CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း အပါအဝင် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်များမှ တိုက်ပွဲရှောင်လာသည့် တိုက်ပွဲရှောင်များ၏ ကလေးများကို ရန်ကုန်တွင် ကျောင်းအပ်နှံခွင့် ခေတ္တ ရပ်ဆိုင်းထားကြောင်း ညွှန်ကြားထားသည်ဟု မိသားစုများထံမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှာ နေထိုင်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်မှ ပြောင်းရွှေ့လာသော အထက်တန်းကျောင်းသူတစ်ဦးသည် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းအပ် နှံရာ၌ ကျောင်းအပ်နှံခြင်းကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲရှောင် ကလေးငယ်များကို ကိုယ်ပိုင်အထက်တန်းကျောင်းအပြင် အစိုးရကျောင်းတွင်လည်း အပ်နှံခွင့် မပြုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ထားသည်ဟု ကြားသိရကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကလေးတွေ ကျောင်းအပ်တဲ့အချိန်မှာ ရှမ်းမြောက်ရယ်၊ ရှမ်းအရှေ့ရယ်၊ ကယားရယ်၊ ရခိုင်ရယ်၊ ချင်းရယ် ကလာတဲ့ ကလေးတွေပေါ့ဗျာ။ စစ်ရှောင်တွေ သားသမီးတွေရဲ့ ကလေးတွေက ကျောင်းအပ်ခွင့် မပေးဘူး ရန်ကုန် မှာ အဲဒီလို ဖြစ်နေတယ်။ ညွှန်ကြားချက်ကို ထုတ်ထားတာ ပြည်ထဲရေးဝန်ကြီးဌာနကတဲ့။ ကိုယ်ပိုင်အထက်တန်း ကျောင်းလည်း အပ်လို့မရဘူး။ ဒီပြင် အစိုးရကျောင်းလည်း အပ်လို့မရဘူး ဖြစ်နေတယ်တဲ့။ အဲဒီပြည်နယ် ၄ ခုက ဟာကို ကျောင်းအပ်ခွင့် ခေတ္တရပ်ဆိုင်းထားတယ်ဆိုပြီး ညွှန်ကြားချက်ရှိတယ်” ဟု ပြောသည်။

ကလေးငယ်များ ကျောင်းအပ်နှံနေစဉ် 

ထို့ပြင် ကျောင်းထွက်လက်မှတ် မရှိဆိုသည့် အကြောင်းပြချက်ဖြင့် ချင်း၊ ကယား၊ ရခိုင်နှင့် ရှမ်းပြည်နယ်မှ လာ သော တိုက်ပွဲရှောင်များကိုလည်း ကျောင်းအပ်နှံခွင့် တားမြစ်မှုများ ရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသမှ ရှောင်လာကြသည့် သူများအနေဖြင့် ကျောင်းထွက်လက်မှတ် လုပ်ဆောင်ရန် ကျောင်းမရှိသလို ဆရာ/ဆရာမ မရှိသည့်အတွက် အဆင်မပြေဖြစ်နေကြောင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော့် ကလေးတွေထဲတော့ မတွေ့ပေမယ့် ပြောနေတာတော့ မှော်ဘီတို့၊ တိုက်ကြီးတို့ဘက်မှာ အဲဒီလို ပြောသံတော့ ကြားတယ်။ ချင်းက လာတဲ့သူတွေ ကျောင်းထွက်လက်မှတ် မရှိဘူး၊ သူတို့ အကြောင်းပြတာက ကျောင်းထွက်လက်မှတ် မရှိတဲ့အကြောင်းပြတယ်။ ကျောင်းထွက်လက်မှတ်က ကျောင်းတောင်မရှိဘဲ ဆရာ၊ ဆရာမ မရှိဘဲ ဘယ်လိုလုပ် ရမှာလဲ။ ဒီမှာကျတော့ တိုင်းနဲ့ပြည်နယ်ကို မပြောဘဲနဲ့ ကျောင်းထွက်လက်မှတ် မပါလို့ဆိုတဲ့ဟာပဲ ကန့်သတ်တာ” ဟု ပြောသည်။

အစိုးရအနေဖြင့်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်သော်လည်းကောင်း တိုက်ပွဲရှောင် ကလေး များအတွက် ကျောင်းထွက်လက်မှတ် ရရှိရေး ယာယီပညာရေးမှူးရုံးများ ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန် လိုအပ် သည်ဟု ထောက်ပြကြသည်။

ယခုကဲ့သို့ ပညာရေးနှင့်ပတ်သက်ပြီး ကန့်သတ်မှု ဖြစ်ပေါ်နေခြင်းသည် ပညာရေးကို ညွှန်ကြားနေသည့် အုပ်ချုပ် ရေးပိုင်း တာဝန်ရှိသူများမှ ညွှန်ကြား၍သာ ပညာရေးကျောင်းများမှ ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များ ကျောင်းအပ်နှံနေစဉ် 

၎င်းက “အဲဒီတော့ သူတို့က အဲဒီလို ပြောလာတယ်ဆိုကတည်းက ညွှန်ကြားချက်ရှိလို့ သူတို့ပြောရဲတာ။ ညွှန်ကြား ချက် ဆိုသည်မှာ သူတို့ကို ညွှန်ကြားနိုင်သော အဖွဲ့အစည်း၊ ပညာရေးဆို ပညာရေးကို ဘယ်သူ ညွှန်ကြားမလဲ။ အဲဒီ ပညာရေးကို ဘယ်အဆင့်လောက်က ပြည်နယ်နဲ့တိုင်းအဆင့်မှာ အုပ်ချုပ်ရေးပါ ပါလာလိမ့်မယ်။ အဲဒီတော့ အဲဒီလို နေရာတွေကနေ ညွှန်ကြားလို့သာလျှင် ဒါကို ဖွင့်ပြောရဲတာ” ဟု ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရည် မြင့်မားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလည်း ပိုမိုလျင်မြန် မြန်ဆန်စွာဖြင့် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများ စနစ်တကျ ဖြစ်စေရေး၊ သတ်မှတ် စံနှုန်းများ ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောထားသည်။ 

ထို့နောက် ပညာရေး အားပေးမှသာ ကျေးလက်တွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမည်ဖြစ်ပြီး ကျောင်း ပညာရေးကို အားပေးမှု မရှိပါက နောင်အနာဂတ်၌ မိမိတို့ ကလေးငယ်များ အနေဖြင့် ဘဝလမ်းခရီးကို ခက်ခဲစွာ ဖြတ်သန်းရမည်ကို သတိပြုမိကြရန်လိုကြောင်းလည်း ၎င်းက ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံပြီး ဇွန်လ ၁ ရက်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။