- By CNI
- Category: နိုင်ငံရေး
- Hits: 208
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) တို့အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 396
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀
နယ်မြေများအား ကျော်လွန်ကာ သိမ်းပိုက်ရရှိထားကြသော တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြရာတွင် သက်ဆိုင်ရာ လူမျိုးနှင့် အဖွဲ့အစည်းအတွက် လိုအပ် သည့် အတိုင်းအတာ ပမာဏကိုသာ ပြောဆိုလျှင် ကောင်းမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြား ပိုမိုကြီးမား ကျယ်ပြန့်လာ သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစု များသည် မူလရှိနေသည့် နေရာများထက် ကျော်လွန်ကာ နယ်မြေအများအပြားကို သိမ်းပိုက်ရရှိထား ကြသည်။
ထိုကိစ္စအား ဖွဲ့စည်းပုံအခြေခံဥပဒေ သတ်မှတ်ချက်များအတိုင်း အကောင်အထည်ဖော် ဖြေရှင်းခြင်းဖြင့် လည်းကောင်း၊ နိုင်ငံရေးလိုလားချက်အရ သမိုင်းကြောင်း၊ လူဦးရေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု လွှမ်းခြုံ သည့် ဧရိယာတို့ကို အခြေခံကာ ချဉ်းကပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာ နယ်မြေသိမ်းပိုက်ထားတိုင်း ငါတို့နေရာလို့ ပြောရတော့ ခက်တာပေါ့နော်။ သမိုင်း ကြောင်း အရ သူတို့နဲ့ မသက်ဆိုင်တဲ့နေရာဆိုရင်တော့ ဒီဟာကတော့ ပြန်ပြီး သေချာပြောရမယ်၊ သူ့ နေရာနဲ့သူ ပြန်နေရမယ့် အနေအထားတွေရှိတယ်။ ဒါပေမယ့် တချို့ကြတော့ လိုအပ်လို့ ပေးရတာတွေ လည်း ရှိတယ်။ အဲဒီတော့ အဲဒါတွေကတော့ အတိုးအဆုတ်၊ အပေးအယူတွေတော့ ဖြစ်လာမယ်ထင် တယ်။ ဒါပေမယ့် တချို့ လုံးဝ မလိုလားအပ်တဲ့ တောင်းဆိုမှုကြတော့လည်း မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒါ ကတော့ သက်ဆိုင်ရာ Stake Holders တွေနဲ့ဆိုင်တယ်။ နောက်တစ်ခါ သက်ဆိုင်ရာ institution ပေါ့ အခုဆို လွှတ်တော်ပေါ်လာပြီ။ Legislative Body ပေါ်လာပြီပေါ့။ ပေါ်လာပြီဖြစ်တဲ့ အတွက်ကြောင့် ဒီ လွှတ်တော်မှာ ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို စဉ်းစားချက်ရှိမလဲ၊ နောက် သက်ဆိုင်ရာ နိုင်ငံရေး institution တွေမှာ ပါဝင်တဲ့ ဆုံးဖြတ်နိုင်သော သူများပေါ့။ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပြီး အမျှော်အမြင် ရှိမှုအပေါ်မှာ မူတည်ပါတယ်။ ဟိုဘက်ကလည်း ဒီလိုပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့ အတွက်ကြောင့် မို့လို့ မိမိလူမျိုးနဲ့ မိမိအဖွဲ့အစည်းအတွက် လိုအပ်တဲ့ အတိုင်းအတာ ပမာဏကိုပဲ ပြောကြဆိုကြတာ ကောင်းတယ်။ ကျနော့် အနေနဲ့တော့ အဲဒီလိုမြင်တယ်။ အဲဒါကြမှ ငြိမ်းချမ်းရေး ဆွေးနွေးတာ ထိ ရောက်မယ်။ ငြိမ်းချမ်းရေးဆိုတာ နံပါတ်တစ်ကတော့ အပေးအယူပဲလေ။ ကိုယ်ချည်းပဲ ယူလို့လည်း မရဘူး။ ပေးလို့လည်းမရဘူး။ ယူတာလည်း ရှိမှာဖြစ်သလို ပေးတာလည်း နိုင်ငံရေးအရ အခွင့်အလမ်း တွေ ပေးရတာလည်းရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီမှာ ပါဝင်ပတ်သက်သူတွေရဲ့ အမျှော်အမြင်နဲ့ပဲ ဆိုင် ပါတယ်။ ကိုယ်တိုက်ထားတဲ့ နယ်မြေ ကိုယ်ရတယ် ဆိုလို့တော့ အဆင်မပြေဘူးပေါ့နော်။ အဲဒီလိုမျိုး လေးတွေတော့ ရှိပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်
EAOs အားလုံးနီးပါး၏ အဓိက အကျဆုံးသော သဘောထားသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန်ဖြစ်ပြီး ဗဟိုကချုပ်ကိုင်သည့် စနစ်အစား မိမိတို့ ဒေသကို မိမိတို့ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်ရေးစနစ်ကို လိုလားကြသည်။
အချို့လက်နက်ကိုင်များသည် ဖက်ဒရယ်ထက် ကျော်လွန်ကာ စဉ်းစားလာနေမှုများလည်းရှိပြီး ဖက်ဒရယ်ထက် ပိုမိုမြင့်မားသည့် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း သို့မဟုတ် လက်တွေ့ကျကျ လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဦးတည်လာကြသည်။
ထို့ပြင် အဓိက အင်အားကြီး EAOs အများစုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြု တော့ဘဲ ဖက်ဒရယ်ပဋိညာဉ် အသစ်ကိုသာ ဦးတည် လုပ်ဆောင်နေကြသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ယခင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကို ယုံကြည် ခဲ့သည့် အဖွဲ့အချို့သည်လည်း လက်ရှိတွင် NCA ပျက်ပြယ်သွားပြီဟု ယူဆထားကြသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် EAOs အများစုအနက် အထူးသဖြင့် KNU, KIA, KNPP, CNF နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့(MNDAA-AA-TNLA)တို့သည် NUG-PDF တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာ ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ထိုသို့ နယ်မြေကျော်လွန်ကာ သိမ်းပိုက်ထားမှုများအား မည်ကဲ့သို့ ဆုံးဖြတ်ပေးမည်ကို အစိုးရအနေဖြင့် ပိုမို စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ဖက်ဒရယ်စနစ်ကို နားလည်ပါက မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် မတူသည့် ဖွဲ့စည်းပုံနှင့် ဖက်ဒရယ်စနစ် ဖြစ်ကောင်းဖြစ်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်တစ်ခုက TNLA တို့၊ ကိုးကန့်တို့ MNDAA တို့ကြတော့ အခြေခံဥပဒေမှာ ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထက် သူတို့က ကျော်ပြီးတော့ သိမ်းထားတယ်။ အဲဒါတွေကို ရော ကျနော်တို့ ဘယ်လိုဆုံးဖြတ်မှာလဲ။ အဲဒီကိစ္စတွေ ဘယ်လိုဆုံးဖြတ်မှာလဲ။ ကျနော်တို့ အဲဒီနယ်မြေ တွေကို ဒေသခံ ပြည်သူလူထုရဲ့ Referendum ပေါ့နော် ဆန္ဒခံယူပွဲနဲ့ပဲ ဘယ်ဘက်ပါမှာလဲ ဆိုတဲ့ဟာမျိုး ဆုံးဖြတ်မှာလား။ နောက်အစိုးရက ပိုပြီးစဉ်းစားထားရမယ့်ကိစ္စ။ ဘာကြောင့်တုန်းဆိုတော့ NCA လက်မှတ်ထိုးပါမယ်ဆိုရင် ထိုးပြီးတာနဲ့ တိုက်လို့မရတော့ဘူး။ အပစ်ရပ်စဲ ထားရမှာလေ။ အပစ်ရပ်စဲ ထားပြီး ကျန်တဲ့ကိစ္စတွေကို ကျနော်တို့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြရမှာ။ အဲဒီတော့ ပြောချင်တာက တော့ နှစ်ဖက်စလုံးက ဖက်ဒရယ်စနစ်ကိုတော့ သေသေချာချာ နားလည်ထားဖို့ လိုတယ်။ အဲဒီ နားလည်ထားတဲ့အောက်မှာ ကျနော်တို့နိုင်ငံက တခြားနိုင်ငံတွေနဲ့ မတူတဲ့ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်စနစ် ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားခြင်းဖြစ်သည်။
လက်ရှိတွင် EAOs များအကြား သဘောထား ကွဲပြားလျက်ရှိပြီး စစ်ရေးအရ အောင်ပွဲရမှသာ နိုင်ငံရေး အရ ဆွေးနွေးမည်ဟု သဘောထားသည့် အုပ်စုနှင့် ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးများ ဖြစ်မြောက် ကာ မြန်မာ့နိုင်ငံရေးပြဿနာ ချုပ်ငြိမ်းရန် လိုလားသည့် အုပ်စုဟူ၍ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 370
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၉
အိန္ဒိယယဥ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ(ICCR) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ ၉ ရက်တွင် မြ၀တီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနား၌ သံအမတ်ကြီး H.E. Shri Abhay Thakurက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ယခုနှစ်သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီစဉ်ကျင်းပခြင်း ဖြစ်သောကြောင့် ထူးခြားအရေးပါသော နှစ်တစ်နှစ် ဖြစ်သည်။

ထို့ပြင် ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) မှ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ ယဉ်ကျေးမှုအဆိုအကများဖြင့် တင်ဆက်ခဲ့ပါသည်။
အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) ကို ၁၉၅၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် ဧပြီလ ၉ ရက်နေ့တွင် အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR)ကို တည်ထောင်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလေ့ရှိပါသည်။

ICCR ကို အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးနှင့် အပြန်အလှန် နားလည်မှုများ ခိုင်မာစေရန်၊ ကမ္ဘာတစ်ဝှမ်းတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) သည် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များကို တက်ကြွစွာ စီစဉ်ကျင်းပလျက်ရှိပြီး ဂီတ၊ အက၊ ယောဂနှင့် ဟိန္ဒီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 290
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
ရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရအဖွဲ့အစည်းအသစ်နှင့် တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲများကြား မြန်မာ့နိုင်ငံရေးအခြေအနေ မည်ကဲ့သို့ ရှိလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်မှုများရှိနေကြသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရကာ မြန်မာ့တပ်မတော်နှင့်ပူးပေါင်း၍ လွှတ်တော်အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။
လက်ရှိ အစိုးရသစ်လက်ထက်တွင် ပြည်ပနိုင်ငံများနှင့်ပတ်သက်၍ သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် အလားအလာ မရှိနိုင်ကြောင်း၊ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍများကို ပိုမိုအားစိုက်လုပ်လာနိုင်ကြောင်း၊ ပြည်တွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေသည် အစိုးရသစ်လက်ထက်တွင် များစွာပြောင်းလဲမှုရှိလာနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “နိုင်ငံရေးအခင်းအကျင်းလို့ပြောမယ်ဆိုရင်တော့ ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ပြည်ပနိုင်ငံရေး အခြေအနေပေါ့နော်။ ကျနော်အမြင်ကတော့ ဒီပြည်တွင်း နိုင်ငံရေးအခြေအနေမှာတော့ ပြောင်းလဲလာမယ် လို့တော့ ကျနော်မျှော်လင့်တာပေါ့။ ပြည်ပနိုင်ငံရေးအခြေအနေကတော့ သိပ်ပြီးမှ ထူးထူးခြားခြား ကြီးကြီးမားမား ပြောင်းလဲနိုင်မယ့် အလားအလာတော့သိပ်မရှိဘူးလို့ ထင်ပါတယ်။ အပိုင်းနှစ်ပိုင်းပေါ့နော်။ ပြည်တွင်းနိုင်ငံရေး အခြေအနေကတော့ တော်တော်လေးကို ပြောင်းလဲလာနိုင်မယ်လို့ မြင်မိပါတယ်။ နောက်စစ်ရေး အခြေအနေကြတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စစ်ရေး အတွေ့အကြုံလည်း ရှိထားတယ်။ စစ်ရေးအခြေအနေကတော့ အခုလက်ရှိအခြေအနေထက်ကို ပိုပြီးမှ ကောင်းလာလိမ့်မယ်လို့တော့ မြင်မိပါတယ် ဗျ။ ငြိမ်းချမ်းရေးကဏ္ဍတွေမှာလည်း ပိုပြီးမှ အားစိုက်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ပြည်တွင်းမှာကြတော့ စစ်ရဲ့ ဒဏ်တွေ အကြီးအကျယ်ခံရတဲ့ကဏ္ဍ အချက်ကြတော့ အခုလက်ရှိအစိုးရက မုန်းသော်ရှိ ရှိသော်စစ်ပေါ့နော်။ အခုလက်ရှိအစိုးရနဲ့ပဲ ဆက်သွားရမယ်ဆိုတဲ့ ခံယူချက်မျိုးက တော်တော်များများတော့ဖြစ်လာနိုင်ပါတယ်။ စစ်ရဲ့ဒဏ်ကို ပြည်သူတွေက တော်တော်လေးကို ခံစားရပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်သူ့မျက်နှာကြည့်ပြီးမှ ပြည်သူ့အကျိုးကို ကြည့်ပြီးမှ တစိုက်မတ်မတ် လုပ်သွားပေးမယ်ဆိုရင်တော့ ပြည်သူရဲ့ ယုံကြည်မှုတွေ သူရနိုင်ပါတယ်ဗျ။ အဲဒါကြောင့်မို့လို့ ကျနော် လက်ရှိပြည်တွင်းအခက်အခဲတွေကို ဒီအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းအခြေအနေကတော့ တော်တော်များများ တိုးတက်ပြောင်းလဲလာမယ်လို့တော့ ကျနော်ပြောတာပါ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား တွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
လက်ရှိ တပ်မတော် ရာထူးအပြောင်းအလဲများအရ စစ်ရေးအခြေအနေ ပျော့ပျောင်းမည့်သဘောရှိပုံမပေါ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “ကျနော်ထင်တာတော့ သူသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ပေတံနဲ့တိုင်းမှာမဟုတ်ဘူး။ အစိုးရဖြစ်ပြီး သူဘာပေါ်လစီလုပ်မလဲ ဘာလုပ်မလဲဆိုတဲ့ ပေတံနဲ့တိုင်းမယ်လို့ ယူဆတယ်။ ဥပမာ အာဆီယံရဲ့ (5 point Consensus) ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ လိုက်ပါ လုပ်ဆောင်နိုင်တယ် ဆိုရင်တော့ အာဆီယံ သဘောထားပြောင်းလဲသွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကတေ့ာ ဖိလစ်ပိုင်၊ နောက်နှစ်မှာတော့ စင်္ကာပူ၊ နောက်တစ်နှစ်မှာတော့ ထိုင်းပြန်ဖြစ်တာကို။ ဒါကြောင့် ထိုင်းအာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ နှစ်လောက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ သဘောလည်းရှိတာကို။ ဒါကြောင့် ဒီစင်္ကာပူကလည်း နောက်နှစ် သူ့လက်ထက်မှာ ဖြစ်နိုင်ခြေရှိမလား။ သူမဖြစ်ဘူးဆိုရင်တော့ စင်္ကာပူပြီးရင် လာမယ့် ထိုင်းကတော့ သေချာပေါက်ပြန်ဖြစ်ပေးနိုင်တဲ့သဘောရှိတာပေါ့လေ။ အစိုးရရဲ့ပေါ်လစီတွေ မထွက်သေးတော့ နည်းနည်းတော့ ကြည့်ရအုံးမယ်။ ဒီလူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် မူ အပြောင်းအလဲ များ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်။ စစ်ရေးကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ်တွေ ခန့်အပ်တဲ့ဟာပေါ့။ နှစ်ယောက်စလုံးကတော့ စစ်ရေးမှာ ပျော့ပျောင်းမယ့်သဘောရှိမယ့်ပုံမပေါ်ဘူး။ နောက်စစ်ရေးကတော့ နဂိုအတိုင်းသွားနိုင်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဘက်က အစိုးရပေါ်လစီ အပြောင်းအလဲ လွှတ်တော်က ချမှတ်ပေးတဲ့ ပေါ်လစီ အပြောင်းအလဲတွေဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာပေါ့ စစ်ရေးကတော့ လိုက်ပြီးလှုပ်ရှားတာတော့ ရှိလာမှာပေါ့လေ ကြည့်ရတာ။ ဒါပေမယ့် အုပ်စုတော့ကွဲသွားမယ်စစ်ရေးမှာတော့။ ပြောလို့ဆိုလို့ရတဲ့ ညှိနှိုင်းလို့ အပေးအယူနိုင်ငံရေးအရ Dialogue လုပ်လို့ရမယ့် အဖွဲ့တွေကတော့ တစ်ပိုင်းဖြစ်ပြီးတော့ Dialogue လုပ်ဖို့ မလွယ်တဲ့ အဖွဲတွေကတော့စစ်ရေးအရ ပိုပြီးတော့ တင်းကြပ်မယ့်သဘောတော့ရှိတာပေါ့လေ။ နှစ်ပိုင်းတော့ဖြစ်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေ ကြည့်ရင် အဲဒီလိုမြင်ရပါတယ်” ဟု ပြောသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များ ပေါ်ပေါက်လာပြီးဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူများအနေဖြင့် မျှော်လင့်၍ ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်အားတွေ့ရစဉ်
၄င်းက ”ကျနော်တို့ရှေ့မှာတုန်းကပေါ့နော် NSPNC နဲ့ ပါတီတွေရဲ့ အလုပ်အဖွဲ့ပေါ့နော် ၁၆ ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပွဲတွေရှိခဲ့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ သဘောတူထားတဲ့ ၄၃ ချက်ရှိတယ်။ ပြီးတော့ အဲဒီ ၄၃ ချက်ထဲမှာ မပါသေးပေမယ့် အခြေခံအားဖြင့် သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် သဘောတူပြီးသားအချက်တွေလည်းရှိတာပေါ့။ အဲဒီလိုဟာတွေက မဖြစ်မနေ လုပ်ပါ့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ လွှတ်တော်ပြန်စပြီဆိုတာနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကရှိတဲ့အခါကြတော့ ကျနော်တို့က ဒါတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒါတွေမျှော်လင့်လို့ရမယ်။ ပြီးတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်အနေနဲ့က အခုက စုဖွဲ့လာပြီပေါ့နော်။ စုဖွဲ့လာပြီဆိုတဲ့အခါကြတော့ ကျနော်တို့က ရှေ့မှာတုန်းကတော့ အာဏာထိန်းပေါ့လေ။ အာဏာထိန်း အစိုးရဖြစ်တယ်။ ဒီတစ်ခေါက်ကြတော့ ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးပြောင်းလဲတာမျိုး မဟုတ်ပေမယ့် ကျနော်တို့က ရွေးကောက်ခံအစိုးရဆိုတဲ့ပုံသဏ္ဍာန်တော့ ပြန်ပြောင်းသွားတာပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ Power Center ကလည်း ပြန်ကွဲသွားတယ်။ လွှတ်တော်ဆိုတာပေါ်လာတယ်။ ဒီအတွက်ကြောင့်မို့လို့ လူတအားမပြောင်းပေမယ့်လည်း ကျနော်တို့ ကစားစရာနိုင်ငံရေး (Political Arena) ပေါ့နော်။ ကစားကွင်းက ပိုပြီးတော့ လူးသာလွန့်သာ ရှိလာတယ်ပေါ့။ ဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ကလည်း မျှော်လင့်စရာ အများကြီးရှိပါတယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်း ကြောင်း၊ ဧပြီ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာအောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန် တည့်မတ်ရန် လိုအပ်သကဲ့သို့ လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အဓိကကျသည့် စားဝတ်နေရေးနှင့် စီးပွားရေး ချွတ်ခြုံကျနေခြင်းကို ပြန်လည် မြှင့်တင် နိုင်ရန်အတွက် စီးပွားရေး မူဝါဒကောင်းကောင်း အမြန်ဆုံးချမှတ် အကောင်အထည်ဖော်သင့်ကြောင်း အားလုံးက ထောက်ပြနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 646
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဂတိဖြင့် လုပ်ဆောင်မှုများကြောင့် နိုင်ငံသားမဟုတ်သင့်သူများက နိုင်ငံသားဖြစ်၍ နိုင်ငံသားဖြစ်သင့်သူများက တရားမဝင်မှုဖြင့် ဘေးရောက် သွားမည့် အနေအထားမျိုး မြင်ရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသားဖြစ်သည်ဆိုပါက အရွယ်ရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်လုပ်ရလျှင် ၎င်းတို့အတွက် မည်သည့်အခက်အခဲမှ ရှိစရာမလိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များအား ရွေးကောက်ပွဲကာလမှလွဲ၍ ကျန်သည့် အချိန်များ၌ လွယ်လင့်တကူ လုပ်၍မရကြောင်း ၎င်းက ပြောသည်။
၄င်းက “ကျနော်ထင်တာတော့ သူသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ပေတံနဲ့တိုင်းမှာမဟုတ်ဘူး။ အစိုးရဖြစ်ပြီး သူဘာပေါ်လစီလုပ်မလဲ ဘာလုပ်မလဲဆိုတဲ့ ပေတံနဲ့တိုင်းမယ်လို့ ယူဆတယ်။ ဥပမာ အာဆီယံရဲ့ (5 point Consensus) ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ လိုက်ပါ လုပ်ဆောင်နိုင်တယ် ဆိုရင်တော့ အာဆီယံ သဘောထားပြောင်းလဲသွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကတေ့ာ ဖိလစ်ပိုင်၊ နောက်နှစ်မှာတော့ စင်္ကာပူ၊ နောက်တစ်နှစ်မှာတော့ ထိုင်းပြန်ဖြစ်တာကို။ ဒါကြောင့် ထိုင်းအာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ နှစ်လောက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ သဘောလည်းရှိတာကို။ ဒါကြောင့် ဒီစင်္ကာပူကလည်း နောက်နှစ် သူ့လက်ထက်မှာ ဖြစ်နိုင်ခြေရှိမလား။ သူမဖြစ်ဘူးဆိုရင်တော့ စင်္ကာပူပြီးရင် လာမယ့် ထိုင်းကတော့ သေချာပေါက်ပြန်ဖြစ်ပေးနိုင်တဲ့သဘောရှိတာပေါ့လေ။ အစိုးရရဲ့ပေါ်လစီတွေ မထွက်သေးတော့ နည်းနည်းတော့ ကြည့်ရအုံးမယ်။ ဒီလူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် မူ အပြောင်းအလဲ များ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်။ စစ်ရေးကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ်တွေ ခန့်အပ်တဲ့ဟာပေါ့။ နှစ်ယောက်စလုံးကတော့ စစ်ရေးမှာ ပျော့ပျောင်းမယ့်သဘောရှိမယ့်ပုံမပေါ်ဘူး။ နောက်စစ်ရေးကတော့ နဂိုအတိုင်းသွားနိုင်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဘက်က အစိုးရပေါ်လစီ အပြောင်းအလဲ လွှတ်တော်က ချမှတ်ပေးတဲ့ ပေါ်လစီ အပြောင်းအလဲတွေဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာပေါ့ စစ်ရေးကတော့ လိုက်ပြီးလှုပ်ရှားတာတော့ ရှိလာမှာပေါ့လေ ကြည့်ရတာ။ ဒါပေမယ့် အုပ်စုတော့ကွဲသွားမယ်စစ်ရေးမှာတော့။ ပြောလို့ဆိုလို့ရတဲ့ ညှိနှိုင်းလို့ အပေးအယူနိုင်ငံရေးအရ Dialogue လုပ်လို့ရမယ့် အဖွဲ့တွေကတော့ တစ်ပိုင်းဖြစ်ပြီးတော့ Dialogue လုပ်ဖို့ မလွယ်တဲ့ အဖွဲတွေကတော့စစ်ရေးအရ ပိုပြီးတော့ တင်းကြပ်မယ့်သဘောတော့ရှိတာပေါ့လေ။ နှစ်ပိုင်းတော့ဖြစ်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေ ကြည့်ရင် အဲဒီလိုမြင်ရပါတယ်” ဟု ပြောသည်။

လဝက ဝန်ထမ်းများအားတွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည့်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများ၌ ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် မသမာသောနည်းလမ်းဖြင့် UID နံပါတ် လျှောက်ထားခြင်းများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်တည်ဆဲဥပဒေများအရ ထောင်ဒဏ် (၆) လမှ အများဆုံး (၅) နှစ်အထိနှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ၏ အစိုးရဌာနများအနက် လဝက ဌာနသည် လုပ်တတ်လျှင် လုပ်တတ်သကဲ့သို့ ပြင်ပ ဝင်ငွေ အများအးပြား ရရှိကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။
ထို့ကြောင့် လစာဝင်ငွေအပြင် အခြားပြင်ပဝင်ငွေရချင်သည့်အတွက် လဝကဌာနတွင် ဝန်ထမ်းဖြစ်ချင်ကြသူ အင်မတန်များပြားသည့် အနေအထားမျိုးတွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ပြောသည်။

လဝက ဝန်ထမ်းများအားတွေ့ရစဉ်
၄င်းက ”ကျနော်တို့ရှေ့မှာတုန်းကပေါ့နော် NSPNC နဲ့ ပါတီတွေရဲ့ အလုပ်အဖွဲ့ပေါ့နော် ၁၆ ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပွဲတွေရှိခဲ့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ သဘောတူထားတဲ့ ၄၃ ချက်ရှိတယ်။ ပြီးတော့ အဲဒီ ၄၃ ချက်ထဲမှာ မပါသေးပေမယ့် အခြေခံအားဖြင့် သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် သဘောတူပြီးသားအချက်တွေလည်းရှိတာပေါ့။ အဲဒီလိုဟာတွေက မဖြစ်မနေ လုပ်ပါ့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ လွှတ်တော်ပြန်စပြီဆိုတာနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကရှိတဲ့အခါကြတော့ ကျနော်တို့က ဒါတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒါတွေမျှော်လင့်လို့ရမယ်။ ပြီးတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်အနေနဲ့က အခုက စုဖွဲ့လာပြီပေါ့နော်။ စုဖွဲ့လာပြီဆိုတဲ့အခါကြတော့ ကျနော်တို့က ရှေ့မှာတုန်းကတော့ အာဏာထိန်းပေါ့လေ။ အာဏာထိန်း အစိုးရဖြစ်တယ်။ ဒီတစ်ခေါက်ကြတော့ ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးပြောင်းလဲတာမျိုး မဟုတ်ပေမယ့် ကျနော်တို့က ရွေးကောက်ခံအစိုးရဆိုတဲ့ပုံသဏ္ဍာန်တော့ ပြန်ပြောင်းသွားတာပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ Power Center ကလည်း ပြန်ကွဲသွားတယ်။ လွှတ်တော်ဆိုတာပေါ်လာတယ်။ ဒီအတွက်ကြောင့်မို့လို့ လူတအားမပြောင်းပေမယ့်လည်း ကျနော်တို့ ကစားစရာနိုင်ငံရေး (Political Arena) ပေါ့နော်။ ကစားကွင်းက ပိုပြီးတော့ လူးသာလွန့်သာ ရှိလာတယ်ပေါ့။ ဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ကလည်း မျှော်လင့်စရာ အများကြီးရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
အလားတူ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်ရှိနေသော ဘင်္ဂါလီတချို့သည်လည်း လဝက ဝန်ထမ်းများကို ငွေကြေးပေး၍ နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ရယူထားကြောင်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 403
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံရှိ ကျန် တိုင်းရင်းသားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ပြည်မဘက်မှ ပိတ်ပင်ထား သည်မှာ အမှန်တရားဖြစ်ကြောင်း၊ သို့သော် ၎င်းတို့သည် “ဝ” နှင့် ရပ်တည်ချက်ခြင်း မတူညီသကဲ့သို့ ရောနှော လျက်ရှိကြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

လူမျိုးစု လူငယ်များကို တွေ့ရစဉ်
ထို့ကြောင့် ၁၉၅၈ ခုနှစ် မတိုင်ခင်က ရရှိခဲ့သည့် အနေအထားမျိုး ရသင့်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ “ဝ” လိုကတော့ ပေးမှာမဟုတ်ဘူး။ “ဝ” အစဉ်အလာနဲ့ကလည်း မတူဘူး။ “ဝ” က အစ ကတည်းက အင်္ဂလိပ်အစိုးရတောင်မှ ၁၉၃၆ ကြမှ “ဝ” နယ်ကို တက်တာလေ။ အနှစ် ၅၀ လုံးလုံး လွှတ်ထားတာ။ ကျန်တဲ့လူတွေနဲ့ “ဝ” ရဲ့ ရပ်တည်ချက်ကလည်း မတူဘူး။ သူ့သမိုင်း အစဉ်အလာပဲ ကြည့်ကြည့်။ ကျန်တာတွေက ရောနေတာဆိုတော့ အဲဒီလောက်ကြီးကတော့ မရဘူး။ သို့သော်လည်းပဲ ကျနော် ဒီဘက်ကနေပြီးတော့ ဗဟိုအစိုးရ ပေါ့။ ပြည်မ ဘက်ကနေပြီးတော့ သိပ်ပြီးတော့ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဒီဘက်ကနေပြီးတော့ ကျနော်တို့ ပိတ်ပင်ထားတယ် ဆိုတာကလည်း အမှန်တရားပါပဲ။ အဲဒါလည်း ငြင်းလို့မရဘူးပေါ့။ အဲဒီတော့ ၁၉၅၈ ခုနှစ် မတိုင်မီက သူတို့ရခဲ့တဲ့ အနေအထားမျိုးလောက်ကတော့ ရသင့်တယ်။ သို့သော်လည်းပဲ ကိုယ့်ဘာသာကိုယ် တရားစီရင်ပြီးတော့ လူသတ်ချင်သလိုသတ် လုပ်နေတဲ့ ဟာမျိုးကတော့ ဒါမျိုးကတော့ လက်မခံဘူးပေါ့။ သဘော ကတော့ ဖက်ဒရယ်ဟာ ဖက်ဒရယ် ပီပီသသတော့ ရမယ်။ ကွန်ဖက်ဒရိတ်ပုံစံ “ဝ” လုပ်သလိုမျိုးကတော့ သူတို့ ရမှာ မဟုတ်ဘူး။ “ဝ” ကလည်း ဒါက ကျနော်တို့က ပြောရမယ်ဆိုရင် အထဲထဲမှာ ပြိုကွဲနေသလို ဖြစ်နေတာကို။ တကယ်တော့ “ဝ” လုပ်တဲ့ လုပ်ရပ်တွေကလည်း တချို့နေရာတွေမှာ ကျနော်တို့ လက်ခံနိုင်စရာ မရှိဘူးပေါ့။ သူ့ အခွင့်အရေးတွေကိုသူ သိပ်ပြီးတော့ ပိုယူနေတယ်လို့ ကျနော်တို့ ခံစားရတယ်” ဟု ပြောသည်။
၁၉၅၈ ခုနှစ် မတိုင်ခင်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှမ်း၊ ကချင်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် သီးခြားပြည်နယ် အဆင့်အတန်း ရရှိထားကြပြီး ပြည်နယ်အစိုးရအဖွဲ့များ အား သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာအချို့ကို ကိုယ်တိုင်ကျင့်သုံးခွင့် ရှိခဲ့သည်။
ထိုခေတ်က လွှတ်တော်နှစ်ရပ် စနစ်ကို ကျင့်သုံးခြင်းဖြစ်ကာ ဗမာမဟုတ်သော တိုင်းရင်းသားများအတွက် လူမျိုးစု လွှတ်တော်ဆို၍ရှိခဲ့ပြီး ထိုလွှတ်တော်၌ ဗမာမဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များသည် လူဦးရေ အချိုးအစားအလိုက် မဟုတ်ဘဲ ပြည်နယ်အလိုက် သတ်မှတ်ထားသည့် အခွင့်အရေးများအရ နေရာရရှိကြခြင်း ဖြစ်ကာ ဗမာလူမျိုးစုနှင့် တန်းတူနီးပါး အာဏာချိန်ခွင်လျှာ ညှိနှိုင်းခွင့် ရခဲ့ကြကြောင်း သိရသည်။
၁၉၅၈ ခုနှစ်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိသည့် အဆင့်မြင့် နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသည့် ကာလလည်း ဖြစ်ခဲ့သည်။
“ဝ” အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခြင်းသည် တရုတ်နယ်စပ်တွင် တည်ရှိနေခြင်း၊ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အားနှင့် ဒေသအား လုံခြုံစွာ ထိန်းထားနိုင်သည့် အချက်အလက်များကြောင့် ဖြစ်ကြောင်း၊ ကျန် တိုင်းနှင့် ပြည်နယ်များတွင် “ဝ” ကဲ့သို့ စုဖွဲ့မှု ကျစ်လျစ်မှုမျိုး မည်သူ့မှာမှ မတွေ့ရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လူမျိုးစု လက်နက်ကိုင်များ၏ အလံများကို တွေ့ရစဉ်
၎င်းက “အဲဒီ ရတဲ့ဟာကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေပြီးတော့ အဲဒီလို ရပါပြီဆိုပြီးတော့ နိုင်ငံရေး အဆင့် အတန်း တစ်ခုနဲ့ ဖွဲ့ထားတာတော့ မဟုတ်ပါဘူး။ အခြေအနေ တစ်စုံတစ်ယောက်နဲ့ ပတ်သက်ပြီးတော့ သူရထား တာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျန်တဲ့ တိုင်းတွေ၊ ပြည်နယ်တွေကိုတော့ အဲဒီလိုဖွဲ့ဖို့က အဲဒီလိုပေးဖို့က စုဖွဲ့မှု ကျစ်လျစ်မှု ဘယ်သူ့မှာမှ မရှိသေးတာ တွေ့ရပါတယ်။ ကျစ်လျစ်မှု မရှိသေးတဲ့ အခါကြတော့ “ဝ” လို ထိန်းနိုင်တဲ့ ကိုယ့်ဘာသာကိုယ် ရှင်သန်နေနိုင်တဲ့၊ လုံလုံလောက်လောက် လုပ်သွားနိုင်တဲ့ အရည်အချင်း မျိုးကလည်း မတွေ့ ဘူးဖြစ်ပါတယ်။ ဘဏ္ဍာရေးအရ၊ လုံခြုံရေးအရ၊ လူမျိုးတစ်မျိုး၊ အဖွဲ့တစ်ခုက အဲဒီလိုမျိုး ဒေသလေးတစ်ခုကို ကျစ်ကျစ်လျစ်လျစ် လုပ်နိုင်တဲ့ အခြေအနေမျိုးလည်း မရှိသေးတာ တွေ့ရပါတယ်။ တွေ့ရတော့ ဒီအတိုင်းကြီး ရှမ်းပြည်နယ်အထဲမှာ “ဝ” က ယူသွားတယ်။ ဒါပေမယ့် “ဝ” က သူမခွဲဘူးဆိုတော့ ရှမ်းပြည်နယ် ပဲ့ထွက်သွားဖို့ တော့ မရှိဘူး။ ဒါပေမယ့် ရှမ်းရဲ့ အုပ်ချုပ်မှုူဖြစ်စေ၊ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှု အာဏာကြီး ၃ ရပ်ဖြစ်စေ သက်ရောက် မှု အားနည်းသွားတာပေါ့။ ကျန်တဲ့ဒေသတွေကို အဲဒီလို ကျစ်ကျစ်လျစ်လျစ် စုဖွဲ့နိုင်ထားတာကို ဘယ်ဒေသမှ မတွေ့သေးဘူး ဖြစ်နေတာ” ဟု ပြောသည်။
၁၉၈၉ ခုနှစ်တွင် UWSA နှင့် နဝတ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ထိုဒေသကို “ရှမ်းပြည်နယ် အထူးဒေသ (၂)” အဖြစ် သတ်မှတ်ပေးခဲ့သည်။
ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)၊ အပိုဒ်ခွဲ (ဂ)အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်း မော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် တက်လာသည့် အခါမှသာ အုပ်ချုပ်ရေး ယန္တရား များ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် “ဝ”သည် နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန်မူကို အခိုင်အမာ ရပ်တည်ထားကြောင်း ထုတ်ဖော် ပြောဆိုလေ့ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ် များ၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံ မြို့နယ်များ၊ ဓနုသည် ရှမ်းပြည်နယ်အတွင်းရှိ ရွာငံ နှင့် ပင်းတယ မြို့နယ်များ၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များ၊ နာဂ သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတို့ကို ရရှိထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 859
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၈
ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့မှအပ ကျန်မြို့နယ်အားလုံးကို ထိန်းချုပ် ထားသည့် အာရက္ခတပ်တော်(AA)အား “ဝ” ကဲ့သို့ သဘောထားနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ညီနောင်မဟာမိတ်(၃)အဖွဲ့ အဖြစ်လည်း လှုပ်ရှားနေကြောင်း၊ အလားတူ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့လည်း နွေဦးတော်လှန်ရေး အင်အားစုများ လက်တွဲ၍ စစ်ရေးကို ဖြန့်ကျက်လှုပ်ရှား လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းထဲမှာလည်း KIA နှင့် PDF များဖြင့် ပူးတွဲ၍ စစ်ရေး လှုပ်ရှားလျက်ရှိပြီး ရခိုင် ပြည်နယ် လုံခြုံရေးအတွက် ဖြန့်ကျက်ကစားနေသည်။
AA သည် လက်တွေ့မြေပြင်၌ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး စုဖွဲ့မှုများတွင် နိုင်နင်းစွာ အုပ်ချုပ်နိုင်သည့် အခြေအနေမျိုး မဟုတ်သေးသည့်အတွက် “ဝ” ကဲ့သို့ သဘောထား၍ မရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

UWSA ခေါင်းဆောင်ကို တွေ့ရစဉ်
၎င်းက “AA ကလည်း မငြိမ်သေးဘူး။ မငြိမ်သေးဘူးဆိုတော့ “ဝ” လို သဘောထားလို့ မရသေးဘူး။ နောက် AA မှာက ကြီးမားတဲ့ နိုင်ငံတကာ အရင်းအမြစ်တွေရှိတယ်။ ကုလားတန်စီမံကိန်းဆိုရင် အိန္ဒိယ က လုပ်ထားတယ်။ ကျောက်ဖြူ ရေနက်စီမံကိန်းဆိုရင် တရုတ်ရဲ့ အကျိုးစီးပွားဖြစ်တယ်။ နောက် ရထား လမ်း၊ ကားလမ်း၊ ကျောက်ဖြူ ပိုက်လိုင်းကို အမှီပြုပြီးတော့ ကျောက်ဖြူ ရထားလမ်းကို ဖော်ဖို့ရှိတယ်။ အဲဒါတွေ အားလုံးကို စီမံခန့်ခွဲနိုင်ဖို့ AA မှာ လုံလောက်တဲ့ အင်အားနဲ့ အရည်အချင်း ရှိလား၊ မရှိလား ကျနော်တို့ မခန့်မှန်းနိုင်ဘူး။ သူ့ရဲ့ နိုင်ငံရေးစုဖွဲ့မှု၊ သူ့ရဲ့ အုပ်ချုပ်ရေးစုဖွဲ့မှု၊ စီးပွားရေး၊ ဘဏ္ဍာရေး စုဖွဲ့မှု တွေက ဘယ်လောက် ခိုင်လဲတော့ ကျနော်တို့ မသိဘူးပေါ့။ ဒါကြောင့် သူကတော့ နိုင်ငံရေးအရကိုပဲ တရားဝင် သူက လိုချင်တာ။ ကွန်ဖက်ဒရေးရှင်းလို့ သူက ပြောတာကို။ “ဝ” ကတော့ သူ့ဟာသူ အုပ်ချုပ် နေတယ်။ ကွန်ဖက်ဒရေးရှင်းလည်း မပြောဘူး၊ ဖက်ဒရေးရှင်းလည်း မပြောဘူး။ “ဝ” ပြည်နယ်ကို ပြည်ထောင်စုယူနစ်တစ်ခု သတ်မှတ်ပေးဖို့တော့ “ဝ” ပြောတာ ကြားဖူးတယ်။ အဲဒါလည်းပဲ အချိန်အခါ ကျရင်တော့ ဥပဒေနဲ့အညီ သတ်မှတ်တာလဲ ဖြစ်နိုင်တယ်။ အခုအချိန်အထိတော့ ဥပဒေနဲ့ သတ်မှတ်တာ မရှိသေးဘူး။ ၂၀၀၈ ထဲမှာ ရေးထားတာက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ division လို့ပဲ ရေးထား တာ။ ဒါပေမယ့် သူ့ခြေ၊ သူ့လက်တော့ ဖြစ်နေတယ်။ ဖွဲ့စည်းပုံမှာတော့ အဲဒီအဆင့်ကို ရေးထားတာ မတွေ့ရသေးဘူးပေါ့။ အဲဒါကြောင့်ပါပဲ။ ရခိုင်ပြည်နယ်ကလည်း သူတို့နိုင်ငံရေး တောင်းဆိုချက်က တစ်ပိုင်းပေါ့လေ။ သို့သော် လက်တွေ့မြေပြင်မှာက နည်းနည်းလေး နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တဲ့ အခြေအနေ ရှိလား၊ မရှိဘူးလား ကျနော်တို့က အကဲဖြတ်ကြည့်တဲ့ အခါကြတော့ နည်းနည်း အခက်အခဲ ရှိတာ တွေ့ရတယ်လေ။ ဘဏ္ဍာရေးအရရော၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆက်ဆံရေး အားလုံးပေါ့လေ။ အရေးအားလုံးမှာ နိုင်နိုင်နင်းနင်း မဟုတ်သေးဘူးဆိုတာတော့ တွေ့ရပါ တယ်။ အဲဒါကြောင့် သူလည်း နည်းနည်း တည်ဆောက်ဖို့အတွက် ခက်ခဲဦးမယ့် သဘောတော့ ရှိပါသေး တယ်” ဟု ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)၊ အပိုဒ်ခွဲ (ဂ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် တက်လာသည့် အခါမှသာ အုပ်ချုပ်ရေး ယန္တရားများ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် UWSA နှင့် နဝတ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ထိုဒေသကို “ရှမ်းပြည်နယ် အထူးဒေသ (၂)” အဖြစ် သတ်မှတ်ခဲ့ရာမှ ၂၀၀၈ ဖွဲ့စည်းပုံအရ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အဆင့်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ပြင် “ဝ”ဒေသသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခု ဖြစ် ကြောင်း၊ “နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည်ထားကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ဗဟိုကော်မတီက ဧပြီ ၃ ရက် တွင် သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဂုဏ်ပြု ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ထုတ်ဖော် ပြောဆိုထားသည်။

AA ခေါင်းဆောင်ကို တွေ့ရစဉ်
လက်ရှိတွင် AA နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ဖက်ဒရယ်စနစ်ကို နားလည်ထားမှုနှင့် သိမ်းပိုက်ရရှိ ထားသော ဒေသများအား တပ်မတော်ဘက်မှ ပြန်လည် သိမ်းနိုင်မလား၊ မသိမ်းနိုင်ဘူးလား အပေါ်တွင် အများကြီး မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီအပေါ်တွေမှာ သူတို့ အခြေခံပြီးတော့ စဉ်းစားရလိမ့်မယ်။ တကယ်လို့ သူတို့က ပြန်သိမ်း နိုင်ဦးမယ်လို့ ယူဆလို့ရှိရင်တော့ သူတို့က AA နဲ့ ဆွေးနွေးတဲ့ကိစ္စ၊ NCA လက်မှတ်ထိုးတဲ့ ကိစ္စတွေမှာ AA တို့ဘာတို့ ပါဝင်လာဖို့ အတွက်ကို သူတို့ လက်ခံရလိမ့်မယ် မထင်ဘူး။ နောက် အစိုးရကပေါ့။ တကယ်လို့ NCA စာချုပ်မှာ ဘာအထိပါတုန်း၊ ဘာတွေ ဆွေးနွေးနိုင်တုန်းဆို NCA စာချုပ် လက်မှတ် ထိုးလိုက်ပြီး တာနဲ့ အပစ်အခတ်က ရပ်ထားရမှာ။ လက်ရှိ ရောက်ရှိနေတဲ့ နေရာအတိုင်းမှာ နေမြဲအတိုင်း နေပြီးတော့ ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးရမယ်ပေါ့။ ဆွေးနွေးပြီးတဲ့အခါ အဲဒီဆွေးနွေးတဲ့ ဆွေးနွေးပွဲက ဘယ်အထိ သွားမှာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိ သွားရမှာ။ ပြင်ဆင်ပြီးတဲ့ အခါ ကြတော့မှ နောက်ဆုံး အဲဒီဟာ ပြင်ဆင်ရင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို ပြုပြင်ပြောင်း လဲရေးပေါ့။ SSR DDR ခေါ်တာပေါ့။ ပြည်ထောင်စု တပ်မတော်အဖြစ်၊ တစ်ခုတည်းသော တပ်မတော် တစ်ခုတည်းရှိရေးကို သွားမယ်။ အဲဒီလိုတွေ ရည်မှန်းထားတာ။ အဲဒီလိုဖြစ်တဲ့ အခါကြတော့ AA က အခု က ရခိုင်ပြည်တစ်ပြည်လုံးကို သူက သိမ်းထားတော့ AA နဲ့ပတ်သက်လို့က “ဝ” ကို သဘောထားသလို ထားနိုင်သလား ပြဿနာက။ နောင်တက်လာမယ့် အစိုးရက ကြိုပြီးတော့ စဉ်းစားထားရမယ့် ကိစ္စတွေ ပေါ့။ UWSA လို သဘောထား နိုင်မလား” ဟု ပြောသည်။
နိုင်ငံတော်ဘက်မှ အာရက္ခတပ်တော် (AA) အား စစ်ရေးဖြင့် ဖြေရှင်းသည့် နေရာတွင် အင်မတန်ကြိုးစား ဖြေရှင်းရမည့် အနေအထားဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အပစ်ရပ် သဘော တူညီခဲ့ကြပြီး တစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ဖြစ်သည်။
ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင် တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြော ဆို ထားဖူးသည်။
တခြား တစ်ဖက်မှာတော့ AA နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ၍ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရုတ်ဘက်က အဆိုပြုချက်ကို AA က လက်ခံထားကြောင်း နီးစပ် သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရသစ်နှင့် လွှတ်တော်သစ်တွင် ဗမာမဟုတ်သော လူမျိုးစုများ ပါဝင်လာမှု အခန်းကဏ္ဍကို နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက စောင့်ကြည့် နေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲခြားကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ လွှတ်တော် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။
လက်ရှိ အစိုးရဖွဲ့စည်းမှု ပုံသဏ္ဍာန်သည် ဦးသိန်းစိန် လက်ထက် အစိုးရဖွဲ့စည်းမှုပုံစံနှင့် နှိုင်းယှဥ်ကြည့်လျှင် အနည်းငယ် ကွာခြားမှုရှိကြောင်း၊ အစိုးရဖွဲ့စည်းရာတွင် မည်သည့် တိုင်းရင်းသားကို ဦးစားပေးသည်၊ မပေးသည် ဟု ခွဲခြားမြင်နေပါက ပြည်တွင်း စစ်ရေးပဋိပက္ခ ပိုမို မြင့်မားလာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကို တွေ့ရစဉ်
၎င်းက “ဦးသိန်းစိန် လက်ထက်တုန်းက လုပ်တဲ့ပုံစံနဲ့တော့ နည်းနည်းတေ့ာ ကွာတယ်၊ ကျနော် ပြောချင်တယ်။ အခု ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် ပြည်နယ်အစိုးရတွေရရှိတဲ့ ကိုယ်စားလှယ်တွေကို အစိုးရအဖွဲ့ထဲမှာလည်း ထည့်ပေးတယ်။ အနိုင်ရတဲ့အပေါ် မူတည်ပြီးမှ အစိုးရ အဖွဲ့ထဲကို ခေါ်သွင်းထားတဲ့ အတွက်ကြောင့်မို့လို့ အုပ်ချုပ်ရေးစနစ် ဆောင်ရွက်တဲ့အခါမှာ အင်မတန်မှ ကောင်း မွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်နိုင်တယ်။ ယနေ့ကတော့ တွေ့ရှိချက်ကတော့ ရှမ်းပြည်နယ်မှာ ပအိုဝ်းလည်း ထည့်တယ်။ ကျားဖြူပါတီက ကိုယ်စားလှယ်ကိုလည်း ထည့်ထားတယ်။ ထည့်ထားတဲ့ အခါကျတော့ စည်းလုံးမှု တစ်ခုကို ပြယုဂ်ဖြစ်တာပေါ့နော်။ မွန်ပြည်နယ်မှာဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ပအိုဝ်းလည်းပါတယ်။ နောက် မွန်လည်း ပါတာပေါ့နော်၊ စုစုစည်းစည်းနဲ့ အစိုးရကို ဖွဲ့စည်းထားတယ်။ ယနေ့ ကချင်ပြည်နယ်ရဲ့ လွှတ် တော်ကတော့ တစ်မျိုးဖြစ်နေတာပေါ့။ ဦးသိန်းစိန် လက်ထက်တုန်းက တပြေးညီ လုပ်သွားတယ်။ ဒါပေမယ့်လည်း ဒီနေ့ အချိန်ကတော့ ပြည်နယ်တစ်ခုကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ကို အပြည့်ပေးပြီးမှ သမ္မတက မထိန်း ချုပ်ဘူးလားဆိုတဲ့ ကဏ္ဍလေးတွေလည်း နည်းနည်း စဉ်းစားရတာပေါ့နော်။ ဦးသိန်စိန် လက်ထက် တုန်းကနဲ့တော့ ကွာပါတယ်၊ အခုအစိုးရ ဖွဲ့စည်းပုံတွေကတော့။ နောက် လွှတ်တော်မှာဆို ကချင်ရှိမယ်။ သူ့ပြည်နယ်နဲ့သူ ကချင် ပြည်နယ်မှာဆိုလည်း ကချင်လူမျိုးအုပ်ချုပ်တာပေါ့နော်၊ အဲဒီလိုမျိုးလေးတွေတော့ တွေ့ရတာပေါ့။ အခု ရှမ်းပြည်နယ်မှာ ဆိုလည်း ရှမ်းက ဝန်ကြီးချုပ်ဖြစ်လာတယ်။ ဒါကတော့ ရခိုင်ကို ဦးစားမပေးဘူး။ ကချင်ကို ဦးစားပေးတယ်လို့ တော့ ကျနော်မမြင်ဘူး။ သူတို့လိုအပ်တဲ့ နေရာလိုအပ်သလို အစီအစဉ် ချထားတယ်လို့တော့ ကျနော် မြင်တယ်။ ယနေ့ လက်ရှိအစိုးရကတော့ သူ့အနေနဲ့ အကြီးအကျယ် ဖြေရှင်းရမယ့် ကိစ္စကတော့ တိုင်းရင်းသား ပြဿနာပေါ့ နော်။ တိုင်းရင်းသား ပြဿနာကစပြီး ပြည်တွင်းစစ် ဖြစ်လာတယ်ဆိုတဲ့ အခါကျတော့ သူ့ကို ဦးစားပေးတယ်၊ ကိုယ့်ကို ဦးစား မပေးဘူးလို့ ခွဲခြားဆက်ဆံနေမယ်ဆိုရင် ပြည်တွင်းစစ်မီးကပိုပြီးမှ တောက်လောင်လာနိုင်တယ်” ဟု ပြောသည်။
လက်ရှိ အစိုးရဖွဲ့စည်းပုံ အနေအထားကို သုံးသပ်ကြည့်ပါက အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုး မရောက်နေ ဘူးဟု မြင်ရကြောင်း စိုင်းဋ္ဌေးအောင်က ဆက်ပြောသည်။
၎င်းက “ကျနော့် အနေနဲ့ကတော့ ကျနော် ပြောချင်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးကို ပုံဖော်စေ ချင်တယ်။ မဖြစ်နေတာတော့ မဟုတ်ဘူး။ အဲဒီ ပုံစံမျိုးကို မရောက်ဘူးလို့ ကျနော် မြင်တာပေါ့နော်။ ဟိုတုန်းက ဆိုရင် ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဒုဝန်ကြီး အဆင့်ပေးတာမျိုးတွေ ရှိတာပေါ့လေ။ အခုလည်း အဲဒီလိုမျိုးတွေများ ပေးလေမလားဆိုတဲ့ ဥစ္စာမျိုး။ အဲဒီလိုမျိုးတွေ အစိုးရအဖွဲ့ထဲမှာ ခေါ်သွင်းထားခြင်းအားဖြင့် သူ့ပါတီကို ထောက်ခံတဲ့ ပြည်သူလူထုက အစိုးရအပေါ် ပိုပြီးမှ ယုံကြည်မှု မြင့်မား လာနိုင်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတအဖြစ် တာဝန်ယူ၍ ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ဖွဲ့စည်းလာမည့် အစိုးရ သစ်နှင့်အတူ ဦးသိန်းစိန် အစိုးရလက်ထက်က အနေအထားမျိုးကို ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်နိုင် မလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

မျိုးနွယ်စု လူငယ်များကို တွေ့ရစဉ်
ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် တိုင်းရင်းသားများအပေါ် ချဥ်းကပ်မှု ပုံစံအတိုင်း လက်ရှိအစိုးရ ဆောင်ရွက်သွားစေချင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဦးသိန်းစိန်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် အသွင်ကူးပြောင်းရေး ပထမငါးနှစ်တာ ကာလမှာ တော်တော်လေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့တာရှိတယ်။ အဲဒီလို ကြိုးစားခဲ့တာ အားလုံးကို NLD ဖြိုဖျက်တာပေါ့ဗျာ။ ငါတို့ ပြည်ထောင်စုပါတီ NLD မှာလည်း တိုင်းရင်းသားပေါင်းစုံပါတယ်။ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေက ပြည်ထောင်စုစိတ်ဓာတ် မရှိဘူးပေါ့ဗျာ။ ဒို့သာလျှင် အောက်ခြေကစ ဗဟိုအထိ အုပ်ချုပ်မယ်ဆိုတဲ့ အယူပေါ့ဗျာ။ မွန်၊ ချင်း အားလုံးပေါ့ဗျာ။ ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလမြင်ကွင်းကို ပြန်ကြည့်ပေါ့။ တိုင်းရင်း သားတော့ တိုင်းရင်းသား NLD က တိုင်းရင်းသားမှ တိုင်းရင်းသား ဖြစ်တယ်ပေါ့ဗျာ။ နိုင်ငံရေးသမား ပီသတယ်ပေါ့ ဗျာ။ တိုင်းရင်းသားပါတီ ဒေသအခြေပြု ပါတီတွေကို ဖွဲနဲ့ ဆန်ကွဲပဲ။ အဲဒီလိုကာလ ဖြတ်သန်းတဲ့အခါမှာ ဦးသိန်းစိန် ကာလရဲ့ တိုင်းရင်းသားတွေအပေါ် ချဉ်းကပ်မှုကို တိုင်းရင်းသားတွေက ပြန်ပြီးတော့ အမှတ်ရ သတိပြုကြတာပေါ့။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ ချဉ်းကပ်မှု တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲအောင် ချဉ်းကပ်မှု ပုံစံအတိုင်းပေါ့ဗျာ အခုကာလ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာ သွားစေချင်တာပေါ့” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်း ကြောင်း၊ ဧပြီ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 851
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၈
မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲ သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေချိန်မှာပဲ တရားဥပဒေ စိုးမိုးမှုအားနည်းလျက်ရှိသည်။
ထို့နောက် အိမ်နီးချင်းနိုင်ငံတချို့မှ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ လဝက ဝန်ထမ်းများကို ငွေကြေးများ ပေး၍ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)များ ရယူနေခြင်း၊ မှတ်ပုံတင် တစ်ခုထက်မက ထုတ်ပေးခြင်း၊ ယခင် မူလ မှတ်ပုံတင် နံပါတ်ကို တခြားဒေသမှ မှတ်ပုံတင် နံပါတ်အား ပြောင်းလဲပေးနေခြင်း၊ မှတ်ပုံတင် အသစ် လဲလှယ်မထားဘူးဟု အကြောင်းပြ၍ ခရီးသွားများထံမှ ငွေကြေးတောင်းခံခြင်းနှင့် ခရီးစဉ် ကြန့်ကြာအောင် လုပ် ဆောင်ခြင်း၊ သက်ပြည့် မှတ်ပုံတင်များ အသစ်ပြန်လည် လဲလှယ်ရာမှာလည်း ငွေကြေးများတောင်းခံနေခြင်း စသည့် ကိစ္စများ လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အကျင့်ပျက် လူဝင်မှု ကြီးကြပ်ရေးအရာရှိတချို့၏ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုများကြောင့် တိုင်းပြည်က အမွေးဆိုးကြီးကို ခံစား နေရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကလည်း ဒီခေတ်အဆက်ဆက် ပြဿနာတွေ အများကြီး ရှိခဲ့တယ်ပေါ့နော်၊ အခုဆိုရင် ပြဿနာ ဘယ်လောက် ကြီးနေပြီလဲဆိုရင် အန်တီတို့ နေရာတိုင်းလိုလိုမှာ ဗမာစကား မပြောတတ်တဲ့ ဗမာနိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ထားပြီးတော့ ဗမာစကား မပြောတတ်တဲ့ လူတွေ တော်တော်များများ အန်တီတို့ လေယာဉ်စီးရင်းနဲ့လည်း ကြုံရတယ်၊ ကားစီးရင်းနဲ့လည်း ကြုံရတယ်၊ ရထားစီးရင်းနဲ့လည်း ကြုံနေရ တယ်လေ။ ဒါပေမယ့် သူတို့မှာ ဗမာမှတ်ပုံတင်တော့ ရှိနေတယ်။ အဲဒီကိစ္စက အန်တီတို့ အလေးနက်ထား ဖြေရှင်း ရမယ့် ကိစ္စဖြစ်တယ်။ ဒီကိစ္စက ခေတ်အဆက်ဆက်က လူဝင်မှုကြီးကြပ်ရေး ဒေသအသီးသီးမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ အကျင့်ပျက် လူဝင်မှုကြီးကြပ်ရေး အရာရှိတချို့ရဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတွေကြောင့် အခု လိုမျိုး တိုင်းပြည်က ဒီအမွေဆိုးကြီးကို ခံစားနေရတာ ဖြစ်တယ်”ဟု ပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားကို တွေ့ရစဉ်
ဥပမာအနေဖြင့် တရုတ်အစိုးရထံသို့ မြန်မာအစိုးရ ကျားဖြန့်ကိစ္စနှင့်ပတ်သက်ပြီး လွှဲပြောင်းပေးလိုက်ရသည့် ကိုးကန့်ခေါင်းဆောင် မိသားစုများသည် တရုတ်နိုင်ငံသားကတ်နှင့် မြန်မာနိုင်ငံသားကတ်များကို ကိုင်ဆောင်ထား သလို မြန်မာနိုင်ငံ၏ အစိုးရယန္တရားထဲတွင် အရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် သမိုင်းလည်း ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အလားတူ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်ရှိနေသော ဘင်္ဂါလီတချို့သည်လည်း လဝက ဝန်ထမ်းများကို ငွေကြေးပေး၍ နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ရယူထားကြောင်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။
လူဝင်မှုကြီးကြပ်ရေးအရာရှိများအနေဖြင့် တိုင်းပြည်၏ သိက္ခာကို တစ်သက်တာ ရိက္ခာနှင့်မလဲကြရန် လိုကြောင်း၊ ထိုကိစ္စအပေါ်တွင် ယခုအစိုးရမှ စံပြအနေဖြင့် စိစစ်ကြပ်မတ်၍ ပြစ်ဒဏ်များချသင့်ကြောင်း ရန်ကုန်စောင့်ကြည့် အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကြောင့်မို့လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ ကျင့်ဝတ်သိက္ခာကို စောင့်စည်းပြီးတော့ တိုင်းပြည် ကို ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားနဲ့ မလဲကြဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ တိုင်းပြည်ရဲ့ သိက္ခာကို ကိုယ့်ရဲ့တစ်နပ်စာ၊ နှစ်နပ်စာ၊ တစ်သက်တာ ရိက္ခာနဲ့မလဲကြဖို့ပေါ့။ အကျင့်ပျက်တဲ့ လှုဝင်မှုကြီးကြပ်တဲ့ အရာရှိတွေလည်း ဖော်ထုတ် ပြီးတော့ အရေးယူဖို့က ဒီအစိုးရလက်ထက်မှာ အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ စံပြအနေနဲ့လည်း ပြစ်ဒဏ်တွေ ချသင့်တယ်။ နိုင်ငံရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သူတို့ရဲ့ ကျင့်ဝတ်သိက္ခာ စောင့် ထိန်းမှုနဲ့အညီ ကာကွယ်ကြမယ်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းကြမယ်လို့ မျှော်လင့်တယ်လေ။ အစိုးရသစ် အနေနဲ့က စနစ်တကျ မှန်မှန်ကန်ကန်ပေါ့၊ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ အရေးကြီးတယ်။ ဗမာစကား မပြောတတ် သော လူများစွာက နိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ခွင့် ရနေပြီးတော့ ခေတ်အဆက်ဆက် ဒီနိုင်ငံမှာ နေလာ ပြီးတော့ ဒီနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစစ်စစ် ဖြစ်ပါလျက်နဲ့ မှတ်ပုံတင် မရတဲ့ နိုင်ငံသားတွေလည်း အများကြီး တွေ့နေ ရတယ်။ အခြေခံလူအခွင့်အရေးတွေ ဆုံးရှုံးနေတာ၊ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ အောက်ခြေမှာ အထူးသဖြင့် မြို့နယ်အဆင့်တွေ၊ ခရိုင်အဆင့်တွေမှာ အကျင့်ပျက်ခြစားမှုတွေ နည်းနိုင်သမျှ နည်းအောင်လည်း သက်ဆိုင်ရာ လွှတ်တော်တွေက ထိန်းကျောင်းကြဖို့လိုတယ်လို့ အန်တီအကြံပြု ချင်တယ်”ဟု ပြောသည်။
လက်ရှိ လူဝင်မှုကြီးကြပ်ရေးတွင် ဥပဒေ စနစ်တကျရှိရေး၊ အဂတိလိုက်စားမှုများ ကင်းစင်ရေး၊ ယခု ဖြစ်ပျက်နေ သည့် ဥပဒေမဲ့ ဖြစ်ရပ်များကို ကိုင်တွယ်မည့် အရာရှိများနှင့်ဌာနများ၏ တည်ကြည် ဖြောင့်မတ်မှု၊ အဂတိ မလိုက် စားမှု၊ သန့်ရှင်းမှုများက အင်မတန် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထိုကြောင့် သက်ဆိုင်ရာ တိုင်းဒေသနှင့် ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် အသီးသီးက လူဝင်မှုကြီးကြပ်ရေးဌာနများကို ထိန်းကျောင်းသွားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ပြောသည်။
မှတ်ပုံတင်ပွားခြင်းက သာမန်တောသူတောင်သားနှင့် အရပ်သားများက မလုပ်ကြောင်း၊ အာဏာပိုင် အဖွဲ့အစည်း နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများသာ လုပ်လေ့ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း က CNI သတင်းဌာနသို့ ပြောသည်။

လဝကဝန်ကြီး ဦးမြင့်ကြိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒီမှတ်ပုံတင် ပွားတယ်ဆိုတဲ့ ဟာကလေ သာမန် တောသူတောင်သားက မပွားဘူး၊ သာမန် အရပ်သား က ပွားပြီးလုပ်တာ မဟုတ်ဘူး၊ အာဏာပိုင် အဖွဲ့အစည်းနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေပဲ လုပ်ကြတာ သိလား၊ ဒီလိုလူတွေပဲ လုပ်နိုင်တာ။ ကျမတို့တောင် ဘယ်တော့မှ စိတ်ကူးမရှိဘူး၊ မှတ်ပုံတင်ပွားပြီးတော့ အလုပ် လုပ်ဖို့ဆိုတဲ့ဟာ။ ဒါပေမယ့် အဲဒီလို လုပ်တယ်ဆိုလို့ရှိရင် သူများနိုင်ငံတွေမှာလည်း ထိရောက်တဲ့ အရေးယူမှုတွေ ကလည်း ရှိတာပဲလေ။ ဒါပေမယ့် ကျမတို့ တိုင်းပြည်မှာကျ ဟိုအာဏာရှိရင် ရှိသလိုပါပဲ ထိရောက်တဲ့ အရေးယူမှု ဆိုတာက ပြန်မပြောနိုင်သောသူတွေ၊ အင်အားနည်းတဲ့ လူတွေအတွက်ကတော့ ဥပဒေဆိုတာ သက်ရောက်ပြီး တော့၊ အင်အားရှိတဲ့ လူတွေအတွက်ကျတော့ ဥပဒေ မသက်ရောက်ပါဘူး။ ဒီအစိုးရသစ်လက်ထက်မှာတော့ မူအသစ် တွေ၊ လူအသစ်တွေနဲ့ပဲ စနစ်အသစ်တွေနဲ့ပဲ လုပ်သင့်ပါတယ်လို့။ ကျမတို့ နိုင်ငံမှာဗျာ ဘယ်နေရာပဲဖြစ်ဖြစ် ခက်ခဲ နေတာ ဖြစ်တဲ့အတွက် ခက်ခဲနေရင် ပွဲစားဆိုတာရှိတာပဲ။ မခက်ခဲရင် ပွဲစားဆိုတာ မရှိဘူး။ အဲတော့ ခက်ခဲအောင် လုပ်လေ ပွဲစားဆိုတဲ့စနစ်က ပျောက်မှာမဟုတ်ဘူး။ ဒါကြောင့်မိုလို့ နေရာတိုင်း နေရာတိုင်း၊ ကဏ္ဍတိုင်း ကဏ္ဍ တိုင်းမှာ ပွဲစားမရှိအောင် ဆိုလို့ရှိရင် အားလုံး လွယ်ကူပြီးတော့ ပြည်သူလူထု တကယ်ကို လိုက်နိုင်တဲ့ ဥပဒေတွေ ချမှတ်ဖို့ သင့်တယ်၊ စည်းမျဉ်း၊ စည်းကမ်းတွေကို ချမှတ်ဖို့သင့်တယ်။ အရမ်းကို ချုပ်တည်းထားမယ်၊ ကြပ်တည်းအောင်လုပ် ထားမယ်ဆိုရင် ပွဲစားဆိုတဲ့ကဏ္ဍ ဘယ်တော့မှ မပျောက်ဘူး။ ဒီ ၅ နှစ်လုံးလုံးမှာ နေရာတိုင်းမှာ ဖြစ်နေတာ၊ ကဏ္ဍ တိုင်းမှာ လုပ်ရတာတွေ အကုန်လုံးက တအားခက်ခဲတယ်ပေါ့နော်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဆိုတာ ဘယ်ကဏ္ဍမှာမှ မရှိဘူး”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေခြင်းကြောင့် ၅/၈/၁၃/ စသည့် နံပါတ် မျဉ်းစောင်းကိုင်ထားသည့် နိုင်ငံသားများသည် တခြားသောသူများထက် စစ်ဆေးခံရခြင်း၊ သွားလာ ခွင့် ကန့်သတ်ခံရခြင်း၊ တင်းကြပ်ခံရခြင်းများ ရင်ဆိုင်နေကြရသည်။
ထို့နောက် ၅/၈/၁၃/ ကိုင်ဆောင်ထားကြသူများက တခြားသော မှတ်ပုံတင်နံပါတ် မျဉ်းစောင်းများကို လဝက ဝန်ထမ်းများထံ သိန်းနှင့်ချီ ငွေကြေးပေး၍ မှတ်ပုံတင်အသစ်များ လုပ်ဆောင်လာခဲ့ကြသည်။
အလားတူ ပြည်ပနိုင်ငံသားများကိုလည်း ငွေကြေးတစ်စုံတစ်ရာ ရယူ၍ မှတ်ပုံတင်များ ထုတ်ပေးနေခြင်းကြောင့် မြန်မာနိုင်ငံသားဖြစ်သူ၏ မူလ မှတ်ပုံတင်နံပါတ်ဖြင့် ထပ်တူဖြစ်နေခြင်းများ ကြုံတွေ့ရမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည့်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများတွင် ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် မသမာသော နည်းလမ်းဖြင့် UID နံပါတ် လျှောက်ထားခြင်းများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် တည်ဆဲဥပဒေများအရ ထောင်ဒဏ် (၆) လမှ အများဆုံး (၅) နှစ်အထိနှင့် ငွေဒဏ်များ ချမှတ်နိုင်သည်။
