CNI International News

ပြုံယမ်း၊ မေလ ၁၉

မြောက်ကိုရီးယားနိုင်ငံတွင် Covid-19 ကူးစက်ခံရသည်ဟု သံသယလူနာ အရေအတွက် ၂၆၁,၂၇၀ တိုးလာကြောင်း မေလ ၁၉ (ယနေ့) သတင်းထုတ်ပြန်ခဲ့ရာ စုစုပေါင်း ကူးစက်မှု ဖြစ်ပွားသူ အရေအတွက် ၂ သန်းနီးပါး ရှိလာပြီဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။

ထို့နောက် အစိုးရက ကပ်ရောဂါဖြစ်ပွားမှုကို အသိအမှတ်ပြုပြီး ကာကွယ်ဆေး မထိုးရသေးသော ပြည်တွင်း လူဦးရေ၌ ကူးစက်မှုနှုန်း နှေးကွေးစေရန် အပြင်းအထန် ကြိုးစားနေကြောင်း သိရသည်။

မြောက်ကိုရီးယားသည် စီးပွားရေး ယိုယွင်းမှု ထပ်မဖြစ်အောင် မနည်းရုန်းကန် နေရသော်လည်း သံသယ လူနာ အရေအတွက် မှာ တရားဝင် ထုတ်ပြန်ထားခြင်းထက် ပိုများပြီး ဆိုးရွားနိုင်ကြောင်း အေပီသတင်းက ဆက်လက်ဖော်ပြထားသည်။

အကြောင်းမှာ ၎င်းနိုင်ငံတွင် ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ် နိုင်စွမ်းနှင့် အခြား ကျန်းမာရေး စောင့်ရှောက်မှု အရင်းအမြစ် နည်းပါး နေ၍ ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင် ကင်မ်ဂျုံအန်း အပေါ် နိုင်ငံရေးအရ သက်ရောက်မှု ပျော့ပျောင်းစေရန်အတွက် ထုတ်ပြန်သည့် သေဆုံးသူဦးရေ နည်းပါးနေခြင်းလည်း ဖြစ်နိုင်ခြေ ရှိနေသည်။

နောက်ထပ် သေဆုံးသူတစ်ဦး တိုးလာကြောင်း မြောက်ကိုရီးယား ကပ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သဖြင့် စုစု ပေါင်း သေဆုံး ၆၃ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း၊ ထိုအရေအတွက်မှာ သံသယလူနာ အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ပုံမှန်ထက် နည်းပါးနေသေးကြောင်း သိရသည်။


လူသူ ရှင်းလင်းနေသော မြောက်ကိုရီးယားက လမ်းမ(KCNA)

ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းမှစ၍ မြောက်ကိုရီးယား နိုင်ငံသူ၊ နိုင်ငံသားများကြားတွင် ၁ ဒသမ ၉၈ သန်းကျော်မှာ ဖျားနာခဲ့ကြကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ထုတ်ပြန်ခဲ့သည်။ အိုမီခရွန်မျိုးကွဲ ကူးစက်မှုဟု အနည်းငယ်သာ ရှိ သည်ဟု တရားဝင် သတင်းထုတ်ပြန်သော်လည်း ဖျားနာသူအများစုမှာ Covid-19 ဖြစ်ပွားခြင်းဟု ယုံကြည်ရသည်။

အနည်းဆုံး သံသယရှိသူ ၇၄၀,၁၆၀ ကို (Quarantine) သီးသန့် ခွဲခြားနေထိုင်စေကြောင်း KCNA က သတင်း ဆက်လက် ဖော်ပြသည်။
မြောက်ကိုရီးယား အစိုးရသည် ပြီးခဲ့သည့် မတ်လတွင် ၅ နှစ်ကာလအတွင်း ၎င်း၏ ပထမဆုံး တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှု အပါအဝင် လက်နက်အင်အား မြှင့်တင်နေချိန်၌ ယခုကဲ့သို့ ကပ်ရောဂါ အပြင်းအထန် ဖြစ်ပွားလာခြင်းဟု သိရသည်။

ပြုံယမ်း၏ အနေအထားမှာ နျူကလီးယား အပါအဝင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အားကောင်းသဖြင့် Covid ကြောင့် အမေရိကန် ဖိအားပေး လာနိုင်စရာအဖြစ် ကင်မ်၏ စွမ်းရည်ကျဆင်းမှု ရှိလာနိုင်ခြေကိုတော့ ကျွမ်းကျင်သူများကို လက်မခံကြပေ။

Source: AP