CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၇

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ လေးကေ့ကော်တိုက်ပွဲရှောင်စခန်းတွင် အလှူရှင်မရှိသဖြင့် သောက်သုံးရေ အခက်အခဲဖြစ်နေကာ သောင်ရင်းမြစ်မှ ရေကို သောက်သုံးရေ၊ ဟင်းချက်ရေအဖြစ် အသုံးပြုနေရကြောင်း လေးကေ့ကော်တိုက်ပွဲရှောင် မဥမ္မာက CNI သတင်းဌာနသို့ ပြောသည်။

ယခုလ မိုးရွာသွန်းမှုကြောင့် တောင်ကျမိုးရေများသည် သောင်ရင်းမြစ်သို့ စီးဆင်းသည့်အတွက် မြစ်ရေမှာ နောက်ကျိလာပြီး သောက်သုံးမရသည့် အခြေအနေကြောင့် အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။

မဥမ္မာက “ရေကတော့ အခက်အခဲရှိတယ်။ မိုးကရွာတော့ ချောင်းက ရေက မသန့်တော့ဘူး။ အဲဒီရေတွေပဲ သောက်သုံးနေရတာပေါ့။ ညအိပ်ခံ ခံပြီးတော့ သူ့ရဲ့အကြည်ကို စောင့်ပြီးတော့ စစ်စစ်ပြီး သောက်ရတာပေါ့။ အဓိကကတော့ ရေပေါ့။ ရေအခက်ခဲဖြစ်တယ်။ သောက်သုံးရေမရှိဘူး ချိုးဖို့ရေမရှိဘူး။ ချိုးမယ်ဆိုလည်း အဲဒီ ချောင်းက ဗွက်ရေပဲရှိတယ်။ တောင်ပေါ်ကဆင်းလာတဲ့ ဗွက်ရေ။ အဲဒီတော့ ပြန်ခပ်ပြီးတော့ တာလဘက်ထဲ ထည့်ပြီးတော့ တစ်ညအိပ်၊ အကြည်လေးနည်းနည်းပါးပါးခံပြီးတော့ ထမင်းဟင်းချက် အဲဒီလိုမျိုးပဲလုပ်ရတာပေါ့။ မိုးကလည်းရွာလိုက်ရင် ခဏ။ မိုးရေခံဖို့ကလည်း မရ။ မိုးလေးတစ်မတ်ရွာတာနဲ့ ချောင်းက နောက်ပျစ်။ သူက နွေဘက်ကျတော့ ကြည်တယ်။ သောက်သုံးလို့ရတယ်။ ဟင်းချက်လို့ရတယ်။ အခု မိုးတွင်းကျတော့ လုံးလုံးကို မရတော့တဲ့ အဆင့်ဖြစ်သွားတယ်။ အရင်ကကျတော့ အလှူရှင်တွေလာတယ်။ အခုက အလှူရှင်တွေ မရောက်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

လေးကေ့ကော်တိုက်ပွဲရှောင်စခန်းသို့ ယခင်က နှစ်ရက်၊ သုံးရက်နေလျှင် တစ်ခါ ရေသန့်ဘူးများ လာရောက် လှူဒါန်းကြသော်လည်း လက်ရှိတွင် အလှူရှင်များ လာရောက်လှူဒါန်းခြင်းမရှိသည်မှာ တစ်လကျော် နှစ်လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

သောင်ရင်းမြစ်ဘေးတွင် တိုက်ပွဲရှောင်ဒေသခံ ၅၀၀၀(ငါးထောင်)ကျော်ရှိကာ ၎င်းတို့သည် သောင်ရင်းမြစ်မှရေကို အသုံးပြု၍ ချက်ပြုတ် စားသောက်နေရခြင်းဖြစ်ကာ လက်ရှိတွင် မိုးရာသီသို့ မရောက်ရှိသေးသဖြင့် ဝမ်းပျက်ဝမ်းလျှောနှင့် အခြားကျန်းမာရေးပိုင်းကိစ္စရပ်များ မဖြစ်ပွားသေးကြောင်း သိရသည်။

မဥမ္မာက“အခုက အ‌ဆောင်လေးကျတော့ ဝါးလေးတွေနဲ့ တဲလေးတွေ ထိုးထားပေးတော့ မိုးကတော့ လုံပါတယ်။ မိုးလုံလေလုံပါပဲ။ နေတာကတော့ သိပ်ပြီးတော့ အခက်အခဲမဖြစ်ပါဘူး။ ဖက်လေးလည်း မိုးပေးတယ်။ ဝါးလေး လည်း အိမ်သေးသေးလေးတွေ ဆောက်ထားပေးတယ်။ လေးကေ့ကော်၊ ဝါးခီး၊ ဘဲဟိကလော် အဲဒီ ၃ ရွာက‌တော့ ရွာလုံးကျွတ်ပဲ။ တစ်ယောက်မှ အထဲဝင်နေလို့မရဘူး။ ပြန်တာကတော့ ပြန်ချင်တာပေါ့။ ဝင်လို့မှမရတာ။ ‌ပေးမဝင်ဘူး။ လုံးဝပေးမဝင်ဘူးလေ။ မသိဘူး ဘာဖြစ်လဲတော့ .. လုံးဝ အဲဒီရွာ ၃ ရွာကတော့ ဝင်ပိုင်ခွင့်မရှိဘူး။ ကျမတို့ ချောင်းနံ‌ဘေးမှာပဲပေါ့။ နေရာအနှံ့ပေါ့ အဲဒီချောင်းနံဘေးတစ်ခုတည်းမဟုတ်ဘူး။ ချောင်းဘေး ချောင်းဘေးတိုင်းမှာရှိတယ်”ဟု CNI သို့ ပြောသည်။

ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် လေးကေ့ကော် ဒေသခံ များသည် ထိုင်းဘက်နှင့် သောင်ရင်းမြစ်အနီးတို့တွင် တိုက်ပွဲရှောင်နေရခြင်းဖြစ်သည်။

လက်ရှိတွင်လည်း နေ့စဉ် ပြောက်ကျားတိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်သတင်းဌာနတစ်ခုဖြစ်သည့် KIC ၏ ဖော်ပြချက်အရသိရသည်။

လေးကေ့ကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ ၊ ကနဲလေး၊ တဥုထ၊ တနော့ထ၊ သေ့ဘောဘိုး ၊ ကလော့ ထော်၊ စုကလိ စသည့် ဒေသဘက်အထိ အစုအဖွဲ့အလိုက် တိုက်ပွဲရှောင် နေကြရသူ ၁၅၀၀၀ (တစ်သောင်း ငါးထောင်)ကျော်ရှိကြောင်းလည်း သိရသည်။