CNI International News

ဘန်ကောက် ၊ ဇန်နဝါရီ ၂

ထိုင်းနိုင်ငံသည် ဇန်နဝါရီ ၁ ရက်မှစပြီး BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံ ဖြစ်လာကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာကို ယခုနှစ်အတွက် BRICS အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ရုရှားက ထိုင်းအစိုးရအား အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ ယူအေအီး၊ အီရန်၊ အီဂျစ်နှင့် အီသီယိုပီးယားနိုင်ငံတို့ ပါဝင် သည့် BRICS အဖွဲ့သည် တိုးတက်လာသော စီးပွားရေး အင်အားကြီးနိုင်ငံများ၏ အစုအဖွဲ့တစ်ခုဖြစ်သည်။

မကြာသေးမီက BRICS အဖွဲ့သည် မိတ်ဖက် ၁၃ နိုင်ငံကို လက်ခံကြောင်း ကြေညာခဲ့ပြီး ထိုမိတ်ဖက်နိုင်ငံများ ထဲတွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား အစရှိသည့် အာဆီယံနိုင်ငံ ၄ နိုင်ငံ ပါဝင်ခဲ့သည်။

ကျန်မိတ်ဖက်နိုင်ငံ ၉ ခုမှာ အယ်လ်ဂျီးရီးယား၊ ဘယ်လာရုစ်၊ ဘိုလီဗီယား၊ ကျူးဘား၊ ကာဇက်စတန်၊ နိုက်ဂျီးရီး ယား၊ တူရကီ၊ ယူဂန်ဒါနှင့် ဥဇဘတ်ကစ္စတန်တို့ ဖြစ်သည်။

ပူတင်နဲ့ရှီကျင့်ဖျင်ကို တွေ့ရစဉ်

"ထိုင်းနိုင်ငံဟာ BRICS Plus ယန္တရားကို ဝင်ရောက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ကတည်းကစပြီး BRICS နဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ခဲ့တဲ့ မိတ်ဖက်ဆက်ဆံရေးရှိခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

"ဒီမိတ်ဖက် ဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ အလားအလာကောင်းတဲ့ စီးပွားရေးနဲ့ စျေးကွက်တွေရှိတဲ့ နိုင်ငံတွေ ပါဝင်နေတဲ့ BRICS ရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ စီးပွားရေး ဆက်ဆံမှုတွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်ပေါက်စေခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဓိက ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍများ ပါဝင် သည်။

ထို့ပြင် ထိုင်းနှင့် BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများအကြား ပြည်သူအချင်းချင်း ဆက်ဆံရေးများ ရင်းနှီးခင်မင်မှုကိုလည်း  မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ထိုင်းသည် အနာဂတ်တွင် BRICS အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ထားကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa) က ပြောကြားခဲ့ဖူးသည်။

Source: ဘန်ကောက်ပို့စ်