CNI International News

ပြုံယမ်း၊ မတ်လ ၂၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၎င်း၏ ကာကွယ်ရေး တိုးမြှင့်ရန်နှင့် အမေရိကန်အပေါ် ကာလရှည်ကြာ ထိပ်တိုက်တွေ့နိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ပြုံယမ်း၏ အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM)ကို စမ်းသပ် ပစ်လွှတ်ခဲ့ ကြောင်း အစိုးရအာဘော်မီဒီယာက မတ်လ ၂၅ ရက် (ယနေ့) သတင်းဖော်ပြခဲ့သည်ဟု အယ်လ်ဂျာဇီးယားတွင် ရေးသား ထားသည်။

အနက်ရောင် သားရေဂျာကင်နှင့် နေကာမျက်မှန်တို့ကို ဝတ်ဆင်ထားသည့် ကင်မ်ဂျုံအန်းသည် တိုက်ချင်းပစ်ဒုံးကျည် အမျိုး အစားသစ် Hwasong-17 ကို မတ်လ ၂၄ ရက်တွင် လွှတ်တင်နေမှုအား ကြီးကြပ်နေခဲ့သည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း နျူကလီးယားထိပ်ဖူး တပ်ဆင်ထားသည့် ICBM ပထမဆုံး စမ်းသပ်မှုကို မြောက်ကိုရီးယား လုပ် ဆောင်ခဲ့ခြင်းအပေါ် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အပြင် အမေရိကန်ကပါ အပြစ်တင်ရှုတ်ချခဲ့ကြသည်။

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကလည်း ယခုပစ်လွှတ် စမ်းသပ်မှုသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် များကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ICBM တိုက်ချင်းပစ်ဒုံးပျံ(KCNA)

မြောက်ကိုရီးယားမီဒီယာ KCNA ၏ အဆိုအရ အဆိုပါ လက်နက်ကို ပြုံယမ်း နိုင်ငံတကာလေဆိပ်မှ ပစ်လွှတ်ခဲ့ရာ ဒေါင်လိုက် အမြင့်ဆုံး ၆,၂၄၈ ကီလိုမီတာ (မိုင် ၃,၈၈၀) ရောက်ရှိခဲ့ပြီး အလျားလိုက် အကွာအဝေး ၁,၀၉၀ ကီလိုမီတာ (မိုင် ၆၈၀) ဖြင့် ဂျပန်ပင်လယ်ထဲသို့ နောက်ဆုံးကျသည်အထိ ၆၇ မိနစ်ကြာ ပျံသန်းခဲ့ကြောင်း သိရသည်။

“ကိုရီးယား ကျွန်းဆွယ်တဝိုက် နေ့စဉ်နှင့်အမျှ စစ်ရေးတင်းမာမှုများ တိုးလာနေပြီး နျူကလီးယားစစ်ပွဲ အန္တရာယ်နှင့်အတူ အမေရိကန် နယ်ချဲ့သမားများ ကာလရှည်ကြာ ထိပ်တိုက်တွေ့မှုများကို မရှောင်လွှဲနိုင်တော့သဖြင့် ယခုကဲ့သို့ စမ်းသပ် ပစ် လွှတ်ရန် ကင်မ်က အမိန့်ပေးခဲ့ကြောင်း” မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက် လက်နက်သစ် ထွက်ပေါ်လာခြင်းသည် ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့များ၏ စွမ်းအားကို တကမ္ဘာလုံးက မျက်ဝါးထင်ထင် သိမြင်စေမည်ဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခု နှစ်ဆန်းပိုင်းကတည်းက ဒုံးကျည်စမ်းသပ်မှု ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကြောင့် နယ်စပ်ဂိတ်များ မပိတ်မီကပင် ၎င်း၏ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကို အမေရိကန် လက်ခံလာစေရန် တွန်း အား ပေးနေခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။

Source: Aljazeera