CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၂

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) အုပ်စုပွဲစဉ်အဖြစ် အခုလကုန်ပိုင်းမှာ ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ရဲ့ ပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ပြုံယမ်းမှာ ကစားမယ်လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က အတည် ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး ခြေစစ်ပွဲ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို မြောက်ကိုရီးယားမှာ မကစားဘဲ ကြားကွင်းအဖြစ် ဆော်ဒီနိုင်ငံမှာ ပြောင်းရွှေ့ကျင်းပခဲ့တာပါ။ 

ဂျပန်ဘောလုံးအဖွဲ့ချုပ်က အမျိုးသမီးပွဲကို ပြုံယမ်းကနေ ပြောင်းရွှေ့ပြီး ကျင်းပဖို့ တောင်းဆိုခဲ့ပေမယ့် မတ်လ ၂၆ ရက်မှာ ကစားမယ့် အမျိုးသားပွဲကိုတော့ ပရိသတ်ဦးရေ ၅၀,၀၀၀ ဝင်ဆံ့တဲ့ Kim Il Sung အားကစားကွင်းမှာ ယှဉ်ပြိုင်မယ်လို့  အကြောင်းကြားထားတာ ဖြစ်ပါတယ်။ 

ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ဟာ ပြုံယမ်းပွဲစဉ် မတိုင်ခင် မတ်လ ၂၁ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တိုကျိုအားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။

ဂျပန်အသင်းနဲ့ မြောက်ကိုရီးယားအသင်း ယှဉ်ပြိုင်နေစဉ်

ဂျပန်အသင်းဟာ လက်ရှိအချိန်မှာ ခြေစစ်ပွဲ ၂ ပွဲ ကစားထားပြီး မြန်မာနဲ့ ဆီးရီးယားအသင်းတို့ကို အနိုင်ရရှိ ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အသင်းကတော့ ခြေစစ်ပွဲ ၂ ပွဲ ကစားအပြီးမှာ ဆီးရီးယားအသင်းကို အရေးနိမ့်ကာ မြန်မာ အသင်းကို ဂိုးပြတ်အနိုင်ရရှိထားတာပါ။ 

ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ဟာ ၂၀၁၇ က အရှေ့အာရှ ချန်ပီယံရှစ်ပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံထားပြီး ဂျပန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ပြုံယမ်းမှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ 

မြောက်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့လတွေမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် တရုတ်ကလပ် တွေနဲ့ ခြေစမ်းပွဲ ၃ ပွဲ ကစားခဲ့တာမှာ ၂ ပွဲနိုင် ၁ ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ 

ဂျပန်အသင်းကတော့ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA