CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၃

ဘရာဇီးလ် လက်ရွေးစင်အသင်း နည်းပြသစ် ဖြစ်လာခဲ့တဲ့ အန်ဆယ်လော့တီဟာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စီမီရိုကို နိုင်ငံအသင်း လူစာရင်းထဲ ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ကတ်စီမီရိုဟာ ၂၀၂၃ ခုနှစ်၊ မတ်လက ဘရာဇီးလ်အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ် ခြင်းခံခဲ့ရပေမယ့် ယူနိုက်တက်အသင်းမှာ ဆိုးရွားတဲ့ပုံစံတွေကြောင့် ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ 

ကတ်စီမီရိုဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး ဒီပွဲမှာ ဘရာဇီးလ်အသင်းဟာ ဥရုဂွေးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ကတ်စီမီရိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးထားတာပါ။

ကတ်စီမီရိုနဲ့ အန်ဆယ်လော့တီတို့ဟာ ရီးရယ်လ်အသင်းမှာ အတူလက်တွဲ အလုပ်လုပ်ခဲ့ချိန်က အလွန် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

ကတ်စီမီရိုကို တွေ့ရစဉ်

အဲဒါကြောင့် အန်ဆယ်လော့တီဟာ ကတ်စီမီရိုကို ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်လည်ခေါ်ယူပြီး သူ့ရဲ့ ဦးဆောင်မှုနဲ့ အတွေ့အကြုံတွေကို အဝတ်လဲခန်းထဲ ယူဆောင်လာချင်နေတာပါ။ 

ဘရာဇီးလ်အသင်းအတွက် ၂၀၁၁ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ ကတ်စီမီရိုဟာ ၇၅ ပွဲပါဝင်ကစားထားပြီး ၇ ဂိုးသွင်း ယူကာ ၂၀၁၉ ကိုပါအမေရိကဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ လာမယ့် ဇွန်လမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲတွေအဖြစ် အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဘရာဇီးလ်အသင်းအနေနဲ့ ဒီ ၂ ပွဲစလုံး အနိုင်ရခဲ့ရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်သွားမှာ ဖြစ်ပါတယ်။ 

ကတ်စီမီရိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ အပါအဝင် ဒီရာသီ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: metro