CNI International News

ဘေကျင်း၊ ဇန်နဝါရီ ၂

ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်၏ အားထုတ်ကြိုးပမ်းမှုကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping ) က ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရှီ၏ မိန့်ခွန်းသည် လူဦးရေ ၂၃ သန်း နေထိုင်သည့် ထိုင်ဝမ်ကျွန်းအတွင်းနှင့် ကျွန်းအပြင်ဘက်တွင် ရှိနေသော ခွဲထွက်ရေး အင်အားစုများကို ပြတ်သားသည့် သတိပေးချက် တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်အတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို နေ့စဉ်နီးပါး စေလွှတ်ခဲ့ပြီး ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားသော်လည်း ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ် ဒေသခံများကသာ ထိုင်ဝမ်ကျွန်း အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

"ထိုင်ဝမ် ရေလက်ကြားရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေကြတဲ့လူတွေဟာ မိသားစု တစ်စုတည်းပါပဲ။ ကျနော်တို့ မိသားစုရဲ့ အနှောင်အဖွဲ့တွေကို ဘယ်သူကမှ မဖြတ်တောက်နိုင်ပါဘူး။ ပြီးတော့ အမျိုးသားပြန်လည် ပေါင်းစည်း ရေးအတွက် သမိုင်းဝင် ဦးတည်ချက်ကိုလည်း ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး"ဟု ရှီက နိုင်ငံပိုင် CCTV ရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

ထိုင်ဝမ်အလံကို တွေ့ရစဉ်

တရုတ်နှင့် ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးသည် မလွဲဧကန်ဖြစ်ကြောင်းနှင့် နှစ်ဖက်စလုံးတွင် နေထိုင်သူများ သည် တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာအောက်တွင် တူညီသည့် အမြင်များဖြင့် ချည်နှောင်ထားသင့်ကြောင်း ရှီက ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် ပြီးခဲ့သည့်နှစ် မေလက သမ္မတဖြစ်လာခဲ့သည့် လိုင်ချင်တေ (Lai Ching-te) ကို တရုတ်က ခွဲထွက်ဝါဒီ တစ်ဦးအဖြစ် ယူဆထားပြီး ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများ မြင့်တက်ခဲ့သည်။

ဒီဇင်ဘာလက အစောပိုင်းကလည်း တရုတ်သည် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အနီး ဝန်းကျင်ရှိ ရေပြင်များတွင် ကြီးမားသည့် ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

လိုင်သည် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလ အစပိုင်းတွင် သွားရောက်ခဲ့သည့် ပစိဖိတ်ခရီးစဉ်အတွင်း အမေရိကန်၏ ဟာဝိုင်အီ ပြည်နယ်နှင့် ဂူအမ်ကျွန်းတို့တွင် ခရီးတစ်ထောက် ဝင်ရောက် ရပ်နားခဲ့မှုကို တုန့်ပြန်သည့် အနေဖြင့် တရုတ်က ထိုစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ