CNI International News

ကိယက်ဗ်၊ ဇန်နဝါရီ ၂

ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့က ၎င်းတို့၏ ရေတပ်ဒရုန်းတစ်စင်းသည် ရုရှားရဟတ်ယာဉ် တစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အခြားတစ်စင်းကို ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်က ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေရှိ Cape Tarkhankut အငူ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ဒုံးကျည်များ တပ်ဆင်ထားသော ယူကရိန်း၏ Magura V5 ရေတပ်ဒရုန်းတစ်စင်း သည် ရုရှား၏ Mi-8 ရဟတ်ယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ (GUR) က Telegram မှာ ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်သည် ယူကရိန်းရေတပ် ဒရုန်းတစ်စင်းက လေကြောင်းပစ်မှတ်ကို ပစ်ချခဲ့သည့် ပထမဆုံးဖြစ်စဉ် တစ်ခုဖြစ်သည်။

ရိုက်တာသတင်းဌာနကမူ GUR ၏ ပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရုရှားကလည်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ Telegram တွင်မူ ရုရှား၏ ပင်လယ်နက် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုသည် ယူကရိန်း၏ ဒရုန်း ၈ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်

ယူကရိန်းရေတပ်ဒရုန်းက ရုရှားရဟတ်ယာဉ်ကို ပစ်ချခဲ့သည့် အကြောင်းအရာအား ရုရှား၏ နာမည်ကြီး စစ်ရေး ဘလော့ဂါတစ်ဦးဖြစ်သည့် Voenny Osvedomitel ကလည်း ဖော်ပြထားသည်။

ဒုတိယမြောက် ရုရှားရဟတ်ယာဉ်သည် ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အနည်းငယ် ထိခိုက်သွားခဲ့ပြီး လွတ်မြောက် သွားခဲ့ကြောင်း GUR က ပြောကြားခဲ့သည်။

GUR က ထုတ်ပြန်သည့် ဗွီဒီယိုမှတ်တမ်းတွင် ပျံသန်းနေသည့် ရဟတ်ယာဉ်တစ်စင်းကို လက်နက် အများအပြား ဖြင့် ပစ်ခတ်တိုက်ခိုက်နေပုံကို မြင်တွေ့ရသည်။ 

ထိုရဟတ်ယာဉ်သည် ရေထဲသို့ ပြုတ်ကျသွားပုံကို ဖော်ပြထား သည်။

ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ယူကရိန်းသည် ဒရုန်း ထုတ်လုပ်ရေးကို အရှိန်မြှင့်တင်ခဲ့ပြီး ရေတပ်တိုက်ခိုက်ရေးဒရုန်းများ တီထွင်ခဲ့သည်။

Source: ရိုက်တာ