CNI International News

ပြုံယမ်း၊ မေလ ၁၂

မြောက်ကိုရီးယားသည် ယခုအချိန်ကျမှ ၎င်းနိုင်ငံအတွင်း ပထမဆုံး Covid-19 ဖြစ်ပွားမှုကို အတည်ပြု သတင်းထုတ်ပြန်ခဲ့ရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မှုများ တိုးလာခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

မြို့တော် ပြုံယမ်းတွင် နေထိုင်သူများ၌ ကူးစက်နိုင်သော အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ BA.2 ကို တွေ့ရှိခဲ့ရကြောင်း အစိုးရ အာဘော် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA)က ယနေ့ (မေလ ၁၂ ရက်)တွင် သတင်းထုတ်ပြန် ခဲ့သော်လည်း အတည်ပြု လူနာအရေအတွက် အသေးစိတ်ဖြင့် ဖော်ပြခြင်း မရှိပါ။

“ပြည်တွင်း၌ အရေးပေါ် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစ၍ ပြီးခဲ့သည့် ၂ နှစ်နှင့် ၃ လတာ ကာလအထိ ထိန်းသိမ်းနိုင်ခဲ့သော ကျိုးပေါက်မှုတစ်ခု ယခု စတင်ဖြစ်ပွားခဲ့ကြောင်း” အစိုးရအသံလွှင့်ဌာနက ထုတ်လွှင့်သွား ခဲ့သည်။

ပြုံယမ်းတွင် လတ်တလော အခြေအနေ၌ အမြင့်ဆုံး ထိန်းချုပ်ရေး ကြိုးပမ်း လုပ်ဆောင်နေကြောင်း ၎င်းထုတ်လွှင့်ချက်အရ သိရသည်။

ကင်မ်ဂျုံအန်းသည် စက်ရုံများ၊ စီးပွားရေး လုပ်ငန်းများ ပိတ်ထားစေပြီး အန္တရယ်ရှိသော ဗိုင်းရပ်စ် ပျံ့နှံ့မှုအတွက် လစ်ဟာ မှုများကို အပြည့်အဝ ဟန့်တားကြရန်၊ နိုင်ငံတဝန်းရှိ မြို့များနှင့်ခရိုင်အားလုံး အတားအဆီးများ ချမှတ်ရန် ညွှန်ကြားခဲ့ကြောင်း သတင်း ဆက်လက် ထုတ်လွှင့်ခဲ့သည်။

မြောက်ကိုရီးယားက ကိုဗစ် ထိန်းချုပ်ရေး လုပ်ဆောင်နေမှု(AFP)

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကတည်းက နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သော မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် Covid-19 ဖြစ်ပွားမှု သတင်းမထုတ်ပြန်သည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်ခဲ့သော်လည်း ကုန်းမြေချင်း ထိစပ်နေသော တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ သံသယရှိကြောင်း လေ့လာဆန်းစစ်သူများက ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ဗိုင်းရပ်စ် ကူးစက်ခံရမှုကို ပြုံယမ်း၏ အများသိအောင် ဝန်ခံပြောကြားလိုက်ခြင်းသည် ပြင်းထန်သည့် လက္ခဏာ ဖြစ်နိုင်သော်လည်း ကင်မ်ဂျုံအန်း အနေဖြင့် ပြည်ပအကူအညီများကို လက်ခံမည့် အရိပ်အယောင် မတွေ့ရကြောင်း လေ့လာဆန်းစစ်သူများက ကောက်ချက်ချ ကြသည်။

“တရုတ်၏ Zero-Covid မဟာဗျူဟာသည် အိုမီခရွန်မျိုးကွဲကို မတိုက်ဖျက်နိုင်သေးကြောင်း ပြသနေသော်လည်း ပြုံယမ်း သည် lockdown ကို နှစ်ဆတိုး၍ ချနိုင်ဖွယ်ရှိသည်” ဟု ဆိုးလ်မြို့ရှိ အော်ဟာ (Ewha) တက္ကသိုလ်မှ ပါမောက္ခ လိဖ်အဲရစ် အက်စလေ (Leif-Eric Easley) က အီးမေးလ်ဖြင့် သဘောထား မှတ်ချက် ပေးပို့ခဲ့သည်။

“မြောက်ကိုရီးယားအစိုးရသည် ပြည်တွင်း စိန်ခေါ်မှုများနှင့် နိုင်ငံတကာ အထီးကျန်မှုကို စီမံခန့်ခွဲရာတွင် မသေချာ မရေရာ ဖြစ်နေကြောင်း၊ ကင်မ်အစိုးရသည် မာနကိုဘေးချိတ်၍ ကာကွယ်ဆေးနှင့် ကုသရေးဆိုင်ရာ ထောက်ပံ့ လှူဒါန်းမှုများကို အမြန် ရှာဖွေလက်ခံရန် အကြံပြုလိုကြောင်း” အဆိုပါ သဘောထား မှတ်ချက်တွင် ရေးသားထားသည်။

Source: Aljazeera