CNI International News

ပြုံယမ်း၊ မေ ၁၆

ပြည်တွင်း၌ ပထမဆုံး Covid-19 အတည်ပြုဖြစ်ပွားပြီးနောက် ကပ်ရောဂါတွန်းလှန်ရေး မြို့တော်ပြုံယမ်း၌ ဆေးဝါးဖြန့်ဖြူးမှု အခြေအနေကို တည်ငြိမ်စွာ လုပ်ဆောင်ကြရန် မြောက်ကိုရီးယားစစ်တပ်ကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမိန့်ပေးထားကြောင်း အစိုးရမီဒီယာက ထုတ်လွှင့်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် မြောက်ကိုရီးယား၌ရောဂါပိုး စတင်ပျံ့နှံ့ခဲ့ပြီးနောက် ယင်းကပ်ရောဂါသည် အကန့်အသတ်ဖြင့်သာရှိသည့် ဆေးဝါးကိရိယာအထောက်အပံ့နှင့် ကာကွယ်ဆေးအစီအစဉ် မရေးဆွဲရသေးသော တိုင်းပြည်ကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

ပြုံယမ်းမြို့အနီး တေးဒုန် (Taedong) မြစ်အနီးရှိ ဆေးဆိုင်များကို သွားရောက်မကြည့်ရှုမီ မေလ ၁၅ ရက်၌ အာဏာရပါတီ၏ နိုင်ငံရေးဦးဆောင်အဖွဲ့(ပေါ်လစ်ဗျူရို)အစည်းအဝေး၌ “အစိုးရ ဖြန့်ဖြူးပေးသော ဆေးဝါးများ လူထုထဲသို့ လျင်မြန်စွာ (သို့မဟုတ်) တိကျစွာ မရောက်ခဲ့ခြင်းကို မိမိသိရှိကြောင်း” ကင်မ်ဂျုံအန်းက ပြောကြား ခဲ့သည်ဟု မြောက်ကိုရီးယား KCNA မီဒီယာက ထုတ်လွှင့်ခဲ့သည်။

ပြုံယမ်းမြို့တော်အတွင်း ဆေးဝါးအထောက်အပံ့ပေးနေမှု တည်ငြိမ်စေရန် စစ်တပ်ထဲမှ အင်အားကြီးမားသော တပ်ဖွဲ့များ ချက်ချင်းတပ်ဖြန့်ကြဖို့ ကင်မ်က အမိန့်ပေးခဲ့သည်။

“အာဏာပိုင်များက နိုင်ငံအတွက် အရန်ထားရှိသော ဆေးဝါးများ ဖြန့်ဖြူးကြရန် အမိန့်ပေးထားသော်လည်း ဆေးဆိုင်များသည် ၎င်းတို့ပုံမှန်လည်ပတ်ရောင်းချပေးရန် ကောင်းစွာ ပြင်ဆင်ထားခြင်းမရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ဆေးဆိုင်များ၏ချို့ယွင်းချက်များထဲတွင် ဆေးဝါးများ လုံလောက်စွာ သိုလှောင်ထားမှုမရှိခြင်း၊ ဝန်ထမ်းများ တကိုယ်ရေသန့်ရှင်းမှု မရှိခြင်းကြောင့် စံနှုန်းများ ပျက်ပြားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဆက်ဆံရေးအတွက် တာဝန်ယူထားသော ဆိုးလ်(တောင်ကိုရီးယား)ဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ကာကွယ်ဆေးများ၊ နှာခေါင်းစည်းများ၊ စမ်းသပ်ကိရိယာများအပါအဝင် ဆေးဘက်ဆိုင်ရာအထောက်အပံ့များ ပေးအပ်ရန် လုပ်ငန်းအဆင့်ဆွေးနွေးပွဲကျင်းပဖို့ အဆိုပြုထားသော်လည်း မြောက်ကိုရီးယားက ယင်းသတင်းစကားကို လက်ခံရရှိခြင်း မရှိသေးကြောင်း တုံ့ပြန်ခဲ့သည်။

နိုင်ငံရေးကိစ္စ မျှော်လင့်ချက်မပါဘဲ လူသားချင်းစာနာမှုနှင့် ရောဂါတိုက်ဖျက်ရေးတို့အတွက် ကူညီသွားမည် ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ Covid-19 ကာကွယ်ဆေးနှင့် အခြားဆေးအကူအညီများ ပံ့ပိုးပေးရန် အဆင်သင့် ရှိကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲက ပြောကြားခဲ့သည်။

“တကယ်လို့ မြောက်ကိုရီးယား တုံ့ပြန်မယ်ဆိုရင် Covid ကာကွယ်ဆေး၊ ဆေးဘက်ကိရိယာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပါအဝင် လိုအပ်တဲ့အထောက်အပံ့တွေအတွက် ကျနော် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး” ဟု လွှတ်တော်မိန့်ခွန်းတွင် ယွန်ဆော့ရွဲက ထည့်သွင်းပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရပြီး ဖျားနာနေသူ နောက်ထပ် ၃၉၂,၉၂၀ နှင့် သေဆုံးသူ ၈ ဦး တိုးလာခဲ့ကြောင်း၊ စုစုပေါင်း ဖြစ်ပွားသူအရေအတွက် ၁,၂၁၃,၅၅၀ နှင့် ယခုအချိန်အထိ သေဆုံးသူ ၅၀ ရှိသွားပြီဖြစ်ကြောင်း KCNA က သတင်းဖော်ပြသော်လည်း ကူးစက်ခံရသည်ဟုသံသယရှိသူ ဦးရေကိုတော့ ဖော်ပြထားခြင်း မရှိပေ။

ကိုရိုနာဗိုင်းရပ် အိုမီခရွန်မျိုးကွဲနှင့် မှန်ကန်စွာကုသနည်း အသိပညာဗဟုသုတနည်းပါး၍ ဆေးဝါးသတိလက်လွတ် သုံးစွဲမိခြင်းကြောင့် သေဆုံးမှုအများအပြားရှိခဲ့ခြင်းကိုလည်း မြောက်ကိုရီးယားအာဏာပိုင်များက အပြစ်တင်ထား သည်။

Source: Reuters