CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၁

ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာဟာ ဇွန်လမှာ ကျင်းပမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်း ထုတ်ပြန်ခဲ့တာမှာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စမဲရိုးကို ချန်လှပ်သွား ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းအတွက် ၇၅ ပွဲ ပါဝင်ကစားထားတဲ့ ကတ်စမဲရိုးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ဝေဖန်မှုတွေ အများအပြား ခံနေရတာပါ။

ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်ဂျူနီယာကတော့ ကတ်စမဲရိုးရဲ့ လက်ရှိ အခြေအနေတွေကြောင့်သာ ချန်လှပ်ခဲ့ ပေမယ့် အနာဂတ်မှာ သူဟာ လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်း လူစာရင်းမှာ ကတ်စမဲရိုးအပြင် အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဆပ်စ်နဲ့ စပါးအသင်း တိုက်စစ်မှူး ရစ်ချာလီဆန်တို့လည်း ချန်လှပ်ခံခဲ့ရပါတယ်။

နေမာကလည်း ဒူးအရွတ် ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်နေတဲ့အတွက် ဘရာဇီးလ် အသင်း လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ 

ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်း လူစာရင်းမှာ ပရီးမီးယားလိဂ်က ၉ ဦးအထိ ရွေးချယ်ခဲ့ပါတယ်။ 

 ဘရာဇီးလ်အသင်းလူစာရင်းကိုတွေ့ရစဉ်

ဒီကစားသမားတွေကတော့ လီဗာပူးလ်အသင်းဂိုးသမား အလီဆန်၊ မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်၊ အာဆင်နယ်အသင်းက ဂါဘရီရယ်လ်နဲ့ မာတင်နယ်လီ၊ နယူးကာဆယ်အသင်းက ဘရူနိုဂွီမာရေ့စ်၊ ဗီလာအသင်းက ဒေါက်ကလပ်စ်လူးဝစ်ဇ်၊ ဖူလ်ဟမ်အသင်းက ပါရဲရား၊ ဝက်စ်ဟမ်းအသင်းက ပါကွေတာနဲ့ ဝုလ်ဗ်စ်အသင်းက ဂိုးမက်စ်တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂလန်၊ စပိန်အသင်းတို့နဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး အန်းဒရစ်လည်း ဒီလူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင်မှာ မက္ကဆီကို၊ အမေရိကန်အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပါတယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကော်စတာရီကာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: ESPN