CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၂

မန်စီးတီးအသင်းဂိုးသမား အီဒါဆန်ဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၄ ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။

အီဒါဆန်ဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာမှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ကုသမှုခံယူခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာ ဂိုးသမား အော်တီဂါနဲ့ လူစားလဲ ခဲ့ရတာပါ။ 

အီဒါဆန်ဟာ ဒဏ်ရာကြောင့် အနားယူရမှာဖြစ်လို့ ဒီအပတ်ထဲ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ပွဲမှာ မန်စီးတီး အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်သလို မတ်လ ၃၁ ရက်မှာ ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုလည်း လွဲချော်နိုင်တာ ဖြစ်ပါတယ်။

ဒါအပြင် အီဒါဆန်ဟာ ဒီလထဲ အင်္ဂလန်၊ စပိန်အသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ဘရာဇီးလ်အသင်းအတွက် မပါဝင်နိုင်တော့တာပါ။ 

အီဒါဆန်အပြင် လီဗာပူးလ်အသင်း ဂိုးသမား အလီဆန်ဟာ ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းအတွက် ပါဝင် နိုင်မှာ မဟုတ်လို့ ဘရာဇီးလ်အသင်း နည်းပြသစ် ဒိုရီဗယ်လ်ဂျူနီယာ အနေနဲ့ ဂိုးသမား နေရာအတွက် ခေါင်းခဲရနိုင်တာ ဖြစ်ပါတယ်။ 

 အီဒါဆန်ကို တွေ့ရစဉ်

ဘရာဇီးလ်အသင်း လူစာရင်းမှာ ပါဝင်နေတဲ့ မာကွင်ဟိုစ်နဲ့ မာတင်နယ်လီတို့လည်း ဒဏ်ရာရရှိနေတာကြောင့် သူတို့နေရာမှာ ဖာဘရီဇီယိုဘရူနိုနဲ့ ဂါလီနိုတို့ကို အစားထိုး ရွေးချယ်ခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ မတ် ၂၃ ရက်မှာ အင်္ဂလန်၊ ၂၆ ရက်မှာ စပိန်အသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဇွန်ထဲမှာ မက္ကဆီကို၊ အမေရိကန်အသင်းတို့နဲ့ ခြေစမ်းပွဲ ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ဇွန်ထဲမှာ ကိုပါအမေရိကဖလားပြိုင်ပွဲအဖြစ် အုပ်စု D မှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကွန်ကာကပ်ဖ်ပလေးအော့ဖ်ဇုန်က အနိုင်ရတဲ့အသင်းနဲ့ ကျရောက်နေတာပါ။ 

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၉ ကြိမ်အထိ ရရှိထားတာ ဖြစ်ပါတယ်။ 

Source: ESPN