေက ဆုံးဖြတ်သွားတာ ဖြစ်တဲ့အတွက် ပြည်သူ့မျက်နှာကြည့်ပြီးမှ အလုပ်လုပ်စေချင်တယ် နိုင်ငံရေးသမားတွေ အနေနဲ့။ အခုကျနော်တို့ မြန်မာနိုင်ငံဆို ဒီမိုကရေစီရရှိတာ သိပ်မကြာသေးပါဘူး။ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးရင်း အရင်းရှင်ဒီမိုကရေစီ ဖြစ်လာတယ်။ မဆလခေတ်မှာ ကျင့်သုံးလာတဲ့ ဆိုရှယ်ဒီမိုကရေစီ ဒါပေမယ့် ဒီမိုကရေစီ အရသာ မရှိပါဘူး။ လောလောဆယ် အခြေအနေကတော့ ဒီမိုကရေစီကျင့်သုံးရင်း ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်လို့ အားလုံး သဘောတူထားပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူကို ကိုယ်တိုင် ရွေးချယ်အုပ်ချုပ်စေသော စနစ် ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်၍ ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့က နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးသည် နိုင်ငံရေး ရည်မှန်းချက်ဖြစ်ကြောင်း ပြောဆိုဖူးသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်ကာ အာဏာတည်ဆောက်မှုများပြုလုပ်၍ အုပ်ချုပ်ရေးထူထောင်နေကြ၍ ပါတီစုံဒီမိုကရေစီ စနစ်နေရာမှာ စစ်ဘုရင်ဝါဒများ ထွန်းကားလာမည်ကို စိုးရိမ်နေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 339
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ကတိကဝတ်များ ခံထားသည့်အပြင် နိုင်ငံတကာက အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားသည့်တိုင် မည်သည့်အတွက်ကြောင့် ဖောက်ဖျက်ခံ နေရလဲဆိုသည့်အပေါ် ပြည်သူလူထုအကြား မေးခွန်းထုတ်နေကြသည်။
NCA ဖောက်ဖျက်ခံနေရခြင်းသည် စာချုပ်အတိုင်း မည်သူမျှ မလိုက်နာနိုင်ကြ၍ဖြစ်ကြောင်း၊ လိုက်နာမည်ဆိုလျှင် NCA ပေါ်မှ ဆွေးနွေးမှုများ ရနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “စာချုပ်အတိုင်း ဘယ်သူမှ မလုပ်လို့ပေါ့ဗျာ၊ စာချုပ်မှာ လက်မှတ်ထိုးတာက ကျနော် မှတ်မိသလောက် အစိုးရဆိုတဲ့ အစုအဖွဲ့ကနေပြီးတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ၃ ပါတီ ထိုးတယ်ဗျ၊ ကျနော်တို့ ဘက်ကတော့ အဖွဲ့အစည်း အသီးသီးရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နောက်စစ်ဦးစီးချုပ် ၃ ယောက် ထိုးတယ်ဗျ၊ အဲဒီလို ကတိကဝတ် အာမခံထားသော်လည်းပဲ ဘာကြောင့် ဖောက်တာလဲဆိုတော့ ကျနော် တို့ နှစ်ဖက်စလုံးပေါ့ဗျာ၊ အစိုးရကလည်း သူပြိုကွဲသွားတယ်၊ လွှတ်တော်နဲ့ အစိုးရက မရှိဘူး၊ တပ်မတော် ကျန် တယ်၊ ၃ ယောက် ၃ ဖွဲ့မှာ တပ်မတော်ကျန်တယ်။ NCA ထိုးတဲ့ထဲမှာ ကျန်တဲ့ လွှတ်တော်ကလည်း မရှိတော့ဘူး၊ နောက်တစ်ခါ ဒီ NCA ထိုးတဲ့ထဲမှာလည်းပဲ NCA ထိုးခဲ့တဲ့ အဖွဲ့တချို့က NCA က ပြန်လည် နုတ်ထွက်တယ် ဆိုပြီး တော့ ကြေညာပြီးတော့ နုတ်ထွက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြတယ်ဗျ၊ မလိုက်နာနိုင်ကြလို့ ပါ၊ စာချုပ်ကတော့ သိက္ခာရှိပါတယ်၊ ဥပဒေစာတမ်းလည်း ဖြစ်ပါတယ်၊ လွှတ်တော်ကလည်း အတည်ပြုပြီးသား စာချုပ်ဖြစ်ပါတယ်၊ ဒါကြောင့် လိုက်နာမယ်ဆိုရင် ဘယ်ဘက်က ဖြစ်ဖြစ်ပေါ့ဗျာ၊ အားလုံးလိုက်နာကြမယ် ဆိုရင် တော့ ဆွေးနွေးမှုရနိုင်ပါတယ်။ ဒီ NCA လမ်းကြောင်းပေါ်က ဆွေးနွေးလို့ ရနိုင်ပါတယ်” ဟု ပြောသည်။
NCA လက်မှတ်ထိုးပွဲ ကျင်းပနေစဉ်
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ NCA ကို လက်မှတ်ထိုးခဲ့သည်။
အဆိုပါ NCA စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း အပါအဝင် ပြည်တွင်းရှိ အသိသက်သေ များလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားခဲ့သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များအကြား NCA ပျက်ခြင်း၊ မပျက်ခြင်း အပေါ် ငြင်းခုန်မှုများ ရှိခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA မှာ ပျက်သွားပြီး ဖြစ်၍ လိုက်နာစရာမလိုတော့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့သည်။
NCA (၈)နှစ်ပြည့် အခမ်းအနားကျင်းပစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထား သည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိပဲ တည်ရှိနေမည့် စာချုပ်ဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
NCA စာချုပ် ဖောက်ဖျက်ခံနေရသည်မှာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများ ကင်းမဲ့လာသောကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်စောမြရာဇာလင်းက “အဓိက,ကတော့ တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုတွေ ကင်းမဲ့လာကြတယ်လို့ တိုတို ရှင်းရှင်း ပြောချင်ပါတယ်၊ ဘာကြောင့်လဲ ဆိုလို့ရှိရင် NCA စာချုပ် ချုပ်ပြီးတဲ့နောက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဆွေးနွေးကြတဲ့အခါမှာ အထေ့အငေါ့တွေ ဖြစ်ခဲ့ကြတယ်၊ အထူး သဖြင့် ဆိုလို့ရှိရင် တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ ကိစ္စတွေပေါ့၊ တစ်ခုတည်းသော တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာ ပွင့်ပွင့်လင်းလင်း နှစ်ဖက်စလုံးမှာက ပြောတဲ့အနေအထားက တအား အားနည်းခဲ့တယ်၊ စကား ပြောရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ် နှစ်ဖက်စလုံးက အဲလိုမျိုး မပွင့်လင်းကြတဲ့ ကိစ္စတွေနဲ့ ဆွေးနွေးပွဲမှာ အဆင်မချောခဲ့တဲ့ ကိစ္စတွေကြောင့်ပဲ ဒီသံသရာက ရှည်လာတယ်လို့ပဲ ပြောချင်ပါတယ်၊ အဲဒီတစ်ခု ထဲလားဆိုတော့ တစ်ခုထဲလည်း မဟုတ်ဘူး၊ အဓိက ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ဆွေးနွေးရမယ့် ကိစ္စတွေက လည်း ရှိခဲ့တယ်၊ ဒါပေမယ့်လို့ ၂၀၂၀ အလွန်မှာကျတော့ နိုင်ငံရေးရဲ့ အခြေအနေက အပြောင်းအလဲတွေ ဖြစ်သွား တော့ လိုအပ်သလို မဆွေးနွေးခဲ့နိုင်ဘူး၊ အဲဒါက အဓိက အချက်တွေ ဖြစ်ခဲ့တယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုပြောကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

- By CMI
- Category: နိုင်ငံရေး
- Hits: 729
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ပလောင်ပြည်နယ် ရရှိရေးကို မြန်မာ့တပ်မတော်ဘက်က အသိအမှတ်ပြုရဲရင်တောင်မှ လက်ခံဖို့မရှိသလို ဆွေးနွေးသွားရန် မရှိဘူးဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။
ဗိုလ်ချုပ်တားဘုန်းကျော်သည် “ဗျူဟာအလွှဲနဲ့ တာဝန်ခံမှုကင်းမဲ့ခြင်း”ဆိုသော ခေါင်းစဉ်ဖြင့် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ရေးသားထုတ်လွှင့်စဉ် “ဗိုလ်နန်းဝေ”ဆိုသော ဖေ့စ်ဘွတ်ခ် အကောင့်၏ ကော်မန့်ကို အထက်ပါအတိုင်း တုန့်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က “ စကစနဲ့ တွေ့တာ စိန(တရုတ်)က အတင်းအကြပ် တွေ့ဖို့ ဖိအားကြောင့်ပါ။ နိုင်ငံရေးအရ အပေးအယူ လုပ်စရာ ဆွေးနွေးစရာ ဘာမှမရှိပါ။ ကိုယ့်နိုင်ငံရေး ရပ်တည် ချက်ဖြစ်တဲ့ ပြည်နယ်ရရှိရေးဆိုတာကိုတောင် သူက အသိအမှတ်ပြုရဲရင်တောင် လက်ခံဖို့မရှိပါ။ ဆွေးနွေးဖို့ဆို ဝေးသေးပါတယ်” ဟု ပြောသည်။
TNLA သည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆-၁၇ ရက်က မြန်မာ့တပ်မတော်(နစက)နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။
TNLA နဲ့ မြန်မာ့တပ်မတော် တွေ့ဆုံဆွေးနွေးစဉ်က TNLA တောင်းဆိုချက်ကိုတွေ့ရစဉ်
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် TNLA က (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ် အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ် ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ (၃) နှစ်ဖက် ထိန်းချုပ်နယ်မြေ ဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာ ခွင့်ပြုရန် စသည့် အချက် (၃) ချက်ကို တောင်းဆိုခဲ့သည်။
သို့သော် သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့၍ နောက်တစ်ကြိမ် ထပ်မံ ဆွေးနွေးရန် သဘောထား ပြုခဲ့ကြ သည်။
TNLA သည် ပလောင်ပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ပလောင်/တအာင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
TNLA က ရည်မှန်းထားသော ပလောင်ပြည်နယ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းက မဘိမ်း၊ မိုးကုတ်၊ မိုးမိတ် တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းရယ်၊ မဘိမ်း၊ မိုးကုတ်၊ မိုးမိတ် စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နိုင်ငံရေးသဘောတူညီမှုရပြီးမှ ရွေးကောက်ပွဲလုပ်သင့် ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ နယ်မြေမတည်ငြိမ်မှုများကြောင့် ဒေသအလိုက် ပိုင်းခြားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ပြောကြားထားသည်။
မြန်မာ့တပ်မတော် ထိန်းချုပ်နယ်မြေများတွင်သာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါက တက်လာမည့် အရပ်သားအစိုးရ အနေဖြင့် တစ်နိုင်ငံလုံးအပေါ် ဩဇာလွှမ်းမိုးမှု မရှိနိုင်၍ တိုင်းပြည်အခြေအနေမှာ ပို၍ဆိုးရွားလာ နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို ဦးစွာရှိရန်လိုကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
SNLD မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော့် အယူအဆကတော့ နိုင်ငံရေးဆွေးနွေးပွဲ အရင်ရှိဖို့လိုတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကရတဲ့ သဘောတူညီချက်အတိုင်း ရွေးကောက်ပွဲမျိုးက အခု မြန်မာပြည်ရဲ့ ပြဿနာထဲက တချို့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်။ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တာပေါ့ သဘောတူညီချက် ရပြီ ဆိုရင်တော့။ သဘောတူညီတဲ့ လူတွေချည်းပဲ အများစု အဲဒီလိုလုပ်တာလည်း ဖြစ်နိုင်တာပေါ့။ အခုကတော့ အတိုက်အခံတွေက သိပ်မများဘူး မရှိသလောက်ပဲ။ ဘက်တစ်ဖက်တည်းကိုပဲ အားပေးတဲ့လူတွေပဲ လုပ်နေကြတဲ့ သဘောဖြစ်တယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က ထောင်ထဲမှာရှိနေတဲ့ အခါကြတော့ သူ့ရဲ့အခန်း ကဏ္ဍက ဘာမှမရှိဘူးလေ။ သူ့ကို ထောက်ခံတဲ့လူ၊ အားပေးတဲ့ လူတွေကတော့ ပြန်လွတ်စေချင်တာပေါ့။ သူတို့ အတွက်က အားရှိအောင် အဲဒီလိုလုပ်ချင်တာပေါ့။ တစ်ဖက်ကလည်း အဲဒီလိုမျိုး အားရှိအောင်လုပ်ပေးဖို့ မဖြစ်နိုင် ဘူး” ဟု ၎င်းက ပြောသည်။
နစကသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောနေသည့်တိုင် မည်သည့် နေ့ရက်၌ ကျင်းပမည်ကို တော့ ယနေ့ထိတိုင် တိတိကျကျ ထုတ်ဖော် ပြောကြားခြင်းမရှိသေးကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်နေ ရာမှာလည်း အားလုံးပါဝင်သည့် အခင်းအကျင်းကို မဖန်တီးနိုင်ဘဲဖြစ်နေသလို အားလုံး လက်ခံသည့် သဘောတူ ညီမှုများကို ရအောင် မယူနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
လက်ရှိတွင် နစက အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတိုက်အခံများဘက်မှ တွေ့ဆုံဆွေးနွေးရေး ဟု ပြောနေကြသော်လည်း ဆုံမှတ်ရှိမနေကြကြောင်း7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ အခြေအနေ အားလုံးအပေါ်ကို လွှမ်းခြုံဖြေရှင်းနိုင်မည့် ရွေးကောက်ပွဲတစ်ခု ဖြစ်စေရေး ပါဝင်သင့် ပါဝင်ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ အားလုံးအတွက် နိုင်ငံရေးဆွေးနွေးပွဲတစ်ခု လမ်းဖွင့်ပေးသင့်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “ပါဝင်သင့် ပါဝင်ထိုက်တဲ့ state holder အားလုံးကို လည်း လမ်းဖွင့်ပေးပေါ့။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့အစည်း တစ်ခုတည်း မဟုတ်ဘဲနဲ့ EAO တွေအားလုံးပါ၊ နိုင်ငံရေးပါတီဆိုလည်း SNLD လိုပေါ့၊ register မကျသေးတဲ့ နိုင်ငံရေးပါတီတွေလည်းခေါ်၊ ခေါ်သင့်ခေါ်ထိုက်တဲ့ နိုင်ငံရေးပါတီတွေ အားလုံးဆုံညီတဲ့အခါကြမှ ပြဿနာ အစဖော်ပြီးတော့ ဖြေရှင်းပြီး ဘယ်လိုနည်း ဘယ်လိုဟန် ဘယ်လိုပုံစံ ဖြေရှင်းရမလဲဆိုတာ ကနဦး ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာတာ အကောင်းဆုံးပဲပေါ့လေ။ အခု ပြောပြောနေတဲ့ Dialogue (တွေ့ဆုံဆွေးနွေးရေး)က လူတိုင်းပြောနေတယ်၊ NUG လည်း ပြောတယ်။ မြောက်ပိုင်း လည်း Dialogue ပြောနေတယ်။ ကျနော်တို့ကတော့ ပြောနေတာကြာပြီ။ SAC ကလည်း Dialogue ပြောတယ်။ ဒါပေမယ့် ပြောတဲ့ Dialogue ပုံစံချင်းက ဆုံမှတ်ကို မရှိကြဘူးလေ။ ဘယ်နေရာမှာဆုံမယ်။ ဒါလည်း ရေရှည် အတွက် ဒီအခက်အခဲကို အရင်ကျော်ြဖတ်ပြီးတော့ ဒီလိုပုံစံနဲ့ အစသွားချင်တယ်။ အားလုံးစုံညီတဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဖြေရှင်းဖို့အတွက် အစရှာဖို့၊ နည်းလမ်းရှာဖို့အတွက် စုံစုံညီညီ စုံသင့်တယ်လို့ အကြံပြုချင် တယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့သော်လည်း ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။
ထို့အတူ နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိကဝတ်ပြု ပြောဆိုထား သော်လည်း လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း ပြောကြားလာသည်။
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းနှင့် ချိတ်ဆက် ကြည့်လျှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် အလားအလာ အင်မတန်နည်းကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 492
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
စည်း၊ဘောင်မရှိဘဲ လက်နက်ကိုင်ဆောင် နေခြင်းသည် နောက်ဆုံးတွင် စစ်ဘုရင်၊စစ်မင်း ဖြစ်လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
အန္တရာယ်ရှိသော လက်နက်များ ကိုင်ဆောင်ရသည့်အတွက် ထိန်းကွပ်ရန် စည်းကမ်းများ၊ ဘောင်များလိုအပ် ကြောင်း၊ ထိုကဲ့သို့ မထိန်းချုပ်နိုင်ပါက နောက်ဆုံးတွင် စစ်ဘုရင်၊ စစ်မင်းများ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြော သည်။
၎င်းက “လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ပြဿနာက ဘာလဲဆိုတော့ Psycho အရ ကြည့်မယ်ဆိုရင် လူတစ်ယောက်က လက်နက်ကိုင်ပြီးသွားရင် နည်းနည်းတော့စိတ်က အန္တရာယ်ပြုနိုင်တဲ့ လက်နက်ကို ကိုင်ထားရင် သွေးကတော့ ကြွလာတာ ထုံးစံပဲ၊ အဲဒါကို ထိန်းကွပ်ဖို့အတွက်က ခုနကပြောတဲ့ စည်းကမ်းတွေ ဘောင်တွေ လိုအပ်တယ်၊ အတိုင်းတာတစ်ခုနဲ့ ထိန်းချုပ်ထားရတာတွေရှိတယ်၊ အဲဒါကို လိုက်နာနိုင်ဖို့ကလည်း Institution တစ်ခု သေချာတည်ဆောက်နိုင်ဖို့လိုတယ်၊ အဲတာမျိုးကျရင်တော့ အပြင်က အဖွဲ့အစည်းတွေက ဒါမျိုးကိစ္စလုပ်ဖို့မှာ တော်တော်ကြီးကို အလှမ်းဝေးပါလိမ့်မယ်၊ တိုတိုနဲ့လိုရင်း ပြောရရင် ရှင်းရှင်းလေးပါ နောက်ဆုံးတော့ ဘာဖြစ်လဲဆိုတော့ ပြောရရင်တော့ အဲဒေသရဲ့ နယ်ပယ်တစ်ခုရဲ့ စစ်ဘုရင်၊ စစ်မင်း သူက အများဆုံးဖြစ်နိုင်တာ ဒီ Level ပဲ၊ ဒီထက်ပိုပြီး ထွက်လာစရာ အကြောင်းမရှိဘူး၊ အဲတော့ စစ်ဘုရင်၊ စစ်မင်း ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ အမိန့်အာဏာက သူကိုင်ထားတဲ့ လက်နက်ပေါ်မှာပဲ မူတည်နေလိမ့်မယ်၊ အရေး အကြီးဆုံး အချက်ကတော့ ကိုယ်ဘယ်လိုသွားမယ်ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ ခံယူချက်ပေါ့၊ Ideology မူဝါဒပိုင်း ဒါတွေ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား မရှိရင် အဲလိုအဖွဲ့အစည်းမျိုးတွေက အန္တရာယ် အရမ်းကြီးတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီ ဖြစ်သည်။
ထို့နောက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ လုပ်နေသည့်တိုင် သဘောတူညီချက်များမှာ ပြန်လည် ချိုးဖောက်၍ ပျက်ပြားကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိသည်။
လက်နက်ကိုင်များ ထိန်းချုပ်၍ အုပ်ချုပ်လျက်ရှိသော နယ်မြေများတွင် မည်သည့် ဒီမိုကရေစီအခွင့်အရေးမှ မရှိသလို မည်သည့် ဖက်ဒရယ်အခွင့်အရေးမှမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြ သည်။
လက်နက်ကိုင်ဆောင်ခြင်းအား စည်းမျဥ်း၊ စည်းကမ်းများဖြင့် ထိန်းသိမ်းမှုမရှိဘဲ ကိုင်ပါက စိုးရိမ်စရာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်ထားသူများကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ မျက်စိထဲကတော့ သေနတ်ကိုင်ထားတယ် ဆိုလို့ရှိရင် လက်နက်ကိုင် တယ်ဆိုတဲ့ဟာက အင်မတန် ဥပဒေတွေနဲ့ကို တအားချုပ်ထားရတာ၊ ပုံမှန် စစ်သားတစ်ယောက်သည် ပြင်ပအရပ်သား ဥပဒေတွေ အားလုံးအပြင်ကိုမှ စစ်ဥပဒေကိုပါ သူကသီးသန့် သေသေချာချာ နာခံရတယ်၊ အဲလောက် တင်းတင်းကြပ်ကြပ် လုပ်ရတယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အာဏာသေနတ်ပြောင်းဝမှာ ရှိတယ်ဆိုတဲ့ဟာမျိုး မော်စီတုန်းကိုယ်တိုင် ပြောခဲ့တဲ့စကား ရှိတာကိုးနော်၊ ဆိုတဲ့အခါကျတော့ ဒီသေနတ်သည် ကျနော်တို့ ဘာစည်းမျဥ်း၊ စည်းကမ်း ကာလနားမှ ထိန်းသိမ်းမှု မရှိဘဲနဲ့ကိုင်လိုက်ပြီ ဆိုလို့ရှိရင် အဲဒါကို ကျနော်တို့က အင်မတန်ကို စိုးရိမ်တယ်၊ နောင် တစ်ချိန်ကျရင် ဘာဖြစ်လာမလဲဆိုတဲ့ဟာကို မြင်လည်းမြင်ရတာပေါ့၊ ဒီအတွက်ကြောင့်မို့လို့ ဒါမျိုးကိုမဖြစ်အောင်လည်း တတ်နိုင်သ၍ပေါ့လေ ကိုယ်လည်းပြောခဲ့တယ်၊ သို့ပေမယ့် ဒါက ဖြစ်ပြီးသွားပြီ မတတ်နိုင်တော့ဘူး” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည် ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူထားသည်။
ထို့နောက် NLD ပါတီခေါင်းဆောင် တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်(EAO)များက မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက် လျက်ရှိနေသည်။
MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လက်နက်ကိုင် အဖွဲ့အစည်းများသည် နယ်မြေအလိုက် အာဏာရရှိရေးကို ကြိုးပမ်းနေသောကြောင့် စစ်ဆက်တိုက်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊
ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သည် မြို့နယ်ပေါင်း ၉၀ ကျော်နှင့် စစ်တိုင်းဌာနချုပ် ၂ ခုတို့ကို လက်လွတ်ထားရသည်။
အလားတူ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ၆ သန်းကျော်ရှိလာကြောင်း ISP-Myanmar က အောက်တိုဘာလ ပထမအပတ်ထဲမှာ ထုတ်ပြန်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 759
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လက်နက်ကိုင် တော်လှန်နေသည့် အဖွဲ့စည်းများအနေဖြင့် အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်ထက်ဆိုးသော ပုဂ္ဂိုလ်များဖြစ်လာကြကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဏာရှင်ကို တော်လှန်ရင်းနဲ့ ပြောမယ်ဆိုရင်တော့ အာဏာရှင်ထက်ဆိုးတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာ ကြတယ်။ တောတွင်းလက်နက်ကိုင် ဥပဒေမဲ့ပစ်ခတ်တာ၊ သတ်တာဖြတ်တာ အကြောက်တရားနဲ့ အုပ်ချုပ်လာ ကြတာပေါ့။ အဲဒီအခါကြတော့ ပြည်သူပဲ ဒုက္ခရောက်ကြရတယ်။ ပြည်သူတွေ ဒုက္ခရောက်တဲ့အခါကြ နိုင်ငံ အတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ဘာမှမဖြစ်လာဘူး။ ဒီနေ့ အရေးအခင်းပဲကြည့်ပါ။ ဟိုဘက်က ကိစ္စတွေ ထားလိုက်ပါဦး ၈၈ တို့ ၆၂ အာဏာသိမ်းတို့ အာဏာရှင်ကို တော်လှန်ရင်း ကွန်မြူနစ်တို့ ဖြစ်ခဲ့တဲ့ကိစ္စတွေ။ ဒီနေ့ အရေးခင်းကြီးမှာ တိုင်းပြည်ရဲ့ မြေပေါ်၊ မြေအောက် သယံဇာတတွေ ဘယ်လောက်အထိ ဆုံးရှုံးသွားလဲ။ အဲဒါတွေ က နိုင်ငံတော်အတွက်လည်း ဘာမှမရဘူး။ ပြည်သူတွေအတွက်လည်း ဘာမှမရဘူး။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ သူတို့ အပေါင်းအသင်းလောက်ပဲ ရသွားကြတာ” ဟု ပြောသည်။
KIA-TNLA နယ်မြေအငြင်းပွားပြီး ထိုးကြိတ်နေကြစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများမှာ ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရန်အတွက် စတင် လုပ်ဆောင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် ပလောင်တပ်ဖွဲ့(TNLA) တို့ဖြင့်သာ ဆွေးနွေးရသေးသည်။
ဆွေးနွေးမှုရလဒ်မှာ MNDAA နှင့် ယာယီအပစ်ရပ်ထားသော်လည်း TNLA နှင့် နစကတို့အကြားမှာမူ အဆင်မပြေခဲ့ ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ၂၀၀၈ ခြေ/ဥကို မလိုလားကြသော်လည်း နစကဘက်မှ ၂၀၀၈ ခြေ/ဥကို ကိုင်ဆွဲကာ ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးနေသရွေ့ ငြိမ်းချမ်းရေး ရရှိရန်မှာ မလွယ်ကူကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ သိမ်းပိုက်ရရှိထားသော နယ်မြေ အများပြား ရှိနေသည့်အတွက် တွေ့ဆုံ ဆွေးနွေးကြရာတွင် ယာယီအပစ်ရပ်ထားရေး အနေအထားကိုသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကိုတွေ့ရစဉ်
ထိုသို့ အပစ်ရပ်ခြင်းမှတဆင့် ထပ်မံဆွေးနွေးကြရင်း ထာဝရ ငြိမ်းချမ်းရေး ရရှိစေချင်ကြောင်း ၎င်းက ပြောသည်။
TNDP မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က “ငြိမ်းချမ်းရေးကဏ္ဍမှာ အပစ်ရပ်သွားတယ်ဆိုတာကတဆင့် တက်သွား တာပေါ့။ အပစ်ရပ်ပြီး နောက်တဆင့် ပြန်ဆက်ဆွေးနွေး။ အဲဒါကတော့ ကျနော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒပေါ့လေ။ လုံးဝငြိမ်းချမ်းသွားတာ မဟုတ်တောင် အပစ်ရပ်သွားရင်တော့ ပြည်သူ့ဘဝက သက်သာချောင်ချိ လာမယ်လေ။ ဒါပြီးရင်တော့ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိသွားစေချင်တာပေါ့။ အခုကတော့ မလွယ်ပါ ဘူး။ ကျနော်တို့ အခက်အခဲတွေ ကြီးကြီးမားမား ရင်ဆိုင်ရမှာပါ။ ဟိုဘက်ကလည်း ၂၀၀၈ အခြေခံဥပဒေအတိုင်း သွားမယ်ဆိုရင် ငြိမ်းချမ်းရေးက မရနိုင်ဘူး။ ဒီဘက်ကလည်း ၂၀၀၈ ကို လက်ကိုင်ပြီးမှ ပြောနေတဲ့အခါကြတော့ ငြိမ်းချမ်းရေးရဖို့က မလွယ်ဘူး။ မလွယ်ဘူးဆိုပေမယ့် နိုင်ငံသားအချင်းချင်းဆိုတော့ လုပ်ရမှာပါ။ ရှောင်လွှဲလို့ လည်း မရဘူးဆိုတော့လေ” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်၊ ပြင်ဆင်ပြောင်းလဲရေးမှာ အရပ်သားအစိုးရ လက်ထက်ကတည်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်သော်လည်း အထမမြောက်ခဲ့ကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကိုလည်း ၂၀၀၈ ခြေ/ဥကို ပြောင်းလဲရုံဖြင့် ထိန်းသိမ်းနိုင်ခြေမရှိကြောင်း ဝေဖန်ထောက်ပြမှုများရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 687
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဒီမိုကရေစီအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သိပ်မလိုချင်ကြတော့ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ်ထက် ကျော်လွန်သည့် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်) အဆင့်များ ရရှိရေးနှင့် မြန်မာပြည်ပြိုကွဲပါက နိုင်ငံထူထောင်နိုင်ရေး အဆင်သင့် ပြင်ထား ရန် ထုတ်ဖော်ပြောကြားမှုများ ရှိနေသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဒီမိုကရေစီအား သိပ်မလိုချင်တော့ခြင်းကြောင့် လက်ရှိ မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းအရ ဖက်ဒရယ်အား အမြန်ဆုံး အကောင်အထည် ဖော်ပေးသင့် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “ဒီမိုကရေစီကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သိပ်မလိုချင်တော့ဘူး၊ တစ်ပါတီနဲ့ သွားရင်သွားမယ့် သဘောတောင် “ဝ”တို့ဆို တစ်ပါတီနဲ့ သွားတာပဲဗျ၊ AA တို့တောင်မှ တစ်ပြည်ထောင်နဲ့ သွားမယ်ဆိုတာမျိုး တိုးလာပြီလေ၊ အဲတော့ လက်တွေ့အားဖြင့် ဖက်ဒရယ်ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်ကို တိုင်းရင်းသားတွေ မရရအောင် ယူမယ်ဆိုတဲ့သဘောပဲ၊ လက်နက်ကိုင်တဲ့ ရည်မှန်းချက် အားလုံး ရဲ့ ပန်းတိုင်သည်လည်း ဒါပဲ၊ ဒီမိုကရေစီ နောက်မှထားပေါ့၊ “ဝ”မှာ ဒီမိုကရေစီ ဘယ်ရှိမလဲ၊ တစ်ပါတီ ဦးဆောင်တဲ့ စနစ်ပဲလေဗျာ၊ အဲတော့ ပါတီတွင်း ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီပေါ့ဗျာ ဒီလိုပဲသွားမှာ၊ အဲတော့ ခင်ဗျားတို့ ကျနော်တို့ ဒီမိုကရေစီကို ခဏထားလို့ မပြောရင်တောင်မှ ဖက်ဒရယ်ကို အမြန်ဆုံး အကောင်အထည် ဖော်ပေး သင့်တာပေါ့ မြန်မာ့နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို နားလည်ရင် ပြောတာပါ” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ် အုပ်ချုပ်ရေး ဆောင်ရွက်ရာ တွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်အား ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ၎င်းစနစ်သည်သာလျှင် အသင့်တော် ဆုံးဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ပြောကြားထားသည်။
တိုင်းရင်းသားများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်များအား တောင်းဆိုရုံဖြင့်သာ မလုံလောက်ဘဲ ပြည်သူများအား ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
KNU ဥက္ကဋ္ဌဟောင်းနဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
၎င်းက “သူများအုပ်ချုပ်တဲ့အခါ ကိုယ်ကတော်လှန်ပြီးတော့ ကိုယ့်အလှည့်ကျမှ အာဏာရှင်လုပ်မယ် ဆိုတဲ့ဟာမျိုး ကလည်း ကျနော်တို့ကတော့ လက်ခံလို့မရဘူး၊ တိုင်းရင်းသားတွေကနေပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် Self – Determination ကိုတောင်းကြတယ်လေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဒီဟာကိုတောင်းကြတယ်၊ အဲလို တောင်းရုံ လောက်နဲ့ မလုံလောက်ဘူးဗျ၊ ရလာတဲ့ဟာလည်း ကိုယ့်ပြည်သူကို ဒီမိုကရေစီနည်းကျ သူတို့ရဲ့ ပြည်သူတွေရဲ့ အမှုတော်ကို ထမ်းဖို့အတွက် လူတွေကို ရွေးချယ်ပိုင်ခွင့် ပေးရမယ်လို့ ကျနော်ကတော့ နားလည်တယ်၊ အဲဒါ ကြောင့် သေချာပေါက် ဒီမိုကရေစီစနစ်ကိုတော့ သူတို့ ကျင့်သုံးပေးရလိမ့်မယ်လို့ မြင်ပါတယ်၊ အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့ အာဏာရှင်ဖြစ်သွားတဲ့သူက ထပ်ပြီးတော့ တော်လှန်ကြရမှာပေါ့ဗျာ၊ ဒါကတော့ စနစ်ကို ကျင့်သုံး တဲ့လူနဲ့ အဲဒီဟာကို သဘောမကျတဲ့သူ တော်လှန်ရေးဆိုတာ အဲဒီလို ဟာမျိုးကြောင့် ပေါ်လာတာလေ၊ အဲတာမျိုး လည်း ဖြစ်လေ့ဖြစ်ထရှိတယ်လေ၊ အကျိုးလိုတဲ့ လူတွေကလည်း အာဏာရှင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့ ကိုယ်ကျိုး ရှိမယ်ဆိုရင် သူ့ဘာသူ အာဏာရှင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လက်ခံတယ်ဆိုတဲ့ ဟာမျိုးပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များရှိနေကြောင်း ပြောကြားထားသလို TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောထားသည်။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားများသည် ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားမှုများကို လုပ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။
“ဝ”နှင့် မိုင်းလားအဖွဲ့များကလည်း သီးခြား အုပ်ချုပ်ရေးစနစ်ကို ထူထောင်ထားပြီး လွတ်လပ်စွာ ရပ်တည်နေခြင်း ကြောင့် တခြားသော အင်အားစုများ ကြိုးပမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်၏ ပြင်ပကို ရောက်ရှိနေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 324
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ကြိုးပမ်း ဖြေရှင်းသွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ထုတ်ပြန်ပြောကြားသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းကြ ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန် ပြော ကြားခဲ့သည်။
RCSS သည် ဖေဖော်ဝါရီ ၂၄ -၂၅ ရက်များက ၂၀၂၄ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း တိုက်တွန်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
RCSS က “ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြပါရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား လေးနက်စွာ တိုက်တွန်းပါသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
ကျေးလက်ဒေသနှင့် မြို့နယ်အတွင်းရှိ ဒေသခံ လူထုတို့နှင့် လက်တွဲပူးပေါင်းပြီး ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်း အား ဆက်လက်ဆောင်ရွက်သွားမည်ဟု RCSS က ပြောသည်။
RCSS တပ်ဖွဲ့များ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေစဉ်က TNLA-SSPP-UWSA တို့ပူးပေါင်း၍ တိုက်ခိုက် ခဲ့ခြင်းကြောင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆုတ်ခွာသွားခဲ့ရသည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA၊ MNDAA တို့သည် AA၊ PDFs၊ BPLA၊ PLA၊ KNDF၊ DPLA၊ MYD-PDF ၊ BNRA စသည့် လက်နက်ကိုင်အင်အားစုများဖြင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် လားရှိုး၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုး၊ လောက် ကိုင်၊ ကုန်ကြမ်း၊ ကြူကုတ်၊ သိန္နီ၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေ့ါ၊ မိုင်းလုံ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း PNO/PNA၊ PNLO/PNLA၊ PDFs များကြား တိုက်ပွဲများ ဖြစ်ပွားနေ ပြီး RCSS တပ်ဖွဲ့များလည်း စစ်ရေးအရ အရေးပါသော နေရာများမှာ ခြေကုပ်ယူ၍ စစ်ရေးအသင့်ပြင်ထားရ ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ အခြေအနေများနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှာ TNLA၊ KIA၊ MNDAA၊ UWSA၊ RCSS၊ SSPP၊ PNO၊ PNLO စသည့် လက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုများ ပေါ် ပေါက်နေကြသည်။