CNI International News

ပြုံယမ်း၊ မေလ ၂၉

မြောက်ကိုရီးယားသည် မေလ ၂၇ ရက်က စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တု အသစ်တစ်စင်းကို လွှတ်တင်ခဲ့ သော်လည်း ထိုဂြိုဟ်တုကို တင်ဆောင်သွားသည့် ဒုံးပျံ၏ အင်ဂျင်သည် ပျံသန်းနေချိန်တွင် ပေါက်ကွဲသွားခဲ့သဖြင့် အောင်မြင်ခြင်း မရှိခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ၎င်း၏ ပထမဆုံး ကင်းထောက်ဂြိုဟ်တု တစ်စင်းကို ပတ်လမ်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုများသည် ပဲ့ထိန်းဒုံးကျည် နည်းပညာကို အသုံးပြုခွင့် တားမြစ်ထားသည့် ကုလသမဂ္ဂ၏ တားမြစ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။

"ဂြိုဟ်တုကို တင်ဆောင်သွားတဲ့ ဒုံးပျံအင်ဂျင်ရဲ့ ပထမအဆင့်ဟာ လေထုထဲမှာပဲ ပေါက်ကွဲသွားပြီး ဂြိုဟ်တု လွှတ်တင်မှုဟာ အောင်မြင်ခြင်း မရှိခဲ့ပါဘူး"ဟု မြောက်ကိုရီးယား၏ အမျိုးသားလေကြောင်းအာကာသ နည်းပညာ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

 မြောက်ကိုရီးယားရဲ့ ကင်းထောက်ဂြိုဟ်တုကို တွေ့ရစဉ်

ကနဦး လေ့လာချက်များအရ အသစ်တီထွင် ထုတ်လုပ်ခဲ့သည့် လောင်စာရည်သုံး ဒုံးပျံမော်တာကြောင့် ထိုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ရသည်ဟု ယူဆထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ အရာရှိများကလည်း မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုသည် အောင်မြင်ခဲ့ခြင်းမရှိကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပင်လယ်ဝါ (Yellow Sea) ပေါ်မှဖြတ်၍ အမျိုးအမည်မသိ ဒုံးတစ်စင်းကို လွှတ်တင်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ထိုဒုံးယာဉ်သည် ပေါက်ကွဲခဲ့ကာ အပျက်အစီး အပိုင်းအစများသည် ပင်လယ်ထဲသို့ ကျသွားခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်လွှတ်တင်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတောင်ပိုင်း အိုကီနာဝါ (Okinawa) စီရင်စုနယ်တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် ထိုသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

Source: ရိုက်တာ