CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၂

ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပေမယ့် နည်းပြ ပိုချက်တီနိုက ကစားသမားတွေကို ရင့်ကျက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပိုချက်တီနိုက “ဒီနိုင်ပွဲဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ၃ မှတ်ဖြစ်ပြီး အလွန်ကောင်းမွန်တဲ့အသင်း တစ်သင်းကို အနိုင်ယူခဲ့ပါတယ်။ ဂိုးတွေပေးရတဲ့အတွက်တော့ ကျနော်စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ အနည်းဆုံးတော့ ပိုရင့်ကျက်ဖို့လိုသလို ဒီလိုအခြေအနေတွေထက် ပိုကောင်းတဲ့ စွမ်းရည်ကိုပြသရမှာပါ။ တိုက်စစ်ကစားသမား တွေလည်း ယုံကြည်မှုရှိဖို့ အရေးကြီးပြီး ဂိုးသွင်းနိုင်ရင် နိုင်ပွဲတွေရမယ်ဆိုတာ သိပါတယ်။ ဒါတွေကို ခြုံငုံပြီး ပြောရရင်တော့ ကျနော်ပျော်ရွှင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ နောက်ဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ဂျက်ဆန်၊ ပါလ်မာနဲ့ မူဒရစ်တို့က သွင်းယူခဲ့ပြီး နယူးကာဆယ်အသင်း အတွက် ဂိုးတွေကို အိုင်ဆက်ခ်နဲ့ မာဖီတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ၁ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးခဲ့တဲ့ ပါလ်မာဟာ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီး အသင်းကနေ ရောက်ရှိလာပြီးကတည်းက အသင်းအတွက် ၁၁ ဂိုးသွင်းပြီး ၈ ဂိုးဖန်တီးထားတာပါ။

ပိုချက်တီနိုကို တွေ့ရစဉ်

နည်းပြ ပိုချက်တီနိုကတော့ ချယ်လ်ဆီးအသင်း နိုင်ပွဲရယူနိုင်လို့ ပျော်ရွှင်နေပေမယ့် ဂိုးတွေပြန်ပေးရတာကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် အဆင့် ၇ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၄ မှတ်သာ ကွာဟတော့တာကြောင့် ဥရောပဝင်ခွင့် နေရာအတွက် မျှော်လင့်ချက်တွေ ရှင်သန်နေတာပါ။

ဒါအပြင် ချယ်လ်ဆီးအသင်းဟာ လက်ကျန်ပွဲ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ကစားသမား တွေရဲ့ ဒဏ်ရာတွေကြောင့် ရလဒ်တွေဆိုးနေပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။ 

အခုလာမယ့် အပတ်မှာတော့ ချယ်လ်ဆီးအသင်းဟာ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်အသင်းက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:Express