CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ညမထွက်ရ ကန့်သတ်ချက်ကို ည ၁၂ နာရီ သတ်မှတ်ထားခြင်းကြောင့် ထိုအချိန် နောက်ပိုင်း အရေးပေါ် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံသွားရောက်ကုသရမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ အကြောင်းကြားပြီးမှသာ သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ည ၁၂ နာရီနောက်ပိုင်းတွင် ညမထွက်ရ အမိန့်သတ်မှတ်ထားခြင်းကြောင့် အရေးပေါ် ကျန်းမာရေး အခြေအနေဖြစ်ပွား၍ ဆေးရုံတက်ရမည်ဆိုပါက အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက “ အုပ်ချုပ်ရေးကို အကြောင်းကြားလေ။ အကြောင်းကြား ပြီးတော့ အုပ်ချုပ်ရေးက သူတို့လက်မှတ် ထိုးပေးမယ်လေ။ အုပ်ချုပ်ရေး ကနေပြီးတော့ ဒီမှာ ညအိပ်ညတာ ကျန်းမာရေး မကောင်းလို့ ဆေးရုံသွားစရာ ရှိတယ်ပြော။ မြို့နယ်အရာရှိနဲ့ သူ့ဟာသူ လှမ်းချိတ်ပြီးတော့ လက်မှတ်ထိုးပြီးတော့ သွားယူရမှာ။ မြို့နယ်စာပါတယ်။ မြို့နယ်မှာ ထွေအုပ်မှာ ဗိုလ်မှူးရှိတယ်။ စီမံကောင်စီ ဗိုလ်မှူးရှိတယ်။ ဗိုလ်မှူး လက်မှတ် ထိုးပေးတယ် အဲမှာ။ ဗိုလ်မှူး လက်မှတ်ထိုးပေးတဲ့ဥစ္စာက အချိန်မရှိလို့ ဆေးရုံကို အမှန်တကယ် လူနာအသည်းအသန်ဖြစ်လို့ သွာ ရမယ်ဆိုရင် သူတို့က လက်မှတ်ထိုးပေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးကတဆင့် မြို့နယ်စီမံ အုပ်ချုပ်ရေးကို စီမံဗိုလ်မှူးကို စီမံ ဗိုလ်မှူး လက်မှတ်ထိုးပြီးတော့မှ သွားရမယ် ” ဟု CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ထောက်ခံစာ ယူ၍ သွားရမည်ဆိုသော်လည်း နယ်မြေလုံခြုံရေးအရ ကိုယ်တိုင်သွား ယူရန် စိုးရိမ်နေမှုများရှိကြောင်း၊ တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အရေးပေါ် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံ သွားစရာရှိ၍ လူနာရှင်က အကြောင်းကြားသည့်အခါ ရပ်ကွက်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ကို သွားရောက်အကြောင်းကြားရန် ပြန်လည် ဖြေကြားကြကြောင်း၊ ညမထွက်ရ အမိန့်ကြေညာထားခြင်းကြောင့် သွားရောက်၍ အကြောင်းကြားရ မည်ဆိုလျှင် လုံခြုံရေးတပ်ဖွဲ့ကလည်း လုံခြုံရေးစိုးရိမ်မှုအရ မတော်တဆ ပစ်ခတ်မှုပြုလုပ်လာမည်ကို စိုးရိမ်ရကြောင်း ပြည်သူများက ပြောသည်။

ပရဟိတအသင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ထောက်ခံစာ သွားရောက်ယူရာတွင်လည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က အကြောင်းကြား ပေးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လုပ်ဆောင်ပေးကြောင်း ပြည်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ လူနာရှင်က လုပ်ပေးရတာ။ လူနာရှင်က ဘယ်လိုလုပ်ပေးရလဲဆိုတော့ သက်ဆိုင်ရာရဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရှိတယ်ခင်ဗျ။ ဒါကို ကျနော်တို့က အကြောင်းကြားရတယ်။ အကြောင်းကြားပြီးတော့မှ အဲကနေမှ သူတို့ကနေ ပြီးတော့ အကြောင်းကြား၊ အကြောင်းကြားပြီး အဲဒီ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ကနေပြီးတော့မှ အဲထောက်ခံစာ လုပ်ပြီးတော့ အုပ်ချုပ်ရေးမှူးဆီမှာ သွားထုတ်။ လက်မှတ်ထိုးပြီးတော့ အဆင့်ဆင့် သွားပြီးတော့မှ ရမှာပေါ့နော်။ ဒီအတိုင်းဆို အုပ်ချုပ်ရေး မှူးကလည်း ထိုးပေးမှာ မဟုတ်ဘူးခင်ဗျ။ အဲလိုမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။

ထို့နောက် နေရာဒေသတချို့တွင် အရေးပေါ် ကျန်းမာရေး အခြေအနေနှင့်ပတ်သက်ပြီး ထောက်ခံစာ ယူဆောင်ရန် အဆင်ပြေ သော်လည်း အုပ်ချုပ်ရေးမှူးများနှင့် အလှမ်းဝေးသည့် အရပ်ဒေသများတွင် အခက်အခဲရှိကြောင်း သိရသည်။

ညပိုင်း လုံခြုံရေးဆောင်ရွက်နေကြစဉ်

အလား ပရဟိတအသင်းများမှတဆင့် ထောက်ခံစာကို သွားရောက် ယူဆောင်၍ လူနာကို သွားခေါ်ရသည့် အခြေအနေများ လည်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ တချို့နေရာတော့ မသိဘူးဗျ။ ကျနော်တို့ ရပ်ကွက်မှာတော့ အဆင်ပြေတယ်။ ကျနော်တို့က တကယ်လုပ်နေတဲ့ ပရဟိတအသင်းလည်း ဖြစ်တဲ့အခါကျတော့ သူတို့ဆီမှာလည်း ရပ်ကွက်၊ လမ်းလူကြီး ကနေတဆင့် ဖုန်းဆက်ထားတာ ဖြစ် တဲ့အတွက် ကျနော်တို့က ဝင်ယူလို့ရတယ်။ ဝင်ယူပြီးတော့မှ အဲလူနာကို သွားခေါ်လို့ရတယ်။ ဒါကတော့ ကျနော်တို့ ရပ်ကွက် ရဲ့ အနေအထား အရပေါ့နော်။ တချို့နေရာတွေမှာကျတော့ နယ်ဘက်တွေမှာကျတော့ အုပ်ချုပ်ရေးမှူးတွေ နေတာက မြောက်ပိုင်းနဲ့ တောင်ပိုင်း အဲလိုမျိုး ရှိတယ်။ အခက်အခဲတော့ ရှိမှာပေါ့။ နေရာဒေသပေါ် မူတည်ပြီးတော့ ပြောင်းလဲမှုတော့ ရှိမှာပဲ ”ဟု ပြောသည်။

ညမထွက်ရ အမိန့်ကို ည ၁၂ နာရီ သတ်မှတ်ထားခြင်းကြောင့် ဆေးရုံများတွင် ဆရာဝန်များသည်လည်း ထိုအချိန် နောက်ပိုင်းတွင် အရန်သင့် ရှိမနေသည့် အခြေအနေများလည်း ဖြစ်ပေါ်နေကြောင်း၊ ည ၁၂ နာရီနောက်ပိုင်း အရေးပေါ် လူနာတင်ယာဉ် များ ခေါ်ဆောင်ရာမှာလည်း အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပြည်သူများထံမှ သိရသည်။