- By CNI
- Category: နိုင်ငံရေး
- Hits: 475
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ထွက်ပေါ်လာမည့် အစိုးရဖွဲ့အတွင်း ဒုတိယသမ္မတ (၂) နေရာအတွက် မည်သည့် တိုင်းရင်းသားပုဂ္ဂိုလ် ဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ဦးသိန်းစိန် လက်ထက်က စတင်ကာ အစိုးရအဖွဲ့၏ အစဉ်အလာအရ အမျိုးသားလွှတ်တော်မှ အမည်တင်သွင်း သည့် သမ္မတလောင်းသည် တိုင်းရင်းသားလူမျိုးဖြစ်ကာ ဒုတိယသမ္မတ (၂)အဖြစ် တာဝန်ယူသော အစဉ်အလာ တစ်ရပ်ရှိခဲ့သည်။
ထို့ကြောင့် ယခုရွေးကောက်ပွဲပြီး ပေါ်ထွက်လာမည့် အစိုးရအဖွဲ့၌ ဒုတိယသမ္မတ(၂) နေရာအတွက် ရခိုင် တိုင်းရင်း သားဘက်ကို အလှည့်ပေးနိုင်ကာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီတစ် batch ကျတော့ အားလုံးတွက်ထားတာက ရခိုင်အလှည့်လို့ တွက်ထားကြတာ။ ရခိုင်ကို အလှည့် ပေးလိမ့်မယ်လို့ တွက်ထားတော့ လောလောဆယ်တော့ ဒေါက်တာအေးမောင်ကတော့ ထင်ကြေးပေးတာပေါ့။ သို့သော် သူက အရွေးမခံရဘူး။ ဒါပေမယ့် သမ္မတဖြစ်မယ့်လူက အရွေးခံဖို့ မလိုပါဘူး။ အရွေးခံရတဲ့ လွှတ်တော် အမတ် မဖြစ်လည်းရတာပဲ။ အဓိကကြတော့ အမျိုးသားလွှတ်တော်ကနေ အဆိုပြုဖို့ပဲလိုတာကို။ သမ္မတလောင်း ၃ ယောက်မှာ ပြည်သူ့လွှတ်တော်က တစ်ယောက် အဆိုပြုတယ်၊ အမျိုးသားလွှတ်တော်က တစ်ယောက် အဆိုပြု တယ်၊ တပ်မတော်က တစ်ယောက် အဆိုပြုတယ်။ အဲဒီ ၃ ယောက် တန်းစီရင် ပြည်သူ့လွှတ်တော်က အဆိုပြုတဲ့ လူက သမ္မတကြီးဖြစ်တယ်။ စစ်တပ်က အဆိုပြုတဲ့လူက ဒုတိယသမ္မတ (၁) ဖြစ်တယ်၊ နောက်ပြီးတော့ အမျိုး သား လွှတ်တော်က အဆိုပြုတဲ့ တိုင်းရင်းသားက ဒုတိယသမ္မတ (၂) ဖြစ်တာပေါ့။ အဲဒီအစဉ်အလာအတိုင်း မပြတ် ဘူး သွားမယ်ဆိုရင်တော့ အမျိုးသားလွှတ်တော်က အဆိုပြုတဲ့လူက လွှတ်တော်အမတ် မဖြစ်လည်းရတယ်၊ ဖြစ် လည်း ရတယ်။ မဖြစ်တဲ့လူ ပြောမယ်ဆိုရင်တော့ ဒေါက်တာအေးမောင်ကို အမျိုးသားလွှတ်တော်က အဆိုပြု မလားပေါ့လေ။ တိုင်းရင်းသားထဲက ဖြစ်ဖို့လိုတယ်။ ရှမ်းကတော့ ပြီးသွားပြီဆိုတော့ မဖြစ်တော့ဘူး။ ချင်းကလည်း ဖြစ်ပြီးပြီဆိုတော့ အလှည့်နဲ့ ပေးသွားမယ့် သဘောရှိတယ် အဲဒါတော့” ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်
ထို့ပြင် လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်ဘက်ကို စည်းရုံးရန် လိုသည်ဟု ယူဆပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ကချင်ပြည်နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်ဒွဲဘူသည်လည်း ဒုတိယသမ္မတ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကချင်လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို မရဖူးသေးဘူးဆို ဖြစ်နိုင်တာပေါ့။ လောလော ဆယ် ကချင်ကိုလည်း စည်းရုံးဖို့ လိုတယ်ဆိုရင်တော့ ဒေါ်ဒွဲဘူတို့လည်း ဖြစ်နိုင်ပါတယ်။ အဓိက,ကတော့ လွှတ်တော် ခေါ်ပြီးတဲ့အချိန်မှာ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌက ဘယ်သူ ဖြစ်မလဲပေါ့။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် အမတ်တွေက အဆိုပြုရမှာပေါ့။ အဲဒီအပေါ်မှာ ကချင်ဘက်ကို အသာပေး မယ်ဆို လည်း ကချင်ပေါ့။ ကချင်၊ ရခိုင်ပေါ့။ အခုမရသေးတာက ကချင်၊ ရခိုင်၊ ကရင်နီ၊ ကရင် မရသေးဘူးကို မွန်ပေါ့။ ဒါပေမယ့် အဲဒီအထဲမှာ အားလုံးလိုက်ကြည့်ရင် ဒုတိယသမ္မတ နေရာလောက် လောက်လောက်လားလား အဆိုပြု နိုင်လောက်အောင်က မရှိသေးဘူးလို့ တွေ့နေရတယ်။ နည်းနည်း လူသိများတဲ့ ခေါင်းဆောင်ပေါ့။ အဲဒါကြောင့် ကချင်လည်း ဖြစ်နိုင်ပါတယ်။ ရခိုင်လည်း ဖြစ်နိုင်ပါတယ်။ အလားအလာပေါ့လေ”ဟု ပြောသည်။
ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)တွင် ဒုဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) တွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရချိန်နောက်ပိုင်း ပါတီကနေ နုတ်ထွက်ပြီး ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ USDP ကိုယ်စားပြု အမျိုးသားလွှတ်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း အဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရသည့် နေ့မှစ၍ နှုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ဒေါ်ဒွဲဘူကို တွေ့ရစဉ်
ထို့ကြောင့် လက်ရှိ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအတွင်း အနိုင်မရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများထဲမှလည်း သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရခွင့်ရှိပြီး ဒုတိယသမ္မတ ဖြစ်လာနိုင်သည့် သဘော ဖြစ်သည်။
ထိုသို့ တိုင်းရင်းသား လူပုဂ္ဂိုလ် တစ်ဦးဦးအား ဒုတိယသမ္မတရာထူး ပေးခဲ့ပါက ၎င်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်နှင့် အစိုးရ၊ တပ်မတော်အကြား ထူးခြားမှု ရှိလာမည်ဟု မထင်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)မှ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NLD လက်ထက်တုန်းကဆိုရင် ဒုသမ္မတတော့ မဟုတ်ဘူးပေါ့။ လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းရှိတယ်။ နောက် ဒုသမ္မတက ချင်းလူမျိုး။ ဟိုးဘက် ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် စိုင်းမောက်ခမ်း။ ဆိုတော့ ချင်းတို့၊ ရှမ်းတို့၊ ကရင်တို့တော့ နည်းနည်းလေး ပြီးပြီပေါ့။ အခုပြောရမယ်ဆိုရင် ကျန်တာ မွန်တို့၊ ရခိုင်တို့ပဲ ကျန်တယ်။ မွန်တို့၊ ရခိုင်တို့ကလည်း နာမည်ကြီးတဲ့လူ ထည်ထည်ဝင်ဝင်ရှိတဲ့လူ ကျနော်တော့ မသိဘူး။ ကျနော်တို့ ကရင် ဘက်ကတော့ နည်းနည်းလေးလေး ထည်ထည်ဝင်ဝင်ရှိတဲ့လူ ကျနော်မတွေ့ဘူး။ ကျနော့် စိတ်ထင်တော့ ထူးထူး ခြားခြားတော့ရှိမှာ မဟုတ်ဘူး။ ရိုးရိုးသားသား ကျနော့် အမြင်ပေါ့လေ။ ကိုယ့်တိုင်းရင်းသား တစ်ယောက်က ဒုသမ္မတ ဖြစ်သွားလို့ တပ်မတော်နဲ့ အစိုးရနဲ့ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြေလည်မယ်၊ မပြေ လည်ဘူး ဆိုတာတော့ ထူးထူးခြားခြား ဒီလောက် ပြောဆိုလို့မရဘူး။ ကျနော် ထင်တာတော့ ဒီလောက် ထူးထူး ခြားခြား ဖြစ်လာမှု မရှိဘူးထင်တယ် အဲဒီအပိုင်းလောက်နဲ့တော့” ဟု ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲပြီးနောက် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းသာမက ပြည်တွင်းမှ စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက ထင်ကြေးပေးထား ကြသည်။
ထို့ပြင် တက်လာမည့် အစိုးရသစ်သည် တပ်မတော်ကိုယ်တိုင် ကြီးစိုးဦးစီးသည့် အစိုးရဖြစ်မည်ဟုလည်း ၎င်းတို့က သုံးသပ်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 246
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Mongkol Visiststump တို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေးကြသည်။
ထိုင်းသံအမတ်ကြီးသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံက မထွက်ခွာခင် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှလည်း ပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင် ပြည်သူများအနေ ဖြင့် မည်သည့် တိုက်တွန်းချက်မှ မပါရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် သဘောဆန္ဒအလျောက် လာရောက်၍ ဆန္ဒမဲများပေး ကြသည်ကို တွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေး ကောက်ပွဲအဖြစ် ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည် ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့်တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ အွန်လိုင်းလိမ် လည် လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထိုင်းသံအမတ်နှင့် တွေ့ဆုံမှုတွင် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကိုကိုကျော်တို့လည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 316
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ ပါကစ္စတန်နိုင်ငံမှ တွေ့ဆုံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ကုလ သမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ် (ARF)တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့သည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာ အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က စတင် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပါကစ္စတန် ခရီးစဉ်သည် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သော် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 345
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
အိန္ဒိယသံရုံးသည် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၇) ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ရန်ကုန်မြိုရှိ Lotte Hotel တွင် ကျင်းပခဲ့သည်။
ထို အထိမ်းအမှတ် အခမ်းအနားသို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Abhay Thakur၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အခြားသံရုံးမှ အကြီးအကဲများ၊ အဖွဲအစည်းအသီးသီးမှ အကြီးအကဲများ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ လူမှုအသိုက်အ၀န်းမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

ထိုပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက မိန့်ခွန်း ပြောကြားခဲ့သကဲ့သို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသမျှ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမည့် သဘောရှိသည်ကို နားလည်ထားရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော် က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် နေ့မှ စတင်ကာ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်အနေဖြင့် နိုင်ငံ ရေး၌ ဆက်လက် ပါဝင်နိုင်ခြေရှိသလား သို့မဟုတ် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင် တော့မှာလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများအကြား မေးခွန်ထုတ်မှုများ ရှိနေကြ သည်။
လက်နက်ကိုင် ပဋိပက္ခများနှင့် လက်နက်ကိုင် အင်အားစုများ အင်မတန်များပြားနေပြီး တစ်ခုတည်း သော တပ်မတော်ဆိုတာ မဖြစ်သေးသည့် အတွက်ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ဆက် လက် ဝင်ပါနေဦးမည့်သဘော မြင်တွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ဒါကတော့ ပါနေအုံးမယ့် သဘောပဲ။ ကျနော်တို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီတစ်ခုကိုတော့ မဖြစ်မနေ လက်ခံထားရမယ့် သဘောရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ တပ်မတော် အနေနဲ့က သူသည်နိုင်ငံရေးကို ဝင်ပါနေရခြင်း အကြောင်းရင်းသည် တိုင်းပြည်မှာ ဆန့်ကျင် တဲ့ လက်နက်ကိုင် အင်အားစုတွေက အများကြီး ဖြစ်နေတယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အများကြီး ဖြစ်နေတယ်။ ဒါမျိုး တစ်ခုတည်းသော တပ်မတော်ဆိုတာ မဖြစ်သေးတဲ့ အတွက်ကြောင့်မို့လို့ သူသည် တိုင်းပြည်မှာ နိုင်ငံရေးထဲမှာ ဝင်ပါနေရခြင်း ဖြစ်ပါတယ်ဆိုတဲ့ ဟာကလည်းရှိတာကို။ ဆိုတော့ ကျနော်တို့ နိုင်ငံရေးသမားတွေ အနေနဲ့ကတော့ တိုင်းပြည်တစ်ခုမှာ တပ်ကနေမှ နိုင်ငံရေးထဲ ဝင်ပါနေ တာ မကောင်းဘူး။ ဒါ ကျနော်တို့ ဘက်ကတင် လက်ခံတာ မဟုတ်ဘူး။ တပ်ကလည်း အဲဒီဟာကို ဟုတ် တယ် ပါရတာတော့ မကောင်းဘူး။ သို့ပေမယ့် တိုင်းပြည် အခြေအနေအရ ပါနေရတာ ဖြစ်တာပေါ့လေ။ ဒါကို ဒီအခြေအနေကြီးကို ဘယ်လို ပြောင်းကြမလဲပေါ့နော်။ တစ်ခုတည်းသော တပ်မတော်ဆိုတာ ဖြစ် သွားအောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်မလဲဆိုတဲ့ အခါကျတော့ အဲဒီဟာကတော့ တော်တော် အရေးပါတာပေါ့။ ဒီမေးခွန်းကို ဖြေနိုင်မှပဲ ခုနကဟာတွေဆက်ပြီး ပြောလို့ရမယ့် အနေအထားမျိုး ဖြစ်နေ တာပေါ့နော်” ဟု ပြောသည်။
လက်ရှိ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်နေရာ မည်မျှပင် အနိုင်ရရှိထားစေကာမူ တပ်မတော်နှင့် ဒွန်တွဲပြီးမှ သာ အစိုးရသစ်ကို ဖွဲ့စည်းသွားမည့်ပုံစံ ရှိနေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ယူဆနေ ကြသည်။
လက်နက်ကိုင်များ အားလုံးသည် လက်နက်စွန့်ပြီး တိုင်းပြည် တည်ဆောက်ရေးတွင် ပါဝင်လာမည်ဆို လျှင် တပ်မတော်သည် နိုင်ငံရေးကဏ္ဍ၌ ရှိမှာမဟုတ်ကြောင်း၊ တပ်မတော်နှင့် USDP သည်လည်း မိတ်ဖက်ဖြစ်သည့်အတွက် တိုင်းပြည်အရွေ့တစ်ခု ရောက်အောင် ပူးပေါင်းပြီး သွားမှာ သေချာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ပါနေရမှာပဲ အဲဒါလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ခါပြောဖူးတယ်လေ။ သူပြောတဲ့ ဟာလည်း ဒီတိုင်းပြည်မှာ အေးချမ်းသွားတယ်။ အားလုံးက လက်နက်ကိုင်တွေ အကုန်လုံးက လက်နက် စွန့်ပြီးတော့ တိုင်းပြည် တည်ဆောက်ရေးမှာ ဝင်လာမယ်ဆိုလို့ရှိရင် အမှတ်တော့ မမှားလောက်ဘူး သူ ကိုယ်တိုင် ပြောတယ်ထင်ပါတယ်။ အဲ့အခါကျရင်တော့တပ်မတော်က ဒီကဏ္ဍမှာ ရှိမှာမဟုတ်ဘူးလို့ ဒီလိုမျိုးပြောတာပေါ့ နော် ဒါက အမှန်ပါ။ တပ်ဘက်ကလည်း တစ်ကမ္ဘာလုံးက ပြောဆိုနေတာလေ။ သူတို့လည်း ဒါသိနေပြီး သားပါ။ အဖန်တလဲလဲ ထပ်နေပြီပေါ့နော်။ ဒါပေမယ့် ဒီနိုင်ငံ့ရဲ့ အနေအထားကလည်း သူတို့မရှိရင် မဖြစ် ဘူးလို့ သူတို့က ယူဆထားတယ်။ အဲ့ယူဆချက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မှန်တယ် မှားတယ် လို့ ပြောလို့မရဘူး။ အဓိက,က သူက ငါတို့ မလိုဘူး ငါတို့ထွက်သွားမယ်ဆိုလည်း သူ့သဘောပဲပေါ့နော်။ အခုလက်ရှိ အနေအထားမှာ သူလိုတယ်ဆိုရင်လည်း လိုတာပဲပေါ့နော်။ တကယ်လည်း အခြေအနေအရ လိုလည်းလိုနေတာကို။ ဒီသဘော ဖြစ်နေတာပေါ့နော်။ ဒီမိုကရေစီ နိုင်ငံရေးမှာတော့ တကယ်တော့ တပ် ရဲ့ ကဏ္ဍက မရှိပါဘူး။ ဒါက ( Full Democracy) ပေါ့နော်။ ဒီမိုကရေစီ အပြည့်အဝပေါ့နော်။ တပ်မတော် နဲ့ ပြည်ခိုင်ဖြိုးကလည်း မိတ်ဖက်ဖြစ်တဲ့ အတွက်ကြောင့် ဒါကတော့ ပူးပေါင်းပြီးတော့ အကောင်းဆုံး လုပ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တိုင်းပြည် အရွေ့တစ်ခုကတော့ သွားမှာပါ။ အဲ့ဒါက တော့ Reform ပေါ့နော်။ ပြုပြင်ပြောင်းလဲရေးပေါ့နော်” ဟု ပြောသည်။
တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မလုပ်နိုင်ရင် ထိုအစိုးရသစ် နောက်နေ့ ပြုတ်ကျမည်ဟု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် ၂၇ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေကြပြီး စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 372
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
လက်ရှိ ကျင်းပခဲ့သည့် ရွေးကောက်ပွဲက ပြည်သူများ၏ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ထိုဆုံးဖြတ်ချက်အတိုင်း ဆက်သွားရမှာဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပသည့် မန္တလေးမြို့ရှိ မဲရုံများကို လိုက်လံကြည့် ရှုရင်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။
၎င်းက “မြန်မာနိုင်ငံက ကျနော်တို့က နဂိုထဲကကို ပြည်သူလူထုက ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာ။ ဒီတိုင်းပဲသွားရမှာ။ ပြည်သူက ရွေးချယ်တဲ့လမ်းပဲ။ ကျနော်တို့ ရွေးတာမဟုတ်ဘူး။ ပြည်သူကရွေးတဲ့ လမ်း။ ကျနော်တို့လည်း ပြည်သူထဲက အစိတ်အပိုင်းပဲ၊ ကျနော်တို့လည်း ဒီဟာ ထောက်ခံတယ်။ ဒီတိုင်းပဲ ပါတီစုံ ဒီမိုကရေစီစနစ် အတိုင်းပဲ ကျနော်တို့သွားမယ်။ အနာဂတ်မှာ ကျနော်တို့ သွားပါမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည် ပါတီစုံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ဒီမိုကရက်တစ်ပါတီများ ပါဝင်မှု အားနည်းခဲ့ကြောင်း၊ ပါဝင်ခွင့် ပိတ်ပင်ခံရမှုများလည်း ရှိခဲ့ကြောင်း နိုင်ငံရေးလေ့ လာ စောင့်ကြည့်သူများက ထောက်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲဆန္ဒရှင်များကို တွေ့ဆုံစဉ်
၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီများ ပါဝင်ခွင့်ရမှု နည်းသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲက ပါတီစုံပြီးတော့ ဒီမိုကရေစီ ဆန်သလားဆိုတဲ့ ကိစ္စမှာတော့၊ ဒီမိုကရက်တစ်ပါတီတွေ ပေါ့ဗျာ၊ ပါတီတွေရဲ့ အချိုးစားပေါ့၊ ပါဝင်ခွင့်ရမှုက နည်းတယ်လို့ ယူဆတယ်ပေါ့။ နိုင်ငံရေးအရ။ အမှန်ဆိုလို့ရှိရင် ဒါဒီမိုကရက်တစ်ပါတီတွေ ပါဝင်ခွင့် ပိုများတယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲက ပိုပြီးတော့မှ All inclusive ပိုဖြစ် တာပေါ့။ ပြည်တွင်းအတွက်ရော အရမ်းလှတဲ့ မျက်နှာစာ၊ နိုင်ငံတကာ အခင်းအကျင်း မျက်နှာစာလည်း ဖြစ်လာ နိုင်တယ်။ ပြည်တွင်းမှာလည်း ကျနော်တို့ အမျိုးသားယုံကြည်မှုပေါ့၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဥ် တစ်ခုကနေ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်လာနိုင်တယ်။ ဒါဒီမိုကရက် တစ်ပါတီတွေပါ ရွေးကောက်ပွဲမှာ ပါဝင်တယ်ဆိုတဲ့ သဘောပေါ့”ဟု ပြောသည်။
ပြည်သူလူထုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်းကြောင့် မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု အားနည်းခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ယခုကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လူထုသိထားပြီးသား နိုင်ငံရေးခေါင်းဆောင်အချို့ အနိုင်ရရှိသည်ကို မတွေ့ ရကြောင်း၊ ဒီမိုကရက်တစ်ပါတီများ ပါဝင်ခွင့် အခန်းကဏ္ဍ လျှော့ပါးခြင်းကြောင့်ပါသည်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး မဲပေးခဲ့စဉ်
၎င်းက “ဒီရွေးကောက်ပွဲက ဘာရှိလဲဆိုလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွေရှိတယ်၊ ရွေးကောက်ပွဲ စနစ်ကလည်း အသစ်ပေါ့၊ ဒီဟာက တကယ်တမ်းကျတော့ ကျနော်တို့ ကျင့်သုံးတဲ့ စနစ်ပုံစံကျ တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သူကပဲ ဆုံးဖြတ်ပြီးတော့ ကျင့်သုံးတဲ့ ပုံစံဆိုတာကိုလည်း တွေ့ရ တယ်ပေါ့ဗျာ။ နိုင်ငံတကာမျက်နှာစာ အနေအထားရ ကြည့်ရင်ပဲဖြစ်ဖြစ်၊ ပါတီစုံဒီမိုကရေစီ အခင်းအကျင်း ကိုပဲ ဖြစ်ဖြစ်၊ နောက်ပြီးတော့ လူထုရဲ့ နိုင်ငံရေး စိတ်ဝင်စားမှု အခြေအနေတွေကိုပဲ ပြန်လည် စမ်းစစ်ကြည့်ခြင်းအား ဖြင့် သော်လည်းကောင်းပေါ့၊ အဲ့ဒီ အခြေနေ အရပ်ရပ်ကို ကြည့်ခြင်းအားဖြင့်တော့ ရွေးကောက်ပွဲကတော့ အလုံးစုံ အောင်မြင်တယ်လို့တော့ ကျနော်တို့ နိုင်ငံရေးအရ သုံးသပ်လို့တော့ မရနိုင်ဘူး။ ဘာလို့လဲဆို ပါဝင်သင့် ပါဝင်ထိုက် တဲ့ ပါတီတွေ ပါဝင်လာခြင်း မရှိသေးတာ၊ ရွေးကောက်ပွဲမှာ အနိုင်ရရှိသင့်လောက်တဲ့ ကိုယ်စားလှယ်လောင်းတွေပေါ့ဗျာ၊ ထင်ရှားကျော်ကြားပြီး နိုင်ငံရေးအရ တိုင်ရေးပြည်ရေးကိစ္စတွေမှာ အဆိုတင်သွင်းနိုင်မယ်ဆိုတဲ့ သူတွေပေါ့၊ ပါတီ ခေါင်းဆောင် ဥက္ကဋ္ဌလုပ်တဲ့ လူထု သိထားပြီးသား နိုင်ငံရေးခေါင်းဆောင်အချို့ ပါဝင်ယှဥ်ပြိုင်တာကို တွေ့ရတယ်။ သူတို့ပင်လျှင် ရွေးကောက်ပွဲမှာ အနိုင်ရရှိတာကို ကျနော် မတွေ့ရဘူး။ ပါဝင်သင့်ပါဝင် ထိုက်သော ဒါဒီမိုကရက် တစ် ပါတီတွေ ပါဝင်ခွင့် အခန်းကဏ္ဍက လျော့ပါးတာကြောင့်လည်း ပါတယ်ပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ပြိုင်တဲ့ပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၄၈၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရ ရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 242
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
ရွေးကောက်ပွဲ အပိုင်းအားလုံး၏ မဲရလဒ်များအရ အစိုးရဖွဲ့ပြီးနောက် လွှတ်တော်၌ အမတ်များမှ တင်သွင်းသည့် အဆိုများအား အဆုံးအဖြတ် ပေးနိုင်မှုသည် တပ်မတော်နှင့် USDP ပါတီတွင် ရှိသွားပြီ ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ တပ်မတော်နှင့် USDP ပါတီသည် လွှတ်တော် နေရာအများစုကို ရရှိထားပြီဖြစ်၍ အထမြောက်သည့် လွှတ်တော်ကို ကျင်းပနိုင် သော အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် အစိုးရတစ်ရပ်ကိုလည်း USDP ပါတီအနေဖြင့် လွတ်လပ်စွာ တစ်ပါတီတည်းက သီးသန့်ဖွဲ့နိုင် သည့် အနေအထားမှာရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ ဘယ်လို အခင်းအကျင်းနဲ့ သွားမှာလဲ။ တစ်ပါတီကပဲ အစိုးရဖွဲ့ပြီးမှ ဒုတိယအကြိမ် အသွင် ကူးပြောင်းမှု အစိုးရ တစ်နည်းအားဖြင့် လက်ရှိ ၅ နှစ်တာကာလကို တာဝန်ယူ၊ တာဝန်ခံပေးမယ့် အစိုးရတစ်ရပ်အဖြစ် ပုံပေါ်အောင် အနာဂတ် နိုင်ငံတော်ကို တည်ဆောက်ဖို့ သွားမှာလား။ အဲဒီလိုဆိုရင် တစ်ပါတီတည်းနဲ့ ဒီအခင်းအကျင်းပေါ့ လာမယ့် ၅ နှစ်တာ အခင်းအကျင်း။ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်မယ်လို့ ယူဆသလားပေါ့။ အဲဒီလို ဆောင်ရွက်နိုင် တဲ့ အခင်းအကျင်း၊ အနေအထား ရှိသလားပေါ့။ ရှိရင်တော့ သွားမှာပေါ့။ မရှိဘူး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အားလုံး ပူးပေါင်းပါဝင်မှ လိုအပ်မယ်ဆိုရင် အဲဒီလိုမျိုး ခိုင်ခိုင်မာမာ သုံးသပ်ကြ မယ်ဆိုရင်တော့ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဘက်က ပြောတာပါ။ အဲဒီလိုဆိုရင် လာမယ့်ကာလမှာ လွှတ်တော်သည် အောက်လွှတ်တော်၊ အထက်လွှတ်တော်သည် ခိုင်ခိုင်မာမာနဲ့ အဆိုတစ်ရပ်ကို အောင် အောင်မြင်မြင် ဆုံးဖြတ်နိုင်တဲ့ အနေအထား ပြည်ခိုင်ဖြိုးနဲ့ မြန်မာ့တပ်မတော်မှာ ရှိသွားပြီ” ဟု ပြော သည်။

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်
အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက် ပါတီတစ်ခုသည် ပြည်ထောင်စုလွှတ်တော် ၅၈၈ နေရာတွင် ၅၀ ရာခိုင်နှုန်း (၂၉၄ နေရာ) ရရှိရန် လိုအပ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ နောက်ဆုံးပိုင်း မဲရလဒ်များ မသိရသေးခင်အထိ USDP ပါတီသည် ရွေးကောက်ပွဲ အပိုင်း ၂ ပိုင်းတွင် ၁၉၄ နေရာရထားကြောင်း သိရသည်။
ထို့ပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမတ် ၁၆၆ နေရာနှင့် ပေါင်း လိုက်ပါက USDP ပါတီသည် လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၆၀ ကို ရရှိထားပြီး အစိုးရ ဖွဲ့ရန် လိုအပ်သော အများစု ၂၉၄ နေရာထက် ကျော်လွန်နေပြီလည်း ဖြစ်သည်။
၂၀၁၀ ခုနှစ် ဦးသိန်းစိန် လက်ထက်က အသွင်ကူးပြောင်းမှုသည် ယခုလက်ရှိကဲ့သို့ လက်နက်ကိုင် ပဋိပက္ခမရှိဘဲ ဘက်ပေါင်းစုံတွင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ကာ NCA စာချုပ်ကိုလည်း ဆောင်ရွက်နိုင်ခဲ့ သည်။
သို့သော် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့်ကွာခြားကာ ပါတီတစ်ခု တည်းမှ လွှမ်းမိုးသည့် အခင်းအကျင်းသည် အစိုးရနှင့် လွှတ်တော်ကြားတွင် အပြန်အလှန် စစ်ဆေး ထိန်းကျောင်းမှု အားနည်းသွားစေကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို တွေ့ရစဉ်
၎င်းက “အခု အခြေအနေကတော့ ၂၀၁၀ နဲ့ မတူတာက ပဋိပက္ခအရှိန် မြင့်တဲ့အခါကြတော့ ဦးစားပေး အစီအစဉ်က ၂၀၁၀ နဲ့ ကွာသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီကာလမှာ တော့ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ တစ်ဖက်က ကျနော်တို့ တွေ့ဆုံ ဆွေး နွေး ညှိနှိုင်းတာတွေ၊ ဖြေရှင်းတဲ့ ကိစ္စတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်မယ့် လွှတ်တော်၊ ဆောင်ရွက် မယ့် အစိုးရမျိုး ကျနော်ကတော့ ဖြစ်စေချင်တယ်။ ဒါကတော့ ကျနော်တို့ ရင်ထဲက ဆန္ဒပါ။ သို့သော် အခု ကတော့ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ပေါ်ပေါက်လာမလဲ ဆိုတာကိုပဲ စောင့် ကြည့်ရမယ့် သဘော ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပါတီတစ်ခုတည်းက လွှမ်းမိုးတဲ့ အခင်းအကျင်း ဟာ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် စစ်ဆေး ထိန်းကျောင်းမှုကို အားနည်းသွားတာ အမှန်ပါ ပဲ” ဟု ပြောသည်။
လက်ရှိတွင် လွှတ်တော်နေရာ အများစု အနိုင်ရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မြန်မာ့တပ်မတော်တို့ကြား ရွေးကောက်ပွဲပြီးနောက် အစိုးရအဖွဲ့အား ဘယ်လိုဖွဲ့စည်းမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
သို့သော် ထွက်လာသည့် မဲရလဒ် အခြေအနေများအရ တက်လာမည့် အစိုးရသစ်သည် တပ်မတော် ကိုယ်တိုင် ကြီးစိုးဦးစီးသည့် အစိုးရ ဖြစ်နေဦးမည်ဟုလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ် ထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 258
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
အစိုးရသစ်တစ်ရပ် မဖွဲ့စည်းမီ ကြားကာလအတွင်း မန္တလေးမြို့အနေဖြင့် မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မ ရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတ်ကရေးနှင့် သန့်ရှင်းသာယာ လှပရေး တို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လာမည့် မတ်လကုန်တွင် အစိုးရသစ်တစ်ရပ် တက်လာမည်ဖြစ်ကြောင်း၊ အစိုးရသစ် တစ်ရပ်မဖွဲ့စည်းမီ ကြားကာလအတွင်း မန္တလေးမြို့ အနေဖြင့် မြို့သာယာလှပရေး၊ ဖွံ့ခြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြားကာလ ၂ လတာအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် မြို့သာယာလှပရေး လုပ်ငန်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်သွားရန်မှာကြား လိုတယ်”ဟု ပြောသည်။

အဓိက လမ်းမကြီးများ၌ လမ်းလယ်မျဉ်းများ ဆွဲခြင်း၊ လမ်းညွှန်အမှတ်အသားများ အသစ် ပြန်လည် ပြုလုပ်ခြင်း တို့ အပါအဝင် အချိန်တိုအတွင်း ပြီးစီးနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင်သွားရန်လိုကြောင်း၊ လမ်းလယ်ကျွန်း များ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များဖုံးနေခြင်းများကိုလည်း ရှင်းလင်း သွားရန်လိုကြောင်း၊ လမ်း များ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဖြင့်စနစ်တကျ ဆေးကြောခြင်း ဦးစွာ ဆောင်ရွက်ပြီးမှသာလျင် ဆေးသုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။
ထို့နောက် ပလက်ဖောင်းများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ ရေဝင် ထွက်ပေါက်များ ပိတ်ဆို့မှု မရှိစေရေးနှင့် စနစ် တကျ ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးမြို့အတွင်း လေထုညစ်ညမ်းမှုကိုလည်း စစ်ဆေး ဆောင်ရွက်သွားရန်လိုပြီး ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မန္တလေးမြို့သည် အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်လာကြသူများနှင့် ရွှေ့ပြောင်းအခြေချသူများ များပြားလာ ခြင်းကြောင့် လူနေထူထပ်လာပြီး လမ်းများ ပိတ်ဆို့ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာမှုအားနည်း ခြင်း၊ မီးပွိုင့်စနစ်အတိုင်း သွားလာမှုအားနည်းခြင်း၊ ခိုးဆိုးလုယက်မှု ပေါများနေခြင်း စသည့် အခြေအနေများကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 462
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
စွမ်းရည်စွမ်းအားရှိသည့် တပ်မတော် တစ်ရပ်ကို တည်ဆောက်သွားမည်ဆိုပါက မိမိတို့ နိုင်ငံအပေါ် မည်သူကမျှ မလေးမစား ပြုလုပ်နိုင်မည်မဟုတ်ကြောင်း နိုင်ငံလုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ကို တည်ဆောက်သွားမည်ဆိုပါ က မိမိတို့ နိုင်ငံအပေါ် မည်သူကမျှ မလေးမစား ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ ထို့်ကြောင့် စွမ်းရည်စွမ်းအားရှိ သည့် တပ်မတော် တစ်ရပ်ကို အမြဲတမ်း ဆက်လက် ကြိုးပမ်း တည်ဆောက်သွားကြရမည်”ဟု ပြောသည်။
စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်အနေဖြင့် ခေတ်အလိုက် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်လာနေသည့် နည်းပညာများနှင့်အညီ စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့နောက် စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် ရှိသင့်ရှိထိုက်သည်များကို ဖြည့်တင်းပေးနေရမည် ဖြစ်သကဲ့သို့ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်လည်း စစ်သည် တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့ တစ်ဖွဲ့ချင်းစီ အလိုက်မှစ၍ ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိရှိစေရေး၊ စစ်နည်းဗျူဟာ နှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်ပေးနေရမည်ဖြစ် ကြောင်း၊ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာနှင့် စစ်နည်းဗျူဟာများကိုလည်း ခေတ် နှင့်အညီ အသုံးချနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် မြို့ပြများကို လက်လွတ်ခဲ့ရသလို တိုင်းစစ်ဌာနချုပ်တချို့ကို လည်း လက်လွတ်ထားရသည်။
တခြားတစ်ဖက်မှာလည်း လက်နက်ကိုင် အင်အားစုများက ပြည်ထောင်စုလမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီး များပေါ်သို့ တက်ရောက်ကာ စစ်ဆေးရေးများ ပြုလုပ်ခြင်းများလည်း ရှိနေသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော်က တရားဥပဒေစိုးမိုးရေး၊ နယ်မြေ တည်ငြိမ်ရေး၊ နယ်မြေ စိုးမိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
