- By CNI
- Category: နိုင်ငံရေး
- Hits: 325
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ရွှေပြည်အေးမြို့အနီးက KIA-PDF ပူးပေါင်း တပ်စခန်း ၅ ခုကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁)၊ တပ်ရင်း (၂) ထိန်းချုပ်ဒေသအတွင်း ဝင်ရောက်နေရာ ယူထားသည့် KIA- HPDF 124 ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်း နေရာ (၅) ခုအား ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်က SNA မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်း ကျေးရွာအုပ်စု အတွင်းရှိ SNA တပ်ဖွဲ့များ အခြေစိုက် တပ်စွဲထားသည့် တီလောင်တပ်စခန်း တောင်ဘက်သို့ နယ်မြေချဲ့ထွင် ဝင်ရောက်လာသည့် KIA- HPDF 124 ပူးပေါင်းတပ်ဖွဲ့၏ စခန်း ၅ ခုကို ဇူလိုင် ၄ ရက်က SNA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ခဲယမ်းနှင့် ရန်သူ့ အလောင်းတချို့ ရရှိခဲ့ကြောင်း SNA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA-PDF ထံမှ သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ တပ်မဟာ (၈၉၁)၊ တပ်ရင်း (၂) နယ်မြေထဲကို ဝင်ရောက် နေရာယူထားတာ နှစ်နဲ့ချီပြီး ရှိနေပြီ။ အစပိုင်းကတော့ သူတို့ဖက်က ချင်းတွင်းမြစ်ကမ်းဘေးနားမှာပဲ နေကြပြီးတော့ တဖြေးဖြေးနဲ့ ကျနော်တို့ စခန်းနားကို တိုးကပ်လာတာကြောင့် ကျနော်တို့ဖက်က တန်ပြန်တိုက်စစ်ဆင်လိုက်တာ ဖြစ်တယ်။ အဲဒီမှာ သူတို့ စခန်း (၅) ခုကို တစ်ရက်တည်း သိမ်းလိုက်နိုင်ခဲ့တယ်။ အလောင်းကတော့ ၂ လောင်းပဲ ရတယ်ဗျ။ လက်နက် (၃) လက်ရတယ်။ ခဲယမ်းတချို့တော့ရတယ်”ဟု ပြောသည်။
SNA မှ သိမ်းပိုက်ရရှိခဲ့သော KIA-PDF တပ်စခန်း ၅ ခု နေရာသည် ရွှေပြည်အေးမြို့သစ်၏ မျက်နှာချင်းဆိုင်၊ ချင်းတွင်းမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး မုံရွာမြို့မှ ဆန်တက်လာသည့် ကုန်တင် ရေယာဉ်များအား KIA-PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့၍ ဒေသတွင်း ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားသော နေရာအနီးဖြစ် ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ နာဂဒေသများသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ (မန္တလေး- မုံရွာ)နှင့် ချိတ်ဆက်၍ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။

KIA-PDF ထံမှ သိမ်းပိုက်ရရှိခဲ့သော ပစ္စည်းများကို တွေ့ရစဉ်
အဆိုပါ ကုန်သွယ်ရေးတွင် ရေကြောင်းနှင့် ကုန်ကြောင်း ၂ မျိုးရှိကြောင်း၊ ချင်းတွင်းမြစ်ကို အမှီပြု၍ ရေကြောင်း ကုန်သွယ်ရေး လုပ်ရာမှာတော့ ရွှေပြည်အေးမြို့အား KIA-PDF က ထိန်းချုပ်၍ ကုန်တင်သင်္ဘောများကို ပိတ်ဆို့ ကာ ကုန်စည်စီးဆင်းမှုအား ဖြတ်တောက်ထားကြောင်း၊ မန္တလေး-မုံရွာ-ဟုမ္မလင်း ယာကြီးလမ်းနှင့် မဟာမြိုင်လမ်း တွင်လည်း KIA-PDF က စိုးမိုးထားခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်း-ခန္တီး-နာဂဒေသမှာ ကုန်စည် စီးဆင်းမှု ဖြတ်တောက်ထားကြောင်း ဒေသတွင်း ပြည်သူများက ပြောသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဟုမ္မလင်း-ခန္တီး-နာဂ ဒေသများသည် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း နှင့် ကုန်စည်ပြတ်တောက်ခြင်းများ ရင်ဆိုင်နေကြရသလို ကျန်းမာရေး-ပညာရေး-လူမှုစီးပွား နိမ့်ကျလျက်ရှိသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလျက်ရှိနေသည်။
ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) သည် ရှမ်းနီ လူမျိုးတို့၏ နယ်မြေ၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်လည်ရရှိရန် ဖွဲ့စည်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
တအာင်းတပ် TNLA ထံမှ ကိုးကန့်တပ် MNDAA သိမ်းယူထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို အစိုးရထံ ပြန်လည်အပ်နှံမည်ဟု သတင်းထွက်ပေါ်နေကြောင်း ကွတ်ခိုင်မြို့ ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်လတွင် ကွတ်ခိုင်မြို့နယ်သို့ အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ ဝင်ရောက်လာနေပြီဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် စာသင်ကျောင်းများ ဖွင့်လှစ်ပြီး အစိုးရကို ပြန်လည်အပ်နှံပေးမည်ဟုလည်း ကြားသိရကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ မိုးနဲမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကွတ်ခိုင်ကသတင်းကို ကျနော်မေးကြည့်တဲ့အချိန်ကြတော့ သူတို့က မကြာခင်မှာ ကွတ်ခိုင်မြို့ကို နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေပေါ့ ပြန်ဝင်လာတော့မယ်။ တချို့ကလည်း ဒေသခံ ဆရာ၊ ဆရာမတွေ ပြန်ရောက်နေပြီ လို့လည်း သတင်းတွေ ကျနော်ကြားတယ်ဗျ။ နောက် သူတို့ကလည်း ကျောင်းဖွင့်ပေးမယ် ပြောတယ်ဗျ။ အဲဒီကျောင်းဖွင့် ပေးတာလည်း နိုင်ငံတော်အစိုးရကို သူတို့က ပြန်အပ်ဖို့ပေါ့ အခြေလှမ်းအစလို့ သတင်းလည်း သူတို့က ကျနော့်ကို ပြောကြတယ်ဗျ” ဟု ပြောသည်။

ကွတ်ခိုင်မြို့ကိုတွေ့ရစဉ် (The Kokang)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ့တပ်မတော်ထံမှ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားခဲ့သည့် မြို့နယ်ဖြစ်ကာ ကိုးကန့်တပ် MNDAA က ၂၀၂၆ ခုနှစ်၊ မတ်လတွင် ထိုးစစ်ဆင်၍ TNLA ထံမှ ပြန်လည်သိမ်းယူထားခြင်း ဖြစ်သည်။
TNLA ထိန်းချုပ်စဉ်တွင် တအာင်းစာသင်ကြားရေးကို စာသင်ကျောင်းများတွင်လည်း ထည့်သွင်းသင်ကြားရန် ဆောင်ရွက်ခဲ့ပြီး လက်ရှိ MNDAA ထိန်းချုပ်ထားချိန်တွင် တရုတ်စာသင်ကြားရေးကို ဆောင်ရွက်နေသည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းသို့ အစိုးရပိုင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည်ဝင်ရောက်လာနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် တည်ငြိမ်လျက် ရှိနေသည်ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေက သူတို့အချင်းချင်း ညှိနှိုင်းကြတာက အတွင်းရေးကနေ ညှိနှိုင်းပြီးမှ အတွင်းကနေ သွားကြတာ ထင်တယ်။ ပထမ သတင်းတွေဖြစ်တယ်လေ ကျောင်းတွေဖွင့်တယ်၊ နောက်တစ်ခါ CDM ဝန်ထမ်းတွေပေါ့ Non – CDM ဝန်ထမ်းတွေပေါ့ ကားတွေနဲ့ သွားကြတယ်။ နောက်ပိုင်းကြတော့ ဘာဖြစ်လဲဆိုတော့ အဲဒါတွေက သူတို့ဘာသာ သူတို့ စီမံခန့်ခွဲတာတဲ့။ ကျောင်းကလည်း ဖွင့်တာကလည်း သူတို့ဘက်က သူတို့သဘောနဲ့ သူတို့ ဖွင့်ထားတဲ့ ကျောင်းတွေဖြစ်တယ်ပေါ့။ တရုတ်စကားတွေပြော၊ အခမ်းအနားတွေဆိုလည်း Agenda တွေက အကုန်လုံး အစီအစဉ်တွေ တရုတ်လိုပဲပြော။ တရုတ်လိုပဲ ဘာသာပြန်ပေါ့နော် အဲဒီလို ဖြစ်ပြီးမှ ဝန်ထမ်းတွေ CDM တွေ အစိုးရကနေ ပြန်လည်စီမံခန့်ခွဲမယ်ဆိုတဲ့ အဖွဲ့တွေ ဝင်သွားတယ် ကြားပြီးတဲ့နောက်မှ ဘာမှကို ထပ်မကြား တော့တာ။ အဓိပ္ပါယ်တော့ မရှိဘူးပေါ့ ရှုပ်ယှက်ကို ခတ်နေတာ” ဟု ပြောသည်။

MNDAA တပ်ဖွဲ့
ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစာဖြင့် ရေးထိုးထားသည့် မြို့ဆိုင်းဘုတ်များကိုလည်း MNDAA က တရုတ်စာဖြင့် အစားထိုးလာပြီး တအာင်းစာသင်ကျောင်းများကိုလည်း ပိတ်သိမ်းလိုက်ကာ ၎င်းတို့၏ ကိုယ်ပိုင်ပညာရေးစနစ်ဖြင့် အစားထိုးရန် ပြင်ဆင်နေလျက်ရှိသည်။
လက်ရှိတွင် MNDAA က မြန်မာပညာရေးကော်မတီဖွဲ့စည်းထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် ခရိုင် ၄ ခု၊ မြို့နယ် ၈ ခုတွင် မြန်မာ စာသင်ကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနက် TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြကြောင်း လည်း သိရသည်။
ထို့အတူ မကြာခင်တွင် MNDAA နှင့်လည်းကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟူ၍ သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည် ရရှိရေးသည် အရေးကြီးသဖြင့် ဦးစားပေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သည့် DD India သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “မကြာခင်မှာလည်း ကျွန်တော်တို့ ဒီနယ်စပ်နဲ့နီးတဲ့ ကျနော်တို့ အဓိကမြို့ကြီးတစ်မြို့ရှိပါတယ်။ ကလေးနဲ့ တမူးနဲ့ ဆက်သွယ်တဲ့လမ်းကြောင်းကို ဖွင့်နိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားနေပါတယ်။ အဲဒါကြိုးစားပြီးရင်တော့ ကျနော် တို့နယ်စပ်ဂိတ် ကျနော်တို့ဖွင့်လို့ရပြီဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်တော့ အဲဒီကနေပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်း ကိုဖြတ်ပြီးတော့မှ ထိုင်းနိုင်ငံကိုသွား။ အဓိကကတော့ မြန်မာနဲ့ အိန္ဒိယနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရ ရှိရေးကတော့ ပိုအရေးကြီးပါတယ်။ ဒါကိုကျနော်ဦးစားပေးဆောင်ရွက်နေပါတယ်။ ကျွန်တော်လည်း အင်မတန် အလေးထားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာလေးလည်း ကျနော် ပြောလိုပါတယ်"ဟု ပြောသည်။
မြန်မာ အိန္ဒိယ နယ်စပ်ဒေသ အခြေအနေများ ပြန်လည် ကောင်းမွန်မည်ဆိုလျှင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မည့်ကိစ္စများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စများ၌ ပိုမို တိုးတက်လာရန်ရှိကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် သွင်းကုန်ထက် ပို့ကုန် ပိုမိုများပြားစွာ တင်ပို့နိုင်ရေးကိုလည်း အဓိက ရည်ရွယ်ကာ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်က ဖော်ပြခဲ့သည့် NSCN-K နာဂ လက်နက်ကိုင်တပ်ဖွဲ့
ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးနေဝင်းစိုးက “ကျနော်တို့ကပြည်ပသွင်းကုန်ကို အဓိကထားဦးစားပေး နေရတာလေ။ တကယ်လို့များ တကယ်နယ်စပ် ဒေသပြန်လည်ငြိမ်သက်သွားပြီဆိုရင်တော့ နှစ်နိုင်ငံကုန်သွယ်မှု ကိစ္စတွေက ဒီထက်ပိုပြီးတော့ အလုပ်လုပ်လို့ အ ဆင်ပြေသွားမှာပေါ့။ နောက်တစ်ခါကြတော့ ဒီမြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံနဲ့ အပြန်အလှန်ပေါ့နော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆိုတဲ့ကိစ္စ အဲဒါလည်းဆွေးနွေးနေတာ နှစ်ကြိမ် ရှိပြီ။ MOU ထိုးဖို့ပဲကျန်တော့တယ်။ တကယ်လို့ ခုနကပြောသလို နယ်စပ်ဒေသပိုမိုတည်ငြိမ်သွားပြီဆိုလို့ရှိရင် တော့လည်း ဒီထက်ပိုပြီးတော့ အကျိုးဖြစ်ထွန်း တာပေါ့။ အခုကတော့ ကျနော်တို့နိုင်ငံလက်ရှိအနေအထားအရ တော့ ကုန်သွယ်ရေးကို ကျနော်တို့က သွင်းကုန်နဲ့ပို့ကုန်နဲ့ ကျနော်တို့ ဒီ Trade Balance (ကုန်သွယ်မှု ချိန်ခွင်လျှာ) ကို ကျနော်တို့က Trade Balance တက်လာအောင်ပဲ လုပ်နေတာဖြစ်တယ် လက်ရှိမှာလေ။ ကျနော်တို့ဆီက ကုန် ပစ္စည်းတွေများများ တင်ပို့နိုင်ဖို့ကိုပဲ ကျနော်တို့က ရည်ရွယ်ပါတယ်။ သွင်းကုန်ထက်စာလို့ရှိရင် ပို့ကုန်ပိုများဖို့အ တွက်ကိုပဲ ကျနော်တို့က လက်ရှိ သေချာကြိုးစားဆောင်ရွက်နေတာဖြစ်တယ်။ လက်ရှိမှာလည်းပဲ အိန္ဒိယနဲ့မြန်မာနဲ့ဆိုရင် ဒါအိန္ဒိယနိုင်ငံကနေပြီး ကျနော်တို့မြန်မာကို လက်ရှိမှာလည်းဒါ သွင်းကုန်ပို့ကုန် ပုံမှန်ရှိနေပါတယ်။ ဟိုတကယ်လို့ နယ်စပ်ရေးရာအခြေအနေတွေပိုပြီးတော့ ပိုကောင်းသွားမယ်ဆိုရင်တော့ ဒီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မယ့် ကိစ္စတွေ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စက ပိုပြီးတော့ တိုးတက်လာဖို့ရှိပါတယ်” ဟု ပြောသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လုံခြုံရေးအခြေအနေအရ အချို့နေရာများ၌ အခက်အခဲရှိ၍ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းစီမံကိန်းကို ရပ်ထားခြင်းများရှိကြောင်း၊ လက်ရှိတွင် လုံခြုံရေး အခြေအနေတိုးတက်အောင် ဆောင်ရွက်နေခြင်းများရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာ့နိုင်ငံရေး အခြေအနေအရ ယင်းဒေသများတွင် မတည်မငြိမ်ဖြစ်ကာ လက်ရှိတွင်တပ်မတော်က အဆိုပါနေရာဒေသများကို ရှင်းလင်းနေကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနှင့် ထိစပ်နေသော အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များ
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်ကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များအပြင် အခြားသောကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းအတွက် အာဆီယံနှင့် မဟာဗျူဟာများအတွက် မြန်မာနိုင်ငံအား သေချာပေါက် မဖြစ်မနေ လမ်းဖောက်မည်ဖြစ်ကြောင်း၊ ထိုအတွက် မြန်မာနှင့် မူဝါဒအရ ပြေလည်မှရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယက သူက IR သဘောပေါ့လေ။ နောက်တစ်ခါ အိန္ဒိယက သူက ဒီ Look Act ဆိုတဲ့ပေါ်လစီရှိတာ။ ပြီးခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ်ကတော့ကြည့်တာ။ အခုကတော့ Look Act လုပ်ကိုလုပ်မှာပေါ့။ ဟိုဟာပေါ့ အာဆီယံနဲ့ အိန္ဒိ ယကြားထဲမှာ ဗမာက ဘာသာစုံပဲလေ၊ အဲဒီအတွက်ကြောင့် အိန္ဒိယကတော့ ဒီဥစ္စာသူက လမ်း ဒီဘယ်လိုခေါ်မလဲ အာဆီယံအတွက်ကိုရော၊ ဗမာအတွက်ကိုရော၊ မဟာဗျူဟာအတွက်ကိုရော မြန်မာကိုတော့ သူက လမ်းဖောက် ကိုဖောက်မှာပေါ့။ အဲဒီတော့ ခုနကပြောတဲ့ လမ်းကိစ္စတွေက၊ လုပ်ငန်းစီမံကိန်းကိစ္စတွေကပါလာတာပေါ့။ အဲဒီ တော့ အိန္ဒိယအတွက်က အဲဒီလိုလုပ်မယ်ဆိုလို့ရှိရင် မူဝါဒတွေအတွက်က ဗမာနဲ့ကသူကပြေလည်မှရမယ်လေ။ အဲဒီတော့ ဒီဘက်ကကြတော့လည်း ဒီအိန္ဒိယက ဖိတ်ခေါ်လာတယ်ဆိုတာ Legitimacy သဘောအရပေါ့ ဘယ် လိုခေါ်မလဲ တရားဝင်မှုသဘောအရ ပိုပြီးတော့ အားကောင်းသွားစေတာတော့ အမှန်ပဲလေ။ Legitimacy သဘောတရားအရရော၊ တရားဝင်မှုသဘောတရားအရရော၊ ကုန်သွယ်မှုသဘောတရား၊ ရင်းနှီးမြှုပ်နှံမှုသဘော တရားအရရော နောက်တစ်ခါ လုံခြုံရေးသဘောတရားအရရော အိန္ဒိယနဲ့ကတော့ ဒါလမ်းကဖောက်ကိုဖောက်ရမှာ ပဲလေ” ဟု ပြောသည်။

မဏိပူရ ကသည်းသူပုန်ကိုတွေ့ရစဉ်
နိုင်ငံအရေးအပေါ်တွင်မူတည်၍ တောင်းဆိုခြင်း၊ တိုင်းရင်းသားနှင့်ပတ်သက်၍ တောင်းဆိုခြင်းတို့အပေါ် ဒီမိုက ရေစီစနစ်ကျစွာဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့သွားပါက လက်နက်ကိုင်ဆူပူ သောင်းကျန်းမှုများသည် အတိုင်းအတာတစ်ခုအထိ လျော့သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု များသည် လည်း ကန့်သတ်ချက်များစွာဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားထဲတွင် ကုန်သွယ်မှုပိုင်းဆိုင်ရာတွင် အကျိုးအမြတ်ရနိုင်သည့် ကဏ္ဍများ ရှိနေသည့်အတွက် အိန္ဒိယသည် မြန်မာအတွက် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အိန္ဒိယအတွက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊အမေရိကန်ဒေါ်လာ ၇၈၂ ဒဿမ ၃၈၅ သန်းနှင့် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းများစွာရှိလာမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံတည်း ဆက်ဆံရေးထက် အင်အားကြီးနိုင်ငံများအား မျှခြေထိန်းရန် လုပ်ဆောင်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ကာ ထို နှစ်နိုင်ငံလုံး၏အကျိုးစီးပွားအပါအဝင် ဘက်ပေါင်းစုံ၌ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေသည်။
တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်တို့သည် မြန်မာနိုင်ငံ သမ္မတနှင့် ဒုသမ္မတတို့ဖြင့် တွေ့ဆုံခဲ့ပြီးနောက် သမ္မတဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်-အိန္ဒိယ နှစ်နိုင်ငံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စောင့်ကြည့်ထိန်းချုပ်ရေး ပေါ်လစီဖြင့် အပြန်အလှန် ကျင့်သုံးနေသည်ကို မြင်တွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတိုင်းက ဒီလိုပဲ Diplomacy အရ ကျင့်သုံးရမယ့်ကိစ္စပါပဲ။ အဲဒီတော့ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံအရေးပါတာက ကျနော်တို့က ပထဝီနိုင်ငံရေးအရ (Indo-Pacific) ရဲ့ အနောက် (Indo-Pacific ) ပေါ့ အလယ် (Indo- Pacific) ကကျတော့ အခု တောင်တရုတ်ပင်လယ်နေရာပေါ့နော်။ ကျနော်တို့က အနောက်ကျတယ်။ အဲဒီတော့ အနောက် Indo-Pacific မှာ malacca strait ရဲ့ အပြင်ဘက် မှာဆိုရင် ကျနော်တို့က အရင်းနှီးဆုံးဖြစ်နေတယ်။ ဖြစ်နေတော့ အဲဒီဟာက အိန္ဒိယအနေနဲ့ ရှုမြင်ချက် ကြည့်မယ်ဆိုရင် တစ်နိုင်ငံလက်ထဲမှာ မြန်မာက ထိန်းချုပ်ထားခံရဖို့က သူတို့အမြင်နဲ့ စဉ်းစားချက် ဆိုလည်း ခက်ခဲတယ်ပေါ့နော်။ ဒီလိုပဲ ကျနော်တို့ကိုယ်၌က မြန်မာနိုင်ငံကိုယ်၌ကလည်း တစ်နိုင်ငံတည်း ဆက်ဆံတာထက် အင်အားကြီးနိုင်ငံတွေနဲ့ မျှခြေထိန်းဖို့အတွက် ကျနော်တို့ ကိုယ်၌က လုပ်ရမှာ။ လုပ်ရမှာဆိုတော့ တရုတ်ကလည်း အိန္ဒိယကို (Containment Policy) ကျင့်သုံးတာပဲ။ ဒီလိုပဲ စောင့်ကြည့် ထိန်းချုပ်ရေး Policy ကျင့်သုံးတယ် ဘယ်လိုနည်းနဲ့ ကျင့်သုံးလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ရယ်၊ ပါကစ္စတန် အဲဒီနှစ်ခုနဲ့ ဆက်ဆံရေးထူထောင်ပြီးတော့မှ အခု အာဖဂန်တောင် တရုတ်နဲ့ပိုပြီးတော့မှ ရင်းနှီးတယ်။ အဲဒီတော့ အဲဒီလို အာဖဂန်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ ပါကစ္စတန်နဲ့ အိန္ဒိယကို (Containment Policy) ကျင့်သုံးတာပဲလေ။ အိန္ဒိယကလည်း အဲဒါကို ပြန်ချေဖျက်ဖို့ တရုတ်ကို Containment Policy ကျင့်သုံးမယ်ဆိုရင် အနည်းဆုံးတော့ (Land Bridge) ဖြစ်နေတဲ့ ကျနော်တို့ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သူက ပိုပြီးတော့မှ မျှခြေလုပ်ရမှာ၊ ဆက်ဆံရမှာ။ အဲဒီလိုတွေ အပြန်အလှန်တွေ ရှိတယ် ဒါကတော့ ပထဝီနိုင်ငံရေး အရေးပါတဲ့ နေရာမှာရှိတဲ့နိုင်ငံတိုင်းက ဒီတိုင်းပဲသွားတယ်” ဟုပြောသည်။

တရုတ်-မြန်မာ-အိန္ဒိယ မြေရှားကို တွေ့ရစဉ်
အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ အင်အားကြီး နှစ်နိုင်ငံကြားထဲတွင် မြန်မာနိုင်ငံအနေဖြင့် ပါးနပ်စွာ နိုင်ငံရေးကို ကစားသင့်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် တရုတ်- အိန္ဒိယတို့နှင့် ဆက်စပ်နေသည့် ဒေသများမှာ ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်ကြပြီး အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်- အိန္ဒိယတို့နှင့် ဆက်စပ်ဒေသများအားလုံးကို သတိထားရန်လိုအပ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
တရုတ်- အိန္ဒိယတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဥ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့အပေါ်တွင် အခြေခံထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်၏ အဓိက ရည်မှန်းချက်သည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်နှင့် စီးပွားရေးအကျိုးအမြတ်ဖြစ်ပြီး အိန္ဒိယ၏ ရည်မှန်းချက်သည် အရှေ့မြောက်နယ်စပ် လုံခြုံရေးနှင့် တရုတ်ကို တန်ပြန်ရေးဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

တရုတ်သမ္မတနှင့် မြန်မာသမ္မတကို တွေ့ရစဉ်
မြန်မာနိုင်ငံအနေဖြင့် တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့်သာမက အနောက်အုပ်စုတို့ဖြင့်လည်း ဆက်ဆံရမည်ဖြစ်ကြောင်း၊ ထို့ပြင်"3G Plus One" Ideology ဖြင့်လည်း ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု သမ္မတဦးမင်းအောင်လှိုင် အစိုးရပေါ့နော်။ အစိုးရအနေနဲ့က သူ့ဆောင်ရွက်ချက်တွေက ကောင်းပါတယ်။ ဘာပဲပြောပြော တရုတ်အပေါ်မှာချည်းပဲမဟုတ်ဘူး BRIလည်း ကျနော်တို့လုပ်ရမှာကို။ ဒါလည်း စာချုပ်စာတမ်းတွေအရ လေးစားလိုက်နာပြီးတော့ အကောင်အထည် ဖော်ရမှာပဲ။ ဒီလိုပဲ တရုတ်အပေါ်မှာကြီးပဲ မှီခိုတာ မသက်ရောက်အောင်လို့ အိန္ဒိယနဲ့လည်း ဆောင်ရွက်တာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေပါတယ်။ ဒီလိုပါပဲ ကျနော်တို့က အနောက်အုပ်စုနဲ့ လည်း ဆက်ဆံရမှာ။ သူတို့ Sanction တွေ မရှိရင် ကျနော်တို့ လုပ်ရမှာ၊ ဆက်ဆံရမှာပဲ။ ဒါပေမယ့် အခုက အပြောများနေတာပေါ့နော် အပြောများနေတဲ့ဟာက (3G + 1 Ideology) ပေါ့နော်။ (Geopolitical Ideology) အဲဒီဟာက တော်တော်ကောင်းတယ် ကျနော်မြင်တဲ့ အမြင်က။ ဒါက အခုကျနော်တို့မြန်မာနိုင်ငံ ဆောင်ရွက်သင့်တဲ့ (Ideology)။ 3G ဆိုတာက (ရုရှား၊ တရုတ်၊ အိန္ဒိယ) ရယ် ကျနော်တို့ကြည့်နေတာက ရုရှားနဲ့ပါ (Plus One) ဆိုပြီးတော့ ဘာကြောလို့လဲဆိုတော့ (Shanghai Cooperative) လို့ခေါ်တဲ့ Shanghai အုပ်စုမှာ ကျနော်တို့မြန်မာနိုင်ငံက (Strategic Partner) အနေနဲ့ အခုပါနေတယ်။ အဲဒီတော့ Shanghai Cooperative ကို ကျနော်တို့မြေပုံမှာကြည့်မယ်ဆိုရင် ဗဟိုအာရှရယ်၊ မော်စကိုရယ်၊ ရုရှားရယ်က နောက် အိန္ဒိယ၊ တရုတ် အဲဒီလိုမျိုးတွေပါတယ်။ ပါတဲ့နေရာမှာ ပင်လယ်ထွက်ပေါက်ကို SCO ရဲ့ ပင်လယ်ထွက်ပေါက်က အာဆီယံဘယ်မှာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ရေလမ်းကြောင်းအပွင့်။ အဲဒီတော့ SCO နဲ့တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး နေရာမှာ SCO မှ Strategic Partner ဖြစ်လာတဲ့ အတွက်ကြောင့်မို့ ဒီအဖွဲ့၀င်နိုင်ငံတွေ ဖြစ်တဲ့ ရုရှား ဆိပ်ကမ်းတွေ၊ တဆင့်ခံဆိပ်ကမ်းတွေက အရေးပါလာတယ်။ အရေးပါလာတယ်ဆိုတော့ ကျနော်တို့က ဒါကို ပြောမယ်ဆိုရင် (3G+1 Geopolitical Ideology) က ကျနော်တို့ ကျင့်သုံးရမှာ တရုတ်၊ အိန္ဒိယတင် မကဘူး။ ကျန်တဲ့ အင်အားကြီးနိုင်ငံတွေပါ ကျနော်တို့ မျှခြေထိန်းတာတွေ ဆောင်ရွက်တာတွေလုပ်ရမှာ။ အဲဒါက ဒါဆိုရင် အာဆီယံအဖွဲ့တွေနိုင်ငံထဲက နောက်ထပ် (Polarization) တစ်ခုပေါ့နော်။ Indo-Pacific မှာ နောက်ထပ် ၀င်ရိုးအသစ်တစ်ခုကို မြန်မာနိုင်ငံက ဖန်တီးနိုင်ကောင်းနိုင်လိမ့်မယ်ပေါ့။ ဒါပေမယ့် အခု လက်ရှိ မြန်မာ့နိုင်ငံရေး Institution တွေက အဲဒါကို စဉ်းစားနေတာတော့ရှိတယ် အဲဒါတော့ ကောင်းတယ် ဒါကျနော်မြင်တဲ့အမြင်ကို ပြောပြတာ” ဟုပြောသည်။

အိန္ဒိယဝန်ကြီးချုပ်နှင့် မြန်မာသမ္မတကို တွေ့ရစဉ်
တရုတ်အစိုးရ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီမံကိန်းများ ဖြစ် သည့် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူတွေက ထောက်ပြကြသည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
ထို့ပြင် တရုတ်က အဓိက လုပ်ကိုင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံမှ မြေရှားသတ္တုကိုလည်း အိန္ဒိယ ဘက်မှ စိတ်ဝင်စားလျက်ရှိကာ သမ္မတဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံချိန်တွင် ၎င်းကိစ္စကို ဆွေးနွေးခဲ့ကြသဖြင့် မြေရှားနှင့်ပတ်သက်၍ တရုတ် နှင့် အိန္ဒိယအကြား မြန်မာအစိုးရက မည်ကဲ့သို့ ဆောင်ရွက်မည်ကို စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 409
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအပေါ် မည်သည့် ကဏ္ဍများ၌ ပါဝင်မှု ရှိလာနိုင်သလဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တို့သည် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ပြီး မြေရှားသတ္ထု၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယ၏ အရှေ့မျှော်ဝါဒဖြစ်သည့် Look Act East ပေါ်လစီအရ မြန်မာနိုင်ငံကို မဖြစ်မနေ ဆက်ဆံရ မည်ဖြစ်ကြောင်း၊ အာဆီယံသို့ ကုန်သွယ်နိုင်ရေးအတွက် မြန်မာ၏ ပထဝီနိုင်ငံရေး အနေအထား အပေါ်တွင် များစွာမူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်န်ကောလ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထားအပေါ် မူတည်တယ်လေ။ မြန်မာရဲ့ အနေအထားက တောင်အာရှနဲ့ ကျနော်တို့ အာဆီယံကြားမှာ (Land Bridge) ဖြစ်နေတာကို။ မြန်မာကို ဖြတ်ပြီးတော့မှပဲ အာဆီယံကို ကုန်သွယ်နိုင်မှာ။ အိန္ဒိယရဲ့ (Look and Act East) ပေါ်လစီပေါ့နော်။ အဲဒီ ပေါ်လစီအ ရဆိုရင် မြန်မာကို မဖြစ်မနေ သူတို့က ဆက်ဆံရမှာ။ ဒါကြောင့်လည်း ဒီထဲမှာ အခုပါလာတာ ကုန်သွယ်ရေး လမ်းကြောင်းက မြန်မာ၊ ထိုင်း၊ အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းကို အကောင်အထည် ဖော်ဖို့ဟာ ပြောလာတယ်။ ပြောလာတာ အခု ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ကုလားတန်ဘက်စုံ စီမံကိန်းက တမူးကနေမှ မုံရွာကို၊ ကလေး မှ မုံရွာ၊ မုံရွာကနေ မန္တလေး၊ မန္တလေးကနေပြီးတော့မှ ရန်ကုန်၊ မော်လမြိုင်ကနေပြီးတော့မှ အာဆီယံလမ်းမထဲကို ၀င်တာကို။ အဲဒီဟာအတွက် စီစဉ်တာ။ စီစဉ်တာဆိုတဲ့အခါကြတော့ မြန်မာရဲ့ ပထဝီနိုင်ငံရေးအနေအထားကတော့ Land Bridge ဖြစ်နေတော့ အိန္ဒိယက မဖြစ်မနေ ကျနော်တို့နဲ့ဆက်ဆံရမယ်၊ ကျနော်တို့မြန်မာနိုင်ငံကို လိုအပ်နေတယ်။ နောက်တစ်ချက်က Bay of Bengal မှာပေါ့။ အဓိက,က Indian Ocean မှာ ဒီဘက်က Malacca Strait အပြင်ဘက်မှာဆိုရင် Andaman Sea(ကပ္ပလီပင်လယ်)နဲ့ ကျနော်တို့ Bay Of Bengal နှစ်ခုရှိတယ်လေ။ အဲဒီနှစ်ခုစလုံးကိုမှ ကမ်းရိုးတန်းဆက်စပ်တာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲရှိတယ်။ ဒါ့အပြင် အိန္ဒိယ အပါအ၀င် Bay of Bengal နိုင်ငံ သုံးနိုင်ငံရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အိန္ဒိယရယ် ဘင်္ဂလားဒေ့ရှ်ရယ် ကျနော်တို့မြန်မာရယ် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ရဲ့ ဆက်ဆံရေးက ကောင်းတယ်။ အဲဒီတော့ မြန်မာက တရုတ်နဲ့ ပိုမိုနီးကပ်သွားမယ့်ဟာကို အိန္ဒိယကတော့ Counter Balance လုပ်ချင်မှာပေါ့နော် Counter Balance လုပ်ချင်တာ။ အဲဒီနေရာမှာလည်း မြန်မာက သူနဲ့ Bay Of Bengal သုံးနိုင်ငံဟာ သူတို့တစ်စုတစည်းတည်းဖြစ်ဖို့အတွက် Diplomacy အရရော Geopolitics အရရော အရေးပါတယ်။ သူတို့ရဲ့ ရှုမြင်ချက်ကတော့ မြန်မာက ကွဲထွက်လို့မရဘူး အဲဒီအတိုင်း သွားတာက သူက" ဟု ပြောသည်။

မြေရှားသတ္တုကို တွေ့ရစဉ်
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားထဲတွင် ကုန်သွယ်မှုပိုင်းဆိုင်ရာတွင် အကျိုးအမြတ်ရနိုင်သည့် ကဏ္ဍများ ရှိနေသည့်အတွက် အိန္ဒိယသည် မြန်မာအတွက် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အိန္ဒိယအတွက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒဿမ ၃၈၅ သန်းနှင့် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းများစွာရှိလာမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် မြန်မာသမ္မတကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသကဲ့သို့ ကမ္ဘာ့နိုင်ငံများ အကြားတွင်လည်း ပြန်လည်ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကျနော်တို့ကတော့ ပြောရမယ်ဆိုရင် ဒီတစ်ကမ္ဘာလုံးမှာရှိတဲ့ ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံရေး၊ သံတမန်ရေး System တွေရှိတယ်။ အဲဒါကြီးတစ်ခုလုံးကိုမှ တင်းပြည့် ကျပ်ပြည့် ပြန်လည် ၀င်ရောက်နိုင်ဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဒီမှာ နီးစပ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ် ကိုယ့်ရဲ့ မဟာဗျူဟာမြောက် မိတ်ဆွေတွေနဲ့ပဲ သွားနေတဲ့ဟာမျိုးပေါ့ဗျာ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်ကတော့ စစ်မရောက်ခင်စပ်ကြား ဝါးပေါင်းစွတ်တဲ့ အနေအထားလို့ပဲ မြင်တယ်။ တကယ့် တကယ်တမ်း ကမ္ဘာ့အသိုင်းအဝိုင်းထဲကို တင်းပြည့်ကျပ်ပြည့် တကယ်ကို ကမ္ဘာ့မိသားစုအနေနဲ့ ပြန်လည် ရောက်ရှိဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင်တော့ ဒါတွေဟာ အိန္ဒိယနဲ့ တရုတ်နဲ့၊ ထိုင်းနဲ့က မဖြစ်မနေပေါ့နော် ဟိုထဲကို မရောက်သေးလည်း ငါတို့ဒါတွေအဆင်ပြေရင် ရပါတယ်ကွာဆိုတဲ့ အနေအထားနဲ့ သွားရတာ ဖြစ်တာကို။ တရုတ်တို့၊ အိန္ဒိယတို့ကလည်း မြန်မာကို ကာပြီး လုပ်ပေးေနရတဲ့ ကိစ္စတွေက ပုံမှန်အတိုင်း ဖြစ်မနေဘူးပေါ့ဗျာ။ နံပါတ်တစ်ကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်နေဖို့လိုတယ်။ ပုံမှန်အတိုင်းမဖြစ်ခင်ကတော့ ဒီ တိုင်းပြည်တွေနဲ့ ဆက်ဆံရေးက သိပ်အရေးကြီးတယ်။ ကျနော်တို့က ဒါပဲရှိတာကို ဒါနဲ့မှ အဆင်မပြေလို့မရဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ ဒီလိုသွားတာကတော့ ကောင်းတယ်။ သို့ပေမယ့် အဲဒီထက် ပိုကောင်းအောင် ကမ္ဘာ့အသိုင်းအဝိုင်းထဲမှာ ကျနော်တို့နိုင်ငံအနေနဲ့ တင်းပြည့်ကျပ်ပြည့် ပြန်ဖြစ်ဖို့လိုအပ်တယ်ပေါ့။ အဲဒီအတွက်လည်း လုပ်ဆောင်ဖို့လိုအပ်တာတွေလည်း လုပ်ရမှာပေါ့" ဟုပြောသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်ကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များအပြင် အခြားသောကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 122
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ Gateway of India ကို မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်က သွားရောက်လေ့လာခဲ့သည်။
တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာ တစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့သည်။
အဆိုပါ အိန္ဒိယ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့အား သီးခြားစီ တွေ့ဆုံ၍ ဆွေးနွေးခဲ့သလို အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 841
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ခေတ်အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထိုအကြောင်းအား ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေဆုံအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့ စည်းပုံအခြေခံဥပဒေသည်လည်း ပြည်သူများ၏ ဆန္ဒနှင့်အညီရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ထား ကြောင်း၊ ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆွေးနွေးဆောင် ရွက်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့သော်တိုင်းပြည် အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ခဲ့သည်ရှိသော် တပ်မတော်၏ အခန်းကဏ္ဍများအား ပျောက်သွားအောင်လုပ်မည့်အရာမျိုးကိုမူ ပြင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ရှိရင် တပ်မတော်ရဲ့ Role ကို ပျောက်သွားအောင်လုပ်မယ့်အရာမျိုး ပေါ့နော် အဲဒါမျိုးကို သူပြင်မှာမဟုတ်ဘူး၊ နောက်တစ်ခုကတော့ ဒီလို ဒို့တာဝန်အရေးသုံးပါးပေါ့၊ ပြည်ထောင်စု ပြိုကွဲမယ့်အရေး၊ တိုင်းပြည်စည်းလုံးညီညွတ်မှုအရေးတို့ ဒါမျိုးတွေကို သူအဓိကကာကွယ်မယ်။ တပ်ရဲ့ ဒီအမျိုး သားနိုင်ငံရေးအခန်းကဏ္ဍကို ထိပါးလာတဲ့ဥစ္စာတွေကိုသူ လက်ခံမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ ပြင်ရမယ့်အချ က်တွေကတော့ ဥပမာ တိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီးပြည်နယ်နဲ့ ဗဟိုအစိုးရနဲ့ အခွန်တွေမှာခွဲဝေပုံဇယားရှိတ ယ် အဲဒီဇယားပြင်ရမယ်။ နောက်တစ်ခုက တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်တာမဟုတ်ဘဲနဲ့ သူ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကပဲ ခန့်တာမျိုးကိုလည်း အဲဒါလည်းပြင်ရမယ်။ နောက်တစ်ခုက တိုင်းဒေသကြီး ပြည်နယ်က သူ့ဘာသာသူ ဝန်ကြီးအပ်ရတာဆိုရင် အဲဒါပြီးပြီ ကောင်းတယ် အဲဒါ ကျနော်တို့ ပြင်ရမယ်၊ ဝန်ကြီး ချုပ်တင်မဟုတ်ဘူး စစ်ရေးစစ်ချုပ်တို့၊ တိုင်းဒေသကြီးစစ်ရေးစစ်ချုပ်တို့၊ တိုင်းဒေသကြီး ဥပဒေချုပ်တို့၊ အဲဒီလို လူမျိုးတွေကို တိုင်းဒေသကြီးလွှတ်တော်ကပဲ ခန့်တာမျိုးကိုတော့ အဲဒါပိုဖြစ်သင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရမယ့်အချက်တွေကတော့ ဟိုတော်တော်များပါတယ် အဲဒါကတော့ မပြောသင့်သေးဘူးပေါ့နော်” ဟု ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည်များရှိသကဲ့သို့ နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့နှင့်လည်း သဘောတူထားသည်များရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရချိန်၌ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကြီးမားသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဥပဒေပုဒ်မ အများစုကို ပြင်ဆင်ရန်အတွက် ပြည်လုံးပြည့် ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်ကာ ပြင်ဆင်လိုသည့် ပုဒ်မများ၏ သဘောသဘာဝအပေါ်မူတည်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်နှင့် ပြည်သူလူထု၏ အဆုံးအဖြတ်လိုအပ်မှု အဆင့်ဆင့်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တိုင်းပြည်ကို ထိခိုက်မည့် ကိစ္စရပ်များအား ကာကွယ်ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားခြင်းသည် သမ္မတတစ်ယောက် အနေဖြင့် ယေဘုယျသဘောမျိုး ပြောလိုက်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတ င်းဋ္ဌာနသို့ ပြောသည်။
၎င်းက”တိုင်းပြည်ကိုထိခိုက်နစ်နာစေတဲ့ဟာတွေက အဲဒါကတော့ သူဒီလိုပဲ ယေဘုယျသဘောနဲ့ပြောတာ ဖြစ်ပါ လိမ့်မယ်။ ဒါကတော့ သမ္မတတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်လုပ်လာခဲ့တဲ့ သမျှသော်လည်းကောင်း ဒါပါပြီးသားပဲလေ။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ ဟာက ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ သမ္မတတစ်ယောက်အနေနဲ့ဒါ ယေဘုယျသဘောအားဖြင့်ပေါ့နော် သူလုပ်ကိုလုပ်ရမယ့်ကိစ္စရပ်ထဲမှာပါတော့လည်း။ ဒါကတော့ကြိမ်ဖန်များစွာ တပ်ဘက်ကပြောပြီးသားပဲလေ။ လောလောဆယ်တိုင်းပြည်ငြိမ်းချမ်းမှုမရှိသေးဘူး ဒီလိုမျိုးတိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံး ကျနော် တို့ မညီမညွတ်ဖြစ်နေသ၍ကတော့ တပ်မတော်ကနိုင်ငံရေးထဲမှာဝင်ပါနေမယ်ဆိုတဲ့ဟာက သူကတရားဝင် တရားဝင် ကိုပြောတာပဲ။ အဲဒီဟာမျိုးမရှိတော့ဘူးဆိုတော့မှ တပ်မတော်က နိုင်ငံရေးထဲကဆုတ်ခွာမယ်ဆိုတဲ့ဟာရှိ တယ်လေ”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးစနစ်အရ ဒို့တာဝန်အရေး (၃) ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ကို ကာကွယ် စောင့်ရှောက်ရန်သည် နိုင်ငံတော် သမ္မတ၊ အစိုးရနှင့် တပ်မတော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေ ထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 211
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် မည်သည့် အခန်းကဏ္ဍကနေ ပါဝင်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ် ဆွေးနွေးမှုများ ရှိနေ ကြသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့သည် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ပြီး မြေရှားသတ္တု၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာ့မြေပေါ်ရှိ အိန္ဒိယနိုင်ငံကို တော်လှန်တိုက်ခိုက်နေသည့် သူပုန်များအား နှိမ်နင်းပေးရေး မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေးစဉ် သဘောတူခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီ (Vikram Misri)က ပြောသည်။

အိန္ဒိယ- နိုင်ငံရေးပါတီ- NSPNC- EAO များ ဖက်ဒရယ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေစဉ်
အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယခင်ကတည်းက ကူညီခဲ့မှုများ ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပါဝင်မှုနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို များစွာဆောင်ရွက်၍ ရနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆွေးနွေးပွဲတွေတော့ သူတို့ အကူအညီ ပေးနေတာရှိတယ်။ နောက်ဆိုရင်တော့ ကျနော်ထင်တယ် အဲဒါနဲ့ ဆက်စပ်ပြီး သူတို့နဲ့ ဆက်စပ်တဲ့ဟာက ကျနော်တို့ရဲ့ အနောက်မြောက် နယ်စပ်စည်းရိုးကြီးရှိတယ်လေ။ ချင်းရယ်၊ နာဂရယ် နောက်တစ်ခါ အာရုနာချယ်ပရာဒေ့ရှ်(ပြည်နယ်)ဆိုရင် ကျနော်တို့ ကချင်နဲ့ ဆက်စပ်တာရှိတယ်။ အဲဒီ တော့ KIO/KIA နောက်တစ်ခါ နာဂ (NSCN)ပေါ့၊ ပြီးတော့ ချင်းဆို (CNF)တို့ နောက်တစ်ခါ ပလက်ဝထိ ကျနော်တို့ ထိစပ်နေတဲ့ဟာ အခု တိုင်းပြည်မှာ နိုင်ငံရေးပဋိပက္ခ လက်နက်ကိုင် နိုင်ငံရေးပဋိပက္ခ ဖြစ်နေတဲ့ဟာ အချက် အလက်တွေပဲ။ အဲဒီတော့ ကျနော်တို့က ဘာလဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စကို အိန္ဒိယရဲ့ပါဝင်မှုနဲ့ အထောက်အကူ ပြုမှုနဲ့ ကျနော်တို့က အများကြီး ဆောင်ရွက်လို့ရတယ်။ သူက ကျနော်တို့ရဲ့ Peace Process က ဒီအဖွဲ့တွေနဲ့ ဆိုင် ပြီး နောက်တစ်ခုက AA နဲ့သော်လည်းကောင်း၊ CNF နဲ့သော်လည်းကောင်း ငြိမ်းချမ်းရေး ရဖို့အတွက် တိုက်ရိုက် ဆောင်ရွက်လို့ရတယ်။ တရုတ်လိုပဲ သူ့မှာပါဝါရှိတယ်လေ၊ ပါဝါရှိတယ်ဆိုတော့ ဆက်စပ်နေတာကို။ အဲဒီတော့ အဲဒီလို ဆောင်ရွက်လို့ရတဲ့ အနေအထားတွေ ရှိနေတယ်။ အရင်ကလည်း သူတို့ လုပ်ခဲ့တာတွေရှိတော့ လုပ်လာ မယ်လို့ ကျနော်ယူဆပါတယ်။ ကောင်းလဲကောင်းပါတယ် အဲဒီကိစ္စတွေက” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NSPNC မှ ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာရေးခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံ သို့ သွားရောက်လေ့လာခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်များကို ရန်ကုန်မြို့ရှိ အိန္ဒိယ စင်တာ၌ အိန္ဒိယနိုင်ငံမှ Think tanks အဖွဲ့နှင့် နိုင်ငံရေးပါတီများ၊ NSPNC၊ EAOs များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များနှင့်ပတ်သက်၍ အိန္ဒိယအစိုးရအနေဖြင့် EAO များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဖိအားပေးနိုင်မည့် အလားအလာရှိနိုင်ကြောင်း ဒေါက်တာ အမ်ကောန် လက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
၎င်းက “အိန္ဒိယ သံအမတ်ကြီးက အမြဲတမ်း ပြောလေ့ပြောထရှိတာ တစ်ခုရှိတယ်။ သူတို့က ဒီ အာဏာနဲ့ ပတ်သက်ပြီး သူတို့ဆက်ဆံမှာက လက်ရှိ အစိုးရပေါ့နော်၊ လက်ရှိ (De facto) အစိုးရပေါ့။ De facto အစိုးရဖြစ်ဖြစ်၊ De jure အစိုးရပဲဖြစ်ဖြစ် (Sovereignty) ကိုထိန်းတဲ့ အစိုးရ ထိခိုက်ရေးကိစ္စတွေ သူတို့ မလုပ်ဘူး။ အဲဒီအစိုးရက လွဲပြီး ကျန်တာတွေနဲ့ မဆက်ဆံဘူး။ အခုလက်ရှိ သံအမတ်က ပြောတာ နှစ်ခါ၊ သုံးခါရှိပြီ။ အဲဒီတော့ ပြောလိုတာ က ခုနက CNF တို့ နောက်တစ်ခါ AA လည်းပါလိမ့်မယ်။ နောက်တစ်ခါ NSCN၊ နောက် KIA အဲဒါတွေနဲ့ ပတ်သက် ပြီးဆိုရင် သူတို့က G to G ပေါ့။ Peace Process လိုပဲ အကောင်အထည်ဖော်နိုင်မယ်။ သူတို့နဲ့ပတ်သက်ပြီးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရင်တော့ Track 1.5 Diplomacy ကို ပြီးခဲ့တဲ့ ၂၀၁၅ ကတစ်ခါ သူတို့ကြိုးစားပေး ဖူးတယ်။ အဲဒီတော့ သူတို့အခု ဘာလုပ်လာနိုင်လဲဆိုတော့ Track 1.5 ကို ဆက်ပြီးတော့မှ နီးနီးကပ်ကပ် ဆက် လုပ်နိုင်တယ် သို့မဟုတ် Direct ပေါ့နော်။ ကြားခံ Madiator အနေနဲ့ ဒီဟာတွေရဲ့ ငြိမ်းချမ်းရေးကို သူ ဆောင် ရွက်မလားပေါ့။ Chance တွေ အခွင့်အရေးတွေတော့ သူတို့မှာရှိတယ်။ နဂိုက သမိုင်းကြောင်းအရ ငြိမ်းချမ်းရေး Process နဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အိန္ဒိယက အရေးတကြီး ဆက်ဆံတဲ့ အတွက်ကြောင့်မို့လို့ အစိုးရဘက် က ကူညီတဲ့ အနေနဲ့ EAO တွေကိုတော့ ငြိမ်းချမ်းရေးကိစ္စတွေကို ပြောလာနိုင်မယ့် အနေအထားတွေတော့ ရှိလာ တယ်။ ဖိအားပေးလာနိုင်မယ့် အနေအထားတွေရှိပါတယ် ဒါကျနော့် အမြင်ပါ”ဟု ပြောသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်။
အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်သည်။
တခြား တစ်ဖက်မှာလည်း သမ္မတ ဦးမင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင်များ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် ကမ်းလှမ်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 179
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် မွမ်ဘိုင်းမြို့သို့ နယူးဒေလီမြို့မှ ရောက်ရှိလာခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သတ်မှတ်ထား သည်။
ထို့နောက် နယူးဒေလီမြို့မှာ ဇွန်လ ၁ ရက် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ မြေရှားသတ္တုနဲ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ကိစ္စများ အပါအဝင် ကုန်သွယ်ရေး၊ လုံခြုံရေး၊ နည်းပညာကဏ္ဍများ စသည့် အရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

အလားတူ အိန္ဒိယသမ္မတ H.E.Smt. Droupadi Murmu နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အကျိုးပြုမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ သည်။
ထို့နောက် နယူးဒေလီမြို့ကနေ ဇွန်လ ၂ ရက်က ထွက်ခွာ၍ မွမ်ဘိုင်းမြို၊ Chhatrapati Shivaji Maharaj International Airport သို့ ရောက်ရှိလာခဲ့ရာ သမ္မတ ဦးမင်းအောင်လှိုင်ကို မဟာရာ့ရှ်ထရာပြည်နယ်မှ တာဝန်ရှိသူများ၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
