CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန် နိုင်ငံ၊ အက်စတာနာမြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော် အပြင် အမျိုးသားပြတိုက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က သွားရောက်လေ့လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ် ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ စက်တင်ဘာ ၂၇ ရက်က ရောက်ရှိခဲ့သည်။

ထို့နောက် ကာဇက်စတန်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး နန်းတော် အပါအဝင် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့သည်။

ကာဇက်စတန်နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သည် ပိရမစ်ပုံစံ ဒီဇိုင်း ရေးဆွဲ တည်ဆောက်ထားသည့် ခေတ်မီ အဆောက်အအုံတစ်ခုဖြစ်ပြီး စုစုပေါင်း ဧရိယာစတုန်းပေ ၃၀၀,၀၀၀ (စတုရန်း မီတာ ၂၈,၀၀၀) ကျယ်ဝန်းပြီး ၆၂ မီတာ(၂၀၃ ပေ)မြင့်သော အဆောက်အအုံ ဖြစ်သည်။

အဆိုပါ နန်းတော်တွင် ဘာသာရေး အခမ်းအနားများ၊ ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ပွဲတော်များနှင့် အမျိုးသားရေး ညီလာခံ အခမ်းအနားများ ကျင်းပကြောင်း သိရသည်။

ထို့နောက် ကာဇက်စတန်နိုင်ငံ အမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်းသစ်ဆုံး ပြတိုက် တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့သည်။

ထိုပြတိုက်တွင် ခန်းမ ၁၁ ခု ပါဝင်ကြောင်း၊ ထိုခန်းမများတွင် ယခင် ခေတ်မှ ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့သော ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများစွာကို ပုံဖော်ပြသထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားပြတိုက်အား အပတ်စဉ် တနင်္လာနေ့တိုင်းပိတ်၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၁၀ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ထားသည်။